Sunday 17 October 2010

တန်ပြန်ကွန်မင့် (Positive)


ကျွန်ုပ်၏ ဘလော့ ၂ နှစ်ပြည့်သို့ ကြွရောက်ချီးမြှင့်ကြသော ဂုဏ်သရေရှိ ဘလော့ဂါအပေါင်းနှင့်စာဖတ်သူအပေါင်းတို့အား လွန်စွာမှ ကျေးဇူးအထူးတင်ရှိပါကြောင်း ရှေးဦးစွာ ပြောကြားလိုက်ပေ၏။ စာရေးသူတို့၏ အာဟာရဓါတ်စာသည် နတ်သြဇာ နတ်သုဒ္ဓါများမဟုတ်ချေ။ စာဖတ်သူများ၏ ကွန်မင့်လှလှလေးများသာ ဖြစ်ချေတော့၏။ ထို့ကြောင့် ကျွန်ုပ်၏ ပေါက်ကွဲခြင်းနိယာမအတွက် အဟာရအဆီအနှစ်အဖြစ် ခြေရာချန်ခဲ့ကြကုန်သော ဦးဦးဒေါ်ဒေါ်(ပြူးပြူးထော်ထော်) ကိုကိုမမ (ပျိုပျိုလှလှ) ညီညီမ(အပီလှ) တို့၏ ကျေးဇူးကို ကျွန်ုပ်၏ တန်ပြန်ကွန်မင့်များဖြင့် ခြယ်မှုန်းလိုက်ပေတော့အံ့။ ပျိုမုန်းနေတဲ့ အငိုအပြုံးလေးတွေကို ဘေးချိတ်ပြီး အေးရိပ်မှာ ချွေးသိပ်ကြပါစို့။ ဆေးလိပ်တော့ မယူခဲ့ကြနဲ့နော။း))

၁။အပျိုမျှော်တဲ့ ကိုဇော် (စိတ်မဆိုးနဲ့ စတား) )
မနာလိုဝန်တိုမှု ဣဿာ(သူတစ်ပါးကြီးပွါးနေတာ၊ ပျော်ရွှင်နေတာကို မနာလိုမရှုစိမ့်မှု) မစ္ဆရိယ(မိမိပစ္စည်းကို ကပ်စေးနှဲကပ်ထားသကဲ့သို့ မည်သူ့ကိုမျှ မပေးကမ်းမစွန့်ကြဲချင်သည့် ၀န်တိုမှု) တို့သည် အဘိဓမ္မာသဘောအရ လောဘဒေါသအတွင်း၌ အကျုံးဝင်နေပေ၏။ ထို့ကြောင့် သီးသန့် မဖော်ပြခြင်းဖြစ်ပေ၏။ သို့သော်ငြားလည်း ကိုဇော်၏ အကြံပေးမှုသည် လူသားအများစု၌ ထင်ဟပ်မြင်သာသည့် (တွေ့မြင်နေရသည့်)သဘောသဘာဝ ဖြစ်နေသောကြောင့် ကျွန်ုပ်သည်ပင် လောဘ ဒေါသ ပေါက်ကွဲမှုအစား ဣဿာ မစ္ဆရိယ ပေါက်ကွဲမှုသို့ ပြောင်းရေးရရင် ကောင်းမလားဟုပင် စိတ်အစဉ်တွင် ထင်ဟပ်ခဲ့ပေ၏။ ကွန်မင့်အတွက် အထူးပင် ကျေးဇူးတင်နေမိပါ၏။

၂။အကျိုးဆောင်တဲ့ ဖြိုးအောင်
ကျွန်ုပ်၏ ပို့စ်အတွင်းရှိ သဘောသဘာဝများကို သိထားသင့်သည့်အချက်များပါ ဟူ၍ မှတ်ချက်ပေးခဲ့သောကြောင့် ကျွန်ုပ်သည် လွန်စွာမှ ပီတိစားကာ အားအလွန်ရှိသွားမိချေ၏။

၃။ သေချာပြီဆိုတဲ့ မေဓာဝီ
နှစ်နှစ်သားပေမဲ့ မငယ်တော့ပါ။ အတောင်အလက်တွေ အတော်စုံလင်နေချေပြီ။ ဖောက်ခွဲသင့်သည့်အရာများကို ဖောက်ခွဲပစ်ရမည် ဟူသော သူမသီအိုရီကို သဘောကျသော်လည်း ကျွန်ုပ်၏ဆိုလိုရင်းမှာ အပေါက်ကွဲခံ ပစ္စည်းတို့၏ နစ်နာဆုံးရှုံးမှုကို ဦးတည်ဖော်ပြနေသောကြောင့် အနာပြည်များကို ဖောက်ထုတ်လိုက်လျှင်လည်း ဖောက်ထုတ်သည့်နေရာ၌ ပေါက်ကွဲခြင်းသဘောကိုဆောင်ပြီး နစ်နာရခြင်းကို အထူးပြုထားပါ၏။ အတွေးပွါးစေလောက်သည့် အရေးအသားကွန်မင့်အတွက် ကျွန်ုပ်လွန်စွာမှ ကျေးဇူးဥပကာရတင်ရှိပါကြောင်း ထပ်လောင်းမြွက်လိုက်ပေ၏။

၎။ သွန်းအလှပဂေးဖြစ်တဲ့ ယွန်းညီမလေး
သိသင့်တာလေးတွေ မှတ်သားသွားလို့ ဓါတ်ပြားဟောင်းတစ်ချပ် အပ်သွားချောင်းထပ်အောင် ထပ်ထပ်ပြီး ကျေးဇူးတင်လိုက်ပေ၏။

၅။ အလှဝေတဲ့ မဆွေ
စဉ်ဆက်မပြတ်လာရောက်အားပေးသည့်အတွက် ဘိလပ်အသုံးဖြင့် Thanks million ဟူ၍ ထောပနာပြုလိုက်ပေ၏။

၆။စနောက်တတ်တဲ့ ဘကျောက်
ပေါက်ကွဲသံကြောင့် နှာခေါင်းပိတ်ထားသော်လဲ လက်ကျန်သံယောဇဉ်လေးဖြင့် မပြေးခင် တစ်မှေးလောက်ရှူသွားခဲ့သည်ဟူ၍ သိရသည့်အတွက် များစွာဖြင့် ဥဒါန်းကျူးကောင်းချီးပေးလိုက်ပေ၏။

၇။အသိလွန်တဲ့ မိခွန်
အတွင်းလိုက်စားပြီး အတင်းကိုက်စားချင်စိတ်ပေါက်သော်လဲ တအင်းအင်း ချုပ်ထိန်းပြီး သည်းခံ၍ နေရသည်ဆိုသောကြောင့် လွန်စွာမှ ရိုးသားလှသည့် ညီမငယ်လေးပမာ စိတ်အစဉ်၌ ထင်ဟပ်လာပေ၏။ ပေါက်ကွဲခြင်း၏ ဆိုကျိုးကို သိ၍ မပေါက်ကွဲအောင် သည်းခံခွင့်လွတ်နေတတ်သည့်အတွက် ၀မ်းမြောက်နုမော် သာဓုခေါ်လိုက်ပေ၏။

၈။ ဟင်းတွေရှာနေတဲ့ နှင်းဟေမာ
အတည်အတံ့ဖြင့် လူမှုရေးကိစ္စများကို စိတ်အားထက်သန်စွာလုပ်နေသော သူငယ်မလေးပင် ဖြစ်လင့်ကစား ယခုလို ဟာသမြောက်သည့် ရယ်စရာများကို တဒင်္ဂဥာဏ်ဖြင့် ခပ်ရွှင်ရွှင် ခပ်သောသော ရေးသားကွန်မင့်ပေးထားခဲ့သည့်အတွက် တုံဖလားရွာသူကြီး :D ကျွန်ုပ်အဖို့ မျက်စိမှားသွားသည်ဟူ၍ပင်ထင်မှတ်ပြီး နှစ်ခေါက်သုံးခေါက် ဖတ်ယူရလောက်အောင် ရေးတတ်လှပေ၏။ ထိုကွန်မင့်လေးသည် ကျွန်ုပ်၏ အင်အားကို တိုးပွါးစေလေ၏။ ထို့ကြောင့် ကျေးဇူးတင်၍မဆုံး ဖြစ်နေပေတော့၏။

၉။ အလွန်လှတဲ့ ဇွန်မ
နှစ်နှစ်ပြည့်ဆုတောင်းလေးအတွက် ကျေးဇူးတင်ကျေနပ်မိပါ၏။ ကျွန်ုပ်၏ဘလော့ကို ဆက်လက်ရေးသားပါဦးမည်ဟူ၍လည်း သန္နိဋ္ဌာန်ပြုပါ၏။

၁၀။ အလွမ်းစာမရေး အဆန်းစာတွေသာရေးတဲ့ ပန်းကဗျာလေး
ပေါက်ကွဲခြင်းသဘောရဲ့ ဥပမာပေးပုံကို တန်ဖိုးရှိလှပါတယ်ဟု အားပေးစကားပြောသည့်အတွက် လွန်စွာမှ အားရကျေနပ်မိပါ၏။

၁၁။အမျိုးမှန်တဲ့ မိုးယံ
ဒေါသဖြစ်နေတုန်း ဒေါသသံစဉ်တွေ လာဖတ်မိသည်ဟု သိရသည့်အတွက် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လှပေ၏။ တစ်ယောက်ထဲ ချုပ်တည်းနေခြင်းသည်အကောင်းဆုံးဖြစ်ပေသည်ဟု သဘောပေါက်ပေးသည့်အတွက် သာဓုသာဓုသာဓုဟု သုံးကြိမ်သုံးခါတိတိခေါ်ဆိုလိုက်ရပေ၏။

၁၂။ အလှတွေနှင့်ယဉ်နေတဲ့ အမရွှေစင်
ဟိုပေါက်ကွဲသံက အနာဆုံးနှင့်အနံဆုံးဆိုတော့ ဘယ်ပေါက်ကွဲသံကိုဆိုလိုတာပါလိမ့်ဟူ၍ နဖူးပေါ်လက်တင်၊ လက်ပေါ်နဖူးတင်ပြီး မတင်မကျ အထင်ကရ စဉ်းစားတွေးတောစရာဖြစ်စေပေ၏။း))) အဲဒီအသံကြားတိုင်း အမရွှေစင်ကို သတိရနေမိမှာ အမှန်ပါဘဲ ဟု ပြောကြားအသိပေးလိုက်ပေ၏။

၁၃။အပေအတေခံတဲ့ နေ၀သန်
မနောက်တော့ဘူးဆိုပြီး ခပ်နောက်နောက်ကလေးလုပ်သွားတော့ ဂေါက်ဂေါက်ကလေး ဖြစ်များသွားပြီလားလို့။း)) နှစ်နှစ်ဆိုတော့ နားစေသတည်းတဲ့။ နားချင်သေးဘူး။ အတောင်အလက်တွေစုံတဲ့အထိ ပျံသန်းနေပါဦးမယ်ဟူ၍ ဆိုလိုက်ရပေ၏။

၁၄။အထူးမမက်တဲ့ ဂျူးလိယက်
ဝတ္ထုရေးဆရာမလေးပီပီ ယနေ့မှစ နှစ်ပေါင်းတစ်ရာတိုင်ဟူ၍ တုံးဖိတဲ့ဖား၊ မြုံးမိတဲ့ ငါးကဲ့သို့ ပြုံးစိစိနဲ့ ငုံးတိတိလေးဖြစ်နေတဲ့ ကွန်မင့်အတွက် ကြည်နူးမိပါ၏။ ထို့ကြောင့် ပရိသတ်ကြီးများအား ညီမလေးဂျူးလိယက်၏ ရသကောင်းကောင်း ၀တ္ထုရှည်လေးတွေကို အားပေးကြပါဦးလို့ ကြော်ငြာပေးလိုက်ပါ၏။

၁၅။အလှအပတောက မမချော
ရင်ထဲရောက်အောင် ထည့်ပေးနိုင်တဲ့ အရေးအသားတွေကြောင့် ဖတ်သူတွေကို ဖတ်ပြီးရင်း ဖတ်ချင်ရင်း ဖြစ်စေနိုင်သူပီပီ ကျွန်ုပ်၏ ဓါတ်ကြီးလေးပါးပေါက်ကွဲပုံကို နားလည်သဘောပေါက်စွာ ကွန်မင့်ချန်ထားခဲ့သည့်အတွက် များစွာ ၀မ်းသာကြည်နူးမိပါ၏။

၁၆။ကောင်းမွန်ခြင်းတွေ စုနေတဲ့ မမကောင်းမွန်ဝင်း
ဝိုင်းဒိုင်းဂွမ်းအစချီပြီး ပျော်ရွှင်စွာ ချထားခဲ့တဲ့ ကွန်မင့်လေးများက ကျွန်ုပ်၏ စိတ်အားငယ်မှုတို့ကို အင်အားသစ် ထည့်လောင်းပေးသကဲ့သို့ ရှိလှချေ၏။ ပျော်လာရင် မီးပန်းလွှတ်လေ့ရှိတဲ့ နိုင်ငံမှာ နေသူပီပီ ပေါက်ကွဲသံစဉ်တွေကို ကြားရတိုင်း ပျော်ရွှင်စွာပေါက်ကွဲတတ်သူ မမကောင်းမွန်ဝင်းအား ဂုဏ်ပြုလိုက်ပါ၏။

၁၇။အချစ်တစ်မျိုးကင်းတဲ့ မြစ်ကျိုးအင်း (သို့မဟုတ်) အထာအသစ်နဲ့ ဆရာမြစ်
စိတ်တိုပြီး ထွက်ခါနီး အမြန်ထိန်းသိမ်းလိုက်နိုင်တယ်ဟူ၍ ဖွင့်ဟလာသည့်အတွက် ဆရာမြစ်တို့ အိမ်ထောင်ရေး ကံကောင်းဦးမည်ဟု အနာဂါတ်ခရီးအတွက် ကြိုတင်တွက်ကိန်းထုတ်လိုက်မိ၏။ ကျွန်ုပ်အမြဲတမ်းသွားပြီးဖတ်ရှုနေကျဖြစ်သည့် အားကျစရာကောင်းသည့်ဘလော့ပိုင်ရှင်တစ်ယောက်က လာရောက်ပြီး ချီးမြှောက်ပေးသည့်အတွက် အမှန်ပင် ပျော်ရွှင်ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုက်ရပေ၏။

၁၈။အချက်အတော်ပီတဲ့ ဘလက်ကော်ဖီ
အခုမှရောက်ပြီး အခုခြေရာချန်ထားခဲ့တဲ့အတွက် ထပ်မံပြီး လာရောက်ဖို့ ဖိတ်မန္တကပြုလိုက်ရပေ၏။ ကွန်မင့်အတွက်လဲ ကျေးဇူးဥပကာရ တင်ရှိပါ၏။

၁၉။အလှဝေဖြာနေတဲ့ မဗေဒါ (၈၈)
မအေးတင်၏ ပေါက်ကွဲမှုကို ကိုယ်ချင်းစာသနားပေးသဖြင့် မဗေဒါလဲ အလှဝေဖြာနေရုံမဟုတ်ဘဲ မေတ္တာ ကရုဏာ ပြည့်နှက်နှလုံးသားရှိမှန်း ထင်ရှားလှပေ၏။ ထိုအတွက် သာဓုခေါ်လိုက်ရပေ၏။ သို့ရာတွင် ၇၅ နှစ်သက်တမ်းကို သဘောမတွေ့ မနောမခွေ့မှန်း သိသဖြင့် အမြွက်မျှ လှစ်ဟပြလိုက်ပေ၏။ ယူရုပ် ငါရုပ် သူရုပ် ဘယ်ရုပ်ဖြစ်ဖြစ် နာမ်ရုပ်နှစ်ပါးနှင့် ဟန်လုပ်စားနေကြသူချည်းဖြစ်ပေ၏။ အာရှ လျာရှ သွားရှ ဘယ်လိုဘဲ ရှရှ သူ့ဘ၀နဲ့ သူပင်ဖြစ်၏။ အမေရိက အဖေရိက အဒေါ်ရိက အန်ကယ်ရိက ဘယ်လိုဘဲ ကက မရ-ရတာနဲ့ မကျေနပ်နိုင်ကြသူချည်းပင်ဖြစ်၏။ အာဖရိက နှာဖရိက အထာဖရိက ဘယ်လိုဘဲ ကက သူတို့လဲ တစ်နေ့ ကြွကြရဦးမည်ဖြစ်၏။ ၾသစေတးလ်၊ ဟတ္စေတးလ်၊ နဲဗားစေတးလ် ဘယ္လုိဘဲလ်လ် မရဏခရီးတော့ တစ်နေ့နေ့ အပြီးသွားရမည်ဖြစ်ပေ၏။ အမှန်ဆိုရပါမူ ၇၅ နှစ်သက်တမ်းဟူသည်မှာ မိတ်အင်ကိုကိုမောင် မဟုတ်ချေ။ ငယ်စဉ်ကာလ သင်ကာပြပေးတဲ့ ရွာဦးကျောင်းဆရာတော်အပါအ၀င် ဆရာတော်သံဃာတော်များ၏ အဘိဓမ္မာပို့ချချက်တို့မှ ကောက်နှုတ်၍ တင်ပြလိုက်ခြင်းဖြစ်ပေ၏။ တောင်ကျွန်း မြောက်ကျွန်း အရှေ့ကျွန်း အနောက်ကျွန်းသားတို့၏ သက်တမ်း။ ကတယုဂ် တြေတယုဂ် ဒွါပရယုဂ် ကလိယုဂ်တို့၏ အသက်ရေတွက်ပုံ။ နှစ်တစ်ရာတိုင်း သက်တမ်းတစ်နှစ် ဆုတ်လျော့လေ့ရှိသည့် ဆုတ်ကပ်တစ်စုံတွက်ချက်ပုံ (ဗုဒ္ဓသည် သက်တမ်း ၁၀၀ တမ်း၌ ပွင့်ပေါ်လာခဲ့ပြီး ပရိနိဗ္ဗာန်စံလွန်သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီးဖြစ်သည့်အတွက် ၂၅ နှစ်လျော့ပြီး သက်တမ်း ၇၅ နှစ်သာ ကျန်တော့သည်ဟူလို)။ ဗုဒ္ဓဘာသာတွက်နည်းအရ တွက်ခြင်းပင်ဖြစ်၏။ သေချာ ကျနစွာ သိရှိလိုပါမူ ဗုဒ္ဓဘာသာဆရာတော်ကြီးများ ပညာရှိကြီးများတို့ထံ ချဉ်းကပ်၍ မေးမြန်းနိုင်ပါသည်ဟု ပြောကြားလိုပေ၏။ တကူးတကနဲ့ လာရောက်ထောက်ပြပေးတဲ့အတွက် လွန်စွာမှ ကျေးဇူးတင်မိပေ၏။

၂၀။လက်တို့ပြီးပြောတတ်တဲ့ ဘလက်ရို့ စ်
မျိုသိပ်ထားတာနဲ့ စာရင် ပေါက်ကွဲပစ်လိုက်တာက ပိုကောင်းပါတယ်ဟု ဆိုလာသော နှင်းဆီနက်၏ အချက်ကျကျ လာပြောမှုကို သဘောကျမိပါ၏။ လာလာပြီးအားပေးတဲ့အတွက် ကျေးဇူးအထူးတင်လှပေ၏။

ကွန်မင့်များကို တန်ပြန်ကွန်မင့်အဖြစ်တင်ပေးလိုက်ပါ၏။ ဂုဏ်သရေရှိ လာရောက်ဖတ်ရှုသူများအားလုံး ပျော်စရာ မော်စရာ ကျော်စရာ တော်စရာ ခေါ်စရာများနှင့် ကျေနပ်စွာ ကြည်နူးစွာ ကြည်ဖြူစွာ အတုံဆူ အတူဆုံနိုင်ကြပါစေသတည်း။

ခင်မင်လေးစားလျက်
ကိုကိုမောင်(ပန်းရနံ့)

.

31 comments:

khin oo may said...

တိတ်တိတ်လေးဖတ်နေတဲ့သူကလဲ . သူ့အတွ့က်ကွန်မက်ဖတ်ချင်ပါသေးသတဲ့။

ရွှေရတုမှတ်တမ်း said...

သဂျီးရေ..ဂျီးတော်ကြီးပြောတာ ကြားလား

ကိုဇော် said...

ဟဟဟ...အပေါ်မှာ မမကွန်က ဆော်ပလော်တီးသွားပြီ တွေ့လား ကိုကိုမောင်ရေ။

တိတ်တိတ်ကျိတ်ဖတ်တဲ့ ကိတ်ကိတ်မမများကိုလည်း သားသား ကိုကိုမောင်က ကျေးဇူးတင်ပါတယ်လို့..

အဟဲ..ကိုယ်စား ပြောပေးသွားတယ်။

khun said...

နာမည်တွေနဲ့ ကာရံယူထားတာ မိုက်တယ် ကိုဂျီးးးးးး ရယ်ရတယ်... ;)
ဒါနဲ့ ကိုကိုမောင်(ပန်းရနံ့) ကျတော့ ဘာဖြစ်မလဲဟင်။ သူ့နာမည်ကျ ချန်သွားတယ်..... ;(

မဗေဒါ (၈၈) said...

ဟလို ကိုကိုမောင်..

ပေါ့စ်တစ်တွေ ဖတ်သွားပါသေးသည်.. မိုက်စ်..။

မဗေဒါ ကို ပြန်ဖြေတာ က နားလည်သလောက်ဆို ဗုဒ္ဓဘာသာဟော အရ ဘာသာရေး ကျွမ်းကျင်သူတွေက တွက်ချက်ပြီး ၇၅ နှစ်သန်း ( ဆုတ်ကပ်ကြီးမှာ.. လူ့သက်တမ်း ၇၅ နှစ် ) ပဲ ခံမယ်လို့ ဆိုလိုတာလား.. ။ အဲဒါကို ၇၅ နှစ်သန်း လို့ သုံးတာလား..။ နားမလည်လို့ ပြန်မေးတာပါနော်.. နောက် ကိုမောင်သူဂျီး ပြောသလို ဘုန်းကြီး ( သို့မဟုတ်) ကိုကိုမောင်လို သိသူများထံမှာ မေးမြန်းပါအုံးမယ်နော်..။

မဗေဒါက တခါတလေမှ မဟုတ်ဘူး.. အခါများစွာ လိုက်မမီ တာတွေ ရှိပါတယ်.. ခွင့်လွတ်စေချင်ပါတယ်.. သူဂျီးမင်း..ခွင့်လွတ်မည် ဆိုသည်ကို ကြိုသိသည့်အတွက် ဗိုလ်နိုင်ငံတွင် နေထိုင်ပြီး ဘုရားဟော ထဲက အခက်ဆုံး အဘိဓမ္မာ တွေ ဖတ်ပြီး မဗေဒါ နားမလည်နိုင်တာကို ရေးသားသူ ကိုကိုမောင်အား ရိုးကျိုးစွာ တင်ပြအပ်ပါကြောင်း..။

မသိတာကို ဝေမျှလို့ ကျေးဇူးတင်ပါတယ်.. မပေါက်ကွဲရဲတော့ပါဘူး.. အဟင်း အလကားပြောတာ ပေါက်ကွဲစရာရှိရင် ပေါက်ကွဲရအုံးမယ်..။ ဘာပဲပြောပြော ရှင်းပြတာ ကျေးဇူးပါလို့ ဆိုရင်း ပြန်တော့မယ်..။



ပန်းဗေဒါ

ညိမ်းနိုင် said...

အေးလေ....လာဖတ်ပြီး တိတ်တိတ်ပြန်သွားတဲ့လူတွေကျ
ဘယ်နှယ်.....?

နှင်းဟေမာ said...

တုံးဖလား သူကြီး ...
ဘုန်းကြီးကျောင်းသားပီသပါပေတယ် ...းD
နဘေ ကာရံတွေကို မိနေတာပဲ ...
ရတု ရကန် များများရေးသင့်တယ် ....


ခင်မင်စွာဖြင့်
ဟင်းတွေရှာနေတဲ့ နှင်းဟေမာ ...

blackroze said...

ကောမက်တွေကိုထပ်မံကောမက်ပေးသွားကြောင်းပါ
ရွာသူကြီးလို့မပြောရဘူး..နဘေကာရံမိနေတာဘဲနော်
လက်တို့ပြီးပြောသွားကြောင်းပါး)

Anonymous said...

မဗေဒါ ၈၈ ဆိုသူက စာလဲ သေချာမဖတ်ဘူး။
ရေးတာကလဲ တလွဲ။
၇၅ နှစ်တမ်းပါဆိုတာကို ၇၅ နှစ်သန်း ချည်း ပြောနေတာပဲ။
ဒီခေတ်ရဲ့ ပျမ်းမျှသက်တမ်း က ၇၅ နှစ် ရှိတယ် ဆိုလိုတာ (၇၅ နှစ်သန်းမဟုတ်)။ ကိုယ်ပြုခဲ့တဲ့ ကံတွေပေါ်မူတည်ပြီး ၇၅ နှစ်ထက် ရှည်ချင်လဲ ရှည်မယ်၊ တိုချင်လဲ တိုမယ်။ ၇၅ နှစ်တမ်း ဆိုတာ ပျမ်းမျှ ယေဘုယျ အသက်ကို ပြောနေတာ။ တုံးပါ့။

သူကြီးမင်း (တုံးဖလား) said...

မဗေဒါ(၈၈)ရေ..
ဟုတ်ပါ့ဗျာ။ စာလုံးပေါင်းမှားနေတာကို မျက်စိမမြင်လိုက်မိဘူး။ အမှန်ဆို ၇၅ နှစ် သက်တမ်းလို့ ရေးတာပါ။ ၇၅ နှစ်သန်းလို့ရေးတာ မဟုတ်ပါဘူး။ အခုလို ထောက်ပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ အားလုံးပြန်ပြင်လိုက်ပါပြီ။ ပေါက်ကွဲခြင်းပို့စ်က စာလုံးပေါင်းမှားနေတာလဲ ပြင်လိုက်ပါပြီ။ ၇၅ နှစ်သန်းမဟုတ်၊ ၇၅ နှစ်သက်တမ်းသာ ဖြစ်ပါတယ်။ အခုလို တစ်လုံးချင်းစီ ဖတ်ပေးတဲ့အတွက် ကျေးဇူးနော်။
တစ်ခါတစ်ခါတော့လဲ စုံထောက်ကြီးဦးစံရှားစကားနဲ့ပြောရရင် "မှားတဲ့အခါလဲ မှားပေမပေါ့ဗျာ" (ရှက်ကိုးရှက်ကန်းဖြင့်:D)။

ကဲ မဗေဒါရေ... ၇၅နှစ် သက်တမ်းဆိုတဲ့ စာလုံးကို အမှန်သိပြီးနောက် ၇၅ နှစ် သက်တမ်းဆိုတာကို နဲနဲ ရှင်းပြမယ်နော်။

၇၅ နှစ်သက်တမ်းဆိုတာ ပျမ်းမျှတွက်ကိန်းပါ။ ဒါကြောင့် သက်တမ်းကျော်ပြီးမှ သေတဲ့သူတွေလဲ ရှိပါတယ်။ သက်တမ်းစေ့မှာ သေရတဲ့သူတွေလဲ ရှိပါတယ်။ သက်တမ်းမစေ့ခင် သေရတဲ့သူတွေလဲ ရှိပါတယ်။

အမရပူရမဟာဂန္ဓာရုံဆရာတော်ရေးသားတဲ့ သဂြိင်္ုဟ်ဘာသာဋီကာ ၀ီထိမုတ်ပိုင်းအဖွင့်မှာ သေခြင်းကို လေးမျိုးပြထားတယ်။
၁။အာယုက္ခယ=သက်တမ်းကုန်လို့သေခြင်း
၂။ကမ္မက္ခယ=ကံကုန်လို့သေခြင်း
၃။ဥဘယက္ခယ=သက်တမ်းရာ ကံရော နှစ်မျိုးလုံးကုန်လို့သေခြင်း
၎။ဥပစ္ဆေဒက မရဏ= သက်တမ်းမစေ့ခင် ကပ်၍ဖြတ်သတ်သောကြောင့် သေခြင်း တဲ့။

ဒီနေရာမှာ...
၁။ ၇၅ နှစ်မှာ သေရင် သက်တမ်းကုန်လို့သေခြင်းဘဲဖြစ်ပါတယ်။
၂။ ၇၅ နှစ် မပြည့်ခင် သေရင် ကံကုန်လို့သေခြင်းဖြစ်ပါတယ်။
၃။ ၇၅နှစ် ကျော်ပြီးမှသေရင် သက်တမ်းရော ကံရော တစ်ပြိုင်နက်ကုန်ဆုံးလို့ သေခြင်းဘဲဖြစ်ပါတယ်။
၎။သက်တမ်းမပြည့်ခင် ရေနစ် မီးလောင် ကားတိုက် ရထားတိုက် မြေပိ လေယာဉ်ပျက်ကျ စတဲ့ အသေဆိုးနဲ့ သေရင် ကပ်ဖြတ်သတ်လို့ သေခြင်းဘဲဖြစ်ပါတယ်။

အဲဒီလေးပါးကို ဆီမီးဥပမာလေးပေးထားသေးတယ်။
၁။မီးစာကုန်လို့သေခြင်း
၂။ဆီကုန်လို့သေခြင်း
၃။မီးစာကော ဆီကောနှစ်မျိုးလုံးကုန်လို့သေခြင်း
၎။လေတိုက်လို့သေခြင်းတဲ့။

လက်ရှိအချိန်အခါမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ယေဘုယျသီအိုရီအရ ၇၅ နှစ်သက်တမ်းဘဲ ရှိတယ်လို့ ယူဆထားတဲ့အတွက် ၇၅ နှစ်နဲ့ နှိုင်းယှဉ်ပြထားခြင်းဘဲ ဖြစ်ပါတယ်။

သေချာစဉ်းစားကြည့်ရင်တော့... ဗုဒ္ဓမွေးဖွားတဲ့အချိန်ဟာ သက်တမ်း နှစ်၁၀၀ တမ်းမှာပါ။ ဗုဒ္ဓက အသက် ၈၀ အရွယ်မှာ ပရိနိဗ္ဗာန်ပြုခဲ့တယ်။ အခုဆိုရင် သူပရိနိဗ္ဗာန်ပြုသွားခဲ့တာဟာ နှစ်ပေါင်း ၂၅၅၄ နှစ်ရှိပါပြီ။ အဲဒီ ၂၅၅၄ ကို ၈၀ နှင့်ပေါင်းလိုက်ရင် ၂၆၃၄ တောင်ရှိနေပါပြီ။ ဒါကြောင့်မို့ နှစ်တစ်ရာမှာ တစ်နှစ်လျော့မယ်ဆိုရင် အခုအချိန်မှာ လူတွေရဲ့သက်တမ်းဟာ ၇၄ နှစ်သက်တမ်းဘဲ ရှိပါတော့တယ်။ (စကားချပ်)။

ကဲ မဗေဒါရေ.. တတ်သလောက် မှတ်သလောက် သိသလောက် တုံးဖလားရွာဦးကျောင်းဆရာတော်ဆီက လေ့လာထားတဲ့ ဗုဒ္ဓစာပေလေးတွေကို ရေးချလိုက်မိပြီ။ အမှားတွေ့ရင်လဲ ထောက်ပြဦးနော့။ စာလုံးပေါင်းမှားနေတာကစလို့ပေါ့။ ကျေးဇူးအထူးတင်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးယံ said...

ဗျို့ သဂျီးမင်း သဂျီးမင်း အဲလို ပို့စ်မျိုး ဒီတစ်ခါပဲ ဖတ်ဖူးသေးတယ်ဂျာ။ ဒါနဲ့ စကားမစပ် မသေခင်စပ်ကြား မိန်းမယူဖြစ်ခဲ့ပြီး သားသမီး ရတနာ များ ရလို့ကတော့ နံမည်ပေး ကင်ဘွမ်းတပ်ဖို့ ကူငြီ ပါအုန်းနော်။ ဂြီ

အျဖဴေရာင္နတ္သမီး said...

အခုမှရောက်၏.....

Anonymous said...

ဟဟ..အတိုမှောင်
အားပေးလျက်

ဇွန်မ said...

ရေးလည်းရေးတတ်ပါပေတယ် အစ်ကိုရေ ...
အစ်ကို့ ပညာတစ်ဝက်လောက် တတ်ရင်တော့ စာရေးဆရာမလုပ်တော့မယ်... အခုလို "သန္နိဋ္ဌာန်ပြုပါ၏။" ဆိုတဲ့အတိုင်း ဆက်လက်ရှင်သန် ဖြန့်ဝေနိုင်ပါစေ...

အင်ကြင်းသန့် said...

ကိုကိုမောင်ရေ....နှစ်နှစ်ပြည့်ဆိုတော့ ကျွန်မဘလော့ထက် ၁နှစ်ကြီးတာပေါ့....အဲဒီပိုစ့်လေးတုန်းက လာတောင်မဖတ်လိုက်ဖြစ်ဘူး။ လာများဖတ်ခဲ့ရင် ကိုယ့်နာမည်ကို ဘယ်လိုများပေးမလဲလို့တော့ သိချင်စိတ်ဖြစ်သွားတယ်။း)

ဒီမှာပဲ ဆုတောင်းပေးခဲ့တော့မယ်။ နှစ်နှစ်ပြည့်မှသည်နောင်နှစ်ပေါင်း နှစ်ဆယ်၊ နှစ်ရာ(အကယ်ရွေ့နေနိုင်ခဲ့မယ်ဆိုရင်ပေါ့) အထိဆက်လက်ဘလော့ဂင်းနိုင်ပါစေကြောင်း....

သဒ္ဓါလှိုင်း said...

ဆက်လက်ချီတက်နိုင်ပါစေ...

ခင်မင်စွာ
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

အလှအပတောက မမချောဆိုပါလား
အလှအပတောမှာ ချောနေတာမဟုတ်ဘူး အနူတောမှာ လူချောဖြစ်နေတား)
ကာရံယူတဲ့နေရာမှာ ကိုကိုမောင်က စူပါဘဲနော်။
အတော်ပြောင်တဲ့ ကိုကိုမောင်
ကြောင်တောင်တောင်တော့မလုပ်နဲ့နော်
ရပ်ကျော်ရွာကျော်ဖြစ်ပြီး
လူသူမနီးတဲ့ တောကြီးမျက်မဲထဲ အပို့ခံရမယ်.. :)

ဆက်လက်ပြီး ပျော်ရွှင်စရာ အရေးအသားများနဲ့ စာဖတ်သူတွေကို ရွှင်ပြုံးစရာများ၊ အတွေ့အကြုံများ၊ သုတများ မျှဝေပါဦး ကိုကိုမောင်ရေ။

ခင်မင်တဲ့

မချော

ငွေလမင်း said...

အရေးအသားတွေမိုက်တယ်ဗျာ
ခံစားသွားတယ် သူကြီးပို့စ်ကို စဖတ်ပြီးကတည်းက နောက်ပိုင်းေ၇ာက်ပါတယ်

လသာည said...

ဘလော့နှစ်နှစ်ပြည့်မှသည် ..
ရှေ့ဆက်ပြီး အများကြီး အောင်မြင်ပါစေ..လို့
ကွန်မန့်များလည်း ဖတ်ကောင်းကြောင်းး)

မဗေဒါ (၈၈) said...

ဟိုင်း ကိုကိုမောင် ..

အဖြေလာရှာတာ.. ကျေးဇူးအထူးတင်ပါတယ်ရှင်..။ ပညာတွေ လည်း ယူသွားပါသည်.. မေ့ရင်လည်း လာရှာဖတ်ပါ့မယ်နော်.. ဟုတ်ပါတယ် ( ၇၅) နှစ်သန်းရယ်ကြောင့် မဗေဒါ အဆင်မပြေဖြစ်နေတာ ကျန်တာတွေပါ သိရလို့ ကျေးဇူးပါလို့ အခါခါဆိုရင်း ..ပြန်ပါပြီတော်..။

နေအုံး.. တခု ကျန်ပသေး..ဟဲ..။ မဗေဒါ က စာလုံးပေါင်းကို ပြောချင်လို့ မဟုတ်ပါဘူး.. တကယ်ပဲ ရ၅ နှစ်သန်းကို အဓိပါယ် ရှိမယ်လို့ ယူဆခဲ့မိတာကြောင့် ထပ်မေးတာပါ.. စာလုံးပေါင်းလား.. မဗေဒါမှာ ရှာကြည့် အများကြီးပါ..။ အပြစ်မရှာတက်ပါဘူးနော်.. ပညာပဲ ရှာပါတယ်..သူဂျီးရယ်..။

မဗေဒါ (၈၈)

ကောင်းမွန်ဝင်း said...

ဆန်းအသန့် ပျိုပျိုတွေကော
လန်းအခန့် အိုအိုတွေကော
နမ်းမလန့် ကိုကိုတွေကော
ကမ်းအနှံ့ ရေတခွင်
ဘလော့ဂ်ပရိတ်သတ်ရွှေဘ၀င်ငြိအောင်
သူ့ လက်သံ တန်ပြန်ထောင်တယ်
အော်.....
ပန်းရနံ ကိုကိုမောင်။

Anonymous said...

သကြီးမင်း သကြီးမင်း

အဟိ လန့်တောင်လာပြီ တန်ပြန်ကော့မန် တဲ့ တော်သေးတယ် တန့်ပြန်တော်လှန်ရေး မဟုတ်လို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

တိတ်တိတ်လေးကြိတ်ဖတ်ပြီး အားပေးတဲ့ သူတွေကိုလည်း မိန့်ကြားပေးပါ ကိုကိုမှောင်
တခါမှ မမန့်ဘူးပါ...အခုတော့ မန့်ပစ်လိုက်ပြီ...
အမှတ်တရ

မြတ်မွန် said...

တိတ်တိတ်လေးပြန်မလို့ အကိုရေ..
ဒါပေမယ့်
နှတ်ဆက်သွားပါတယ်..။

flowerpoem said...

ရေးရေးတတ်လွန်းတဲ့ ကိုကိုမောင် Thanks

မြစ်ကျိုးအင်း said...

သူကြီးတို့က ဒါမျိုးတွေလည်း ရတာပဲ။
ဖတ်သူ ရေးသူ ပြုံးပျော်စေလို့ ကျနော်ကလည်း ကျေးဇူးတင်ကြောင်း ပြန်ပြောချင်ပါတယ်။
ရွှင်မြူး တက်ကြွတဲ့ ဥာဏ်စွမ်းနဲ့ စာဖတ်သူတွေကို ထပ်ပြီး ပြုံးပျော်ပါစေအုံးဗျာ။

Anonymous said...

"' သွန်းအလှပဂေးဖြစ်တဲ့ ယွန်းညီမလေး "' ဆိုပဲ..
ကာရံတွေနဘေတွေ တယ်လဲဟပ်ပါလားးး
ရေးလဲရေးတတ်တဲ့ တဂျီးးပါလားး ဟာဟ..
မိုးယံ ၊ နေ၀သန် နဲ့  ဘလက်ရို့ စ် နာမည်တွေက ပိုတောင်မိုက်သေးးး

ခင်တဲ့
ယွန်း

သိင်္ဂါကျော် said...

ခုမှရောက်လို့..
နှစ်နှစ်မှသည် နှစ်ပေါင်းများစွာ စာတွေ ဆက်လက်ရေးသားနိုင်ပါစေနော်..

Anonymous said...

တိတ်တိတ်လေးလာပြီး...တိတ်တိတ်လေးပြန်သွား
ခဲ့တာပါပဲနော်...ဒီကလည်း။။။
ဘာပဲဖြစ်ဖြစ်...လေးစားအားကျလျှက်..
...ခင်မာလာအောင်..:)

Anonymous said...

ကွန်မကောင်လို့လှည့်လှည့်ပြန်သွားရတဲ့ များတို့ကိုတော့ သချီးက မသိပေဖူးပေါ့ ဟွန့်
း)
မောင်ဘကြိုင်

မိုးစက်အိမ် said...

အစ်ကိုရေ အစ်ကို့ ဘလော့လေး 2နှစ်ပြည့်တာတောင်မသိ
လိုက်ဘူး မအားတာနဲ့ မ၀င်ဖြစ်တာခုမှဝင်ဖြစ်တယ် ဘာဘဲဖြစ်ဖြစ်
အစ်ကိုဘလော့လေး ထာဝရတည်တံ့နေပါစေလို့ ဆုတောင်းပေး
ခဲ့ပါတယ် အစ်ကိုရေ . . . စာပေကောင်းများ ဗဟုသုတ
များလည်းဆက်လက်ရေးသားနိုင်ပါစေဗျာ :)