Tuesday 13 September 2016

ကျားနှင့်ဝါး


တနေ့သောခါ၊ မုဆိုးငါသည်
ဝနာတောထဲ၊ တူမီးဆွဲ၍
အမဲလိုက်ရန်၊ ထွက်ခဲ့ပြန်သော်
အသံစာစာ၊ သာရကာနှင့်
ငှက်ဝါငှက်နီ၊ မြိုင်ရပ်ဆီဝယ်
စုံညီခညောင်း၊ ပျော်ဖွယ်ကောင်း၏။
.
ပန်းပေါင်းစွင့်စွင့်၊ ဖူးငုံပွင့်၍
ကြွေလွှင့်ရွက်ဝါ၊ သစ်ခက်ညှာမှ
ဝဲကာကြွေဆင်း၊ ရှုမြှော်ခင်းနှင့်
မြင်ကွင်းစုံစုံ၊ တောရဂုံသည်
ရင်ခုန်ကြည်နူး၊ စိတ်ရွှင်မြူး၏။
.
မြိုင်ဦးထက်က၊ စီးဆင်းကျ၍
အေးမြကြည်လင်၊ သန့်ရှင်းစင်သည့်
တသွင်သွင်စီး၊ ရေမြှောင်ကြီးလည်း
အပြီးပီတိ၊ ဂွမ်းဆီထိပြီး
တအိအိပျော်၊ မြိုင်ရပ်ပေါ်သို့
ထိုရော်အခါ၊ ကြည့်လိုက်ရာဝယ်
စင်းဝါကြားကြား၊ ကိုးတောင်ကျားကို
ထင်ရှားသွင်ပြင်၊ ငါလှမ်းမြင်၏။
.
အသင်ရွှေကျား၊ တူမီးဖျားက
ကြိုးစား၍ပင်၊ ရုန်းထွက်နှင်လော့
ငါလျှင်မုဆိုး၊ တည့်တည့်တိုးသော်
လွှတ်ရိုးမရှိ၊ ထွက်ပြေးဘိလည်း
အမိဖမ်းကာ၊ ရေခွံခွါ၍
ကြင်လျာသက်ထား၊ လက်ဆောင်ပါးမယ်
ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်ဖို့။
.
ထိုစဉ်အခါ၊ တနေရာမှ
ထင်ကာမထား၊ လင်းကင်းဓါးဖြင့်
ယောက်ျားတစ်ယောက်၊ ၀င်လာနှောက်၍
သူ့နောက်ကိုသာ၊ ကျားစင်းဝါသည်
ခုန်ကာမာန်သွင်း၊ အပြတ်ရှင်းဖို့
အတင်းပြေးလိုက်၊ အားကုန်စိုက်၏။
.
မိုက်မဲလိုက်လေ၊ အိုမိတ်ဆွေရာ
သေမှာမကြောက်၊ နာ မကြောက်နှင့်
လာနှောက်ရက်တယ်၊ အသက်တစ်ချောင်း
မသေကောင်းဘူး၊ နောက်ကြောင်းလှည့်ပြေး
ဝါးရုံဘေးသို့၊ မြန်ပြေးသွားကာ
ခိုလှုံပါလော့ ခိုပါလော့။
.
ဝါဠုကာမည်၊ ၀ါးရုံဆီသို့
ကျားသည်မစွန့်၊ ၀င်မ၀ံ့ဘဲ
နောက်တွန့်လှည့်ပြန်၊ မုဆိုးထံသို့
အားမာန်ထည့်သွင်း၊ ခုန်အုပ်လျှင်းသော်
ကြားစင်းဝါ၀ါ၊ ကျားစင်းဝါကို
ထုတ်ကာတူမီး၊ သေနတ်ကြီးဖြင့်
အပြီးချေမှုန်း၊ လက်စတုံးသည်
ဘုံးဘုံးလဲ၍ သေသတည်း။
         .
ဖွတ်မေ့လိပ်မေ့၊ မတ်တပ်မေ့နေ
ထိုမိတ်ဆွေကို၊ ကယ်ပေဦးမှ
စိတ်ပိုင်းချ၍၊ တစစီလှမ်း
ဆက်ကာလှမ်းပြီး၊ မေးမြန်းခေါ်ထုတ်
ပခုံးပုတ်သော်၊ ဆုပ်ကိုင်ကာထား
လင်းကင်းဓါးဖြင့်၊ တအားလွှဲခုတ်
ခုန်၍အုပ်သည်၊ နောက်ဆုပ်၍သာ ပြေးရသည်။
.
သူ၏အရှေ့၊ ငါ့မတွေ့ဘဲ
သူတွေ့သည်မှာ၊ ကျားစင်းဝါတည့်
ငါပါဟ ဟု၊ အော်ပြောပြုလည်း
သူ့နားမပေါက်၊ မကြားလောက်ဘူး
အကြောက်ပိတ်ဖုံး၊ သူ့မျက်လုံး၌
ငါ လုံးလုံး ပျောက်တော့သတည်း။
.
နေလုံးကွယ်ပျောက်၊ ဆည်းဆာရောက်မှ
အကြောက်ပြေကာ၊ မုဆိုးငါကို
မှန်စွာသူသိ၊ အားနာဘိ၍
ရှိုခိုးခါခါ၊ တောင်းပန်ရှာသည်
ငါသည် ပြုံး၍ ပျော်သတည်း။
.
အဆုံးမှာကား၊ စာစကားဖြင့်
ကျားနှင့်ဝါးကို၊ ပုံပြဆိုသော်
ကျားဆို ၀ါးကြောက်၊ တိုးမဖောက်ဘူး
ကြောက်ရွံ့မနေ၊ ကျားတွေ့လေသော်
ပြေးလေ၀ါးရုံ၊ ထိုရပ်ဘုံကား
လုံခြုံဘေးကင်း၊ ကျားရန်ရှင်းသည်
အချင်းမောင်တို့ မှတ်ဘို့တည်း။
.
မေတ္တာဖြင့်
(တုံဖလား သူကြီးမင်း)













No comments: