Tuesday, 13 August 2013

မောင်နက်ကျော်နှင့် ကျွန်ုပ်၏ ပုံပြင်များ

တစ်နေ့ ကျွန်ုပ် ဘုတ်အုပ်များဖြင့် အလုပ်ရှုပ်နေခိုက် မတွေ့တာ ကြာပြီဖြစ်ဖြစ်သည့် မောင်နက်ကျော် တစ်ယောက် ဒရောသောပါးဖြင့် ကျွန်ုပ်နေထိုင်ရာ နေအိမ်သို့ ပေါက်ချလာလေ၏။ ကျွန်ုပ်သည်လည်း တစ်ယောက်တည်း ပျင်းပျင်းရှိနေလေရာ မောင်နက်ကျော် အလာကောင်းသည်ဟု ဆိုရပေမည်တည့်။

"ဆိုစမ်းပါဦး ကနက်ကျော်။ ဘယ်လိုက ဘယ်လို ပေါက်ချလာရတာလဲ။ မတွေ့တာလဲ ကြာချေပြီကော"

"လမ်းကြုံလို့ ၀င်လာတာလို့ မထင်လိုက်နဲ့ သူကြီးမင်းရေ။ တကူးတကကို တမင်သကာ လာခဲ့ရတာ"

"ထူးဆန်းလှချည်လား။ ဘယ်လို ကိစ္စထူးတွေများ ရှိလို့ပါလိမ့်။ ကညာအရေး မြာအရေးတွေ ထင်ပါ့"

"လွဲလိုက်တာ သူကြီးရာ။ ဘယ်က အရှုပ်ပလုပ်အကြောင်းတွေ ပါလာရတာလဲ။ ကျနော်လာရခြင်းအကြောင်းရင်းက အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်းကြောင့်ဘဲဗျ"

"အလဲ့... ကနက်ကျော်တို့ကတော့ ရေကန်အသင့် ကြာအသင့်  အဆင်ပြေလိုက်ပုံများ အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်းဆိုပါလား"

"ဟာ... သူကြီးမင်းကတော့ အကြီးကြီး လွဲနေပြန်ပါပြီ။ ကျနော် ဆိုလိုတာက ကျနော့် အပေါ်ထပ်ကကောင် တော်တော် သောင်းကျန်းနေတာကို ပြောတာဗျ။ အဲဒါ သူကြီးမင်းနဲ့ လာတိုင်ပင်ကြည့်မလို့ဟာ"

"မင်းကလဲ အစကထဲက လိုရင်းပြောလိုက် ပြီးရော ဥစ္စာ။ ဘာဇာတ်လမ်းလေး ညာဇာတ်လမ်းလေး လုပ်နေတာကိုး။ ကဲ... ဆိုစမ်းပါဦး။ အဲဒီ အပေါ်ထပ်က ကောင်က မင်းကို ဘာတွေ စော်ကား မော်ကား လုပ်နေလို့လဲ"

"ကျနော်က အောက်ထပ် သူက အပေါ်ထပ်။ အခန်းချင်းက အပေါ်အောက် တည့်တည့်လေ။ သူက တစ်နေကုန် ခုန်ပေါက်နေပုံရတယ်။ တဒုံးဒုံး တဂျိန်းဂျိန်းနဲ့။ ကျနော့်မှာ သမာဓိတွေ ပျက်ပြီး စာကြည့်လို့လဲ မရ၊ အိပ်လို့လဲ မရ၊ ဘုရားရှိခိုး တရားထိုင်ဖို့ဆို ဝေးရောဘဲ။ ညဘက် ရောက်ပြန်တော့လဲ သူ့ သူငယ်ချင်းတွေနဲ့ ပါတီတွေ မကြာမကြာ လုပ်ပြီး တဒုံးဒုံး တဂွမ်းဂွမ်းနဲ့။ စိတ်ညစ်လိုက်တာ သူကြီးမင်းရာ"

"ဒါနဲ့... မင်းက သွားပြီး မေတ္တာ ရပ်မခံချေဘူးလား"

"မကြာခဏ သွားပြီး ညှိယူပါသေးတယ်။ ဒါပေမဲ့ သူက ခေါင်းအရမ်းမာတယ်။ ပြီးတော့ သူက ပြောသေးတယ်။ ငါ့ပိုင်နက်နဲ့ ငါဆူညံတာ၊ မင်း ဘာမှ ပြောဖို့မလိုဘူး။ မကျေနပ်ရင် လဲသေလိုက်တဲ့။ အဲဒါ သူကြီးမင်း အဖြေရှာပေးပါဦး။ ကျနော်ကတော့ စိတ်ညစ်ရာကနေ စိတ်တိုလာပြီ။ တော်ကြာ လက်သုံးတော် ငှက်ကြီးတောင် ဓါးတွေ ဘာတွေ ပါလာရင် သူရော ကျနော်ရော မကောင်းဘူး"

"အိမ်း.... မောင်ရင့်ကိစ္စက ပြောရတာ လွယ်သလောက် လုပ်ယူရတော့ တကယ် ခက်မဲ့ပုံဘဲ"

ကျွန်ုပ်သည် တစ်လက်မခန့်ရှိ ကျွန်ုပ်၏ မုတ်ဆိတ်မွေးများကို ဘယ်ဘက်လက်ဖြင့် သပ်ချရင်း စဉ်းစားခန်း ၀င်နေမိ၏။ သည်လိုမျိုး အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းတို့မှာ ရှင်းရ အတော်ခက်သည့် ကိစ္စမဟုတ်တုံလော။ မကိုင်တွယ်တတ်လျှင် ဒုတ်တပြက်ဓါးတပြက် ဖြစ်နိုင်၏။ သို့မဟုတ်သည့်တိုင် မျက်နှာ အတော်ပျက်စရာကောင်းသည့် ကိစ္စဖြစ်ပေါ်လာတတ်ချေ၏။ ကျွန်ုပ်၏ တွေဝေနေသည့် အမူအယာကို ကြည့်ပြီး မောင်နက်ကျော်တစ်ယောက်လည်း အားမလိုအားရ ဖြစ်နေဟန်တူ၏။

"သူကြီးမင်းရယ်။ အကြံဥာဏ်တွေ ကြိုးစားထုတ်ပါဦး။ သူကြီးမင်း ကြံရင် အားလုံး အဆင်ပြေမှာပါ။ ကျနော် သူကြီးမင်းကို အားကိုးလို့ အခုလို လာခဲ့တာပါ"

မောင်နက်ကျော်၏ မျက်နှာကို ကြည့်ပြီး ကျွန်ုပ် အလွန်ပင် သနားကရုဏာ ဖြစ်သွားမိလေ၏။ ထို့နောက် ကျွန်ုပ်သည်လည်း အကြံကုန် ဂဠုန်ဆားချက်ဆိုသလို တောင်တောင်အီအီ စဉ်းစားရင်း ကျွန်ုပ် တုံးဖလားရွာ၌ နေထိုင်ခဲ့စဉ်က အဘွားပြောခဲ့ဖူးသော ပုံပြင်တစ်ပုဒ်ကို သတိရသွားမိလေ၏။

"မောင်နက်ကျော်။ ဒါဖြင့် မောင်ရင့်ကို ပုံပြင်တစ်ပုဒ် ပြောပြမယ်"

"ဟာ...  သူကြီးမင်းကလဲ လုပ်တော့မယ်။ ပုံပြင်နားထောင်ဖို့ လာခဲ့တာ မဟုတ်ဘူးဗျ။ ပြဿနာအတွက် အဖြေရှာဖို့ လာခဲ့တာပါ။ ပုံပြင်ပြောချင်ရင် နောက်မှ အေးအေးဆေးဆေး ပြောပါဗျာ။ အခုဟာက ပုံပြင်ပြောရမဲ့ အချိန်မှ မဟုတ်တာ"

"မင်းကလဲ ဇွတ် ငြင်းနေတော့တာဘဲ။ အခု ပုံပြင်က မင့် ပြဿနာနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ငါကလဲ မင့်ကို ပုံပြင်ပြောပြဖို့ စိတ်မ၀င်စားပါဘူး။ အခုဟာ မင့်အတွက် ကြံဥာဏ် ဖန်ဥာဏ်တွေ ပေါ်ပေါက်လာနိုင်တဲ့ ပုံပြင်တစ်ပုဒ် ဖြစ်နေလို့ ငါ ပြောပြမလို့ပါ"

"ဒါဖြင့်လဲ မြန်မြန်သာ ပြောပေတော့ သူကြီးမင်းရေ။ ဒီ ပုံပြင်တစ်ပုဒ်က ကုဋေတန်မဲ့ ပုံဘဲ ဟဲ ဟဲ"

"မင်း... ရွဲ့ပြောမနေနဲ့။ ပုံပြင်ကိုသာ သေချာနားထောင် ကြားလား"

ထိုကဲ့သို့ မာန်မဲပြီး ကျွန်ုပ်သည် မောင်နက်ကျော်အား အောက်ပါ ပုံပြင်တစ်ပုဒ်ကို စိတ်ပါလက်ပါ ပြောပြနေမိလေတော့၏။

"ဟို.. ရှေးရှေးတုန်းက.. ရွာတစ်ရွာမှာ မိသားစု တစ်စုရှိသတဲ့။ အမေရယ် အဖေရယ် သားနှစ်ယောက်ရယ်။ စုစုပေါင်း လေးယောက်တိတိရှိတဲ့ မိသားစုလေး တစ်စုပေါ့။ သားနှစ်ယောက် အရွယ် ရောက်ခါစမှာဘဲ ကံဆိုးစွာနဲ့ မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသတဲ့။ ဒီတော့ ညီအစ်ကို နှစ်ယောက် မိဘပိုင် ပစ္စည်းတွေကို အမွေခွဲယူကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ မိဘပိုင်ဆိုင်ခဲ့တာဆိုလို့ နို့စားနွားမကြီးတစ်ကောင်နဲ့ အညာစောင်တစ်ထည်သာ ရှိခဲ့သတဲ့။ အဲဒီတော့ အဲဒီ ညီအစ်ကို နှစ်ယောက် အဲဒီ နို့စားနွားမကြီးနဲ့ အညာစောင်တစ်ထည်ကို အမွေခွဲယူကြတာပေါ့။  ဒါပေမဲ့ အကိုလုပ်တဲ့သူက စိတ်ဓါတ်ညစ်ပတ်တယ်။ ညီငယ်ကို မသနားတတ်ဘူး"

"စိတ်ဝင်စားစရာကောင်းတယ်နော် သူကြီးမင်း"

"မင်းကလဲ ဇွတ်တွန်းနေပြန်ပါပြီ။ စိတ်ဝင်စားစရာ အခန်းလဲ မရောက်သေးဘဲနဲ့။ နားထောင်မှာသာ နားထောင်စမ်းပါ။ ပြောအားကောင်းအောင် ထောက်မနေနဲ့။ ငါက ကလေး မဟုတ်တော့ဘူး"

"ဟီးးးးးး ဟုတ်ကဲ့ပါ။ ဆက်ပြောပါ သူကြီးမင်း"

"အဲဒီတော့... အကိုက သူ့ညီကို ပြောသတဲ့။ ငါ့ညီ... မင့်ကို ငါက သနားလဲ သနားတယ် ချစ်လဲချစ်တယ်။ အကိုကြီး အဖအရာဆိုသလို မိဘနှစ်ပါး မရှိတော့တဲ့နောက်မှာ ငါဟာ မင့်ရဲ့ အကိုလဲဟုတ်။ အဖေဆိုလဲ ဟုတ်တယ်။ ဒီတော့ မင့်ကိုငါ သနားငဲ့ညှာသောအားဖြင့် နို့စားနွားမကြီးကို အမွေခွဲတဲ့အခါမှာ မင်းက အမြတ်တနိုးဖြစ်တဲ့ ခေါင်းပိုင်းကို ယူပါ။ ငါက ညစ်ပတ်ပေရေနေတဲ့ ဖင်ဘက်အပိုင်းကို ယူမယ်။ ပြီးတော့ အညာစောင်ကို မင်းက မြင်သာထင်သာရှိတဲ့ နေ့ခင်းဘက်မှာ ယူသုံးပါ။ ငါကတော့ အနစ်နာခံပြီး မမြင်မစမ်းဖြစ်တဲ့ ညအချိန်ကျမှဘဲ ယူသုံးတော့မယ် လို့ ဆိုသတဲ့"

"ခွီး ခွီး ခွီး"

"ဒါက ဘယ်လို ဖြစ်လို့ ရယ်နေပြန်ရတာလဲ ကနက်ကျော်"

"အဲဒီ အကိုဆိုတဲ့ သူရဲ့ ဥာဏ်နီဥာဏ်နက်ကို သဘောကျလွန်းလို့ပါ"

"အင်း...ဒါကလဲ စီမံတတ်တဲ့သူမှ အခုလိုမျိုး အဆင်ပြေအောင် စီမံတတ်တာလေ။း) ကဲပါလေ... ပုံပြင်ကို သွားပြန်ကြဦးစို့။ အကိုက အဲဒီလို ခွဲတမ်းချတဲ့အခါမှာ ညီဖြစ်သူကလဲ သူ့အကိုကို အတော်လေး သဘောကျသွားသတဲ့။ ငါ့အကို ငါ့ကို အတော်လေး ကိုယ်ချင်းစာတာဘဲပေါ့။ ကျိတ်ပြီး သူ့အကိုကို ချီးကျူးနေတာလေ။ အဲဒီလိုနဲ့ ညီအကို နှစ်ယောက် အတူတူနေလာလိုက်တာ အတော်လေး ကြာသွားသတဲ့"

"ညီဖြစ်သူက သူပိုင်တာက နို့စားနွားမကြီး ဦးခေါင်းပိုင်းဆိုတော့ နွားစာတွေ နင်းကန် ရှာရတော့တာပေါ့။ အစာစားတာက ခေါင်းပိုင်းက စားတာ မဟုတ်လား။ နွားစာတွေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှာလိုက် ကျွေးလိုက်ပေါ့။ ဒါပေမဲ့ အကိုလုပ်တဲ့သူက နွားရဲ့ဖင်ပိုင်းကို ပိုင်တာဆိုတော့ နွားနို့လေး ညှစ်ယူလိုက် ရောင်းစားလိုက်နဲ့ ဟန်ကျနေသတဲ့။ ကြာလာတော့ ညီလုပ်တဲ့သူက ပင်ပန်းလွန်းလို့ ပိန်ချုံးလာပေမဲ့ အကိုလုပ်သူကတော့ နွားနို့သောက်လိုက် နွားနို့ရောင်းပြီး အစားအသောက်ကောင်းတွေ ၀ယ်စားလိုက်နဲ့ တောက်တောက်ပြောင်ပြောင် ဖြစ်နေသတဲ့။ ဒါနဲ့ ညီလုပ်သူက အကိုကို ပြောသတဲ့။ အကို.. ကျနော့်ကိုလဲ နွားနို့လေး နဲနဲ ပေးတိုက်ပါဦး။ ပြီးတော့ နွားနို့ရောင်းလို့ ရတဲ့ ငွေလေး နဲနဲမျှပေးပါဦးလို့ ခခယယ တောင်းမိသတဲ့။ အကိုလုပ်သူက... ငါတို့နှစ်ယောက် သဘောတူစွာနဲ့ အမွေတွေကို ခွဲယူထားတာလေ။ ကိုယ်ပိုင်တဲ့အပိုင်း ကိုယ်ယူကြတာဘဲ။ ငါ မင်းကို ဘာမှ ပေးလဲ မပေးနိုင်ဘူး။ ကျွေးလဲ မကျွေးနိုင်ဘူးဆိုပြီး ဇွတ်ငြင်းသတဲ့"

"အညာစောင်ကျပြန်တော့လဲ အလွန်တရာ ချမ်းအေးလှတဲ့ ညပိုင်းမှာ အကိုလုပ်သူက ဇိမ်နဲ့ ခြုံပြီး နွေးနွေးထွေးထွေး အိပ်စက်ရသတဲ့။ ညီလုပ်သူကတော့ ချမ်းလွန်းလို့ အိပ်မပျော်ဘဲ မှေးတခိုက်ခိုက် ဖြစ်နေသတဲ့။ ဒါနဲ့... အကိုရယ်.. ကျနော် ချမ်းလွန်းလို့ စောင်လေး ခဏ ခြုံခွင့် ပေးပါလားလို့ တောင်းပန်သတဲ့။ အကိုလုပ်တဲ့သူကလဲ ထုံးစံအတိုင်း ငြင်းပယ်မြဲ ငြင်းပယ်နေသတဲ့"

"တော်တော် စိတ်ဓါတ်ညစ်ပတ်တဲ့ အကိုဘဲနော် သူကြီးမင်း"

"အင်း... မိသားစုချင်း တူပေမဲ့ စိတ်ဓါတ်တွေ ကွဲပြားတတ်တဲ့ သဘောဘဲပေါ့ ကနက်ကျော်။  အဲဒီလိုနဲ့ နေလာလိုက်တာ၊ ညီဖြစ်တဲ့သူက သူ့အကိုရဲ့ အနိုင်ကျင့်မှု မတရားယုတ်မာမှုတွေကြောင့် နေ့စဉ် စိတ်ဆင်းရဲ နေရရှာသတဲ့။ အဲဒီလို စိတ်ဆင်းရဲနေတာကို သူ့ရဲ့ သူငယ်ချင်းတွေ သိရှိသွားကြသတဲ့။ ဒါနဲ့ သူ့ကို ၀ိုင်းပြီး အကြံပေးကြသတဲ့။ မင်း ဘာမှ စိတ်ညစ်မနေနဲ့၊ ငါတို့ ပြောတဲ့အတိုင်းသာ လုပ်၊ မင့်အကို တနေ့ သင်ခန်းစာ ရသွားစေရမယ် လို့ ဆိုသတဲ့။ ဒါဖြင့် ဘယ်လို လုပ်ရမလဲ ဆိုစမ်းပါဦးဆိုတော့။ ဒီလိုလုပ်တဲ့။ မင့်အကိုက နွားရဲ့ ဖင်ပိုင်းကို ပိုင်ဆိုင်တဲ့အတွက် နွားနို့ညှစ်ပြီး သောက်သုံးမယ် ပြီးရင် ရောင်းစားမယ်။ မင်းက နွားရဲ့ ခေါင်းပိုင်းကို ပိုင်ဆိုင်တဲ့အတွက် အစာရှာရတယ် အစာကျွေးရတယ်။ သူ့ပိုင်နက်နဲ့ သူပေါ့။ ဆိုတော့ကာ မင့်အကို နွားနို့ ညှစ်နေတဲ့အခါမှာ မင်းက မင်းပိုင်ဆိုင်တဲ့ နွားရဲ့ ဦးခေါင်းပိုင်းကို ကျည်ပွေ့နဲ့သာ ခပ်ဆဆလေး ရိုက်နှက်ပေတော့ လို့ အကြံပေးကြသတဲ့။ ဟာဗျာ.. ကျုပ်နွားမကြီး သနားပါတယ် မရိုက်ရက်ပါဘူးလို့ ဆိုသတဲ့။ မင်း အဲဒီလို သနားငဲ့ညှာနေလို့ အခုလို ခံနေရတာ။ ငါတို့ ပြောတဲ့အတိုင်းသာ လုပ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် မင့်အကိုက မင့်ကို ဘာဖြစ်လို့ နွားကို ရိုက်ရတာလဲလို့ မေးရင် ကိုယ့်ပိုင်နက်နဲ့ ကိုယ် ရိုက်ဆုံးမတာလေလို့ဘဲ ဖြေလိုက်။ ဒါဆို သူ ဘာမှ ပြောလို့ မရတော့ဘူးလို့ ဆိုသတဲ့"

"ဒါနဲ့.. တစ်ရက် မနက်စောစောအချိန်မှာ အကိုလုပ်သူက နွားနို့ညှစ်နေသတဲ့။ ညီလုပ်သူကလဲ မပြောမဆို နွားမရဲ့ ဦးခေါင်းကို ကျည်ပွေ့နဲ့ ခပ်ဆဆလေး ရိုက်နှက်လိုက်သတဲ့။ ဒီတော့ နွားက ကြောက်လန့်တကြားနဲ့ ကန်ကြောက်ပစ်လိုက်တာ နွားနို့ခံတဲ့ ခွက်ကြီးလဲ မှောက်သွားသတဲ့။ အကိုလုပ်သူကလဲ နွားကန်ခံရပြီး ဒဏ်ရာ အကြီးအကျယ်ရသွားသတဲ့။ ဒီတော့ စိတ်ဆိုးမာန်ဆိုးနဲ့ မင်းဘယ်လိုလုပ်လိုက်တာလဲဆိုပြီး ဆဲဆိုသတဲ့။ ညီလုပ်သူကလဲ ကိုယ့်ပိုင်နက်နဲ့ ကိုယ်လုပ်တာ ဘာမှ လာမပြောနဲ့။ အကိုက အကို့ပိုင်နက်ကနေ နွားနို့ညှစ်တယ်။ ကျနော်က ကျနော့်ပိုင်နက်ကနေ နွားမကြီုးကို ဆုံးမတယ်။ ဒီတော့ အကို ဘာမှ လာမပြောနဲ့။ ကိုယ့်အခွင့်အရေးနဲ့ကိုယ်ဘဲလို့ ဆိုသတဲ့။ အဲဒီတော့မှ အကိုလုပ်တဲ့သူကလဲ ဘာမှ မပြောနိုင်တော့ဘဲ ငြိမ်နေလိုက်ရတော့သတဲ့"

"ပိုင်ချက်ကတော့ လန်ထွက်နေတာဘဲနော် သူကြီးမင်း"

"အင်း... တခါတလေမှာ ပြဿနာတစ်ခုကို အဖြေရှာဖို့အတွက် အပေါင်းအသင်း သူငယ်ချင်းဆိုတာ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့"

"ဒါနဲ့... ဟို အညာစောင် ကိစ္စကျတော့ကော သူကြီးမင်း"

"ပြောမယ်လေ။ မင်းကလဲ လောလိုက်တာ။ ကလေးပေါက်စ ကျနေတာဘဲ။ အဲဒီ အညာစောင်လဲ ငါ ပြောခဲ့ပြီးတဲ့အတိုင်း နွေးနွေးထွေးထွေးရှိတဲ့ နေ့ဘက်ပိုင်းမှာ ညီက ပိုင်တယ်။ ချမ်းအေးလှတဲ့ ညဘက်ပိုင်းကျတော့ အကိုက ပိုင်တယ်။ အဲဒီလို မဟုတ်လား။ ဒီတော့.... သူ့သူငယ်ချင်းတွေက အကြံပေးကြသတဲ့။ မင်းပိုင်ဆိုင်တဲ့ နေ့ဘက်ပိုင်းမှာ တနေကုန် အဲဒီစောင်ကို ရေစိမ်ထားလိုက်။ ညဘက် အချိန်ရောက်ရင် မင့်အကိုကို ပေးလိုက်လို့ ဆိုသတဲ့။ မင့်အကိုက မင့်ကို ပြဿနာရှာရင် ကိုယ့်ပိုင်နက်နဲ့ ကိုယ်လုပ်တာလေ။ ဘာမှ လာမပြောနဲ့ဆိုပြီး ပြောလိုက်လို့ သင်ပေးလိုက်သတဲ့"

"ညီလုပ်သူရဲ့ သူငယ်ချင်းတွေလဲ ဥာဏ်နီဥာဏ်နက်များသားနော် သူကြီးမင်း"

"အဲဒါ ကောင်တာ အတက်ခ်လို့ ခေါ်တယ် ကနက်ကျော်။ ညစ်ပတ်ချင်လို့ ညစ်ပတ်နေတာမဟုတ်ဘူး။ မီး မီးချင်း၊ ရေ ရေချင်း တိုက်ယူရတဲ့ သဘောဘဲပေါ့။ ဒါနဲ့ပတ်သက်ပြီး မင်းကို ဗုဒ္ဓခေတ်က မိဆံဝိုင်းလေးအကြောင်း ပြောပြဦးမယ်"

"သူကြီမင်းကတော့ အစအနလေး ရှာတွေ့ရင် ပုံပြင်တွေ တန်းစီနေတာဘဲနော်။ အားကျလိုက်တာ"

"အေးပါ။ နားထောင်မှာသာ နားထောင်စမ်းပါ"

"ဟုတ်ကဲ့"

"ဗုဒ္ဓခေတ်အခါက မိဆံဝိုင်းဆိုတဲ့ သူဌေးသမီးတစ်ယောက်ရှိသတဲ့။ မိဘတွေက ကျိကျိတက် ချမ်းသာကြတယ်ဆိုတော့ မိဆံဝိုင်းလေးတစ်ယောက် ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နဲ့  လှလှပပ နုနုနယ်နယ် ချစ်စရာလေးပေါ့။ တစ်နေ့မှာတော့ မိဆံဝိုင်းလေးဟာ လေသာပြတင်းပေါက်ကနေ တစ်ဆင့် အပြင်ဘက်ရှုခင်းတွေကို ငေးမောနေရင်း မင်းချင်းယောက်ျားတွေက ခိုးသူတစ်ယောက်ကို ခိုးမှု ကျူးလွန်တဲ့အတွက် သတ်ဖြတ်ပစ်ဖို့ ခိုးသူသတ်ရာ တောင်ကုန်းကို ကြိုးတုပ်ပြီး ခေါ်ဆောင်လာတာကို တွေ့မြင်လိုက်ရသတဲ့"

"ဟာ... သူကြီးမင်း.. ခိုးမှုကျူးလွန်ရုံလေးနဲ့ အဲဒီခေတ်က အဲဒီလိုဘဲ သူခိုးကို သတ်ဖြတ်လေ့ ရှိသလား"

"အင်း... ဆိုပါတော့... ဒါပေမဲ့ ခိုးသူတွေအတွက် အပြစ်ဒဏ်က ပြစ်မှုဆိုင်ရာအလိုက် သုံးမျိုးရှိတယ်လို့ မှတ်သားဖူးတယ်။ ခိုးသူကို သတ်ပစ်မယ်။ ဒါမှမဟုတ် ထောင်တွင်းအကျဉ်းချမယ်။ ဒါမှမဟုတ် တိုင်းပြည်က နှင်ထုတ်မယ်။ အဲဒီ သုံးမျိုးထဲက တစ်မျိုးမျိုးနဲ့ အပြစ်စီရင်လေ့ရှိတယ်တဲ့။ အခု ဒီသူခိုးကတော့ ပြစ်မှုကြီးမားပုံရတယ်။ ဒါကြောင့် သူ့ကို သတ်ဖြတ်ပစ်ဖို့အတွက် ခိုးသူသတ်ရာ (ခိုးသူပစ်ချသတ်ပစ်ရာ) တောင်ကုန်းကို ဆွဲခေါ်လာတာဘဲ"

"အင်းနော်... အဲဒီလို ခိုးမှုကျူးလွန်တဲ့သူတိုင်း သေဒဏ်စီရင်ကြစတမ်းဆိုရင်တော့ ကျနော်တို့ ရွှေနိုင်ငံကြီးမှာ လူသားတွေများ ကျန်ပါတော့ဦးမလား မသိဘူး"

"မောင်နက်ကျော်... မဆိုင်တာကို လာမပြောစမ်းပါနဲ့ကွာ။ ဒို့နိုင်ငံကြီးလဲ သနားပါတယ်။ ဒို့လူမျိုးတွေရဲ့ ပုံပြင်အတုတွေနဲ့ဘဲ မြေအောက် အတော်လေး ရောက်နေရရှာတာ မင်းလဲ အသိ မဟုတ်လား"

"ဟုတ်ကဲ့ပါ သူကြီးမင်း။ ပုံပြင်ကိုသာ ဆက်ပြောပါတော့"

"အင်း... သူခိုးက ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်းဆိုတော့ အဲဒီသူခိုးကို မြင်မြင်ချင်းဘဲ မိဆံဝိုင်းလေးက ချစ်ကြိုက်မိသွားသတဲ့"

"ဟီး ဟီး သူခိုးကတော့ နှိပ်တာဘဲ။ သူဋ္ဌေးသမီး နုနုထွတ်ထွတ်လေးရဲ့ အချစ်ကို ရယူပိုင်ဆိုင်ရတာဆိုတော့"

"ဒါနဲ့ဘဲ... သူ့အဖေကို နားပူနားဆာ လုပ်တော့တာပေါ့။ ဒီခိုးသူကိုမှ လက်မထပ်ရရင် အခုချက်ချင်း အဆိပ်သောက် သေပစ်လိုက်မယ်။ ဒါမှမဟုတ် အစာမစားဘဲ အစာငတ်ခံ သေပစ်လိုက်မယ်ပေါ့။ မိဘတွေကလဲ အမျိုးမျိုး ဖြောင်းဖျပေးကြရှာပါတယ်။ ဒါပေမဲ့ မိဆံဝိုင်းလေးရဲ့ အချစ်က အရမ်းအဆိပ်တက်နေပြီမဟုတ်လား။ ကုရာနတ္ထိ ဆေးမရှိ ဖြစ်နေပြီလေ။ နောက်ဆုံးမတော့ အဖေလုပ်တဲ့သူက ခိုးသူသတ်သမားတွေဆီ သွားပြီး ပိုက်ဆံပုံပေးကာ ခိုးသူကို ရွေးထုတ်ခဲ့တာပေါ့။ ပြီးတော့ သူ့သမီး မိဆံဝိုင်းလေးနဲ့ လက်ထပ်ပေးလိုက်ရတာလေ"

"ဒီသူခိုးကတော့ နှိပ်ပြီးရင်းနှိပ်ဘဲ။ ကျနော်တောင် အဲဒီ သူခိုးဖြစ်ချင်စိတ်ပေါက်လာပြီ"

"အင်း... မင်းက နှာဗူးကျချင်တာဘဲ သိတာကိုး။ ချောက်ထဲကျပြီး သေမှာကိုဖြင့် ကြိုမှ မမြင်ဘဲ"

"ဘယ်လို သူကြီးမင်း ဘယ်လို"

"ဘယ်လိုမှ မဟုတ်ဘူး။ ပုံပြင်ကိုသာ ဆုံးအောင်နားထောင်"

"အော် ဟုတ်ကဲ့ ဟုတ်ကဲ့"

"သူတို့နှစ်ယောက်လက်ထပ်ပြီး စံစားခံစားလို့ ဘာမှ မကြာသေးဘူး။ သူခိုးက ဇာတိပြလာပြီလေ။ သူဋ္ဌေးသမီး ပိုင်ဆိုင်တဲ့ ရွှေငွေရတနာကိုတွေ လိုချင်တပ်မက်မောတဲ့ စိတ်က တားဆီးလို့ မရတော့ဘူး။ လူတစ်ယောက်လုံးကို ရယူပိုင်ဆိုင်ထားတာတောင်မှ အားမရနိုင်ဘဲ ပစ္စည်းဥစ္စာတွေကို တစ်ဦးထဲပိုင် လုပ်ချင်တာလေ။ ဒါနဲ့ သူခိုး အကြံထုတ်တော့တာပေါ့။ ရှင်မရေ... ငါ့ကို သတ်ဖြတ်ဖို့ ခေါ်လာတုန်းက ခိုးသူပစ်ချသတ်တဲ့ တောင်ကုန်းစောင့်နတ်ကို ငါ သစ္စာပြုထားခဲ့တာ ရှိတယ်။ ငါ့အသက် မသေဘဲ လွတ်မြောက်လာရင် ဗလိနတ်စာ အကောင်းစားတွေ လာကျွေးမယ်ဆိုပြီးတော့လေ။ အဲဒါကြောင့် ဒို့နှစ်ယောက် ဗလိနတ်စာသွားပူဇော်ရအောင်လား။ အ၀တ်အစား အကောင်းစားတွေဝတ်၊ ရတနာပေါင်းစုံကိုလဲ ၀တ်ဆင်ခဲ့။ ပြီးတော့ အစားအသောက်အကောင်းစားတွေကိုလဲ ရွှေခွက်နဲ့ ထည့်ခဲ့လို့ ဆိုသတဲ့။ မိဆံဝိုင်းလေးလဲ တကယ်ထင်မှတ်ပြီး သူပြောတဲ့အတိုင်းဝတ်ဆင်လာပြီး ရံရွှေတော်တွေနဲ့အတူ အဲဒီခိုးသူသတ်တောင်ကုန်းဆီ ချီတက်လာခဲ့ကြတယ်။ တောင်ခြေကို ရောက်လာတော့ သူတို့နှစ်ယောက်ထဲဘဲ တောင်ကုန်းကို တက်ကြမယ်ဆိုပြီး ရံရွှေတော်တွေကို တောင်ခြေမှာ ထားခဲ့တယ်လေ။ သူခိုးက အကြံနဲ့ မဟုတ်လား။ မိဆံဝိုင်းလေးကို သတ်ဖြတ်ပြီး ပစ္စည်းဥစ္စာရတနာတွေကို ယူတော့မှာလေ"

"တော်တော် အကြံပက်စက်တဲ့ သူခိုးဘဲနော် သူကြီးမင်း"

"အင်း... ဒါနဲ့ တောင်ထိပ်ကိုရောက်တော့ သူခိုးက  နင့်ကို ငါ အခုလို ခေါ်လာတာဟာ ဗလိနတ်စာ ပူဇော်ဖို့မဟုတ်ဘူး။ မင့်ကို သတ်ပြီး မင့်ရဲ့ ဥစ္စာရတနာတွေကို ငါ ယူဖို့ဘဲ။ ဒီတော့ ၀တ်လာတာ အကုန်ချွတ်လို့ ဆိုသတဲ့။ မိဆံဝိုင်းလေးခမျာ သူအရမ်းချစ်တဲ့ ချစ်သူက အခုလို ရက်စက်ပြလေတော့ ၀မ်းနည်းလွန်းလို့ ရှိုက်ကြီးတငင်ငိုရှိုက်လို့ပေါ့။ ပြီးတော့ ခေါ်မကြားအော်မကြား အရပ်ရောက်နေတော့ ဘာမှ မတတ်နိုင်ရှာတော့ဘူးလေ။ ၀တ်လာတဲ့ လက်ဝတ်လက်စားတွေ အကုန်ချွတ်ပြီး ပုံပေးလိုက်ရသတဲ့။ ဒါပေမဲ့ မိဆံဝိုင်းလေးက ဖြတ်ထိုးဥာဏ်ကောင်းတယ်။ မောင်တော်ရယ် မောင်တော့်ကို နှမတော် အသက်နဲ့ အမျှချစ်နေတာပါ။ မောင်တော် သတ်ရင်လဲ သေဖို့ ၀န်မလေးပါဘူး။ ဒါပေမဲ့ မသေခင်လေး မောင်တော့်ကို အားရပါးရ ထွေးပိုက်နမ်းရှိုက်ခွင့်လေးတော့ ပေးပါ မောင်တော်လို့ ဆိုသတဲ့။ ခိုးသူလဲ မိဆံဝိုင်းလေး နောက်ဆုံးအနေနဲ့ တောင်းဆိုတာကို လက်ခံပေးလိုက်သတဲ့။ ဒါနဲ့ မိဆံဝိုင်းလေးက ခိုးသူကို လက်ျာရစ်ပတ်ပြီး ရှေ့ဘက်နောက်ဘက်ဘေးဘက် စတဲ့ အရပ်ကနေ ခိုးသူကို စွဲစွဲမက်မက် နမ်းရှိုက်ဟန်ပြုသတဲ့။ အဲဒီလိုနဲ့ မထင်မှတ်တဲ့အချိန်မှာ ခိုးသူကို ဖြုန်းကနဲ တောင်ထိပ်ကနေ တွန်းချပစ်လိုက်သတဲ့။ အသူရာနက်တဲ့ ချောက်ကြီးထဲ ပြုတ်ကျသွားတဲ့ ခိုးသူလဲ ခန္ဓာကိုယ်အပိုင်းပိုင်းအပြတ်ပြတ်နဲ့ သေပွဲ ၀င်သွားရတော့သတဲ့"

"ဒါမှ မိဆံဝိုင်းကွ။ ဒါမှ ပို အနှိပ်ဆုံး။ ခံလိုက်စမ်း သေလိုက်စမ်း ခွေးသူခိုး"

"ကဲ... မောင်နက်ကျော်... အဲဒီလို မိဆံဝိုင်းလေး ပြုမူလိုက်တာဟာလဲ ကောင်တာအတက်ခ် တစ်မျိုးဘဲ မဟုတ်လား။ လူတွေက တစ်ခါတစ်ခါ အဲဒီလုပ်ပေးမှ အမြင်မှန်ရလာတတ်ကြတာ ကလား"

"ဒါလဲ ဟုတ်တာဘဲနော် သူကြီးမင်း။ လူတိုင်းကို သဘောကောင်းပြနေရင် လူပေါကြီး ဖြစ်မှန်းမသိ ဖြစ်သွားတတ်ကြတဲ့ သဘောပေါ့"

"မင်း... နဲနဲ ပေါက်လာပြီ ကနက်ကျော်။ မူရင်းပုံပြင်ဘက် ဆက်သွားရအောင်....။ အဲဒီလိုနဲ့... ညီဖြစ်တဲ့သူက နေ့လည်ဘက်ပိုင်းမှာ တနေ့လုံး အညာစောင်ကို ရေစိမ်ထားလိုက်သတဲ့။ ညဘက်ပိုင်းရောက်တော့ အကိုက ယူသုံးမယ်လဲ လုပ်ရော။ စောင်က တစ်ထည်လုံး ရေတွေနဲ့ စိုရွှဲနေသတဲ့။ ဒါနဲ့ အကိုလုပ်သူက ညီလုပ်သူကို ဆူဆဲကြိမ်းမောင်းသတဲ့။ မင်း ဒါ စော်ကားတာလား ဘာလား ညာလားပေါ့။ ညီလုပ်တဲ့သူကလဲ ပြန်ပြောသတဲ့။ စောင်က ညစ်ပတ်နေတဲ့အတွက် ကျနော်ပိုင်ဆိုင်ခွင့်ရတဲ့ နေ့လည်ဘက်ပိုင်းမှာ စောင်ကို လျှော်ဖွပ်ထားတာလေ လို့ ဆိုသတဲ့။ ညီပြောတာ ဟုတ်မှန်နေတဲ့အတွက် အကိုလုပ်သူကလဲ ဘာမှ မပြောနိုင်ရှာတော့ဘူးပေါ့။ အဲဒီလိုမျိုး အကိုနွားနို့ညှစ်နေတ့အခါ ညီလုပ်သူက နွားမဦးခေါင်းကို ကျည်ပွေ့နဲ့ ရိုက်နှက်လိုက်၊ အညာစောင်ကို နေ့လည်ဘက်ပိုင်းမှာ ရေစိမ်ထားလိုက်နဲ့ ရက်အတော်ကြာတဲ့အခါမှာတော့ ညီအကိုနှစ်ယောက် အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီး သင့်သင့်မြတ်မြတ်ဖြစ်သွားကြတော့သတဲ့ ကနက်ကျော်။ နို့စားနွားမကြီးကိုလဲ အတူတူအစာကျွေး အတူတူ နွားနို့ညှစ်ပြီး ညီတူမျှတူ အကျိုးအမြတ်ကို ခွဲယူကြတော့သတဲ့။ အညာစောင်ကြီးကိုလဲ တစ်ယောက်တစ်ညစီ ခွဲပြီး ခြုံကြတော့သတဲ့။ ကဲ.... ပုံပြင်လေးကတော့ ဒါဘဲ ကနက်ကျော်"

"အင်း... သူကြီးမင်းရဲ့ ပုံပြင်က အရမ်းကောင်းတာဘဲ။ ကျနော်တောင် မျောပါသွားတယ်။ ဒါကြောင့် သူကြီးမင်းက ပုံပြင်ပြောတဲ့နေရာမှာ နာမည်ကြီးတယ်လို့ ကျော်ကြားနေတာကိုး"

"မင့်ကို ငါက ပုံပြင်သက်သက် ပြောပြနေတာ မဟုတ်ဘူး။ ပုံပြင်ပြောရင်း ပညာတွေ ပေးနေတာ။ အဲဒီ ပုံပြင်ကို နမူနာယူပြီး မင့် အိမ်အပေါ်ထပ်က ကောင်နဲ့ သင့်သင့်မြတ်မြတ်ဖြစ်အောင် ကြိုးစားပေတော့"

"အမ်.... ကျနော်က အဲဒီ ပုံပြင်ကို သူ့ကို ပြန်ပြောရမှာလား သူကြီးမင်း"

"ခွီးမှဘဲ. မင်းကလဲ ဒုံးဝေးရန်ကော။ အဲဒီ ပုံပြင်ကို သူ့ကို ပြောပြစရာလား"

"နို့... ဒါဖြင့် ဘယ်လို လုပ်ရမှာလဲ သူကြီးမင်း"

"မင်းကလဲ... ပိုင်နက်လေကွာ။ ပိုင်နက်"

"ဟာ... ဟုတ်ပြီ သူကြီးမင်း။ သဘောပေါက်သွားပြီ။ ကျေးဇူးတင်လိုက်တာ သူကြီးမင်းရယ်။ ကျနော် ဒီနေ့က စပြီး ပိုင်နက်ကိစ္စ အကောင်အထည်ဖော်မယ်။ ကဲ... အားတော့နာတယ် သူကြီးမင်း။ ပိုင်နက်အတွက် ဥာဏ်နီဥာဏ်နက်တွေသုံးဖို့ ဒိုးလိုက်ဦးမယ်"

မောင်နက်ကျော်တစ်ယောက် လက်ဖျောက် တစ်တီးတီးနဲ့ ယူရိုမီလျံဂျက်ပေါ့တ် ပေါက်သည့်အလား အပြေးအလွှားဖြင့် ကျွန်ုပ်၏ နေအိမ်မှ ပြန်သွားလေတော့၏။ အော်... မောင်နက်ကျော် မောင်နက်ကျော်။ မင်းလဲ ကလေးတစ်ယောက်အတိုင်းပါဘဲလား။ အဆင်ပြေ အေးချမ်းပါစေကွာ။
*****

တစ်လခန့်ကြာသောအခါ ကျွန်ုပ်ထံသို့ ရွိုင်ရယ်မေးလ်စာပို့ကားဖြင့်-----

သူကြီးမင်း
ဟောင်းစလိုး
လန်ဒန်

ဟု လိပ်မူထားသော စာတစ်စောင် ရောက်လာလေ၏။ ကျွန်ုပ်သည်လည်း မလာစဖူး အလာထူးသော ထိုစာကို ဖောက်ဖတ်ကြည့်လိုက်တဲ့အခါမှာမှ မောင်နက်ကျော်ထံမှ စာဖြစ်ကြောင်း သိရှိလိုက်ရလေ၏။

မင်္ဂလာပါ သူကြီးမင်း
သူကြီးမင်းရဲ့ အကြံပေးချက်အရ ကျနော် တိုက်စစ်လဲ ဆင်ခဲ့ပါသည်။ ကောင်တာအတက်ခ်လဲ လုပ်ခဲ့ပါသည်။ ဒီတစ်လအတွင်းမှာ ကျနော်တို့အိမ် အများကြီး ပြောင်းလဲ သွားပါပြီ။ အပေါ်ထပ်က ကောင်နဲ့လဲ ညှိနှိုင်းပြီး နားလည်မှု ယူပြီးသွားပါပြီ။ အစပိုင်းမှာတော့ ပြဿနာ တက်ခဲ့ကြပါသေးသည်။ ဖြစ်ပုံက ဒီလိုဖြစ်ပါသည်။ သူ့ အပေါ်ထပ်က ဆူညံသံတွေ ထွက်ပေါ်လာတဲ့အခါ ကျနော်လဲ အောက်ထပ်က အခန်းတံခါးကို အခါပေါင်းများစွာ ဖွင့်လိုက် ဆောင့်ပိတ်လိုက် လုပ်ပါသည်။ သူ အောက်ထပ်ဆင်းလာပြီး မင်း ငါ့ကို ရွှဲ့ နေတာလားဟု မေးပါသည်။ ကျနော်ကလဲ သူကြီးမင်း လေသံအတိုင်း ဒါ ငါ့ပိုင်နက်လေကွာ ဟု ပြောလွှတ်လိုက်ပါသည်။ နောက်ပြီး သူ အပေါ်ထပ်မှာ ရှိနေစဉ်အတွင်း ကျနော် အောက်ထပ်ကနေပြီး ငရုပ်သီးခြောက်တွေကို မီးဖိုပေါ်တင်ပြီး မီးကျွမ်းအောင် လှော်ကပ်လိုက်ပါသည်။ အပြင်လေထွက်ပေါက်တွေအားလုံး အလုံပိတ်ထားလိုက်ပါသည်။ ထို့နောက် ထို ငရုပ်သီးမီးကျွမ်းနံ့တွေ အပေါ်ထပ်သို့ တလှိုင်လှိုင်တက်ပြီး အပေါ်ထပ်ကကောင် ချောင်း တဟွတ်ဟွတ်ဆိုးပါသည်။ အောက်ထပ် ဆင်းလာပြီး မင်းဘာတွေလုပ်နေတာလဲ လူစိတ်မရှိဘူးလား အပေါ်ထပ်မှာ ငါ ရှိနေတာ သိရဲ့သားနဲ့ မင်း သက်သက်မဲ့ ရွဲ့ ပြီး ငါ့ကို စိမ်ခေါ်နေတာလား။ ရတယ် ဟေ့ကောင်။ ဓါး ဓါးချင်း တုတ် တုတ်ချင်း ချမလားဟု စိမ်ခေါ်လာပါသည်။ ကျနော်က စကားတစ်လုံးဘဲ ပြောလိုက်ပါသည်။  ဒါ င့ါပိုင်နက်လေကွာ လို့။

မောင်နက်ကျော်ရဲ့ စာမှာ အေဖိုး လျှောက်လွှာစာရွက်ဖြင့် သုံးရွက်လောက် ရှိသည့်အတွက် နားနားပြီး ဖတ်ရလေ၏။ စာအရ ဒီကောင် တော်တော် ပျော်နေမဲ့ပုံဘဲ။ ပျော်ပါစေလေ။ ထို့နောက် ကျွန်ုပ် ရေတစ်ခွက်ထသောက်ပြီး စာကို ဆက်ဖတ်လိုက်၏။

ပြီးတော့  နောက်တစ်ခု ရှိသေးသည်။ အပေါ်ထပ်ကကောင်က ရေချိုးခန်းထဲ ရေချိုးနေပါသည်။ ဘိလပ်မှာ နွေမိုးဆောင်း ရေပူစက်ဖြင့် ရေချိုးလေ့ရှိကြသည်မဟုတ်လား။ ရေပူစက်ဆိုပေမဲ့ အောက်ထပ်က
ရေပူဖွင့်ထားလိုက်ရင် အပေါ်ထပ်ကို ရေပူမတက်တော့ဘူး မဟုတ်လား။ သူကြီးမင်း သိမယ်ထင်ပါသည်။ အဲဒီ အပေါ်ထပ်ကကောင် ရေချိုးနေတဲ့အခါ ကျနော် အောက်ထပ်ရေချိုးခန်းက နေပြီး ရေပူတွေ ဖွင့်ထားလိုက်ပါသည်။ အပေါ်ထပ်ကကောင် ရေချိုးရင်း တန်းလန်း (ဆပ်ပြာတိုက်ပြီးတန်းလန်း)နဲ့ ရေပူ မလာတော့တဲ့အခါ အလွန်စိတ်တိုဟန်ရှိပါသည်။ ခန္ဓာကိုယ်ကို သဘက်နဲ့ပတ်ပြီး အောက်ထပ် ဆင်းလာပါသည်။ သူ ဘာမှ မပြောခင် ကျနော်က အရင် ပြောလိုက်ပါသည်။ ဒါ ငါ့ပိုင်နက်လေကွာ လို့။ ဒီတစ်ခါတော့ သူ ရယ်မောပါသည်။ မင်း တော်တော်ဆိုးတဲ့ကောင် ဟား ဟား ဟား ဟု ပြောရင်း ရယ်ပါသည်။ နောက်တော့ ကဲပါကွာ မင်းကို အရှုံးပေးပါတယ်။ ငါလဲ ငါ့ပိုင်နက်မှာ ဆူပူမှု မလုပ်တော့ပါဘူး။ မင်းလဲ မင်းပိုင်နက်မှာ ဟို အရင်နေထိုင်သလိုမျိုး အေးအေးဆေးဆေးဘဲ နေပေးပါ ဟု မေတ္တာရပ်ခံလာပါသည်။ ထိုနေ့ကစပြီး သူနဲ့ကျနော် သူငယ်ချင်းအရင်းအခေါက်တွေ ဖြစ်သွားကြပြီး အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ အဲဒါ သူကြီးမင်းကို အကြောင်းကြားတာပါ။

သူကြီးမင်း သက်တော်ရာကျော် ရှည်ပါစေ။
မောင်နက်ကျော်
..........

ရှည်လျားထွေပြားလှသည့် မောင်နက်ကျော်၏ စာကို ဖတ်ပြီး သူတို့အချင်းချင်း အဆင်ပြေသွားကြသည်ကို သိရှိလိုက်ရသည့်အတွက် အတော်လေး ၀မ်းသာပီတိဖြစ်မိလေ၏။ ကျွန်ုပ်ပေးလိုက်သည့် အကြံအတိုင်း ပြုလုပ်ပြီး အဆင်ပြေသွားကြသည် မဟုတ်ပါလား။

ထို့နောက် ရေချိုးချိန် ရောက်လာသဖြင့် ကျွန်ုပ်သည် သဘက်တစ်ထည် ကိုယ်တစ်ခုဖြင့် ရေချိုးခန်းသို့ ၀င်လေ၏။ ထို့နောက် ရေချိုးဖို့ ရေပန်းကို ဖွင့်လိုက်၏။ အပူအအေး မျှတစွာ ပန်းထွက်လာသည့် ရေနွေးနွေးလေးဖြင့် အဆင်ပြေဇိမ်ကျစွာ ရေချိုးနေမိ၏။ ထို့နောက် ဆပ်ပြာတိုက်၏။ ဆက်ပြာတိုက်နေဆဲ တန်းလန်းမှာပင်... အမလေး... ဗုဒ္ဓေါ....။ ရေပူပြတ်သွားပြီး ရေအေးတွေချည်း ပန်းထွက်နေပါရော့လား။ ဒါဆို သေချာပြီ။ မောင်ခွေးတစ်ယောက် အောက်ထပ်မှာ ရေချိုးနေရောပေါ့။

"ဟေ့ ကောင် မောင်ခွေး... မောင်ခွေး.. မောင်ခွေး..."

ရေချိုးခန်းထဲကနေပြီး ကျွန်ုပ် အော်ခေါ်နေရ၏။ ရေချိုးခန်းထဲက ထွက်ပြီး အောက်ထပ်ဆင်း သွားပြောရအောင် ဆိုပြန်ပါကလည်း ခန္ဓာကိုယ်တစ်ခုလုံး ဆပ်ပြာရည်က ခပ်ရွှဲရွဲ။ သို့သော်ငြားလဲ ခေါ်မကြား အော်မကြားသည့်အဆုံးမှာတော့ ကျွန်ုပ်သည် ဆပ်ပြာရည်တွေ တန်းလန်းနဲ့ပင် သဘက်ပတ်ပြီး အောက်ထပ်ဆင်းခဲ့လေ၏။ ထို့နောက် အောက်ထပ်ရှိ ရေချိုးခန်းတံခါးကို ခေါက်ပြီး  မောင်ခွေးကို အော်ပြောလိုက်၏။

"ဟေ့ကောင်.... မောင်ခွေး... ငါ အပေါ်ထပ်မှာ ရေချိုးနေတာ မသိဘူးလား။ မင်းက သိသိကြီးနဲ့ အောက်ထပ်မှာ ရေချိုးနေတော့ ရေပူတွေ ငါ့ဆီ မတက်တော့ဘူးပေါ့။ ဟေ့ကောင်... မြန်မြန်လုပ်။ မြန်မြန်ချိုး"

"ဆောရီးဘဲ သူကြီးမင်းရေ... ကျနော်လဲ အလုပ်သွားခါနီးဆိုတော့ ဘာမှ သတိမရတော့ဘူး။ သူကြီးမင်း အပေါ်ထပ်မှာ ရေချိုးနေမှန်းလဲ မသိဘူး။ ဒါကြောင့် အခုလို ဖြစ်သွားတာပါ။ ကျနော် မြန်မြန် ချိုးလိုက်ပါ့မယ်။ သူကြီးမင်း အပေါ်တက်ပြီးသာ ပြန်ချိုးပေတော့"

 ကျွန်ုပ်သည် တစ်ကိုယ်လုံး ဆပ်ပြာရည် ချွဲစိစိကြီးဖြင့် အပေါ်ထပ် ပြန်တက်ခဲ့ကာ မောင်ခွေးရေချိုးပြီးသည့်တိုင်အောင် ထိုင်စောင့်ပြီး အတော်လေးကြာမှ ရေချိုးခြင်းကိစ္စကို ပြုလုပ်လိုက်ရလေတော့၏။

"အော်.... ၀ဋ် ၀ဋ် ၀ဋ်.... ငရဲမှာ အပ၊ ၀ဋ်မှာ အမြဲဆိုတာ တယ်ဟုတ်ပါလား။ မောင်နက်ကျော်ကို ပိုင်နက်ကိစ္စ အကြံပေးမိခဲ့တဲ့ ၀ဋ်က အခု ချက်ချင်း လက်ငင်းကြီးတောင် လည်လာပါရော့လား။ ဘုရား ဘုရား။ အင်းးး... ရေပူရေအေး ၀ဋ်က အခု လိုက်ပြီးပြီဆိုတော့ နောက်ထပ် ဘာ ၀ဋ်တွေ ကျန်သေးပါလိမ့်။ ဒါဆိုရင်တော့ အောက်ထပ်က အဘိုးအိုရဲ့ တံခါး ဆောင့်ပိတ်သံတွေကို မကြာမကြာ ကြားရဖို့ အတော်လေး နီးစပ်လာပြီ။ နောက်ပြီးတော့ အဘိုးအိုတစ်ယောက် အောက်ထပ် မီးဖိုခန်းထဲမှာ တစ်နေကုန် ချက်ပြုတ် ကြော်လှော် မီးတူး ချိုးကပ် လုပ်ချင်တိုင်း လုပ်နေတာကို အနံ့ခံရမဲ့ ၀ဋ်လဲ သေချာပေါက် လိုက်လာနိုင်တယ် မဟုတ်လား ဘုရား ဘုရား။ မဖြစ်ချေဖူး။ နောက်ဆို သူများကိစ္စတွေ ၀င်မစွက်ဖက်တာဘဲ ကောင်းမယ်ထင်တယ်"

ထို့နောက်တွင်မတော့ ကျွန်ုပ်သည် လိုက်ပြီး ၀ဋ်၊ လိုက်ဆဲ ၀ဋ်၊ လိုက်လတ္တံ့ ၀ဋ်တို့အကြောင်း စဉ်းစားရင်း ၀ဋ်လိုက်မှာကို အကြောက်ကြီး ကြောက်နေမိလေတော့သတည်း။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.


14 comments:

Ma Tint said...

ဝဋ်လည်မှာ ကြောက်ပေမဲ့ တန်ဘိုးရှိတဲ့အတဂ်လုပ် နည်းနိဿယလေးတွေ မ,သွားပြီ သူကြီးရေ.. ဟာဟ ပုံပြင်လေးတွေ မဖတ်ရတာကြာပေါ့ ...စကားမစပ် သူကြီးမင်းက မုတ်ဆိတ်ထားတယ်လား... မျက်လုံးထဲမြင်ယောင်လို့
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကောင်တာအတက်ခ် အကြောင်း တွေးစရာ သင်ခန်းစာယူစရာ

Fridaymay said...

Thank you Tagyi.

San Htun said...

သူကြီမင်းကတော့ အစအနလေး ရှာတွေ့ရင် ပုံပြင်တွေ တန်းစီနေတာဘဲနော်။ အားကျလိုက်တာ
တဂျီးမင်း ပုံပြောကောင်း...ပုံများများ ပြောပါဗျို့  ;)

Aung Htut said...

တဂျီးစာတွေ ဖတ်တာကြာရောပေါ့... ခုမှ တဂျီးမှာ မုတ်ဆိတ် တစ်လက်မခန့် ရှိမှန်း သိတော့တယ်... ဟီး ဟီး

ပစ်ပစ် said...

သူကြီးကလည်းညဏ်ကြီးဘဲ..

ကူးကူးလှိုင် said...

အရသာစုံတဲ့ပို့စ်လေးလို့ ပြောချင်ပါတယ် သဂျီးမင်းရေ ဖတ်ပြီးတော်တော်လေးသဘောကျသွားရပါတယ်...

ဟန်ကြည် said...

သူကြီး...
အပေါ်ထပ်နဲ့ အောက်ထပ်အကြောင်းပြီးရင် ဘေးချင်းကပ် အိမ်နီးချင်းအကြောင်းလေး တစ်ပုဒ်လောက် လုပ်လိုက်စမ်းပါ...ဘေးအိမ်က လူနားမလည်တဲ့ သီချင်းတွေ တဒုံးဒုံးဖွင့်တာ နားညည်းလွန်းလို့း)

သူကြီးမင်းရဲ့ ပုံတိုပတ်စတွေဖတ်ရင်း စန္ဒာမဂ္ဂဇင်းထဲက ၀င်းဦးရဲ့ ဦးဦးပုံပြောမယ်ဆိုတာတောင် သွားသတိရတယ်...အတော်နှံ့စပ်တဲ့ သူကြီးမင်းပေပဲး)

မိုးသက် said...

သူကြီးမင်းရဲ့ တုံးဖလားရွာကလူတွေဆို တော်တော်စကားကြွယ်မယ့်ပုံပဲ ဗျ.။ တုံးဖလားပုံပြင်တွေ တယ်နိပ်ပါလားဗျ.။

Anonymous said...

သူဂျီးမင်း ပုံပြင်တွေ နားမထောင်ရတာကြာလို့ အရသာရှိလိုက်တာ .. ပုံလေးတွေဆက်ပြောနိုင်ပါစေဗျာ ... ကျမ်းမာချမ်းသာ ပါစေ
မတွေ့ရတာကြာလို့ လွမ်းတယ်ဗျို့

ဖဘလေး သုံးပါအုန်းသူဂျီးမင်း ရယ်

ချစ်တဲ့
ရွှေစင်ဦး

နွေတေးရှင် (မင်းဧရာ) said...

သူကြီးပြောလိုက်ရင် မှတ်သားစရာတွေချည့်ပဲဗျို့
မောင်နက်ကျော် ငရုပ်လှော်တာကို တွေးပြီးတော့
အတော်လေး သဘောကျသွားတယ် ရယ်လိုက်ရတာလည်း မပြောနဲ့တော့ ။

ယူသင့်တာလေးတွေကို ပါ တပါတည်းယူသွားတယ် သူကြီးရေ....။

Candy said...

ဟဟဟ ရီရတယ်... ပုံပြင်နှစ်ခုလုံးကောင်းတယ် :D

Angelhlaing(May everybody be happy and healthy! said...

မရောက်ဖြစ်တာတောင် အတော်လေး ကြာသွားပြီ အကိုရေ... ခြေရှည်တဲ့သူဆိုတော့ အဲ့လိုပဲ ..:P ရှာရှာဖွေဖွေနဲ့ ပြောလည်းပြောတတ်တဲ့ ပုံပြင်တွေ ... ပညာလည်းရ ... ရယ်လည်းရယ်ရ..နဲ့ .. ပြေလည်သွားတော့လည်း ကျေနပ်စရာ အတိ.... နောက်ဆို မကြာမကြာ လာဖြစ်တော့မယ် ထင်ပါတယ်အကို ..:)

ဘုန်းနှစ်တောက် said...

အတော်ရယ်ရတာနော်။ ဟား ဟား...ဘာတဲ့ ကိုယ့်ပိုင်နက်နဲ့ ကိုယ်လုပ်တာ ဘာမှလာပြောမနေနဲ့တဲ့...