Sunday 21 June 2009

အဖေသို့ပေးစာ (အဖေများနေ့ အမှတ်တရ)


လူတိုင်း မိဘရှိကြပါတယ်။ မိဘရှိသူတိုင်း မိဘကျေးဇူးသိသင့်ပါတယ်။ မိဘကျေးဇူးသိတဲ့သူတိုင်း မိဘနှင့်ပတ်သက်တဲ့ နေ့ရက်တွေမှာ တစ်ခုခုနဲ့ အမှတ်အသားပြုသင့်ပါတယ်။ အခု ကျနော်လဲ ဒီကဗျာလေးနဲ့ဘဲ အဖေများနေ့ကို အမှတ်အသားပြုလိုက်ပါတယ်။

၂၀၀၈၊အောက်တိုဘာလ ၃၁ နေ့က စပ်ဆိုထားခဲ့တဲ့ ကဗျာလေးကို ဒီနေ့အဖေများနေ့အမှတ်တရအဖြစ် ပြန်တင်ပေးလိုက်ခြင်းရယ်ပါ။
........

ခုနစ်နှစ်သားအရွယ်
အတော်လေးငယ်သေးပေမဲ့
ကျနော် ကောင်းကောင်းမှတ်မိတယ်။

ညတစ်ညရဲ့ ညဥ့်ဦးယာမ်မှာ
အမေ့ရဲ့ အော်သံ အမေ့ရဲ့ ငိုသံ
အမေ့ရဲ့ ကြေကွဲသံ မိုးထက်ထက်ညံသွားလောက်ရဲ့ 
"မင်းတို့ အဖေ မရှိတော့ဘူး" တဲ့။
........................

ရင့်ကျက်မှုအပြည့်မရှိသေးတဲ့ အမေတစ်ယောက်
အရွယ်မရောက်သေးတဲ့ သားငါးယောက်နှင့်
ခရီးဘယ်လိုဆက်လျောက်ရမလဲ...အဖေ

အကြီးဆုံးအကိုက ၁၁ နှစ်
အငယ်ဆုံးညီက ၃နှစ်
အဖြစ်ကရင်နာစရာ
အဖေထွက်ခွါသွားတာစောလွန်းတယ်.. အဖေ။

အဖေမရှိတော့ပေမဲ့
အဖေရှိခဲ့တယ်ဆိုတဲ့အသိနဲ့
အဖြေမသိသေးတဲ့ အနာဂါတ်အတွက်
အမေနှင့်အတူလျောက်လှမ်းခဲ့ပါတယ်... အဖေ။

ရတက်တွေပွေလျက်နဲ့
အသက်ပင်သေသေ ကြိုးစားရုန်းကန်ခဲ့ရပေမဲ့
အဖေမမုန်းရအောင်ဆိုပြီး
အမေကတော့ အပြုံးမပျက် ပြုံးလျက်ပါဘဲလေ
အဲဒါ... အဖေပေးခဲ့တဲ့ အင်အားတွေတဲ့.. အဖေ။

အမေနေ့တိုင်းလုပ်နေတဲ့အလုပ်တစ်ခု
ငုတ်တုတ်မေ့လောက်အောင် အဖေအံ့သြသွားလိမ့်မယ်
အဖေ့အုတ်ဂူကိုနေ့တိုင်းသွား
တမလွန်ကအဖေကြားနိုင်လောက်အောင်
နာကြားဖူးသမျှတရား ပါးစပ်ဖျားကထွက်ပေါ်
အမေ့ အမျှဝေသံအဆုံးမှာ သာဓုခေါ် ဖြစ်ရဲ့ လား...အဖေ။

အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူ တော်လေးဝအမျိုးသမီးတွေလောက်
ချစ်ခရီးမှာ အချစ်မကြီးခဲ့နိုင်ပေမဲ့
အဖေ့ချစ်ဇနီးကို စိတ်သာချ
သူ့ဘ၀ တမလွန်ပြောင်းသွားတဲ့ထိ
တုမရတဲ့ အချစ်တွေနဲ့ အဖေဟာ အမေ့ရဲ့ အဖေပါဘဲ... အဖေ။

"ငါ့သားတို့ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားကြပါ"တဲ့
အဖေမသေခင် မှားထားခဲ့တဲ့စကား
သား နားဝက မထွက်ခဲ့ပါဘူး
ရည်မှန်းချက်ကြီးတဲ့ အဖေ့မှာကြားချက်
သား တစ်သက်လုံးဂုဏ်ယူနေမယ်... အဖေ။

အဖေထားခဲ့တဲ့ ဆန်စပါး
အဖေပေးခဲ့တဲ့ အင်အား
အဖေဆုံးမခဲ့တဲ့စကားတွေကြောင့်
အခုဆို
အဖေ့သား... အင်္ဂလန်ရောက်ခဲ့ပြီ... အဖေ။

ငယ်ငယ်ဘ၀ မောဟအဖုံးတွေကြောင့်
အဖေဆုံးသွားတဲ့ရက်မသိခဲ့ပေမဲ့
ဒီနေ့ဆို
အမေဆုံးသွားတာ ၈ နှစ်တိတိပြည့်ခဲ့ပြီ...အဖေ။

အဖေနေတတ် အမေလဲကျေနပ်အောင်
သားတို့ တတ်နိုင်သမျှကြိုးစားရင်း
အဖေ့အုတ်ဂူနား နောက်ထပ်အုတ်ဂူတစ်ခုတိုးခဲ့ပြီ
အဲဒါ.. အမေ့အုတ်ဂူဘဲ....အဖေ။

တကယ်လို့များ.....
ဆုတောင်းလို့ ရကြစတမ်းဆိုရင်
တစ်ခုတည်းသောဆုကို သားတောင်းပါတယ်။

ရောက်ရာဘ၀ ဖြစ်ရာဘ၀မှာ
အဖေနှင့်အမေဟာ
သားရဲ့ အဖေနှင့်အမေဘဲ ပြန်ဖြစ်လာကြပါစေသား။

(ကွယ်လွန်သူ ဖခင်ကြီး ဦးကျော်လှိုင်အား ဦးညွတ်လျက်)

.....

17 comments:

Ree Noe Mann said...

ကဗျာလေး ကိုလာခံစားသွားပါတယ်ဗျာ

ရီနို

မြူးလေး said...

ကိုကြီး

ကဗျာလေးဖတ်သွာတယ်
ကောင်တယ်
း)

Dream said...

အဖေနဲ့ အမေ ကကောင်းမွန်ရာ ဘုံဘ၀ကနေ သားလိမ္မာ ဦးကိုကိုမောင် ကိုချီးကျူးနေမှာပါ။

ခံစားချက်နဲ့ ရေးလို့ ရင်ထဲကို တန်းထိတယ်။

အဖေနဲ့ အမေ ကိုချစ်တဲ့ သားလိမ္မာတယောက်ရဲ့ ရင်ထဲက ထွက်လာတဲ့ စကားလုံးတွေကို အခုလို ကဗျာအဖြစ်နဲ့ ဖတ်ခွင့်ရတာ ၀မ်းသာပါတယ်။


အဖေနဲ့အမေ ကောင်းမွန်တဲ့ ဘုံဝကနေ သာဓုခေါ်နေမှာပါ....

မိဘကို ချစ်တဲ့ ဦးဦးလဲ စိတ်ဧ။်ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ

လင်းကြယ်ဖြူ said...

အစ်ကို့ မိဘများ မ္ဂေးရကျိုးနပ်တဲ့သား အတ္ဂက်
သူတို့တ္ဂေ ပီတိ အားလုံးရင်ကိုထိ လောက်အောင်
ဝမ်းသာနေကြပြီး ကောင်းရာမှာ စံစားနေကြမှာပါခင်ဗျာ..

မသက်ဇင် said...

ကိုကိုမောင်
ကဗျာလေးဖတ်ပြီးရင်ထဲမှာစိတ်မကောင်းဖြစ်လိုက်တာ
ဖေဖေ့အုတ်ဂူနားမှာမေမေ့ ကိုပါ ထားခဲ့ရပြီလား။
စာကြိုးစားနော်။ မိဘမဲ့လေးတွေကို ကိုယ်ချင်းစာပြီး
တတ်နိုင်သလောက် ကူညီနိုင်ရင် မိဘကျေးဇူးဆပ်နေတာ
ပါပဲ ကိုကိုမောင်ရယ်။
ခင်မင်စွာဖြင့်

ကဗျာဦး said...

ဖတ်ပြီးငိုချင်လိုက်တာ
ကဗျာရဲ့မေမေလည်းဆုံးပြီ
ဖေဖေကရှိသေးတယ်
ကဗျာဖတ်ပြီးအဖေ့ကိုပိုလွမ်းသွားတယ်
ဟင့်

ကဗျာဦး said...

ကိုမောင်
ကဗျာအသစ်တင်ထားတယ်

Apprenticeship said...

အင်း ကျမလဲ အဖေဆုံးသွားတာ ဒီနေ့အထိ ရှိတယ်လို့ ထင်နေတုံး။ တကယ်တော့ အသက်သေလျှက်ရှင်နေသူတွေပေါ့။ ကောင်းကင်ဘုံက ပြုံးနေကြမှာပါ...

သုခုမလေဒီ said...

ကဗျာလေးဖတ်ပြီး ခံစားရတယ်မောင်လေး။
အမလည်း အဖေ့ကိုသတိရဆဲမို့ ပါ။
မောင်လေးဘ၀ အဆင်ပြေပျော်ရွှင်ပါစေ။

မြစ်ကျိုးအင်း said...

ကဗျာဝတ္ထုလေးပါ ကြေကွဲစရာတွေကို စာစုလေးတွေနဲ့
ဖော်ပြသွားတာပဲ...စိတ်မကောင်းဖြစ်မိပါတယ်
ဝတ်ကျေတန်းကျေပြောတဲ့စကားမဟုတ်ပါဘူး.
မိဘကို မရှိတော့ဘူးလို့ တွေးမိရင်တောင် ကျွန်တော်
ဝမ်းနည်းတတ်ပါတယ်...။

Anonymous said...

ပထမဆုံး ဖတ်ဖြစ်တဲ့ ကဗျာလေးမှာပဲ ရင်ထဲ တော်တော်လေး ထိထိရှရှ ခံစားခဲ့ရတယ် ...
နေဒေးသစ်။

ကဗျာဦး said...

ကဗျာလာဖတ်ရင် အဖေနဲ့အိမ်ကိုလွမ်းတာသက်သာသွားတယ်

မသက်ဇင် said...

ကွန်မန်း ၁၀၀မြောက်လာတဲ့ ကိုကိုမောင်ရေ
ထပ်လာပါတယ်။
"အဖေသို့ပေးစာ (အဖေများနေ့ အမှတ်တရ)"
ကို လည်းထပ်ဖတ်ပါတယ်။
ကိုကိုမောင်စိတ်ချမ်းသာပါစေ။
လိုအင်ဆန္ဒပြည့်ပါစေ
ခင်မင်လျက်

yegyi said...

ကဗျာလေး လာဖတ်ပါတယ် နောင်တော်

flowerpoem said...

ကဗျာလေးကို ဖတ်ပြီးခံစားရပါတယ် ကိုကိုမောင်

Anonymous said...

မျက်လုံးထဲမှာ မျက်ရည်လေးတွေ လည်သွားတယ်။


ဟန်လင်း

ထင်လင်းအောင် said...

ကဗျာလေးက .......ခံစားရတယ်ဗျာ....
ကောင်းလည်းကောင်းတယ်..အကို.....
အကို အဆင်ပြေပါစေ....