Saturday 16 October 2010

လေထဲဆောက်တဲ့အိမ်

အဲဒီနေ့က လသာတယ်။ ပြည့်ပြည့်ဝန်းဝန်းကြီးကို သာခဲ့တယ်။ လုံးလုံးဝိုင်းဝိုင်းကြီးကို သာခဲ့တယ်။ မှတ်မှတ်ရရ အဲဒီလပြည့်ဝန်းကြီးခေါင်းအငြိမ့်မှာ ရိုးသားစွာ အိမ်တစ်အိမ်တည်ဆောက်ခဲ့ဖူးတယ်။ အဲဒီအိမ်ဟာ မြေကြီးပေါ်မှာလဲ မဟုတ်ဘူး။ ရေပြင်ပေါ်မှာလဲ မဟုတ်ဘူး။ မြေအောက်မှာလဲ မဟုတ်ဘူး။ ရေအောက်မှာလဲ မဟုတ်ဘူး။ ချောင်းထဲမှာလဲ မဟုတ်ဘူး။ မြောင်းထဲမှာလဲ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင်တော့ အာကာသမဲမဲထဲမှာ သဲသဲမဲမဲဆောက်ခဲ့တဲ့ အိမ်၊ လေထဲက အိမ်ပေါ့။

လေထဲက အိမ်ဆိုတော့ ဆူနာမီကို ကြောက်စရာမလိုဘူး။ ငလျင်ကို မှုစရာမလိုဘူး။ တောမီးကို စိုးရိမ်စရာမလိုဘူး။ တောင်မီးကို လန့်စရာမလိုဘူး။ မိုးခေါင်မှာ မပူရဘူး။ ရေကြီးမှာ မပူရဘူး။ မီးတောင်ပေါက်မှာ မပူရဘူး။ ရေခဲတောင်ပြိုမှာ မပူရဘူး။ တောပြုန်းမှာ မပူရဘူး။ တောင်ကတုံးဖြစ်မှာ မပူရဘူး။ ရေနံယိုစီးမှာ မပူရဘူး။ မိုင်းတွင်းပြိုကျမှာ မပူရဘူး။ ထောင်ချောက်ကို ကြောက်စရာမလိုဘူး။ ကျော့ကွင်းကို လန့်စရာမလိုဘူး။ ကုန်ကုန်ပြောရရင် ဘာအန္တရာယ်ကိုမှ ကြောက်လန့်စရာမလိုဘူး။ အဲ.. ဒါပေမဲ့.. လေထဲမှာ ဆောက်တဲ့အိမ်ဆိုတော့ လေရဲ့ရန်ကိုတော့ ကြောက်နေရတယ်။

အိမ်လေးက လှပတယ်။ သန့်ရှင်းတယ်။ သေသပ်တယ်။ သပ်ရပ်တယ်။ သာယာတယ်၊ အေးမြတယ်။ ကြည်လင်တယ်။ ပြတ်သားတယ်။ တင့်တယ်တယ်။ ၀င့်ကြွယ်တယ်။ ကြည်နူးဖို့ကောင်းတယ်။ ရည်စူးဖို့ကောင်းတယ်။ အပြစ်ကင်းတယ်။ အညစ်ရှင်းတယ်။ ပနာလှတယ်။ အထာကျတယ်။ ထားသိုဖို့ကောင်းတယ်။ နားခိုဖို့ကောင်းတယ်။ လမ်းများရှိတယ်။ ပန်းတံတားရှိတယ်။ ဆင်းရနံ့ပေးတယ်။ သင်းပျံ့ပျံ့မွှေးတယ်။ ကျေးတမာလာတယ်။ တေးသံသာတယ်။ ညီမျှခြင်းရှိတယ်။ ဂီတသီချင်းရှိတယ်။ သာယာခြင်းနဲ့တည်ဆောက်ထားတယ်။ မာယာကင်းမဲ့ တည်ဆောက်ထားတယ်။ အမှန်ပြောရရင် အဟောင်းတွေ အားလုံးမှောက်ထားပြီး အကောင်းတွေ အားလုံးနဲ့ တည်ဆောက်ထားခဲ့တယ်။

တစ်နေ့။ အဲဒီတစ်နေ့။
လေဆွဲအားမညီတဲ့နေ့။ လေမြဲအားမညီတဲ့နေ့။ လေကန်တဲ့နေ့။ လေထန်တဲ့နေ့။ နေမလာတဲ့နေ့။ နေမသာတဲ့နေ့။ တိမ်မုန်းတဲ့နေ့။ တိမ်ဖုံးတဲ့နေ့။ လေမငြိမ်တဲ့နေ့။ လေမထိန်တဲ့နေ့။ လေတိုက်တဲ့နေ့။ လေမိုက်တဲ့နေ့။ လေတိုးတဲ့နေ့။ လေထိုးတဲ့နေ့။ လေသိုးတဲ့နေ့။ လေဆိုးတဲ့နေ့။ လေပျက်ကွက်တဲ့နေ့။ လေရက်စက်တဲ့နေ့။ လေလာတဲ့နေ့။ လေမညှာတဲ့နေ့။ လေမသထာတဲ့နေ့။ လေမစာနာတဲ့နေ့။

အဲဒီနေ့။ အဲဒီတစ်နေ့မှာ။
လေထဲမှာ ဆောက်ခဲ့တဲ့ အိမ်...
လေထဲမှာဘဲ မှောက်သွားရောပေါ့။
လေထဲမှာဘဲ လျောက်သွားရောပေါ့။
လေထဲမှာဘဲ နှောက်သွားရောပေါ့။
လေထဲမှာဘဲ ခေါက်သွားရောပေါ့။
လေထဲမှာဘဲ ပျောက်သွားရောပေါ့။

လမင်းကြီးရယ်.. အားနာလိုက်တာ။
လုံးလုံးဝန်းဝန်း ၀င်းဝင်းပပရှိလာတဲ့နေ့မှာ အချိန်တိုအတွင်းဆောက် အချိန်တိုအတွင်းပျောက်ခဲ့တဲ့၊ အချိန်တိုအတွင်းထုံး အချိန်တိုအတွင်းပြုန်းခဲ့တဲ့ အိမ်ပြိုလေးတစ်လုံးရဲ့အဖြစ်ကိုကြည့်ပြီး မထိတထိ ရိတိတိနဲ့ ပြုံးစိစိများ ဖြစ်နေလေလိမ့်မလား။ စိတ်အားတော့ ခပ်ငယ်ငယ်ရယ်။ ။

..

20 comments:

အိမ့်ချမ်းမြေ့ said...

နှစ်လိုဖွယ်ရာကောင်းပါတယ်ရှင်။

ဇွန်မ said...

လေထဲဆောက်တဲ့အိမ် ဆိုတော့လည်း စိတ်ကူးယဉ်အိပ်မက်နဲ့ ဆောက်တဲ့အိမ်ဖြစ်နေတာကြောင့် စိတ်ကူးအပြောင်းအလွဲလေးပေါ်တာနဲ့ ပျောက်ကွယ်သွားပြီပေါ့အကိုရေ...

ရွှေရတုမှတ်တမ်း said...

နာဂစ် နဲ့ တွေ့သွားပြီထင်တယ်

Anonymous said...

အင်း ကိုကိုမောင် ရေ

လေထဲကြီး ဆောက်မနေ နဲ့ လက်တွေ့ ဆောက် လက်တွေ့ဆောက် ရွှေစင်ဦး တို့ လာအားပေးမယ် ပုန်းမနေနဲ့ သကြီးမင်း ရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

......................................................

မိခွန် said...

မထိတထိ ရိတိတိနဲ့ ပြုံးစိစိ ဖြစ်နေမယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ လေထဲတောင် အိမ်မဆောက်နိုင်သေးတဲ့ သူတွေလည်း ရှိသေးတယ်လေ အစ်ကိုတော်ရယ်.....

Anonymous said...

ဟားဟားဟား....သဘောကျလို့ ပါ။
ရေးထားလိုက်တာများနော်...ရေးတတ်လိုက်တာရှင်။
လေထဲမှာစောက်ခဲ့တာကိုး..နော်။
ဒိတခါတော့...မြေကြီးပေါ်သာ ဆောက်လိုက်သင့်ပြီ။
...ခင်မင်လျှက်..ခင်မာလာအောင်..:)

Anonymous said...

အော်..လေထဲမှာသွားဆောက် တာကိုး..
အားပေးလျက်
s.e

flowerpoem said...

လေထဲမှာ ကိုကိုမောင် မဆောက်ခင်ကတည်းက ဆောက်ပြီးတာ :P (နောက်တာ)နော်...

ချော(အစိမ်းရောင်လွင်ပြင်) said...

စာလုံးဆက် ကာရံယူပုံတွေက ကောင်းလှတယ်သူဂျီး
စာပေသမားလို့ မပြောရဘူး. သိပ်သိပ်သည်းသည်းနဲ့ စာတစ်ပုဒ်ကို ရေးသွားပုံက ရသမြောက်လှပါတယ်..
လေထဲဆောက်ပေလို့ဘဲ။ နောက်ကို လပေါ်မှာ တက်ဆောက်နော်။

ဂျူးလိယက် said...

သူကြီး ကိုကိုမောင်ကို အိန္ဒိယဘက်မှာ မုန်းတိုင်းရှိတယ် ဆိုတာ ပြောဖို့ မေ့သွားလို့ထင်တယ်။ အရေးအသားလေးတွေ သဘောကျတယ်... လေထဲမှာ အိမ်သာ စိတ်ကူးနဲ့မဟုတ်ပဲ တကယ်သာ ဆောက်ပြီ နေလို့ရရင် နေချင်လိုက်တာနော်... :)

ကိုဇော် said...

ဆောက်ဖူးလိုက်တာ တန်တာပဲ။
တချို့ဆို မဆောက်ရဲဘူး...
တချို့ဆို မဆောက်တတ်ဘူး...
တချို့ဆို မဆောက်ရက်ဘူး...
တချို့ဆို မဆောက်ဖြစ်ခဲ့ဘူး...
တချို့ဆို မဆောက်နိုင်ဘူး...
တချို့ဆို စိတ်တောင်မှ မကူးခဲ့ရဘူး...

ပြိုတော့မှ ပြိုရောပဲ ဆောက်စရာ ရှိတာ ဆောက်ရမှာပဲ . . အမှတ်တရပေါ့။

မိုးယံ said...

ဗျို့ သဂျီးမင်း သဂျီးမင်း တုံးဖလားရွာ ကောင်းကင်ယံထဲ မှာ စိတ်ကူးနဲ့ဆောက်တဲ့ အိမ်ကြီး လေထဲမျောနေတယ် အခုရွာတောင်ပိုင်း ရောက်နေB အဲဒါ သဂျီးမင်းကို လာအသိပေးတာပါ။

အဲဒါ သဂျီးမင်းအခုချက်ချင်း ဗုတ်ဒဟီး ဂြိုဟ်ကို လိုက်ခဲပါ။
ဂြီ

ကောင်းမွန်ဝင်း said...

တုံးဖလားရွာကို
ဂုံးစကားဆိုသူများမရှိ
လေထဲဆောက်တဲ့အိမ်ကို
ခြေခွဲဖျောက်ဖျက်သူများမရှိ
စိတ်အားငယ်ငယ်နဲ့ရေးတဲ့ပို့စ်ကို
မိတ်များသွယ်သွယ်က မထိတရိပြုံးစိစိလုပ်သူမရှိ
ဖရဏာပီတိ ဂွမ်းဆီထိ
အားရကျေနပ်ကြပါ၏။

ညိမ်းနိုင် said...

ကာရံ ချိတ်ဆက် ယူသွားတာလှတယ်ဗျာ....
ကျွန်တော်လည်း လေထဲမှာပဲ ဆောက်နိုင်တယ်ဗျာ..။

Anonymous said...

လေထဲဆောက်နေတဲ့အိမ်ကိုကြည့်ပြီး အဲ့လမင်းကြီးက ဘာမှ မပြောဘူးလား..။
သီတင်းကျွတ်လပြည့်ညကျ မေးကြည့်လိုက်လေ..

ltn

blackcoffee said...

လေထဲမှာမဟုတ်ဘဲ အဲဒီအိမ်လေးမျိုးအပြင်မှာဆောက်နိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။

မြစ်ကျိုးအင်း said...

စဆောက်ထဲက လေထဲမှာ ဆောက်မှတော့ လေထဲမှာ ပျောက်တာကို ဝမ်းနည်းနေဖို့ မသင့်ဘူးလေ။

လေထဲဆောက်တဲ့ အိမ်မှာ အိမ်သာမထည့်ဖို့ အထူး သတိပေးပါရစေ သူကြီးမင်း

သဒ္ဓါလှိုင်း said...

လေထဲမှာလည်း နာဂစ်မဟုတ်ပဲ လေဂစ်နဲ့မိသွားတယ်
ထင်တယ်သူကြီးရေ..။ ဘယ်လိုပဲဖြစ်ဖြစ်
ဘယ်နေရာမှာပဲဖြစ်ဖြစ် ဆောက်ချင်ရင် ဆောက်လို့
ရပါတယ် သူကြီးပဲလေ...

ခင်မင်စွာ
သဒ္ဓါ

Kyel Pyar said...

လာဖတ်သွားပါ၏။