Tuesday, 3 September 2013

ကျွန်ုပ်နှင့် ကျား/မ ကိစ္စ ပုံပြင်များ


"၆၀+ များသာ ဖတ်ရန်"

တစ်နေ့သောအခါ ကျွန်ုပ်သည် အချိန်အနည်းငယ် ရရှိသည်ကို အခွင့်ကောင်း ယူပြီး ပို့စ်တစ်ပုဒ် ဖန်တီးရန် တာစူနေလေ၏။ ထိုပို့စ်၏ အကြောင်းအရာမှာ လွန်ခဲ့သည့် သုံးပတ်ခန့်က အဘိုးအို (လူပြိုကြီးများ) နှစ်ယောက် နေထိုင်ရာအိမ်သို့ အရေးအကြောင်းရှိသဖြင့် အလည်အပတ်သွားစဉ်က အိမ်ရှင် အဘိုးအိုနှစ်ဦး၊ ပြင်ပမှ အဘိုးအိုတစ်ဦးနဲ့ အတူတူ စကားလက်ဆုံကျရင်း ဟိုအကြောင်းဒီအကြောင်း စကားစပ်မိကြပုံလေးကို ပြန်လည်စားမြုံ့ပြန်ထားခြင်းပင်ဖြစ်၏။ ထိုပို့စ်၏ ထိပ်ဖျား၌ အသက် ၆၀ အထက်များသာ ဖတ်ရန် ဟု အဓိပ္ပါယ်ရသည့် "၆၀+များသာဖတ်ရန်" ဟူသော သတိပေးစာလေးကို အရင်ရေးမိလေ၏။ 

ထိုကဲ့သို့ အာရုံဝင်စားပြီး စာရေးနေစဉ် အိမ်ရှင်အဘိုးအို ရောက်လာပြီး ကျွန်ုပ်နောက်ကျောဘက်မှ နေ၍  ကျွန်ုပ်ရေးထားသည့် စာများကို မျက်မှောင်ကြုတ်အားယူပြီး ဖတ်နေလေ၏။ ကျွန်ုပ်ကား အဘိုးအို ရောက်လာသည်ကိုလဲ သတိမထားမိ၊ ကျွန်ုပ်၏စာကို ဖတ်နေသည်ကိုလဲ ဂရုမပြုမိပေ။ စာထဲ မုဒ် ၀င်နေလျှင် ဤကဲ့သို့ ဖြစ်တတ်သည်မှာ သဘာဝဖြစ်ပင် မဟုတ်တုံလော။

"မောင်ရင်...."Sixteen +"  နဲ့  "Sixty +" မှားနေပြီထင်တယ်"

အဘိုးအို၏ အသံကို ကြားလိုက်သည့်အခါတွင်မှ အဘိုးအို အနားမှာ ရောက်နေမှန်း သတိထားမိလေ၏။ 

"ဟာ.. အဘိုး ရောက်နေတာကိုး။ ကျနော် သိတောင် မသိလိုက်ဘူး အနားရောက်လာတာကို။ ဒါနဲ့ အဘိုး ဘာပြောလိုက်တာပါလိမ့်"

"၁၆+ နှင့် ၆၀+ နှင့် မောင်ရင်များ မှားနေသလားလို့ပါ"

"အာ... အဘိုးကလဲ မမှားပါဘူး။ ၆၀+မှ ၆၀+ အစစ်ပါ"

"မင်းက ဘာအကြောင်းတွေ ရေးမှာမို့လဲ"

"ကျား/မကိစ္စလေးတွေ နဲနဲ ပါနေလို့ အဘိုး အဟီးဟီး"

"အဲဒါနဲ့ ၆၀+ နဲ့ ဘာဆိုင်လို့တုန်း"

"ဆိုင်ရန်ကော အဘိုးရာ။ အဘိုးသိတဲ့အတိုင်းဘဲလေ။ လူဆိုတာ အသက်ကြီးလာလေ ပို ညစ်ပတ်လာလေ။ ပြီးတော့ ပိုပြီး ရှက်ကြော ပြတ်လာလေလေ မဟုတ်လား။း) ဒါကြောင့်မို့ အခု ကျနော် ရေးမဲ့စာက အဲဒီလို ရှက်ပြောပြတ်နေတဲ့ သူတွေနဲ့မှ အံကိုက်မှာမို့ပါ။ ပြီးတော့ အသက် ၆၀ အောက် ငယ်သူတွေ ဖတ်ရင် မျက်စိ ရှက်စရာ ဖြစ်ကုန်မှာလဲ စိုးရတယ်လေ"

"ငါ့လခွမ်းမှဘဲ။ မင်းလုပ်လိုက်မှ ငါက အညစ်ပတ်တုံးကြီး၊ အရှက်မဲ့တုံးကြီးကို ဖြစ်လို့။ ကဲပါ ကဲပါ။ မင်းရေးမှာသာ ရေးပါ။ အရူးစိတ်ချမ်းသာရင် တိုင်းပြည်တစ်ဝက် အေးချမ်းပါတယ်။ ကြိုက်သလို စိတ်ချမ်းသာသလိုသာ ကရောဟိ သဘောရှိ ရေးတော်မူပါ"

အဘိုးအိုသည် ဤကဲ့သို့ မြည်တမ်းပြီး ကျွန်ုပ်အပါးမှ ထွက်ခွါသွားလေ၏။ ဆိုရပါမူ အဘိုးအို၏ အသက်မှာ ၈၆ ပြည့်ပြီး ၈၇ ထဲ ရောက်နေပြီ ဖြစ်လေ၏။ အဘိုးအို ထွက်ခွါသွားပြီးနောက် ကျွန်ုပ်သည် ပို့စ်ဘက် အာရုံသွင်းကာ ဈာန်ဝင်စားပြီး အောက်ပါ ပို့စ်ကို စိတ်ပါလက်ပါ ရေးသားမိလေတော့၏။
.....

"ညနေပိုင်း ပါတီပွဲလေးရှိလို့ လုပ်စရာရှိတာ ကြိုတင်လုပ်ထားရအောင် စောစောလာခဲ့" ဟု ဖုန်းဆက်၍ အကြောင်းကြားလာသဖြင့် ဦးနုနှင့် ဦးပု အဘိုးအိုနှစ်ယောက် နေထိုင်ရာ လန်ဒန်မြောက်ပိုင်းသို့ ညနေ သုံးနာရီခန့်၌ ကျွန်ုပ် သွားရောက်လေ၏။ အဘိုးအို၏ ခြံဝင်းထဲ ရောက်သောအခါ ခြံနောက်ဝင်းထဲ၌ စိုက်ပျိုးပင်များကို ရေပိုက်ဖြင့် ရေလောင်းနေသည့် ဦးပုကို မြင်တွေ့ရလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် အိမ်ပေါ်သို့ မတက်သေးဘဲ ခြံနောက်ဖေးသို့ ၀င်ရောက်ကာ အပင်ရေလောင်းနေသည့် အဘိုးဦးပုနဲ့ စကားစမြည် ပြောဆိုနေလေ၏။

"အဘိုးပု ဘာပင်တွေ ရေလောင်းနေတာလဲဗျ"

"ဟာ... မောင်ရင်.. လာကွာ။ အပင်ရေလောင်းရင်း စကားပြောကြတာပေါ့။ ငါလဲ အပျင်းလဲပြေ ကျန်းမာရေးလဲ ကောင်းအောင် စားပင်သောက်ပင်လေးတွေ စိုက်ရင်း ရေလောင်းပေါင်းသင် လုပ်နေတာလေ။ ဒီဘိလတ်မှာက နွေရာသီမှာဘဲ အပင်စိုက်လို့ ရတာမဟုတ်လား။ အချိန်ရှိတုန်းလေး စားပင်သောက်ပင်လေးတွေ စိုက်ထားတာလေ။ ဒီအပင်ကတော့ ဘူးသီးပင်။ ဒီမှာ မြင်လား အသီးတွေတောင် သီးနေပြီ"

အဘိုးပု ပြောမှ ဘူးစင်ပေါ် လှမ်းကြည့်လိုက်မိလေ၏။ ဟုတ်ပါရဲ့။ ဘူးသီးတွေတောင် အတော်လေး သီးနေကြပြီကိုး။ ထို့နောက် အဘိုးအိုသည် ဂရင်းမ်ဟောက်စ် ဟုခေါ်သည့် မှန်လုံ စိုက်ပျိုးရေးခြံလေးထဲသို့ လိုက်ပြလေ၏။ သစ်ခွပန်းပင်များလဲပွင့်လို့။ ခရမ်းချဉ်သီးပင်များလဲ အသီးတွေသီးလို့။ အတော် စိုက်ပျိုးရေး ၀ါသနာထုံသည့် အဘိုးပုပေတကား။

"အဘိုးပု... အဘိုးပုစိုက်ထားတဲ့အပင်တွေက ပန်းပင်ဆိုလဲဝေလို့၊ အသီးပင်ဆိုလဲ ပြွတ်လို့ခဲလို့ပါလား။ အဘိုးပုဆီမှာ စိုက်ပျိုးရေး နည်းပညာတော့ ရှိမယ်ထင်တယ်"

"ရှိပါဘူးကွာ။ ဒီလိုဘဲ ကြုံသလို စိုက်လိုက်တာဘဲ။ ဒါပေမဲ့ လက်လိုက်တယ် ပြောရမယ် ဘာပင်စိုက်စိုက် အရမ်းဖြစ်ထွန်းတယ်။ မောင်ရင်သိတဲ့အတိုင်းဘဲလေ။ ဘိလတ်ဆိုတာက အပင်စိုက်ရ အလွန်ခက်တဲ့ နိုင်ငံ မဟုတ်လား။ ဒါပေမဲ့ ငါစိုက်ရင်တော့ ပြွတ်လို့ခဲလို့ သီးကြပွင့်ကြတာကလား"

ကျွန်ုပ်သည် အဘိုးပုကို စနောက်ချင်သဖြင့်..

"အဘိုးပုက အပင်တွေစိုက်တဲ့အခါ ဒီလောက်တောင်  ဖြစ်ထွန်းတာ အိမ်ထောင်ကျရင်လဲ သားသမီးတွေ အများကြီး ဖြစ်ထွန်းလောက်တယ်။ ဘာဖြစ်လို့ အိမ်ထောင်မပြုခဲ့တာလဲ အဘိုး"

ဟု  ရွှတ်နောက်နောက် စကားဆိုလိုက်ရာ...

"ငါက အပင်စိုက်ရင်သာ ဖြစ်ထွန်းတာပါကွာ။ အိမ်ထောင်ပြုရင်တော့ သားသမီး ရနိုင်တော့မှာ မဟုတ်ပါဘူး"

ဟု အောက်သံ အားငယ်သံလေးဖြင့် ပြန်ပြောရှာလေ၏။

"ဘာဖြစ်လို့လဲ အဘိုး"

"ပြောချင်ပါဘူးကွာ။ ငါ့အကြောင်းနဲ့ ငါပါ"

"အာ... အဘိုးကလဲ ပြောစမ်းပါ။ အနားမှာ ဘယ်သူမှ မရှိပါဘူး။ ကျနော်တစ်ယောက်ထဲ ရှိတာပါ"

"ငါ မပြောလိုက်ချင်ဘူး။ မင်းမို့လို့ ငါ မပြောချင်တာ။ မင်းက အထူးအဆန်းဆို ဘလော့ပေါ်တင်ပြီး မောင်းခတ်နေကျမဟုတ်လား။ မင်းတို့ ခေတ်လူငယ်တွေ အတော်ခက်သားကလား"

"အဘိုးကလဲ ဈေးကိုင်နေပြန်ပါပြီ။ ပြောမှာသာ ပြောစမ်းပါ။ ကျနော် နှုတ်လုံပါ့မယ်။ ဘာဖြစ်လို့ အဘိုးက ကလေး မရနိုင်တော့တာလဲ။ မဟုတ်မှ လွဲရော။ အေ ကိုက်နေပြီလားမသိ"

ထိုကဲ့သို့ ကလိပေးလိုက်သည့်အခါမှ အဘိုးပုထံက ကလေးမရနိုင်ခြင်း၏ အဖြေကို သိခွင့်ရလေတော့၏။

"အေ ကိုက်လို့ မဟုတ်ဘူးဟေ့။ ဟ၀ှါတစ်လုံး ကွဲသွားလို့၊ ဟ၀ှါတစ်လုံး ကွဲသွားလို့ သိပြီလား"

"ဘာ.. ဘယ်လို အဘိုး"

"အော် ခက်ချေပြီကော ဟ၀ှါတစ်လုံး ကွဲသွားတယ်ဆိုမှတော့ ငါ နတ်ကွပ်ကြီး ဖြစ်နေပြီလို့ ပြောတာဟေ့။ ရှင်းပြီလား။ အဲဒါကြောင့်မို့ ကလေးမရနိုင်တော့ဘူးလို့ ပြောတာ။ တကထဲမှဘဲ"

"အော်.. အဲလိုလား။ သနားပါတယ်"

"အခုမှ လာသနားပြမနေနဲ့။ ငါ ကွဲခဲ့တာက ကလေးပေါက်စ ဘုန်းကြီးကျောင်းသားဘ၀ကထဲက ကွဲခဲ့တာ"

"ဘယ်လို ဖြစ်ရတာလဲ အဘိုးရယ် ပြောပြပါလား"

"ကဲပါ မထူးပါဘူး။ မင်းသိချင်နေမှတော့ ငါ ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလိုက်တော့မယ်"

အဘိုးပုသည် စိုက်ခင်းအပင်များကို ရေလောင်းမပျက်စေဘဲ သူ့ဟ၀ှါကွဲခဲ့ပုံလေးကို ဆွေးမြေ့စွာ ပြောပြလေတော့၏။

"ငါ ဘုန်းကြီးကျောင်းသားပေါက်စ ဘ၀တုန်းကပေါ့ကွာ။ အသက် ၁၂ နှစ်သားလောက်ဘဲ ရှိဦးမယ်ထင်ပါတယ်။ ဘုန်းကြီးကျောင်းသားဆိုတော့ ရွာဦးကျောင်းမှာဘဲ ကျောင်းအိပ်ကျောင်းစား ဘယ်မှ မသွားရဘူးမဟုတ်လား။ အဲဒီတုန်းက ကိုရင် ကျောင်းသားတွေကလဲ အများကြီးဘဲ။ ပြီးတော့ ဘုန်းကြီးကျောင်းကြီးကလဲ အကြီးကြီးလေ။ ပျဉ်ကာပျဉ်ခင်းသွပ်မိုးကျောင်းကြီးပေါ့။ ကျောင်းက အရမ်းကြီးပေမဲ့ တံမြက်စည်းလှဲတဲ့အခါ အခုခေတ်လိုမျိုး အမှိုက်ကြုံးဂေါ်ပြားတွေ မရှိသေးဘူးလေ။ ဒီတော့ အမှိုက်တွေ ဖုန်တွေကို ကျောင်းအောက်ကို လှဲချဖို့အတွက် ကျောင်းကြမ်းပြင်တွေမှာ နံရံဒေါင့်နား တိုင်နားတစ်လျှောက် အပေါက်ကြီးတွေ ဖောက်ထားရတယ်လေ။ အမှိုက်လှဲတဲ့အခါ အမှိုက်တွေကို အဲဒီအပေါက်တွေထဲ လှဲချဖို့ပေါ့"

အဘိုးပု၏ မျက်လုံးများက သူ့ကိုယ်သူ ဟိုးးး အတိတ်ဆီ သယ်ဆောင်နေမှန်း သိသာလှ၏။ ကျွန်ုပ်သည်လည်း အဘိုးပုကို အဘိုးပုဟု မမြင်တော့ဘဲ ဘုန်းကြီးကျောင်းသား မောင်ပုအဖြစ်ဖြင့် မြင်ယောင်မိလေ၏။

"ကိုရင်ကျောင်းသားတွေက အများကြီးဆိုတော့ အခန်းသီးသန့်နဲ့ မအိပ်ရဘူးလေ။ အဲဒီ ကြမ်းပြင်တွေ တစ်လျှောက်မှာဘဲ တန်းစီပြီး အိပ်ကြတာလေ။ တစ်ညကျတော့ မိုးက အရမ်းရွာတယ်။ သဲသဲမဲမဲကို ရွာတာ။ အဲဒီတော့ ငါအိပ်ပျော်နေတုန်း ငါ့အပေါ်တည့်တည့် မိုးယိုကျလာတယ်လေ။ ငါလဲ လန့်နိုးလာပြီး မိုးယိုကျတဲ့ နေရာက လွတ်ကင်းတဲ့နေရာမှာ အိပ်စက်ဖို့ မှောင်မှောင်မဲမဲထဲမှာဘဲ အိပ်ရာလိပ် မ ချီပြီး ထလာခဲ့တယ်လေ။ ဖြစ်ချင်တော့ အိပ်မှုန်စုံမွှားဆိုတော့ တံမြက်စည်းလှဲချတဲ့ အပေါက်ရှိတဲ့ နေရာကို သတိမထားမိလိုက်ဘူး။ ညဆိုတော့ ဘာကိုမှ မမြင်ရတာကြောင့်လဲ ပါတာပေါ့လေ။ အဲဒီတော့ အဲဒီ အပေါက်နားလဲရောက်ရော ငါ့ရဲ့ ခြေတစ်ဖက် အဲဒီအပေါက်ထဲ ချော်ကျတော့တာပါဘဲ။ ချော်ကျတာမှ ပေါင်ဆုံးအထိ ချော်ကျပြီး ဟ၀ှာနဲ့ ကြမ်းပြင်နဲ့ ညှပ်ခွဲလိုက်တော့တာပါဘဲကွာ။ အပေါ်က ထမ်းပိုးထားတဲ့ အိပ်ယာလိပ်အလေးချိန်၊ ပြီးတော့ ခန္ဓာကိုယ်ရဲ့ အလေးချိန် နှစ်ခုပေါင်းလိုက်တော့ ဒီလောက်ပျော့နေတဲ့ဟာလေး မကွဲဘဲ ခံနိုင်ပါတော့မလား"

အဘိုးအိုသည် ပြောရင်း ဈာန်ဝင်သွားသည်ထင်ပါရဲ့။ မျက်နှာတစ်ချက် တွန့်ကနဲ ဖြစ်သွားသည်ကို သတိထားမိလေ၏။ ကျွန်ုပ်သည်လည်း နားထောင်ကောင်းကောင်းနဲ့ နားထောင်နေရာမှ အပေါက်ကျွံကျတဲ့ အကြောင်းလဲပြောရော ကျွန်ုပ်ကိုယ်တိုင်ပင် အောင့်တောင့်တောင့် ဖြစ်လာသလို ခံစားမိလေတော့၏။ 

"ဘာပြောကောင်းမလဲကွာ။ ငါလဲ တခါထဲ ကြယ်တွေလတွေမြင်ပြီး သတိလစ်သွားတော့တာပါဘဲ။ ငါ သတိပြန်ရတော့ ဆေးရုံပေါ်ရောက်နေပြီ။ တစ်လုံး လုံးဝကွဲသွားတယ်တဲ့။ နာလိုက်အောင့်လိုက်တဲ့ ဖြစ်ခြင်းကွာ။ ဒါပေမဲ့ တော်ပါသေးရဲ့ နှစ်လုံးလုံး မကွဲသွားတာ။ နှစ်လုံးလုံးသာ ကွဲသွားရင် ဘယ်လိုနာမည်ပေးကြမလဲ မသိတော့ဘူး။ နတ်ကွပ်လို့ပေးလဲမဖြစ် သိကြားကွပ်လို့ ပေးလဲ မဖြစ်နဲ့။ ကံကောင်းလို့ တစ်လုံးကျန်နေတာ။ ကဲ အဖြစ်အပျက်ကတော့ အဲဒါ အကုန်ဘဲ။ ကျေနပ်ပြီလား"

အဘိုးပု မျက်နှာမှာ အားငယ်ရိပ် အနည်းငယ် သန်းနေသဖြင့် ကျွန်ုပ်သည် အဘိုးပုအား အရွှမ်းဖောက်ရန် တာစူနေမိပြန်လေ၏။

"အာ... အဘိုးပုကလဲ အားမငယ်စမ်းပါနဲ့။ လက်ဝှေ့သမားတွေဆို လက်ဖျံရိုးတစ်ရိုးထဲ ရှိတဲ့သူရဲ့ လက်သီးက ပိုပြီးပြင်းသတဲ့ အဘိုးပုရဲ့။ အဘိုးပုလဲ.............."

"ဟား ဟား ဟား.. မင်းကတော့ လုပ်ပြီ။ လူကို ငိုခြင်း ရယ်ခြင်း မေ့လျော့ခြင်း နှလုံးတုန် ရင်ခုန်ခြင်း ဖြစ်အောင် အတော် လုပ်တတ်တဲ့ကောင်"

"အာ... အဘိုးပုကလဲ ကမ္မ၀ါတွေ လာဖတ်ပြနေပြန်ပါပြီ။ ဘယ်ကလာ အဲဒါတွေ လုပ်တတ်ရမှာလဲ ကျနော်က ဘီလူးသရဲ သင်းကွဲပြိတ္တာမှ မဟုတ်တာ"

"အေးပါ။ ငါက သဘောပြောပြတာပါ။ မင်းဆိုတဲ့ကောင်က လူတွေကို ဟိုဘက်က လှည့်အစ်လိုက် ဒီဘက်က လှည့်အစ်လိုက်နဲ့ ပြီးတော့ ရယ်စရာဖြစ်အောင်လုပ်လိုက်နဲ့။ အဲဒါကြောင့် မင်းကို ငါက အဲဒီလို ကမ္မ၀ါတွေ ဖတ်ပြရတာ။ ဟုတ်ပြီလား"

"ကျနော်က အဘိုးကို ချစ်လို့ စတာပါ။ အဘိုးက ဟ၀ှါတစ်လုံးထဲ ဆိုတော့ စချင်စရာကြီးကိုး အဟီးးး"

"အေး.. မင်းက ဟ၀ှာါတစ်လုံးထဲရဲ့ အားသာချက်ကိုမှ မသိဘဲကိုး"

"အလဲ့... အဘိုးက ဒါမျိုးကျ ခေတ်မီပြန်ရော။ မိန့်ပါဦး အဘိုးရဲ့ ဟ၀ှါတစ်လုံးထဲရဲ့ အားသာချက်ကို"

"မင်းကလဲ အရှင်းသားကြီးဘဲ ဥစ္စာ။ မောင်းမမိဿံတွေနဲ့ ဘယ်လိုဘဲ နေနေ သူတို့မှာ ဟ၀ှာ မဖြစ်နိုင်ကြတော့ဘူးလေ။ ဒါဆို ဟ၀ှါအတွက် ဘာမှ မပူရတော့ဘူးပေါ့။ မနှိပ်လား။ ဟား ဟား ဟား"

"ဟား ဟား ဟား။ အဘိုးကတော့ ဒါမျိုးကျ ဆရာတစ်ဆူပေဘဲ။ ဒါကြောင့် ဒီအသက်အရွယ်အထိ တစ်ပင်မှ မထူခဲ့တာဖြစ်မယ်။ အပင်ထူမနေတော့ဘဲ အပင်တောထဲမှာဘဲ သီးထပ်သီးညှပ်တွေနဲ့ ပျော်မဆုံးမော်မဆုံး တပြုံးပြုံး ဖြစ်နေလို့ တစ်ကိုယ်တည်း လူပြိုကြီး လုပ်နေတာမဟုတ်လား။ ဟား ဟား ဟား"

"ဟား ဟား ဟား။ မင်းကတော့ ပြောတတ်တယ်။ ကဲ ကဲ ပြောလို့တော့ကောင်းတယ်။ အိမ်ပေါ်ကိုတက်လိုက်ဦး။ မင်းကို အဘိုးနု စောင့်နေတယ်။ ငါလဲ အပင်ရေလောင်းတာ လက်စသတ်ပြီး ခဏနေ တက်လာခဲ့မယ်"

ကျွန်ုပ်သည် အဘိုးပုကို နှုတ်ဆက်ပြီး အိမ်ပေါ်သို့ တက်လာရာ  ကွန်ပြူတာစခရင်ကြီးပေါ်ရှိ အင်တာနက်သတင်းများကို မျက်မှန်ထူထူကြီးဖြင့် စိတ်ဝင်တစား ပြူးပြဲစာဖတ်နေသည့် အဘိုးနုကို တွေ့ရလေ၏။ အဘိုးနု၏ အနီး၌လည်း အခြားအိမ်တစ်အိမ်မှ အဘိုးဖြူတစ်ယောက် ရောက်နေသည်ကို တွေ့ရလေ၏။

"အဘိုးနု နေကောင်းပါရဲ့လား။ အဘိုးဖြူလဲ ရောက်နေတာကိုး"

"ဟာ.. လာ မောင်ရင်။ ထိုင်ထိုင်။ မောင်ရင့်ကို အစောကထဲက မျှော်နေတာ။ ကွန်ပျူတာထဲမှာ ပြဿနာတစ်ခု တက်နေလို့။ ဒါနဲ့ နေစမ်းပါဦး မောင်ရင့်မျက်နှာ ပြုံးလှချည်လား။ ဘာလဲ အလာလမ်းမှာ အလန်းဇယားလေးတွေနဲ့ တွေ့ခဲ့ရလို့လား"

အဘိုးနုပြောမှ ကျွန်ုပ်၏ မျက်နှာကို အနီးရှိ နံရံမှာ ထောင်ထားသည့် ကိုယ်လုံးပေါ်မှန်ကြီးထဲ ကြည့်မိလေ၏။ ဟုတ်ပါ့ တကယ့်ကို ပြုံးစိစိကြီး။

"အလန်းဇယားတွေတွေ့ခဲ့လို့ မဟုတ်ဘူး အဘိုးနုရေ။ အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ အဘိုးပုနဲ့ တွေ့ပြီး ရောက်တတ်ရာရာ ပြောခဲ့ရတာကို သဘောကျပြီး အပြုံးက မသေသေးတာ" 

ထိုကဲ့သို့ နိဒါန်းချီပြီး အဘိုးပု၏ ဟ၀ှာကွဲတစ်လုံးအကြောင်းကို အဘိုးနုအား အစအဆုံး ဖောက်သည် ချမိလေတော့၏။ 

"ဟား ဟား ဟား။ ဒီကောင် ငပုကတော့ ငယ်ကျိုးငယ်နာဆို ဘာမှ မကျန်ဘူး။ အကုန်ပြောပြမယ် ဆိုတာချည်းဘဲ။ အသက်က ၆၀ ကျော်ပေမဲ့ ဒီကောင်စိတ်က အခုမှ လူပျိုတက်ခါစ စိတ်ရယ်"

"ဒါကလဲ ဘမျိုးဘိုးတူဆိုသလို အကိုတူ ညီဖြစ်မှာပေါ့ အဘိုးနုရာ။ မဟုတ်ဘူးလား"

"အင်း... မြှားဦးက ငါ့ဘက် လှည့်လာပါရောလား။ ကဲ ရှိစေတော့။ မင်းက ငပုရဲ့ ဟ၀ှါကွဲတစ်လုံး အကြောင်း၊ ဟ၀ှာပြုရင် ဟ၀ှာမဖြစ်နိုင်တော့ကြောင်း ပြောတော့ ငါ ခုနတင်လေး အင်တာနက်သတင်းမှာ ဖတ်လိုက်ရတဲ့ အဖြစ်အပျက်ကလေးကို ဖြတ်ကနဲ သတိရလိုက်မိတယ်။ ဟ၀ှာပြုလို့ ဟ၀ှါမရနိုင်ပေမဲ့ ဟ၀ှာရသွားခဲ့တဲ့ သတင်းလေးပေါ့။ ငပုရဲ့ ဇာတ်လမ်းထက် အဲဒီအဖြစ်အပျက်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်"

"ဒါဖြင့် ပြောပြပါလား အဘိုး"

"အင်း... ကြုံတုန်းလေး ဖတ်ထားမှတ်ထားတာလေးတွေကို မျှဝေရတာပေါ့ကွာ"

ထိုကဲ့သို့ ပြောရင်း အဘိုးနုတစ်ယောက် အလွန်စိတ်ဝင်စားစရာကောင်းသည့် အင်တာနက်သတင်း ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်အား ပြောပြလေတော့၏။ နောက်မှ ဆက်ရေးတော့မယ်နော်။ နဲနဲ ရှည်သွားလို့။း)


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

22 comments:

Anonymous said...

ကိုကိုမောင် တော်တော်ဆိုး

သဂျီး နော် သဂျီး အမြန်တင် ဖတ်ကောင်းမှ .. ဒေါသဖြစ်ဖြစ်နဲ့ ထုထဲ လိုက်လို့ ... ဟင်း နှစ်လုံးကွဲ သွားမယ် ... (ဖန်ခွက် ဖန်ခွက်)

ချစ်တဲ့
ရွှေစင်ဦး

Anonymous said...

သဂျီး သဂျီး

အမှု့အပ်ချင်လို့ပါ ... ရွှေစင်ဦး ရဲ့ ဘလော့ဂ်လင့် ကို ပြောင်းချိတ်မထားတဲ့ အတွက် အပေါ်မတက်မှု့ ...ဟား ဟားးးးးးးးးးးးး

စုချစ် said...

ကြံကြံဖန်ဖန် တဂျီးမင်းရယ်...
အဲ့အဖိုး မိဖုရားသက်တော်စောင့်လုပ်ဖို့ကောင်းတယ်... ဟီး...
၆၀+ ပြောပေမင့် ကိုယ့်ကိုယ်ကိုယ် အသက် ၂၀တိုးပြီး ဖတ်လိုက်တယ်...
အစ်မရွှေစင် အဖော်ရှိလို့ ကော်ပါမန့်လိုက်သေး... ဟေး... :P

seesein said...

60+ဆိုလို့သဂျီးဘလော့ဖတ်မဲ့သူမရှိတော့ဘူး အောက်မေ့လို့ .အခုတော့ အပေါင်းဖော်တွေနဲ့.....မြန်မြန်တင်ပါ သဂျီးမင်း

ဟန်ကြည် said...

လုပ်ပြီ သူကြီးတို့ကတော့ ကုန်းကုန်းအကြောင်း...း)

ဖတ်ရင်းဖတ်ရင်းနဲ့ ကြက်သီးထတယ်...ရည်းစားလူလု ဟိုဒင်းကြမ်းညပ်ဆိုတာတောင် အတော်မစားသာတာ အနှီဘိုးတော်လိုများ မြတ်ချွာဖျား...ဖွ ဖွ...း)

သူကြီး ၀ါကျွတ်ဖို့ တဖြည်းဖြည်းနီးလာပြန်ပြီနော်...လက်ဖွဲ့ကြိုဝယ်ထားရတော့မှာလား...

ခလုပ်တိုက်စရာကလည်း ဒီပိန္နဲပင်ပဲရှိတာကိုး...း)

ကိုဖိုးတရုတ် said...

ဟဲလို...

လာလည်သွားပါတယ်ဗျာ... ကျွန်တော်ကတော့ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ကိုဖိုးတရုတ် ဖြစ်ပါတယ်။ ကျွန်တော့် ဘာလောဂ်ကတော့ http://photayokeking.blogspot.com ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဝက်ဘ်ဆိုဒ် www.photayokeking.org သို့ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား။

ခင်မင်လျက်
ကိုဖိုးတရုတ်
www.photayokeking.org
http://photayokeking.blogspot.com

An Asian Tour Operator said...

တဂျီးမင်း ကတော့ အဲလိုချည်းပဲ။ ကောင်းခန်းရောက်ရင် မီးပျက်သွားရော..။

သိ င်္ဂါ ရ said...

Blog Day မှ စ၍ ... စာပြန်ရေးဖြစ်လာတဲ့ ...

Blogger များ ရဲ့ up-to-date Post များ သို့ ... :)

ပစ်ပစ် said...

အဟမ်းး အဟမ်းးး အဟမ်းးး

ဘုန်းနှစ်တောက် said...

comment က ဘယ်ရောက်သွားလဲ မသိဘူး...ဟိ ဟိ

San Htun said...

၆၀ + မှ ဖတ်ရန် ဆိုလို့  မဖတ်ဘဲ နေပါ့မလား တဂျီးမင်းရယ်...ငှဲ..ငှဲ..ငှဲ..
ဆက်ရန် မြန်မြန် တင်ပါဗျို့ ..း)

နွေတေးရှင် (မင်းဧရာ) said...

သူကြီး ရက်စက်ချက်ဗျာ ။

ကောင်းခန်းရောက်မှ မီးဖျက်ပလိုက်တယ်လို့
မြန်မြန်ရေးပါ သူကြီး ။

Candy said...

တိန် လုပ်ပြန်ပြီ တန်းလန်း...
တဂျင်းမီး လူဆိုးကြီးးးးးးးးး >.<

ကူးကူးလှိုင် said...

.....^_^..;))

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကဲ့ ပရိတ်သတ်တွေတောင်းဆိုနေကြပြီ
သယ်ဂျီးရဲ့ ဥကွဲဇတ်လမ်းဆက်ပါဦးဗျို့
အောင့်တောင့်တောင့်နဲ့ ဖတ်ဖြစ်သွားရဲ့း)

Angelhlaing(May everybody be happy and healthy! said...

အဟား.... ...!!!! အကိုရေ.. မဟုတ်မှ လွဲရော.. လွဲရောနဲ့ .. နောက်ဆက်တွဲ လုပ်ပါဦးဗျို့ .. :)))

စံပယ်ချို said...

ဒီစာကိုဖတ်ဖို့ နောက်ထပ်နှစ်တွေအများကြီးမစောင့်နိုင်ဘူးတော်ရေ..........
ဘယ့်နဲ့တော် ၆၀+ တဲ့အေ.......

နောက်ပြီး ကောင်းပြီဆိုတာနဲ့ဖြတ်လိုက်ရော.........

လသာည said...

သဂျီး
"မင်းမို့လို့ ငါ မပြောချင်တာ။ မင်းက အထူးအဆန်းဆို ဘလော့ပေါ်တင်ပြီး မောင်းခတ်နေကျမဟုတ်လား။ မင်းတို့ ခေတ်လူငယ်တွေ အတော်ခက်သားကလား"

:P

အဲ့အဖိုးကြီးက သူဂျီးကို အခုပြောနေတယ်..

"ခက်လိုက်တာကွာ မင်းကလည်း မောင်းခတ်တာတောင် အသေအချာ အတိအကျ အခန်းဆက်နဲ့ ပို့စ်တင်တာလားကွ"

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မျက်စိပူ မျက်နှာပူနဲ့ အဆုံးထိ သဘောတကျကျ ဖတ်သွားခဲ့ပါတယ် သူကြီးမင်းရေ။ နောက်မှ ဆက်ရေးမယ့် အဘိုးနု ပြောပြမယ့် အကြောင်းလေးကိုလည်း မျှော်နေပါတယ်။ အမြန်ဆုံးရေးပါလို့ တိုက်တွန်းပါတယ်ရှင်။

Ma Tint said...

အော်... သူကြီးမင်းရယ်... အဘိုးပု ပြောလဲပြောချင်စရာ.. ဖြစ်သမျှအကြောင်း အကုန်အစင်ကို တစ်လောကလုံးကို မသိချင်မှအဆုံး :P သူကြီးမင်းနဲ့ထပ်တူ ပြုံးစိစိနဲ့ဖတ်သွားတယ် အခန်းဆက်လေးလည်းမျှော်နေမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

အသက်ကန့်သတ်လိုက်လို့ ထင်ရဲ့...
ဖတ်လိုက်ကြတာ အရွယ်ကို စုံလို့... :D

ကေသွယ် said...

မိန်းမ ဖတ်လို့ ရေးပါအုံးရှင့် 
မျော်လျက်
ကေသွယ်