Thursday, 3 June 2010

ရွာသူကြီး ကိုကိုမောင် ဖြတ်ထုံး

နေလုံးကြီးစုံးစုံးမြှုပ်မ၀င်မီ လမင်းကြီးပြူထွက်စပြုသောနေ့၌ ဘဏ်သူဌေးကြီးကိုကိုမောင်တစ်ယောက် ရာထူးတစ်ခု လက်ခံရရှိလိုက်၏။ ရွာသူကြီးရာထူးတဲ့။ တုံးဖလားရွာကြီးကို အုပ်ချုပ်ခြယ်လှယ်ရမည့် ရွာသူကြီးပင်။ ရာထူးကြီးလျင် ကြေးကြီးကြီးထည့်ဝင်လှူဒါန်းရသည့် ခေတ်ကာလမို့ ၄င်းရာထူးအား မည်သည့်သူမျှ လိုချင်တပ်မက်မောလေ့မရှိပေ။ ထို့ကြောင့်ပင် ငွေကြေးအင်အားတောင့်တင်းသည့် ကိုကိုမောင်လက်ထဲသို့ ထိုရာထူးကြီး ဆိုင်းမဆင့်ဘုံမဆင့် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိခဲ့ခြင်းပင်တည်း။ အိမ်ခြေ သုံးထောင်မဟုတ် သုံးရာမဟုတ် သုံးဆယ်မျှသာရှိသောရွာ၌ ရွာသူကြီးတစ်ယောက်၏ တာဝန်သည်ကား စကြာဝတေးမင်း၏ တာဝန်ထက်ပင် ကြီးမားပြီးအရေးကြီးလျက်ရှိချေတော့သည် တမုံ့။

ရွာလုံခြုံရေးအတွက် အိမ်တိုင်းစေ့ခြံကာခြင်းနှင့်ရွာပတ်လည်ခြံခတ်ခြင်း၊ မီးကင်းချထားရခြင်း၊ ကျွဲတင်းကုတ် နွားတင်းကုတ်များ တည်ဆောက်ပေးရခြင်း၊ ရွာဦးကျောင်းဆောက်လုပ်ရေး၌ ကြီးကြပ်ပေးရခြင်း စသည့်စသည့် မဟာ့မဟာတာဝန်များသည် ရွာသူကြီးကိုကိုမောင်၏ ဦးခေါင်းထက်၌ပင် ရှိနေလေ၏။ အဆိုးဆုံးမှာ ရွာ၌ဖြစ်ပေါ်သည့်မှုခင်းကိစ္စတို့ကို ဖြေရှင်းပေးရခြင်းပင်ဖြစ်၏။ ယုတ်စွအဆုံး အငြင်းအခုန်ဖြစ်ပွါးနေလျင်ပင် ရွာသူကြီးက ဆင့်ခေါ်ပြီး ကိုင်တွယ်ဖြေရှင်းပေးရခြင်းပင် ဖြစ်လေ၏။ တာဝန် ကြီးမားလှပေစွ။

တစ်နေ့သောအခါ လူသုံးယောက်တို့သည် ရွာထဲ၌ အပြင်းအထန် အငြင်းအခုန်ပြုလုပ်နေကြလေ၏။ ကိုယ်ကအမှန် ကျန်တဲ့သူများက အမှားဟူ၍ သူတို့အားလုံးယူဆထားကြလေ၏။ ဘယ်သောအခါမှ ပြီးဆုံးမည်မဟုတ်သည့် ငြင်းခုန်ပွဲကြီးပင်တည်း။ ထိုသုံးယောက်တို့မှာ ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင် တို့ပင်ဖြစ်လေ၏။ ပို၍ဆိုးသည်မှာ ထိုသုံးယောက်လုံးပင် ဘိလပ်ပြန်တွေချည်းဖြစ်နေခြင်းပင်။ ဘိလပ်ခေါ် အင်္ဂလန်နိုင်ငံသို့ ကောက်စိုက်ခြင်း အတတ်ပညာ၊ တောင်ယာခုတ်ခြင်းအတတ်ပညာနှင့် ကျွဲကျောင်းနွားကျောင်း အတတ်ပညာတို့ကို သွားရောက်သင်ယူပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် မာစတာဘွဲ့ကြီးများကို အသီးသီး ပိုက်ထွေးကာ တုံးဖလားရွာကြီးသို့ ပြန်လည်ရောက်ရှိလာကြသောသူများပင်ဖြစ်လေ၏။

သက်ဆိုင်ရာ ပညာတို့ကို သင်ယူပြီးသူအချင်းချင်းမို့ မာန်မာနတွေ တစ်လွင့်လွင့်ထူကာ ရွာသူကြီးရာထူးကိုပင် သူတို့၏ ဂုဏ်သိက္ခာအရ လိုချင်နေသူများဖြစ်လေ၏။ သို့သော် သူတို့၏ ငွေကြေးပမာဏသည် ဘဏ်သူဌေး ကိုကိုမောင်၏ လဘက်ရည်ဖိုးမျှပင် မပြည့်မီချေ။ ပညာအဆင့်အတန်းအနေနဲ့ဖြင့်လည်း သူကြီးကိုကိုမောင်သည် ဘိလပ်ပြန်များထက် နှာတစ်ဖျားသာသည်ဟုဆိုရမည်ဖြစ်၏။ ဖြီးတတ်ဖျန်းတတ် ရွှီးတတ်လှီးတတ်လေ၏။ ကြုံရင်ကြုံသလို ရွှီးတတ်သော သူကြီးကိုကိုမောင်ကို ရွာသူရွာသားများက ကွယ်ရာ၌ ကိုကြုံရွှီး ဟူ၍ ချစ်စနိုးပင်ခေါ်ကြလေသေးသတတ်။ ထိုသို့သောအကြောင်းများကြောင့်ပင် ရွာသူကြီးရာထူးကို ရွာလုံးကျွတ်မျှ ကန့်ကွက်သူမရှိဘဲ ကိုကိုမောင်လက်ထဲသို့ ယုံကြည်အပ်နှံလိုက်ခြင်းပင်ဖြစ်လေ၏။

ဘိလပ်ပြန် ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့ ငြင်းခုန်နေကြသည့် ပြဿနာမှာ မိတ်အင်တုံးဖလားဖြစ်မဟုတ်ချေ။ ဘိလပ်ဖြစ် ပြဿနာကြီးပင်ဖြစ်၏။ သူတို့ပြောဆိုငြင်းခုန်နေကြသည့် စကားတို့မှာ...

"ဘိလပ်ဆိုတာ အ၀တ်မ၀တ်ထားတဲ့ ငါးဖောင်ရိုးအမျိုးသမီးတစ်ယောက်လို ရိုးတံပြိုင်းပြိုင်းကြီးပါကွာ"

"မဟုတ်ဘူး ပေါက်ကျော် မင်းမှားနေတယ်။ အမှန်က ဘိလပ်ဆိုတာ ကျောင်းစိမ်းဝတ်ထားတဲ့ ကျောင်းသူခပ်ချောချောခပ်တောင့်တောင့်တစ်ယောက်လို စိမ်းလန်းစိုပြေလှပပြီး ရှုချင့်စဖွယ် တင့်တင့်တယ်တယ်ပါ"

"မင်းတို့မှားနေတယ် ပေါက်ကျော်နှင့်တောက်ထိန်။ တကယ်ဆို ဘိလပ်ဆိုတာကြီးဟာ မေမြို့ရုက္ခဗေဒဥယျာဉ်ကြီးလို ပန်းပေါင်းစုံဝန်းရံခနေတဲ့ နတ်ဘုံဗိမာန်ကြီးတစ်ခုဘဲ ဖြစ်ပါတယ်"

"မင်းတို့မှားနေတယ်"

"မဟုတ်ဖူး မှားနေတာက မင်းတို့"

"တကယ်မှားနေတာက မင်းတို့"

ဤသို့ဤနှယ် ပဋိစ္စသမုပ္ပါဒ်သံသရာငြင်းခုန်ပွဲကြီးသည် တုံးဖလားရွာတင်မကဘဲ ရွာနီးစပ်ရွာများနှင့် မြို့နယ်အဆင့်သို့ပင် ကူးစက်သွားလေတော့၏။ ပေါက်ကျော်ဆွေမျိုး၊ တောက်ထိန်ဆွေမျိုး၊ တိုးမောင်ဆွေမျိုး ဟူ၍ အုပ်စုကြီးပင် သုံးစုလောက် ကွဲစပြုနေလေပြီ။

"ကဲပါကွာ.. ဒီပြဿနာကို တို့ချည်း ငြင်းခုန်နေရင်တော့ ပြီးဆုံးမဲ့ ကိန်းမမြင်ချေဖူး။ ရွာသူကြီးထံ အဆုံးအဖြတ်ခံကြမယ်။ ဘယ်လိုလဲ"

"ရွာသူကြီးကကော ဘာသိမှာမို့လဲ။ ဘိလပ်အကြောင်းကို တို့လောက်တောင် သိချင်မှ သိမှာ"

"ဟာ.. အဲဒီလိုတော့ မပြောနဲ့ကွ။ သူဖတ်တဲ့ စာအုပ်တွေက ဓမ္မသတ်၊ ရာဇသတ်၊ အကုန်သတ်ဆိုတဲ့ စာအုပ်ထူထူကြီးဟ။ ဟိုတစ်နေ့ကတောင် ကောလင်းသွားတဲ့လူကြုံကို ၀ိနည်းအဆုံးအဖြတ်ကျမ်းဆိုလား မသိဘူး။ မှာလိုက်သေးတယ်"

"ကဲပါ.. ဒါဖြင့်လဲ ရွာသူကြီးဆီမှာဘဲ အဆုံးအဖြတ်ခံကြတာပေါ့။ သမာသမတ်ကျကျဆုံးဖြတ်နိုင်တယ်ဆိုရင်တော့ တို့အားလုံး လက်ခံကြတာပေါ့ကွာ။ အေး.. တကယ်လို့ မဆုံးဖြတ်ပေးနိုင်ဘူးဆိုရင်တော့ သူ့ကို ရွာသူကြီးရာထူးက အတင်း ဖြုတ်ချပြီး တို့ထဲက နိုင်တဲ့သူ ရွာသူကြီးလုပ်ကြစတမ်းပေါ့။ ဟုတ်ပြီလား"

"ကောင်းပါပြီ... ကောင်းပါပြီ။ အဲဒီလိုဘဲ လုပ်ကြတာပေါ့"

နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့..... အဲ အဲ... ယောင်လို့... နောက်ဆုံး၌ ထိုပြဿနာကို ဖြေရှင်းပေးရန် ရွာသူကြီး ကိုကိုမောင်ထံပါးသို့ သုံးယောက်သား အထောက်အထားများစွာဖြင့် ဆိုက်ရောက်လာခဲ့ကြလေတော့၏။ ကိုကိုမောင်တစ်ယောက် ရှင်ပြုသည့်နှစ်မှ ၀ါကြီးထပ်လေပြီ။ ဦးဏှောက် ခြောက်ရလေပြီတည်း။

အမှုဆုံးဖြတ်မည့်ရက်၌ အိမ်ခြေသုံးဆယ် လူဦးရေ နှစ်ရာခန့်ရှိသော တုံးဖလားရွာသူရွာသားများအားလုံး ရွာသူကြီး ကိုကိုမောင်အိမ်ဝင်းထဲသို့ ရောက်ရှိနေကြလေပြီ။ အိမ်မဆန့်၍ အိမ်ဝင်းထဲ၌ ယာယီမဏ္ဍပ်ထိုးပေးထားရ၏။ ပေါက်ကျော် တောက်ထိန် တိုးမောင်တို့သည်လည်း ရွာသူကြီးကိုကိုမောင်ရှေ့ မှောက်၌ အထောက်အထားနှင့်တကွ သက်သေပြရန် အဆင်သင့်ဖြစ်နေလေပြီ။ ရွာသူကြီးကိုကိုမောင်သည် ရွာသူကြီးရာထူးကို ရယူထားလင့်ကစား လူပျိုလူလွတ်ကြီးတစ်ယောက် ဖြစ်နေသည်ကတစ်ကြောင်း၊ မိဘနှစ်ပါးမရှိတော့ဘဲ တစ်ယောက်တည်းတစ်ကောင်ကြွက်ဖြစ်နေသည်ကတစ်ကြောင်း၊ လူများကို လွန်စွာအားနာတတ်သည်ကတစ်ကြောင်းတို့ကြောင့် အမှုဆုံးဖြတ်ပေးဖို့ ရာဇသတ် ဓမ္မသတ် အကုန်သတ် ၀ိနည်းအဆုံးအဖြတ် ကျမ်းကြီးတို့ကို ဖတ်လိုက်၊ ရောက်ရှိလာကြသည့် ရွာသူရွာသားများကို ထမင်းကျွေးမွေးရန် မီးဖိုချောင်တွင်းဝင်ကာ ထမင်းဟင်း ချက်ပြုတ်လိုက်ဖြင့် အလုပ်အရှုပ်ကြီး ရှုပ်နေချေတော့၏။

အမှုအဆုံးအဖြတ်ကို စိတ်ဝင်စားသည်ကတစ်ကြောင်း၊ ရွာသူကြီးကိုကိုမောင်တည်ခင်းကျွေးမွေးလေ့ရှိသည့် (အားနာ၍ကျွေးခြင်း :D) အစားအသောက်ကောင်းများကို အ၀အပြဲစားလိုသည်ကတစ်ကြောင်း တို့ကြောင့် ရွာသူရွာသားများသည် ရွာလုံးကျွတ် မီးခိုးတိတ် တံခါးပိတ်လာရောက်ကြခြင်းပင်ဖြစ်လေ၏။ ဂေါ်မစွံသည့် လူပျိုသိုးကြီးများသည်လည်း အပျိုတွေစုံတုန်း ရိသဲ့သဲ့လုပ်ဖို့လာရောက်ကြ၏။ အလောင်းအစားဝါသနာပါသည့်သူများလည်း ပေါက်ကျော် ၃လေး ၁လေး၊ တောက်ထိန် ၅လေး ၃လေး၊ တိုးမောင် ၇လေး ၅လေး စသည့် လောင်းကစားဘွတ်ကီများဖွင့်ကြလေ၏။ ထိုကြားထဲမှာပင် နှစ်လုံးသုံးလုံးရောင်းသူများသည်လည်း အလုပ်အကိုင်ဖြစ်နေကြ၏။ အတော်လေး အားကျဖို့ကောင်းသည့် လူတွေပါတကား။

ရွာသူကြီးကိုကိုမောင်တစ်ယောက် အကျွေးအမွေး အဆေးအကြော အားလုံးပြီးဆုံးသည့်နောက် ချွေးပြန်နေသည့် မျက်နှာပြင်ကြီးကို မရမ်းကုန်းအထည်ချုပ်စက်ရုံဖြစ် သဘက်ကြမ်းကြီးဖြင့် ခပ်ဖိဖိသုတ်သင်လိုက်ပြီး တရားခွင်သို့ ရောက်ရှိလာလေ၏။ ရွာဆော်မောင်းကြီးကို ဒူ ကနဲ ထုကာ အမှုစတင် စစ်ဆေးတော့မည်ဖြစ်ကြောင်း ကြေငြာလိုက်လေ၏။ ရွာသူရွာသားများ အားလုံးတိတ်ဆိတ်ငြိမ်သက်စွာ နားစွင့်နေကြလေ၏။ ထိုအခိုက်၌ အပျိုကြီးဂွမ်းပုံမှ ဘူ ကနဲ ကျယ်လောင်စွာ လေလည်လိုက်သည့်အတွက် ပရိသတ်များအားလုံး ၀ါးဟားဟား ဖြစ်သွားကြလေတော့၏။ အပြစ်တင်သူတင် နှာခေါင်းရှုံ့ သူရှုံ့ ဖြင့် တစ်ဖန် တိတ်ဆိတ်စွာ တရားခွင်ကို စောင့်မျှော်နေကြလေတော့သတည်း။

ရွာသူကြီး ကိုကိုမောင်၏ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏

"ကဲ.. ပေါက်ကျော်.. မင်းပြဿနာကို မင်းအရင်တင်ပြ..."

"ဒီလိုပါ ရွာသူကြီး၊ ကျနော်မျိုးက ဘိလပ်နိုင်ငံဟာ ရိုးတံကျဲကျဲနဲ့ ရုပ်ပျက်ဆင်းပျက်ရှိကြောင်းပြောပါတယ်။ အဲဒါကို တောက်ထိန်နှင့်တိုးမောင်တို့က ကန့်ကွက်ကြတယ်။ ဘိလပ်ဟာ မင်းပြောသလို မဟုတ်ဘူးတဲ့"

"ဒါဆို မင်းက မင်းပြောတာ မှန်ကန်ကြောင်း ဘယ်လို သက်သေပြမလဲ"

"မယုံရင် ဒီမှာ ကြည့်ပါ သူကြီးမင်း"

ထိုသို့ပြောပြီး ပေါက်ကျော်တစ်ယောက် ဘိလပ်သွားစဉ်က သူရိုက်ယူလာခဲ့သည့် ဓါတ်ပုံအား ထုတ်ပြလေတော့၏။ ဓါတ်ပုံကို ကြည့်ပြီး ရွာသူကြီးကိုကိုမောင်က....

"အေး... မင်းဓါတ်ပုံတွေအရဆိုရင်တော့ မင်းကမှန်နေတာဘဲ။ ဒါနဲ့ နေပါဦး။ ဒီဓါတ်ပုံကို မင်းကိုယ်တိုင် ရိုက်ယူလာခဲ့တာတော့ ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ် သူကြီးမင်း။ ကျနော်မျိုးရဲ့မိဘတွေက ကျွဲတစ်ရှဉ်းရောင်းပြီး ၀ယ်ပေးခဲ့တဲ့ ကျနော်မျိုးပိုင် ကင်နွန်ကင်မရာကြီးနဲ့ ရိုက်လာခဲ့တဲ့ပုံပါ သူကြီးမင်း"

"အေး... မင်းပြောတာ ယုတ္တိရှိတယ်"

ထိုအခိုက် တောက်ထိန်နှင့်တိုးမောင်တို့က...

"သူကြီး... အဲဒီလိုတော့ တစ်ဖက်သတ် မဆုံးဖြတ်ပါနဲ့၊ ကျနော်တို့မှာလဲ ကျနော်တို့မှန်ကန်ကြောင်း အထောက်အထားရှိပါတယ်"

ရွာသူကြီးကိုကိုမောင်သည် မောင်းကို ဒူ ကနဲမြည်အောင် ခပ်နာနာထုလိုက်ပြီး--

"မင်းတို့ကို မေးမှ ဖြေပါ။ ကြားဝင်မစွက်ပါနဲ့။ နောက်တစ်ခါ ၀င်စွက်ရင် ၀င်စွက်တဲ့သူ အရှုံးဘဲ"

ဟူ၍ ခြောက်လန့်ပြီး အမှုကို ဆက်လက်စစ်ဆေးနေလေတော့၏။ အတန်ငယ်စစ်ဆေးပြီးနောက်....

"ကဲ... တောက်ထိန်.. မင်းပြဿနာကို တင်ပြနိုင်ပြီ"

"ကျနော်မျိုးက ဘိလပ်ဆိုတာ စိမ်းလန်းစိုပြေနေတဲ့အရပ်တစ်ခုပါလို့ပြောပါတယ်။ အဲဒါကို သူတို့နှစ်ယောက်က မဖြစ်နိုင်ဘူးဆိုပြီး အကျောက်အကန်ငြင်းခုန်ပါတယ် သူကြီးမင်း။ ကျနော်မျိုးမှာလဲ ဓါတ်ပုံအထောက်အထား ရှိပါတယ်။ ဒီမှာ ကြည့်ပါ"

"ဟေ... မင်းတင်ပြပုံအရဆိုရင်လဲ ဟုတ်တုတ်တုတ်ဘဲ။ ဒါနဲ့... မင်းကကော ဒီဓါတ်ပုံကို ကိုယ်တိုင် ရိုက်ယူလာတာလား"

"ဟာ... သူကြီးမင်းကတော့ လုပ်ပြီ။ စပါးပေါ်တဲ့အခါ အကြေဆပ်မယ်ဆိုပြီး ရွာတောင်ပိုင်းက မောင်ပိုဆီမှာ ငွေသုံးသိန်းချေးပြီး ၀ယ်ထားတဲ့ ဆိုနီ ကင်မရာကြီးနဲ့ ကိုယ်တိုင် ရိုက်လာတာပါဗျ။ ဓါတ်ပုံအောက်ခြေမှာ ဓါတ်ပုံရိုက်တဲ့ ရက်စွဲတွေတောင် ပါသေးတယ်။ သူကြီးမင်း ကြည့်ရှုစစ်ဆေးနိုင်ပါတယ်"


"အေး..အေး.. မင်းလဲ ယုတ္တိရှိနေသားဘဲ"

ပေါက်ကျော်နှင့်တောက်ထိန်ကို စစ်ဆေးပြီးနောက်...

"ကဲ... တိုးမောင်... မင်းအလှည့်ရောက်ပြီ၊ မင်းပြဿနာကို တင်ပြပေတော့"

"ဒီလိုပါ သူကြီးမင်း။ ကျနော်မျိုးက ဘိလပ်ဆိုတာ ပန်းပေါင်းစုံပွင့်ဖူးနေတဲ့ ပျော်မွေ့ဖွယ်ဘုံဌာနတစ်ခု ပါဘဲ လို့ ပြောပါတယ်။ အဲဒါကို သူတို့က ယုတ္တိမရှိဘူးဆိုပြီး ငြင်းပါတယ်။ ကျနော်မျိုးမှာလဲ အထောက်အထားရှိပါတယ်။ ဒီဓါတ်ပုံကို ရှုလှည့်ပါ သူကြီးမင်း"

"ဟေ.... မင်းလဲ ခပ်ဟုတ်ဟုတ်ပါဘဲလား။ ဒါနဲ့.. မင်းလဲ မင်းကိုယ်တိုင် ရိုက်လာခဲ့တဲ့ ဓါတ်ပုံတော့ ဟုတ်ပါတယ်နော်"

"ဟာ.. သူကြီးမင်းကလဲ အထင်သေးလိုက်တာ။ ဘိလပ်သွားခါနီး ကျနော့်ဆွေမျိုးတွေ စုပြီး ၀ယ်ပေးခဲ့တဲ့ အိုလံပတ်စ် ကင်မရာကြီးနဲ့ ကိုယ်တိုင် ရိုက်လာခဲ့တာပါဗျ။ ဒါတောင် ဘိလပ်မှာ တစ်ပတ်နှစ်ရက်ဖွင့်တဲ့ ကားဘု(တ်) ဈေးထဲက ၀ယ်ထားတဲ့ ကောန်ကော့ဒါနဲ့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေ ပျက်သွားလို့ မတင်ပြနိုင်တာ။ နို့မို့ဆိုရင် ကျနော်မျိုးသက်သေက ပိုခိုင်မာမှာ သေချာတယ်"

ရွာသူကြီးကိုကိုမောင်သည် အမှုသည်တို့ကိုတစ်လှည့်၊ သူတို့တင်ပြသည့် ဓါတ်ပုံတို့ကို တစ်လှည့်၊ လာရောက်နားထောင်နေကြသည့် ရွာသူရွာသားများကိုတစ်လှည့် ကြည့်ကာ ပြဿနာ၏ ဇာစ်မြှစ်အမှန်ကို မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေလေ၏။ ရွာသူရွာသားများနှင့်အမှုသည်တို့သည်လည်း ရွာသူကြီးကိုကိုမောင်၏ အဆုံးအဖြတ်ကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နားစွင့်နေကြလေ၏။ အမှားအမှန် ကောက်ချက်ချရန် ရွှေဥာဏ်တော်ကို များစွာအသုံးချရသည့်အတွက် ရွာသူကြီးကိုကိုမောင်၏ လက်ကတီးကြားတို့၌ ချွေးသီးချွေးပေါက်တို့ ကွန်းခိုနေကြလေ၏။ နောက်ဆုံး၌.....

"ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့၏ အမှုသည် တိမ်သယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက်၊ အချက်ချချလေ့လာဆုံးဖြတ်ဖို့ လိုအပ်ပါသောကြောင့် ဤအမှုကို ဆက်လက်စစ်ဆေးရန် ရက်အကန့်အသတ်မရှိ ရွှေ့ ဆိုင်းလိုက်သည်... သူကြီး အမိန့်..."

ဟူ၍ တဒင်္ဂအခက်အခဲကို ထိုသို့သောနည်းဖြင့် ဖြေရှင်းလိုက်ရလေတော့၏။ အမှုသည်တို့နှင့်ရွာသူရွာသားများသည် ....

"ဟာ.."

"ဟင်... အို..."

"ဘယ်လိုကြီးလဲ..."

"ရွာသူကြီးကိုယ်တိုင်တောင် မဖြေရှင်းနိုင်ဘူးဆိုတော့ ပေါက်ကျော်တို့ တောက်ထိန်တို့ တိုးမောင်တို့က အရမ်းတော်တာဘဲ..."

"ရွာသူကြီး ကိုကိုမောင်လဲ တော်ပါတယ်။ အခြေအနေအရ ခဏဆိုင်းထားတာ ဖြစ်မှာပါ"

ထိုကဲ့သို့ တစ်ယောက်တစ်ပေါက် အော်ဟစ် ပြောဆို ညည်းညူကြရင်း မိမိတို့၏ အိမ်ဂေဟာ အသီးသီးတို့ ပြန်သွားကြလေ၏။ လောင်းကစားဒိုင်များသည်လည်း အဖြေမှန်မပေါ်ခဲ့သည့်အတွက် ငွေများပြန်အမ်းပေးရကာ စိတ်အညစ်ကြီးညစ်နေကြလေတော့၏။

ထိုည၌ ရွာသူကြီး ကိုကိုမောင်တစ်ယောက် အိပ်၍မပျော်နိုင်ပေ။ ခေါင်းအုံးပေါ် နဖူးတင်ပြီး ပြဿနာ၏ အတိမ်အနက်ကို အနုလုံ ပဋိလုံစဉ်းစားပြီး ခေါင်းရှုပ်နေ၏။

"ငါက ရွာသူကြီး၊ ရွာသားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရမယ်။ မဟောသဓာတောင် ပြဿနာပေါင်းစုံကို သွေးအေးအေးနဲ့ ဖြေရှင်းနိုင်ခဲ့သေးတာဘဲ၊ ငါက ဘာဖြစ်လို့ မဖြေရှင်းပေးနိုင်ရမှာလဲးဝ)၊ ငါ အဆင်ပြေအောင် ဖြေကို ဖြေရှင်းပေးမှ ဖြစ်မယ်။ ဒီပြဿနာက ဘိလပ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်နေတယ်။ ငါကိုယ်တိုင် ဘိလပ်ကို မရောက်ဖူးတာက ခက်နေတယ်။ ဒီတော့ ငါကိုယ်တိုင် ဘိလပ်ကို သွားမယ်။ အခြေအနေမှန်ကို စုံစမ်းဖော်ထုတ်မယ်။ ပြီးတော့ ဘိလပ်သားတွေ မြေကျင်းတူးတာတော်တယ်လို့ ကြားဖူးတယ်။ မြေအောက်ရထားတွေလဲ ရှိတယ်တဲ့။ မြေအောက်ကို ပေ လေးငါးရာ တူးပြီး ဖောက်လုပ်ထားတာတဲ့။ ဒီတော့ အဲဒီမှာ မြေတူးတဲ့ပညာသင်ယူရမယ်။ ဒါမှ ရွာမှာ သောက်ရေအတွက် ရေတွင်းတွေကို သေသေသပ်သပ် တူးနိုင်မှာ။ ဟုတ်ပြီ။ ဒီအကြံမဆိုးဘူး။ ဘိလပ်ကို ငါ ကိုယ်တိုင်သွားမယ်"

ထိုသို့ကဲ့သို့ စဉ်းစားဆုံးဖြတ်ပြီး ရွာသားများအားလုံး၏ သဘောတူညီချက်အရ ဘိလပ်ပြန် ပေါက်ကျော်၊ တောက်ထိန်နှင့် တိုးမောင်တို့အား ရွာကို လေးလတစ်ကြိမ် အလှည့်ကျ ကောင်းကောင်းမွန်မွန်အုပ်ချုပ်စေပြီး ဘဏ်တိုက်ထဲမှ စတာလင်ပေါင် သုံးသောင်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ အနည်းငယ်တို့ကို ထုတ်ယူပြီး ရန်ကုန်၌ ယူအက်စ်ဒေါ်လာနဲ့ လှဲလှယ်ကာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ၌ ရန်ကုန်-ဗန်ကောက်-လန်ဒန် တီဂျီလေကြောင်းဖြင့် ဘိလပ်သို့ ရွာသူကြီးကိုကိုမောင် ချီတက်လာခဲ့လေ၏။

ယခုဆိုလျှင် ရွာသူကြီးကိုကိုမောင်တစ်ယောက် ဘိလပ်သို့ရောက်ရှိနေသည်မှာ နှစ်ပရိစ္ဆေဒအားဖြင့် သုံးနှစ်ခန့်ရှိလေပြီ။ ရေတွင်းတူးသည့်ပညာရပ်၌လည်း မာစတာဘွဲ့ရခါနီးနေလေပြီ။ ဘိလပ်ရာသီဥတုများစွာကိုလဲ ကိုယ်တိုင်ကြုံခဲ့ဖူးလေပြီ။ ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့၏ ပြဿနာကို ဖြေရှင်းပေးဖို့ အရည်အချင်းလည်း အပြည့်အ၀ရရှိပြီးဖြစ်လေပြီ။ ပညာစုံသလောက် ဖြစ်သွားလေပြီတည်း။

ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့၏ တင်ပြချက်သည် အားလုံးမှန်ကန်နေလေ၏။ သို့သော် သူတို့၏ အယူအဆသည် အားလုံး မှားယွင်းနေလေ၏။ ပေါက်ကျော်သည် ဘိလပ်သို့ ဆောင်းတွင်းကာလ၌ ရောက်ရှိခဲ့မည်ဖြစ်၏။ ထို့ကြောင့် အအေးဒဏ်ကို မခံနိုင်သည့်အတွက် အရွက်အားလုံး မြေခကြွေကျနေသည့်အတွက် ဘိလပ်က သစ်ပင်များ ရိုးတံကျဲကျဲ ဖြစ်နေခြင်းဖြစ်ရာ၏။ ထိုသို့သူတွေ့ကြုံခဲ့သည့် အတွေ့အကြုံကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ငြင်းခုန်နေခြင်းဖြစ်တန်ရာ၏။ တောက်ထိန်သည် ဘိလပ်သို့ နွေရာသီ၌ ရောက်ရှိခဲ့မည်ဖြစ်၏။ နွေရာသီ၌ ဘိလပ်ရှိ သစ်ပင်များအားလုံး အရွက်စိမ်းလန်းစိုပြေနေကြ၏။ နေဓါတ်ရ၍ အရွက်အခက်များ တူရရူထွက်နေကြ၏။ ထို့ကြောင့် သူသည် သူ၏အမြင်ကို မစွန့်လွတ်နိုင်ခြင်းဖြစ်တန်ရာ၏။ တိုးမောင်သည် ဘိလပ်သို့ နွေဦးကာလ၌ ရောက်ရှိခဲ့မည်ဖြစ်၏။ ထိုနွေဦးကာလတွင် ဘိလပ်၌ ပန်းပေါင်းစုံပွင့်ဖူးကြ၏။ အပွင့်ရှိသည့်အပင်မှန်သမျှ အားလုံးညီညီညာညာတစ်ချိန်တည်းလိုလို ဖူးပွင့်ကြ၏။ ထိုအတွေ့အကြုံကြောင့် သူသည်လည်း အကျောက်အကန် ငြင်းခုန်နေခြင်း ဖြစ်တန်ရာ၏။ သူတို့အားလုံးမှန်ကန်သော်လည်း လှေနံဓါးထစ် မှတ်သားထားသည့်အတွက် သူတို့ အားလုံး မှားယွင်းကြ၏။
...

ရွာသူကြီးကိုကိုမောင်သည် သူ၏အဘိုးဖြစ်သူ မဟာကိုကိုမောင်၏ ပြောစကားများကို အမှတ်ရမိနေလေ၏။
တစ်နေ့၌ လူကြီးတစ်ယောက်သည် သားသုံးယောက်တို့ကို မေးခွန်းတစ်ခု မေးလေသတတ်။ သားတို့ ပေါက်ပင်ဆိုတာ ဘယ်လိုဟာကြီးလဲဟူ၍။ နွေကာလ၌ ပေါက်ပင်နားရောက်ဖူးခဲ့သည့် သားတစ်ယောက်သည် ပေါက်ပင်ဆိုတာ အရွက်မရှိ အရိုးသက်သက်မျှသာ ဖြစ်ချေ၏ဟု ဖြေသတတ်။ မိုးကာလ၌ ပေါက်ပင်နားသို့ ရောက်ဖူးသည့် အခြားသားတစ်ယောက်သည် ပေါက်ပင်ဆိုသည်မှာ အရွက်တို့ဖြင့်စိမ်းလန်းတင့်တယ်နေသည့်အပင်ကြီးတစ်ပင်ပင် ဖြစ်ချေ၏ဟု ဖြေဆိုသတတ်။ ဆောင်းကာလ၌ ပေါက်ပင်အနီးသို့ ရောက်ခဲ့ဖူးသည့် နောက်ဆုံးသားတစ်ယောက်ကမူ ပေါက်ပင်ဆိုတာ နီနီရဲရဲပွင့်နေသည့်ပွင့်ချပ်များ ပြည့်လျှမ်းနေသည့် သစ်ပင်ကြီးပင်တည်း ဟု ဖြေဆိုသတတ်။ ထိုအခါ၌ အဖေဖြစ်သူသည် သားသုံးယောက်တို့အား အဖြေမမှားသော်လည်း ဗဟုသုတနည်းပါးလွန်းသည်ဟု ကဲ့ရဲ့လေသတတ်။ ထို့နောက် ရာသီအလိုက်ပြောင်းလဲတတ်သည့် သစ်ပင်သဘာဝတို့ကို သားသုံးယောက်တို့အား ကျကျနနရှင်းပြလေသတတ်။
...

ရွာသူကြီး ကိုကိုမောင်သည် ရေတွင်းတူးသည့် အတတ်ပညာလေးဖြင့် အားရတင်းတိမ်မှုမရှိနိုင်သေးဘဲ ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့ ဤဘိလပ်၌ လေ့လာဆည်းပူးခဲ့သည့် ပျိုးနှုတ်ကောက်စိုက်/ရိပ်သိမ်းအတတ်ပညာ၊ တောင်ယာခုတ်/စိုက် အတတ်ပညာ၊ ကျွဲ/နွားကျောင်းသည့်အတတ်ပညာတို့ကို ဆက်လက်လေ့လာပြီး ထို ပညာရပ်တို့ဖြင့် ပီအိပ်ခ်ျဒီ ရယူရန် တာစူနေလေ၏။ သို့မှသာ သူတို့သုံးယောက်တို့ထက် ပညာသာလွန်ပေမည်တည်း။

ရွာသူကြီးကိုကိုမောင်သည် ဘိလပ်ပြန်များ၏ ဘိလပ်အဓိပ္ပါယ်ဖွင့်ဆိုမှု ပြဿနာကို ကျကျနနဖြေရှင်းပေးနိုင်သည့် အခြေအနေတွင် ရောက်ရှိနေလေ၏။ ထို့ကြောင့် စိတ်ထဲတွင် အောက်ပါကဲ့သို့ ရွတ်ဆိုနေမိလေ၏။

"ပေါက်ကျော်... မောင်မင်းသည်.. ဘိလပ်သို့ ဆောင်းကာလအတွင်း ရောက်ရှိခဲ့၍ ဆောင်း၏သင်္ကေတအဖြစ် သစ်ပင်များ အရွက်မရှိ ရိုးတံကျဲကျဲဖြစ်နေသည်ကိုသာ မောင်မင်းသိပေသည်။ ထို့ကြောင့် မောင်မင်းသည် လေးပုံတစ်ပုံမှန်လေသည်

တောက်ထိန်... မောင်မင်းသည်.. ဘိလပ်သို့ နွေကာလအတွင်း ရောက်ရှိခဲ့၍ နွေကာလ၏ သင်္ကေတဖြစ်သည့် အရွက်ဝေစီနေသည့်သစ်ပင်များကိုသာ မောင်မင်းသိပေသည်။ ထို့ကြောင့် မောင်မင်း၏ အဖြေသည်လည်း လေးပုံတစ်ပုံသာ မှန်လေသည်

တိုးမောင်... မောင်မင်းသည်... ဘိလပ်သို့ နွေဦးကာ၌ ရောက်ရှိခဲ့၍ နွေဦးကာလ၏ သင်္ကေတဖြစ်သည့် ပန်းပေါင်းစုံပွင့်ဖူးနေသည်ကိုသာ မောင်မင်းသိပေသည်။ ထို့ကြောင့် မောင်မင်း၏ အဖြေသည်လည်း လေးပုံတစ်ပုံသာ မှန်လေသည်

အမှန်မှာ ဘိလပ်၌ မြန်မာကဲ့သို့ ရာသီသုံးမျိုးထဲ ရှိသည်မဟုတ်၊ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဟူ၍ ရာသီလေးမျိုးရှိပေသည်။ မိုးရာသီကား မရှိချေ၊ သို့သော် ရွာချင်သည့်အချိန်ရွာလေသည်။ ထို ရာသီလေးမျိုးထဲတွင် နွေဦးရာသီ၌ ပန်းများပွင့်ကြသည်။ နွေရာသီ၌ အရွက်များစည်ပင်ပြီး စိမ်းလန်းစိုပြေရှိသည်။ ဆောင်းဦးရာသီ၌ သစ်ရွက်များ အ၀ါရောင် အနီရောင်သန်းလေသည်။ ဆောင်းရာသီ၌ကား သစ်ရွက်များ အားလုံးကြွေကျလေသည်။ မောင်မင်းတို့ကို ငါသူကြီးမင်းကိုယ်တိုင် နီကွန်အမည်ရှိ ဒစ်ဂျစ်တယ်ကင်မရာကြီးဖြင့် ရိုက်ယူခဲ့သည့် ဓါတ်ပုံသုံးပုံကို ပြပေးဦးမည်။ ထိုဓါတ်ပုံထဲကအတိုင်းသာ နောက် တုံးဖလားရွာသားတစ်ယောက်ကြုံဆုံခဲ့လျှင် အငြင်းပွါးဖွယ် ထပ်ဖြစ်ပေဦးမည်။ ရှုစားလေလော့။





ထိုသို့ ရာသီလေးမျိုးထဲက တစ်မျိုးစီကိုသာ မောင်မင်းတို့ သိရှိကြသည့်အတွက် မောင်းမင်းတို့အားလုံး လေးပုံပုံ တစ်ပုံသာ မှန်လေသည်။ ငါသူကြီမင်းကတော့ လေးပုံပုံ လေးပုံလုံး ရာနှုန်းပြည့် မှန်ကန်လေသည်။ အဘယ့်ကြောင့်ဆိုသော် ဤဘိလပ်ပြည်၌ လေးရာသီလုံး ဖြစ်ပျက်လျက်ရှိသည့် အဖြစ်အပျက်အသီးသီးတို့ကို ငါသူကြီးမင်း ကောင်းကောင်း ကြုံဆုံခဲ့ပြီဖြစ်သောကြောင့်ပင်တည်း။ ထို့ကြောင့် သူကြီးရာထူးကို ငါကိုယ်တိုင် ပြန်ယူပြီး အုပ်ချုပ်ပေတော့မည်"

ထိုကဲ့သို့ စိတ်ထဲက ရေရွတ်ရင်း တုံးဖလားရွာကြီးသို့ အမြန်ပြန်ပြေးချင်သည့် စိတ်ပေါက်နေလေတော့၏။ သို့သော်ငြားလည်း အထက်ဖော်ပြပါ ပညာရပ်တို့ဖြင့် ပီအိပ်ခ်ျဒီ ဘွဲ့ယူရရန်ရှိနေသေးသည့်အတွက် သုံးနှစ် လေးနှစ်ခန့် ဘိလပ်ပြည်၌ ဆက်လက်နေထိုင်ရပေဦးတော့မည်။ သို့သော်.. သို့သော်... သုံးမိနစ်ကို နှစ်စင်းကျ ခေါင်းပေါ်ဖြတ်ပျံသန်းနေသည့် လေယာဉ်ပျံအသံကြီးကို ကြားနေရတိုင်း တုံးဖလားရွာ၊ အမှုသည်သုံးဦးနှင့် ရွာသူရွာသားများကို မျက်စိထဲ ပြေးမြင်ယောင်နေမိလေတော့သတည်း။ ။


....

Wednesday, 26 May 2010

လောဘမည်သည်

(၁)
ကိုသိန်းအောင်
ကိုကြည်မောင်တို့များ ချမ်းသာလိုက်တာ။ စက်ဘီးအကောင်းစားကြီးနဲ့။ အားကျလိုက်ပါဘိ။ သူ့လို ချမ်းသာချင်လိုက်တာ။

(၂)
ကိုကြည်မောင်
ကိုမောင်ရွှေတို့များ ချမ်းသာလိုက်တာ။ ဆိုင်ကယ်အပျံစားကြီးနဲ့။ အားကျလိုက်ပါဘိ။ သူ့လို ချမ်းသာချင်လိုက်တာ။

(၃)
ကိုမောင်ရွှေ
ကိုစိန်ထွန်းတို့များ ချမ်းသာလိုက်တာ။ ဂျစ်ကားကြီးနဲ့။ အားကျလိုက်ပါဘိ။ သူ့လို ချမ်းသာချင်လိုက်တာ။

(၄)
ကိုစိန်ထွန်း
ကိုမြင့်စိန်တို့များ ချမ်းသာလိုက်တာ။ ပါရာဒိုကားကြီးနဲ့။ အားကျလိုက်ပါဘိ။ သူ့လို ချမ်းသာချင်လိုက်တာ။

(၅)
ကိုမြင့်စိန်
ကိုရွှေအောင်တို့များ ချမ်းသာလိုက်တာ။ လင့်ခရူဇာကားကြီးနဲ့။ အားကျလိုက်ပါဘိ။ သူ့လို ချမ်းသာချင်လိုက်တာ။

(၆)
ကိုရွှေအောင်
ကိုစိန်ရွှေတို့များ ချမ်းသာလိုက်တာ။ ကိုယ်ပိုင်လေယာဉ်ပျံကြီးနဲ့။ အားကျလိုက်ပါဘိ။ သူ့လို ချမ်းသာချင်လိုက်တာ။

(၇)
ကိုစိန်ရွှေ
ကိုကိုမောင်တို့များ ချမ်းသာလိုက်တာ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘဏ်တိုက်ကြီးတွေအားလုံးကို ပိုင်ဆိုင်လေရဲ့။ အားကျလိုက်ပါဘိ။ သူ့လို ချမ်းသာချင်လိုက်တာ။

(၈)
ကိုကိုမောင်
?????????????????။ ??????????????????????။ အားကျလိုက်ပါဘိ။ သူ့လို ချမ်းသာချင်လိုက်တာ။ :D

...

Friday, 21 May 2010

နေရာတိုင်း၌ သရဲရှိလေသလော ??????



""အောက်... အီး.. အီး.. အွတ်".. "ပဲ..ဟဲ.. ဟဲ"... "အွတ်... အွတ်..""

အချိန်ကား ညဥ့်နက် သန်းခေါင် အချိန်။ နေရာကား လန်ဒန်မြို့၏ အနောက်ဖက်ခြမ်းတစ်နေရာ။ အတိအကျဆိုရပါမူ ကျနော်နေထိုင်သည့် အိမ်ပတ်ဝန်းကျင်နေရာ။ ကြားနေရသည့်အသံသည်ကား ကြက်သံလိုလို ဆိတ်သံလိုလို ၀က်အော်သံလိုလို။

အသံဗလံပေါင်းစုံတို့ကြောင့် အအိပ်ဆတ်လှသည့်ကျနော် အိပ်ရာမှ လန့်နိုးထလာသည်။ အိပ်ရာအနားရှိ မီးလုံးခလုပ်ကို ဖွင့်လိုက်ပြီး ဝေတေတေဖြစ်နေသည့် ခေါင်းကို (လက်ဝှေ့ထိုးပွဲ၌ လက်သီးအထိုးခံထားရသည့် လက်ဝှေ့သမားစတိုင်လ်မျိုးဖြင့်) ဘယ်ညာ ခပ်ဆတ်ဆတ်ခါရင်း နောက်ကျိနေသည့် စိတ်ကို ဖြေဖျောက်လိုက်သည်။ ခြေရင်း၌ ချိတ်ဆွဲထားသည့် တိုင်ကပ်နာရီကို မော့ကြည့်လိုက်မိသည်။ ည ၂ နာရီ ၁၄ မိနစ်။

လင်းကြက်တွန်သံများ၊ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံများ၊ ကင်းတဲမှ သံချောင်းခေါက်သံများ မကြားရတာ ကြာပြီဖြစ်သည့်အတွက် အခုလို ကြက်တွန်သံလိုလို အသံမျိုးကို ကြားရခိုက် အမိမြန်မာနိုင်ငံကို ကြံဖန်ပြီး ပြေးသတိရမိလိုက်သည်။ တစ်ဆက်တည်းမှာပင် အသိတစ်ခုဝင်လာသည်။

"ဘုရား... ဘုရား ... ဒါ လန်ဒန်မြို့ကြီးဘဲ။ ဘယ်ကလာ ကြက်တွန်သံ၊ ၀က်အော်သံ၊ ဆိတ်မြည်သံတွေကို ကြားနေရပါလိမ့်။ လန်ဒန်ကို ရောက်လာတာ ၂ နှစ်ခွဲလောက်ရှိပြီ။ တစ်ခါမှ အခုလို အော်သံတွေကို မကြားမိပါလား။ ဒါ... ဘာသံတွေပါလိမ့်"

ချက်ချင်းဆိုသလို ခေါင်းနပန်းကြီးသွားသည်။ သွေးရိုးသားရိုးမဟုတ်တာတော့ သေချာသည်။ အနီးအနား၌ ကြက်မွေးမြူရေးခြံလည်းမရှိ၊ ၀က်မွေးမြူရေးခြံလည်းမရှိ၊ ဆိတ်မွေးမြူရေးခြံလည်းမရှိပေ။ အသံဗလံတွေကို သေချာနားထောင်ကြည့်လိုက်တော့မှ ပိုဆိုးသွားသည်။ ထိုအသံတို့သည် ပြင်ပက လာသည့်အသံမဟုတ်။ ကျနော်တို့ အိမ်အတွင်းက ထွက်ပေါ်လာသည့်အသံတို့ပင်ဖြစ်လေသည်။ အခန်းဖော်သူငယ်ချင်းကို လှမ်းကြည့်လိုက်တော့ သူက ခူး ခလောဖြင့် တောင်တက်လို့ကောင်းတုန်း။

"ဟာ.. ဒုက္ခဘဲ။ ဒီအသံတွေက ထမင်းစားခန်းထဲကလာတဲ့ အသံတွေဘဲ"

ကြောက်စိတ်တစ်ဝက် စပ်စုချင်သည့်စိတ်တစ်ဝက်ဖြင့် ခြေကို ခပ်ဖော့ဖော့နင်းပြီး အိပ်ခန်းတံခါးကို ဖွင့်ကာ ထမင်းစားခန်းသို့ တိတ်တဆိတ်ထွက်လာခဲ့သည်။ အိပ်ခန်းနှင့် ထမင်းစားခန်းက ကပ်ရက်အနေအထားမို့ ခဏအတွင်းရောက်သွားသည်။ ထမင်းစားခန်းအတွင်း၌ ပုဂံပြား ဇွန်း ခက်ရင်း ပန်းကန်စသည့် ပစ္စည်းပစ္စယများ ထည့်သည့်ဗီဒိုတစ်လုံးရှိသည်။ ရေခဲသေတ္တာတစ်လုံးရှိသည်။ ပြီးတော့ ထမင်းစားစားပွဲတစ်ခုရှိသည်။ လျပ်စစ်မီးများပိတ်ထားသည့်အတွက် ဘာကိုမှ သဲသဲကွဲကွဲမမြင်ရပေ။ သေချာနားစွင့်ကြည့်လိုက်တော့ ထိုအသံဗလံများသည် ရေခဲသေတ္တာထဲမှထွက်ပေါ်လာခြင်းပင်တည်း။

ရေခဲသေတ္တာဆိုသည့်အသိစိတ်က ရေခဲတိုက်ကို အမှတ်ရစေမိသည်။ လွန်ခဲ့သည့် ငါးလခန့်က မရွည်ရွယ်ဘဲ လန်ဒန်မြို့လယ်က ရေခဲတိုက်တစ်ခုသို့ ရောက်ခဲ့ဖူးသည်။ တက္ကသိုလ်က ဆရာတစ်ယောက်၏ မိတ်ဆွေဆုံးပါးသွား၍ဖြစ်သည်။ သူ့ရုပ်အလောင်းကို Funeral Service တစ်ခုရှိ ရေခဲတိုက်ထဲ၌ ထည့်သွင်းထားသည်။ ဗဟုသုတဖြစ် ကျနော်တို့ သွားကြည့်ခဲ့ကြသည်။ ရေခဲတိုက်ဆိုပေမဲ့ ရေခဲသေတ္တာအကြီးစားမျိုးပင်ဖြစ်သည်။ အံတစ်ခုကို လူ့အလောင်းတစ်ခုထားသည်။ နံပါတ်စဉ်အလိုက်ထားသည်။ ရေခဲတိုက်ကို ဖွင့်လိုက်သည့်အခါ ဖြူဖတ်ဖြူရော်ဖြစ်နေသည့် လူ့အလောင်းများကို တွေ့ရသည်။ ကျနော်တို့ သွားကြည့်သည့်ရုပ်အလောင်းကို အံဆွဲထဲမှ ဆွဲထုတ်ပြသပေးသည်။ အရှက်နေရာမှလွဲ၍ တစ်ကိုယ်ကောင်လုံး ဘာမှလွှမ်းခြုံမထားပေ။ ဖြူဖတ်ဖြူရော်ကြီးပင်တည်း။

ထိုကြက်သံလိုလို ၀က်သံလိုလို ဆိတ်သံလိုလို အသံများကို သေချာနားထောင်ကြည့်မိသည်။ အသေအချာပင် ရေခဲသေတ္တာအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ ရှေ့ ကို ခြေတစ်လှမ်းတိုးပြီး ထမင်းစားခန်း မီးခလုပ်ကို ဆတ်ကနဲဖွင့်လိုက်သည်။ မီးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအသံဗလံများ တိတ်ဆိတ်သွားသည်။ ဘာသံမှ မကြားရတော့။ မီးအလင်းရောင်ရှိနေပြီဖြစ်သည့်အတွက် ကြောက်ရွံ့ စိတ်တို့ ကျနော့်ထံမှ ထွက်ပြေးသွားကြသည်။ ရေခဲသေတ္တာဆီသို့ ကျနော် ဦးတည်သွားလိုက်သည်။ ပြီးတော့ ရေခဲသေတ္တာကို နားကပ်ပြီး နားထောင်ကြည့်လိုက်သည်။ Regualator အသံမှလွဲ၌ ဘာသံမှ မကြားရတော့ပေ။ စပ်စုချင်သည့်ဆန္ဒဖြင့် ရေခဲသေတ္တာတံခါးကို မ၀ံ့မရဲ ခပ်ဖြည်းဖြည်း ဆွဲဖွင့်လိုက်သည်။

"ဒုတ်.. ဒုတ်... ဖလူး.. ဖလူး.."

ထိုအသံများနှင့်အတူ ဖွင့်ထားသည့် လျပ်စစ်မီးများ ဖျတ်ကနဲ မျက်တောင်ခပ်သွားသည်။ ရေခဲသေတ္တာထဲမှ တွန်းအားတစ်ခုကြောင့် ရေခဲသေတ္တာတံခါး ဆတ်ကနဲပွင့်ထွက်လာပြီး ကျနော့်မေးစေ့ကို လာရိုက်ခတ်မိသည်။ ရေခဲသေတ္တာအတွင်းမှ ပျံသန်းသံ ပြေးထွက်သံမျိုးကြားရပြီး ကျနော့်မျက်နှာပြင်၌ လေများ ရိုက်ခတ်သွားသည်။ ကျနော် ယောင်ယမ်းပြီး နောက်ကို ခြေနှစ်လမ်းသုံးလမ်းဆုတ်လိုက်မိသည်။ ခပ်ညှီညှီအနံ့ဆိုးမျိုး နှာခေါင်းဝသို့ လာမိတ်ဆက်သည်။ ခွေလဲမကျသွားအောင် ကျနော်ကြိုးစားပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်မိသည်။ ပကတိငြိမ်သက်လျက်ပင်တည်း။

အတန်ငယ်ကြာအောင် ထမင်းစားခန်း၌နေထိုင်ရင်း ရေခဲသေတ္တာကို စိုက်ကြည့်နေမိသည်။ ဘာမှမထူးခြားလာသည့်အတွက် ထမင်းစားခန်းမီးခလုပ်ပိတ်ပြီး အိပ်ခန်းဆီသို့ ပြန်လာခဲ့သည်။ ကုတင်ပေါ်လဲလျောင်းပြီး မီးခလုပ်ကို ပိတ်ကာ အိပ်ဖို့ ကြိုးစားလိုက်သည်။ ထို အခိုက်ဝယ်...

"အောက်.. အီး.. အီး.. အွက်... ပဲ.. ဟဲ ... ဟဲ... အွတ်.. အွတ်.."

ထိုအသံများ ထမင်းစားခန်းအတွင်းမှဆက်တိုက် ထွက်ပေါ်လာပြန်သည်။ ကျနော် ထပ်မမိုက်ရဲတော့ပေ။ အပူဒီဂရီ မိုင်းနပ်စ် ၁၀ ခန့်ရှိသည့် လန်ဒန်ဆောင်းကာလအတွင်း၌ ကျနော့်ခန္ဓာကိုယ်အတွင်းမှ ချွေးသီးချွေးပေါက်များ ယိုစီးထွက်လာကြသည်။ ကျနော် ကြောက်သလိုခံစားလာရသည်။ MP-3 player အထဲ၌ သွင်းထားသည့် သီတဂူဆရာတော်ဘုရား၏ ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်နှင့်ပရိတ်တရားတော်တို့ကို Volume တင်ဖွင့်ပြီး နားကြပ်ကို နားနှစ်ဖက်ထဲထိုးတည့်၍ စောင်ခေါင်းမြီးခြုံကာ ကြိတ်မှိတ်အိပ်ဖို့ ကြိုးစားလိုက်ရပါတော့သည်။

မနက်မိုးစင်စင်လင်းသည့်အခါ ညတုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို စဉ်းစားပြီးဒေါသထွက်မိသည်။ မဖြစ်သင့်သည့်ကိစ္စတစ်ခုဟု ကျနော်ယူဆသည်။ အိပ်မက်များဖြစ်လေမလား စဉ်းစားမိသည်။ အိပ်မက်မဟုတ်ပေ။ ကျနော်အိပ်ရာနိုးလာသည့်တိုင်အောင် MP-3 player နားကြပ်က ကျနော့်နားအတွင်း၌ရှိနေသေးသည်က အိပ်မက်မဟုတ်ကြောင်း သက်သေပင်ဖြစ်သည်။ ထို့ကြောင့် ကျနော် ရေခဲသေတ္တာဆီသို့ ပြန်သွားလိုက်သည်။ ရဲရဲတင်းတင်းပင် ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်သည်။ ရေခဲ သေတ္တာအတွင်း၌ အချိုရည်ပေါင်းစုံ ဒိန်ချဉ် သံပုရာသီး ကိတ်မုန့်စသည့်စားသောက်ဖွယ်များရှိသည်။ ပြီးတော့ ၀က်သားဆီပြန်ဟင်းတစ်ခွက် ရှိလေသည်။ ရေခဲသေတ္တာ အောက်ဆင့်က Freezer ကို ဖွင့်ကြည့်လိုက်တော့ လပေါင်းများစွားကထဲက အိမ်ရှင်အဖိုးကြီး စွပ်ပြုတ်လုပ်ဖို့ သိမ်းဆည်းထားသည့် ဆိတ်ခြေထောက် (အစိမ်း)အထုပ်တစ်ခုနှင့် ကြက်တောင်ပံ(အစိမ်း)အထုပ် သုံးလေးခုကို တွေ့ရသည်။ အိမ်ရှင်အဖိုးကြီးတောင် သူသိမ်းဆည်းထားသည့် အထုပ်တို့ကို မေ့နေလောက်ပြီ။ ပြီးတော့ သူကိုယ်တိုင် ကျနော်တို့အိမ်၌ ရှိမနေပေ။ နယ်ဘက်ခရီးလွန်နေသည်။ ၀က်သားဆီပြန်ဟင်းမှ ၀က်အော်သံ၊ ဆိတ်ခြေထောက်ထုပ်ဆီမှ ဆိတ်အော်သံ၊ ကြက်တောင်ပံထုပ်ဆီမှ ကြက်တွန်သံ။ ထိုကဲ့သို့ ထွက်ပေါ်လာခြင်းပင်လော။

ယနေ့သည် ကြာသပတေးနေ့ဖြစ်သည်။ မနက်ဖန်ဆို စည်ပင်သာယာမှ အမှိုက်သိမ်းဆည်းသည့် ကားရောက်လာပြီး အမှိုက်လာသိမ်းမည်။ မထူးတော့ပြီ။ ရေခဲသေတ္တာထဲမှ အရှုပ်များကို ရှင်းပစ်မှ တော်ရာကျတော့မည်။ အိမ်ရှင်အဖိုးကြီး ပြန်လာပြီး သတိတရ သူသိမ်းဆည်းထားသည့်အထုပ်တို့ကို မေးလာရင် ကြည့်ကြပ်ပြီး ဖြေလိုက်မည်။ ရေခဲသေတ္တာအတွင်းမှ ၀က်သားဆီပြန်ဟင်းအကျန်၊ Freezer ထဲမှ ဆိတ်ခြေထောက်ထုပ်၊ ကြက်တောင်ပံထုပ်တို့ကို အပြင်ထုတ်ပြီး Black bag ထဲ ကျနော်ထည့်လိုက်သည်။ ယူကေ၌ အမှိုက်ပစ်သည့်အခါ Black bag ကို အသုံးပြုလေ့ရှိသည်။

ညနေပိုင်းရောက်သည့်အခါ အခြား Black bag ထုပ်တို့နှင့်အတူ အိမ်ဝင်းအပြင်၌ ထိုအထုပ်ကို သွားထားလိုက်သည်။ နောက်တစ်နေ့ သောကြာနေ့ မနက်မိုးလင်းလင်းချင်း အမှိုက်သိမ်းကားရောက်လာပြီး သူတို့ဘာသာ အမှိုက်(Black bag) ထုတ်တို့ကို သိမ်းဆည်းယူဆောင်သွားလိုက်ကြလေသည်။ ကျနော့်ပါးစပ်ကလည်း နှုတ်ထွက်ပြီးပြောလိုက်သည်။

"ကဲ.. လွတ်ရာ ကျွတ်ရာကိုသာ သွားကြပေတော့..."

ထမင်းစားခန်းအတွင်း လှည့်ပတ်ပြီး ကျက်ထားမှတ်ထားသည့် ဘုရားစာအချို့ကို ကျနော်ရွတ်ဖတ်လိုက်သည်။
ထိုနေ့မှစ၍ ကျနော်နေထိုင်သည့် အိမ်၌ ဘာအသံမှ မကြားရတော့ပေ။ ထမင်းစားခန်းအတွင်း၌လည်း ရေခဲသေတ္တာကို အလုပ်လုပ်စေသည့် ခပ်တိုးတိုး Regulator အသံမှတစ်ပါး တိတ်ဆိတ်ငြိမ်သက်လျက်ပင်ရှိလေတော့သတည်း။

အကျယ်အကျယ်ဖြစ်သွားမည်စိုးသည့်အတွက် ထိုအကြောင်းကို မည်သူ့ကိုမှ ဖောက်သည်မချခဲ့ပေ။ ကျနော်တစ်ယောက်ထဲသာ သိရှိသည့်ကိစ္စတစ်ခုဖြစ်သည်။
.....


အထက်ပါ အဖြစ်အပျက်နှင့်ပတ်သက်ပြီး ကျနော်ဆက်စပ် တွေးလိုက်မိသည်။ ငယ်စဉ်ကာလက သုဿာန်တစ်ခုကို ဖြတ်ပြီး သွားရမည့်ခရီးဆိုရင် ကျနော်တို့ ကြောက်လန့်နေတတ်ကြသည်။ ထိုစဉ်က လူကြီးသူမတွေ ပြောခဲ့သည့်စကားကို ကျနော် အမှတ်ရမိသည်။

"သင်္ချိုင်း(သုဿာန်)က ကြောက်စရာမဟုတ်ဘူး။ သင်္ချိုင်းမှာ လူသေကောင်တွေဘဲ မြှုပ်နှံထားတာ၊ တကယ်ကြောက်ရမှာက မင်းတို့ရဲ့ ပါးစပ်ကိုဘဲ။ မင်းတို့ ပါးစပ်ထဲမှာမှ သတ္တ၀ါအသေကောင်များစွာ မြှုပ်နှံထားတာ"


ထိုစကားအရဆိုလျှင် ရေခဲသေတ္တာသည်လည်း သတ္တ၀ါများစွာ၏ သုဿာန်ပင်ဖြစ်မည်ထင်၏။ ထိုထက်ဆိုးသည်မှာ ကျနော်တို့ ပါးစပ်တို့သည်သာ ကမ္ဘာ့အကြီးမားဆုံး သုဿာန်တစပြင်ကြီး ဖြစ်မှန်းမသိဖြစ်နေလေတော့သည်။ ထို့ကြောင့် ကျနော် စဉ်းစားမိသည်မှာ....

"အိပ်ပျော်နေစဉ် လူတွေ အိပ်ဟောက်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ သွားကြိတ်ခြင်း၊ ယောင်ယမ်းစကားပြောဆိုခြင်း၊ လန့်ဖြတ်ပြီး နိုးထလာခြင်း၊ ဟိုယောင်ယောင်ဒီယောင်ယောင် လမ်းထလျောက်တတ်ခြင်း စသည့်အဖြစ်အပျက်တို့သည် ၀မ်းဗိုက်အတွင်းရှိ သတ္တ၀ါတို့၏ ၀ိညာဉ်များ ခန္ဓာကိုယ်အပြင်ဘက်သို့ ပါးစပ် နှာခေါင်းပေါက်တို့မှတစ်ဆင့် ခဲခဲယဉ်းယဉ်းတိုးထွက်ခြင်းပေလော။ ထိုသို့ ထိုးထွက်သည့်အတွက် အသံဗလံများဖြစ်ပေါ်လာခြင်းကိုပင် အိပ်ဟောက်ခြင်း သွားကြိတ်ခြင်း အသက်ရှူပြင်းခြင်း ဟု ခေါ်ဆိုလေသလော။ ထိုဝိညာဉ်တို့ပင်လျှင် လူကို လမ်းထလျောက်စေခြင်းဖြစ်လေသလော"

ထိုကဲ့သို့ လောပေါင်းများစွာဖြင့် လွန်ခဲ့သည့် ဆောင်းကာလက ကျနော်နေထိုင်သည့် အိမ်၌ တိုးတိုးတိတ်တိတ် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အမှန်ကို အမှတ်ရနေပြီး ယခုကဲ့သို့ ရေးသားလိုက်ရခြင်းပင် ဖြစ်ပေတော့သတည်း။ ။

...

Saturday, 1 May 2010

"ချစ်မိုးကြီး" ဘဲ ရွာသွန်းလိုက်ချင်တော့တယ်

တေးရေး... ရန်နိုင်စိန်
တေးဆို.... ဖြူသီ

(ညို..ရောင်..မှိုင်း..
မိုး... မိုးတိမ်ယံကဆိုင်း.... ဆိုင်းခဲ့လေပြီ... သက်ထား....
ဘယ်သောအခါများ... အချစ်ပွါးရပါ...မည်..) ၂

ချစ်မေတ္တာ... သာစေကြောင်း..
ဆုတောင်းပေမဲ့... ကြာရှည်နေခဲ့ပြီ...
စကြာဝဠာ...ကွာစေငြား...
စိတ်မှာသာပင်... တစ်အိပ်ရာထဲ စွဲမိသည်...
မတတ်သာ... ခပ်ခွါခွါ နေဦးစို့...
မုန်းလို့တော့.. ဟုတ်ပါဘဲ...
အသဲဘ၀င်မှာ အတည်.. မခွဲချင်ပါပြီ...

(ထာဝစဉ်...အမြဲတမ်း.. မမေ့နိုင်သည်...
နေ့စဉ် ခင်မင် စွဲလန်းသည်..
လစန္ဒာ.. မြူနှင်းမှုန်တွေ ရှင်းလို့ရယ်..
နှစ်ယောက်ချင်းလဲ... သဘောတူညီ..
ချစ်တင်းလဲ နှောခဲ့သည်...)၂

ပြောပေမဲ့လည်း...
ဒါမျိုးက ရိုးမယ်မထင်ပါသည်...
ချစ်ပင် ချစ်မိုး.. ချစ်လက်စ ပျိုးခဲ့ကြသည်...

သြော်....
ပြောပေမဲ့လည်း...
ဒါမျိုးက ရိုးမယ်မထင်ပါသည်...
ချစ်ပင် ချစ်မိုးရယ်.. ချစ်လက်စ ပျိုးခဲ့ကြသည်...
ချစ်မိုးကြီး...မစဲဘဲ..
သဲသဲ မဲမဲ အမြဲပင် ရွာချင်သည်...

(သဉ္စာ ဗွေလီ...
လူခြေတိတ်တောင်... အိပ်လို့မရပေါင်...
ရောင်ခြည်ထွန်းကာ.. လင်းချိန်တန်ခဲ့ပြီ...)၂

အရိပ်ကို.. အရောင်ထင်..
လူချင်းတွေ့မှ.. ပြောချင်လှသည်...

မေ့လို့ မရနိုင်ပါပြီ... ဖျောက်လို့ မရနိုင်ပါပြီ..
မျက်စိထဲမှာ... ၀ဲကာ ပေါ်လာသည်...

မေ့လို့ မရနိုင်ပါပြီ...သြော်... ဖျောက်လို့ မရနိုင်ပါပြီ..
မျက်စိထဲမှာ... ၀ဲကာ ပေါ်လာသည်...

ကြာလေ မမေ့နိုင်ဘဲ... မေ့ကိုဘဲ စွဲမိသည်...
အသဲထဲက မေတ္တာရည်...
မေ့ကို ရည်ညွန်း သွန်းခဲ့သည်..

လွမ်းအောင်ခု... ပြုရက်ပါပေ..
အနေခက်အောင်.. သွေလည်း မကွက်ပြီ...
သတ္တဘာဂီ... မညှာတာလေတော့ပြီ...
အချစ်ဆုံးမို့.. မမုန်းရက်နိုင်သည်..
ဘယ်တော့မှ... မမုန်းရက်နိုင်တော့သည်...

လွမ်းအောင်ခု... ပြုရက်ပါပေ..
အနေခက်အောင်.. သွေလည်း မကွက်ပြီ...
သတ္တဘာဂီ... မညှာတာလေ..တော့ပြီ...
အချစ်ဆုံးမို့.. မမုန်းရက်နိုင်သည်..
ဘယ်...တော့မှ... မမုန်း.....ရက်သည်...

ရန်ဘယာ... အလီလီ..
ကင်းစေကြောင်းနဲ့... အခါခါမျှော်ရည်..
ဆုတောင်းရပါသည်...
တောင်းတဲ့ဆုနဲ့... ပြည့်စုံပါရ....စေ....။


မက်မက်ရေ... အကြွေးဆပ်လိုက်ပါပြီ။ အဆိုတော် ဦးမင်းနောင်ဆိုထားတဲ့ ချစ်မိုးကြီးကို တင်ချင်ပေမဲ့ ဦးမင်းနောင်ရဲ့သီချင်းက ဗီဒီစီရှာမတွေ့လို့ အမေဖြူသီရဲ့ ချစ်မိုးကြီးကိုဘဲ တင်ပေးလိုက်ပါတယ်။ ချစ်မိုးကြီးက ကျနော့်အကြိုက်ဆုံးတွေထဲက ဂန္ထ၀င်တေးတစ်ပုဒ်ပါဘဲ။

...

Tuesday, 13 April 2010

မန်းတောင်ရိပ်ခိုချင်ပေမဲ့


သင်္ကြန်မိုးလေးတွေပက်အဖျန်းမှာ
ဟောတော့ လို့ သူအော်ပြီး
ချမ်းတုံချမ်း လှတယ်လေးတဲ့။

ကိုကတော့
သင်္ကြန်ရောဂါတက်နေပြီ
နွေဦးကဗျာ ကျူးရင့်ချိန်မှာ
ညိုမြရေ မင်းဘယ်ဆီရောက်နေလဲ။

တူးပို့ တူးပို့ အသံတွေပျံ့ လွင့်နေတဲ့
နှစ်သစ်မင်္ဂလာ အခုချိန်ခါမှာ
မန်းတောင်ရိပ်ခိုချင်ပေမဲ့လဲ
ပိတောက်တစ်မျက်နှာကြောင့်
ဒီလိုလေးဘဲ နှုတ်ဆက်ပြီး လွမ်းနေတော့မယ်။


မှတ်ချက်။
ဓါတ်ပုံကို ဒီက ယူထားတာပါ။

...

Thursday, 8 April 2010

ခေါင်းစားစေတဲ့ ဒွါဒသမမြောက် လျှို့ ဝှက်ချက်


နိုင်ငံအမျိုးမျိုး လူအမျိုးမျိုးမှာ လာဘ်ကောင်းစေတဲ့ ဂဏန်း၊ ကံကောင်းစေတဲ့ ဂဏန်းလို့ ယူဆထားကြတဲ့ ဂဏန်းတွေနံပါတ်တွေရှိကြပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်လူမျိုးတို့က နံပါတ် ၇၊ တရုတ်လူမျိုးတို့က နံပါတ် ၈၊ မြန်မာလူမျိုးတို့ကတော့ နံပါတ် ၉ အစရှိသဖြင့်ပေါ့။

ရိုးရိုးရှင်းရှင်းအနေနဲ့ ပြောရရင်တော့ အင်္ဂလိပ်တို့က နေ့နံ ၇ ပါး (ခုနစ်ရက်တစ်ပတ်)နှင့် ပိုပြီးမြင်သာထင်ရှားတဲ့ ဂြိုဟ်ကြီး ၇ လုံး (Sun, Moon, Mercury, Venus, Mars, Jupiter and Saturn)တို့ကို ရည်ရွယ်ပြီး နံပါတ် ၇ ကို ကံကောင်းစေတဲ့ ဂဏန်းလို့ ယူဆထားကြတယ်လို့ ယေဘုယျအဆိုရှိကြပါတယ်။ တစ်ခြားနည်းတွေလဲ အများကြီးရှိနေဦးမှာ သေချာပါတယ်။

တရုတ်လူမျိုးတို့က သူတို့ရဲ့ဂဏန်း နံပါတ် ၈ (八 Pinyin: bā) ဟာ တိုးတက်ချမ်းသာခြင်းဆိုတဲ့ စကားလုံး ( - short for "发财", Pinyin: fā). နှင့် အသံချင်း ဆင်တူပါတယ်တဲ့။ ပြီးတော့ သူတို့ဒေသိယစကားတစ်ခုဖြစ်တဲ့ Cantonese စကားမှာလဲ နံပါတ် ၈ "baat"နှင့် ကံကောင်းခြင်း "faat" တို့ဟာ ဆင်တူကြပါတယ်တဲ့။ "88"ဆိုတဲ့ ၈ ဂဏန်းနှစ်ခုပူးထားရင် နှစ်ပြန်ကံကောင်းခြင်းလို့အဓိပ္ပါယ်ရတဲ့ 囍, ( the "shuāng xĭ")ဆိုတဲ့ သူတို့အက္ခရာနှင့်ဆင်တူပါတယ်တဲ့။ အဲဒါတွေကြောင့်လဲ တရုတ်လူမျိုးတို့ဟာ ၈ ဂဏန်းကို အလွန်တန်ဖိုးထားကြပါတယ်။ ဘယ်လောက်ထိ တန်ဖိုးထားကြသလဲဆိုတော့ ၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်ပွဲကို ပီကင်းမှာ ကျင်းပစဉ်တုန်းက (အိုလံပစ်) အခန်းအနားကို ၈၊ ၈၊ ၀၈ ခုနှစ် ညနေ ၈နာရီ ၈ မိနစ် ၈ စက္ကန့်တိတိမှာ ဖွင့်လှစ်ခဲ့တာပါ။ (မြန်မာနိုင်ငံ ၈၊ ၈၊ ၈၈ ကိုတော့ ဘယ်လိုပြောရမည်မသိ :D )။

ဒါပေမဲ့ မြန်မာကျတော့ အခက်သား။ နံပါတ် ၉ ကို ကံကောင်းစေတဲ့ဂဏန်းလို့ တစ်နိုင်ငံလုံးက လက်ခံထားကြလေရဲ့။ လုပ်ငန်းကြီးတစ်ခုလုပ်ဖို့ ရက်သတ်မှတ်တဲ့အခါ၊ အုတ်မြှစ်ချတဲ့အခါ၊ ကြီးကျယ်ခန်းနားတဲ့ အရေးအကြောင်းတစ်ခုခုကို အစပျိုးတော့မဲ့ အခါတွေမှာဆိုရင် အဲဒီ နံပါတ် ၉ ဂဏန်းကို အမြတ်တနိုးအမြဲထားလေ့ရှိတယ်။ အထူးသဖြင့်တော့ စက္ကန့် မိနစ် နာရီ နေ့ လ နှစ်တွေနှင့် ပတ်သက်တဲ့ ဂဏန်းတွေနှင့် ပစ္စည်းအရေအတွက်တွေပေါ့။ ဥပမာအားဖြင့် ၉ နာရီ ၉ မိနစ် ၉ စက္ကန့်၊ ၉ ရက် ၉ လပိုင်း ၉၉ ခုနှစ်တွင် ဘုန်းကြီး ၉ ပါးပင့်ပြီး မေတ္တသုတ် ၉ ခေါက်ရွတ်ဖတ်ကာ ရွှေအုတ် ၉ ချပ် ငွေအုပ် ၉ ချပ် ပတ္တမြားအုတ် ၉တို့ကို အပျိုစင် ၉ ယောက်တို့၏ လက်ထဲမှ ယူ၍ အရာရှိ ၉ ယောက်တို့က အုတ်မြှစ်ချခဲ့ကြသည် အစရှိသဖြင့်ပေါ့လေ။

အဲဒီ နံပါတ် ၉ ဂဏန်းက ဘာကို ရည်ညွန်းတာပါလိမ့်။ ပထမကတော့ ဘုရားဂုဏ်တော် ကိုးပါးကိုရည်ညွှန်းတာလို့ဘဲ ထင်ခဲ့မိတယ်။ ကြီး ၉ ကြီးအဓိဋ္ဌာန်တို့ ဘုရား ၉ ဆူပွဲတို့ကလဲ ရှိကြသေးတယ်မဟုတ်လား။ ဘုရားကြီး ၉ ဆူရှေ့ သွားပြီး ဂုဏ်တော် ၉ ပါးပုတီးစိတ်နည်းနှင့် တစ်ရက်ကို ပုတီး ၉ ပတ်တိတိစိပ်ပြီး ၉ ရက်တိုင်တိုင် အဓိဋ္ဌာန်ဝင်နေကြတာလဲ မျက်မြင်ကိုယ်တွေ့တွေပါဘဲ။ ကိုန၀င်းကြေဆိုလား ဘာဆိုလဲ။ ကျနော်လဲ ဗေဒင်ဆရာမဟုတ်တော့ အဲဒီဘက် တကယ်ဝေးတယ်။ ကိုးန၀င်းဆိုတာ ဂြိုဟ်ကြီးကိုးလုံးနဲ့များ ဆက်နွယ်နေမလားမသိဘူး။ ကျနော်ကတော့ ကိုးန၀င်းအကြောင်းကြားရင် ဓါတ်ခဲဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုဘဲ ပြေးသတိရနေမိတယ်။

အဲ... ပြောရဦးမယ်။ ၉ ဂဏန်းကို တန်ဖိုးထားကြတာက ကျနော်တို့ ရွှေမြန်မာတွေတင်မဟုတ်ဘူးဗျို့ ။ အိမ်နီးချင်း ထိုင်းနိုင်ငံကလဲ အဲဒီ ဂဏန်းကို အလွန်တန်ဖိုးထားကြလေရဲ့။ သူတို့ရဲ့အယူအဆက ဂဏန်းတွေဟာ စုံ ဂဏန်းတွေထက် ကံကောင်းစေတယ်၊ မင်္ဂလာရှိစေတယ်တဲ့။ ဂဏန်းတွေထဲကမှ နံပါတ် ၉ ကို သူတို့ တန်ဖိုးအထားဆုံးပါဘဲ။ ထိုင်းလို နံပါတ် ၉ ကို Gao၊ တိုးတက်ကြီးပွါးခြင်းကို Kow-nah၊ ဆန်စပါး(ထမင်း)ကို Khao၊ အဲဒီလိုခေါ်ကြတယ်။ အဲဒီလို အသံထွက်ချင်းဆင်တူနေကြလို့ ၉ ဂဏန်းကို ပိုအလေးအမြတ်ထားတာပါ။ သူတို့လဲ မြန်မာလူမျိုးတွေလိုပါဘဲ။ အဆောက်အဦးသစ်၊ အိမ်သစ်၊ ဆိုင်သစ်၊ မင်္ဂလာပွဲ စတဲ့ အခမ်းအနားတွေရှိလာရင် ဘုန်းကြီး ၉ ပါးပင့်ဖိတ်ပြီး မင်္ဂလာခံယူလေ့ရှိကြပါတယ်။ ထိုင်းဘုရင့်သက်တမ်း အနှစ် ၆၀ပြည့် အထိမ်းအမှတ်အဖြစ်နဲ့တောင်မှ ရွှေရောင်ကာလာ Ipod အလုံးပေါင်း ၉၉၉၉ လုံးထုတ်လုပ်ခဲ့ပါတယ်တဲ့။ အဲဒီထဲကမှ ၉၉၉၉ခုမြောက် Ipod ကိုတော့ ဘုရင်ကိုယ်တိုင် ယူထားလိုက်ပါသတဲ့။ အဲဒီလောက်အထိ တန်ဖိုးထားကြတာ။
...

သူ့အရပ်နှင့်သူ့ဇာတ် ဟပ်စပ်နေတဲ့ ကံကောင်းလာဘ်ရွှင် ဂဏန်းအယူအဆတွေကိုတော့ ကျနော် ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ အခု ကျနော့်စိတ်ထဲ ဘ၀င်မကျဖြစ်နေတဲ့ ဂဏန်း တစ်ခုရှိနေတယ်။ အဲဒါကတော့ ၁၂ ဂဏန်းပါ။

အဲဒီ ၁၂ ဂဏန်းဖွဲ့စည်းမှုကို နေရာအတော်များများမှာ အသုံးပြုထားတာ တွေ့ရတယ်။ ဥပမာအားဖြင့် တစ်နှစ်မှာ ၁၂ လရှိတယ်။ တစ်ရက်ကို ၁၂ နာရီနှစ်ခါရေတွက်ထားတယ်။ တစ်ပေမှာ ၁၂ လက်မရှိတယ်။ တစ်ဒါဇင်ဆိုတာ ၁၂ ဖြစ်တယ်။ အမြှောက်အလီပေါင်းဆိုတဲ့အခါ ၁၂ မှာရပ်ထားတယ် (ဥပမာ- ၂x၁=၂ ........ ၂x၁၂=၂၄)။ ( ၂ x ၁၃= ၂၆ စတာတွေကို ကျနော်တစ်ခါမှ မကျက်မှတ်ခဲ့ဖူးဘူး။) ယုတ်စွအဆုံး စုန်းကဝေအတတ်ကို ညွန်းဆိုတဲ့အခါမှာတောင် "သူက ၁၂ ကြိုးထိတတ်မြောက်ထားတယ်နော်။ သတိထား၊ ကြောက်စရာကြီး" ဆိုပြီး ပြောလေ့ပြောထရှိကြတယ်။ ပြီးတော့ သိုင်းကစားတဲ့အခါမှာလဲ ၁၂ ကွက်သိုင်းကစားနည်းက အများဆုံးအကွက်ရေလို့ ကျနော်ထင်တယ်။ ၁၄ ကွက်သိုင်း ၁၆ ကွက်သိုင်း ၂၄ ကွက်သိုင်းတွေကို ကျနော် မဖတ်ခဲ့ဖူးဘူး။ ကျနော်သိသလောက်ပေါ့။
...

မာယာယဉ်ကျေးမှုအရ ပြက္ခဒိန်ကုန်ဆုံးပြီး ကမ္ဘာပျက်မယ်ဆိုတဲ့ နှစ် လ ရက် တို့ကလဲ ၁၂ ဂဏန်းနဲ့ ပတ်သက်နေတယ်။ ၂၀၁၂ ခု ၁၂ လပိုင်း ၂၁ ရက်နေ့တဲ့။ ၁၂ နှင့် ၂၁ က ကက်ကင်းဓါတ်လိုဖြစ်နေတယ်။ ပြီးတော့ ကမ္ဘာကြီးလှုပ်ရှားလည်ပတ်မှုကိုလဲ ၁၂ ဂဏန်းတွေနဲ့ နာမည်တပ်ပေးထားကြတယ်။ လက ကမ္ဘာကို ပတ်ပြီး တစ်ပတ်ပြည့်တဲ့အခါ တစ်လလို့ သတ်မှတ်ပြီး ၁၂ ပြည့်တဲ့အခါ တစ်နှစ်ဆိုပြီးသတ်မှတ်သလိုမျိုးပေါ့။
...

ဗေဒင်လက္ခဏာစာအုပ်ထဲမှာရော ၁၂ ဂဏန်းက ဘယ်လို ကိုယ်စားပြုသလဲဆိုတာ သိချင်စိတ်နဲ့ အနားမှာရှိနေတဲ့ ကိုင်ရိုရဲ့ ဗေဒင်လက္ခဏာစာအုပ်ကို လှန်လောကြည့်လိုက်မိတယ်။ ဘာတွေတွေ့သလဲဆိုတော့---

ဇာတာခွင် ၁၂ ရာသီ
ဓနု၊ ကဋုပ္ပ၊ သဟဇ၊ ဗန္ဓု၊ ပုတ္တရ၊ အာရိ၊ ပထနီ၊ မရဏ၊ သုတ၊ ကမ္မ၊ လာဘ၊ ဗျာယ။

၁၂ ရာသီခေါ်ဝေါ်ပုံနှင့်လဂ်ဟောကိန်း
မိဿ၊ ပြိတ္တ၊ မေထုန်၊ ကြဋ်၊ သိဟ်၊ ကန်၊ တူ၊ ပြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန်။

ကသစ်ဂြိုဟ်များတည်နေပုံ
စ၊ သာ၊ ရွှေ၊ ဂူ၊ အင်း၊ ၀၊ သူ၊ ဆန်၊ ဖြူ၊ တ၊ တင်း၊ ပေး။

အဲဒါတွေအားလုံးက ၁၂ နံပါတ်ကို ကိုယ်စားပြုထားတဲ့အရာတွေလေ။ စဉ်းစားရတော့ ခပ်ကြပ်ကြပ်ရယ်။
....

မြန်မာ့မီးရထားလက်မှတ်ရောင်းတဲ့ နေရာဋ္ဌာနတွေမှာလဲ သတိပေးရေးထားတဲ့ စာကြောင်းလေးတစ်ခုရှိတယ်။ ၃ နှစ်အထက် ၁၂ နှစ်အောက် ကလေးများ၊ ကလေးလက်မှတ်ဝယ်ပါတဲ့။ ဒါဆို ကလေးတစ်ယောက်ဟာ ၁၂ နှစ်က စပြီး လူကြီးစာရင်း ၀င်သွားပြီပေါ့။ ဟန်ကျလိုက်လေ။ ဒါနဲ့ဘဲ မဖြစ်ချေဘူး။ အဘိဓမ္မာစာအုပ်တွေထဲ ဘာသဲလွန်စများ တွေ့ရမလဲဆိုပြီး လက်လှမ်းမီရာ အဘိဓမ္မာစာအုပ်ကလေး ကောက်ဖတ်လိုက်ပြန်တော့.....

အကုသိုလ်စိတ် ၁၂ ပါး
ကုသိုလ်စိတ်ပါး ၂၁ ပါး တဲ့။

ဘုရား.. ဘုရား.. အကုသိုလ်စိတ်နှင့် ကုသိုလ်စိတ်က (ရွှေတိဂုံ နှင့် ကျိုက်ထီးရိုးလို)အချင်းချင်း တိုက်ရိုက်ကြီး ကက်ကင်းဓါတ် ပြန်နေကြပါလား။ ဒါကြောင့်ထင်တယ်။ လူတွေမှာ ကုသိုလ်စိတ်နှင့်အကုသိုလ်စိတ် နပန်းလုံးနေကြရတာ။ အားများရာ သာကြစတမ်းပေါ့လေ။
....

လွယ်လွယ်ကူကူ ပြက္ခဒိန်ထဲ လှမ်းကြည့်လိုက်ပြန်တော့လဲ--

မြန်မာ ၁၂ လ
တန်ခူး ကဆုန် နယုန် ၀ါဆို ၀ါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း နတ်တော် ပြာသို တပို့တွဲ တပေါင်း။

အင်္ဂလိပ် ၁၂ လ
ဇန်န၀ါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် သြဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ။

အိန္ဒိယ ၁၂ လ
စိတ္တ ဝေသာခ ဇေဋ္ဌ အာသဠှ သာဝဏ ပေါဋ္ဌပါဒ အဿယုဇ ကတ္တိက မာဂသိရ ဖုဿ မာဃ ဖဂ္ဂုန။

(မြန်မာလ တပေါင်းလပြည့်ကျော် ၁ ရက်မှ တန်ခူးလပြည့်နေ့အထိဟာ အိန္ဒိယလ စိတ္တဖြစ်ပြီး အင်္ဂလိပ်လအနေနဲ့ ပျမ်းမျှအားဖြင့် မတ်ခ်ျလ ဖြစ်ပါတယ်။ စကားချပ်)
.....

ဘာအချက်အလက်များ ရနိုင်မလဲဆိုပြီး ၀င်ရောက်မွှေနှောက်နေကြဖြစ်တဲ့ Wikepedia ထဲ ၀င်ကြည့်လိုက်တော့မှ... ဟဲ ဟဲ.. ပိုပြီး ခေါင်းရှုပ်သွားသလိုပါဘဲ။ ၁၂ ဆိုတဲ့ အစုအဖွဲ့ဟာ လနှင့်နေတို့ရဲ့ လည်ပတ်မှုပေါ်အခြေခံပြီး ဖြစ်ပေါ်လာတာ ဖြစ်နိုင်ပါတယ်တဲ့။ ပြီးတော့ ဒီလိုလေးလဲ ဖော်ပြပေးသေးတယ်။ ဂဏန်းတစ်ခုကို အမြှောက်နှင့်အစား ပြုလုပ်တဲ့အခါမှာ ၁၂ ဂဏန်းဟာ အလွယ်ကူဆုံးဖြစ်တယ်တဲ့။
ဥပမာ
၂ x ၂ x ၃ = ၁၂
၃ x ၄ = ၁၂
၂ x ၆ = ၁၂
၁၂ x ၅ = ၆၀
၁၂ x ၃၀ = ၃၆၀

အဲဒါက ၀ီကီက တွက်ပြထားတဲ့ ဂဏန်းတွေပါ။ သုံးရတာ လွယ်ကူတဲ့အတွက် ၁၂ ဂဏန်းကို တစ်ဒါဇင်ဆိုပြီး အုပ်စုတစ်ခုဖွဲ့ထားတယ်လို့ ၀ီကီက ဆိုလိုတာပါ။ တော်သေးတယ်။ ကျနော်တို့မှာ လက်ချောင်း ၁၂ ချောင်း၊ ခြေချောင်း ၁၂ ချောင်း ရှိမနေလို့။ တကယ်လို့ ရှိနေခဲ့ရင် ၀ီကီက သူ့လိုရာ ဆွဲထည့်လောက်တယ်။း) ။ ဘယ်လိုဘဲဖြစ်ဖြစ် ၁၂ ဂဏန်းအုပ်စုဖြစ်ပေါ်လာရခြင်းအကြောင်းကိုတော့ ပြည့်ပြည့်စုံစုံသိချင်နေမိတယ်။ (သိတဲ့သူရှိရင် ကွန်မင့်မှာ လာပြောပေးကြပါလို့ မေတ္တာရပ်ပါတယ်)။
.....

ဆက်စပ်ပြီး ရူးမိုက်မိတာက
၁၂ ဂဏန်းကမှ တွက်ရခက်သေးတယ်။ ၁၀ ဂဏန်းဆို လွယ်မှလွယ်။ ဒါကြောင့် ၁၂ အစား ၁၀ ကိုပြောင်းပြီး...
၁၀ ဟာ တစ်ဒါဇင် ဖြစ်ခဲ့ရင်---
တစ်ပေဟာ ၁၀ လက်မထဲရှိခဲ့ရင်---
တစ်ရက်ကို ၁၀ နာရီသာရှိခဲ့ရင်---
တစ်ပတ်ကို ၁၀ ရက်ဖြစ်ခဲ့ရင်---
တစ်လကို ၁၀ ပတ်ဖြစ်ခဲ့ရင်---
တစ်နှစ်ကို ၁၀ လ ဖြစ်ခဲ့ရင်---
..ဖြစ်ခဲ့ရင်..... ရင်... ရင်...

အဲဒီလိုတွေဟာ ဖြစ်ခဲ့ရင် တွက်ရချက်ရလွယ်ကူပေမဲ့ ရာသီနက္ခတ်တွေ မျက်စိလည်ပြီး ကမ္ဘာကြီးမကြာခင်ပျက်မှာတော့ သေချာလောက်တယ်။း)
....

ဒါနဲ့ စကားမစပ်..
တစ်လမှာ ဘယ်နှစ်ရက်ရှိပါလိမ့်။ ရက်ပေါင်း ၃၀ လား။ ထားပါတော့။ ဒါဆို တစ်ရက်ကို ဘယ်လို သတ်မှတ်ပါသလဲ။ နာရီနှင့်သတ်မှတ်တာလား။ ဒါမှမဟုတ် နေထွက် နေ၀င်နှင့် သတ်မှတ်တာလား။ နာရီနှင့်သတ်မှတ်တာဆိုရင်တော့ ဘာမှ မပြောလိုပါဘူး။ သူလို ကိုယ်လို နေထွက် နေ၀င်နှင့် သတ်မှတ်တယ်ဆိုရင်တော့ ဥရောပတိုက်ထဲမှာရှိတဲ့ ဖင်လန်ဆိုတဲ့ နိုင်ငံလေးမှာ နွေရာသီဆိုရင် ၇၃ ရက်တိတိ နေမ၀င်ဘူးတဲ့။ ဒါဖြင့် ဆောင်းပိုင်းကျပြန်တော့ရော။ ၅၁ ရက်တိတိ နေမထွက်ဘူးတဲ့ဗျာ။
..

ကဲ.. ဘာဘဲဖြစ်ဖြစ် လက်ရှိအတိုင်းဘဲ ကောင်းပါတယ်။
ကျနော်ကိုယ်တိုင်လဲ ၁၂ နှစ်မှာ လူကြီးစာရင်းဝင်ပြီး ၂၁ နှစ်မှာ အိမ်ထောင်ကျဖြစ်ခဲ့ရင် အိမ်ထောင်သက် ၁၂ နှစ်ပြည့်တဲ့အခါ သားလေးကို ရှင်ပြုပေးပြီး အိမ်ထောင်သက် ၂၁ နှစ်မြောက်မှာ သားလေးကို အိမ်ထောင်ချပေးနိုင်လောက်တယ်။ အဲဒီလို ဖြစ်ခဲ့ရင် အကောင်းသား။ အခုတော့။ မတတ်နိုင်ဘူး။ ၂၀၁၂ လန်ဒန်အိုလံပစ်ပွဲကိုဘဲ ၁၂ ဂဏန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၂ ခါ တိတိကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်အောင်ဘဲ ဆုတောင်းနေရတော့မှာပေါ့။း)

...
ကိုးကားချက်။
http://en.wikipedia.org/wiki/Dozen
http://www.answerbag.com/q_view/8315
http://en.wikipedia.org/wiki/Numbers_in_Chinese_culture
http://www.thaizer.com/culture-shock/lucky-number-9/
http://en.wikipedia.org/wiki/Finland#Geography
-ကိုင်ရို၊ လက္ခဏာဗေဒင်ပေါင်းချုပ်
-ဆရာတော်အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ
-အခြားကိုယ်ပိုင်မှတ်စုများ

...

Sunday, 4 April 2010

တော်တော်ဆိုးတဲ့ ကိုကိုမောင်

ဟား ဟား ဟား။ တကယ်ရောက်လာကြတာကိုး။ သူကြီးကိုကိုမောင်ရွှီးလိုက်လို့ လာကြည့်ကြတာထင်တယ်။
သူ့ရဲ့ ကျနော်အမြင်ကပ်ဆုံးဘလော့ဂါတစ်ယောက်အကြောင်းဆိုတဲ့ နေရာကနေ တကူးတကကူးလာခဲ့ကြတာမဟုတ်လား။ ကြိုဆိုပါတယ်ဗျာ။ သူက အဲဒီလိုပါဘဲ။ ချော့ပေါင်းနေရတာ။ အမှန်က သူကမှ တကယ့်ဆိုက်ကိုဗျ။ ဟဲ ဟဲ။ ခင်များတို့သိပါတယ်။ ကျနော်ကတော့ အပိုတွေ ပြောမနေတော့ပါဘူး။ သူ့ကိုယ်သူ တုံးဖလားရွာသူကြီးတဲ့။ စာဖတ်တဲ့သူမျက်စိထဲမှာတော့ ဘယ်လို မြင်ယောင်နေမလဲ မသိဘူး။ သူ့ပုံစံကိုပြောပါတယ်။ အမှန်ဆို တုံးဖလားရွာက အိမ်ခြေ သုံးဆယ်ထဲရှိတာဗျ။ ဈေးဆိုင်မရှိ၊ ဆေးပေးခန်းမရှိ၊ စာသင်ကျောင်းမရှိ၊ စာကြည့်တိုက်မရှိနဲ့။ တကယ့်ကို တောကျတဲ့ရွာကလေးဗျ။ ကျနော်က သူ့ရွာကို ရောက်ဖူးလို့ သိနေတာ။

တုံးဖလားရွာက အိမ်တွေကို ကြည့်လိုက်ဦးမလား။ ခနော်ခနဲ့ ဆောက်လုပ်ထားတဲ့ ခြေတံရှည်အိမ်လေးတွေ။ ခြေတံရှည်ဆောက်ထားတာ အကြောင်းရှိတယ်ဗျ။ ညအခါမှာ ကျွဲနွားတွေကို အိမ်အောက်တိုင်မှာ ချည်ထားရအောင်လို့တဲ့။ စဉ်းစားကြည့်ကြပေါ့ဗျာ။ အိမ်အောက်မှာ ကျွဲနွားတွေ ထားပြီဆိုမှတော့ ဖြုတ်တွေ ခြင်တွေ မက်တွေ ပေါမှပေါဘဲ။ ကျွဲနွားတွေကို ကိုက်လိုက်၊ လူတွေရဲ့သွေးကို စုပ်လိုက်ပေါ့။ ကျန်းမာရေးပညာပေးလဲ ရှိပုံမပေါ်ပါဘူး။ အရေးထဲ ညဘက်အိပ်မောကျနေတဲ့အခါမျိုးမှာ ကျွဲနွားတွေကြောင့် ခဏခဏ လန့်လန့်နိုးကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့။ ကျွဲနွားတွေကို မက်တွေကိုက်ပြီး မခံရပ်နိုင်လို့ သူတို့ကိုယ်နဲ့ အိမ်တိုင်နဲ့ ပွတ်သပ်ပြီး အယားဖျောက်လို့။ တဒုံးဒုံး တဒိုင်းဒိုင်းပါဘဲ။ ကျွဲကိုယ် နွားကိုယ်တွေနဲ့ အိမ်တိုင်ကို ပွတ်တဲ့အသံတွေလေ။ ဒီကြားထဲ ကျွဲနွားအပါအ၀င် လူတွေပါ မက် ခြင် ယင် အန္တရာယ်က ကင်းလွတ်အောင်ဆိုပြီး နေလှန်းခြောက်ထားတဲ့ နနွင်းခြောက်တွေကို အိမ်အောက်မှာ မီးရှို့ ထားလေရဲ့။ မီးခိုးတွေကတော့ ပျားဖွပ်သလိုပါဘဲဗျာ။ စဉ်းစားလို့သာ ကြည့်ကြပေတော့။ မက် ခြင် ယင်တွေကတော့ မသိဘူး။ အိမ်သူအိမ်သားတွေကတော့ မီးခိုးတီးပြီး အဟွတ် အဟွတ်တွေ ဖြစ်နေကြလေရဲ့။

သူကြီးဆိုပြီးတော့ ခမ်းခမ်းနားနားကြီးတော့ မထင်လိုက်နဲ့ဗျို့ ။ မှားသွားမယ်။ အရိုးရှည်ရှည် ယပ်တောင်တစ်ကောင်ကိုင်ထားပြီး ခြင်တွေ ယင်ကောင်တွေ မက်တွေကို လိုက်ရိုက်နေရတာ။ အဲဒါ သူ့ရဲ့နေ့စဉ်အလုပ်ဘဲ။ နောက်ပြီး သူ့စာရေးဟန်တွေကြည့်ပြီး ဘုရားတရားလုပ်တယ်လို့တော့ မထင်လိုက်ပါနဲ့။ လုံးဝမှားသွားမယ်။ ဘုရားတရားဆိုတဲ့ စကားကို သူကြားဖူးတာတောင် သိပ်ကြာသေးပုံမပေါ်ဘူး။ ပြီးတော့ ပုတီးတစ်ကုံးမှာ ပုတီးဘယ်နှစ်လုံးပါသလဲဆိုတာကိုလဲ သူကောင်းကောင်းသိမဲ့ပုံမပေါ်ဘူးဗျ။ အဲဒီလောက်ထိ သူ့ဥာဏ်က ထက်တာ။ ဟာ ဟ။

မှတ်မိသေးတယ်။ ဟိုတစ်နေ့က ရွာဦးကျောင်းဘုန်းကြီးကို သူသွားမေးသံကြားလိုက်ရတယ်။ ညနေစာ ဘာဟင်းနဲ့ စားသလဲတဲ့။ အဲဒီလောက်ထိ ဗဟုသုတနည်းတာ။ ဘုန်းကြီးက ထွေးခံနဲ့ မပစ်ပေါက်ခဲ့တာ ကံကောင်း။ အမှန်က လူတွေ အချင်းချင်းတွေ့တဲ့အခါ မေးနေကျပုံစံမျိုး သူနှုတ်ဆက်လိုက်တာပါ။ သူ့ကို ဖော်ရွေတဲ့လူတစ်ယောက်လို့ အထင်ခံချင်နေတာလေ။ ဘုန်းကြီးတွေအကြောင်းလဲ သူမသိဘဲနဲ့။

ဟိုတလောတုန်းကလဲ ရွာဦးကျောင်းဘုန်းကြီး ရေတွင်းနားက ရေချိုးကန်မှာ ရေချိုးနေတာကို သူသွားကြည့်တယ်။ ရေချိုးပြီးလို့ သင်းပိုင်ကိုလဲ ၀တ်လိုက်ရော။ သူကြီးကိုကိုမောင်က ဘာပြောတယ် မှတ်လဲ။ ဘုန်းကြီးတွေ ပုဆိုးဝတ်ပုံကလဲ တစ်မျိုးကြီးဘဲနော်တဲ့။ မှတ်ကရော။ သင်းပိုင်(သင်္ကန်း)ကို ပုဆိုးတဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လား။ ပြောတော့ဖြင့် ကျမ်းကြီးကျမ်းငယ်အသွယ်သွယ်ကို အေတူဇက် လေ့လာထားတဲ့ပုံ။ လုပ်လိုက်ရင်တော့ တစ်လွဲတွေချည်းဘဲ။ ပြောတော့ အဟုတ်၊ လုပ်တော့ တစ်လွဲ၊ သေတော့ ငရဲ ဆိုတာ သူလိုလူမျိုး။ ဘယ့်နှယ်ဗျာ။ ဒီလောက်ထိ ဗဟုသုတနည်းတာ။ အံရော အံ့ရောပါဘဲ။ မပြောတော့ဘူးဆိုပြီး အတော်လေး ပြောမိသွားတယ်။ အမှန်က ကျနော် အဲဒီလောက်ကြီး သူများအကြောင်းကို မပြောချင်ပါဘူး။ တိုက်ဆိုင်လို့ပြောပြမိတာပါ။ သူများအတင်းတော့ မဟုတ်ရပါ၊ စပ်မိစပ်ရာ ဘာညာ ကွိစိပေါ့ဗျာ။

အလည်လာခဲ့မှတော့ ကျနော် တစ်ခုခုနဲ့ ဧည့်ခံရမှာပေါ့။ နားနားနေနေဖြစ်ပြီးမှ ပြန်ကြပါ။ အေးဆေးပေါ့။ ဟုတ်ဖူးလား။ ဘာနဲ့ ဧည့်ခံရပါ့မလဲ။ စဉ်းစားလိုက်ဦးမယ်။ မြန်မာပြည်ကနေ မှာထားတဲ့ လဘက်သုပ်ကလဲ နေ့လည်ကမှ စားလို့ကုန်သွားပြီ။ အမြဲတမ်းဝယ်ထားနေကျ ဒိန်ချဉ်တွေလဲ ညနေက အပြင်ကပြန်လာတာ မောမောနဲ့ သောက်ပစ်လိုက်တာ ကုန်သွားပြီ။ ထမင်းဟင်းကလဲ လက်ကျန်မရှိတော့ဘူး။ အဖျော်ရည်တွေကလဲ ဒိတ်လွန်လို့ သွန်ပစ်လိုက်ပြီ။ စပျစ်သီးလေးတစ်ထုတ်ဝယ်ထားပါတယ်။ အိမ်ရောက်မှ ဖွင့်ကြည့်လိုက်တော့ အပုပ်တွေ။ ကော်ဖီဖျော်သောက်ရအောင်ကလဲ ဒီနေ့မှ ကော်ဖီမှုန့်က ပြတ်သွားတယ်။

ကဲပါလေ။ စားစရာမရှိမှတော့ ကြည့်စရာလေးနဲ့တော့ ဧည့်ခံပါရစေ။ ကျနော့်ရဲ့ ပုံရိပ်ကလေးတွေပေါ့။ အပျော်သဘောနဲ့ ရိုက်ထားတာပါ။ ကြည့်ပြီး ခိုက်လဲမသွားနဲ့ဦး။ ဟိုတစ်နေ့က မိတ်ဆွေ အမျိုးသမီးတစ်ယောက်ကို ပေးပြလိုက်ပါတယ်။ ၇ ရက်တိတိ ထမင်းမစားနိုင်ဘူးတဲ့။ ဆွဲဆောင်မှုကောင်းလွန်းလို့လို့တော့ မထင်လိုက်နဲ့။ ကြည့်ရင်းနဲ့ သရဲရုပ်နဲ့တူလာလို့ လန့်ဖျပ်ပြီး ထမင်းစားချင်စိတ်ကုန်သွားတာတဲ့။ ကဲ ပြောနေတာ ကြာပါတယ်။ စက္ခု သောတ ရှုစားကြစို့လား။ သရဲကြောက်တတ်ပြီး စိတ်မခိုင်ရင်တော့ မကြည့်ကြနဲ့နော်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ တော်ကြာမှ ကိုကိုမောင် အဲဒီလို မလုပ်သင့်ဘူး၊ မလှည့်စားသင့်ဘူးလို့ လာမဆဲကြနဲ့။းဝ) ။
ီ Kokomaung footage ဆိုတာလေးကို ကလစ်လိုက်ရုံပါဘဲ။ အားလုံးပြုံးပျော် မူးမောနိုင်ကြပါစေ။းဝ)

ခင်မင်လေးစားလျက်
ကိုကိုမောင် (ပန်းရနံ့)


အထူးသတိပေးချက်။
အမျိုးသမီးများ၊ နှလုံးဓါတ်ခံအားနည်းသူများ၊ သရဲတကယ်ကြောက်တတ်သူများ အထက်ပါ ကိုကိုမောင်ဗီဒီယိုဖိုင်အားမကြည့်ကြပါရန်။ အထူးသဖြင့် ညဘက်ပိုင်း၌ မကြည့်ကြပါရန်။ ကြည့်မိပြီး ခိုက်သွားလျှင်.. အဲ... ထိတ်လန့်မှုဖြစ်သွားလျှင် အနူးအညွတ်တောင်းပန်ပါသည်။ :D :P :D
....

..