Monday 8 September 2014

ကမ္ဘာကျော် ကိုယ်ဝန်သည်


ဒီနေ့ တော်သလင်း လပြည့်နေ့။ ဒါမှမဟုတ် ဂရုဓမ္မအခါတော်နေ့။ ဂရုဓမ္မဆိုတာ ငါးပါးသီလကို ပြောတာပါဘဲ။ ဒါဆို ဒီနေ့ ငါးပါးသီလနေ့ပေါ့။ ဇာတ်တော်ထဲမှာတော့ ရှင်ဘုရင်ကစပြီး ပြည့်တန်ဆာထိ ငါးပါးသီလစောင့်ထိန်းကြတယ်တဲ့။ အကျိုးကျေးဇူးကတော့ မိုးလေ၀သမှန်ကန်ပြီး ကပ်ကြီးသုံးပါးက လွတ်မြောက်တယ်တဲ့။ ဗုဒ္ဓဘာသာကို အမွန်မြတ်ထားတဲ့ ရှေးမြန်မာမင်းများလဲ ၀ါတွင်းကာလတွေမှာ ဂရုဓမ္မသီလစောင့်ထိန်းလိုက်နာကြဖို့ အမိန့်တော်ပြန်တမ်းထုတ်ပြီး မြို့ထဲလှည့်လည်နိုးဆော်ကြသတဲ့။ သာဓု သာဓု သာဓု။

အမှန်က ဂရုဓမ္မအခါတော်နေ့အကြောင်း ရေးချင်တာ မဟုတ်ပါဘူး။  မင်းသမီးကိတ် ဂရုဓမ္မအခါတော်နေ့မှာ ကိုယ်ဝန်ရတဲ့ အကြောင်းလေး နဲနဲ တို့ထားမလို့ပါ။ ဒီကလေးဟာ မင်းသားဝီလျံနှင့်မင်းသမီးကိတ်တို့ရဲ့ ဒုတိယကလေး ဖြစ်သလို ဗြိတိန်နိုင်ငံရဲ့ လေးယောက်မြောက် နန်းညွန့်လျာလေး ဖြစ်လာမှာပါ။ တိုက်ဆိုင်မှုလို့ ဆိုလေမလား၊ ပုဗ္ဗနိမိတ်လို့ ဆိုလေမလား မသိ။ သူတို့ရဲ့ ပထမကလေးကို မနှစ်က ၀ါဆိုလပြည့်နေ့ကြီးမှာ မွေးဖွားလာပြီး မိုးချုန်းသံ မိုးကြိုးပစ်သံ တညံညံနဲ့ သဘာဝတရားရဲ့ ကောင်းချီးတွေ အပြည့်နဲ့ပေါ့။ အခုလဲ ဒုတိယကလေးကို ဒီနေ့ တော်သလင်းလပြည့်နေ့ကြီးမှာ ကိုယ်ဝန်ရပြန်ပြီတဲ့။ ကိုးလလွယ် ဆယ်လဖွားဆိုရင်တော့ လာမဲ့နှစ် ၀ါဆိုလပြည့်နေ့မှာ မွေးဖွားပြန်လေမလား မသိ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပထမကလေးကို ၀ါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့မှာ မွေးဖွားခဲ့ပြီး အခုဒုတိယကလေးကို တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့မှာ ကိုယ်ဝန်တည်နေတာကတော့ သူတို့လေးတွေရဲ့ ထွန်းတောက်မဲ့ နိမိတ်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ 

မင်းသားဝီလျံက ဒုတိယမြောက်ကလေးကို လူ့လောကထဲ ဆွဲခေါ်ဖို့ ပြင်ဆင်နေပေမဲ့ သူ့ရဲ့ တစ်ဦးတည်းသော ညီတော်မောင် မင်းသား လူပျိုကြီး ဟယ်ရီကတော့ ကဲလို့ကောင်းတုန်း ပျော်လို့ကောင်းတုန်း။ သူ့ပုံစံကိုက ခပ်နောက်နောက် ခပ်ပျော်ပျော် ပုံစံရယ်။ အခုလဲ ကြည့် သူ့အကိုရဲ့ ဒုတိယကိုယ်ဝန်အတွက် ဘယ်လို ခံစားရလဲ ဆိုတော့ သူဖြေတာက "I can't wait to see my brother suffer more" တဲ့။ အဲဒီလို ခပ်နောက်နောက် ခပ်ပျော်ပျော်ကောင်။ သူ့အဖေ ချားလ်စ်မင်းသားကြီးအတိုင်းဘဲ။ ဒါပေမဲ့ သူပြောတာလဲ အဓိပ္ဗါယ်တွေ အပြည့်အ၀ ရှိပါတယ်။ ကလေးတစ်ယောက် တိုးလာလေ သံယောဇဉ်များလာလေ ပိုပြီးပူပန်ရလေလေ မဟုတ်လား။ 

တော်ဝင်မင်းသမီး ကိုယ်ဝန်ရပြီတော့ စိတ်ထဲပါတာ မပါတာ အသာထား မိတ်ဖက်နိုင်ငံတွေက ၀န်ကြီးချုပ်တွေ သမ္မတတွေ သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေဆီက ကွန်ဂရက်ကျူလေးရှင်းတွေ သောသော ညံပြန်ဦးမှာပါဘဲ။ သူကြီးမင်းလဲ တုံးဖလားရွာထဲက ဆွေမျိုးအရင်းချာကြီးတွေဖြစ်တဲ့ အေးတုတ်တို့ ဘုတ်ဆုံတို့ ကိုယ်ဝန်ရရင်သာ ကွန်ဂရက်ကျူလေးရှင်း မလုပ်ရင် ရှိမယ်။ ဒီစုံတွဲနှင့် ပတ်သက်လို့ကတော့ ကွန်ဂရက်ကျူလေးရှင်း လုပ်ခဲ့ရပေါင်း မနည်းခဲ့ဘူး။ သူတို့နှစ်ယောက် မင်္ဂလာဆောင်တုန်းကလဲ ကွန်ဂရက်ကျူလေးရှင်းဘဲ။ မင်းသမီးကိတ် ပထမကိုယ်ဝန်ရတဲ့ သတင်းကြားတုန်းကလဲ ကွန်ဂရက်ကျူလေးရှင်းဘဲ။ ပြီးတော့ သူတို့ရဲ့ ပထမသားဦးလေး ဂျော့ဂ်ျကို မွေးဖွားတုန်းကလဲ ကွန်ဂရက်ကျူလေးရှင်းပါဘဲ။ ကဲ အခုလဲ ကြည့်။ သူတို့ ဒုတိယရင်သွေးလေးကို ဆောင်ယူပြန်ပြီတဲ့။ ဒါလဲ ကွန်ဂရက်ကျူလေးရှင်းပါဘဲ။ 

ဒါပေမဲ့ သူကြီးမင်းက အပေါ်ယံ ပါးစပ်ဖျားလေးတင် ကွန်ဂရက်ကျူလေးရှင်း လုပ်တာ မဟုတ်ပါဘူး။ ရင်ထဲက တကယ်ကို လှိုက်လှိုက်လှဲလှဲ ကွန်ဂရက်ကျူလေးရှင်း လုပ်တာပါ။ အားပေးရမှာပေါ့။ ကိုယ်မှ သူတို့လို မတတ်နိုင်တာ။ ပထမကလေး ဒုတိယကလေးမှ မဟုတ်ပါဘူး။ သူတို့ ရလာမဲ့ တတိယကလေး စတုတ္ထကလေး ..အို... ကုန်ကုန်ပြောရရင်  ဒါဇင်လောက် မွေးလေ့ပစေ ကွန်ဂရက်ကျူလေးရှင်းတွေ လုပ်နေဦးမှာပါ။ သူတို့ ပုံစံကြည့်ရတာလဲ ဆက်မွေးဦးမဲ့ ပုံစံတွေဘဲလေ။ ပထမကလေးမွေးလို့ ၁၄လဘဲ ရှိသေးတယ်။ အခု ဒုတိယကလေး ကိုယ်ဝန်ရပြန်ပြီတဲ့။ အားပေးလျှက်ပါ ၀ီလျံနှင့်ကိတ်တို့ရေ။ ဆက်သာကြိုးစားကြပါ။ အခုလဲ ဒီကိုယ်ဝန်လေးအတွက်...

"မဲနီး ကွန်ဂရက်ကျူလေးရှင်းစ်" ပါ။ 


စိတ်ဝင်စားသေးရင်..

.

8 comments:

Angelhlaing(May everybody be happy and healthy! said...

သူကြီးလိုပဲ အော်လိုက်မယ်...
"မဲနီး ကွန်ဂရက်ကျူလေးရှင်းစ်" လို့.. :)

blackroze said...

တော်ပါသေးရဲ့..သူကြီးကကွကို ကွန်ဂရက်ကျူးလေးရှင်း
လုပ်လို့...ပစ်က နောက်ထပ်tag ပိုစ့်များလားလို့
ထိတ်ခနဲဖြစ်သွားတာ ..
tag လည်း ကိစ္စတော့မရှိပါဘူး..အခု ရေးနေတဲ့ ကင်ဆာ အကြောင်း
အပိုင်း ၂ က ၁၆ ပိုဒ်လောက်ရှည်နေတော့ နှစ်ခါ ခွဲတင်ပလိုက်ရုံဘဲလေ...
ဧီးးးဟီးးးး

San San Htun said...

တဂျီးလိုပဲ ကွန်ကရက်ကျူလေးရှင်း..ဂျော့လေးက ချစ်စရာလေး..ဒီကလေးလည်း ချစ်စရာကောင်းမှာပါပဲ...

မဒမ်ကိုး said...

ချစ်စရာကောင်းတဲ့ကလေးလေးတွေအပူအပင်မရှိတဲ့နန်းတော်ကြီးမှာမွေးဖွားလာဦးမှာကွန်ဂရက်ကျူလေးရှင်းပေါ့တဂျီးရာ

Aunty Tint said...


မင်းသားဝီလျံနှင့်မင်းသမီးကိတ်တို့နဲ့ ပတ်သက်တာမှန်သမျှ သတင်းမှန်မှန်ပေးပို့တဲ့ သူကြီးမင်းကို ချီးကျူးမိပါရဲ့.. ဒါနဲ့သူကြီးမင်းက နိုင်ငံကြီးသားတိုင်းပြည်ကြီးကို ရောက်သွားလို့ အေးတုတ် ဘုတ်ဆုံတို့ကိုတော့ မမေ့တန်ကောင်းပါဘူးလေ… :D စာရေးလဲကောင်း ဟာသလေးလဲနှောတဲ့ ပို့စ်လေးတွေ အခုတော့ မကြာခဏဖတ်ရပြီမို့ ကျေးဇူးတင် ကြည်နူးမိတယ် သူကြီးရေ…
♥♥♥ကွန်ဂရက်ကျူလေးရှင်းစ်ပါ မင်းသားဝီလျံနဲ့မင်းသမီးကိတ်♥♥♥

Cameron said...

ဂုဏ်ယူပါတယ်...း) ဂျော့်ခ်ျလို့ ချစ်စရာကောင်းတဲ့ ကလေးမျိုးနောက်တစ်ယောက်ထပ်ထွက်လာမှာကို ရင်ခုန်စွာစောင့်မျှော်နေရဦးမယ်..း) (ကလေးချစ်တတ်သူ မိုးငွေ့)

စံပယ်ချို said...

သာဂျီးရေ
သူများတွေကိုအားကျနေမှာလားကိုယ်တိုင်ရော?

နောင်ဂျိန် said...

i think they announced on full moon day.
nobody know exactly date of baby start.
doctor can estimate this day that baby start if she really exact time of her period..



MN