Sunday 14 June 2009

ခွင့်လွတ်ပါ အဖေ (အဖေများနေ့အမှတ်တရ)

ဟုတ်သားဘဲ။
ဒီနေ့ အဖေများနေ့။ သတိရနေပေမဲ့ သတိမေ့သလို ဖြစ်နေခဲ့တယ်။ စီဘောက်ထဲ ကိုရီနိုမာန်လာရောက်သတိပေးမှဘဲ အော်... ဟုတ်ပေသားဘဲ၊ ဒီနေ့ဟာ အဖေများနေ့ပါလားလို့ အသက်ဝင်လာခဲ့မိတယ်။

အမှန်ဆို ကျနော်လဲ အများတကာလိုပါဘဲ။ အမေကို ပိုချစ်တဲ့သူပါ။ အမေဟာ ကျနော့်ဘ၀ဆိုရင် မမှားပါဘူး။ ဘ၀ကို အမေနှင့်ဖြတ်သန်းခဲ့ရတာ များခဲ့တာကိုး။
အဖေက ကျနော့်အသက် ၇ နှစ်အရွယ်ကထဲက ဆုံးပါးသွားလေတော့ အဖေဟာ ဖြူလားမဲလားတောင် ကောင်းကောင်းမသိလိုက်ရပါဘူး။

ကျနော့်ကို သဘာဝတရားက အဖေနှင့်နေခွင့် ၇ နှစ်ဘဲ ပေးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ ၇ နှစ်ဟာ ကြည်နူးမှုတွေဖြစ်ခဲ့ကြလားဆိုရင်... ကျနော် ဘယ်လို ဖြေရမှန်းတောင် မသိတော့ပါဘူး။ ကျနော်မှတ်မိစ အရွယ်မှာ အဖေက ကျနော်ထွားကျိုင်းလာတာကို ကြည့်ဖို့ အမြင်စွမ်းအား မရှိရှာတော့ဘူးလေ။
ဆီးချိုရောဂါနှင့် မျက်စိနှစ်ကွင်းလုံး အလင်းမရတော့တာပါ။

အဖေဟာ သားသမီးဇနီးတွေအပေါ် မေတ္တာအပြည့်အ၀ရှိခဲ့ပေမဲ့ သူ့ရဲ့ မေတ္တာတရားတွေကို ရဲရဲရင့်ရင့် ဖော်ပြမသွားခဲ့ရှာပါဘူး။ ဖော်ပြနိုင်စွမ်းမရှိခဲ့တာလဲ ပါမှာပေါ့လေ။ သားသမီးတွေကိုယ်တိုင်ကလဲ မေတ္တာတရားကို တစ်လွဲပေတံနဲ့ တိုင်းတာတတ်ကြလေတော့ သားသမီးတွေရဲ့  အမြင်မှာတော့ အဖေ့မေတ္တာဟာ အမေ့မေတ္တာအောက် စုန်းစုန်းမြုပ်သွားခဲ့ရရှာပါတယ်။

မေတ္တာတရားကို မုန့်ဖိုးများများပေးတာနဲ့ တိုင်းတာမလား။ အ၀တ်အစားဆင်ပေးတာနဲ့ တိုင်းတာမလား။ အစားအသောက် များများကျွေးတာနဲ့တိုင်းတာမလား။ အလိုလိုက် အကြိုက်ဆောင်တာနဲ့ တိုင်းတာမလား။
အဲဒီလို တိုင်းတာနေမယ်ဆိုရင် အဲဒီပေတံဟာ လုံးဝဥဿုံမှားယွင်းသွားပြီသာ မှတ်ပေတော့။

ဒါပေမဲ့ ကျနော်တို့ အဲဒီလိုဘဲ တိုင်းတာခဲ့ကြတယ်။ အဖေဟာ လူမမာ မျက်မမြင်။ ကျနော်တို့ကို ဘာမှမလုပ်ပေးနိုင်ဘူး။ ခိုင်းဖို့ဘဲတတ်တယ်။ ဆဲဆိုငေါက်ငမ်းဖို့လောက်ဘဲ သိတယ်။ အမေ့လို မုန့်ဖိုးမပေးဘူး။ ကျန်တာတွေဝယ်မပေးဘူး။ ထမင်းမကျွေးဘူး။ ဒါကြောင့် အဖေ့ကို အမေ့လောက် မချစ်ဘူး။
အဲဒီလို ကျနော်တို့ ကောက်ချက်ချခဲ့မိကြတယ်။

အဖေ့မှာ ကျနော်တို့ကို ချစ်တဲ့ အချစ်တွေ ပြည့်နှက်နေခဲ့တယ်ဆိုတာ ကျနော်တို့ နားမလည်ခဲ့ကြဘူး။ အလွန်ဝမ်းနည်းမိပါတယ်။ ပြည့်ဝတဲ့အဖေ့မေတ္တာဟာ ကျနော်တို့ ရင်ထဲ ပျော်ဝင်မနေခဲ့ပါဘူး။ ကျနော်တို့ဘ၀ပြဇာတ်မှာ အမေသာ ဇာတ်လိုက်ဖြစ်ခဲ့ပြီး အဖေကတော့ အရံသမားသက်သက်သာဖြစ်ခဲ့တယ်။ အရံသမားလို့ သဘောထားခံရတဲ့အတွက်လဲ အဖေဟာ အလွန်သနားစရာကောင်းသွားပါတယ်။

အမေဆုံးပြီးတစ်နှစ်ပြည့်တဲ့အချိန်မှာ အမေ့နှစ်ပတ်လည် အလှူကို ကျနော်လုပ်ပါတယ်။ ဒါပေမဲ့ အဖေ့ကို လုံးဝ သတိမရခဲ့ပါဘူး။ နောက်ပြီး နှစ်စဉ်နှစ်ပတ်လည်လုပ်တဲ့အခါမှာ အမေဘက်က ဆွေမျိုးတွေက လာပြောပါတယ်။ အမေအတွက်ချည်း ကုသိုလ်ပြုလုပ်ပေးနေရင် အဖေဘက်က ဆွေမျိုးတွေတစ်မျိုးထင်နေဦးမယ်တဲ့။ အဲဒီလောက်အထိ အဖေ့ကို မေ့နေခဲ့တာပါ။ အခုဆိုရင် နှစ်စဉ်မိဘနှစ်ပါးကို ရည်စူးပြီး ကုသိုလ်လုပ်တာ ရှစ်နှစ်တိတိရှိခဲ့ပါပြီ။

ဇာတ်လိုက်ဖြစ်ချင်ပေမဲ့လဲ ဘ၀ဇာတ်ခုံမှာ မျက်မမြင်အတွက် နေရာသိပ်မရှိခဲ့လေတော့ အဖေ့ဘ၀က ရင်နာစရာပါ။
ရင်နာပေမဲ့လဲ သားသမီးဇနီးတွေရဲ့ ရှေ့ ရေးကို အဖေလုံးဝ မမေ့ခဲ့ပါဘူး။ ကျနော်တို့ဘ၀ ရပ်တည်နိုင်အောင် သူတတ်နိုင်သလောက် လုပ်ပေးထားခဲ့ပါတယ်။

အဖေ့ကို အမေ့လောက် မချစ်မိတာ ခွင့်လွတ်ပါလို့ဘဲ တမလွန်က အဖေကို ကျနော်တောင်းပန်ချင်မိပါတော့တယ်။

"ခွင့်လွတ်ပါ... အဖေ... အဖေ့ကို အမေ့လောက် မချစ်ပေမဲ့
အဖေ့ရဲ့  တုမနှိုင်းနိုင်တဲ့ ဖခင်မေတ္တာစစ်စစ်ကိုတော့ သားဦးထိပ်ပန်ဆင်ထားပါ့မယ်"

မှတ်ချက်။
အဖေများနေ့ဟာ နှစ်စဉ် ဇွန်လ တတိယပတ် တနင်္ဂနွေမှာ ကျရောက်ပါတယ်။ ကိုရီနိုမာန် ကြိုတင်အသိပေးတာကို ကျေးဇူးတင်ပါတယ်။ တစ်ပတ်စောပြီး အမှတ်မှား အသိပေးပေမဲ့ ကျနော် တကယ်ကို ကျေးဇူးတင်ပါတယ်။ အမှန်ဆို ဒီနေ့ဟာ အဖေများနေ့ မဟုတ်သေးပါဘူး။ လာမဲ့ ၂၁ ရက်နေ့မှ အဖေများနေ့ပါ။
ကျနော်ကိုယ်တိုင်လဲ ဒီနေ့ကို အဖေများနေ့လို့ မှတ်ထင်ပြီး ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ဘာဘဲဖြစ်ဖြစ် ကျနော်ကတော့ ဒီပို့စ်လေးနဲ့ဘဲ အဖေများနေ့ကို ကြိုတင်ဂုဏ်ပြုလိုက်ပါတယ်။

.....

5 comments:

မိုးစက်အိမ် said...

အကိုရေ လာခံစားသွားပါတယ်...ဘ၀ဆက်ဆက်
အဖေ ရော အမေ ပါကျေးဇူး ဆပ်ခွင်.ဆုံနိုင်ပါ
စေလို. ဆုတောင်ပေးပါတယ် အကို...

Apprenticeship said...

ကျမတော့ အဖေ့ကို အချစ်ဆုံး ကွယ်လွန်သွားတာ ဒီနေ့အထိ အသက်ရှင်တုံး ကျွန်မအတွက် :) အဖေနားလည်မှာပါ... ဟိနောက် အဖေဖြစ်လာရင် သားသားတွေ သိပ်မချစ်ရင်တော့လဲ ခွင့်လွတ်လိုက်နော့ သဘာဝပဲလေ.. သမီးတွေက အဖေကို ပိုချစ်ပီး သားတွေက အမေကို ပိုချစ်တတ်တယ်။ :)

flowerpoem said...

ရင်ထဲမှာ အဖေများနေ့ အမြဲရှိပါစေဗျာ

မသက်ဇင် said...

"ခွင့်လွတ်ပါ... အဖေ... အဖေ့ကို အမေ့လောက် မချစ်ပေမဲ့
အဖေ့ရဲ့  တုမနှိုင်းနိုင်တဲ့ ဖခင်မေတ္တာစစ်စစ်ကိုတော့ သားဦးထိပ်ပန်ဆင်ထားပါ့မယ်"

အဲဒီစာသားလေးမြင်တော့ အဖေချစ်တဲ့ကျမ
ဝမ်းနည်းလိုက်တာ
ကျမကအဖေကိုပိုချစ်တယ်
ပျော်ရွှင်ပါစေ

Anonymous said...

ခွှင့်လွှတ်ပါတယ်

လူလေးရယ်