Tuesday, 8 June 2010

အိမ်သာတက် တရားစီရင်မှု

အင်တာနက်ကွန်ယက်ကြီး ကမ္ဘာတစ်ဝှမ်းလုံးဖြန့်ကျက်နေစဉ်ဝယ် သူကြီးကိုကိုမောင်အုပ်ချုပ်နေသည့် တုံးဖလားရွာ၌မူ အိမ်သာတက်ခြင်းအမှုဖြင့် ရှုပ်ထွေးလျက်ရှိနေပေ၏။ ထိုအမှုသည် ရွာအတွင်းမှ စတင်ခဲ့သည့်အမှုမဟုတ်။ ရွာဦးကျောင်းမှ စတင်ဖြစ်ပွါးခဲ့သည့် အမှုပင်ဖြစ်ချေ၏။ ရွာဦးကျောင်းဆရာတော်က...

"ဤအမှုသည် ၀ိနည်းဓမ္မကံကျင့်ထုံးနှင့်ဆုံးဖြတ်၍မဖြစ်နိုင်ချေ။ လောကဥပဒေနှင့်ဆုံးဖြတ်မှ သင့်လျော်ချေတော့မည်။ ထို့ကြောင့် ထိုအမှုအား ဘက်စုံတော်သည့် ရွာသူကြီးကိုကိုမောင်လက်သို့ အပြီးသတ်လွဲအပ်လိုက်သည်"

ဟူ၍ လူသူဗိုလ်ပါပရိသတ်အလယ်၌ ဖော်ပြပါ အမှုကို ရွာသူကြီးကိုကိုမောင်လက်ထဲသို့ ထိုးအပ်ခဲ့လေ၏။

အမှုဖြစ်ပွါးပုံမှာ အောက်ပါကဲ့သို့ဖြစ်၏။
တုံးဖလားရွာဦးကျောင်းကို လွန်ခဲ့သည့် ၁၅နှစ် လွန်နှစ်များက စတင်တည်ထောင်ခဲ့၏။ ရွာအကြားနှင့်သုဿာန်အကြားရှိ တောအုပ်ကြီးကို ခုတ်ထွင်ပြီး ရွာဦးကျောင်းကို တည်ထောင်ထား၏။ ကျောင်းဝင်းပရ၀ုဏ်ခုတ်ထွင်ရှင်းလင်းပြီး ခြံတံတိုင်းကာရံစဉ်က သုဿာန်မြေအနည်းငယ်သည် ရွာဦးကျောင်းဝင်းထဲ ပါခဲ့လေသတတ်။ ထို့ကြောင့်ပင် (လူကြီးများပြောစကားအရ) ရွာဦးကျောင်း၌ တစ္ဆေသရဲများ ရံဖန်ရံခါ လာရောက်မွှေနှောက်တတ်လေသတတ်။

ရွာဦးကျောင်းဝင်းအတွင်း၌ အိမ်သာနှစ်လုံးရှိ၏။ တစ်လုံးသည် ရွာဦးကျောင်းဆရာတော်အတွက်ဖြစ်ပြီး ကျန်တစ်လုံးသည် ကိုရင်နှင့်ကျောင်းသားတို့အတွက်ဖြစ်သည်။ နှစ်လုံးလုံးကိုပင် ရှေးစတိုင်လ် မြေကျင်းပေါ် (တိုင်လေးတိုင်စိုက်ထူပြီး) တည်ဆောက်ထားခြင်းဖြစ်၏။ ပျဉ်ခင်း ပျဉ်ကာ သက္ကယ်မိုး ဖြစ်၏။ အိမ်သာအဆောက်အဦသည် ဆယ်ပေပတ်လည်ခန့်ကျယ်၏။ ကျင်းအနက်သည် ၁၅ ပေခန့်စီ ရှိ၏။ မိုးကာလ၌ အိမ်သာကျင်းထဲ ရေများရှိနေတတ်၏။ ထို့ကြောင့် အိမ်သာတက်လျှင် ပလုံ.. ပလုံ ဟူသော အသံကို ကြားရမြဲဖြစ်၏။ ၀မ်းလျောလျှင်မူကား ဖလပ် ဖလပ် ဟူသော အသံကိုသာ ကြားရလေ့ရှိ၏။ ဆောင်းကာနှင့်နွေကာလတို့၌မူ ပလုံ... ပလုံ အသံများအစား.. ဘုတ်.. ဘုတ်..ဟူသောအသံ၊ ဖလပ်.. ဖလပ်...အသံများအစား ဖောက်..ဖောက် ဟူသောအသံများသာ ကြားရလေ၏။ ထိုအသံများကို အလေးစွန့်ပြီး စက္ကန့်ပိုင်းအတွင်းကြားရခြင်းပင်ဖြစ်လေ၏။ ထိုအသံများသည်ပင် အိမ်သာတက်ခြင်း၏ အိုင်ဒီ တစ်ခု ဖြစ်နေလေတော့၏။

ကျောင်းဝင်းအတွင်း သုဿာန်မြေပါလာခြင်း၊ သုဿာန်နှင့်နီးကပ်နေခြင်းတို့ကြောင့် တစ္ဆေသရဲခြောက်ခြင်းတို့သည် ရွာဦးကျောင်း၌ ရေပန်းစားလျက်ရှိနေလေ၏။ တစ္ဆေသရဲခြောက်ပုံတို့မှာ များစွာရှိ၏။ အဆိုးဝါးဆုံးမှာ အိမ်သာတက်စဉ်အခြောက်လှန့်ခံရခြင်းပင်ဖြစ်လေ၏။ ခြောက်လှန့်ပုံတို့မှာ ညဘက်အချိန်အခါတွင် အိမ်သာတက်နေစဉ် အိမ်သာထဲသို့ အ၀င်၌ တံခါးအပေါ်မှ ဦးခေါင်းကို လှန်း၍ပုတ်ခြင်း၊ အိမ်သာနံရံကို တစ်ဒုံးဒုံးထုခြင်း၊ အလေးစွန့်ပြီးသည့်အခါ ပလုံ ပလုံ ဖလပ် ဖလပ် ဘုတ် ဘုတ် ဖောက် ဖောက် ဟူသော အသံတို့ မကြားရခြင်း၊ အလေးစွန့်ခြင်းကိစ္စပြီးဆုံးသည့်အခါ စအိုဝကို လျာဖြင့်လာလျက်ခြင်း၊ စအိုဝကို လေဖြင့် မှုတ်ခြင်း စသည်တို့ဖြစ်၏။

ကြားဖူးသည်မှာ များသောအားဖြင့် ၀မ်းချုပ်သူတို့သည် ဦးခေါင်းအပုတ်ခံရခြင်း၊ အိမ်သာနံရံကို တဒုံးဒုံးအထုခံရခြင်းတို့နှင့်ကြုံတွေ့ရပြီး ၀မ်းမှန်သူ ၀မ်းလျောသူတို့သည် စအိုဝကို လျာဖြင့်အလျက်ခံရခြင်း၊ အလေးအောက်သို့ပြုတ်ကျသံ မကြားရခြင်း၊ စအိုကိုလေဖြင့်အမှုတ်ခံရခြင်းတို့ ကြုံတွေ့ရလေ့ရှိ၏။ ထို့ကြောင့် ထိုတစ္ဆေသရဲတို့ကို ချီးစားတစ္ဆေ၊ ချီးစားသရဲ ဟူ၍ နာမည်ပေးထားကြလေ၏။

ရွာဦးကျောင်း၌ ကိုရင် ကျောင်းသား စုစုပေါင်း ၃၀ ကျော်ရှိ၏။ ညဘက်၌ တစ္ဆေသရဲကြောက်ကြသောကြောင့် အိမ်သာသို့ သွားပြီး အလေးစွန့်ဝံ့သည့်သူမရှိချေ။ မထိန်းချုပ်နိုင်သည့်အခါ နီးစပ်ရာနေရာတို့၌ တိုးတိုးတိတ်တိတ် အပေါ့အလေးသွားထားကြလေ၏။ ထို့ကြောင့် ကျောင်း၏ နံရံဒေါင့်များ တိုင်များ၌ ချီးသေးတို့ဖြင့် ပေကျံပြီး နှံစော်လျက်ရှိနေချေတော့၏။ ထိုသည်ကို ရွာဦးကျောင်းဆရာတော်သိရှိပြီး "ညဘက် အိမ်သာတက်ချင်လျှင် အဖော်ခေါ်သွားရမည်၊ ခေါ်၍ မလိုက်သည့်သူကို ကြိမ်ဒဏ် ၁၀ ချက်ပေးမည်၊ ကျောင်းပေါ်၌ အပေါ့အလေးစွန့်သူကို ကြိမ်ဒဏ်အချက် ၂၀ ပေးမည်၊ မည်သူစွန့်သည်ဟု မပေါ်ပေါက်လျှင် အားလုံးကို ကြိမ်ဒဏ်အချက် ၃၀ စီပေးမည်" ဟူ၌ ကိုရင်ကျောင်းသားများအပေါ် အမိန့်ထုတ်လေတော့၏။

ထိုနေ့မှစ၍ ကိုရင်ကျောင်းသားတို့သည် အိမ်သာတက်ချင်လျှင် အဖော်ခေါ်ပြီးသွားလေ့ရှိကြ၏။ များသောအားဖြင့် ညဘက်၌ အိမ်သာတက်ချင်ကြသည့် ကိုရင်ကျောင်းသားများ တစ်ယောက်မကဆုံလေ့ရှိကြ၏။ ကြောက်၍အောင့်အီးထားသည့်တိုင် တစ်ယောက်ယောက်က အိမ်သာတက်ချင်သည်ဟု အသံပြုလျှင် အိမ်သာတက်ချင်သည့်အခြားသူကိုတွေ့ရလေ့ရှိ၏။ အိမ်သာမတက်ချင်ဘဲ အဖော်လိုက်သွားရလျှင်လည်း အပြင်ဘက်၌ တစ်ယောက်ထဲ ထိုင်စောင့်ရမည်ကို ကြောက်လန့်၍ အိမ်သာထဲဝင်ကာ အူး..အဲ ညစ်ပြီး အလေးစွန့်လေ့ရှိကြ၏။ ဤပုံဤနည်းဖြင့် ဒွယံဒွယံ အိမ်သာတက်ကြသည့် ဓလေ့သည် တုံးဖလားရွာဦးကျောင်း၏ ပြယုဂ်တစ်ခုဖြစ်နေချေတော့၏။

နှစ်ယောက်အတူ အိမ်သာတက်ခြင်းဆိုသည်မှာ အိမ်သာဘောင်ပေါ် ဆောင့်ကြောင့်ထိုင်ကာ နှစ်ယောက်သား ကျောချင်းကပ်ပြီး အလေးစွန့်ကြခြင်းပင်ဖြစ်၏။ ကိစ္စ၀ိစ္စပြီးသည့်အခါ ချီးတုတ်ခနောင်း(၀ါးခြမ်းစိပ်)နှင့် သုတ်သင်လေ့ရှိကြ၏။ အသုံးပြုပြီး တုတ်ခနောင်းကို အိမ်သာကျင်းထဲသို့ ပစ်ချလေ့ရှိကြ၏။ တစ်ခါတစ်ရံ၌မူ တုတ်ခနောင်းကို ခပ်ရှည်ရှည်စိပ်ထားပြီး အလေးစွန့်ခြင်းကိစ္စပြီးသည့်အခါ နှစ်ယောက်သား တိုင်ပင်ပြီး တုတ်ခနောင်းတစ်ချောင်းတည်းဖြင့် နှစ်ယောက်လုံး၏ စအိုဝအညစ်အကြေးကို ပြိုင်တူသုတ်သင်လေ့ရှိကြ၏။ ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်သကဲ့ပင်တည်း။

တစ်ည၌ ဘုန်းကြီးကျောင်းသားများဖြစ်သည့် ထွန်းခင်နှင့်ကျော်နိုင်တို့သည် နှစ်ယောက်အတူ အိမ်သာသွားတက်ကြ၏။ တုတ်ခနောင်း(၀ါးခြမ်းစိပ်)တစ်ခု ခပ်ရှည်ရှည်ကို နီးရာကဆွဲယူပြီး နှစ်ယောက်အတူသုတ်သင်ဖို့ ဆုံးဖြတ်ထားကြ၏။ ထွန်းခင်သည် ကိစ္စ၀ိစ္စပြီးချိန်၌ ကျော်နိုင်ကို အဆင်သင့်ဖြစ်ပြီလား ဟူ၍ မေး၏။ ကျော်နိုင်က မီးစိမ်းပြလိုက်၏။ ထို့နောက် ထွန်းခင်သည် အညစ်အကြေးသုတ်သင်ရန် ယူဆောင်လာသည့် တုတ်ခနောင်း(၀ါးခြမ်းစိပ်)ရှည်ကို စအိုဝအောက်သို့ ထိုးပို့လိုက်၏။ ထိုအချိန်၌......

"အားးးးးးးးးး သ..သ...သရဲ...ကိုက်တယ်................"

ဟူသော ကျော်နိုင်၏ စူးစူးရှရှ သံကုန်ဟစ်အော်လိုက်သည့် အသံသည် ညဥ့်အမှောင်ကို ဖောက်ထွင်းသွားလေတော့၏။ နှစ်ယောက်သား သရဲခြောက်သည်ဟုမှတ်ယူကာ ချီးတုတ်ခနောင်းကို ပစ်ချထားခဲ့ပြီး အိမ်သာထဲမှ ထွက်ပြေးလာခဲ့ကြလေ၏။ ကျောင်းပေါ်ရောက်လာပြီးနောက် ကျော်နိုင်မှာ ဖင်နာသည်ဆိုပြီး ဖင်ကိုလက်ဝါးဖြင့်အုပ်ကာ တစ်ရှုပ်ရှုပ်ငိုယိုပြီးနောက် မေ့မြောသွားလေတော့၏။

ရွာဦးကျောင်းဆရာတော်သည်လည်း အော်ဟစ်ဆူညံသံကြောင့် တရားရှုမှတ်နေရာမှထလာပြီး ကိုရင်ကျောင်းသားများ အိပ်စက်ရာနေရာသို့ လာခဲ့လေ၏။ အကြောင်းစုံမေးမြန်းပြီးနောက် မေ့မြောနေသည့် ကျော်နိုင်ကို နှာနှပ်ပေးစေပြီး သတိရစေ၏။ ထို့နောက် ကျော်နိုင်၏ ဖင်ကိုလှန်၍ ကြည့်လိုက်ရာ မစင်တွေပေနေသည့်စအိုဝ၌ မစင်ရောရော သွေးရောရောဖြစ်နေသည်ကို တွေ့ရလေ၏။ သေချာသုတ်သင်ကြည့်ရှုလိုက်တော့မှ စအိုဝနဘေးသား၌ လက်မ၀က်ခန့် ရှည်မျောမျော ပြတ်ရှရာကို တွေ့လိုက်ရလေတော့၏။ (ဘုရား.... ဘုရား... တကယ်များ သရဲကိုက်ခဲ့လေသလား။)

အဖြစ်မှန်ကို သေချာစစ်ဆေးရန် ရွာဦးကျောင်းဆရာတော်သည် လက်နှိပ်ဓါတ်မီးကိုကိုင်ဆောင်ကာ ကိုရင်ကျောင်းသားတစ်ချို့ ကို ခေါ်ယူပြီး သူတို့တက်ခဲ့သည့် အိမ်သာသို့ သွားကြည့်လေ၏။ အိမ်သာထဲသို့ ရောက်သောအခါ အိမ်သာကြမ်းပြင်ပေါ်၌ ခပ်ရှည်ရှည်ဝါးခြမ်းစိပ်တစ်ခုကို တွေ့ရလေ၏။ ထိုဝါးခြမ်းစိပ်တစ်ဘက်ထိပ်ဖြားဝန်းကျင်၌ သွေးစအနည်းငယ်ပေရေနေသည်ကိုလည်း တွေ့ရ၏။ ထိုသွေးစ ပေရေနေသည့်ဘက်၌ ခပ်မြိမြိထက်လှသည့် တင်းကြော (၀ါးကို ခြမ်းစိပ်သည့်အခါ၌ ဖြစ်ပေါ်လေ့ရှိသော ဓါးကဲ့သို့ ထက်လှသည့် ၀ါးခြမ်းအသွား၊ ၀ါးကြော)ကိုလည်း တွေ့မြင်ရလေ၏။ အဖြစ်အပျက်အားလုံးကို ဆရာတော် သဘောပေါက် နားလည်သွား၏။ ထွန်းခင်နှင့်ကျော်နိုင်တို့ကို သရဲခြောက်ခဲ့သည်မဟုတ်၊ ကျော်နိုင်ကိုလည်း သရဲကိုက်ခဲ့သည်မဟုတ်။ အမှန်မှာ ချီးကုန်းစဉ် ၀ါးခြမ်းစိပ်အဖျား၌ ရှိသော တင်းကြောအရှခံခဲ့ရခြင်းပင်တည်း။

ထွန်းခင်က တုတ်ခနောင်းကို အားနဲ့ထိုးခိုက် ကျော်နိုင်ကသူ့စအိုကို အောက်သို့ အနည်းငယ်ချချိန်နှင့်ကြုံကြိုက်ခဲ့သောကြောင့် အရှခံခဲ့ရခြင်း ဖြစ်နိုင်ချေရှိ၏။ ကျောင်းပေါ်သို့ ပြန်တက်ပြီး ထွန်းခင်ကို မေးကြည့်လိုက်တော့လည်း "ဆရာတော်ထင်တဲ့အတိုင်း ဖြစ်နိုင်ပါတယ်။ တပည့်တော်လဲ ကြောက်ကြောက်လန့်လန့်နဲ့ဆိုတော့ သိပ်မမှတ်မိတော့ဘူး" ဟုပြောလေ၏။ ဆရာတော်လည်း ကျော်နိုင်၏ စအိုဝပြတ်ရှနာကို မန္တလေးမြို့ မောရဂီဝါရပ်ကွက်က ထုတ်လုပ်သည့် မောရိယမန်းဆေးဖြင့်အုံပေးလိုက်ပြီး ကိုရင်ကျောင်းသားများကို "သရဲဆိုတာ အမှန်တကယ်မရှိကြောင်း၊ ကိုယ့်စိတ်နဲ့ကိုယ်အခြောက်ခံရခြင်းသာဖြစ်ကြောင်း၊ ဘုရားစာသာ ပုံမှန်ရွတ်ဖတ်နေရင် ဘာမှကြောက်စရာမလိုကြောင်း" အားပေးစကားပြောကြားကာ ဘောဂခန်းသို့ ပြန်ဝင်သွားပြီး တရားဆက်လက်မှတ်နေလေ၏။ ကိုရင်ကျောင်းသားများလည်း အိပ်စက်ကြလေ၏။

နောက်တစ်နေ့၌ ထိုအကြောင်းအရာကို ထွန်းခင်၏ မိဘများနှင့်ကျော်နိုင်၏ မိဘများ အသီးသီးသိရှိသွားကြကာ သူ့သားမှားသည် ငါ့သားမှန်သည် ဟူ၍ ငြင်းခုန်မှုကြီး ဖြစ်ကြလေတော့၏။ ကျော်နိုင်၏ မိဘများက ကျော်နိုင်၏ စအိုအနာကို ဆေးကုသရန် ကုသစရိတ်လိုချင်ကြ၏။ ထွန်းခင်၏ မိဘများက မတော်တဆ ဖြစ်ပျက်ခဲ့ကြသည့်အတွက် အလျော်ကြေးပေးရန်မလိုဟု ကန့်ကွက်ကြ၏။ ထို့နောက် နှစ်ဘက်မိဘများသည် ရွာဦးကျောင်းဆရာတော်ထံသို့ သွားရောက်ခါ အမှားအမှန်အတွက် အဖြေတစ်ခုခုဆုံးဖြတ်ပေးဖို့ လျောက်ထားတောင်းဆိုကြလေတော့၏။ ဆရာတော်ကလည်း ကျော်နိုင်ကို သူဆေးကုသပေးမည် မိဘအချင်းချင်းကြေအေးကြပါ ဟု နားချ၏။ သို့သော် အလျော်အကြေးလိုချင်သော ကျော်နိုင်၏ မိဘများသည် ဆရာတော်၏ စကားကို နားမထောင်ဘဲ သူတို့၏သားကျော်နိုင်အတွက် ကုသစရိတ်ကို ထွန်းခင်၏ မိဘများက အလျော်ပေးရန် ဆရာတော်မှတစ်ဆင့် အမိန့်ရှိဖို့ အတင်းအဓမ္မတောင်းဆိုလာလေတော့၏။ ထို့ကြောင့် ဆရာတော်သည် အထက်ကဖော်ပြခဲ့သည့်.... "ဤအမှုသည် ၀ိနည်းဓမ္မကံကျင့်ထုံးနှင့်ဆုံးဖြတ်၍မဖြစ်နိုင်ချေ။ လောကဥပဒေနှင့်ဆုံးဖြတ်မှ သင့်လျော်ချေတော့မည်။ ထို့ကြောင့် ထိုအမှုအား ဘက်စုံတော်သည့် ရွာသူကြီးကိုကိုမောင်လက်သို့ အပြီးသတ်လွဲအပ်လိုက်သည်" ဟူသော အမှုလွဲအပ်မှုကိုသာ ပြုလုပ်လိုက်လေတော့၏။

ဘုန်းကြီးကျောင်းအမှု သူကြီးသို့ပတ် ဆိုသကဲ့သို့ ဤကဲ့သို့ အသေးအဖွား ပြဿနာလေးတွေကစပြီး ကြီးကြီးမားမားပြဿနာများထိ ရွာသူကြီးကိုကိုမောင်ဆုံးဖြတ်ပေးရလေ့ရှိ၏။ ဆုံးဖြတ်ပေးသည့်နေ့တိုင်း ရွာလုံးကျွတ် သူကြီးအိမ်၌ လာရောက်စုဝေးကြ၏။ ရွာလုံးကျွတ်လုံးကိုပင် ထမင်းကျွေးရလေ၏။ ကုသိုလ်ထူးလှပေစွတကား။ အကယ်၍သာ မစ်စ်ကိုကိုမောင်များရှိခဲ့ငြားအံ့။ တွတ်ပီကို မသေးမျှင်အော်ငေါက်သည့် "တော်...ကတွတ်ပီ" ဟူသော အသံကဲ့သို့ အသံစူးစူးခါးခါးကို မချွတ်ဧကန် ကြားရပေလတ္တံ့းဝ)။

နှစ်ဘက်မိဘများနှင့်ရွာသူရွာသားများရှေ့ မှောက်၌ပင် ထွန်းခင်နှင့်ကံမောင်တို့ကို စစ်ဆေးလေ၏။

"ကဲ... ထွန်းခင်... မင်းကို အရင်မေးမယ်"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"မင်းနှင့်ကျော်နိုင်နှင့် ရန်ငြိုးရန်စရှိခဲ့ဖူးသလား"

"မရှိခဲ့ပါဘူး သူကြီးမင်း.. သူနှင့်ကျနော်မျိုးနှင့်က အရမ်းချစ်ခင်ကြတဲ့ သူငယ်ချင်းစစ်စစ်ကြီးတွေပါ"

"မင်းအိမ်သာတက်ပြီးတဲ့အခါမှာ သူ့စအိုဝကို ချီးတုတ်ခနောင်းနဲ့ ထိုးဖို့ကြိုတင်ကြံရွယ်ခဲ့သလား"

"မကြံရွယ်ခဲ့ပါဘူး သူကြီးမင်း"

"ဒါဖြင့် အဲဒီ တုတ်ခနောင်းကို မင်းဘယ်က ရခဲ့တာလဲ"

"ကျောင်းဝင်းထဲမှာ စိုက်ထားတဲ့ ဘူးသီးပင်ကို စင်ခံဖို့ ၀ါးလုံးတွေကို ခွဲခြမ်းထားတဲ့ နေရာက ရခဲ့တာပါ သူကြီးမင်း"

"အေး.. ဟုတ်ပြီ။ မင်းခဏနားပါ။ အခု.. ကျော်နိုင်ကို မေးမယ်"

"ကျော်နိုင်... ခုနက ထွန်းခင်ပြောသွားတာ အကုန်လုံး မှန်သလား"

"မှန်ပါတယ် သူကြီးမင်း"

"မင်းနှင့်သူနှင့် ရန်ဖြစ်ဖူးသလား"

"မဖြစ်ဖူးပါဘူး သူကြီးမင်း"

ထိုအခိုက်၌ ထွန်းခင်၏ မိဘနှစ်ပါးသည် ပြုံးရွှင်ရွှင်ဖြစ်နေကာ ကျော်နိုင်၏မိဘနှစ်ပါးတို့မှာ ပြိုမလို ညိုမလို ရွာတော့မယ့် မိုးကဲ့သို့ အုံမှိုင်းမှိုင်းဖြစ်နေချေ၏။

"မင်း.. အခုလို ဒဏ်ရာရသွားတော့ ထွန်းခင်ကို မုန်းသွားသလား"

"မမုန်းပါဘူး သူကြီးမင်း။ သူက ကျနော်မျိုးရဲ့ အချစ်ဆုံးသူငယ်ချင်းပါ"

"အခု ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ ဘယ်သူမှားတယ်လို့ မင်းထင်သလဲ"

"မတော်တဆဖြစ်ခဲ့တဲ့အတွက် ဘယ်သူမှ မမှားပါဘူး သူကြီးမင်း"

"ဒါဖြင့် မင်းဒဏ်ရာကို ကုသဖို့ ထွန်းခင်က ပိုက်ဆံပေးရင် မင်း လက်ခံမှာလား"

ကျော်နိုင်သည် သူ့မိဘနှစ်ပါးကို တစ်လှည့် ထွန်းခင်ကိုတစ်လှည့်ကြည့်ပြီး တွေဝေနေ၏။ မိဘနှစ်ပါးက "လက်ခံမယ်လို့ပြောလိုက်" ဟူသော မျက်နှာထားဖြင့် ကျော်နိုင်ကို မျက်လုံးကစားပြ၏။ ထွန်းခင်သည် ခေါင်းကိုအောက်သို့ ငုံ့ထား၏။ ကျော်နိုင်သည် ဆွံ့အနေသူကဲ့သို့ စကားတစ်လုံးမှ ထွက်မလာတော့ပေ။

"ကိုင်း...ပြောလေ... ဘာလုပ်နေတာလဲ.... လက်ခံမှာလား လက်မခံဘူးလား...."

ဟု ခပ်ဆတ်ဆတ်အော်ငေါက်ပြီး မေးလိုက်သည့်အခါ ကျော်နိုင်သည် အယောင်ယောင်အမှားမှားဖြင့်

"လက်မခံချင်ပါဘူး သူကြီးမင်း"

ဟူ၍ ရွာသူရွာသားအားလုံးရှေ့ မှောက်၌ အလျော်ပေးမည့်ငွေကို လက်မခံနိုင်ကြောင်း အတည်ပြုပြောဆိုလေတော့၏။

"ကဲ.. အမိန့်တော် ချမှတ်မယ်.."

ရွာသူရွာသားများအားလုံး ကွန်ပျူတာရှပ်ဒေါင်းချလိုက်သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြလေ၏။

"ယခု.. ကျော်နိုင်စအိုဝကို ၀ါးခြမ်းရှသည့်ကိစ္စသည် ကြိုတင်ကြံစည်မှုမဟုတ်၊ မတော်တဆမှုသာဖြစ်ပေသည်။ ကာယကံရှင်နှစ်ဦးတို့သည်လည်း သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်ကြလေသည်။ အလျော်အစားကိုလည်း သူတို့မလိုလားကြ။ ထို့ကြောင့် အမှုကို ဤကဲ့သို့ ဆုံးဖြတ်လိုက်သည်။ ထွန်းခင်သည် ကျော်နိုင်အား အလျော်ငွေ ပေးဆောင်ရန်မလို။ သို့ပေမဲ့ ထွန်းခင်သည် ကျော်နိုင်အား ကျေနပ်သည်အထိ အိုင် အမ်မ် ဆောရီး မိုင် ဖရင့်ဒ် ဟု တောင်းပန်သမှု ပြုရမည်။ မိဘများ ၀င်စွက်ခွင့်မရှိ။ နောက်နောင် အိမ်သာတက်လျှင် နှစ်ယောက်အတူ ထိုင်ပြီးမတက်ရ။ တစ်ယောက်ပြီးမှ တစ်ယောက်တက်ရမည်။ မလိုက်နာပါက ပြစ်ဒဏ် ငွေဒဏ်နှစ်ရပ်လုံးတစ်ပြိုင်နက် ချမှတ်မည်။ သူကြီးအမိန့်..."

အမှုကိစ္စပြတ်သွားပြီဖြစ်၍ လူထုပရိသတ်ကြီး လှုပ်လှုပ်ရွရွဖြင့် ထပြန်ကြရန် တာစူနေကြ၏။ ထိုအခိုက်၌.......

"ရွာသူရွာသားများအားလုံးကိုလည်း တစ်ပါတည်း အမိန့်ချမှတ်လိုက်မည်"

ဟူသော သူကြီးကိုကိုမောင် စကားကြောင့် အားလုံး အံ့သြသွားကြ၏။ နောက်ပြီးပြန်ထိုင်နေကြလေ၏။

"ယခုပြဿနာသည် အိမ်သာ၌ တုတ်စက္ကူကိုသာ အသုံးပြုကြသည့်အတွက် ဖြစ်ပေါ်လာရသော ပြဿနာပင်ဖြစ်သည်။ ထို့ကြောင့် တုတ်စက္ကူအသုံးပြုသည့် ရိုးရာမှ ရေကို အသုံးပြုသည့်ရိုးရာသို့ ပြောင်းလဲပြီး ဘုန်းတော်ကြီးကျောင်းသုံးအိမ်သာ အပါအ၀င် ရွာတွင်းရှိ အိမ်သာများအားလုံး တစ်လအတွင်းရေလောင်းအိမ်သာ တည်ဆောက်ကြဖို့ အမိန့်ချမှတ်လိုက်သည်.. အကယ်၍ မလိုက်နာပါက (သို့မဟုတ်) ပျက်ကွက်ပါက ရပ်ပယ်ရွာပယ်မိသားစုအဖြစ်သတ်မှတ်မည်... သူကြီးအမိန့်.."

ရွာသူကြီးကိုကိုမောင်၏ ဆုံးဖြတ်ချက်အပြီးမှာ ရွာသားများ စောဒကမတက်ရဲဘဲ မျက်နှာမူတူတူဖြင့်ထွက်ခွါသွားကြလေ၏။ သူကြီးကွယ်ရာ၌မူ...

"သူကြီးကိုကိုမောင် အရမ်းတော်တာဘဲ။ ဆုံးဖြတ်ချက်က ပိုင်နိုင်လိုက်တာ"

"ဟိုသေချင်းဆိုးလေးနှစ်ကောင်ကြောင့် ငါတို့ ပင်ပန်းရတော့မှာ"

"သူကြီးကိုကိုမောင်ကလဲ ပဲတွေချည်းဘဲ"

"ရေကို တစ်ခါမှ အသုံးမပြုဖူးတော့ ဘယ်လိုနေမလဲ မသိဘူး"

"တို့ကတော့ တုတ်စက္ကူခိုးအသုံးပြုရမှာဘဲ"

"ဘယ်လိုဘဲ ဖြစ်ဖြစ် ရေလောင်းအိမ်သာဆိုတော့ အနံ့သက်သာတာပေါ့"

တစ်ယောက်တစ်ပေါက်စကားသံတို့ဖြင့် ဆူညံလျက် ရှိနေလေတော့၏။ ထိုသို့ပင် တစ်ယောက်တစ်ပေါက် ဖြစ်နေကြသော်ငြားလည်း ရွာသူကြီးအမိန့်မို့ မည်သူမှ မလွန်ဆန်ရဲဘဲ နောက်တစ်နေ့၌ အ၀ယ်တော် တစ်ယောက်အား ကောလင်းမြို့သို့လွတ်လိုက်ပြီး အိမ်သာခွက်အစုံ ၃၃ စုံ အ၀ယ်ခိုင်းလိုက်ကြလေသည်။ ရွာသူရွာသားအားလုံးတို့သည်ကား ဘုန်းကြီးကျောင်းဝင်းထဲသို့ ဘုန်းတော်ကြီးနှင့်ကိုရင်ကျောင်းသားများအတွက် ရေလောင်းအိမ်သာတည်ဆောက်ဖို့ အင်တိုက်အားတိုက်စုဝေး ရောက်လာခဲ့ကြလေ၏။ အနက် ၁၀ပေ အလျား ၁၀ပေ အနံ ၅ ပေရှိ ကျင်းကိုတူးကြရန် ၁၀အိမ်တစ်စုစီဖြင့် ပထမဆယ်အိမ်စု ၄ ပေ၊ ဒုတိယနှင့်တတိယဆယ်အိမ်စု ၃ပေစီ တူးကြလေတော့၏။

ဤသို့ဖြင့် ဘုန်းတော်ကြီးကျောင်းသုံးခန်းတွဲရေလောင်းအိမ်သာ (ဘုန်းကြီးအိမ်သာတစ်ခန်း၊ ကိုရင်အိမ်သာတစ်ခန်း၊ ကျောင်းသားအိမ်သာတစ်ခန်း)ကြီးနှင့် ရပ်ရွာအတွင်းရှိ အိမ်တိုင်းစေ့ ရေလောင်းအိမ်သာတည်ဆောက်ခြင်းတို့သည် တစ်လအတွင်း လုံးဝပြီးဆုံးအောင်မြင်ခြင်းသို့ ရောက်လေတော့၏။ ထို့ကြောင့် ရေလောင်းအိမ်သာအောင်မြင်ပွဲကြီးကို ရွာဦးကျောင်းဝင်းအတွင်း၌ ရွာလုံးကျွတ် ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ၏။ ရွာ၏လှပျိုဖြူတို့နှင့်ကွမ်းတောင်ကိုင်တို့ဖြင့်ဖွဲ့စည်းထားသော ၀တ်ရွတ်အသင်းတို့မှ သံပြိုင်ရွတ်ဆိုသည့်....

"သူကြီးကိုမောင်၊ ရွာဂုဏ်ဆောင်၊ ဂုဏ်ရောင်ဂုဏ်ဝါလင်းပါစေ။
အပျိုလှလှ၊ အိမ်ထောင်ကျ၊ ထာဝရချစ်နိုင်ပါစေ။

အပျိုစစ်စစ်၊ ရတုံလစ်၊ အချစ်မေတ္တာခိုင်ပါစေ။

တုံးဖလားရွာ၊ အောင်မြင်တာ၊ ကမ္ဘာတစ်ဝှမ်းသိပါစေ။

ကိုမောင်သူကြီး၊ စပ်ဖြီးဖြီး၊ တစ်ခွီးခွီးရယ်မောနိုင်ပါစေ။
"

ဟူသော သံပေါက်ကဗျာတို့သည်လည်း ဘုန်းတော်ကြီးကျောင်းအတွင်းကျင်းပသည့် ရေလောင်းအိမ်သာအောင်ပွဲ၌ မိုးသို့တိုင် ညံနေလေတော့၏။ ရွာဦးကျောင်းဆရာတော်သည်လည်း ၀မ်းသာအားရဖြစ်၊ ရွာသူရွာသားတို့သည် အစ၌ ညီးညူကြသော်လည်း အားလုံးအောင်မြင်ပြီးဆုံးသွားသည့်အခါ ပျော်ရွှင်ကြည်နူးမဆုံးရှိကြလေ၏။ တစ်ဆင့်စကားအရ ရေလောင်းအိမ်သာကျေးဇူးကြောင့် အိမ်ထောင်ရေးကိစ္စ၌လည်း များစွာပိုမို သာယာစိုပြေလျက်ရှိကြလေသတတ်။

ရွာဦးကျောင်းဆရာတော်သည် ကျေးဇူးတင်လွန်းလှ၍ ဘိလပ်သို့ထွက်ခွါတော့မည့် သူကြီးကိုကိုမောင်ကို သူကိုယ်တိုင် စိပ်နေကျ ၁၀၈ လုံးပုတီးတစ်ကုံးကို လက်ဆောင်ပေးလေ၏။ သူကြီးကိုကိုမောင်က "ဆရာတော် ဘုရား.... တပည့်တော် ဘိလပ်သွားတာဟာ ပုတီးစိပ်ဖို့သွားတာမဟုတ်ဘူး၊ ပုတီးစိပ်ချိန် အများကြီး မပေးနိုင်ဘူးဒါကြောင့် အချိန်နည်းနည်းနဲ့ အပတ်ရေ များများရမဲ့ ပုတီးကိုသာစွန့်ပါ" ဟု ပြန်လျောက်လိုက်သဖြင့် ၁၀၈ လုံးပုတီးကို ပြန်ယူလိုက်ပြီး ဘုရားခန်းတိုင်တစ်တိုင်၌ ချိတ်ဆွဲထားသည့် စကားဝါသားဖြင့်ပြုလုပ်ထားသော ဂုဏ်တော်ကိုးပါး ၉ လုံးပုတီးတစ်ကုံးကို ပေးခဲ့လေ၏။

သူကြီးကိုကိုမောင်သည် ဘိလပ်ပြည်သို့ရောက်ရှိပြီး အများတကာ စားဝတ်နေရေးအဆင်မပြေဖြစ်နေကြသော်လည်း သူကိုယ်တိုင်မှာမူ အားလုံးချောချောမောမော စိုစိုပြေပြေဖြစ်နေသဖြင့် တစ်ခုခုတော့ တစ်ခုခု ထူးဆန်းနေသကဲ့သို့ ခံစားနေရလေ၏။ ထို့ကြောင့် ရွာဦးကျောင်းဆရာတော်ပေးခဲ့သည့် စကားဝါသားဖြင့် ပြုလုပ်ထားသော ပုတီးကို ဆန်းစစ်ကြည့်လေရာ ထူးဆန်းတိုက်ဆိုင်စွာပင် ကိုးန၀င်းလေးခါမိနေခြင်းကို တွေ့ရှိလေတော့၏။ ထို ကိုးန၀င်းတို့မှာ..

ဂုဏ်တော် ကိုးပါး ၉ လုံး ပုတီး= ()
စကားဝါ=(စ +ကား+၀ါ ၄= ၉)
ကိုကိုမောင်= (ကို
+ ကို + မောင် ၅= ၉)
ဘိလပ်= (ဘိ
+ လပ် ၄= ၉)

ဟူ၍ပင် ဖြစ်လေတော့၏။ ထပ်ပြီး ဆက်စပ်တွေးတောလေရာ နောက်ထပ် ကိုးန၀င်း ၅ ခါ ထပ်မိနေခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်ရလေတော့၏။ ထွန်းခင်နှင့်ကျော်နိုင်ဖြစ်ပျက်ခဲ့သည့်ကိစ္စသည် ည ကိုးနာရီအချိန် အိမ်သာ (ဘုန်းတော်ကြီးများ အခေါ် ကုဋီ)၌ ၀ါးခြမ်းစိပ်ရှခဲ့ခြင်းကြောင့်ဖြစ်လေ၏။ ထို့ကြောင့်...

နာရီ = ()
ဝါးခြမ်းစိပ် (၀ါး
+ ခြမ်း + စိပ် ၃= ၉)
ထွန်းခင် (ထွန်း
+ ခင် ၂= ၉)
ကျော်နိုင် (ကျော်
+ နိုင် ၇= ၉)
ကုဋီ (ကု
+ ဋီ ၇= ၉)

ဟူ၍ ကိုးန၀င်း ၅ ခါတိတိမိနေလေ၏။ စုစုပေါင်း ရေတွက်ကြည့်လိုက်ရာ ကိုးန၀င်းကို ကိုးခါတိတိမိနေခြင်းကြောင့် ကိုးန၀င်းအောင်နေသည့်အတွက် ရွာသူကြီးကိုကိုမောင်သည် ဘိလပ်၌ သာယာစိုပြေ ကြည်နူးဝမ်းသာ ကျန်းမာချမ်းသာလျက် ရှိနေချေတော့၏။ ဤသို့လျှင် သူကြီးကိုကိုမောင်တစ်ယောက် အိမ်သာတက်တရားစီရင်မှုမှသည် ဘုန်းတော်ကြီးကျောင်းအပါအ၀င် ရွာလုံးကျွတ်ရေလောင်းအိမ်သာအသုံးပြုမှု၊ ရွာဦးကျောင်းဆရာတော်၏ ကြည်နူးဖွယ်မျက်နှာအနေအထား၊ ဘိလပ်သို့ ထွက်ခွါခါနီး ဆရာတော်ပေးစွန့်ခဲ့သည့် အပတ်ရေများများရသည့်ပြင် ကိုးန၀င်းပါ မိနေသည့် စကားဝါသား ပုတီးတစ်ကုံး၊ စသည့်စသည့် အတိတ်က အရိပ်တို့ကို စဉ်းစားရင်း ကြည်နူးပီတိဖြစ်မှုနှင့်အတူ ရွာဦးကျောင်းဆရာတော်ကို စိတ်မှန်းပြီး လက်အုပ်အကြိမ်ကြိမ်ချီ ကန်တော့နေမိလေတော့သတည်း။ ။


မှတ်ချက်။
ရွာဦးကျောင်းရေလောင်းအိမ်သာ(ကုဋီ)တည်ဆောက်မှုမှတ်တမ်းဓါတ်ပုံများကို အနည်းငယ်ဖော်ပြပေးလိုက်ပါသည်။

အိမ်သာ(ကုဋီ)အဟောင်း

ရေလောင်းအိမ်သာ (ကုဋီ) စတင်တည်ဆောက်မှု

ရေလောင်းအိမ်သာ (ကုဋီ) ပြီးစီးမှု အခြေအနေ


....

28 comments:

Anonymous said...

ကောင်းတယ်။ သံပေါက်လေးတွေရော၊ ဝတ္ထုလေးရော တော်တော်ကောင်းတယ်။

Anonymous said...

အရမ်းကိုဖတ်လို့ကောင်းတာပဲ...ဖတ်ရင်းနဲ့ရယ်မိပါ၏

ရွှေရတုမှတ်တမ်း said...

ကောင်းပါ့ဗျား..ဟာသလေးနှောပြီးရေးထားတာကလဲ..
ဖတ်ရတဲ့သူပျော်စရာပဲ..ဒါနဲ့စကားမစပ်
ရေလောင်းအိမ်သုံးလို့ အိမ်ထောင်ရေးသာယာတယ်ဆိုတာ သိတ်သဘောမပေါက်လို့ အကျယ်တဝန့်ရှင်းပြပါဦး

kokomaung.uk said...

ဘကျောက်ရေ..
အဲဒီကိစ္စတော့ ကျနော်လဲ ကောင်းကောင်းသိဘူးဗျ။ အိမ်ထောင်သည်တွေ တိုးတိုးပြောနေသံကြားလို့ တစ်ဆင့်စကားနဲ့ ရေးလိုက်တာပါးဝ)။
ဘယ်လိုဘယ်ပုံ အိမ်ထောင်ရေးသာယာကြသလဲဆိုတာကို နောက်တစ်ခါ ရွာမြောက်ပိုင်းက ဒေါ်အေးတင်ကိုမေးကြည့်လိုက်ဦးမယ်။ သူကပွင့်ပွင့်လင်းလင်းဆိုတော့ ပြောပြမှာ သေချာတယ်းဝ)။

ဒါနဲ့... အဲဒီကိစ္စ.. ဘကျောက်ကော ဘယ်လိုမြင်လဲ။ စေ့စေ့တွေးကြည့်ရင်တော့ ရေးရေးပေါ်မလားဘဲ။။းဝ

မြစ်ကျိုးအင်း said...

အမှုကတော့ အမှုကြီးပဲ ကျုပ်တို့ စီအိုင်ဒီ ကို မရောက်လာဘဲ သူကြီးမင်းကိုယ်တိုင် ဖြေရှင်းလိုက်နိင်တာ ဂုဏ်ယူပါတယ်ဗျာ။

အစအဆုံး ရယ်ရယ်မောမောနဲ့ ဖတ်သွားရတယ်
အဲ နှာခေါင်းတော့ ပိတ်ထားလိုက်ရတယ်း)

khun thadar said...

တော်လိုက်တဲ့သဂျီးမင်း...း)
တော်တီးတီးတော်ပါ့လား။ သူ့ဘာသူရေးထားသလိုဘဲ သဂျီးမင်းက ပဲချည်းဘဲ....

အိမ်သာကိစ္စကတော့
ရေလောင်းအိမ်သာကကောင်းဆုံးပေါ့။
ကိုကိုမောင်ထီပေါက်ရင် ဂျပန်TOTOကထုတ်တဲ့
washletတွေဘာတွေဝယ်လှူလေ။အဲဒါမှ
ဆရာတော်လဲခေတ်မှီသွားမှား)

ပိုးဟပ်လေး said...

ိဟီဟိ အိမ်သာ တက်နည်းလေး မဆိုးဘူး
ရယ်ရတယ်..... ဗြဲ

ကောင်းမွန်ဝင်း said...

သဂျီးကိုကိုမောင်
ထမင်းစားချိန်လာဖွင့်ဖတ်မိပါတယ်။
ဘေးက၊ ဌာနမှူး လူကြီးတွေကိုတောင်အားနာရတယ်။
ကျွန်မမှာ နှာခေါင်းပိတ်လိုက်၊ ရယ်လိုက်နဲ့ ။
ဒါနဲ့ သတိရတုန်း၊ တစ်ခုလောက်တောင်းဆိုပါရစေ။ ပို့စ်တွေထဲ ထည့်ထည့်ရေးနေမယ့်အစား၊
“ဘက်စုံတော်တဲ့ သဂျီး ကိုကိုမောင် ရဲ့ ဘုန်းတော်ဘွဲ့လေး ” သတ်သတ်တစ်ပုဒ်လောက် ရေးပါဦး။ ဖတ်ချင်လို့ပါ။

ဟိုနည်းနည်းဒီနည်းနည်း ရေးထားတဲ့ သဂျီးရဲ့
“ဘိလပ်အကြောင်းအကုန်သိသူ၊ကိုးန၀င်း ကိုးခါပြန် ကက်ကင်းကိုက်သူ၊ မိမိကျမ္မာရေးကို အလေးထားသူ (ကျွန်မ ဆီမှာ ကော်မန့်လာရေးသွားသလို၊ ဒီဆေးတွေနဲ့ တဲ့ ပါ့မလား၊ ကျွန်တော်က လူပျိုလူလွတ်ကြီးဖြစ်နေလို့ ) ဆိုတဲ့ ဂုဏ်တွေအပါအ၀င်ပေါ့။း((
ခင်မင်လျှက်

flowerpoem said...

အိမ်သာတက်ခြင်း ၊ အားလုံး အဆင်ပြေသွားပြီပေါ့နော် ဟား. . . .

ချော(အစိမ်းရောင်လွင်ပြင်) said...

အော်
ဆရာမောင်က မှတ်တမ်းမှတ်ရာဓာတ်ပုံတွေနဲ့ကို တင်တော့တာကိုး
အိမ်သာအကြောင်းဖတ်ရတော့ ငယ်ငယ်တုန်းက
အကြောင်းတွေတောင် သတိရသွားပြီ..
ဟီ
ရေးတတ်ပါပေ့ သူကြီးရယ်
တကယ်ဘဲ တုံဖလား ပြန်ရောက်ရင်သူကြီးဖြစ်ပါစေရှင်

သစ်သစ် said...

ထမင်းစားပြီးခါစ လာဖတ်လိုက်တော့ လေတာပေါ့ဗျာ..း)

သဒ္ဓါလှိုင်း said...

တော်လိုက်ပါ့သူကြီးရေ..
မဟောသဓာလက်သစ်ပါပဲ...
ဖတ်ရတာစိတ်ဝင်စားဖို့ကောင်းတယ်...

ခင်တဲ့
သဒ္ဓါ

ဝက်ဝံလေး said...

မဖတ်ပါဘူး လာလဲမလာဘူးနော် ပြောပြီးသား မန့်လဲမမန့်ဘူးလို့ ဟွင်းးးးးးးးးး

ဝက်ဝံလေး said...

နံတယ် နံတယ် ကဲဟာ ထပ်ဆင့်
ဘူ
ဘူ
ဘူ
ဘူ
ဘူ
ငါးလုံး ပေါက်သွားပေးခဲ့တယ် ဟဲဟဲ

ဝက်ဝံလေး said...

ဘိုးဘိုး မီး လာတယ်နော် ဟဲဟဲ

SHWE ZIN U said...

ကိုကိုမောင် ရေ

ရီနေရတာဘဲ ကောင်းတယ် ရေလောင်းအိမ်သာ လှူတာ အကောင်းဆုံး ပါ သူကြီးမင်းရယ်

မန္တလေးမြို့ မောရဂီဝါရပ်ကွက် နားမှာနေတဲ့

ရွှေစင်ဦး

မဗေဒါ (ရဲရဲတောက်) said...

ကိုကိုမောင်..

ဖတ်လို့အတော်ကောင်းသလို ရေးထားတာလည်း စမတ် ကျကျ ဂွတ်ကျကျပဲ..။ တကယ် ဖြစ်ပျက်နေတာဆိုတော့ ရွာတွေမှာ ခေတ်မှီသင့်တာကို ခေတ်မှီစေချင်တာပါပဲ..။

နောက်မလိုလားအပ်ပဲ သေးသေးလေးကို ကြီးကြီးလုပ်တာတော့ မကြိုက်လှပါ..။ ဒါပေမဲ့လည်း တရားသူကြီးကိုကိုမောင် ဆိုသူက အတော်လေး ညဏ်ရည်ညဏ်သွေး မြှင့်မားရကား အကျွန်ုပ်သည် အင်မတန်မှ သဘောခွေ့သွားကြောင်း အကြောင်းကြားအပ်ပါသည်.. (ကြီးကျယ်သောလေဟန်ပန်ဖြင့် ပြောနေသည်.. လေးနက်ပါစေ..)။

အိမ်သာကိစ္စက တကယ်တော့ သေးမလိုနဲ့ မိသားစုဘဝတွေ.. လူ့အဖွဲ့အစည်းလေးအတွက် အင်မတန်မှ အရေးကြီးတယ်လို့ မြင်ပါတယ်..။

စာကောင်းဖတ်ရသလို အတွေးကောင်းဖတ်ရလို့ ကျေးဇူးတင်ပါတယ်နော်..။ လာလည်တာလည်း ကျေးဇူးပါ.. မဗေဒါက အသံသရုပ်ဆောင်ပါ.. ဟဲ..။ ရုပ်က သက်မွန်မြင့်လိုမှ မလှပဲ.. (မလျော့သေးဘူး..။)

ခင်တဲ့
မဗေဒါ (ရဲရဲတောက်)

blackroze said...

သမီးတို့ကတော့ရေလောင်းအိမ်သာဘဲသုံးတယ်..

Anonymous said...

သူချီး..ဘုန်းတော်ကြီး ကတော်ထှာ့တော်...

ဖတ်ရတာမိုက်တယ်.
ဒါပေမဲ့ တကယ်ပဲ ၂ယောက်တွဲအိမ်သာတက်တာတကယ်ပဲကိုးးးး

ငယ်ငယ်က ကျနော်ကအိမ်မှာ စကားမှားပီး တယောက်ထိုင်အိမ်သာကို ၂ယောက်ထိုင်ပြောလို့ အိမ်က အမြဲနောက်တယ်..နင့်ခေတ်ကျရင် ၂ယောက်ထိုင်အိမ်သာ ထွင်တဲ့..။ အိမ်သာအကြောင်းစကားစပ်မိတိုင်းအိမ်က အဲလိုပြောတယ်.. ဟီးး

မြတ်နိုး

Anonymous said...

အဟီး..တုတ်သုံးတာ ကြားဖူးတယ်.. ကြောက်စရာကြီးနော်။ အဲလိုလျှတာတို့ ဘာတို့ဖြစ်မှာပေါ့..

သူချီးရေးတာ သိပ်တော်တာပဲ သရုပ်ဖော်တင်ဆက်ပုံ ကောင်း၏


မြတ်နိုး

ခိုင်နုငယ် said...

တော်လိုက်တဲ့ သူကြီးဦးကြုံရွှီး...
ထုမှရောက်တယ်။
ရေးလည်းရေးတတ်ပါပေ့...ဖတ်ရင်းနဲ့ရယ်နေရတယ်။
ချီးသံစဉ်၊သံချပ်တွေနဲ့...
တကယ်အရေးအကောင်းတဲ့ဦးကြုံရွှီး...
လင့်ပြောင်းချိတ်ပေးတာ...ကျေးကျေး..

ပန်းနုနှင်းဆီ said...

ရယ်မောရွှင်ပျစွာ ဖတ်သွားပါတယ်သူဂျီးမင်းရေ..
အလည်လာတာ ကျေးဇူးပါနော်.. လင့်ချိတ်ပေးထားလို့လဲ ကျေးဇူး..

Kyaw Hnin Se Lwin said...

ခစ် တကယ်လားဟင် ကိုမောင်တို့က အတည်ပေါက်ကြီးနဲ့...

ဂျစ်တူး ( မုံရွာ ) said...

ရီလိုက်ရတာဗျာ-
ပုံဆွဲထားတာကိုလည်းသဘောကျသွားတယ်-
မျက်လုံးထဲကိုကွက်ကွက်ကွင်းကွင်းမြင်အောင်ရေးတတ်
လိုက်တာ-ပုံကလေးကဆွဲပြထားတော့တကယ့်ကို -
ကိုယ်တိုင်မြင်နေရသလိုပါဘဲ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

seesein said...

သူကြီးဒေါက်ချာ ဦးကိုကိုမောင် (တုံဖလားရွာ)

အိမ်သာတက် တရားစီရင်မှုပြီးတော့
အိမ်ထောင်ဘက်တရားလားဗျာ အင်း....ကြည့်ပြီးဖတ်ရတာတော့ ဖိတ်စာအပေါ်တခြမ်း ရိုက်ပြီးထားပုံဘဲ ကတွတ်ပီရဲ့ ညီယောက်ဖ ဗိုက်မောင်မောင်နဲ့ သူငယ်ချင်း စောကြီးကျောက်တို့

အပျိုလှလှ၊ အိမ်ထောင်ကျ၊ ထာဝရချစ်နိုင်ပါစေ။
အပျိုစစ်စစ်၊ ရတုံလစ်၊ အချစ်မေတ္တာခိုင်ပါစေ။


ခင်တဲ့
seesein

မင်းအိမ်ဖြူ said...

အိမ်သာ သူကြီးမင်း P:)

ကိုလူထွေး said...

ရွာလူကြီးကိုကိုမောင် ပညာရှိပါပေ့...

းဝ)

ခြေလှမ်းသစ် said...

ရွာလူကြီး ကိုကိုမောင် က အတော်အမြာ်အမြင်ကြီး ပါပေတယ်ဗျာ .... တယ်လည်း ဖတ်လို့ကောင်းတယ်ဗျို့