""အောက်... အီး.. အီး.. အွတ်".. "ပဲ..ဟဲ.. ဟဲ"... "အွတ်... အွတ်..""
အချိန်ကား ညဥ့်နက် သန်းခေါင် အချိန်။ နေရာကား လန်ဒန်မြို့၏ အနောက်ဖက်ခြမ်းတစ်နေရာ။ အတိအကျဆိုရပါမူ ကျနော်နေထိုင်သည့် အိမ်ပတ်ဝန်းကျင်နေရာ။ ကြားနေရသည့်အသံသည်ကား ကြက်သံလိုလို ဆိတ်သံလိုလို ၀က်အော်သံလိုလို။
အသံဗလံပေါင်းစုံတို့ကြောင့် အအိပ်ဆတ်လှသည့်ကျနော် အိပ်ရာမှ လန့်နိုးထလာသည်။ အိပ်ရာအနားရှိ မီးလုံးခလုပ်ကို ဖွင့်လိုက်ပြီး ဝေတေတေဖြစ်နေသည့် ခေါင်းကို (လက်ဝှေ့ထိုးပွဲ၌ လက်သီးအထိုးခံထားရသည့် လက်ဝှေ့သမားစတိုင်လ်မျိုးဖြင့်) ဘယ်ညာ ခပ်ဆတ်ဆတ်ခါရင်း နောက်ကျိနေသည့် စိတ်ကို ဖြေဖျောက်လိုက်သည်။ ခြေရင်း၌ ချိတ်ဆွဲထားသည့် တိုင်ကပ်နာရီကို မော့ကြည့်လိုက်မိသည်။ ည ၂ နာရီ ၁၄ မိနစ်။
လင်းကြက်တွန်သံများ၊ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံများ၊ ကင်းတဲမှ သံချောင်းခေါက်သံများ မကြားရတာ ကြာပြီဖြစ်သည့်အတွက် အခုလို ကြက်တွန်သံလိုလို အသံမျိုးကို ကြားရခိုက် အမိမြန်မာနိုင်ငံကို ကြံဖန်ပြီး ပြေးသတိရမိလိုက်သည်။ တစ်ဆက်တည်းမှာပင် အသိတစ်ခုဝင်လာသည်။
"ဘုရား... ဘုရား ... ဒါ လန်ဒန်မြို့ကြီးဘဲ။ ဘယ်ကလာ ကြက်တွန်သံ၊ ၀က်အော်သံ၊ ဆိတ်မြည်သံတွေကို ကြားနေရပါလိမ့်။ လန်ဒန်ကို ရောက်လာတာ ၂ နှစ်ခွဲလောက်ရှိပြီ။ တစ်ခါမှ အခုလို အော်သံတွေကို မကြားမိပါလား။ ဒါ... ဘာသံတွေပါလိမ့်"
ချက်ချင်းဆိုသလို ခေါင်းနပန်းကြီးသွားသည်။ သွေးရိုးသားရိုးမဟုတ်တာတော့ သေချာသည်။ အနီးအနား၌ ကြက်မွေးမြူရေးခြံလည်းမရှိ၊ ၀က်မွေးမြူရေးခြံလည်းမရှိ၊ ဆိတ်မွေးမြူရေးခြံလည်းမရှိပေ။ အသံဗလံတွေကို သေချာနားထောင်ကြည့်လိုက်တော့မှ ပိုဆိုးသွားသည်။ ထိုအသံတို့သည် ပြင်ပက လာသည့်အသံမဟုတ်။ ကျနော်တို့ အိမ်အတွင်းက ထွက်ပေါ်လာသည့်အသံတို့ပင်ဖြစ်လေသည်။ အခန်းဖော်သူငယ်ချင်းကို လှမ်းကြည့်လိုက်တော့ သူက ခူး ခလောဖြင့် တောင်တက်လို့ကောင်းတုန်း။
"ဟာ.. ဒုက္ခဘဲ။ ဒီအသံတွေက ထမင်းစားခန်းထဲကလာတဲ့ အသံတွေဘဲ"
ကြောက်စိတ်တစ်ဝက် စပ်စုချင်သည့်စိတ်တစ်ဝက်ဖြင့် ခြေကို ခပ်ဖော့ဖော့နင်းပြီး အိပ်ခန်းတံခါးကို ဖွင့်ကာ ထမင်းစားခန်းသို့ တိတ်တဆိတ်ထွက်လာခဲ့သည်။ အိပ်ခန်းနှင့် ထမင်းစားခန်းက ကပ်ရက်အနေအထားမို့ ခဏအတွင်းရောက်သွားသည်။ ထမင်းစားခန်းအတွင်း၌ ပုဂံပြား ဇွန်း ခက်ရင်း ပန်းကန်စသည့် ပစ္စည်းပစ္စယများ ထည့်သည့်ဗီဒိုတစ်လုံးရှိသည်။ ရေခဲသေတ္တာတစ်လုံးရှိသည်။ ပြီးတော့ ထမင်းစားစားပွဲတစ်ခုရှိသည်။ လျပ်စစ်မီးများပိတ်ထားသည့်အတွက် ဘာကိုမှ သဲသဲကွဲကွဲမမြင်ရပေ။ သေချာနားစွင့်ကြည့်လိုက်တော့ ထိုအသံဗလံများသည် ရေခဲသေတ္တာထဲမှထွက်ပေါ်လာခြင်းပင်တည်း။
ရေခဲသေတ္တာဆိုသည့်အသိစိတ်က ရေခဲတိုက်ကို အမှတ်ရစေမိသည်။ လွန်ခဲ့သည့် ငါးလခန့်က မရွည်ရွယ်ဘဲ လန်ဒန်မြို့လယ်က ရေခဲတိုက်တစ်ခုသို့ ရောက်ခဲ့ဖူးသည်။ တက္ကသိုလ်က ဆရာတစ်ယောက်၏ မိတ်ဆွေဆုံးပါးသွား၍ဖြစ်သည်။ သူ့ရုပ်အလောင်းကို Funeral Service တစ်ခုရှိ ရေခဲတိုက်ထဲ၌ ထည့်သွင်းထားသည်။ ဗဟုသုတဖြစ် ကျနော်တို့ သွားကြည့်ခဲ့ကြသည်။ ရေခဲတိုက်ဆိုပေမဲ့ ရေခဲသေတ္တာအကြီးစားမျိုးပင်ဖြစ်သည်။ အံတစ်ခုကို လူ့အလောင်းတစ်ခုထားသည်။ နံပါတ်စဉ်အလိုက်ထားသည်။ ရေခဲတိုက်ကို ဖွင့်လိုက်သည့်အခါ ဖြူဖတ်ဖြူရော်ဖြစ်နေသည့် လူ့အလောင်းများကို တွေ့ရသည်။ ကျနော်တို့ သွားကြည့်သည့်ရုပ်အလောင်းကို အံဆွဲထဲမှ ဆွဲထုတ်ပြသပေးသည်။ အရှက်နေရာမှလွဲ၍ တစ်ကိုယ်ကောင်လုံး ဘာမှလွှမ်းခြုံမထားပေ။ ဖြူဖတ်ဖြူရော်ကြီးပင်တည်း။
ထိုကြက်သံလိုလို ၀က်သံလိုလို ဆိတ်သံလိုလို အသံများကို သေချာနားထောင်ကြည့်မိသည်။ အသေအချာပင် ရေခဲသေတ္တာအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ ရှေ့ ကို ခြေတစ်လှမ်းတိုးပြီး ထမင်းစားခန်း မီးခလုပ်ကို ဆတ်ကနဲဖွင့်လိုက်သည်။ မီးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအသံဗလံများ တိတ်ဆိတ်သွားသည်။ ဘာသံမှ မကြားရတော့။ မီးအလင်းရောင်ရှိနေပြီဖြစ်သည့်အတွက် ကြောက်ရွံ့ စိတ်တို့ ကျနော့်ထံမှ ထွက်ပြေးသွားကြသည်။ ရေခဲသေတ္တာဆီသို့ ကျနော် ဦးတည်သွားလိုက်သည်။ ပြီးတော့ ရေခဲသေတ္တာကို နားကပ်ပြီး နားထောင်ကြည့်လိုက်သည်။ Regualator အသံမှလွဲ၌ ဘာသံမှ မကြားရတော့ပေ။ စပ်စုချင်သည့်ဆန္ဒဖြင့် ရေခဲသေတ္တာတံခါးကို မ၀ံ့မရဲ ခပ်ဖြည်းဖြည်း ဆွဲဖွင့်လိုက်သည်။
"ဒုတ်.. ဒုတ်... ဖလူး.. ဖလူး.."
ထိုအသံများနှင့်အတူ ဖွင့်ထားသည့် လျပ်စစ်မီးများ ဖျတ်ကနဲ မျက်တောင်ခပ်သွားသည်။ ရေခဲသေတ္တာထဲမှ တွန်းအားတစ်ခုကြောင့် ရေခဲသေတ္တာတံခါး ဆတ်ကနဲပွင့်ထွက်လာပြီး ကျနော့်မေးစေ့ကို လာရိုက်ခတ်မိသည်။ ရေခဲသေတ္တာအတွင်းမှ ပျံသန်းသံ ပြေးထွက်သံမျိုးကြားရပြီး ကျနော့်မျက်နှာပြင်၌ လေများ ရိုက်ခတ်သွားသည်။ ကျနော် ယောင်ယမ်းပြီး နောက်ကို ခြေနှစ်လမ်းသုံးလမ်းဆုတ်လိုက်မိသည်။ ခပ်ညှီညှီအနံ့ဆိုးမျိုး နှာခေါင်းဝသို့ လာမိတ်ဆက်သည်။ ခွေလဲမကျသွားအောင် ကျနော်ကြိုးစားပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်မိသည်။ ပကတိငြိမ်သက်လျက်ပင်တည်း။
အတန်ငယ်ကြာအောင် ထမင်းစားခန်း၌နေထိုင်ရင်း ရေခဲသေတ္တာကို စိုက်ကြည့်နေမိသည်။ ဘာမှမထူးခြားလာသည့်အတွက် ထမင်းစားခန်းမီးခလုပ်ပိတ်ပြီး အိပ်ခန်းဆီသို့ ပြန်လာခဲ့သည်။ ကုတင်ပေါ်လဲလျောင်းပြီး မီးခလုပ်ကို ပိတ်ကာ အိပ်ဖို့ ကြိုးစားလိုက်သည်။ ထို အခိုက်ဝယ်...
"အောက်.. အီး.. အီး.. အွက်... ပဲ.. ဟဲ ... ဟဲ... အွတ်.. အွတ်.."
ထိုအသံများ ထမင်းစားခန်းအတွင်းမှဆက်တိုက် ထွက်ပေါ်လာပြန်သည်။ ကျနော် ထပ်မမိုက်ရဲတော့ပေ။ အပူဒီဂရီ မိုင်းနပ်စ် ၁၀ ခန့်ရှိသည့် လန်ဒန်ဆောင်းကာလအတွင်း၌ ကျနော့်ခန္ဓာကိုယ်အတွင်းမှ ချွေးသီးချွေးပေါက်များ ယိုစီးထွက်လာကြသည်။ ကျနော် ကြောက်သလိုခံစားလာရသည်။ MP-3 player အထဲ၌ သွင်းထားသည့် သီတဂူဆရာတော်ဘုရား၏ ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်နှင့်ပရိတ်တရားတော်တို့ကို Volume တင်ဖွင့်ပြီး နားကြပ်ကို နားနှစ်ဖက်ထဲထိုးတည့်၍ စောင်ခေါင်းမြီးခြုံကာ ကြိတ်မှိတ်အိပ်ဖို့ ကြိုးစားလိုက်ရပါတော့သည်။
မနက်မိုးစင်စင်လင်းသည့်အခါ ညတုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို စဉ်းစားပြီးဒေါသထွက်မိသည်။ မဖြစ်သင့်သည့်ကိစ္စတစ်ခုဟု ကျနော်ယူဆသည်။ အိပ်မက်များဖြစ်လေမလား စဉ်းစားမိသည်။ အိပ်မက်မဟုတ်ပေ။ ကျနော်အိပ်ရာနိုးလာသည့်တိုင်အောင် MP-3 player နားကြပ်က ကျနော့်နားအတွင်း၌ရှိနေသေးသည်က အိပ်မက်မဟုတ်ကြောင်း သက်သေပင်ဖြစ်သည်။ ထို့ကြောင့် ကျနော် ရေခဲသေတ္တာဆီသို့ ပြန်သွားလိုက်သည်။ ရဲရဲတင်းတင်းပင် ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်သည်။ ရေခဲ သေတ္တာအတွင်း၌ အချိုရည်ပေါင်းစုံ ဒိန်ချဉ် သံပုရာသီး ကိတ်မုန့်စသည့်စားသောက်ဖွယ်များရှိသည်။ ပြီးတော့ ၀က်သားဆီပြန်ဟင်းတစ်ခွက် ရှိလေသည်။ ရေခဲသေတ္တာ အောက်ဆင့်က Freezer ကို ဖွင့်ကြည့်လိုက်တော့ လပေါင်းများစွားကထဲက အိမ်ရှင်အဖိုးကြီး စွပ်ပြုတ်လုပ်ဖို့ သိမ်းဆည်းထားသည့် ဆိတ်ခြေထောက် (အစိမ်း)အထုပ်တစ်ခုနှင့် ကြက်တောင်ပံ(အစိမ်း)အထုပ် သုံးလေးခုကို တွေ့ရသည်။ အိမ်ရှင်အဖိုးကြီးတောင် သူသိမ်းဆည်းထားသည့် အထုပ်တို့ကို မေ့နေလောက်ပြီ။ ပြီးတော့ သူကိုယ်တိုင် ကျနော်တို့အိမ်၌ ရှိမနေပေ။ နယ်ဘက်ခရီးလွန်နေသည်။ ၀က်သားဆီပြန်ဟင်းမှ ၀က်အော်သံ၊ ဆိတ်ခြေထောက်ထုပ်ဆီမှ ဆိတ်အော်သံ၊ ကြက်တောင်ပံထုပ်ဆီမှ ကြက်တွန်သံ။ ထိုကဲ့သို့ ထွက်ပေါ်လာခြင်းပင်လော။
ယနေ့သည် ကြာသပတေးနေ့ဖြစ်သည်။ မနက်ဖန်ဆို စည်ပင်သာယာမှ အမှိုက်သိမ်းဆည်းသည့် ကားရောက်လာပြီး အမှိုက်လာသိမ်းမည်။ မထူးတော့ပြီ။ ရေခဲသေတ္တာထဲမှ အရှုပ်များကို ရှင်းပစ်မှ တော်ရာကျတော့မည်။ အိမ်ရှင်အဖိုးကြီး ပြန်လာပြီး သတိတရ သူသိမ်းဆည်းထားသည့်အထုပ်တို့ကို မေးလာရင် ကြည့်ကြပ်ပြီး ဖြေလိုက်မည်။ ရေခဲသေတ္တာအတွင်းမှ ၀က်သားဆီပြန်ဟင်းအကျန်၊ Freezer ထဲမှ ဆိတ်ခြေထောက်ထုပ်၊ ကြက်တောင်ပံထုပ်တို့ကို အပြင်ထုတ်ပြီး Black bag ထဲ ကျနော်ထည့်လိုက်သည်။ ယူကေ၌ အမှိုက်ပစ်သည့်အခါ Black bag ကို အသုံးပြုလေ့ရှိသည်။
ညနေပိုင်းရောက်သည့်အခါ အခြား Black bag ထုပ်တို့နှင့်အတူ အိမ်ဝင်းအပြင်၌ ထိုအထုပ်ကို သွားထားလိုက်သည်။ နောက်တစ်နေ့ သောကြာနေ့ မနက်မိုးလင်းလင်းချင်း အမှိုက်သိမ်းကားရောက်လာပြီး သူတို့ဘာသာ အမှိုက်(Black bag) ထုတ်တို့ကို သိမ်းဆည်းယူဆောင်သွားလိုက်ကြလေသည်။ ကျနော့်ပါးစပ်ကလည်း နှုတ်ထွက်ပြီးပြောလိုက်သည်။
"ကဲ.. လွတ်ရာ ကျွတ်ရာကိုသာ သွားကြပေတော့..."
ထမင်းစားခန်းအတွင်း လှည့်ပတ်ပြီး ကျက်ထားမှတ်ထားသည့် ဘုရားစာအချို့ကို ကျနော်ရွတ်ဖတ်လိုက်သည်။
ထိုနေ့မှစ၍ ကျနော်နေထိုင်သည့် အိမ်၌ ဘာအသံမှ မကြားရတော့ပေ။ ထမင်းစားခန်းအတွင်း၌လည်း ရေခဲသေတ္တာကို အလုပ်လုပ်စေသည့် ခပ်တိုးတိုး Regulator အသံမှတစ်ပါး တိတ်ဆိတ်ငြိမ်သက်လျက်ပင်ရှိလေတော့သတည်း။
အကျယ်အကျယ်ဖြစ်သွားမည်စိုးသည့်အတွက် ထိုအကြောင်းကို မည်သူ့ကိုမှ ဖောက်သည်မချခဲ့ပေ။ ကျနော်တစ်ယောက်ထဲသာ သိရှိသည့်ကိစ္စတစ်ခုဖြစ်သည်။
.....
အထက်ပါ အဖြစ်အပျက်နှင့်ပတ်သက်ပြီး ကျနော်ဆက်စပ် တွေးလိုက်မိသည်။ ငယ်စဉ်ကာလက သုဿာန်တစ်ခုကို ဖြတ်ပြီး သွားရမည့်ခရီးဆိုရင် ကျနော်တို့ ကြောက်လန့်နေတတ်ကြသည်။ ထိုစဉ်က လူကြီးသူမတွေ ပြောခဲ့သည့်စကားကို ကျနော် အမှတ်ရမိသည်။
"သင်္ချိုင်း(သုဿာန်)က ကြောက်စရာမဟုတ်ဘူး။ သင်္ချိုင်းမှာ လူသေကောင်တွေဘဲ မြှုပ်နှံထားတာ၊ တကယ်ကြောက်ရမှာက မင်းတို့ရဲ့ ပါးစပ်ကိုဘဲ။ မင်းတို့ ပါးစပ်ထဲမှာမှ သတ္တ၀ါအသေကောင်များစွာ မြှုပ်နှံထားတာ"
ထိုစကားအရဆိုလျှင် ရေခဲသေတ္တာသည်လည်း သတ္တ၀ါများစွာ၏ သုဿာန်ပင်ဖြစ်မည်ထင်၏။ ထိုထက်ဆိုးသည်မှာ ကျနော်တို့ ပါးစပ်တို့သည်သာ ကမ္ဘာ့အကြီးမားဆုံး သုဿာန်တစပြင်ကြီး ဖြစ်မှန်းမသိဖြစ်နေလေတော့သည်။ ထို့ကြောင့် ကျနော် စဉ်းစားမိသည်မှာ....
"အိပ်ပျော်နေစဉ် လူတွေ အိပ်ဟောက်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ သွားကြိတ်ခြင်း၊ ယောင်ယမ်းစကားပြောဆိုခြင်း၊ လန့်ဖြတ်ပြီး နိုးထလာခြင်း၊ ဟိုယောင်ယောင်ဒီယောင်ယောင် လမ်းထလျောက်တတ်ခြင်း စသည့်အဖြစ်အပျက်တို့သည် ၀မ်းဗိုက်အတွင်းရှိ သတ္တ၀ါတို့၏ ၀ိညာဉ်များ ခန္ဓာကိုယ်အပြင်ဘက်သို့ ပါးစပ် နှာခေါင်းပေါက်တို့မှတစ်ဆင့် ခဲခဲယဉ်းယဉ်းတိုးထွက်ခြင်းပေလော။ ထိုသို့ ထိုးထွက်သည့်အတွက် အသံဗလံများဖြစ်ပေါ်လာခြင်းကိုပင် အိပ်ဟောက်ခြင်း သွားကြိတ်ခြင်း အသက်ရှူပြင်းခြင်း ဟု ခေါ်ဆိုလေသလော။ ထိုဝိညာဉ်တို့ပင်လျှင် လူကို လမ်းထလျောက်စေခြင်းဖြစ်လေသလော"
ထိုကဲ့သို့ လောပေါင်းများစွာဖြင့် လွန်ခဲ့သည့် ဆောင်းကာလက ကျနော်နေထိုင်သည့် အိမ်၌ တိုးတိုးတိတ်တိတ် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အမှန်ကို အမှတ်ရနေပြီး ယခုကဲ့သို့ ရေးသားလိုက်ရခြင်းပင် ဖြစ်ပေတော့သတည်း။ ။
...

21 comments:
ညသန်းခေါင်ကျော်မှ ဖတ်မိရက်သားဖြစ်နေပြီ ...းDသရဲဆိုတဲ့ အသံကြားလိုက်တာနဲ့ အော်တိုမစ်တစ် စိတ်ဝင်စားပြီးသားဖြစ်သလို ခေါင်းမဖော်ရဲအောင်လဲ ကြောက်ပြီးသားး))
ခင်မင်လေးစားလျှက်
တကယ်လား နောက်နေတာလား
အဟုတ်လား.. ကြောက်ရမှာလား
သရဲကလည်း ရေခဲသေတ္တာထဲမှာ
အကြာကြီးနေနေတာ
မခဲသွားဘူးလားဟင်င်.
ဒါမှမဟုတ် အအေးမမိဘူးလား
တော်ကြာ ဖျားလို့သရဲပါဆေးရုံတက်ရတယ် ဖြစ်နေပါဦးမယ်...
ကိုကိုမောင်.. တော်တော်ဆိုးး)း)
ကျော်ဖတ်သွားတယ်ဗျို့..ဘယ်လောက်ထိကျော်ဖတ်လဲဆို ..အော်ကနိဂုံးကိုပဲဖတ်တယ်..ဟီး
အကိုရေ နာနာဘဝ ဝိနာဘဝဆိုတာ ဘုရားလက်ထက်တော်ထဲက အမှန် ရှိခဲ့တာမို့ အခုလို ထူးခြားဖြစ်စဉ်မျိုး နောက်ကြုံရင် မကျွတ်မလွတ်သေးတဲ့ သတ္တဝါတွေကို အမျှဝေပေးရင် ပိုကောင်းမလားလို့ အကြံပြုပါတယ် စာမေးပွဲ ပြီးသွားပြီလား ပျော်ရွှင်ပါစေ။
အဖြစ်အပျက်က လန်းတယ်။
နိဂုံးပိုဒ်မရောက်ခင်က အယူအဆလေး ခုမှမြင်ဖူးတယ်။ မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်။
ကိုကိုမောင်ပြောမှစဉ်းစားစရာပဲနော်။ရေခဲသေတ္တာထဲ
ကနေပြီးအသံတွေထွက်နေတယ်ဆိုတော့..။အဲဒီအသား
တွေမရှိတော့အသံပျောက်သွားလား..။ညီမဇွန်မပြော
သလိုအမျှဝေဖို့အကြုံပြုတယ်။
ခင်တဲ့
သဒ္ဓါ
ကြက်သရဲ ဝက်သရဲ ဆိတ်သရဲ ကြုံမှကြုံရပလေ...
တိရစ္ဆာန်သရဲကိုတော့ ကိုကိုမောင်ပြောမှပဲသိရတယ်။
အနားမှာ MP-3 player လေးရှိလို့တော်သေးတာပေါ့ မဟုတ်ရင် ကိုကိုမောင်တို့ ဒီလောက်အေးတဲ့နေရာမှာ ချွေးရေချိုးသလိုဖြစ်သွားမလားပဲး)))
ဇွန်မပြောသလို အမျှဝေပေးရင် ကောင်းမယ်ထင်တယ်။
တစ်ကယ်လား စိတ်ကူးယဉ်လား. စိတ်တော့ဝင်စားစရာဘဲ.။ သားကြီးင်းကြီးမစားရဲဘူး အတုံးသေးသေးလေးတုံးမှ စားရဲတယ်။ ကြက်သားကောင်လိုက်တွေ ပေါင်လိုက်တွေ ငါးအကောင်လိုက်တွေ မစားရဲဘူး.သေးသေးလေးတွေ ဆိုရင်တော့စားတယ်။
တစ်ကယ်ဖြစ်ခဲ့ပုံဘဲ။
ခွေးသရဲ ဆိတ်သရဲ ဝက်သရဲ ကြက်သရဲ
ကိုကိုမောင် အစား ဆဲပေးတာ
ရွှေစင်ဦး
မမြတ်နိုးထက်ပိုဆိုးတယ်
ခွန်က ခေါင်းစဉ်ကိုကြည့်ပြီးတော့ ဖတ်ကိုမဖတ်တော့တာ....
ဟဲ....ဗန္ဓုလသွေးအပြည့်နဲ့မို့ပါ...သိတယ်ဟုတ်
စိတ်မဆိုးပါနဲ့နော်...
မိခွန်
ကိုကိုမောင်----ရေ
ရေးထားတာကောင်းလိုက်တာဗျာ-တကယ့်ကိုပါဘဲ-
အကိုဘာကိုဆိုလိုတယ်ဆိုတာသိသာပါတယ်-တရားတွေ
နားနေရင်းကနေ တရားတွေရလာလို့ ပြန်လည်မျှဝေပေး
တာကျေးဇူးပါခင်ဗျာ-သာဓုလည်းခေါ်ပါတယ်-
သာဓု သာဓု သာဓု - - - မေမေတို့ အဖွားတို့ ပြောတာတော့မှတ်ဖူးတယ်-ဈေးကပြန်လာလို့ူကက်-ဝက်ဝယ်လာတာကိုခြင်းတောင်းအပေါ်ဆုံးကိုလူမြင်
အောင်တင်တာဟာအသေကောင်တွေဝယ်လာပါဘဲတဲ့-
အဲဒီအသေကောင်တွေကိုေုက်ာတမျိုး လှော်တဖုံ
သုတ်တလှည့်စားနေလိုက်ကြတာဘီးလူးအမျိုးတွေတဲ့
လူသေတော့လူမသာ-ုကက်သေတောု့ကက်မသာ-
ဝက်သေတော့ဝက်မသာ-အစသဖြင့်သေကြတာပါဘဲ
မသာအခြင်းခြင်းအတူအူပါဘဲတဲ့ -
ကိုကိုမောင်ပြောသလို မင်းတို့ပါးစပ်ကပိုပြီးကြောက်စရာ
ကောင်းတယ်ဆိုတာမျိုးလယ်တီဆရာတော်ဘုရားကြီး
လည်းဟောဖူးတယ်ဗျ-
ဖတ်လို့လည်းကောင်း၊ ဗဟုသုတလည်းရ... ကိုကိုမောင်ရဲ့ အတွေးကို လိုက်ပြီး စဉ်းစားမိတော့ မှ အတွေးတွေ အများကြီးဝင်လာပြီ
အိမ်းးးးးးးးး သရဲ သရဲ
ကောင်းတယ်ဖတ်ရတာ ညဘက်ဖြစ်နေတယ် ဟိ
ဘာပဲဖြစ်ဖြစ်ကြောက်ပါဘူး နော် ဟက် ဟက်
မတွေ့တာကြာဘီ နေကောင်းလား
ဖတ်သွားပါကြောင်း ...........
ကြုံရပလေ .. :D
ညီမကတော့ ဘာသရဲလာလာ ကြောက်ပါတယ် .. :D
တကယ်လား..နောက်နေတာလား
ကျမလဲညညအလုပ်ကပြန်လာတာနောက်ကျတယ်..
ရေခဲသေတ္တာနားမသွားရဲတော့ဘူး..
ရေခဲသေတ္တာထဲ သရဲရှိတော့
ကောင်းတာပေါ့
စားစရာမရှိရင် သူ့ကိုချက်စားလိုက်လေ...
နှင်း
တကယ်ကြီးလားလို့တွေးပေမယ့် တရားသဘောက ပိုမြင်သာနေမိတယ်။
လူပါးစပ် သင်္ချိုင်းက ဆီပြန်လေးမှ အချိုလေမှ အစပ်လေးမှ ပိုအဝင်ကောင်းတယ် ဆိုပဲ။
(မအားမလပ်လို့ ခုမှ လာအားပေးရတာ ခွင့်လွှတ်ဗျာ)
တကယ့် အ့ဖြစ်အပျက်မဟုတ်ရင်ဒီလောက် ကောင်းအောင်မရေးနိုင်ဘူးထင်တယ်။
တကယ့်အဖြစ်အပျက် မဟုတ်ရင်လည်း
တကယ့် အဖြစ်အပျက်တရားက
တကယ့် ကို ကောင်းလွန်းနေတယ်။
ကိုကိုမောင်ရေ
ခင်မင်လေးစားလျှက်
Post a Comment