Tuesday, 8 October 2013

ကျွန်ုပ်နှင့် ကျား/မကိစ္စ ပုံပြင်များ (၂)

 (ဗဲရီးဆန်ဇေ့တစ်ဗ်သမားများ မဖတ်ကြပါရန်)

"တခါတုန်းက... တခါတုန်းကဆိုပေမဲ့ သိပ်မကြာသေးခင် ကာလတုန်းက ဆိုပါတော့ကွာ။ လင်မယား နှစ်ယောက်ရှိတယ်တဲ့။ သူတို့မှာ ကလေးနှစ်ယောက်လဲ ရှိတယ်တဲ့။ ကလေးလေးတွေကလဲ ချစ်စရာ အရမ်းကောင်းတယ်တဲ့။ မိသားစုဘ၀ ပျော်ရွှင်ကြည်နူးစရာလေးပေါ့ကွာ။  ဥစ္စာပစ္စည်းကလဲ အသင့်အတင့်ရှိလေတော့ မိသားစုဘ၀ စိုစိုပြေပြေလေးပေါ့" (မှတ်ချက်။ အဘိုးနု ပြောပြသည့်အတိုင်း ရေးထားခြင်းဖြစ်၏။ မူရင်းနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်၏။ မူရင်းကို ကျနော် မဖတ်ဖူးပေ)။

"ဟုတ်ကဲ့ ပြောပါ အဘိုး"

"အဲဒီ အဆင်ပြေစိုပြေနေတဲ့ မိသားစုဘ၀လေးထဲကို တစ်ရက်မှာ မထင်မှတ်ဘဲ မုန်တိုင်း တစ်ခု ၀င်ရောက်လာပါရောတဲ့။ စိတ်မကောင်းစရာ ဖြစ်ရပ်မှန်ကလေးပေါ့ကွာ။ ဖြစ်ပုံက ဒီလို မောင်ရင်ရေ့..."

"ဟုတ်ကဲ့ ဆက်ပြောပါ အဘိုး"

"ကလင်....ကလင်... ကလင်"

ကျွန်ုပ်သည် အဘိုးနုပြောပြသော အင်တာနက်ဖြစ်ရပ်မှန် ဇာတ်လမ်းအား မုဒ်သွင်းကာ ပို့စ်တစ်ပုဒ်အဖြစ် ရေးသားနေခိုက် ကျွန်ုပ်၏ အသိမိတ်ဆွေ (ဘလော့ပရိသတ်ဆို ပိုမှန်မည်ထင်၏) အမျိုးသမီးတစ်ယောက်ထံမှ ဖုန်းဝင်လာ၏။ ဘလော့ရေးသူနဲ့ ဘလော့ဖတ်သူ ကင်းကွာလို့ မရစကောင်းမို့ ရေးလက်စပို့စ်ကို ခဏထားပြီး ဖုန်း ကောက်ကိုင်လိုက်၏။

"ဟလို.... အမိန့်ရှိပါခင်ဗျာ.."

ဘယ်သူ့ဆီက ဖုန်းလာလာ ကျွန်ုပ် ပြန်ထူးနေကျ မူရင်းအတိုင်း တုန့်ပြန်ဖြေကြားလိုက်၏။

"အမိန့်ရှိဖို့ ခေါ်တာမဟုတ်ဘူး။ အမိန့်ပေးဖို့ ခေါ်တာ။ ဘယ့်နှယ် ပို့စ်တစ်ပုဒ်ကို အဆုံးမသတ်ဘဲ တစ်လကျော်ကျော် ပစ်ထားရတယ်လို့။ အဲဒါ စာဖတ်တဲ့သူတွေကို သက်သက်မဲ့ စော်ကားတာ။ စာကလေး ကမြောက်ကချောက် ရေးတတ်ရုံရှိသေး ဈေးက ကိုင်ချင်လာပြီ။ အဲဒီ ပို့စ်ကို မြန်မြန် ဆက်ရေးပါ။ မဟုတ်ရင်တော့ သူကြီးမင်းဘလော့ကို ဘယ်တော့မှ (ဘယ်တော့မှ) လာမဖတ်တော့ဘူး"

သူတို့လုပ်စာကိုင်စာ စားသောက်ပြီး ဘလော့ရေးနေရတဲ့ ဘ၀ဆိုတော့လဲ သူတို့ အမိန့်ပေးတဲ့အတိုင်း ဟုတ်ကဲ့ပေါ့။း) ဦးဏှောက်တွေ ပူထူနေတဲ့ ကာလမို့ ဘလော့ဘက် မလှည့်နိုင် ဖြစ်နေသည်ကိုမူ ထို အမျိုးသမီး သိဟန်မတူ။ သူသိသည်မှာ ကျွန်ုပ်၏ တောင်မရောက်မြောက်မရောက် ပေမမီဒေါက်မမီ စာတိုပေစများကို အပျင်းပြေ ဖတ်ဖို့ရန်သာ သိလေ၏။ 

"ဟုတ်ကဲ့... အခု အဲဒီ ကျားမကိစ္စပုံပြင်ကို ဆက်ရေးနေပါတယ်။ ဒါပေမဲ့ အခုတင်လေးမှ စရေးနေတာပါ။ စာရေးနေရင်း ခင်ဗျားဆီက ဖုန်းဝင်လာလို့ ကိုင်လိုက်တာပါ"

"အော်... သူကြီးမင်းက ဘလော့ဂါပီပီ အလိမ်အခေါက်ကလေးတွေလဲ ရသကိုး။ ပြောနေကျ စကားအတိုင်း အခုရေးနေပါတယ်၊ မနက်ဖန် စရေးပါ့မယ်၊ နောက်နှစ်ရက်လောက်ဆို ပို့စ်အသစ်တင်ပါ့မယ်နဲ့.. ပြီးတော့ ဘယ်တော့မှလဲ စကားအတိုင်း မတည်ဘူး။ အဲဒါကော ဘလော့ဂါ ကျင့်ဝတ်နဲ့ ညီညွတ်ရဲ့လား။ ဒီမှာ... သူကြီးမင်း သိလား။ ဘလော့ဂါတွေရဲ့ အသက်က ဘလော့လာဖတ်သူတွေဘဲ။ သူတို့မရှိရင် သူကြီးမင်းတို့လဲ ဘလော့ဂါဆိုပြီး အလံမထူနိုင်ကြတော့ဘူး မဟုတ်လား"

"ကဲ..ကဲ... ပြောလိုက်တော့... ပြောလိုက်တော့... စိတ်ထဲ ရှိတာသာ အကုန်ပြောလိုက်တော့။ ဘယ့်နှယ် သူဋ္ဌေးမကြီးနဲ့ အိမ်ဒရ၀မ်ကျနေတာဘဲ။ ခင်ဗျား ပြောလိုက်မှ ကျုပ် ရေးလက်စ စာတောင် ဘယ်ရောက်သွားမှန်း မသိဘူး။ အခု ရေးနေပါတယ်ဆိုမှဘဲ။ မယုံရင် မနက်ဖန် စောင့်ဖတ်။ ဘလော့ပေါ် ဆက်ဆက် တင်လိုက်မယ်"

"အဲဒီလို ပြောပြောပြီး ဟုတ်လဲ ဟုတ်တာ မဟုတ်ဘဲနဲ့။ သူကြီးမင်း လုပ်လိုက်ရင် အားလုံး တန်းလန်းတွေချည်းဘဲ"

"ဟ... ဘာတွေတုန်းဟ အဲဒီ တန်းလန်းကြီးက"

"အခုမှ အိပ်ချင်ယောင် မဆောင်နဲ့။ သူကြီးမင်း ဘလော့ကို ဖတ်လာတာ နှစ်ဆွေးနေပြီ။ သူကြီးမင်း  တ သ မကွဲဘဲ ရေးတဲ့ အချိန်ကထဲက ဆိုပါတော့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူကြီးမင်း ရေးထားတဲ့ ဒေါက်ဖိနပ် လေးဖက်နှင့် ဟူလီယာ နန်စီဆိုတဲ့ သူစိမ်းအမျိုးသမီး နှစ်ဦး ဆိုတဲ့ ပို့စ်လဲ အခုထက်ထိ အဆုံးမသတ်သေးဘူး။ ပြီးတော့ ကြောင်ဖမ်းဆရာတော်ဆိုတဲ့ ပို့စ်တုန်းကလဲ စောင့်လိုက်ရတာ အမော။ ဟို... မောင်နတ်ကြီးတို့ မန္တလေးပြန်အောင်မိုးတို့ ဆိုတုန်းကလဲ ရင်တမောမောနဲ့ ပြီးပါ့ ပြီးနိုင်ပါ့မလား ဆိုပြီးတော့။ ရေးလိုက်ရင် အခန်းဆက်တွေချည်းဘဲ။ ပြီးတော့ ကိုယ့်ဇာတ်လဲ ကိုယ်မနိုင်ဘူး။ အဲဒါတွေကြောင့် သူကြီးမင်း ပို့စ်တွေကို အဆုံးမသတ်နိုင်တာ"

"အမလေးးး လေးးးးး ခင်ဗျားက ကျုပ်ဘလော့ကို တော်တော်လေးကို မွှေနှောက်ထားတာကလား။ အမှန်ဆို ဒေါက်ဖိနပ်လေးဖက် အကြောင်းကိုသာ အဆုံးမသတ်ခဲ့တာပါ။ ကျန်တဲ့ ပို့စ်တွေကို အဆုံးသတ်ခဲ့ပါတယ်"

"အဲဒါတွေ သိတယ်။ လာပြောမနေနဲ့။ အခု ပို့စ်ကိုသာ မြန်မြန် ဆက်ရေး။ ဘယ့်နှယ် စာဖတ်တဲ့သူတွေ မြန်မြန်ရေးဖို့ ပြောတာတောင် လျစ်လျူရှုထားရက်တယ်။ အဲ.... ပြောရဦးမယ်။ အဲဒီလို စာဖတ်သူတွေ တောင်းဆိုတာကို သူကြီးမင်းရဲ့ စာတွေကို အရမ်းစိတ်ဝင်စားလို့လို့တော့ မထင်လိုက်နဲ့နော်။ အမှားကြီး မှားသွားမယ်။ တချို့ဆို သူကြီးမင်းရဲ့ ပို့စ်ကို ဖတ်တောင်မဖတ်ဖူး။ လောကွတ်လုပ်ပြီး ကွန်မင့်သာ ပေးသွားတာ။ အဲဒါကို အဟုတ်ကြီး ထင်နေရင်တော့ သူကြီးမင်းကတော့ သွားပြီ"

"ဟာ... အကြီးကြီးကို ဖဲ့နေတာပါလား။ နေပါဦးဗျာ။ နဲနဲလေးတော့ ပြောခွင့်ပေးပါဦး။ အမှန်ဆို အဲဒီလို တန်းလန်းကြီး ထားလေ့ထားထ ရှိတာက ကျုပ်တစ်ယောက်ထဲ မဟုတ်ဘူးဗျ။ ဟို အညာသားကြီး ဦးဟန်ကြည်ရဲ့ သူကြီးသား ပေါက်ကြီးတို့၊ မဒမ်ကိုးရဲ့ ကျားထောင်ချောက်တို့၊ မောင်အောင်ထွဋ်ရဲ့ ဆားပုလင်းအောင်ထွဋ်နှင့် နတ်ကတော်ပါပုတို့။ အဲဒါတွေလဲ တန်းလန်းကြီးပါဘဲဗျာ။ ခင်ဗျားဟာက အခြားဘလော့ဂါတွေ တန်းလန်းကြီး ဖြစ်နေတာကိုတော့ မမြင်ဘဲ ကျုပ်တန်းလန်းကြီးဖြစ်နေတာကိုဘဲ မြင်နေရတယ်ဆိုတော့ မဟုတ်မှ လွဲရော။ အဝေးမှုန်များလား မသိပါဘူး"

ကျွန်ုပ်သည် စကားအရာ သာလိုသာငြား တန်းလန်းကြီးထားခဲ့ကြသည့် ဘလော့ဂါစာရင်းကို ထိုအမျိုးသမီးအား မစပ်မဆိုင် ပြောပြလိုက်မိလေ၏။ စစ်ကူခေါ်သည်ဆိုလဲ မမှားပေ။  သို့သော်....

"အံမာ..အံမာ...သူများတွေ တန်းလန်းကြီး ဖြစ်နေတာကို ဆွဲထည့်မနေနဲ့။ သူတို့ တန်းလန်းကြီး ဖြစ်နေတာက ကြည့်လို့ ကောင်းသေးတယ်။ သူကြီးမင်းရဲ့ တန်းလန်းကြီးက နေရခက် ထိုင်ရခက်ကြီး။ အဲဒီ သူကြီးမင်းရဲ့ တန်းလန်းကြီးကိုသာ မြန်မြန်ပြီးအောင်ရေး။ သူများတွေကို ဆွဲထည့်မနေနဲ့"

"ကဲပါဗျား... ရေးပါ့မယ် ရေးပါ့မယ်။ ဘယ့်နှယ် တန်းလန်းကြီးတွေအကြောင်းဘဲ ပြောနေတော့တာဘဲ။ နား ရှက်စရာ"

"အံမယ်..အံမယ်... သူကြီးမင်းကများ နားရှက်စရာ ဖြစ်နေသေးတယ်။ ရှက်ကြောပြတ်နေတဲ့ သူကများ။ ဒါနဲ့... သတိရတုန်း ပြောရဦးမယ်။ ဟို... ဘလော့ဂါဒေးတုန်းကလဲ သူကြီးမင်း ဘာမှ မရေးခဲ့ဘူး။ စာဖတ်သူတွေ ဘလော့ဂါတွေက အဲဒီနေ့အကြောင်း ရေးဖို့ တောင်းဆိုတာကိုတောင် သူကြီးမင်းက ရှောင်ဖယ် ရှောင်ဖယ်နဲ့။ ဘ၀င်က လေဟပ်နေသေးတယ်။ စာလေးပေလေး အေဘီစီဒီ အဆင့်လောက်နဲ့များ"

"ဟာ... ဇွတ်ကို ဖိနေတော့တာပါလား။ အမှန်ဆို ဒီနှစ်မှာသာ ဘလော့ဂါဒေးအကြောင်း မရေးဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဘလော့ဂါဒေးပုံပြင်ဆိုပြီး ကျုပ် ကောင်းကောင်း ရေးခဲ့ပါတယ်ဗျ"

"ဒီမယ် အတိတ်တွေ အနာဂါတ်တွေ ပြောမနေနဲ့။ ဒီကက လက်တွေ့ပစ္စုပ္ပန်သမား။ သူများတွေက ဟောတစ်ပုဒ် ဟောတစ်ပုဒ် ပို့စ်တွေ အလီလီ တင်နေတဲ့အချိန် သူကြီးမင်းက တစ်လမှာ တစ်ပုဒ်တောင် မတင်ချင်ဘူး။ ဈေးကိုင်နေတယ်" 

"သူတို့ အားကောင်းမောင်းသန်တုန်း တင်နေကြတာနေမှာပါ"

"ဘာတုန်း အားကောင်း မောင်းသန်တုန်းဆိုတာက"

"အော်... အချိန်တွေ အင်နာဂျီတွေ အိုင်ဒီယာတွေ အားကောင်း မောင်းသန်နေတုန်း ရေးကြတာနေမှာပါ လို့ ပြောတာပါ။ သူတို့လဲ ရက်ဿမ် သိပ်မမှန်ကြပါဘူး။ စိတ်ပါတဲ့အခါ တစ်လကို ပို့စ် ၅ ပုဒ် ၁၀ ပုဒ် တင်ချင်တင်မယ်။ အဲ.. ဒါပေမဲ့ စိတ်မပါတော့တဲ့အခါကျတော့ လေးငါးခြောက်လနေမှ ပို့စ်တစ်ပုဒ် တင်ဖြစ်ကြတာရယ်။ တစ်ချို့ဆို တစ်နှစ်နေလို့မှ တစ်ပုဒ် မတင်နိုင်ကြဘူးလေ။ သူတို့ တတွေက အဲဒီလို ရက်ဿမ် မမှန်ပေမဲ့ ကျုပ်ကတော့ ဘယ်လောက်ဘဲ အလုပ်ရှုပ်ရှုပ် အနည်းဆုံး တစ်လတစ်ပုဒ်လောက်တော့ မှန်မှန်တင်ပါသေးတယ်"

"ဒါဖြင့် သူကြီးမင်းလဲ အားကောင်းမောင်းသန်အောင် ကြိုးစားပြီး တစ်လ ငါးပုဒ် ဆယ်ပုဒ် တင်နိုင်အောင် ကြိုးစားပေါ့"

"ဟာ.. အဲဒီလိုတော့ ဘယ်ဖြစ်နိုင်တော့မလဲ"

"ဘာဖြစ်လို့လဲ"

"ဘလော့သက်ကြီးလာပြီလေ"

"ဘလော့သက်ကြီးလာရင် အဲဒီလိုဘဲ နှေးနှေးကွေးကွေး ဖြစ်တတ်ကြသလား"

"နှေးနှေးကွေးကွေးတော့ မဟုတ်ပါဘူး။ ဖြေးဖြေးမှန်မှန်ပါ"

"ရှုပ်နေတာဘဲ နှေးနွေးကွေးကွေးတွေရော ဖြေးဖြေးမှန်မှန်တွေရော"

ကျွန်ုပ်ကို စကားဖြင့် ဒလစပ် နှိပ်စက်လာသည့် ထိုအမျိုးသမီးအား စိတ်ပေါက်ပေါက်ဖြင့် ခပ်ညစ်ညစ် ပုံပြင်တစ်ပုဒ်ကို ပြောပြရန် ကြံစည်နေမိလေ၏။ ထိုအမျိုးသမီးကား ကျွန်ုပ်၏ ပုံပြင်များကို လွန်စွာမှ နှစ်သက်သဘောကျသူ ဖြစ်လေ၏။ ထိုပုံပြင်များကြောင့်ပင် ကျွန်ုပ်၏ စာဖတ် ပရိသတ်တစ်ယောက် ဖြစ်လာသူ ဖြစ်၏။ သို့သော် ပုံပြင်ကို ဘယ်က ဘယ်လို စပြောရမှန်း စဉ်းစားမရ ဖြစ်နေလေ၏။ ဒါပေမဲ့ ဆက်စပ်မှု ရှိရှိ မရှိရှိ ပုံပြင်ပြောရန် ဆုံးဖြတ်ပြီးသားမို့ ပုံပြင်အတွက် စကားဦး စလိုက်၏။

"ဒါဖြင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားကို ပုံပြင်တစ်ပုဒ်ပြောပြမယ်"

"ဘယ်လိုကြီးတုန်း.. ဘာမပြော ညာမပြော ပုံပြင်ပြောမယ်ဆိုတော့"

"ဆက်စပ်မှု ရှိတုန်းလေး ပြောပြရတာ သေချာ နားထောင်။ ကျုပ်ပုံပြင်ကို နားနဲ့ ဆတ်ဆတ် ကြားခွင့်ရတာကိုက ခင်ဗျား အတော်လေး ကံကောင်းလို့မှတ်။ ကျုပ်က ပါးစပ်နဲ့ ပုံပြင် ပြောပြခဲတယ်။ ဘလော့ပေါ်ဘဲ ကောက်တင်လေ့ ရှိတာ"

"အင်းပါ အင်းပါ။ ပုံပြင်ကြိုက်တတ်တာက အိုင့် အားနည်းချက်ဆိုတော့ ပြောပါ ပြောပါ။ နားထောင်ရုံဘဲပေါ့"

"ကျုပ်တို့ တုံးဖလားရွာမှာ အသက် ၆၀ အရွယ် ဘကြီးသာဖြိုးဆိုတာ ရှိတယ်။ သူ့ဇနီးက ဒေါ်ညွန့်တဲ့။ အသက်က ၅၀ လောက်ဘဲ ရှိသေးတယ်။ ဘကြီးသာဖြိုး အသက် ၂၈နှစ် အရွယ်လောက်မှာ အိမ်ထောင်ကျထားတာဆိုတော့ အိမ်ထောင်သက် ၃၂ နှစ်လောက် ရှိပြီပေါ့။ ဘကြီးသာဖြိုးက လူငယ်တွေနဲ့ ဓါတ်ကျတဲ့သူဆိုတော့ ညညဆို သူ့အိမ်ကို ကာလသားလေးတွေ အလည်လာပြီး ဟိုအကြောင်းဒီအကြောင်း ကျား/မကိစ္စ အကြောင်းတွေ တောင်စဉ်ရေမရ ပြောနေကြလေ့ ရှိတယ်။ အဲဒီလို နေရင်းနဲ့ ရွာထဲက အောင်ထွန်းဆိုတဲ့ ကောင်လေးက သပြေတန်းရွာက သက်နုဆိုတဲ့ ကောင်မလေးနဲ့  အိမ်ထောင်ကျတယ်။  နှစ်ယောက်လုံးက အသက် ၁၉ နှစ် အရွယ်လေးတွေဆိုတော့ ချစ်မ၀ ကြိုက်မ၀ အရွယ်လေးတွေပေါ့"

"လုပ်ပြီ သူကြီးမင်းက။ ညစ်ပတ်ခန်းတွေ လာတော့မယ် ထင်တယ်။ ကြိုတင် နားရှက်လာသလိုဘဲ"

"နားမထောင်ချင်လဲ နေ။ ဆက် မပြောတော့ဘူး။ နားရှက်သလေး ပါးရှက်သလေး လာမလုပ်နဲ့။ ဖုန်း ချပစ်လိုက်ရမလား"

ဒီအချိန်မှာတော့ ကျွန်ုပ်က အပေါ်စီးက ဖြစ်သွား၏။ သီအိုရီ အရ တစ်ခုခုကို ကြိုက်မိရင် အဲဒီတစ်ခုခုရဲ့ ကျေးကျွန်ဖြစ်တတ်တာ သဘာဝ မဟုတ်လား။ အခုလဲ ထိုအမျိုးသမီးက ပုံပြင်ကို အလွန်ကြိုက်၏။ ထို့ကြောင့် ထိုအမျိုးသမီးသည် ပုံပြင်၏ ကျေးကျွန်ဖြစ်သွားလေ၏။ ဆိုရသော်.. ကျွန်ုပ်သည် ပုံပြင်ပြောသူဖြစ်၏။ ထိုအမျိုးသမီးသည် ပုံပြင် နားထောင်သူ ဖြစ်၏။ ပုံပြင်ကြိုက်ပြီး ပုံပြင်၏ ကျေးကျွန်ဖြစ်သည့် ထိုအမျိုးသမီးသည် ပုံပြင်ပြောသည့် ကျွန်ုပ်၏ သြဇာအောက်သို့ အလိုလို ရောက်လာလေတော့၏။ 

"သူကြီးမင်းရယ်.. အဲဒီလိုကြီးတော့ မလုပ်ပါနဲ့။ အခုမှ ပုံပြင်က အစလေးရှိသေးတယ်။ ဘာမှ ပြန်မပြောဘဲ နားထောင်ဆို နားထောင်ပါ့မယ်။ ပုံပြင်ကိုသာ ဆက်ပြောပါ"

ထိုအမျိုးသမီး၏ လေသံ ပြောင်းလဲသွားလေပြီ။ ပုံပြင်ကြိုက်သည်ကိုး။ ပုံပြင် နားထောင်ချင်သည်ကိုး။ ခံပေါ့။း)

"အင်း... ဆက်ပြောမယ်။ သေချာနားထောင်။ စိတ်ပါတုန်းလေး ပြောပြတာ။ စိတ်က မပါတော့ဘူးဆိုရင် ဘယ်လောက် ညှစ်ထုတ်ညှစ်ထုတ် ပုံပြင်က ထွက်လာမှာ မဟုတ်ဘူး"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"အိမ်ထောင်ကျပြီး တစ်ပတ်လောက် အကြာမှာ အဲဒီ အောင်ထွန်းဆိုတဲ့ ကောင်လေး ဘကြီးသာဖြိုးအိမ်ကို  စကားစမြည်ပြောဖို့ ညဘက်မှာ အလည်လာတာပေါ့။ စကားပြောပြီး တစ်နာရီလောက် ကြာတဲ့ အခါမှာ မောင်အောင်ထွန်းက.. ဘကြီးသာဖြိုးရေ... ပြန်တော့မယ်ဗျ။ ဟိုတုန်းက လူပျိုလူလွတ်ဘ၀တုန်းကလို အေးအေးဆေးဆေး နေလို့ မရတော့ဘူး မဟုတ်လား။ အခုဆို အမျိုးသမီးက အိမ်မှာ စောင့်နေလောက်ပြီ..လို့ ဆိုသတဲ့။ လူဆိုတာကလဲ သိတဲ့အတိုင်းမဟုတ်လား။ အိမ်ထောင်ကျခါစမှာ အိမ်က မိန်းမ၊ အိမ်က ယောက်ျားဆိုပြီး ပြောပြရတာကိုက ပါးစပ်အရသာ အတွေ့သား ကလား။  ဘကြီးဖြိုးလဲ စနောက်ချင်တာနဲ့ မောင်အောင်ထွန်းကို မေးသတဲ့။ " မောင်ရင်ရေ... စကားမစပ်... မင့်အဒေါ် မညွန့်လဲ အိပ်နေပြီဆိုတော့ မင်းနဲ့ငါ ယောက်ျားအချင်းချင်းဆိုတော့ ငါမေးရဦးမယ်။ မင်း မင့်ဇနီးလေးကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးသလဲ"လို့ မေးသတဲ့"

"မောင်အောင်ထွန်းကလဲ.. ဟာဗျာ ဘကြီးသာဖြိုးကလဲ ကျနော်တို့က အခုမှ ရကာစ ပူပူနွေးနွေးလေး ရှိသေးတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်မ၀ ကြိုက်မ၀ဆိုတော့ တစ်ရက်ကို လေးငါးခါလောက်တော့ ကြင်နာယုယုမှု ပြုတာပေါ့"လို့ ဆိုသတဲ့။ အဲဒီ မောင်အောင်ထွန်းကဘဲ ဆက်ပြီး... "ဒါနဲ့... ဘကြီးသာဖြိုးကိုလဲ မေးရဦးမယ်။ ဘကြီးသာဖြိုးကကော အန်တီညွန့်ကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးဖြစ်သလဲ"လို့ မေးသတဲ့။ အဲဒီလို မေးတဲ့အခါမှာ ဘကြီးသာဖြိုးက လက်ညှိုးတစ်ချောင်း ထောင်ပြီး ပါးစပ်ကလဲ... "အဘက အသက်ကြီးပြီဆိုတော့ ၀မ်း ဘဲ"... လို့ ဆိုသတဲ့"

"ခိ ခိ ခိ။ တော်တော်နောက်တဲ့ ဘကြီးသာဖြိုးဘဲနော် သူကြီးမင်း"

"အင်း.. အဲဒီလိုနဲ့။ ခုနစ်လ ရှစ်လလောက်ကြာတဲ့အခါမှာ မောင်အောင်ထွန်းတစ်ယောက် ဘကြီးသာဖြိုးအိမ်ကို အလည်လာရင်း ထုံးစံအတိုင်း ရောက်တတ်ရာရာ စကားပြောကြတာပေါ့။ မောင်အောင်ထွန်း ပြန်ခါနီးမှာ ဘကြီးဖြိုးက အရင် မေးခွန်းဟောင်းကိုဘဲ ပြန်မေးသတဲ့။ မောင်ရင်ရေ... မင့်ဇနီးလေးကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပြုဖြစ်သေးသလဲပေါ့။ မောင်အောင်ထွန်းကလဲ... "ဟာ ဘကြီးဖြိုးရေ... အိမ်ထောင်သက်က တစ်နှစ် ပြည့်ခါနီးနေပြီ မဟုတ်လား။ ပြီးတော့ လုပ်ငန်းကိုင်ငန်းတွေက တစ်ဖက်ဆိုတော့ ၀တ်ကျေတန်းကျေ ငါးရက်လောက်နေမှ တစ်ခါ ကြင်နာယုယမှု ပေးဖြစ်တော့တယ်"လို့ ဆိုသတဲ့။ "ဒါနဲ့.. ဘကြီးသာဖြိုးကကော အန်တီညွန့်ကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးဖြစ်သေးသလဲ"လို့ ပြန်မေးသတဲ့။ ဘကြီးသာဖြိုးက အရင်တုန်းကအတိုင်း လက်ညှိုးတစ်ချောင်းထောင်ပြီး... "အဘက အသက်ကြီးပြီဆိုတော့ ၀မ်း ဘဲ"... လို့ ဆိုသတဲ့"

"ခိ ခိ ခိ ရယ်ရတယ်"

"အဲဒီလိုနဲ့ နောက်ထပ် သုံးနှစ်လောက် ကြာတဲ့အခါမှာ ဘကြီးသာဖြိုးအိမ်ကို မောင်အောင်ထွန်း ပေါက်ချလာပြန်သတဲ့။ ဘကြီးသာဖြိုးလဲ မေးနေကျ စကားကိုဘဲ ပြန်မေးသတဲ့။ မောင်ရင့် ဇနီးသက်နုလေးကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးဖြစ်သေးသလဲပေါ့။  ဒီအခါမှာတော့ မောင်အောင်ထွန်းက.... "ဟာ ဘကြီးဖြိုးရာ... ကျနော်တို့က တောင်သူလယ်သမားတွေ မဟုတ်လား။ အလုပ်လုပ်ရတာ အရမ်း ပင်ပန်းတယ်လေ။ ပြီးတော့ ကလေးတစ်ယောက်လဲ မွေးထားပြီးပြီဆိုတော့ နေ့တိုင်း မြင်တွေ့နေကျ ဒီမျက်နှာကြီးကို စိတ်မပါတော့သလိုဘဲ။ ဒါကြောင့် တစ်လနေလို့မှ တစ်ခါတောင် ကြင်နာယုယမှု မပြုဖြစ်တော့ဘူး"လို့ ဆိုသတဲ့။ "ဒါနဲ့... ဘကြီးသာဖြိုးကကော.. အန်တီညွန့်ကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပြုဖြစ်သေးလဲဗျ.." ဆိုပြီး ပြန်မေးသတဲ့။ ဘကြီးသာဖြိုးလဲ ထုံးစံအတိုင်း လက်ညှိုးတစ်ချောင်း ထောင်ပြီး.. "အဘက အသက်ကြီးပြီဆိုတော့ ၀မ်းဘဲ" လို့ ဆိုသတဲ့ဗျားးးး။ ပုံပြင်လေးကတော့ ဒါပါဘဲ"

"ခစ် ခစ် ခစ် တော်တော် ဘရုတ်ကျတဲ့ ဘကြီးသာဖြိုး။ နွားပျိုသန်လှ နွားအို ပေါင်ကျိုးသလောက်ဆိုတာ အဲဒီဘကြီးသာဖြိုးကို ရယ်ရွယ်ပြီး ပြောတာ ဖြစ်မယ်။ ဒါနဲ့.. ဒီပုံပြင်နဲ့ သူကြီးမင်း ပို့စ်အသစ်တွေ မတင်ဖြစ်တာနဲ့ ဘာဆိုင်လို့လဲ"

"ဆိုင်ရန်ကောဗျာ။ ဘလော့ဂါတွေ အများစုက စိတ်ပါတဲ့ အခါကျရင် တစ်လကို ပို့စ် ငါးပုဒ် ခြောက်ပုဒ်လောက် တင်ဖြစ်ကြတယ်လေ။ အင်နာဂျီတွေ အချိန်တွေ အိုင်ဒီယာတွေ အားကောင်း မောင်းသန်နေတုန်းမဟုတ်လား။ နောက်ပိုင်းကျတော့လဲ တစ်လကို တစ်ပုဒ် မပြောနဲ့။ တစ်နှစ်နေလို့မှ တစ်ပုဒ် မတင်ဖြစ်ကြတဲ့ ဘလော့ဂါတွေ အများသား မဟုတ်လား။ သူတို့ စိတ်ပါခိုက်ကလေးမှာ ပို့စ်တွေ နင်းကန်တင်ပြီး အခြားဘလော့ဂါတွေကိုလဲ ဘလော့တွေကို မပစ်ထားကြဖို့ စာမှန်မှန် ရေးကြဖို့ လှုံ့ဆော်နေကြလေရဲ့။ နောက်ပိုင်းကျတော့လဲ သူတို့ဘဲ ဘလော့ကို ပစ်ထားကြတာလေ။ သူတို့ကို မေးကြည့်ပါလား။ တစ်လကို ပို့စ် ဘယ်နှစ်ပုဒ် တင်ဖြစ်သလဲဆိုပြီးတော့။ တစ်လ ငါးပုဒ်တင်တဲ့လူ ရှိမယ်။ ငါးလလောက်မှ တစ်ပုဒ် တင်ခဲ့တဲ့သူ ရှိမယ်။ တစ်နှစ်နေလို့မှ တစ်ပုဒ်မှ မတင်ဖြစ်ခဲ့တဲ့ သူတွေရှိမယ်"

"အင်း.. ဟုတ်တယ်နော် သူကြီးမင်း။ သူကြီးမင်းပြောပြမှဘဲ သတိထားမိတော့တယ်"

"အဲဒီတော့... ခင်ဗျား ကျုပ်ကို မေးကြည့်ပါလား။ တစ်လမှာ ပို့စ် ဘယ်နှစ်ပုဒ် တင်ဖြစ်သလဲလို့"

"သူကြီးမင်း တစ်လမှာ ပို့စ်ဘယ်နှစ်ပုဒ် တင်ဖြစ်ပါသလဲ ရှင့်။ ကိုင်း.. အဲဒီလို မေးတော့ သူကြီးမင်း ဘယ်လို ဖြေမလဲ"

"ကျုပ်ကလဲ ဘကြီးသာဖြိုးလိုဘဲ လက်ညှိုးတစ်ချောင်းထောင်ပြီး.. "အဘက.. အဲလေ သူကြီးမင်းက ဘလော့သက်ကြီးပြီ ဆိုတော့ ၀မ်းဘဲ" လို့ ဖြေပစ်လိုက်မှာပေါ့။ ကဲ.. မနှိပ်ဖူးလား ဟား ဟား ဟား"

"တော်ပြီ။ သူကြီးမင်း လူညစ်ကြီး လူလည်ကြီး လူဆိုးကြီး ညစ်ပတ်အိုးကြီး... ဒါဘဲ... ဂွပ်"

ထိုကဲ့သို့သော ဝေါဟာရများကို ပါးစပ်က ရေရွတ်ဆိုပြီး ထိုအမျိုးသမီး ဖုန်းချသွားလေ၏။ နားရှက်သယောင် စိတ်ဆိုးသယောင် မူယာမာယာများဖြင့် ဖုန်းချသွားခဲ့ပေမဲ့ အမှန်မှာ ထိုအမျိုးသမီးသည် ကျွန်ုပ်ပြောပြလိုက်သည့် ပုံပြင်ကို ညအိပ်ယာဝင်ချိန်၌ ပြန်လည်စမြုံ့ပြန်ပြီး ပြုံးစိစိ ဖြစ်နေမည်မှာ သေချာလှပေတော့၏။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.

10 comments:

ဆွေလေးမွန် said...

အဲ..ဖုန်းပုံပြင်နဲ့တင် ပြီးပြီ..
လုပ်ကပီ ဘလော့အစမှာရေးထားတဲ့
အဘိုးနုပြောတဲ့ ...မိသားစုက ဘယ်လို...

San Htun said...

ဟုတ်ပါ့ တဂျီးမင်း...အဖိုးနုပြောတဲ့ ပုံပြင်ကို တန်းလန်းကြီး ထားခဲ့ပြန်ပြီ...ဝမ်းဘဲ ဖြေရုံလို့  ဘယ်ရလိမ့်မတုန်း..မြန်မြန်ဆက်နော် တဂျီးမင်း...မဆက်ရင် ဖုန်းဆက်လိုက်ရမလား..:P

ဘုန်းနှစ်တောက် said...

"သီအိုရီ အရ တစ်ခုခုကို ကြိုက်မိရင် အဲဒီတစ်ခုခုရဲ့ ကျေးကျွန်ဖြစ်တတ်တာ သဘာဝ မဟုတ်လား"
အဲဒါလေး သဘောကျတယ်။

အကြောင်းအရာလေးတစ်ခုကို ဥပမာ၊ ဥပမေယျတွေ ပုံပြင်တွေနဲ့ တော်တော်လေးပြောပြတတ်၊ ဆက်စပ်ပြတတ်တဲ့ "ပုံပြောကောင်းတဲ့ သူကြီးမင်း"ပဲ။ နော်...

စုချစ် said...

အတော်နှောက်တဲ့ သူကြီးမင်း... :p

ဟန်ကြည် said...

ထင်တယ်...ထင်တယ်...

သူ့တန်းလန်းကိစ္စတည်လိုက်ကတည်းက ဒီဘက်ကိုလှည့်ပြီး သေဖော်ညှိတော့မယ်ဆိုတာ...ထင်နေတယ်...

ထင်တဲ့အတိုင်းကို လုပ်လာပြန်တာပဲ...း)

ပေါက်ကြီးက အတော်ရေးပြီးနေပြီ သူကြီးမင်းရေ...ကိုယ်ရေးတာကိုယ်ပြန်ဖတ်တော့ ပထမဆုံး နှစ်ပိုင်းကို မမီဘူးဖြစ်နေလို့ မတင်ရဲတော့ဘူး ဖြစ်နေတာ...ဖြစ်သေးပါဘူး ပြန်တည်းဖြတ်ပြီး တင်ဦးမှပါ...း)

သူကြီးမင်း ၀မ်းဘဲ ၀မ်းဘဲ လုပ်မနေနဲ့...သီတင်းကျွတ်တော့မယ်...နောက်တစ်ခါ လာပြန်ချည်သေး လုပ်ဦးမှာ မဟုတ်လား...

( တတ်နိုင်ဘူး မနိုင် နိုင်တဲ့ဘက်က လှည့်ကိုင်ပြီး လစ်ရမှာပဲ...း)

Anonymous said...

This is definitely an adult theme.
You must have been thinking dirty stuff lately. I had fun reading your post though.

Queen of Sky said...


သဂျည်းလူဆိုး
ကျမ ပုံပြင်ကြိုက်တာ လူတွေသိအောင်လုပ်တယ်နော်။ လက်စားချေတဲ့အနေနဲ့ကိတ်နဲ့တိုင်ပြောမယ်၊ကိုကိုမောင်စာမလုပ်ဘဲနေပါတယ်ဆိုပြီ:။

Queen of Sky said...

တီချယ်ကိတ် ကပြောတယ်၊တပည့်ကြီ:ကိုကိုမောင်on line သကြားလုံးမခွဲရင်ပြီ:ရော၊new post တွေဖန်တီးတာကိုသူကျေနပ်ပါတယ်တဲ့၊ ကဲpart 3 ဘယ်တော့ဖတ်ရမှာလဲ?

စံပယ်ချို said...

သာဂျီးရေ
အားလဲမကောင်းဘူး
မောင်လဲမသန်တော့ တလ တပုဒ်လောက်ပဲတင်ဖြစ်ပါတယ်ရှင်......ခွီးခွီး

Aung Htut said...

ဟွမ်.... တဂျီးတို့များ... ၀ါးလုံးရှည်နဲ့ ပါ ပတ်ရမ်းသွားပါ သော်ကောလား.... အင်း မဖြစ်ချေဘူး.. ရေးမှ ရေးမှ... :P