Thursday, 3 June 2010

ရွာသူကြီး ကိုကိုမောင် ဖြတ်ထုံး

နေလုံးကြီးစုံးစုံးမြှုပ်မ၀င်မီ လမင်းကြီးပြူထွက်စပြုသောနေ့၌ ဘဏ်သူဌေးကြီးကိုကိုမောင်တစ်ယောက် ရာထူးတစ်ခု လက်ခံရရှိလိုက်၏။ ရွာသူကြီးရာထူးတဲ့။ တုံးဖလားရွာကြီးကို အုပ်ချုပ်ခြယ်လှယ်ရမည့် ရွာသူကြီးပင်။ ရာထူးကြီးလျင် ကြေးကြီးကြီးထည့်ဝင်လှူဒါန်းရသည့် ခေတ်ကာလမို့ ၄င်းရာထူးအား မည်သည့်သူမျှ လိုချင်တပ်မက်မောလေ့မရှိပေ။ ထို့ကြောင့်ပင် ငွေကြေးအင်အားတောင့်တင်းသည့် ကိုကိုမောင်လက်ထဲသို့ ထိုရာထူးကြီး ဆိုင်းမဆင့်ဘုံမဆင့် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိခဲ့ခြင်းပင်တည်း။ အိမ်ခြေ သုံးထောင်မဟုတ် သုံးရာမဟုတ် သုံးဆယ်မျှသာရှိသောရွာ၌ ရွာသူကြီးတစ်ယောက်၏ တာဝန်သည်ကား စကြာဝတေးမင်း၏ တာဝန်ထက်ပင် ကြီးမားပြီးအရေးကြီးလျက်ရှိချေတော့သည် တမုံ့။

ရွာလုံခြုံရေးအတွက် အိမ်တိုင်းစေ့ခြံကာခြင်းနှင့်ရွာပတ်လည်ခြံခတ်ခြင်း၊ မီးကင်းချထားရခြင်း၊ ကျွဲတင်းကုတ် နွားတင်းကုတ်များ တည်ဆောက်ပေးရခြင်း၊ ရွာဦးကျောင်းဆောက်လုပ်ရေး၌ ကြီးကြပ်ပေးရခြင်း စသည့်စသည့် မဟာ့မဟာတာဝန်များသည် ရွာသူကြီးကိုကိုမောင်၏ ဦးခေါင်းထက်၌ပင် ရှိနေလေ၏။ အဆိုးဆုံးမှာ ရွာ၌ဖြစ်ပေါ်သည့်မှုခင်းကိစ္စတို့ကို ဖြေရှင်းပေးရခြင်းပင်ဖြစ်၏။ ယုတ်စွအဆုံး အငြင်းအခုန်ဖြစ်ပွါးနေလျင်ပင် ရွာသူကြီးက ဆင့်ခေါ်ပြီး ကိုင်တွယ်ဖြေရှင်းပေးရခြင်းပင် ဖြစ်လေ၏။ တာဝန် ကြီးမားလှပေစွ။

တစ်နေ့သောအခါ လူသုံးယောက်တို့သည် ရွာထဲ၌ အပြင်းအထန် အငြင်းအခုန်ပြုလုပ်နေကြလေ၏။ ကိုယ်ကအမှန် ကျန်တဲ့သူများက အမှားဟူ၍ သူတို့အားလုံးယူဆထားကြလေ၏။ ဘယ်သောအခါမှ ပြီးဆုံးမည်မဟုတ်သည့် ငြင်းခုန်ပွဲကြီးပင်တည်း။ ထိုသုံးယောက်တို့မှာ ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင် တို့ပင်ဖြစ်လေ၏။ ပို၍ဆိုးသည်မှာ ထိုသုံးယောက်လုံးပင် ဘိလပ်ပြန်တွေချည်းဖြစ်နေခြင်းပင်။ ဘိလပ်ခေါ် အင်္ဂလန်နိုင်ငံသို့ ကောက်စိုက်ခြင်း အတတ်ပညာ၊ တောင်ယာခုတ်ခြင်းအတတ်ပညာနှင့် ကျွဲကျောင်းနွားကျောင်း အတတ်ပညာတို့ကို သွားရောက်သင်ယူပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် မာစတာဘွဲ့ကြီးများကို အသီးသီး ပိုက်ထွေးကာ တုံးဖလားရွာကြီးသို့ ပြန်လည်ရောက်ရှိလာကြသောသူများပင်ဖြစ်လေ၏။

သက်ဆိုင်ရာ ပညာတို့ကို သင်ယူပြီးသူအချင်းချင်းမို့ မာန်မာနတွေ တစ်လွင့်လွင့်ထူကာ ရွာသူကြီးရာထူးကိုပင် သူတို့၏ ဂုဏ်သိက္ခာအရ လိုချင်နေသူများဖြစ်လေ၏။ သို့သော် သူတို့၏ ငွေကြေးပမာဏသည် ဘဏ်သူဌေး ကိုကိုမောင်၏ လဘက်ရည်ဖိုးမျှပင် မပြည့်မီချေ။ ပညာအဆင့်အတန်းအနေနဲ့ဖြင့်လည်း သူကြီးကိုကိုမောင်သည် ဘိလပ်ပြန်များထက် နှာတစ်ဖျားသာသည်ဟုဆိုရမည်ဖြစ်၏။ ဖြီးတတ်ဖျန်းတတ် ရွှီးတတ်လှီးတတ်လေ၏။ ကြုံရင်ကြုံသလို ရွှီးတတ်သော သူကြီးကိုကိုမောင်ကို ရွာသူရွာသားများက ကွယ်ရာ၌ ကိုကြုံရွှီး ဟူ၍ ချစ်စနိုးပင်ခေါ်ကြလေသေးသတတ်။ ထိုသို့သောအကြောင်းများကြောင့်ပင် ရွာသူကြီးရာထူးကို ရွာလုံးကျွတ်မျှ ကန့်ကွက်သူမရှိဘဲ ကိုကိုမောင်လက်ထဲသို့ ယုံကြည်အပ်နှံလိုက်ခြင်းပင်ဖြစ်လေ၏။

ဘိလပ်ပြန် ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့ ငြင်းခုန်နေကြသည့် ပြဿနာမှာ မိတ်အင်တုံးဖလားဖြစ်မဟုတ်ချေ။ ဘိလပ်ဖြစ် ပြဿနာကြီးပင်ဖြစ်၏။ သူတို့ပြောဆိုငြင်းခုန်နေကြသည့် စကားတို့မှာ...

"ဘိလပ်ဆိုတာ အ၀တ်မ၀တ်ထားတဲ့ ငါးဖောင်ရိုးအမျိုးသမီးတစ်ယောက်လို ရိုးတံပြိုင်းပြိုင်းကြီးပါကွာ"

"မဟုတ်ဘူး ပေါက်ကျော် မင်းမှားနေတယ်။ အမှန်က ဘိလပ်ဆိုတာ ကျောင်းစိမ်းဝတ်ထားတဲ့ ကျောင်းသူခပ်ချောချောခပ်တောင့်တောင့်တစ်ယောက်လို စိမ်းလန်းစိုပြေလှပပြီး ရှုချင့်စဖွယ် တင့်တင့်တယ်တယ်ပါ"

"မင်းတို့မှားနေတယ် ပေါက်ကျော်နှင့်တောက်ထိန်။ တကယ်ဆို ဘိလပ်ဆိုတာကြီးဟာ မေမြို့ရုက္ခဗေဒဥယျာဉ်ကြီးလို ပန်းပေါင်းစုံဝန်းရံခနေတဲ့ နတ်ဘုံဗိမာန်ကြီးတစ်ခုဘဲ ဖြစ်ပါတယ်"

"မင်းတို့မှားနေတယ်"

"မဟုတ်ဖူး မှားနေတာက မင်းတို့"

"တကယ်မှားနေတာက မင်းတို့"

ဤသို့ဤနှယ် ပဋိစ္စသမုပ္ပါဒ်သံသရာငြင်းခုန်ပွဲကြီးသည် တုံးဖလားရွာတင်မကဘဲ ရွာနီးစပ်ရွာများနှင့် မြို့နယ်အဆင့်သို့ပင် ကူးစက်သွားလေတော့၏။ ပေါက်ကျော်ဆွေမျိုး၊ တောက်ထိန်ဆွေမျိုး၊ တိုးမောင်ဆွေမျိုး ဟူ၍ အုပ်စုကြီးပင် သုံးစုလောက် ကွဲစပြုနေလေပြီ။

"ကဲပါကွာ.. ဒီပြဿနာကို တို့ချည်း ငြင်းခုန်နေရင်တော့ ပြီးဆုံးမဲ့ ကိန်းမမြင်ချေဖူး။ ရွာသူကြီးထံ အဆုံးအဖြတ်ခံကြမယ်။ ဘယ်လိုလဲ"

"ရွာသူကြီးကကော ဘာသိမှာမို့လဲ။ ဘိလပ်အကြောင်းကို တို့လောက်တောင် သိချင်မှ သိမှာ"

"ဟာ.. အဲဒီလိုတော့ မပြောနဲ့ကွ။ သူဖတ်တဲ့ စာအုပ်တွေက ဓမ္မသတ်၊ ရာဇသတ်၊ အကုန်သတ်ဆိုတဲ့ စာအုပ်ထူထူကြီးဟ။ ဟိုတစ်နေ့ကတောင် ကောလင်းသွားတဲ့လူကြုံကို ၀ိနည်းအဆုံးအဖြတ်ကျမ်းဆိုလား မသိဘူး။ မှာလိုက်သေးတယ်"

"ကဲပါ.. ဒါဖြင့်လဲ ရွာသူကြီးဆီမှာဘဲ အဆုံးအဖြတ်ခံကြတာပေါ့။ သမာသမတ်ကျကျဆုံးဖြတ်နိုင်တယ်ဆိုရင်တော့ တို့အားလုံး လက်ခံကြတာပေါ့ကွာ။ အေး.. တကယ်လို့ မဆုံးဖြတ်ပေးနိုင်ဘူးဆိုရင်တော့ သူ့ကို ရွာသူကြီးရာထူးက အတင်း ဖြုတ်ချပြီး တို့ထဲက နိုင်တဲ့သူ ရွာသူကြီးလုပ်ကြစတမ်းပေါ့။ ဟုတ်ပြီလား"

"ကောင်းပါပြီ... ကောင်းပါပြီ။ အဲဒီလိုဘဲ လုပ်ကြတာပေါ့"

နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့..... အဲ အဲ... ယောင်လို့... နောက်ဆုံး၌ ထိုပြဿနာကို ဖြေရှင်းပေးရန် ရွာသူကြီး ကိုကိုမောင်ထံပါးသို့ သုံးယောက်သား အထောက်အထားများစွာဖြင့် ဆိုက်ရောက်လာခဲ့ကြလေတော့၏။ ကိုကိုမောင်တစ်ယောက် ရှင်ပြုသည့်နှစ်မှ ၀ါကြီးထပ်လေပြီ။ ဦးဏှောက် ခြောက်ရလေပြီတည်း။

အမှုဆုံးဖြတ်မည့်ရက်၌ အိမ်ခြေသုံးဆယ် လူဦးရေ နှစ်ရာခန့်ရှိသော တုံးဖလားရွာသူရွာသားများအားလုံး ရွာသူကြီး ကိုကိုမောင်အိမ်ဝင်းထဲသို့ ရောက်ရှိနေကြလေပြီ။ အိမ်မဆန့်၍ အိမ်ဝင်းထဲ၌ ယာယီမဏ္ဍပ်ထိုးပေးထားရ၏။ ပေါက်ကျော် တောက်ထိန် တိုးမောင်တို့သည်လည်း ရွာသူကြီးကိုကိုမောင်ရှေ့ မှောက်၌ အထောက်အထားနှင့်တကွ သက်သေပြရန် အဆင်သင့်ဖြစ်နေလေပြီ။ ရွာသူကြီးကိုကိုမောင်သည် ရွာသူကြီးရာထူးကို ရယူထားလင့်ကစား လူပျိုလူလွတ်ကြီးတစ်ယောက် ဖြစ်နေသည်ကတစ်ကြောင်း၊ မိဘနှစ်ပါးမရှိတော့ဘဲ တစ်ယောက်တည်းတစ်ကောင်ကြွက်ဖြစ်နေသည်ကတစ်ကြောင်း၊ လူများကို လွန်စွာအားနာတတ်သည်ကတစ်ကြောင်းတို့ကြောင့် အမှုဆုံးဖြတ်ပေးဖို့ ရာဇသတ် ဓမ္မသတ် အကုန်သတ် ၀ိနည်းအဆုံးအဖြတ် ကျမ်းကြီးတို့ကို ဖတ်လိုက်၊ ရောက်ရှိလာကြသည့် ရွာသူရွာသားများကို ထမင်းကျွေးမွေးရန် မီးဖိုချောင်တွင်းဝင်ကာ ထမင်းဟင်း ချက်ပြုတ်လိုက်ဖြင့် အလုပ်အရှုပ်ကြီး ရှုပ်နေချေတော့၏။

အမှုအဆုံးအဖြတ်ကို စိတ်ဝင်စားသည်ကတစ်ကြောင်း၊ ရွာသူကြီးကိုကိုမောင်တည်ခင်းကျွေးမွေးလေ့ရှိသည့် (အားနာ၍ကျွေးခြင်း :D) အစားအသောက်ကောင်းများကို အ၀အပြဲစားလိုသည်ကတစ်ကြောင်း တို့ကြောင့် ရွာသူရွာသားများသည် ရွာလုံးကျွတ် မီးခိုးတိတ် တံခါးပိတ်လာရောက်ကြခြင်းပင်ဖြစ်လေ၏။ ဂေါ်မစွံသည့် လူပျိုသိုးကြီးများသည်လည်း အပျိုတွေစုံတုန်း ရိသဲ့သဲ့လုပ်ဖို့လာရောက်ကြ၏။ အလောင်းအစားဝါသနာပါသည့်သူများလည်း ပေါက်ကျော် ၃လေး ၁လေး၊ တောက်ထိန် ၅လေး ၃လေး၊ တိုးမောင် ၇လေး ၅လေး စသည့် လောင်းကစားဘွတ်ကီများဖွင့်ကြလေ၏။ ထိုကြားထဲမှာပင် နှစ်လုံးသုံးလုံးရောင်းသူများသည်လည်း အလုပ်အကိုင်ဖြစ်နေကြ၏။ အတော်လေး အားကျဖို့ကောင်းသည့် လူတွေပါတကား။

ရွာသူကြီးကိုကိုမောင်တစ်ယောက် အကျွေးအမွေး အဆေးအကြော အားလုံးပြီးဆုံးသည့်နောက် ချွေးပြန်နေသည့် မျက်နှာပြင်ကြီးကို မရမ်းကုန်းအထည်ချုပ်စက်ရုံဖြစ် သဘက်ကြမ်းကြီးဖြင့် ခပ်ဖိဖိသုတ်သင်လိုက်ပြီး တရားခွင်သို့ ရောက်ရှိလာလေ၏။ ရွာဆော်မောင်းကြီးကို ဒူ ကနဲ ထုကာ အမှုစတင် စစ်ဆေးတော့မည်ဖြစ်ကြောင်း ကြေငြာလိုက်လေ၏။ ရွာသူရွာသားများ အားလုံးတိတ်ဆိတ်ငြိမ်သက်စွာ နားစွင့်နေကြလေ၏။ ထိုအခိုက်၌ အပျိုကြီးဂွမ်းပုံမှ ဘူ ကနဲ ကျယ်လောင်စွာ လေလည်လိုက်သည့်အတွက် ပရိသတ်များအားလုံး ၀ါးဟားဟား ဖြစ်သွားကြလေတော့၏။ အပြစ်တင်သူတင် နှာခေါင်းရှုံ့ သူရှုံ့ ဖြင့် တစ်ဖန် တိတ်ဆိတ်စွာ တရားခွင်ကို စောင့်မျှော်နေကြလေတော့သတည်း။

ရွာသူကြီး ကိုကိုမောင်၏ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏

"ကဲ.. ပေါက်ကျော်.. မင်းပြဿနာကို မင်းအရင်တင်ပြ..."

"ဒီလိုပါ ရွာသူကြီး၊ ကျနော်မျိုးက ဘိလပ်နိုင်ငံဟာ ရိုးတံကျဲကျဲနဲ့ ရုပ်ပျက်ဆင်းပျက်ရှိကြောင်းပြောပါတယ်။ အဲဒါကို တောက်ထိန်နှင့်တိုးမောင်တို့က ကန့်ကွက်ကြတယ်။ ဘိလပ်ဟာ မင်းပြောသလို မဟုတ်ဘူးတဲ့"

"ဒါဆို မင်းက မင်းပြောတာ မှန်ကန်ကြောင်း ဘယ်လို သက်သေပြမလဲ"

"မယုံရင် ဒီမှာ ကြည့်ပါ သူကြီးမင်း"

ထိုသို့ပြောပြီး ပေါက်ကျော်တစ်ယောက် ဘိလပ်သွားစဉ်က သူရိုက်ယူလာခဲ့သည့် ဓါတ်ပုံအား ထုတ်ပြလေတော့၏။ ဓါတ်ပုံကို ကြည့်ပြီး ရွာသူကြီးကိုကိုမောင်က....

"အေး... မင်းဓါတ်ပုံတွေအရဆိုရင်တော့ မင်းကမှန်နေတာဘဲ။ ဒါနဲ့ နေပါဦး။ ဒီဓါတ်ပုံကို မင်းကိုယ်တိုင် ရိုက်ယူလာခဲ့တာတော့ ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ် သူကြီးမင်း။ ကျနော်မျိုးရဲ့မိဘတွေက ကျွဲတစ်ရှဉ်းရောင်းပြီး ၀ယ်ပေးခဲ့တဲ့ ကျနော်မျိုးပိုင် ကင်နွန်ကင်မရာကြီးနဲ့ ရိုက်လာခဲ့တဲ့ပုံပါ သူကြီးမင်း"

"အေး... မင်းပြောတာ ယုတ္တိရှိတယ်"

ထိုအခိုက် တောက်ထိန်နှင့်တိုးမောင်တို့က...

"သူကြီး... အဲဒီလိုတော့ တစ်ဖက်သတ် မဆုံးဖြတ်ပါနဲ့၊ ကျနော်တို့မှာလဲ ကျနော်တို့မှန်ကန်ကြောင်း အထောက်အထားရှိပါတယ်"

ရွာသူကြီးကိုကိုမောင်သည် မောင်းကို ဒူ ကနဲမြည်အောင် ခပ်နာနာထုလိုက်ပြီး--

"မင်းတို့ကို မေးမှ ဖြေပါ။ ကြားဝင်မစွက်ပါနဲ့။ နောက်တစ်ခါ ၀င်စွက်ရင် ၀င်စွက်တဲ့သူ အရှုံးဘဲ"

ဟူ၍ ခြောက်လန့်ပြီး အမှုကို ဆက်လက်စစ်ဆေးနေလေတော့၏။ အတန်ငယ်စစ်ဆေးပြီးနောက်....

"ကဲ... တောက်ထိန်.. မင်းပြဿနာကို တင်ပြနိုင်ပြီ"

"ကျနော်မျိုးက ဘိလပ်ဆိုတာ စိမ်းလန်းစိုပြေနေတဲ့အရပ်တစ်ခုပါလို့ပြောပါတယ်။ အဲဒါကို သူတို့နှစ်ယောက်က မဖြစ်နိုင်ဘူးဆိုပြီး အကျောက်အကန်ငြင်းခုန်ပါတယ် သူကြီးမင်း။ ကျနော်မျိုးမှာလဲ ဓါတ်ပုံအထောက်အထား ရှိပါတယ်။ ဒီမှာ ကြည့်ပါ"

"ဟေ... မင်းတင်ပြပုံအရဆိုရင်လဲ ဟုတ်တုတ်တုတ်ဘဲ။ ဒါနဲ့... မင်းကကော ဒီဓါတ်ပုံကို ကိုယ်တိုင် ရိုက်ယူလာတာလား"

"ဟာ... သူကြီးမင်းကတော့ လုပ်ပြီ။ စပါးပေါ်တဲ့အခါ အကြေဆပ်မယ်ဆိုပြီး ရွာတောင်ပိုင်းက မောင်ပိုဆီမှာ ငွေသုံးသိန်းချေးပြီး ၀ယ်ထားတဲ့ ဆိုနီ ကင်မရာကြီးနဲ့ ကိုယ်တိုင် ရိုက်လာတာပါဗျ။ ဓါတ်ပုံအောက်ခြေမှာ ဓါတ်ပုံရိုက်တဲ့ ရက်စွဲတွေတောင် ပါသေးတယ်။ သူကြီးမင်း ကြည့်ရှုစစ်ဆေးနိုင်ပါတယ်"


"အေး..အေး.. မင်းလဲ ယုတ္တိရှိနေသားဘဲ"

ပေါက်ကျော်နှင့်တောက်ထိန်ကို စစ်ဆေးပြီးနောက်...

"ကဲ... တိုးမောင်... မင်းအလှည့်ရောက်ပြီ၊ မင်းပြဿနာကို တင်ပြပေတော့"

"ဒီလိုပါ သူကြီးမင်း။ ကျနော်မျိုးက ဘိလပ်ဆိုတာ ပန်းပေါင်းစုံပွင့်ဖူးနေတဲ့ ပျော်မွေ့ဖွယ်ဘုံဌာနတစ်ခု ပါဘဲ လို့ ပြောပါတယ်။ အဲဒါကို သူတို့က ယုတ္တိမရှိဘူးဆိုပြီး ငြင်းပါတယ်။ ကျနော်မျိုးမှာလဲ အထောက်အထားရှိပါတယ်။ ဒီဓါတ်ပုံကို ရှုလှည့်ပါ သူကြီးမင်း"

"ဟေ.... မင်းလဲ ခပ်ဟုတ်ဟုတ်ပါဘဲလား။ ဒါနဲ့.. မင်းလဲ မင်းကိုယ်တိုင် ရိုက်လာခဲ့တဲ့ ဓါတ်ပုံတော့ ဟုတ်ပါတယ်နော်"

"ဟာ.. သူကြီးမင်းကလဲ အထင်သေးလိုက်တာ။ ဘိလပ်သွားခါနီး ကျနော့်ဆွေမျိုးတွေ စုပြီး ၀ယ်ပေးခဲ့တဲ့ အိုလံပတ်စ် ကင်မရာကြီးနဲ့ ကိုယ်တိုင် ရိုက်လာခဲ့တာပါဗျ။ ဒါတောင် ဘိလပ်မှာ တစ်ပတ်နှစ်ရက်ဖွင့်တဲ့ ကားဘု(တ်) ဈေးထဲက ၀ယ်ထားတဲ့ ကောန်ကော့ဒါနဲ့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေ ပျက်သွားလို့ မတင်ပြနိုင်တာ။ နို့မို့ဆိုရင် ကျနော်မျိုးသက်သေက ပိုခိုင်မာမှာ သေချာတယ်"

ရွာသူကြီးကိုကိုမောင်သည် အမှုသည်တို့ကိုတစ်လှည့်၊ သူတို့တင်ပြသည့် ဓါတ်ပုံတို့ကို တစ်လှည့်၊ လာရောက်နားထောင်နေကြသည့် ရွာသူရွာသားများကိုတစ်လှည့် ကြည့်ကာ ပြဿနာ၏ ဇာစ်မြှစ်အမှန်ကို မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေလေ၏။ ရွာသူရွာသားများနှင့်အမှုသည်တို့သည်လည်း ရွာသူကြီးကိုကိုမောင်၏ အဆုံးအဖြတ်ကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နားစွင့်နေကြလေ၏။ အမှားအမှန် ကောက်ချက်ချရန် ရွှေဥာဏ်တော်ကို များစွာအသုံးချရသည့်အတွက် ရွာသူကြီးကိုကိုမောင်၏ လက်ကတီးကြားတို့၌ ချွေးသီးချွေးပေါက်တို့ ကွန်းခိုနေကြလေ၏။ နောက်ဆုံး၌.....

"ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့၏ အမှုသည် တိမ်သယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက်၊ အချက်ချချလေ့လာဆုံးဖြတ်ဖို့ လိုအပ်ပါသောကြောင့် ဤအမှုကို ဆက်လက်စစ်ဆေးရန် ရက်အကန့်အသတ်မရှိ ရွှေ့ ဆိုင်းလိုက်သည်... သူကြီး အမိန့်..."

ဟူ၍ တဒင်္ဂအခက်အခဲကို ထိုသို့သောနည်းဖြင့် ဖြေရှင်းလိုက်ရလေတော့၏။ အမှုသည်တို့နှင့်ရွာသူရွာသားများသည် ....

"ဟာ.."

"ဟင်... အို..."

"ဘယ်လိုကြီးလဲ..."

"ရွာသူကြီးကိုယ်တိုင်တောင် မဖြေရှင်းနိုင်ဘူးဆိုတော့ ပေါက်ကျော်တို့ တောက်ထိန်တို့ တိုးမောင်တို့က အရမ်းတော်တာဘဲ..."

"ရွာသူကြီး ကိုကိုမောင်လဲ တော်ပါတယ်။ အခြေအနေအရ ခဏဆိုင်းထားတာ ဖြစ်မှာပါ"

ထိုကဲ့သို့ တစ်ယောက်တစ်ပေါက် အော်ဟစ် ပြောဆို ညည်းညူကြရင်း မိမိတို့၏ အိမ်ဂေဟာ အသီးသီးတို့ ပြန်သွားကြလေ၏။ လောင်းကစားဒိုင်များသည်လည်း အဖြေမှန်မပေါ်ခဲ့သည့်အတွက် ငွေများပြန်အမ်းပေးရကာ စိတ်အညစ်ကြီးညစ်နေကြလေတော့၏။

ထိုည၌ ရွာသူကြီး ကိုကိုမောင်တစ်ယောက် အိပ်၍မပျော်နိုင်ပေ။ ခေါင်းအုံးပေါ် နဖူးတင်ပြီး ပြဿနာ၏ အတိမ်အနက်ကို အနုလုံ ပဋိလုံစဉ်းစားပြီး ခေါင်းရှုပ်နေ၏။

"ငါက ရွာသူကြီး၊ ရွာသားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရမယ်။ မဟောသဓာတောင် ပြဿနာပေါင်းစုံကို သွေးအေးအေးနဲ့ ဖြေရှင်းနိုင်ခဲ့သေးတာဘဲ၊ ငါက ဘာဖြစ်လို့ မဖြေရှင်းပေးနိုင်ရမှာလဲးဝ)၊ ငါ အဆင်ပြေအောင် ဖြေကို ဖြေရှင်းပေးမှ ဖြစ်မယ်။ ဒီပြဿနာက ဘိလပ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်နေတယ်။ ငါကိုယ်တိုင် ဘိလပ်ကို မရောက်ဖူးတာက ခက်နေတယ်။ ဒီတော့ ငါကိုယ်တိုင် ဘိလပ်ကို သွားမယ်။ အခြေအနေမှန်ကို စုံစမ်းဖော်ထုတ်မယ်။ ပြီးတော့ ဘိလပ်သားတွေ မြေကျင်းတူးတာတော်တယ်လို့ ကြားဖူးတယ်။ မြေအောက်ရထားတွေလဲ ရှိတယ်တဲ့။ မြေအောက်ကို ပေ လေးငါးရာ တူးပြီး ဖောက်လုပ်ထားတာတဲ့။ ဒီတော့ အဲဒီမှာ မြေတူးတဲ့ပညာသင်ယူရမယ်။ ဒါမှ ရွာမှာ သောက်ရေအတွက် ရေတွင်းတွေကို သေသေသပ်သပ် တူးနိုင်မှာ။ ဟုတ်ပြီ။ ဒီအကြံမဆိုးဘူး။ ဘိလပ်ကို ငါ ကိုယ်တိုင်သွားမယ်"

ထိုသို့ကဲ့သို့ စဉ်းစားဆုံးဖြတ်ပြီး ရွာသားများအားလုံး၏ သဘောတူညီချက်အရ ဘိလပ်ပြန် ပေါက်ကျော်၊ တောက်ထိန်နှင့် တိုးမောင်တို့အား ရွာကို လေးလတစ်ကြိမ် အလှည့်ကျ ကောင်းကောင်းမွန်မွန်အုပ်ချုပ်စေပြီး ဘဏ်တိုက်ထဲမှ စတာလင်ပေါင် သုံးသောင်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ အနည်းငယ်တို့ကို ထုတ်ယူပြီး ရန်ကုန်၌ ယူအက်စ်ဒေါ်လာနဲ့ လှဲလှယ်ကာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ၌ ရန်ကုန်-ဗန်ကောက်-လန်ဒန် တီဂျီလေကြောင်းဖြင့် ဘိလပ်သို့ ရွာသူကြီးကိုကိုမောင် ချီတက်လာခဲ့လေ၏။

ယခုဆိုလျှင် ရွာသူကြီးကိုကိုမောင်တစ်ယောက် ဘိလပ်သို့ရောက်ရှိနေသည်မှာ နှစ်ပရိစ္ဆေဒအားဖြင့် သုံးနှစ်ခန့်ရှိလေပြီ။ ရေတွင်းတူးသည့်ပညာရပ်၌လည်း မာစတာဘွဲ့ရခါနီးနေလေပြီ။ ဘိလပ်ရာသီဥတုများစွာကိုလဲ ကိုယ်တိုင်ကြုံခဲ့ဖူးလေပြီ။ ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့၏ ပြဿနာကို ဖြေရှင်းပေးဖို့ အရည်အချင်းလည်း အပြည့်အ၀ရရှိပြီးဖြစ်လေပြီ။ ပညာစုံသလောက် ဖြစ်သွားလေပြီတည်း။

ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့၏ တင်ပြချက်သည် အားလုံးမှန်ကန်နေလေ၏။ သို့သော် သူတို့၏ အယူအဆသည် အားလုံး မှားယွင်းနေလေ၏။ ပေါက်ကျော်သည် ဘိလပ်သို့ ဆောင်းတွင်းကာလ၌ ရောက်ရှိခဲ့မည်ဖြစ်၏။ ထို့ကြောင့် အအေးဒဏ်ကို မခံနိုင်သည့်အတွက် အရွက်အားလုံး မြေခကြွေကျနေသည့်အတွက် ဘိလပ်က သစ်ပင်များ ရိုးတံကျဲကျဲ ဖြစ်နေခြင်းဖြစ်ရာ၏။ ထိုသို့သူတွေ့ကြုံခဲ့သည့် အတွေ့အကြုံကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ငြင်းခုန်နေခြင်းဖြစ်တန်ရာ၏။ တောက်ထိန်သည် ဘိလပ်သို့ နွေရာသီ၌ ရောက်ရှိခဲ့မည်ဖြစ်၏။ နွေရာသီ၌ ဘိလပ်ရှိ သစ်ပင်များအားလုံး အရွက်စိမ်းလန်းစိုပြေနေကြ၏။ နေဓါတ်ရ၍ အရွက်အခက်များ တူရရူထွက်နေကြ၏။ ထို့ကြောင့် သူသည် သူ၏အမြင်ကို မစွန့်လွတ်နိုင်ခြင်းဖြစ်တန်ရာ၏။ တိုးမောင်သည် ဘိလပ်သို့ နွေဦးကာလ၌ ရောက်ရှိခဲ့မည်ဖြစ်၏။ ထိုနွေဦးကာလတွင် ဘိလပ်၌ ပန်းပေါင်းစုံပွင့်ဖူးကြ၏။ အပွင့်ရှိသည့်အပင်မှန်သမျှ အားလုံးညီညီညာညာတစ်ချိန်တည်းလိုလို ဖူးပွင့်ကြ၏။ ထိုအတွေ့အကြုံကြောင့် သူသည်လည်း အကျောက်အကန် ငြင်းခုန်နေခြင်း ဖြစ်တန်ရာ၏။ သူတို့အားလုံးမှန်ကန်သော်လည်း လှေနံဓါးထစ် မှတ်သားထားသည့်အတွက် သူတို့ အားလုံး မှားယွင်းကြ၏။
...

ရွာသူကြီးကိုကိုမောင်သည် သူ၏အဘိုးဖြစ်သူ မဟာကိုကိုမောင်၏ ပြောစကားများကို အမှတ်ရမိနေလေ၏။
တစ်နေ့၌ လူကြီးတစ်ယောက်သည် သားသုံးယောက်တို့ကို မေးခွန်းတစ်ခု မေးလေသတတ်။ သားတို့ ပေါက်ပင်ဆိုတာ ဘယ်လိုဟာကြီးလဲဟူ၍။ နွေကာလ၌ ပေါက်ပင်နားရောက်ဖူးခဲ့သည့် သားတစ်ယောက်သည် ပေါက်ပင်ဆိုတာ အရွက်မရှိ အရိုးသက်သက်မျှသာ ဖြစ်ချေ၏ဟု ဖြေသတတ်။ မိုးကာလ၌ ပေါက်ပင်နားသို့ ရောက်ဖူးသည့် အခြားသားတစ်ယောက်သည် ပေါက်ပင်ဆိုသည်မှာ အရွက်တို့ဖြင့်စိမ်းလန်းတင့်တယ်နေသည့်အပင်ကြီးတစ်ပင်ပင် ဖြစ်ချေ၏ဟု ဖြေဆိုသတတ်။ ဆောင်းကာလ၌ ပေါက်ပင်အနီးသို့ ရောက်ခဲ့ဖူးသည့် နောက်ဆုံးသားတစ်ယောက်ကမူ ပေါက်ပင်ဆိုတာ နီနီရဲရဲပွင့်နေသည့်ပွင့်ချပ်များ ပြည့်လျှမ်းနေသည့် သစ်ပင်ကြီးပင်တည်း ဟု ဖြေဆိုသတတ်။ ထိုအခါ၌ အဖေဖြစ်သူသည် သားသုံးယောက်တို့အား အဖြေမမှားသော်လည်း ဗဟုသုတနည်းပါးလွန်းသည်ဟု ကဲ့ရဲ့လေသတတ်။ ထို့နောက် ရာသီအလိုက်ပြောင်းလဲတတ်သည့် သစ်ပင်သဘာဝတို့ကို သားသုံးယောက်တို့အား ကျကျနနရှင်းပြလေသတတ်။
...

ရွာသူကြီး ကိုကိုမောင်သည် ရေတွင်းတူးသည့် အတတ်ပညာလေးဖြင့် အားရတင်းတိမ်မှုမရှိနိုင်သေးဘဲ ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့ ဤဘိလပ်၌ လေ့လာဆည်းပူးခဲ့သည့် ပျိုးနှုတ်ကောက်စိုက်/ရိပ်သိမ်းအတတ်ပညာ၊ တောင်ယာခုတ်/စိုက် အတတ်ပညာ၊ ကျွဲ/နွားကျောင်းသည့်အတတ်ပညာတို့ကို ဆက်လက်လေ့လာပြီး ထို ပညာရပ်တို့ဖြင့် ပီအိပ်ခ်ျဒီ ရယူရန် တာစူနေလေ၏။ သို့မှသာ သူတို့သုံးယောက်တို့ထက် ပညာသာလွန်ပေမည်တည်း။

ရွာသူကြီးကိုကိုမောင်သည် ဘိလပ်ပြန်များ၏ ဘိလပ်အဓိပ္ပါယ်ဖွင့်ဆိုမှု ပြဿနာကို ကျကျနနဖြေရှင်းပေးနိုင်သည့် အခြေအနေတွင် ရောက်ရှိနေလေ၏။ ထို့ကြောင့် စိတ်ထဲတွင် အောက်ပါကဲ့သို့ ရွတ်ဆိုနေမိလေ၏။

"ပေါက်ကျော်... မောင်မင်းသည်.. ဘိလပ်သို့ ဆောင်းကာလအတွင်း ရောက်ရှိခဲ့၍ ဆောင်း၏သင်္ကေတအဖြစ် သစ်ပင်များ အရွက်မရှိ ရိုးတံကျဲကျဲဖြစ်နေသည်ကိုသာ မောင်မင်းသိပေသည်။ ထို့ကြောင့် မောင်မင်းသည် လေးပုံတစ်ပုံမှန်လေသည်

တောက်ထိန်... မောင်မင်းသည်.. ဘိလပ်သို့ နွေကာလအတွင်း ရောက်ရှိခဲ့၍ နွေကာလ၏ သင်္ကေတဖြစ်သည့် အရွက်ဝေစီနေသည့်သစ်ပင်များကိုသာ မောင်မင်းသိပေသည်။ ထို့ကြောင့် မောင်မင်း၏ အဖြေသည်လည်း လေးပုံတစ်ပုံသာ မှန်လေသည်

တိုးမောင်... မောင်မင်းသည်... ဘိလပ်သို့ နွေဦးကာ၌ ရောက်ရှိခဲ့၍ နွေဦးကာလ၏ သင်္ကေတဖြစ်သည့် ပန်းပေါင်းစုံပွင့်ဖူးနေသည်ကိုသာ မောင်မင်းသိပေသည်။ ထို့ကြောင့် မောင်မင်း၏ အဖြေသည်လည်း လေးပုံတစ်ပုံသာ မှန်လေသည်

အမှန်မှာ ဘိလပ်၌ မြန်မာကဲ့သို့ ရာသီသုံးမျိုးထဲ ရှိသည်မဟုတ်၊ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဟူ၍ ရာသီလေးမျိုးရှိပေသည်။ မိုးရာသီကား မရှိချေ၊ သို့သော် ရွာချင်သည့်အချိန်ရွာလေသည်။ ထို ရာသီလေးမျိုးထဲတွင် နွေဦးရာသီ၌ ပန်းများပွင့်ကြသည်။ နွေရာသီ၌ အရွက်များစည်ပင်ပြီး စိမ်းလန်းစိုပြေရှိသည်။ ဆောင်းဦးရာသီ၌ သစ်ရွက်များ အ၀ါရောင် အနီရောင်သန်းလေသည်။ ဆောင်းရာသီ၌ကား သစ်ရွက်များ အားလုံးကြွေကျလေသည်။ မောင်မင်းတို့ကို ငါသူကြီးမင်းကိုယ်တိုင် နီကွန်အမည်ရှိ ဒစ်ဂျစ်တယ်ကင်မရာကြီးဖြင့် ရိုက်ယူခဲ့သည့် ဓါတ်ပုံသုံးပုံကို ပြပေးဦးမည်။ ထိုဓါတ်ပုံထဲကအတိုင်းသာ နောက် တုံးဖလားရွာသားတစ်ယောက်ကြုံဆုံခဲ့လျှင် အငြင်းပွါးဖွယ် ထပ်ဖြစ်ပေဦးမည်။ ရှုစားလေလော့။





ထိုသို့ ရာသီလေးမျိုးထဲက တစ်မျိုးစီကိုသာ မောင်မင်းတို့ သိရှိကြသည့်အတွက် မောင်းမင်းတို့အားလုံး လေးပုံပုံ တစ်ပုံသာ မှန်လေသည်။ ငါသူကြီမင်းကတော့ လေးပုံပုံ လေးပုံလုံး ရာနှုန်းပြည့် မှန်ကန်လေသည်။ အဘယ့်ကြောင့်ဆိုသော် ဤဘိလပ်ပြည်၌ လေးရာသီလုံး ဖြစ်ပျက်လျက်ရှိသည့် အဖြစ်အပျက်အသီးသီးတို့ကို ငါသူကြီးမင်း ကောင်းကောင်း ကြုံဆုံခဲ့ပြီဖြစ်သောကြောင့်ပင်တည်း။ ထို့ကြောင့် သူကြီးရာထူးကို ငါကိုယ်တိုင် ပြန်ယူပြီး အုပ်ချုပ်ပေတော့မည်"

ထိုကဲ့သို့ စိတ်ထဲက ရေရွတ်ရင်း တုံးဖလားရွာကြီးသို့ အမြန်ပြန်ပြေးချင်သည့် စိတ်ပေါက်နေလေတော့၏။ သို့သော်ငြားလည်း အထက်ဖော်ပြပါ ပညာရပ်တို့ဖြင့် ပီအိပ်ခ်ျဒီ ဘွဲ့ယူရရန်ရှိနေသေးသည့်အတွက် သုံးနှစ် လေးနှစ်ခန့် ဘိလပ်ပြည်၌ ဆက်လက်နေထိုင်ရပေဦးတော့မည်။ သို့သော်.. သို့သော်... သုံးမိနစ်ကို နှစ်စင်းကျ ခေါင်းပေါ်ဖြတ်ပျံသန်းနေသည့် လေယာဉ်ပျံအသံကြီးကို ကြားနေရတိုင်း တုံးဖလားရွာ၊ အမှုသည်သုံးဦးနှင့် ရွာသူရွာသားများကို မျက်စိထဲ ပြေးမြင်ယောင်နေမိလေတော့သတည်း။ ။


....

23 comments:

ဝက်ဝံလေး said...

ဗျိုးးးးး ရွာသူကြီး အမှု အပ်ချင်လို့ပါ ဂျ

ဝက်ဝံလေး said...

အတွေးအရေး လေးကို သဘောကျသွားဘီ ကိုကိုမောင်ရေ ဟီးးးးး မိုက်တယ် နော် အလန်းပဲ ဟက်

khin oo may said...

အခုရွာကို ဘယ်သူ နဲ့လွဲထားလဲ။

Anonymous said...

ပီအိတ်ခ်ျဒီတက်မယ်ဆိုလို့ ဂုဏ်ယူပါတယ် ဦးဇင်း

ရွှေရတုမှတ်တမ်း said...

သဂျီးမင်း..ရွာပြန်ရောက်ရင် ရေတွင်းထက်ပို အရေးကြီးတဲ့တွင်း အရင်တူးရမှာ..အဟဲ..သဂျီးမြှပ်ခဲ့တဲ့ ရွှေတွင်း ငွေတွင်းတွေပြောတာ..

Anonymous said...

သူချီးမင်း ...
သူချီးမင်း..

ကြုံရွှီးမဟုတ်ဘူး ကြုံကြွားဖြစ်မယ်။


မြတ်နိုး

khun thadar said...

သဂျီး...သဂျီး....
ဒီသူဂျီးတော်တော်စာရေးတတ်ဘဲ
ဖတ်လို့အားကြီးကောင်း.... :)
လူပြိုသိုးသူဂျီးပီအိပ်ခ်ျဒီကြီး ပိုက်ပြီးပြန်ရင်တော့
ရွာသူတွေဝိုင်းဝိုင်းလည်မှာမြင်ယောင်သေးတယ် :D
သဂျီးပြန်ရောက်လို့အမှု့စီရင်ရင်ပြောပါ
အိမ်မီးခိုးတိတ်လုပ်ပြီး လာနားထောင်ရအောင်လို့... :))))

သဒ္ဓါလှိုင်း said...

သူကြီးကိုကိုမောင်ရေ..
မဟောသဓာသုခမိန်အတိုင်းဖြေရှင်းလိုက်တာပဲနော်..။
အမှုဖြစ်ရင်အပ်ဖို့အဆင်သင့်ပဲ..။

ခင်တဲ့
သဒ္ဓါ

flowerpoem said...

သူကြီး က အနစ်အနာခံပြီး ဖြေရှင်းပေးတာနော့် အရမ်းတော်တဲ့ သူကြီး ကိုကိုမောင်

ခိုင်နုငယ် said...

သူကြီး ဦးကြုံရွှီးရေ....အဲလေ..သူကြီးကိုကိုမောင်ရေ...
နောက်ကျမှရောက်တယ်ခွေးလွတ်ပါ။။
ဂွတ်ပိုစ့်..အတွေးတွေအရေးတွေကောင်းတယ်။
မဟော့်သဒါအတွေးနဲ့ရေးထားတာပဲ။
(ခင်မင်စွါဖြင့်နောက်သွားသည်။)

Anonymous said...

သူကြီး ကြုံရွှီး

ဘ၀ကနေ ဒေါက်တာ ကြုံရွှီး ဖြစ်အုံးမယ်.....ဘုရား

ခင်တဲ့
seesein (ခေတ္တ တုံဖလားကျေးရွာ)

Anonymous said...

သူကြီး

ရွာမှာ မိုးမရွာ မီးမလာ တဲ့ပြဿနာတွေနဲ့ ရှုပ်နေတယ်
သူကြီးမင်းတက်နေတဲ့ မူကြိုကျောင်းကို ခနနားပြီး ပြန်လာခဲ့ပါတဲ့... ရွာသားတွေ သံကြိုးရိုက်လိုက်တယ်..
သံကြုံးမလောက်လို့ အုန်းဆန်ကြိုးပါထည့်ပေးလိုက်တယ်..
သူကြီးကတော်ကြီးကလဲ မျှော်နေတယ် ဆိုလားဘဲ..
သူကြီးအိမ်က နွားမကြီး ကလေးမွေးလို့ သူကြီးအမှီပြန်လာမှ ဖြစ်မယ်ဆိုလားဘဲ..
ဟိဟိ..

SHWE ZIN U said...

သူကြီးမင်း ကိုကိုမောင် ရေ

သူကြီးလုပ်ရင် ဥာဏ်မျိုးစုံ ရှိရတယ် ဖြစ်ပါ့မလား နောက်ပြီး ဥာဏ်ရှိကြောင်း ဒီလောက်ပြရုံ နဲ့ မရဘူးနော်
ပျင်းတယ်တဲ့... အဟဲ..

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကောင်းမွန်ဝင်း said...

သာဂျီး
ဂျပန်လို သာဂျီးကို ဆွန်းချိုး လို့ခေါ်တယ်။
“ဇွန်းကျိုး” မဟုတ်ဘူးနော်။
ပီအိတ်ခ်ျဒီ ဆက်တက်သင့်ပါတယ်။
အလွန်ကို ပညာပါတဲ့ ပို့စ်ကို ဖတ်ပြီး အားပေးလိုက်ပါတယ်။

what is good things said...

မြေတူးပညာနဲ့ဆို အခုအတော်ပဲ ရေတွင်းတွေလိုအပ်နေ တယ် သူကြီးရဲ့။ တုံးဖလားရွာကြီးကို အမြန်သာပြန်လာ ပါတော့...း))

မြစ်ကျိုးအင်း said...

ရွာပြန်ရောက်ရင် တကယ် သူကြီး ဖြစ်ချင် ဖြစ်နေမှာနော်း)

ချော (အစိမ်းရောင်လွင်ပြင်) said...

သူကြီး

ရွာမှာ မိုးမရွာ မီးမလာ တဲ့ပြဿနာတွေနဲ့ ရှုပ်နေတယ်
သူကြီးမင်းတက်နေတဲ့ မူကြိုကျောင်းကို ခနနားပြီး ပြန်လာခဲ့ပါတဲ့... ရွာသားတွေ သံကြိုးရိုက်လိုက်တယ်..
သံကြုံးမလောက်လို့ အုန်းဆန်ကြိုးပါထည့်ပေးလိုက်တယ်..
သူကြီးကတော်ကြီးကလဲ မျှော်နေတယ် ဆိုလားဘဲ..
သူကြီးအိမ်က နွားမကြီး ကလေးမွေးလို့ သူကြီးအမှီပြန်လာမှ ဖြစ်မယ်ဆိုလားဘဲ..
ဟိဟိ..
နံမည်ကျန်ခဲ့လို့ ပြန်လာထည့်တယ် ကိုကိုမောင်ရေ..

လင်းကြယ်ဖြူ said...

တော်တော်မိုက်တာပဲ ဆရာပန်း ရဲ့ ဖြတ်ထုံး...
တို့ရွာ ထဲ က အရှုပ်တွေကို သူကြီးဖြတ်ထုံး နဲ့
ဇာတ်ဆုံးအောင် ဖြတ်ပြစ်နိုင်ပါစေ လို့....

ပျော်ပါစေ ဆရာပန်း ရေ

*.*.*

blackroze said...

ကဲ...ရွာသူကြီးရေ..
ရွာကစာဥကတော့မျှော်နေလောက်ပြီနော်..

ဂျစ်တူး ( မုံရွာ ) said...

ရွာသူကြီး ကိုကိုမောင် ရိုက်တဲ့ဓါတ်ပုံတော့မပါဘူးလားဗျာ-
ထားပါတော့လေ------သိချင်တာအရင်မေးလိုက်ရတာပါ-
အခုရွာမှာမီးမလာဘဲမီးခဏခဏရှော့ ဖြစ်ပြီး
မီးလောင်လောင်နေတယ်ဗျ-
အဲဒါအမှု့ အပ်ထားခဲ့ပါရစေဗျာ-
အမြန်ဆုံးဖြေရှင်းပေးပါ-
ကျုတ်တို့ မုံရွာဈေးကြီးမီးလောင်သွားတာဒီနှစ်တော့
ပဲအမျိုးမျိုး + ငရုပ် +ုကက်သွန် ဈေးကြီးပြီဗျို့ -

ကိုရင်နော်ခင်လေးငယ် said...

ရွာသူကြီး ကိုကိုမောင်.... :P

ပျော်ပျော်ရွှင်ရွှင် ဖတ်သွားရင်း
ရွှင်ရွှင်ပျော်ပျော် ပြန်သွားပါတယ်.. :D

ဧပရယ်လ်ပူး@ပူးတေ said...

ရွာမှာ သူတို့သုံးယောက်က ပါတီဖွဲ့ပြီး သူကြီးရာထူးပြန်ရွေးနေကြပြီ.... သူကြီး ကြုံရွှီးပဲ ကျန်ခဲ့ ဦးမယ်နော်... ရွာပြန်ပြီး ပါတီပြန်ထောင်ဦး။ Phd တက်လိုက်ရင် ဘာမှ မတတ်တဲ့လူတွေ သူကြီးဖြစ်သွားဦးမယ်နော်.....:D

Anonymous said...

Hi there! Do you know if they make any plugins to safeguard against hackers?
I'm kinda paranoid about losing everything I've worked
hard on. Any tips?

Check out my blog post - dance