Tuesday 1 April 2014

သူကြီးမင်း ဘကုန်းရွာမှ အနားယူတော့မည်

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာမှ ရာသီဥတုက မှုန်သုန်သုန်။ အရပ်ကိုးခွင်လုံး မြူ မှုန်တွေဆိုင်းပြီး အုံ့တုံ့တုံ့ မှိုင်းသိုင်းသိုင်း။ သူကြီးမင်းရဲ့ ဆုံးဖြတ်လတ္တံ့ဖြစ်တဲ့ သန္နိဋ္ဌာန်ကိုများ ၀မ်းနည်းရိပ်သန်းလေသလား မသိ။ စံတော်ချိန်သုံးမျိုးကို အချိန်နဲ့တပြေးညီသိဖို့ ချိတ်ဆွဲထားတဲ့ အခန်းထဲက တိုင်ကပ်နာရီ သုံးလုံးကလဲ ဒီရက်တွင်မှ ဂျောက်ဂျက်အသံ ပိုမြည်လာသလိုလို။ ရင်ကွဲဝမ်းနည်းသံလေများလား။ အောက်ထပ်ကို နားစွင့်ကြည့်လိုက်တော့ အဘိုးအိုရဲ့ တရားရွတ်ဖတ်သံက ခပ်သဲ့သဲ့ ထိုးဖောက်ဝင်ရောက်လျှက်။ သဗ္ဗေ ဓမ္မာ အနတ္တာ ဆိုလား။ ဘာဆိုလဲ။

အချိန်ရခိုက် သူကြီးမင်းကိုယ်တိုင် နေ့စဉ်ပြုလုပ်နေကျဖြစ်တဲ့ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ခဏတဖြုတ် အရဟံပွားများခြင်းအမှုတို့က ဒီနေ့မှာမှ ထူးဆန်းစွာ အနှောင့်အယှက်ပေါ်လာလေပြီ။ အရဟံ အရဟံ အရဟံ။ ဂြီ ဂြီ ဂြီ။ ကၽြလိ ကၽြလိ ကၽြလိ။ တရားမှတ်ရင်း ဗိုက်ထဲက သဘာဝတရားက လက်ယပ်ခေါ်ချေပြီတကား။ ဒါဆို သေချာပြီ။ အရဟံကို ဟတ်ဖ်တိုင်းပေးပြီး အိမ်သာသို့ ခပ်သုတ်သုတ် နှင်ရချေတော့မည်။ သို့နှင့် အိမ်သာသို့အသွား အလည်ရောက်နေသည့် သူငယ်ချင်း နဂါးနီတစ်ယောက် အင်တာနက်ရုတာအနား ကျလိကျလိ လုပ်နေသည်ကို တွေ့ရလေ၏။ ဘာ လုပ်နေတာတုန်းဆိုတော့ အင်တာနက် လိုင်းပြတ်နေလို့ ရီစတာ့ချကြည့်နေတာတဲ့။ ဒါပေမဲ့ မထူးပါဘူးတဲ့။ အင်း ဒီအတိုင်းဆို ဒီနေ့ အင်တာနက်ရဖို့ လမ်းမမြင်တော့။ အင်္ဂလန်မှာ ဆိုပေမဲ့ အင်တာနက် ပြဿ     နာက တခါတလေမှာ အခုလိုဘဲ အနိစ္စ ဒုက္ခ အနတ္တ။

အင်တာနက် မရတာချင်းအတူတူ အပြင်သွားရအောင်တဲ့။ ဟ.. နေဦးဟ.. ငါ့ အရဟံလေးကို အရေးပေါ် ဘရိတ်ခ်ပေးပြီး သဘာဝတရား ခေါ်သံနောက် လိုက်ဖို့ အခန်းထဲက ထွက်လာတာ။ အိမ်သာထဲ ခဏ၀င်လိုက်ဦးမယ်။ ပြီးရင် အရဟံအတွက် လက်ကျန်တာဝန်ကို ထမ်းဆောင်ရဦးမှာ ဆိုတော့။ အော်...ဂလိုလား....မင်းကတော့ လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းဘဲဆိုပြီး သူ့အိပ်ယာထဲ သွားကွေးနေလေရဲ့။ တော်ပါသေးရဲ့ သူကွေးနေတုန်း အင်တာနက် လိုင်းလေး ပြန်တက်လာလို့။

အိမ်သာကအပြန် အရဟံလဲအပြီး အရေးပေါ် သင်္ခါရအကြောင်းတစ်ခုကြောင့် ရွှေမြန်မာသို့ ရက်ပေါင်းနှစ်ဆယ်အတွင်း အသွားအပြန် လူးလာခေါက်တုံ့ လုပ်ခဲ့သည်ကို ပြန်စဉ်းစားမိပြီး ငိုချင်သလိုလို ရယ်ချင်သလိုလို တစ်ခုခုဘဲ ထလုပ်ချင်စိတ်ပေါက်လာသလိုလို ဘာမှမလုပ်ချင်တဲ့စိတ်ဘဲ ပေါ်လာသလိုလိုနဲ့ စိတ်တွေက ကစဥ့်ကလျား။ အေပရယ်ဖူးနဲ့အတူ ရူးများရူးချင်လေသလား။ အင်း... ရူးသွားရင်လဲ အကောင်းသား။ လောကမှာ စိတ်အချမ်းသာဆုံးလူက အရူးဘဲတဲ့။ ဟုတ်လောက်တယ်။ တွေ့ရာစား တွေ့ရာအိပ် တွေ့ရာသောက် တွေ့ရာမှောက်။ အရူးတစ်ယောက်လောက် ထပ်တိုးပေးလိုက်စမ်းပါ လောကကြီး။

အမေများနေ့က အသိမိတ်ဆွေမိသားစုတစ်ခုက ဟော့ပေါ့လုပ်စားမလို့ ကြွမြန်းခဲ့ပါဆိုလို့ သူကြီးမင်း သွားစားဖြစ်ခဲ့တယ်။ ဟော့ပေါ့ကလဲ ခပ်ကောင်းကောင်း။ ရေနွေးကြမ်းကလဲ ခပ်ဖောင်းဖောင်း။ ဘာတဲ့။ လူကို ပျော်ရွှင်စေတဲ့ ရေနွေးကြမ်းဆိုဘဲ။ ထူးဆန်းလေစွ မယ်ဒသ။ သူကြီးမင်း သောက်ကြည့်ပါဆိုလို့ တစ်ငုံလောက်ဘဲ သောက်မိတယ် ရှိသေး။ ကိုင်းကြည့်... သူကြီးမင်းမျက်နှာ ပြုံးယောင်သန်းနေပြီ။ အဲဒါ ရေနွေးကြမ်းရဲ့အစွမ်းဘဲတဲ့။ နောက်တစ်ငုံ ထပ်သောက်လိုက်တယ်။ သူတို့မိသားစု အားလုံးက... သူကြီးမင်းတစ်ယောက် ရယ်ချင်လာပြီ.. ရယ်တော့မယ်... ရယ်တော့မယ်...ကြည့်ကြည့်..ဆိုပြီး သူကြီးမင်းမျက်နှာကို စိုက်ကြည့်နေကြလေရဲ့။ သူကြီးမင်းလဲ ရှက်ကိုးရှက်ကန်းနဲ့.. ဟဲ ဟဲ ဟဲ ဟီး ဟီး ဟီး ဟား ဟား ဟား တွေဖြစ်လို့။ ကဲ.. မပြောဘူးလား.... လူကို ပျော်ရွှင်စေတဲ့ ရေနွေးကြမ်းပါဆိုတဲ့။ လုပ်ပုံက လုပ်ပုံက။.. ဒါနဲ့...ဗူးခွံမှာ အီးလို ရေးထားတာလေး ဖတ်ကြည့်လိုက်တော့ အင်နာဂျိုက်ဇင်းတီး ဆိုလားဘဲ။

အိမ်အပြန်မှာလဲ လက်ဆောင်တစ်ခု ပေးခဲ့သေးတယ်။ အိပ်ပျော်စေတတ်တဲ့ ရေနွေးကြမ်းတဲ့။ ဖြစ်ရပြန်ပြီ။ ညအိပ်ခါနီး ရေနွေးကြမ်းသောက်ရင် အိပ်မပျော်ဖြစ်တတ်တာက သဘာဝမဟုတ်လား။ အခုတော့ အိပ်ပျော်စေတတ်တဲ့ ရေနွေးကြမ်းတဲ့။ ဟုတ်မှလဲ လုပ်ကြပါ ကွယ်တို့ရယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ညဘက်ရောက်တော့ သူငယ်ချင်းနဂါးနီက အိပ်ပျော်စေတတ်တဲ့ ရေနွေးကြမ်းလေး သောက်ကြည့်ရအောင်ဆိုလို့ အတူတူ သောက်ဖြစ်ကြတယ်။ တစ်ငုံလောက်သောက်ပြီး... ၀ါးးးးး တဲ့။ နဂါးနီလုပ်ပုံ။ နောက် တစ်ငုံ ထပ်သောက်ကြည့်တယ်။ ထပ် ၀ါးးးးး ပြန်ရော။ နဂါးနီရာ မင့်ဟာက ရေနွေးကြမ်းအစွမ်းကြောင့်တော့ ဟုတ်ပုံမရပါဘူး။ တစ်နေ့လုံး ဒုံးချာစိုင်းခဲ့တဲ့အတွက် မောပန်းလာလို့ စောစောအိပ်ချင်တာဘဲရှိမယ်ဆိုတော့ ဟုတ်လောက်ဘူးဟ။ ရေနွေးကြမ်းအစွမ်းဘဲ ရှိမယ်တဲ့။ ဒီလိုနဲ့ ည ၁၂ လောက်မှာ အိပ်ရာဝင်ဖြစ်ကြတယ်။ သူက တစ်ခန်း၊ သူကြီးမင်းက တစ်ခန်း။

မနက်မိုးလင်းတော့ သူကြီးမင်းက ဘရိတ်ဖာ့စ်စားပြီး ကော်ဖီတောင် သောက်ပြီးနေပြီ သူက ခေါကောင်းနေတုန်း။ ဒါဆို ရေနွေးကြမ်း အစွမ်း အံ့မခန်းဘဲပေါ့။ ချီးကျူးလို့မှ မဆုံးခင် မျက်နှာမှုန်သုန်သုန်နဲ့ နဂါးနီတစ်ယောက် သူ့အခန်းထဲက ထွက်လာတယ်။ ဘယ်လိုတုန်း... အိပ်လို့ဇိမ်ကျတယ်မဟုတ်လား။ ရေနွေးကြမ်း အစွမ်းနဲ့လေဆိုတော့.... ငါလခွမ်းမှဘဲ တစ်ညလုံး အိပ်မရဘူး။ မျက်စိကြောင်နေတယ်တဲ့။ ကဲ အဲဒီလောက်ထိ စွမ်းတဲ့ ရေနွေးကြမ်း။ ဗူးခွံက  စာဖတ်ကြည့်လိုက်တော့ ရီးလက်ဇင်းတီးဆိုလားဘဲ။

ရာသီဥတုက မှိုင်းမှိုင်းမှုန်မှုန် ဖြစ်နေတဲ့အတွက် အိမ်အောက်ထပ်က အဘိုးအိုတစ်ယောက် ထဖောက်လာတယ်။ မောင်ရင်ရေ... အခုလို မှုန်ဆိုင်းဆိုင်းဖြစ်တိုင်း ငါ ဟိမ၀န္တာတောင်ကို သတိရမိတယ်။ ဟိမ၀န္တာတစ်တောင်လုံးလဲ အခုလိုဘဲ မှုန်ဆိုင်းဆိုင်းတွေချည်းရယ်။ ငါ နီပေါမှာ သွားနေစဉ်တုန်းက အဲဒီ ဟိမ၀န္တာတောင်ခြေနားမှာ သွားနေခဲ့တာလေ။ အဲဒီ ဟိမ၀န္တာတောင်တက်လမ်းမှာ တိဗက်ဘုန်းတော်ကြီးတစ်ကျောင်းရှိတယ်။ အကြီးကြီးဘဲ။ ဘုရားဖူးတွေလဲ လာလိုက်သမှ တပုံတပင်။ တောင်တက်လမ်းဆိုပေမဲ့ တနေ့ကို ဘုရားဖူးကား အစီး သုံးလေးဆယ်လောက် တက်နေကြ။ တောင်တက်က ခပ်ကြမ်းကြမ်း။ ကားအမောင်းက ခပ်ရမ်းရမ်း။ 

ပြောရဦးမယ် မောင်ရင်ရေ.... အဲဒီ ဟိမ၀န္တာတောင်ခြေမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိတယ်။ မြန်မာဘုန်းကြီးကျောင်းဘဲ။ အဲဒီကျောင်းမှာ မြန်မာဘုန်းကြီးအိုကြီးတစ်ပါးရှိတယ်။ သူက နေ့စဉ် သပိတ်တစ်လုံးပိုက်ပြီး အဲဒီတောင်ပေါ်ကို တက်နေကြတဲ့။ ဆွမ်းခံထွက်တာလား အဘိုးဆိုတော့ ဟုတ်ဖူး ဇာဝီတွေ မူလီတွေ ၀က်အူတွေ လိုက်ကောက်တာလေ တဲ့။ အမ်... ဘာလုပ်ဖို့လဲ အဘိုးဆိုတော့.. အဲဒီတောင်ပေါ်တက်တဲ့ ကားတွေကနေ မကြာမကြာ အဲဒီလို သံတိုသံစတွေ ပြုတ်ကျလေ့ရှိတယ်လေ။ လမ်းက ကြမ်းတာကိုး။ အဲဒီ ကောက်ရတဲ့ ဇာဝီစတဲ့ သံတိုသံစတွေ ဈေးထဲက ကုလားဆိုင်တွေမှာ သွားရောင်းတာလေ။ အမ်... နေ့တိုင်း အဲဒီ သံတိုသံစတွေကို ကောက်ရနိုင်သလား အဘိုးဆိုတော့။ မင်းကလဲ လျော့တွက်နေသေးတယ်။ တစ်ရက်ကို ဆယ့်ငါးကျပ် နှစ်ဆယ်ကတော့ အသာလေးဘဲကွ။ ကားတွေကဟောင်း ဒရိုက်ဘာကမောင်းဆိုတော့ ဂလိုဘဲ အဲဒီဘုန်းကြီး န၀ကမ္မရှာရလွယ်ကူတော့တာပေါ့ကွာ။ ဟား ဟား ဟား။

အဘိုးအိုကတော့ ရိုးရှင်းစွာ ရယ်လို့ မောလို့။ အပူအပင်ကင်းမဲ့တဲ့ အဘိုးအိုကိုတောင် အားကျမိသလိုလို။ သို့သော် အပူပေါင်းများစွာဖြင့် ရွှေပြည်ကြီးမှ ပြန်ရောက်လာသည့်နောက်ပိုင်း သူကြီးမင်းစိတ်သည်လဲ အင်္ဂလန်ရာသီဥတုကဲ့သို့ ထုံထုံထိုင်းထိုင်း မှုန်မှုန်မှိုင်းမှိုင်း။ အကျိုးမရှိစွာ ကုန်ဆုံးခဲ့သော အချိန်တို့ကို၎င်း အကျိုးရှိစွာ မကုန်ဆုံးခဲ့သော အချိန်တို့ကို၎င်း နှမြောတသဖြစ်ကာ ဘာကို အလိုမကျသည် မသိသော အလိုမကျမှုများစွာဖြင့် နေ့တဓူဝ အူတူတူ ဖြစ်နေလေတော့၏။ 

လွှင့်ပစ်လိုက်ပြီးသော ခဲလုံး၊ ပြောလိုက်ပြီးသော စကား၊ မလုပ်ဖြစ်ခဲ့သော အလုပ်၊ ကုန်ဆုံးခဲ့ပြီးသော အချိန်။ ထိုအရာတို့ကို ဘယ်သောအခါမှ ပြန်ပြင်၍ မရတဲ့။ ပညာရှင်ကြီးတွေ ဆိုထားခဲ့တာ။ ဒါဆို သူကြီးမင်းကကော ဘာတွေ လုပ်ခဲ့ပြီးပြီလဲ။ ဘာတွေ ထပ်လုပ်ဦးမှာလဲ။ ကိုယ်အား ဥာဏ်အား စိတ်အား စာအားဖြင့် ဘာတွေ အကျိုးရှိရှိ လုပ်ဆောင်ခဲ့ပြီးပြီလဲ။ ဘာမှ မယ်မယ်ရရ လက်ဆုပ်လက်ကိုင် ပြစရာ မရှိ။ ခြောက်နှစ်ခန့် ရေးသားခဲ့သော ဘလော့ပို့စ်ပေါင်း ၇၀၀ ခန့်အား ပြန်လည် ဆန်းစစ်ကြည့်လိုက်တော့လဲ အရည်မရ အဖတ်မရ။ သုတမဟုတ်။ ရသမဟုတ်။ ဘာသာရေးမဟုတ်။ ပညာရေးမဟုတ်။ ခပ်စုပ်စုပ် ခပ်နှုပ်နှုပ်များဖြင့်သာ ပြည့်နှက်နေလေ၏။

ဘကုန်းရွာမှ တချို့ မိတ်ဆွေများဆီ သွားလည်ကြည့်လိုက်တော့ သူတို့ရေးထားတာကမှ တကယ့် အမှန်အကန်တွေချည်း။ ပို့စ်တစ်ခုပြီးတိုင်း မက်ဆေ့ခ်ျတစ်ခုခုတော့ ကျန်စမြဲ။ သုတ ရသ ကဗျာ လင်္ကာ ဟာသ။ တကယ့်ကို ပီပီပြင်ပြင်။ ဒါဆို သူကြီးမင်း ကိုယ့်ဖာသာကိုယ် နားလည်ဖို့ သင့်ပြီ။ ခပ်စုပ်စုပ် အတွေး အရေးတွေကို ကျောခိုင်းပြီး သူတို့လို အဆင့်မြင့်မြင့်ရေးမလား။ ဒါမှ မဟုတ် ဘကုန်းရွာကနေ ထာဝရ အနားယူမလား။

ရွှေပြည်ကြီးမှ တိုးတိုးတိတ်တိတ် ပြန်ရောက်လာပြီး နောက်ပိုင်း စာရေးချင်စိတ်လဲ မရှိတော့။ စာဖတ်ပြန်တော့လဲ ဖီလင်က သိပ်မလာ။ ဟိုဟာ လုပ်ရနိုး ဒီဟာ လုပ်ရနိုးဖြင့် လူကလဲ နိုး..နိုး..နိုး တွေချည်း ဖြစ်နေလေပြီ။ သို့တိုင်အောင် လူက ပေါကြောင်ကြောင်နေချင်တုန်း။ သို့သော် အချိန်ကတော့ ပေါကြောင်မနေ။ သူ့အလုပ်သူလုပ်ပြီး သူကြီးမင်းရဲ့ အချို့သောမိတ်ဆွေများ ဆရာသမားများ ကျေးဇူးရှင်များ အသိအကျွမ်းများအား တမလွန်သို့ ခေါ်ဆောင်သွားလေပြီ။ 

သူကြီးမင်းတစ်ယောက် တောင်တွေး မြောက်တွေးဖြင့် အိပ်ရာက တရေးနိုးလာသလိုလို ပုံစံ ဖြစ်နေလေ၏။ တစ်ခုခု လုပ်ဖို့အတွက် တစ်ခုခု စွန့်ရပေတော့မည်။ ဂိုဋ်စွန့်မလား တိုက်စွန့်မလားဆိုတဲ့ ကြခတ်ဝိုင်းကျောင်းတိုက်စည်းကမ်းကို နှစ်သက်လာမိသလိုလို။ ပဲခူးကြခတ်ဝိုင်းကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်များ အတွင်းခံအင်္ကျီ (အံသကိုဋ်) ၀တ်ခွင့်မရှိဘူးလို့ ဆိုတယ်။ အဲဒီ အံသကိုဋ် ၀တ်တဲ့ သံဃာဆို ကျောင်းတိုက်က နှင်ထုတ်လေ့ရှိတယ်တဲ့။ ဒါကြောင့် ဂိုဋ်စွန့်မလား တိုက်စွန့်မလားဆိုတဲ့ စကားပုံ ပေါ်လာတာတဲ့။ အခုလဲ သူကြီးမင်း စဉ်းစားခန်း ၀င်နေရလေပြီ။ ခပ်ပေါပေါ ခပ်ပေါ့ပေါ့ အပြုအမူနဲ့ ရောပြွမ်းနေတဲ့ ကိုယ်ပိုင်ဘကုန်းရွာလေးကို စွန့်မလား။ အနှစ်သာရရှိရှိ အပြုအမူတွေကို ကျောခိုင်းမလား။ 

အားနာစွာနဲ့ဘဲ ဒီနေ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ၆ နှစ်ကျော်ကျော် ပေါကြောင်လာခဲ့တဲ့ ဘကုန်းရွာလေးကိုဘဲ ကျောခိုင်းတော့မယ် လို့။ ထွက်လာတဲ့ အဖြေကို ပြန်စဉ်းစားကြည့်တယ်။ ငါ တကယ်ရော လုပ်နိုင်မှာတဲ့လား ဆိုပြီးတော့။ သို့သော် ဆုံးဖြတ်ပြီးပြီမို့ ဘကုန်းရွာလေးမှ အနားယူခြင်းကို ပြန်မပြင်လိုတော့ပြီ။ ထို့ကြောင့် ဘကုန်းရွာသူ ရွာသားများနှင့် ဘကုန်းသို့ အလည်ရောက်လာကြသော ဧည့်သည်တော်များ အားလုံး မင်္ဂလာကျက်သရေ ရွှမ်းဝေနိုင်ကြပါစေ ဟူ၍သာ။  ။

"""အေပရယ်ဖူးးးးးးးးးးးး"""

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.

13 comments:

မီးမီးငယ် said...

April fool လားဗျို့..
:P

Anonymous said...

သူကြီး............
အကျိုးအေကြာင်းတွေထောက်ချင့်လို့
ဒါဟာ နောက်နေခြင်းမဟုတ်ဖူးလို့ သိနေတယ် ။

သို့ပေမင့်
သူကြီးရေးသမျှတွေကဖြင့်
ပေါ့တန်တန် မဟုတ်ခဲ့ပါဘူးဗျာ
ဘယ်တော့မဆို ပုံတို ပတ်စ ကလေးတွေနှင့်
ပြောပြောပြသွားတာလေးတွေ က ဗဟုသုတ ဖြစ်စရာရယ်ပါ ။

ပင်ပန်းနေသမျှ အနားယူပါဦး
ပိုစ့်လေးတွေတော့ဖြင့် မျှော်လင့်နေပေဦးမည် သူကြှီးမင်း ရေ......။


မင်းဧရာ

မဒမ်ကိုး said...

ဒါမျိုးရကြေးလား
ဒါမျိုးလစ်ပြေးလို့ရကြေးလား

ဆွေလေးမွန် said...

သူကြီးဖူးတာလား ပြေးတာလားပြောဘာာာ..
သူကြီးရေးသမျှကပေါ့ပေါ့တန်တန်မဟုတ်ပါဘူး..

Aunty Tint said...

ပို့စ်လေးဖတ်ပြီးသွားပြီ .. သီချင်းလေးတစ်ကြောင်း သတိရလိုက်တယ် တဂျီးမင်းရေ..
♪♪♫♪ ♫ ♪ ♫ ♪♫ ဘ၀ဆိုတာ စိတ်တိုင်းကျ တည်ဆောက်မှတကယ် သာယာလိမ့်မယ် ယုံကြည်တယ်.... တဂျီးမင်းရဲ့ ခံယူချက်လေး ပြီးပြည့်စုံပါစေ။

မေတ္တာဖြင့်
တီတင့်

စံပယ်ချို said...

စာဖတ်စရာ နေရာတနေရာလျှော့သွားရပြီ......
စိတ်ထဲတော့ သာဂျီးမင်းဆိုသူကိုတော့ လျှော့သွားမည်မဟုတ်ပါ
ခင်မင်တဲ့ စံပယ်

ထရီဆာ (Teresa) said...

သကြီးစာတွေကို ၀င်ဖတ်ဖြစ်ပါတယ်၊ ဟာသနှောတဲ့ အရေးအသားမှာ ဗဟုသုတဖြစ်စရာတွေနဲ့ မှတ်သားစရာတွေကို အမှန်တရားနဲ့ဘောင်ကွပ်ပြီး စနစ်တကျရေးသားလာတာပါ၊ ဆားမပါတဲ့ဟင်းတစ်ခွက် မဟုတ်ခဲ့ပါဘူး၊ ရွာသူလေးကိုကျ လက်တွဲခေါ်လာပြီး သကြီးက အနားယူမယ် ဆိုတော့... :(

ကိုယ်တိုင်လဲ ရေးလိုက်၊ မရေးလိုက်၊ ပေါ်လိုက်ပျောက်လိုက်နဲ့ ဖလုတ်တင်း(floating) ဖြစ်နေလေတော့ နားလည်ပါတယ် သကြီးရယ်၊

လုံးဝကြီး ကျောခိုင်းမယ်ဆိုတာထက် ရေးနိုင်တဲ့အချိန်လေးရေး၊ မရေးနိုင်သေးပေမယ့် ဘလော့ဂ်အိမ်လေးတွေ လိုက်လည်၊ ဖတ်၊မန့် လုပ်ပေါ့၊

ရွာသူလေး

SHWE ZIN U said...

သကြီးမင်းရေ

ပိုစ့်တွေ ဖတ်ပြီး ဗဟုသုတရစရာတွေ အများကြီး ရခဲ့ပါတယ်၊ အလကား မဟုတ်ပါဘူး ဆိုတာ ပြောရဲပါတယ်၊ သကြီး အဲလို စွန့်သွားမယ်ဆိုတော့ စိတ်မကောင်း လိုက်တာ၊ ရေးချင်တဲ့ အခါ ရေးပေါ့ သကြီးရယ် အဲလိုကြီး မလုပ်ပါနဲ့၊

နော် သကြီး သကြီး သကြီး ..
သကြီးစာတွေကို စွဲလန်းနှစ်သက်တဲ့

ရွှေစင်ဦး
.

နောင်ဂျိန် said...

ဟားဟား.....
ယုံပေါင်...
april fool ...

Mrs. Bagel said...


မဟုတ်ကဟုတ်က :D

မြသွေးနီ said...

သဂျီးမင်းပဲ စာတွေရေးဖို့ လှုံ့ဆော်ခဲ့ပြီး ဒီလို လစ်ပြေးလို့ ဘယ်ရလေမလဲ...။ အေပရယ်ဖူးလ်ဆိုလဲ ဖူးလ်လိုက်ပါ။ ဘလော့တော့ မစွန့်လိုက်ပါနဲ့။ စိတ်ပေါက်ချိန် ပြန်ရေးပေါ့။ မဟုတ်ရင်.. သဂျီးမင်းစာတွေကို အမြဲဖတ်နေတဲ့ မြသွေးနီအပါအ၀င် အခြားသူတွေ လွမ်းစရာ။

San San Htun said...

တဂျီးမင်း ရေးတာတွေက ပုံတိုပတ်စလေးတွေနဲ့  ဖတ်ရတာ အရသာသိပ်ရှိတာ..ဘကုန်းရွာကို စွန့် မသွားပါနဲ့  တဂျီးမင်းရယ်...ဒီလိုပဲ ပေါ်တလှည့်၊ ပျောက်တလှည့်ပေါ့..ဒီမယ် တဂျီးမင်း ဒီလို လစ်ပြေးလို့  ဘယ်ရပါ့မလဲ

Anonymous said...

သကြီး..တော်တော်နောက်...
(ဟွန့်..မကျေနပ်လို့ နောက်တခါပြန်လာ မန့် :D)