Monday, 10 March 2014

သိကြောက်ကမှ ပိုကြောက်ရ၏

"ရဟန်းတွေက ဒကာဒကာမတွေလှူတဲ့ ပစ္စည်းလေးပါးကို ခံစားစံစားပြီး စည်းစိမ်ယစ်နေကြတာ"

ထိုစကားကို ပြောခဲ့သူတစ်ယောက်ရှိ၏။ ထိုသူသည် အသောကမင်းကြီး၏ ညီတော်တစ်ယောက် ဖြစ်၏။ တိဿဟု အမည်ရှိ၏။ ရတနာသုံးပါး၌ လုံးဝကြည်ညိုပြီးသော အသောကမင်းကြီးသည် ညီတော်တိဿအား ထိုကဲ့သို့ မပြောရန် တားမြစ်၏။ သို့သော် သူကား ပြောမြဲ။ ထို့ကြောင့် အသောကမင်းကြီးသည် ညီတော်တိဿအား သူပိုင်ဆိုင်သည့် မင်းစည်းစိမ်အားလုံးအား ခုနစ်ရက်တိတိ လွှဲပြောင်း ပေးအပ်လေ၏။ ကြိုက်သလောက်စား ကြိုက်သလောက်ကစား ကြိုက်သလောက်ပျော် ကြိုက်သလောက် မော်။ သို့သော် ရှင်ဘုရင်ကြီးညီတော်တိဿတစ်ယောက် ကစား အစား အပျော် အမော် ဘာတစ်ခုမှ မလုပ်နိုင်ပေ။ စားမ၀င်အိပ်မပျော် တနုံနုံသာ ဖြစ်နေလေတော့၏။ အဘယ့်ကြောင့်ဆိုသော် သူ နန်းစည်းစိမ် ခုနစ်ရက်တိတိ ခံစားပြီးလျှင် သူ့အား သေဒဏ်ပေးထားပြီးသောကြောင့် ဖြစ်၏။

"မှတ်ထား တိဿ။ ခုနှစ်ရက်လွန်ရင် အသတ်ခံရမှန်းသိတော့ သေမဲ့ဘေးကို ကြိုတင်သိမြင်နေတဲ့အတွက် မင်း ဘာမှ ခံစားစံစားချင်စိတ် မရှိတော့ဘူးမဟုတ်လား။ ရဟန်းတွေ သုံးဆောင်နေတဲ့ ပစ္စည်းလေးပါးဆိုတာ မင်းစည်းစိမ်နဲ့ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ပါဘူး။ ကြိုတင် သိမြင်နေတဲ့ သေဘေးကြောင့် ဒီလောက် စည်းစိမ်အပြည့်ဖြစ်တဲ့ မင်းစည်းစိမ်ကြီးကို မင်း သုံးဆောင်ခံစားလိုစိတ်မရှိသလိုဘဲ ရဟန်းတော်တို့ဟာလဲ အသတ်ခံရတာထက် ပိုဆိုးဝါးတဲ့ သံသရာဒုက္ခ အပါယ်ဒုက္ခစတဲ့ ဒုက္ခပေါင်းစုံကို တရားသံဝေဂနဲ့ ကြောက်လန့်ပြီး နေ့စဉ် ဆင်ခြင်နေကြတဲ့အတွက် အဲဒီပစ္စည်းလေးပါးကို ဘယ်လိုလုပ် သုံးဆောင်ပြီး စည်းစိမ်ယစ်နိုင်ကြတော့မှာတုန်း"

အသောကတို့ ညီနောင်မှတ်တမ်းထဲမှ ဇာတ်ကွက်တစ်ကွက်ဖြစ်၏။ ထိုဇာတ်ကွက်ထဲက တိဿမင်းသားတစ်ယောက် မင်းစည်းစိမ်ကို ခံစားလိုစိတ်မရှိသည်မှာ ကြိုတင်သိမြင်နေတဲ့ အကြောက်တရားကြောင့်သာ ဖြစ်လေ၏။ အကယ်၍ သူ့အား ခုနစ်ရက်လွန်ရင် သတ်မည့်အကြောင်း ကြိုတင်မပြောဘဲ ခုနစ်ရက်တိတိ မင်းစည်းစိမ်ပေးငြားအံ့။ ထို တိဿမင်းသား ပျော်လိုက်မည့်ဖြစ်ခြင်း။ ခုနစ်ရက်ပြည့်ရင် သတ်ပစ်မှာချင်းအတူတူ သတ်မှာကို ကြိုတင်မသိရှိခြင်းနှင့် ကြိုတင်သိရှိခြင်းတို့၏ ကွာခြားမှုမှာ အသိသာကြီးပင်ဖြစ်၏။ ကြိုသိလျှင်ကြောက် ကြိုမသိလျှင် မကြောက်ဟု ဆိုရမည်သာ ဖြစ်ပေ၏။

လူအပါအ၀င် သတ္တ၀ါမှန်လျှင် မွေးပြီးကထဲက သေဖို့ဖန်လာပြီးသား ဖြစ်၏။ သို့သော် ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုသေခြင်းမျိုးဖြင့် သေရမည်ကိုကား သိဖို့ ခက်လေ၏။ ထို့ကြောင့် သေခြင်းတရားကို ဘေးဖယ်ထားပြီး အပျော်အပါးဖြင့် အချိန်ကုန်ကြခြင်း ဖြစ်လေ၏။ စာရေးဆရာမတစ်ယောက် ပြောသလို... မောင့်ကိုလဲ ကျေးဇူးတင်တယ်၊ ကျမကိုကျမလဲ ကျေးဇူးတင်တယ်၊ တဏှာကိုလဲ ကျေးဇူးတယ်... ဟူသော ပျော်ငွေ့ဖွဲ့သည့် ကာရန်တို့သည် မရဏဘေးကို ကြိုတင်မသိသူတို့၏ အပျော်အပါးမျှသာလျှင် ဖြစ်လေ၏။ အကယ်၍ မနက်ဖန်သေမည် သန်ဖက်ခါသေမည်ဟု တပ်အပ်သိလျှင်မူ လူတို့သည် များသောအားဖြင့်  ကြောက်ဒူးတုန်ပြီး ချွေးစေးများ ပြန်နေမည်မှာ သေချာလှပေ၏။

ကြောက်ခြင်းဟူရာ၌ ချစ်ခြင်းကြောင့် ကြောက်ရသည်လည်းရှိ၏။ (ပိယတော ဇာယတေ သောကော)။ ကြောက်ခြင်းကြောင့် ကြောက်ရသည်လည်း ရှိ၏။  (Only Thing We Have To Fear Is Fear Itself {Franklin D. Roosevelt})။ ချစ်ခြင်းကြောင့် ကြောက်ရသည်ဆိုရာ၌ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုလျှင် ထိုချစ်ရသူအတွက် ဘေးအမျိုးမျိုး ရန်အမျိုးမျိုး ရောဂါအမျိုးမျိုး ဖြစ်ပွါးမှာ တွေးတွေးပြီး စိုးရိမ်ပူပန်ရ၏။ ပူပန်မှုမှတဆင့် ကြောက်လန့်ခြင်းသို့ ကူးပြောင်းလေ၏။ လူတိုင်း မိမိကိုယ်ကို မိမိအချစ်ဆုံး ဖြစ်၏။ ထိုအချစ်ကြောင့်ပင် စိုးရိမ်ပူပန်ကြောက်လန့်ခြင်းများ မကြာခဏ ဖြစ်ပွါးလေ၏။

ကြောက်ခြင်းကြောင့် ကြောက်လန့်ခြင်းဆိုသည်မှာ အကြောက်တရားကြီးစိုးနေသူအဖို့ အမြဲတမ်း ကြောက်လန့်နေတတ်၏။ အမှန်မှာ တွေးတွေးပြီး ကြိုကြောက်နေကြခြင်းဖြစ်၏။ ဥပမာ ထမင်းစားရာ၌ ယင်ကောင်တို့၏ အန္တရာယ်မှ ကင်းလွတ်စေရန် ခြင်ထောင်ထောင်၍ စားခြင်း၊ လိုင်ခေါင်းထဲသို့ ၀င်ရောက်ကြည့်ရှုရင်း လိုင်ခေါင်းကြီး ပြိကျလာမှာကို တွေးကြောက်ခြင်း၊ တစ္ဆေခြောက်သည်ဟု နာမည်ကြီးသည့်နေရာသို့ ရောက်လျှင် တစ္ဆေမခြောက်ပါဘဲလျှက် အလိုလို ကြောက်လန့်နေခြင်းစသည်တို့မှာ ကြောက်ခြင်းကြောင့် ကြောက်လန့်ခြင်းဟု ဆိုနိုင်လေ၏။

ရဲရင် မင်းဖြစ်.. ဆိုသကဲ့သို့ ပညာဥစ္စာများအား ရှာဖွေသောအခါ၌ ရဲရဲရင့်ရင့် စိတ်ပါလက်ပါ ရှာဖွေသင့်၏။ ကြောက်ရွံ့မနေသင့်ပေ။ ထို့ကြောင့်ပင် ရှေးဆရာတော်ကြီးများက... ပညာဥစ္စာ၊ ရှာသောခါဝယ်၊ ငါ မသေနိုင်၊ စိတ်အားခိုင်၊ စွဲကိုင်ကြစေမင်း..... ဟု လင်္ကာလေးများဖြင့် အကြောက်တရားကို တော်လှန်ခိုင်းလေ၏။ သို့သော် တရားကျင့်ကြံအားထုတ်သူတို့အတွက်မူ ယနေ့မနက်ဖန် သေမင်းက လာခေါ်တော့မည့်အတိုင်း တရားသံဝေယူပြီး ကျင့်ကြံအားထုတ်ရာ၏။ ဆရာတော်ကြီးများက... တရားရှာလျှင်၊ ငါ့ဆံပင်ကို၊ ဆွဲကိုင်သေမင်း၊ ဇွတ်အတင်းဟု၊ စွဲကိုင်ပြု၊ မှတ်ရှုကြလေမင်း.... ဟူ၍ သံသရာကို ကြောက်တတ်ဖို့ သင်ကြားပေးခဲ့ကြလေ၏။

ထိုကဲ့သို့ မှန်းဆ၍ ကြောက်တတ်ခြင်းကို ကြိုတင်မသိမြင်နိုင်သောအကြောက်တရား ဟု နာမည်ပေးလျှင် ရမည်ထင်၏။ အဘယ့်ကြောင့်ဆိုသော် လက်တွေ့ မကျလို ပုံစံ ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ သို့သော် အချို့သော သဘောတရားတို့၌မူ ကြိုသိကြောက်နှင့် ကြိုမသိကြောက်တို့မှာ ဆင်တူတူ ဖြစ်လေ၏။ ဥပမာ သံသာရဒုက္ခကို ကြောက်ခြင်းကိုကြည့်ကြပါစို့။ သံသရာဆင်းရဲကို လူတိုင်းသိသည်။ သို့သော် ဥာဏ်ဖြင့်ရှုမှ အမှန်အကန်သိမည် ဖြစ်၏။ ဥာဏ်မကူသရွေ့ အမှားသိသာ ဖြစ်လေ၏။ လွယ်လွယ်ဆိုရသော် ပါးစပ်ဖြင့် ကြောက်ပြခြင်းသည် ကြိုမသိကြောက်၊ ဥာဏ်ဖြင့်သိ၍ ကြောက်ခြင်းသည် ကြိုသိကြောက်ဟူ၍ အကြမ်းဖျဉ်းယူသော်ရ၏။ ဆင်တူတူ ပုံစံမျိုးတော့ ဖြစ်နေလေ၏။

ထို ကြိုသိကြောက် ကြိုမသိကြောက် နှစ်မျိုးတို့တွင် ကျွန်ုပ်အဖို့မှာ ကြိုသိကြောက်က ပိုပြီး ကြောက်ဖို့ ကောင်းသည်ဟု ထင်မြင်ယူဆမိ၏။ ဥပမာ ဆိုရသော်.. နောက်ထပ် ဆယ်ရက်တိတိ၌ ကြိုးပေးအသတ်ခံရမည့် လူတစ်ယောက်ကို ကြည့်လျှင် ထို လူ ကြောက်လန့်တုန်လှုပ်နေမည်မှာ သေချာလှပေ၏။ ကြိုသိနေသည့်အတွက် ကြောက်လန့်မှု ဖြစ်ပေါ်နေခြင်းဖြစ်၏။ ထိုသို့မဟုတ် လူတစ်ယောက်သည် နောက်ထပ် ဆယ်ရက်တိတိနေ့မှာ ရုတ်တရက် သေဆုံးလိမ့်မည်၊ သို့သော် ထိုကဲ့သို့ သေဆုံးလိမ့်မည်ကို ထိုသူ ကြိုမသိလျှင် ထိုသူသည် ထိုဆယ်ရက်အတွင်း သူ့အသက်အန္တရာယ်နဲ့ ပတ်သက်၍ လုံးဝ ကြောက်လန့်မှု ဖြစ်လိမ့်မည်မဟုတ်ပေ။ ခလုပ်ထိမှ အမိသာ တ နေမည်ဖြစ်လေတော့၏။

ကျွန်ုပ်သည် ကျွန်ုပ်၏ ကျေးဇူးရှင်တစ်ယောက် နာတာရှည်ရောဂါဖြင့် ကွယ်လွန်မည်ကို ကြိုတင် သိနေလေ၏။ အဘယ့်ကြောင့်ဆိုသော် ထိုရောဂါသည် သေစေတတ်သည့် ရောဂါဖြစ်သောကြောင့် ဖြစ်၏။ ထိုကျေးဇူးရှင်တစ်ယောက် သေဆုံးမည်ကို တွေးတွေးပြီး ပူပန်ကာ ကြောက်ရွံ့နေမိလေ၏။ ကျွန်ုပ် ကြောက်လန့်ခဲ့သည့်အတိုင်း ကျွန်ုပ်၏ ထိုကျေးဇူးရှင် သေဆုံးသွားလေ၏။ ယူကြုံးမရ ဖြစ်ရလေခြင်း။ ဒီပို့စ်တက်ချိန်တွင် ကျွန်ုပ်သည် ထိုကျေးဇူးရှင်၏ နောက်ဆုံးခရီးအား ပို့ဆောင်ပေးပြီး တုံးဖလားရွာနှင့် သိပ်မဝေးလှသည့် မြို့လေးတစ်မြို့၌ ရှိနေမည်မှာ သေချာလှပေ၏။ ဘလော့ရွာ စည်းကားဖို့ စည်းရုံးပေးသည့် တီတင့်ကိုလဲ အားနာမိ၏။ ဘလော့ဂါအားလုံးနှင့် စာဖတ်သူများကိုလည်း အားနာမိ၏။ အဘယ့်ကြောင့်ဆိုသော် အများပြည်သူတို့ စာရေးစာဖတ်ကွန်မင့်ပေးနေချိန်တွင် ကျွန်ုပ်သည် ထိုအရာများနှင့် ကင်းကွာပြီး အင်တာနက်မရှိသည့် ဇနပုဒ်၌ နေထိုင်ရသည့်အတွက် စာမဖတ်နိုင် ကွန်မင့်မပေးနိုင် ဖြစ်နေမည် ဖြစ်သောကြောင့် ဖြစ်၏။ ပို့စ်ကို ခပ်ရှည်ရှည် ရေးသားခဲ့ချင်သော်လည်း မနက် လေးနာရီခွဲအထိ မအိပ်ရသေးသောကြောင့် တိုတိုတုတ်တုတ် အဆုံးသတ်ထားခဲ့၏။ နံနက် ၁၁ နာရီ လေဆိပ်သို့ အရောက်သွားရမည် ဖြစ်သောကြောင့်ပင်။  ။

သိကြောက် မသိကြောက်
ထိုနှစ်ကြောက်တွင်
သိကြောက်ကမှ
ပိုကြောက်ရ၏။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု
ကိုကိုမောင် (ပန်းရနံ့)

.

14 comments:

ဆွေလေးမွန် said...

သူကြီးမင်းရေးထားတာလေးလဲ ဟုတ်တာပဲ

Ma Tint said...

သိကြောက် မသိကြောက် မှာ သိကြောက်က ပိုကြောက်စရာကောင်းကြောင်း မီးမောင်းထိုးပြတဲ့ ပို့စ်လေးကို ကြည်နူးစွာဖတ်သွားတယ် သူကြီးမင်းရေ.. တရားသဘောနဲ့ယှဉ်ပြီး လက်တွေ့အခြေအနေအထိ အလုပ်များတဲ့ကြားက စာဖတ်သူတို့ ဖတ်ခွင့်ရအောင် ဖန်တီးပေးတဲ့ သူကြီးမင်း အစစအရာရာအဆင်ပြေပါစေ။

မေတ္တာဖြင့်
တီတင့်

ထရီဆာ (Teresa) said...

သကြီး(စကားအသံအတိုင်းရေးခြင်း၊ တော်ကြာ ကိုယ့် ဘလော့ဂ်မှာကျ သတ်ပုံမှန်ဖို့ရေးထားပြီး၊ ကိုယ်တိုင်ကျ သကြီး လာလုပ်နေတယ် ကွန့်တွေးမယ်စိုးလို့ :P )
ရဲ့ အတွေးစလေးတွေက ကောင်းတယ်၊ ဟုတ်တယ်၊ လူတွေက မွေးလာကတည်းက သေဆုံးခြင်းဆီကို ဦးတည်သွားနေတယ်ဆိုတာ မေ့နေကြတာ၊ သတိမမူမိကြတာဆို ပိုမှန်မလားပဲ၊ နေ့စဉ်ဆင်ခြင် သင့်တဲ့ အကြောင်းတရားပါပဲ သကြီးရယ်

(ပျောက်နေတဲ့အကြောင်း ပါးပါးလှပ်ပြသွားလို့ ဘာမှ ပြောမသွားတော့ပါဘူးလေ) ;)

ရွာသူလေး

ဘုန်းနှစ်တောက် said...

ကြိုသိကြောက်၊ ကြိုမသိကြောက်နှင့် ပတ်သက်ပြီး သူကြီးမင်းရဲ့ အတွေးအမြင်များအားလုံးကို အလွန်သဘောကျမိပါကြောင်း...

မြသွေးနီ said...

သဂျီးမင်းရေ...
Tag Postတွေဖတ်ရင်း သိကြောက်ရော၊ မသိကြောက်ရော ကြောက်စရာ ကောင်းတာတွေ့ရတယ်။ အကြောက်တရားလျော့နည်းစေတဲ့ စိတ်နဲ့ကိုယ်ဖြစ်ဖို့ကတော့ တရားဘာဝနာ ၀ိပဿနာ ကျင့်ကြံအားထုတ်မှပဲ ရတော့မယ်ထင်ပါရဲ့နော်..။

စံပယ်ချို said...

သိကြောက် မသိကြောက်
ထှိုနှစ်ကြောကွင်
သိကြောက်ကမှ
ပိုကြောက်ရ၏။
ဟုတ်ပါ့ သာဂျီးမင်းရေ
မသိသေးတော့လဲ မကြောက်ဘူးပါ့နော်
သိနေတဲ့ အရာကြီးကမှ စိတ်ကိုကြောက်စိတ်ပိုစေတာပဲ

နှင်းနဲ့မာယာ said...

သူကြီးရေ

အတူတူပါပဲ.... သေရမှာကိုတွေးတွေးပြီးကြောက်နေတတ်သူတွေထဲမှာ ကိုယ်လဲပါပါတယ်... ပုထုဇဉ်လေနော်... တွေးတွေးပြီးတော့ ကြောက်တတ်တာ ဘယ်လိုမှတားမရခဲ့ဘူးရယ်...အထူးသဖြင့်အိပ်ခါနီါ်အချိန်မှာ အဲီးအတွေးဝင်လာရင် တညလုံးငုတ်တုတ်ထိုင်ပြီးကြောက်နေတာမျိုး...တော်တော်ဆိုးပါတယ်...

အခုလို ပျော်ပျာ်ပါးပါး တဂ်ပွဲဆင်နီဲပေးတဲ့ သူကြီးကို ကျေးဇူးပါနော်...

နှင်း

rose of sharon said...

နှစ်ကြောက်လုံးကိုကြောက်တယ်....

ဟန်ကြည် said...

ဟဲ ဟဲ ကျွန်တော်တော့ ရေးချင်ရာ ရေးထည့်လိုက်တာ ခေါင်းစဉ်နဲ့ အံချော်သွားသလား မသိပေါင်ဗျာ...စိတ်ကလည်း ကျောင်းသားတွေဆီပဲ ရောက်နေတော့ စာရေးရတာကလည်း ဖီလင်သိပ်မပါဘူးကိုးဗျ...သိကြောက်နဲ့ မသိကြောက် ရေးခိုင်းပါတယ်ဆိုမှ...မြင်ကြောက်နဲ့ တွေးကြောက်အကြောင်း ရေးလိုက်မိတယ်ထင်ပါရဲ့...တတ်နိုင်ဘူး...တည်မိတဲ့ဘုရားတော့ လင်းတပဲနားနား သည်အတိုင်းထားလိုက်တော့မယ်...း)

ဒုတိယလူ said...

ဘလော့ရွာထဲ အခုမှ ခြေဦးလှည့်မီလို့
ကြောက်ကြောက်နဲ့ ပဲ ဖတ်ရှု့သွားတယ်
တဂျီးမင်းရေ :) >>>>


(ဗဟုသုတ တိုးပွားလို့ ကျေးဇူးပါခင်မျာ)

blackroze said...

အယူအဆခြင်းတူပါ၏ တဂျီးမင်း

ခိုင်လေး ( ရွှေတောင် ) said...

ချစ်မိပြီဆိုလျှင် ထိုချစ်ရသူအတွက် ဘေးအမျိုးမျိုး ရန်အမျိုးမျိုး ရောဂါအမျိုးမျိုး ဖြစ်ပွါးမှာ တွေးတွေးပြီး စိုးရိမ်ပူပန်ရ၏။ ပူပန်မှုမှတဆင့် ကြောက်လန့်ခြင်းသို့ ကူးပြောင်းလေ၏။ လူတိုင်း မိမိကိုယ်ကို မိမိအချစ်ဆုံး ဖြစ်၏။ ထိုအချစ်ကြောင့်ပင် စိုးရိမ်ပူပန်ကြောက်လန့်ခြင်းများ မကြာခဏ ဖြစ်ပွါးလေ၏။

နှစ်ခြိုက်စွာ အားပေးခဲ့ပါတယ် ။

ခိုင်လေး ( ရွှေတောင် )

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပ အကိုရေ... သေမယ်ဆိုတာကို ကြိုသိနေလျှက်နဲ့ တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်သွားနိုင်တယ်ဆိုတဲ့ သူတွေရဲ့ ရင်ဆိုင်နိုင်အားကို အားကျမိပါရဲ့...

San Htun said...

အသောကညီ အဖြစ်အပျက်လေးက အသိတစ်ခုတိုးတယ်...သေမယ်ဆိုတာ သိရက်နဲ့  တည်တည်ငြိမ်ငြိမ် လေး ဖြတ်ကျော်သွားတာ ချီးကျူးစရာ...ကိုယ်တွေဆို အဲဒီလို ကျော်ဖြတ်နိုင်ပါ့မလား မသိ..