Friday 19 September 2014

~~~ထိုတည၀ယ်~~~

"အအိပ်မက်သော သူအဖို့  ညဥ့်တာတို့သည် တိုလွန်းလှချေ၏"

နဂါးမြူးသော နှစ်မို့လားမသိ အိပ်လို့ အလွန်ကောင်းသည်။ အိပ်ရင်းနဲ့ စာကြည့်မယ်၊ အိပ်ရင်းနဲ့ တရားနားထောင်မယ်လို့များ စိတ်ကူးမယဉ်လေလင့်။ "တရားဆုံး တုံးလုံးစက်တော်ခေါ်" ဆိုသလို ဖြစ်မှာ အမှန်ပင်။

စိတ်ဖိစီးမှုများလေ အအိပ်ပျက်အစားပျက်ဖြစ်လေ ဖြစ်ရမဲ့အစား နင်းကန်အိပ်ကောင်းနေသည်။ အဆိုတော် ဒေါ်မာမာအေးရဲ့ အိမ်ရှင်မ အလိုက်ကလေးနဲ့  "ခေါင်းအုံးပေါ် ခေါင်းကို ချလိုက်ရာ၊ သမ္ဗုဒ္ဓေမှ မဆုံးရှာ၊ အိပ်ပျော် သွားပါသတဲ့ခင်ဗျာ" ဆိုပြီး ဟစ်အော်ရမလိုလိုပင်။

ညပိုင်းအိပ်ချင်စိတ်မရှိအောင်ဆိုပြီး ကျွဲရိုင်းဗူးသောက်ပေမဲ့လဲ ကျွဲရိုင်းဗူး သောက်လို့မပြီးသေးခင် စာကြည့်ရင်း အိပ်ပျော်သွားတတ်ပြန်ရော။ တစ်ရေးနိုးမှ လက်ကျန်တစ်ဝက်ကို ထသောက်ရတဲ့အဖြစ်။ မနေ့တုန်းကလဲ တနေကုန်ထိုင်ပြီး စာကြည့်စာရေးလုပ်နေရတဲ့အတွက် တကိုယ်လုံး ညောင်းညာနွမ်းရိကိုက်ခဲလို့။ ဒါနဲ့ မာဆတ်တို့ စပါးတို့လဲ ၀ါသနာမပါလေတော့ အိမ်မှာရှိတဲ့  Bathtub ထဲ ရေနွေးနွေးလေး ပြည့်အောင်ဖြည့်ပြီး တကိုယ်ကောင်လုံး နစ်မြုပ်ကာ အညောင်းပြေစိမ်နေရင်း မှေးကနဲ အိပ်ပျော်သွားလိုက်တာ အိမ်ပေါ်မှာ ရေနစ်မှု ဖြစ်ခါနီးနီးရယ်။ အဲလောက်တောင်ဖြစ်တာ။ အဲဒီလိုနဲ့ ညဘက်ရောက်တော့ မဖြစ်ချေဖူး သံပုရာသီးခြမ်းလေး ပါးစပ်ထဲငုံထားမှ တော်ရာကျတော့မယ်၊ ကြည့်စရာစာတွေက အတော်များနေတယ် ဆိုပြီး မျက်လုံးကျယ်လာအောင် ချဉ်လှပါတယ်ဆိုတဲ့ သံပုရာသီးခြမ်းလေးး တစ်ခြမ်း ပါးစပ်ထဲငုံပြီး စာကြည့်စာဖတ်လုပ်ပါတယ်။ ဘယ်လိုက ဘယ်လို ဖြစ်သွားလေသည်မသိ။ ငိုက်ကနဲ ရှိုက်ကနဲ။

နေ့စဉ် အခန်းတွင်းအောင်း စာဖတ်စာကြည့် အင်တာနက်ဝင်နဲ့ လူလဲ နုံးချိချိ ဖြစ်လာသည်။ ဒါနဲ့ ညနေခင်းဘက် အညောင်းလဲပြေ စာရေးဖို့လဲ ကုန်ကြမ်းတစ်ခုခု ရပါစေတော့ဆိုပြီး ဟိုနားဒီနား လမ်းလျှောက်ထွက်ဖြစ်သည်။

ဆောင်းဦးဝင်ခါနီးမို့ မိုးချုပ်တာလဲ နဲနဲစောလာသည်။ ညနေ ခုနာရီခွဲ ရှစ်နာရီဝန်းကျင်လောက်တွင် နေရောင်က မရှိချင်တော့။ သို့သော် အလင်းရောင်ဖျဖျတော့ ရှိနေသေးသည်။ လမ်းလျောက်ရင်း အချိန် အလဟဿ မဖြစ်ရအောင် ဟန်းဆက်မှတဆင့် နားကြပ်တပ်ဆင်ပြီး ဘီဘီစီရေဒီယို နားထောင်ရင်း စည်းချက်မှန်မှန် လမ်းလျှောက်ဖြစ်သည်။ သို့သော် လမ်းလျှောက်သွားရာလမ်းနှင့် လေယာဉ်ဆင်းသက်ရာ  လမ်းကြောင်းတိုက်ဆိုင်နေ၍ လေယာဉ်သံက နားကြပ်နဲ့ နားထောင်နေသည့် ရေဒီယိုသံကို ကျော်လွန်သွားမြဲပင်။ လေယာဉ်က သုံးမိနစ်နှစ်စီး ပျံသန်းနေတာဆိုတော့ ဆူညံလွန်း၍ ရေဒီယိုဘက် အာရုံ သိပ်မရောက်ဖြစ်တော့။ လေယာဉ်သံကြားတိုင်း ဘယ်အဲယားလိုင်းက လေယာဉ်ပါလိမ့်ဟူသော အတွေးဖြင့် မော့မော့ ကြည့်ဖြစ်နေတော့၏။ 

နေရောင်ပျောက်သွားပြီမို့ လမ်းမီးတွေက ထိန်ထိန်သာလာ၏။ ကြည်လင်ပြတ်သားသော ကောင်းကင်၊ တန်းစီ ပျံသန်းနေသာ လေယာဉ်ကြီးများ။ အင်းးး အင်တာနက်နဲ့ ဒီလေယာဉ်ကြီးတွေကြောင့် ကမ္ဘာကြီး ကျဉ်းသွားတာ ကျုံ့ သွားတာ။ ကျဉ်းလွန်းကျုံ့ လွန်းတော့လဲ စိတ်လှုပ်ရှားမှုမျိုးတွေ ဆိတ်သုဉ်းကုန်သည်။ စိတ်ချမ်းသာဖို့ထက် စိတ်ဆင်းရဲဖို့ သတင်းတွေက ချက်ချင်းဖြစ် ချက်ချင်းကြားသိရသည်။ တိုက်ပွဲပေါင်းစုံ၊ ပြဿနာပေါင်းစုံ၊ အလိမ်အညာပေါင်းစုံ၊ ပြစ်မှုပေါင်းစုံ၊ ပြီးတော့ ရောဂါပေါင်းစုံ။ 

တောင်တောင်အီအီစဉ်းစားရင်း တနေရာအရောက်မှာ အမှတ်မထင် လေယာဉ်လမ်းကြောင်းရဲ့ အခြားတဘက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်မိ၏။ ဖရဲသီးအကြီးသုံးလုံးစာခန့်ရှိသော အလုံးနီနီကြီး တစ်လုံး ကောင်းကင်ပေါ်၌ ပျံဝဲနေသည်ကို တွေ့ရလေ၏။ ထိုအလုံးကြီးသည် ကျွနု်ပ်ဦးတည် လမ်းလျှောက်ရာ အရပ်ဆီသို့ တဖြည်းဖြည်း နိမ့်ဆင်းလာလေ၏။ မြေပြင်သို့ ရောက်ခါနီးလေ အလုံးကြီးကို ထင်ထင်ရှားရှား မြင်ရလေဖြစ်၏။ ထိုအလုံးကြီးပေါ်၌ အရုပ်တစ်ခု ရေးဆွဲထားသည်ကို တွေ့ရ၏။ ပူးတိုက်ဂါး ရုပ်ကြီး။ 

"အင်း... ဖန်ဖဲယား တစ်ခုခုကနေ မိုးပျံပူပေါင်း လွှင့်စင်ခဲ့တာ ဖြစ်မယ်။ ရှေ့ နား ပြုတ်ကျလာရင်တော့ ကောက်ယူခဲ့မှ။ တော်တော်လှတဲ့ အရုပ်ကြီး"

ကျွနု်ပ်၏ မိတ်ဆွေမိသားစုမှာ မူကြိုအရွယ် သမီးလေးတစ်ယောက်ရှိ၏။ ထိုသမီးလေးသည် ပူးတိုက်ဂါးရုပ်ကို အလွန်ကြိုက်၏။ ကျွနု်ပ်ထံသို့ အလည်လာသောအခါတိုင်း ကျွနု်ပ်၏ ကွန်ပျူတာဖြင့် ပူးတိုက်ဂါးဗီဒီယိုဖိုင်ကို ယူကျုကနေ ကြည့်လေ့ရှိ၏။ ကြည့်သည့်အခါတိုင်း တဟင်းဟင်း ရယ်မောလေ့ရှိ၏။ သူရယ်မောဟန်လေးက အပြစ်ကင်းကင်းနဲ့ တကယ့်ချစ်စရာလေး။ သူ့ကိုသာ ဒီပူးတိုက်ဂါးရုပ်ကလေး လက်ဆောင်ပေးလိုက်ရင် ပျော်လိုက်မဲ့ ဖြစ်ခြင်း။

ထိုပူးတိုက်ဂါးရုပ်ပါရှိသည့် အနီလုံးကြီးသည် မြေပြင်သို့ တစတစ နိမ့်ဆင်းလာလေသည်။ ကျွနု်ပ်သည်လည်း ခြေလမ်းသွက်သွက်ဖြင့် ထိုအလုံးကြီး ကျလောက်ရာနေရာကို မှန်းဆပြီး မပြေးရုံတမယ် သွားလေ၏။ သို့သော် ထိုအလုံးကြီး မြေပြင်သို့ ကျရောက်ခါနီးအချိန်လောက်မှာ ပတ်ဝန်းကျင်တစ်ခွင်ကို သတိပြုမိလိုက်တော့ ထိုအလုံးကြီးနောက် လိုက်လာကြသော လူပေါင်း လေးငါးဆယ်ကို အံ့သြစွာ တွေ့ရလေ၏။ အင်း.... အကြံတူ ရန်သူတွေ။

ထိုအလုံးကြီးကို ကျွနု်ပ်ရယူဖို့ရန်မှာ မလွယ်ကူတော့ချေ။ ကျွနု်ပ်သည် ပြိုင်ဆိုင်ချင်သူမဟုတ်။ ဘ၀တလျှောက်လုံး တခါမှ ပြိုင်ဆိုင်ဖူးခဲ့ခြင်းမရှိ။ ပညာရေး စီးပွါးရေး အချစ်ရေး။ ဘာအရေးမှ ပြိုင်ခဲ့သူမဟုတ်။  ပြိုင်ဆိုင်ခြင်းတွေမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပို ဖြစ်စေတတ်သည် မဟုတ်ပါလား။ အခန့်မသင့်ရင် ဘ၀ပါ ဆုံးပါးသွားနိုင်သည်လေ။ ဒီတော့ ဒီလူအုပ်ကြီးနဲ့ ဒီအလုံးကြီးကို ယှဉ်လုဖို့ ကျွနု်ပ်မစဉ်းစားတော့။ သို့သော် မိတ်ဆွေ၏ သမီးလေးကို ထိုအရုပ်ကြီး လက်ဆောင် မပေးလိုက်နိုင်သည်ကိုတော့ စိတ်မကောင်း။

ကျွနု်ပ်နဲ့ မလှမ်းမကမ်း လူသွားကွန်ကရိလမ်းပေါ်သို့ ထိုအလုံးကြီး ကျရောက်လာ၏။ အပေါ်က ကျလာသည့်အရှိန်နဲ့ လေနဲနဲတိုက်နေသည့် အရှိန်တို့ကြောင့် ထိုအလုံးကြီးသည် ကွန်ကရိလမ်းပေါ်၌ လှိမ့်နေလေ၏။ လူအုပ်ကြီးကလဲ အပြေးအလွှား သူ့ထက်ငါ ရယူဖို့ တာစူနေကြလေ၏။  သို့သော် သို့သော်။ ထိုအလုံးကြီးအနား လူအုပ်ကြီး ရောက်သွားသောအချိန်၌ ထိုအလုံးကြီးသည် လမ်းပေါ်ရှိ ကွန်ကရိအစွန်းစ၊ သဲစတို့ဖြင့် ပွတ်တိုက်မိကာ အမှတ်မထင် ဖောင်းကနဲ ပေါက်ကွဲလေတော့၏။ အေးရော။ 

သို့သော် မအေးနိုင်ပါ။ ဖောင်းကနဲ ပေါက်ကွဲသံနဲ့အတူ ထိုအလုံးကြီးတွင်းမှ ပုရွက်ဆိတ်ငယ်များကဲ့သို့သော အနက်ရောင် အကောင်များ ထောင်ပေါင်းများစွာ ဖြာထွက်လာသည်။ ထို့နောက် တမုဟုတ်အတွင်း ရှေ့နောက်ဝဲယာသို့ ပျံ့နှံ့သွားကာ ထိုအကောင်လေးများ ရိပ်ကနဲ ရိပ်ကနဲ ပျောက်ကွယ်သွားကြကုန်လေ၏။ ခဏလေးမှ တကယ့်ခဏလေး။ ထို အဖြစ်အပျက်ကို ကြည့်ပြီး ထိုလူအုပ်ကြီးသည်လည်း မှင်တက်မိကာ ပါးစပ်အဟောင်းသား ဖြစ်နေကြလေတော့၏။ 

ကျွနု်ပ်သည်လည်း မိုးအတန်ချုပ်နေပြီ ဖြစ်သည့်အတွက် နေအိမ်သို့ နောက်ကြောင်း ပြန်လှည့်လာခဲ့လေ၏။   အသွားတုန်းက ရပ်ကွက်လမ်းထဲ ကွေ့ပတ်သွားခဲ့သော်လည်း အပြန်မှာမူ အေဖိုး လမ်းမကြီးအတိုင်း လျှောက်ပြီး ပြန်လာခဲ့၏။ ကျွနု်ပ်ပြန်လှည့်လာပြီး နာရီဝက်ခန့်ကြာသောအခါ အေးဖိုးလမ်းမကြီးအတိုင်း ထိုအလုံးကြီးကျရောက်ရာ အရပ်ဘက်သို့ လူနာတင်ကားများ ရဲကားများ မီးသတ်ကားများ တ၀ီဝီဖြင့် ဖြတ်သန်းသွားနေကြသည်ကို သတိထားမိလေ၏။ ကျွနု်ပ်ပင် နေအိမ်သို့ ပြန်မရောက်သေးချေ။

ဒါကလဲ အဆန်းတော့မဟုတ်။ ဒီနိုင်ငံမှာက အရေးအကြောင်းတစ်ခုပေါ်တိုင်း ရဲကား၊ မီးသတ်ကား၊ လူနာတင်ယာဉ်တို့ သွားရောက်ကြမြဲဖြစ်လေ၏။ အခုလဲ တနေရာရာမှာ အရေးပေါ်ကိစ္စတစ်ခုခုရှိနေလို့ ဖြစ်မှာပါဆိုပြီး ပုံမှန်ထက်မပိုသော စဉ်းစားမှုမျိုးဖြင့် စဉ်းစားပြီး လာလမ်းအတိုင်း အေးဆေးစွာ လျှောက်မြဲ လျှောက်နေမိလေ၏။ သို့သော် အရေးပေါ်ကားတွေက များသထက် များလာသည်။ တစ်စီး.. နှစ်စီး.. သုံးစီး.. မရေတွက်နိုင်တော့။ အနည်းဆုံး အစီး သုံးဆယ်လောက်တော့ ရှိမည်။ တစ်ခုခုတော့ တစ်ခုခုပေဘဲ။

တိုးတိုး တိုးတိုး ပြောနေကြသည့် လမ်းသွားလမ်းလာများထံ စနည်းနာမိသည်။ ကြားရသည့် သတင်းက ကြက်သီးဖြန်းချင်စရာ။ လူပေါင်းသုံးလေးဆယ်လောက် အုပ်စုလိုက် ချက်ချင်း ခန္ဓာကိုယ် ယားယံပြီး အဖုအပိန့်တွေ တကိုယ်လုံးထွက်လာလို့တဲ့။ အဖုအပိန့်တွေကနေ သွေးတွေလဲ တလစပ် ထွက်ကြတယ်တဲ့။ အန်လဲ အန်ကြတယ်တဲ့။ မျက်လုံးတွေလဲ နီမြန်းလာကြတယ်တဲ့။ ခန္ဓာကိုယ်တွေလဲ ခြစ်ခြစ်တောက် ပူလောင်ကြသတဲ့။ ဘုရား ဘုရား။ 

""အီဘိုလာ""

ဟုတ်သည်။ သူတို့တတွေ အီဘိုလာရောဂါ ကူးစက်ခံရချေပြီ။ သူတို့ အငမ်းမရ လိုချင်လွန်းသည့် ကောင်းကင်မှ ကျလာသည့် အလုံးနီကြီးသည် အီဘိုလာရောဂါပိုးများစွာကို သယ်ဆောင်လာပြီး သူတို့ ရှေ့မှောက်မှာပင် ပေါက်ကွဲလေ၏။ ထို့နောက် ထိုရောဂါဗိုင်းရပ်ပိုးများသည် နီးစပ်ရာလူအုပ်ကြီးဆီသို့၎င်း အခြားအရပ်များသို့၎င်း ပျံ့ နှံ့ကူးစက်သွားလေတော့၏။ ထိုသို့ဆိုလျှင် ကျွနု်ပ်သည်လည်း ထိုအနီလုံးကြီး ကျရောက်ပေါက်ကွဲရာ အနီးအနား၌ တည်ရှိခဲ့သည် မဟုတ်ပါလား။ ပြန် စဉ်းစားမိသောအခါမှ ဗိုက်နာသလို ခန္ဓာကိုယ် ယားယံလာသလို စစ်ကနဲ စစ်ကနဲ ဖြစ်လာလေ၏။

အီဘိုလာဟူသော စကားလုံးသည် အလွန်လှပလေ၏။ သူ့လို လှပသောအမည်နဲ့ သည်ရောဂါဆိုးမျိုးနဲ့ မထိုက်တန်ပေ။ သို့သော် အလှအပတိုင်း၏ နောက်ကွယ်၌ အလွန်ကြီးမားသည့် အန္တရာယ်များ အမြဲရှိနေတတ်၏ ဟူသော နီတိတစ်ခုကို မွေးဖွားပေးလေသယောင် ရှိလေ၏။ အန္တရာယ် အလွန်ကြီးပါပေစွ။ အမှန်မှာ ထို အီဘိုလာ ဟူသော အမည်သည် ထိုရောဂါ၏ ကို်ယ်ပိုင်အမည် မဟုတ်ချေ။ ဒီမိုကရက်တစ်ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ အီဘိုလာ ဟူသော မြစ်၏ အမည်ကို ယူသုံးထားခြင်းဖြစ်၏။ အဘယ်သို့ ယူသုံးထားသနည်းဟူမူ ထိုရောဂါအား ပထမဆုံး ခြေရာခံနိုင်ခဲ့သော နေရာသည် ထိုအီဘိုလာမြစ်ဝှမ်းဒေသတ၀ိုက်၌ ဖြစ်သောကြောင့်ဖြစ်၏။

တိတိကျကျဆိုရပါမူ ထိုရောဂါအား ၁၉၇၆ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့၌ စတင်တွေ့ရှိပြီး အတည်ပြုနိုင်ခဲ့၏။ ပထမဦးဆုံး ထိုအီဘိုလာရောဂါကို ခံစားရသူမှာ ကျေးရွှာကျောင်းအုပ်ကြီး မာဘလို လိုကဲလာ ဖြစ်လေ၏။ ထိုကျောင်းအုပ်ဆရာကြီးသည် ထိုအီဘိုလာမြစ်ကမ်းတလျှောက် ၁၉၇၆ခု သြဂုတ်လ ၁၂ ရက်မှ သြဂုတ်လ ၂၂ ရက်နေ့အထိ ခြေဆန့်ခရီးထွက်လေ၏။ ခရီးထွက်ရင်း ရောဂါဆန်းတစ်ခုရရှိကာ ထိုနှစ် စက်တင်ဘာ ၈ ရက်နေ့၌ ကွယ်လွန်လေ၏။ ထိုအခါမှစ၍ ထိုရောဂါနာမည်ကို အီဘိုလာမြစ်ကမ်းဘေးမှာ ဖြစ်ပွါးခဲ့သောကြောင့် အီဘိုလာရောဂါဟု ခေါ်တွင်ပြီး ထင်ရှားခဲ့လေ၏။ 

ထိုရောဂါကူးစက်ခံရသူသည် နှစ်ရက်မှ သုံးပတ်အတွင်း အပူဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ၀မ်းလျောဝမ်းပျက်ဖြစ်ခြင်း နှင့် အသဲ အဆုတ်တို့ အလုပ်မလုပ်တော့ခြင်း၊ ခန္ဓာကိုယ်တွင်းပြင်သွေးယိုစီးခြင်းစသည့် လက္ခဏာများ ဖြစ်လာလေတော့၏။ ထိုရောဂါရှိနေသော လူ သို့မဟုတ် တိရစ္ဆာန်တို့၏ သွေး ချွေး စသည်တို့မှလည်း ကူးစက်နိုင်သည်ဟု ၀ီကီ၌ ဆိုထားလေ၏။ (အကျယ်သိလိုပါက ၀ီကီ သို့သွားပြီး ရှုကြပါလှည့်)။ ထိုရောဂါသည် ယခုအခါ အနောက်အာဖရိကနိုင်ငံများဖြစ်သည့် ဂီနီယာ၊ ဆီရလီယွန်၊ လိုက်ဘေးရီးယားနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့၌ ဖြစ်ပွါးနေလေ၏။ လွန်ခဲ့သည့် မတ်ခ်ျလကစပြီး ယခုအချိန်အထိ ထိုရောဂါဖြင့် လူပေါင်း ၂၄၀၀ ကျော် သေဆုံးပြီး ဖြစ်လေ၏။

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆိုသကဲ့သို့ ကျွနု်ပ်သည်လည်း အသက်ရှုမ၀သလိုလို တကိုယ်လုံး ယားယံလာသလိုလို ဗိုက်ထဲက နာလာသလိုလို ဖြစ်လာလေ၏။ ဒါဆို သေချာပြီ အီဘိုလာ။ အီဘိုလာဆိုရင်... ဆက်ပြီးမတွေးရဲတော့။ တကိုယ်လုံး တောင့်တင်းလာသည်။ ခြေတွေလက်တွေ လေဖြတ်သလိုဖြစ်လာသည်။ ပါးစပ်တွေလဲ ထုံကျင်လာလေသည်။ သွားတွေလဲ ကျိန်းစပ်လာလေသည်။ ငါ ဒီအတိုင်း အရှုံးပေးလို့ မဖြစ်သေးဘူး။ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ငါ ဘာမှ မဖြစ်စေရဘူး။ ငါ ဘာမှ မဖြစ်ဘူး။ ငါ ငါ ငါ။ ဂါးးးးးးးးးး။

မျက်လုံးဖွင့်ကြည့်လိုက်တော့ ညဥ့် တစ်နာရီ။ လန့်နိုးလာမှ ပါးစပ်ထဲက သံပုရာသီးခြမ်းကို ထွေးထုတ်ပြီး ပါးလုပ်ကျင်းလိုက်ရသည်။ ကျင်လိုက် ကျိန်းလိုက်သည့်ဖြစ်ခြင်း။ အင်း.... မိုးမလင်းသေးဘူး။ အချိန်ရှိသေးတယ်။ ထပ် နှပ်လိုက်ဦးမှ။

"ကဲ အစက မပြောလား။ အအိပ်မက်သော သူအဖို့ ညဉ့်တာတို့သည် တိုလွန်းလှချေ၏" လို့။  ။


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
သူကြီးမင်း (တုံးဖလား)
(၁၉၊၀၉ ၊၂၀၁၄ သောကြာနေ့ ၀၀း၄၀ နာရီ)


မှတ်ချက်။
ဝီကီပီဒီယားမှ အချက်အလက် အနည်းငယ် ယူထားပါသည်။


BPP Challenge
.


13 comments:

Aunty Tint said...

မချွင်းမချန် အမှန်ပြောရရင် "တရားဆုံး တုံးလုံးစက်တော်ခေါ်" အစချီတဲ့ ပို့စ်လေးကို အွန်လိုင်းတက်တက်ခြင်းမြင်တွေ့လိုက်ရလို့ အတော်လေးပျော်သွားတယ် သူကြီးမင်းရေ…
"အီဘိုလာ" ကိုပါ စိတ်ဝင်စားအောင် တစ်ခါတည်းဆွဲယူသွားနိုင်တဲ့ ပညာကတော့ ချီးကျူးလောက်ပါပေတယ် သူကြီးမင်းရယ်…
သံပုရာသီးတောင် မကယ်နိုင်တဲ့ သူကြီးမင်း အိပ်မက်လှလှမက်ပါစေ … :P

စုချစ် said...

အိပ်ပျော်လွယ်တယ် ဆိုတာ ကံကောင်းခြင်း တစ်မျိုး တဂျီးရ... အပူအပင်မရှိတဲ့သူတွေက အိပ်ပျော်လွယ်တာ...
ဦးရေချမ်းကြီးဆို ခေါင်းအုံးနဲ့ ခေါင်းမထိခင် လမ်းတဝက်တင် အိပ်ပျော်တယ်.. :P

Anonymous said...

သကြီး ဟိုး isis မှာ အကြံပေး လုပ်ပါလားငင်

ရွှေစင်ဦး

Anonymous said...

သကြီး ဟိုး isis မှာ အကြံပေး လုပ်ပါလားငင်

ရွှေစင်ဦး

ဆွေလေးမွန် said...

နဂါးမြူးသော နှစ်မို့လား မသိ အိပ်လို့ ကောင်း၏။

ရေးတတ်ပါပေ့ သူကြီးမင်းရယ်။ :) :)

စံပယ်ချို said...

ကက်စမင်းတို့များကျပြန်တော့ အိပ်မရလို့ အိပ်ဆေးသောက်နေရတာကြာပေါ့သာဂျီးရေ
သူများတွေ အိပ်ကောင်းရင်လဲ မနာလိုဖြစ်တယ် ကိုယ်ကအိပ်မရလို့လေ

blackroze said...

ဖတ်ရင်းနဲ..ဝါးးးး ခနဲ သမ်းးး
အိပ်ချင်သွားသည်

သူကြီးမင်း (တုံးဖလား) said...

တီတင့်ရေ
လွန်ခဲ့တဲ့ သုံးလေးနှစ်က လုံးဝ အိပ်မရခဲ့တဲ့ အိပ်ပျက်ညတွေအစား အခု အတိုးချပြီး အိပ်လို့ကောင်းနေတာ ထင်တယ်။ နိုးစက် နှစ်ဆင့် သုံးဆင့်ပေးထားတာတောင် ပိတ်လိုက် အိပ်လိုက်ရယ်။

မရွှေချစ်
ဦးရေချမ်းကြီးကို သဘောပေါက်ပြီးသား။ ရေခဲစိမ်ကျောက်တုံးကြီးလိုနေမှာ။ အေးတိအေးစက်။ ပြီးတော့ အိပ်လိုက်ရင် တုံးကနဲဘဲ။ အဲလို နေမှာ။

အမရွှေစင်
အကြံပေးလုပ်လဲ မချောင်လှဘူး ထင်တယ်နော။

ဆွေလေးမွန်
လာလဲဖတ် ရေးလဲရေးနော်။ မျှော်နေမယ်။

ကြောင်စမင်း
သူကြီးမင်းလဲ အဲလို အိပ်မရတွေ ဖြစ်ခဲ့ဖူးတယ်။ အခုမှ အိပ်ကောင်းနေတာရယ်။

ဝက်မလေး
စာတော့ ဆုံးအောင် ဖတ်သွားပါတယ်နော်။ မဆုံးခင်များ ၀ါးးးးး သွားသလားလို့။

MaungMyo said...

ပြန်နှပ်ရတဲ့ အရသာလောက်ကောင်းတာဘာရှိသေးတုန်းး) အသက်တွေလည်းကြီးပြီ စာကျက်ရတုန်းလား သူကြီးရယ် သနားပါတယ် ။

BPP လုပ်ထားတာသိတောင်မသိလိုက်ဘူး

မေဓာဝီ said...

စောကြီးကတည်းက အိပ်မက်ကြီးမှန်း သိသားပဲ။
နောက်ဆို မရိပ်မိအောင် ရေးပါ ... ဒါဗြဲ :D

Anonymous said...

ဖတ်နေရင်းနဲ့ လည်ချောင်းတွေနာပီး ခေါင်းမူးခေါင်းကိုက်လာသလိုပဲ အီဘိုလာတော့ ဟုတ်ပါဝူး ချဲလင့်ဆိုတာလေး တွေ့လိုက်လို့ပါ :D

ဟင့် မကြီးဂျက် ချဲလင့်လေး ဖြေရှင်းပီးရုံရှိသေး သူကြီးက ထပ်ခေါ်တယ် ဘယ်အညိုးပါလိမ့်နော :'(

မဒမ်ကိုး said...

အမလေး ဖတ်ပြီး လက်တွေမှာကြက်သီးတွေတောင်ထလာပါပကော သဂျီးမင်းရယ် ဂိဂိ

ကြယ်ပြာ said...

BPP ကို ခုမှတွေ့တယ် ...ရေးမယ်နော် .. ဟီး