Tuesday 1 February 2011

ဖိုးကြွားတို့ရွာ


နဲနဲဘဲလုပ်ပြီး များများပြောတတ်တဲ့ရွာ၊ နဲနဲဘဲပညာတတ်ပြီး များများကြွားတတ်တဲ့ရွာ၊ နဲနဲဘဲ ကုသိုလ်လုပ်ပြီး များများကုသိုလ်လုပ်ခဲ့သယောင်ပြောတတ်တဲ့ရွာ၊ အပြစ်စစ်တွေကို ဖုံးကွယ်ထားပြီး အချစ်တုတွေကို ဖွင့်ပြတတ်တဲ့ရွာ၊ အမုန်းစုတွေကို ဖုံးကွယ်ထားပြီး အပြုံးတုတွေကို တပ်ဆင်ထားတဲ့ရွာ၊ ခြတောင်ပို့ကို ဧ၀ရက်တောင်ဖြစ်အောင်ပြောတတ်တဲ့ရွာ၊ ကျွဲခြေရာကွက်ကလေးကိုသမုဒ္ဒရာကြီးဖြစ်အောင် ပြောတတ်တဲ့ရွာ၊
ခြင်ကလေးကို ဂေါ်ဇီလာကြီးဖြစ်အောင်ပြောတတ်တဲ့ရွာ... အို.. စုံလို့ စုံလို့ပါဘဲ။ အဲဒါကြောင့် အဲဒီရွာကို ကျနော်တို့က ဖိုးကြွားတို့ရွာလို့ နာမည်ပေးထားတယ်။

ကြွားတယ်ဆိုတာကလဲ အထင်ကြီးခံချင်လို့ ကြွားကြတာ များပါတယ်။ သူများအထင်ကြီးခံရတာကလဲ လောကစည်းစိမ်တစ်မျိုးလိုဘဲ နေလို့ထိုင်လို့ သိပ်ကောင်းကိုး။ ဒါပေမဲ့ လူအတော်များများက သူများအထင်ကြီးခံရတာထက် သူတို့ကိုယ်သူတို့ အထင်ကြီးနေကြတာများတယ်။ ဆရာတစ်ယောက်ပြောတာကို အမှတ်ရမိတယ်။ သူများအထင်ကြီးခံရတာထက် ကိုယ့်ကိုကိုယ် အထင်ကြီးတာက နေထိုင်လို့အကောင်းဆုံးတဲ့။ ဒီစကား အတော်လေးမှန်တယ်။ လူတွေအများစုက ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်အထင်ကြီးပြီး မြှောက်ကြွမြှောက်ကြွ ဖြစ်နေတတ်ကြတာကလား။ ပတ်ဝန်းကျင်ကလူတွေအတွက်ကတော့ မျက်စိနောက်စရာဘဲပေါ့။ ဒါပေမဲ့ သူတို့အတွေးနှင့်သူတို့တော့ ဟုတ်နေကြတာဘဲ။ ကျနော်ပြောတဲ့ ဖိုးကြွားတို့ရွာမှာလဲ ဒီအတိုင်းဘဲဗျ။ ရောဂါရနေကြတယ်။ တစ်ခြားရောဂါတော့မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့ ရောဂါ။

ကြွားတယ်ဆိုတာကလဲ ပါရမီဓါတ်ခံကောင်းမှ ကြွားတတ်ကြတယ်ထင်ပါ့။ အကြွားကောင်းပြီဆိုရင် တကယ့်အစစ်တွေ စိတ်ဝင်စားစရာမကောင်းတော့ဘူး။ အကြွားတွေဘဲ ရေပန်းစားနေတတ်ကြတယ်။ အင်းလေ ခေတ်ကြီးကတောင်မှ များများကြွားနိုင်မှ အမှန်တရား ဖြစ်နေကြတာကိုး။ ဒါကြောင့် ဖိုးကြွားတို့ရွာမှာလဲ အမှားကြာ အမှန်ဖြစ်ဆိုသလို ကြွားလုံးတွေ များတော့လဲ နားထောင်တဲ့သူတွေ နားယောင်ပြီး အမှန်တရားလို့ ထင်မှတ်နေကြလေရဲ့။ ပြောလိုက်တဲ့ စကားတွေက ခပ်သော့သော့၊ ၀တ်တဲ့အ၀တ်အစားတွေက ခပ်ဟော့ဟော့၊ လူပုံစံက ခပ်ကော့ကော့၊ အမူအယာတွေက ခပ်ငေါ့ငေါ့၊ လမ်းလျောက်ပြန်တော့ ခပ်မော့မော့။ ဆိုတော့ကာ။ အဲဒီဖိုးကြွားတို့ရွာသားပုံစံမျိုးနှင့် ကျနော်တို့ တုံးဖလားရွာထဲ ၀င်ခဲ့လို့ကတော့ အောင်နက်တို့ ဂုတ်ကျားတို့ မျက်စိနောက်လို့ တ၀ုတ်ဝုတ် ဖြစ်နေမှာ မြင်ယောင်မိပါရဲ့။

ကာတွန်းတစ်ခုတွေ့ဖူးတယ်။ လူတစ်ယောက်က သိန်းကျော်တန်ဖိနပ်၊ သိန်းကျော်တန် ဘောင်းဘီ၊ သိန်းကျော်တန်အကျီ င်္၊ သိန်းကျော်တန် လက်ပတ်နာရီ၊ သိန်းကျော်တန် မျက်မှန် တပ်ထားပြီး လက်ထဲမှာလဲ သန်းကျော်တန်ဟန်းဖုန်းတစ်လုံးကိုင်ထားတယ်။ သူ့အနားမှာတော့ သိန်းထောင်ကျော်တန် ကားတစ်စီးရပ်ထားတယ်။ ပြီးတော့ အနီးနားမှာ မုန့်လေပွေရောင်းတဲ့ဆိုင်ရှိတယ်။ ခုနက လူက လူတစ်ယောက်ဆီကို ဟန်းဖုန်းနဲ့ လှမ်းဆက်တယ်။

"ဟလို...။ ဒီမှာ အခက်တွေ့နေတယ်။ မုန့်လေပွေက တစ်ခုကို သုံးကျပ်တဲ့။ အဲဒါ နှစ်ခုကို ငါးကျပ်နဲ့ ဈေးဆစ်နေတာ ပါးစပ်ပေါက်တော့မယ်။ မပေးနိုင်ဘူးတဲ့။ အဲဒါ ဘယ်လိုလုပ်ရမလဲ "

ကိုင်းမှတ်ကရောဗျာ။ အဲဒီလိုလူက တစ်နေကုန်နေပူမိုးရွာမရှောင် ရောင်းနေတဲ့ မုန့်လေပွေသည်ကလေးဆီက ဈေးဆစ်နေတယ်တဲ့။ ကျနော်ပြောတဲ့ ဖိုးကြွားတို့ရွာလဲ ဒီအတိုင်းပါဘဲ။ ပါးစပ်ကသာ သိန်းဂဏန်းသောင်းဂဏန်းပြောနေကြတာ။ ရှော့ပင်ထွက်ပြီဆိုရင်တော့ ဒစ်ကောင့်ချထားတဲ့ဆိုင်၊ အဟောင်းပစ္စည်းဆိုင်တွေကိုဘဲ သွားပြီး ဈေးအနည်းဆုံးကိုမှ ရွေးဝယ်တတ်ကြတယ်။ ဒါတောင်မှ ပစ္စည်းအမျိုးအစားကို အရင်မကြည့်ဘူး။ ဈေးနှုန်းအရင်ကြည့်ပြီးမှ ပစ္စည်းကို ၀ယ်ကြတာ။

ပြီးတော့ ရှိသေးတယ်။ အဲဒီဖိုးကြွားတို့ရွာက ရွာသားတွေဟာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်မယူကြဘူးဗျ။ ကြွားတုန်းက ကြွားခဲ့ပြီးမှ ပြဿနာဖြစ်ပြီဆိုရင် ဒီစကားကို ငါမပြောခဲ့ဘူး။ တစ်ခါမှ မပြောခဲ့ဖူးဘူး။ ဘုရားစူးရချေရဲ့ ဆိုပြီး ခေါင်းကို တွင်တွင်ကြီးခါနေကြလေရဲ့။ ရယ်မောရခက် စိတ်တိုရခက်ကြီးဗျာ။ မျက်စိထဲမြင်အောင်ကြည့်ကြည့်စမ်းပါ။ ကြွားတုန်းကတော့ ကြွားခဲ့ပြီးမှ တကယ်အရေးကြုံလာပြီဆိုတဲ့အခါကျတော့ ထပ်ပြီးဖုံးကွယ်ကြပြန်ရော။ တကယ်ပါဘဲ။ ပြောမယုံ ကြုံဖူးမှသိ ဆိုရလောက်တယ်။

ပြောတော့အဟုတ်၊ လုပ်တော့တစ်လွဲ၊ သေတော့ ငရဲ ဆိုတာ အဲဒီဖိုးကြွားတို့ ရွာသားတွေအတွက် ရှေးဆရာတော်တွေ စပ်ဆိုထားခဲ့လားမသိတော့ပါဘူး။ ပြောလိုက်တဲ့ စကားတွေမှန်သမျှ မိုးပေါ်ချည်းဘဲ။ ပြီးတော့ ရှိသေးတယ်။ ကိုယ့်ကိုကိုယ်ကျပြန်တော့ အပြစ်ဆိုလို့ မြူတစ်မှုန်မျှလောက်တောင် မရှိသယောင် အမွန်းတင်ကြပြန်ရော။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဘဲဗျို့။ နောက်ဆုံးတော့လဲ အဲဒီဖိုးကြွားတို့ရွာသားတွေကို ဘယ်လိုလူမျိုးတွေကများလာရောက်ပြီး ပညာပြဆုံးမကြမလဲ ဆိုတာကိုဘဲ အခြားရွာသားတွေ စောင့်စားကြည့်နေကြလေရဲ့။ အင်း.. တစ်ချိန်ချိန်မှာတော့ သူတို့ဆရာ ပေါ်လာကောင်းပါရဲ့လေ။ ။

.

1 comment:

Anonymous said...

14 comments:

မိုးယံ said...
အခုထိတော့ ပုံဖော်နေတုန်းပဲ သူဂျီးရေ... အခုလဲ ဖိုးကြွားတို့ရွာသားကို ဘယ်သူတွေများလဲ ပုံဖော်ကြည့်နေတာ အရင်ပို့စ်တွေကိုလဲ မရိပ်မိ ၊ အခုပို့စ်ကိုလဲ မမြင်မိဖြစ်နေတုန်းပဲ။
Tuesday, 1 February 2011 16:19:00 GMT

ကိုဇော် said...
ဒါဆို သူတို့ ဆရာ နောက်ထပ် တစ်ရွာ ပေါ်လာဦးမယ် ဆိုတဲ့ သဘောပဲ။
Tuesday, 1 February 2011 18:07:00 GMT

အဖြူရောင်နတ်သမီး said...
ဖတ်ပြီးနားလည်ပေမယ့်..
ဖိုးကြွား ဘယ်သူဆိုတာ မရိပ်မိဘူး..
အဲဒါပဲ ကောင်းပါတယ်..း)
Tuesday, 1 February 2011 21:15:00 GMT

ခွန် said...
လုပ်ပြန်ပြီ!!! ဘယ်သူတုန်း ? ?
Wednesday, 2 February 2011 01:15:00 GMT

မောင်လေး said...
တဂျီး...တဂျီး....အနော်တို့ရွာကို ပြောသလားဟင်.....:)
Wednesday, 2 February 2011 02:36:00 GMT

ချော(အစိမ်းရောင်လွင်ပြင်) said...
သူဂျီး
ရောက်ဖူးတဲ့ ရွာတွေ စုံလှပါလား.. ရွာအကြောင်းရေးတာကိုစုံလို့..
အများကြီးဘဲ.. ဗဟုသုတ စုံလှတယ်. ဒါကြောင့်လည်း သူဂျီးဖြစ်ပေတာကိုး...
Wednesday, 2 February 2011 03:45:00 GMT

ကောင်းမွန်ဝင်း said...
ဘယ်သူ့ကိုပြောမှန်းမသိလည်း
ဖတ်လို့ကောင်းတယ်။
Wednesday, 2 February 2011 03:46:00 GMT

နေ၀သန် said...
သူကြီးမင်းလည်း အခုတလော ကျလိကျလိဖြစ်နေသလား...း))))


ခင်မင်တဲ့
နေ၀သန်
Wednesday, 2 February 2011 04:05:00 GMT

ရွှေရတုမှတ်တမ်း said...
သဂျီးရေ...
ဒစ်စကောင့်ချမှပဲဝယ်တာ အကျင့်ပါနေပြီ
Wednesday, 2 February 2011 05:04:00 GMT

ဆောင်းနှင်းရွက် said...
ပို့စ်ရေးထားတာလေး
သဘောကျတယ် ..
လင့်ခ် လည်း ယူသွားတယ် ..း))
Wednesday, 2 February 2011 05:42:00 GMT

သဒ္ဓါလှိုင်း said...
ဖိုးကြွားတို့ရွာဆိုတာ ရွာကြီးထဲက တရွာပေါ့နော်။
Thursday, 3 February 2011 05:44:00 GMT

မြစ်ကျိုးအင်း said...
တရွာပြီးတရွာတည်နေပုံထောက်တော့
သူဂျီးမြို့တည်တော့မယ်နဲ့တူတယ်။
Thursday, 3 February 2011 12:30:00 GMT

မေဓာဝီ said...
အကြွားရယ်ပို
စကားရယ်ချိုချိုနဲ့
ချဲ့လို့သာဖြီး။

ကြားသူမှာ
နားပူကာ အော်ရတယ်
တော်ပါ့ သူဂျီးးးး။ :)))
Friday, 4 February 2011 00:29:00 GMT

ကြည်ကြည် said...
သူဂျီးရေ

ဒီပို့ စ်ကိုကြိုက်တယ်

တို့ ရွာကိုများပြောတာလားး)

ဒစ်စကောင့်တော့သိပ်ကြိုက်
ညစာတောင် ဒစ်စကောင့်အချိန်စောင့်ပီး သွားဝယ်တာ။။
Wednesday, 9 February 2011 03:41:00 GMT