Tuesday 23 July 2013

နန်းညွန့်လေး၏ လောကသို့အ၀င်

 (၂၂.၀၇.၂၀၁၃ တနင်္လာနေ့)
ဒီနေ့ မနက်စောစော အိပ်ရာက လန့်နိုးလာသည်။ မိုးကြိုးပစ်သံကြား၍ လန့်နိုးလာခြင်းဖြစ်သည်။ မိုးကလဲ စောစောစီးစီး ရွာသွန်းချလိုက်သည့်ဖြစ်ခြင်း။ လန်ဒန်တွင် နေထိုင်လာသည်မှာ ငါးနှစ်ကျော်ရှိလာလေပြီ။ တစ်ခါမှ ယခုလို မိုးကြိုးပစ်သံကို မကြားဖူးသေး။ မိုးကြိုးပစ်လိုက်သမျှ အနားနားကပ်ပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်သကဲ့သို့ ထင်ရလောက်အောင် ကျယ်လောင်လှသည်။ ထိုမိုးကြိုးကြောင့် အိမ်အနားက အဘိုးအို တစ်ဦး၏ တယ်လီဗီးရှင်း ပြတ်တောက်ပျက်စီးမှု ဖြစ်သွားသည်။

နေ့လည်ခင်းတွင်မူ နေအရမ်းပူသည်။ ယူကေနိုင်ငံ၏ ၇ နှစ်အတွင်း အပူဆုံးစံချိန်ကို တင်သည်ဟု ဆိုသည်။ အပူချိန် ဒီဂရီ ၃၄ ရှိသည်။ ရန်ကုန်အပူချိန်ကို အင်တာနက်မှာ ရှာကြည့်မိသည်။ ၂၄ ဒီဂရီသာ ရှိလေသည်။ ဘီဘီစီသတင်း ကြေငြာသည်။ မိုးရွာဦးမည်၊ မိုးကြိုးပစ်ဦးမည်၊ လျပ်စီးလက်ဦးမည်တဲ့။ 

ဒီနေ့ မနက်ပိုင်းကစပြီး အခု ညဘက် ၁၁ နာရီခွဲကျော်ထိ ဘက်ကင်ဟမ်နန်းတော်ရှေ့နှင့် စိန့်မေရီဆေးရုံရှေ့တွင် သတင်းဌာနပေါင်းစုံမှ သတင်းသမားများ၊ ယူကေတစ်ခွင်မှ လာရောက်နေရာယူထားကြသူများနှင့် စည်းကားလျှက်ရှိသည်။ ၀ီလျံမင်းသား၏ ကြင်ယာတော် မင်းသမီး ကိတ်၏ ပထမဆုံး ကလေးမွေးမည့်အချိန်ကို ဆုတောင်းရင်း အားပေးရင်းဖြင့် စိတ်အားတက်ကြွစွာ စောင့်မျှော်နေကြသည့် လူအုပ်ကြီးများပင် ဖြစ်၏။ 

ညနေ ၄ နာရီ ၂၄ မိနစ်အချိန်တွင် စိန့်မေရီဆေးရုံ၌ မင်းသမီးကိတ် ကလေးဖွားမြင်သည်။ ယောက်ျားလေးဖြစ်သည်။ အလေးချိန်မှာ ၈ ပေါင်နှင့် ၆ အောင်စ ရှိသည်။ မိခင်ရော ကလေးပါ ကျန်းမာလျှက်ရှိသည်တဲ့။ ဗြိတိန်နိုင်ငံ၏ တတိယမြောက် တန်းစီနေရာယူထားသည့် မင်းလောင်းလေးပင်ဖြစ်၏။ နန်းမွေခံယူမည့်သူများအဖြစ် လက်ရှိအဲလိဇဘက်ဘုရင်မကြီး၏ နောက်တွင် သားတော် ချားလ်စ်မင်းသား။ ချားလ်စ်မင်းသား၏နောက်တွင် သူ၏သားတော် ၀ီလျံ။ သားတော်ဝီလျံ၏ နောက်တွင် ယခုမွေးဖွားသည့် နန်းညွန့်နန်းလျာ ဘေဘီလေး နေရာယူထားကြသည်။

သားတော်လေး၏ နာမည်ကိုမူ ယခုထက်ထိ မသိရသေး။ မမှည့်ရသေးဆိုက ပိုမှန်မည်ထင်သည်။ နာမည်ကို ကြိုမှည့်ထားဖို့ နေနေသာသာ ကိုယ်ဝန်ရစဉ်ကထဲကပင် ယောက်ျားလေးဖြစ်သည် မိန်းခလေးဖြစ်သည်ဟု မထုတ်ဖော်ဘဲ ၀ှက်ထားခဲ့သည်။ ဒီနေ့မှ ယောက်ျားလေးအဖြစ် သိရှိသည်။ ယူကေပြည်သူပြည်သားများ ၀မ်းသာလိုက်ကြသည့် ဖြစ်ခြင်း။ သားတော်လေး ဖွားမြင်ပြီဟု သိရသည်နဲ့တပြိုင်နက် ဘက်ကင်ဟမ် နန်းတော်ရှေ့၌လည်း အောင်ပွဲခံသံများဖြင့် ပြည့်လျန်းသွားလေ၏။  သူတို့နိုင်ငံ သူတို့နန်းစဉ်နန်းဆက် သူတို့လူမျိုး သူတို့၏အားပေးသံ သူတို့၏ ဂုဏ်ယူတတ်မှုသည် အားကျဖွယ်ပင်ဖြစ်၏

ထိုကလေးကို အောင်မြင်စွာ မွေးဖွားခဲ့သည့်အတွက် ဘုရင်မကြီးလည်း ပျော်မဆုံး။ ချားလ်စ်မင်းသားလည်း မြေးဦးလေးမို့ မော်မဆုံး။ ၀ီလျံနှင့်ကိတ်တို့ကိုယ်တိုင်လည်း သားဦးလေးမို့ ပျော်တပြုံးပြုံး။ အမြောက်တပ်များကလည်း အမြောက်ဖောက်ပြီး အောင်ပွဲခံဖို့ တပြင်ပြင်။ ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးဝန်လေးများလည်း ကွန်ဂရက်ကျူလေးရှင်း လုပ်၍ မဆုံးတော့။ ကမ္ဘာအရပ်ရပ်မှ ကွန်ဂရက်ကျူလေးရှင်းများ ဒီရက်ပိုင်းအတွင်း တဖွဲဖွဲ ရောက်လာဖွယ်ရှိလေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ သတင်းဌာနများ၌လည်း ဒီနေ့ မင်းသမီးကိတ် ကလေးမွေးဖွားခြင်းအကြောင်းဖြင့် ပြည့်နှက်နေဦးမည်ဖြစ်၏။ လူအများစုကလည်း ဒီအကြောင်း ပြောနေကြမည်ဖြစ်၏။ သတင်းစာပေါင်းစုံ၌လည်း ခေါင်းကြီးပိုင်းသတင်းများ ပါလာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ အင်တာနက်ဆို အခု ဒေါက်ကနဲ ခေါက်ကြည့် သူ့အကြောင်းမှ သူ့အကြောင်းတွေ ထပ်နေမည်ဖြစ်၏။ ရှိပေမပေါ့။ မမွေးခင်ကထဲက နာမည်ကြီးခဲ့သည့် ကလေးလေးပေဘဲ။

"မောင်ရင်... မနက်က စောစောစီးစီး မိုးရွာ၊ လျပ်စီးလက်၊ မိုးကြိုးပစ်၊ မိုးခြုန်းသံတွေကို ကြားလိုက်ရတယ် မဟုတ်လား။ အဲဒါတွေဟာ ဒီကလေးရဲ့ အတိတ်နိမိတ်ဘဲ။ နောင်တချိန်မှာ ဒီကလေးရဲ့ ဘုန်း၊ မိုးသို့ခြုန်း ဖြစ်လာလိမ့်မယ်" ဟု အိမ်ရှင်အဘိုးအိုက မှတ်ချက်ပြုလေ၏။

ဒီနေ့ လပြည့်နေ့ (၀ါဆိုလပြည့်နေ့၊ ဓမ္မကြာအခါတော်နေ့) ဖြစ်သည့်အားလျှော်စွာ ညနေပိုင်းတွင် ကောင်းကင်ယံ၌ တိမ်သလ္လာများကင်းစင်ပြီး လပြည့်ဝန်းကြီးကို ပြည့်ပြည့်ဝန်းဝန်း ထင်ထင်ရှားရှား မြင်တွေ့ရ၏။ ဘီဘီစီသတင်းဌာနက သတင်းထောက်များကလည်း ကောင်းကင်က လပြည့်ဝန်းကြီးကို ရိုက်ပြလိုက်၊ ဘက်ကင်ဟမ်နန်းတော်ကြီးကို ရိုက်ပြလိုက်၊ စိန့်မေရီဆေးရုံကြီးကို ရိုက်ပြလိုက်၊ အားပေးကြသည့် လူအုပ်ကြီးကို ရိုက်ပြလိုက်၊ ချားလ်စ်မင်းသားနှင့်ဒိုင်ယာနာမင်းသမီးတို့ သားတော်ဝီလျံကိုမွေးဖွားစဉ်က ဖိုင်ကလစ်ကို လွှင့်ပြလိုက်၊ ၀ီလျံနှင့်ကိတ်တို့၏ ဖိုင်တွေထုတ်ပြလိုက်ဖြင့် သတင်းများကို ထပ်ခါထပ်ခါ တင်ဆက်ပြသပေးလေ၏။ လပြည့်ဝန်း၊ နန်းတော်၊ သားတော်မွေးဖွားခြင်း။ အားပေးမှုများကို ရရှိခြင်း။ အင်း.... ကောင်းခြင်းတွေ စုံလို့ စုံလို့။

ထိုကလေး မွေးဖွားမှုအတွက် ဘုရင်မကြီးလည်း ကွန်ဂရက်ကျူလေးရှင်းလုပ်၏။ ချားလ်စ်မင်းသားလည်း ကွန်ဂရက်ကျူလေးရှင်းလုပ်၏။ ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်းလည်း ကွန်ဂရက်ကျူလေးရှင်း လုပ်၏။ အိမ်ရှင်အဘိုးအိုလည်း ကွန်ဂရက်ကျူလေးရှင်းလုပ်၏။ ထို့အတူ ကျွန်ုပ်သည်လည်း လှိုက်လှိုက်လှဲလှဲ ကွန်ဂရက်ကျူလေးရှင်း လုပ်လိုက်ပေ၏။ ထို့ကြောင့်.... ရေးလက်စ (မတော်တဆ ခလုပ်နှိပ်မိ၍ ဘလော့ပေါ်တက်သွားသော) မောင်နက်ကျော်ပို့စ်ကို ပတ်ဘလစ်ရှ်မလုပ်သေးဘဲ မင်းသားဝီလျံနှင့်မင်းသမီးကိတ်တို့အား ဂုဏ်ပြုသောအားဖြင့် အမှတ်တရအဖြစ် ဤပို့စ်ကို အရေးပေါ် ရေးလိုက်ခြင်းဖြစ်ပေ၏။

Many Many Congratulations ပါ မင်းသားဝီလျံနှင့်မင်းသမီးကိတ်တို့ရေ။
....

စိတ်ဝင်စားသေးရင်...

.

10 comments:

Anonymous said...

Congratulation!
Myatnoe

AH said...

ကွန်ဂရက်ကျူလေးရှင်း ဗျာ

ဟန်ကြည် said...

သူကြီးမင်း...

ကိုယ်တိုင်လေးလည်း အားထုတ်စမ်းပါဦးလား...ဘယ့်နှာ အဆင့်တွေကျော်နေလိုက်တာ လွန်ပါရော...း)

ပြောမယ့်သာပြောရတာ ကိုယ်တိုင်လည်း အခုထိလူမဖြစ်သေးဘူး...အင်း ဟန်ကြည်က ၀ီလျံမှ မဟုတ်ပေပဲကိုးဗျး)

နွေတေးရှင် (မင်းဧရာ) said...

ဟာာာာ
ဆရာကလည်း သူကြီးမင်းလား
အဲလို အစွမ်းအစ ရှိမှာ :p ။

ပိုစ့်တွေ တက်လာလို့ ကူဂရက်ကျူလေးရှင်းပါ
သူကြီးမင်း ။

မောင်နက်ကျော်ကိုလည်း အမြန်တင်စေလိုပါကြောင်း ဗျာ ။

ဒါနဲ့ တစ်ဝါဆိုနေပြန်ပြီ လူပျိုကြီး :p ။

Queen of Sky said...

Congratulation for your New Post!

Maung Myo said...

တကယ်ဆို ခလေးမွေးတာပဲ နည်းနည်းတော့ ပိုသလားလို့း)

သူတို့က အားနေတာကိုနော့် ကျနော်တော့ ၀ီလျှံ ခလေးထက် ကိုကိုမောင့် ခလေး ပိုစိတ်ဝင်စားတယ် ။

San San Htun said...

ခုတော့ ဝီလျံနဲ့ ကိတ်ကို ကွန်ကရက်ကျူလေးရှင်းတာပေါ့
နောင် တဂျီးမင်းနဲ့  တဂျီးမင်းကတော်ကို ကွန်ကရက်ကျူလေးရှင်း လုပ်ချင်ပါတယ် :P

Aunty Tint said...

Congratulation ! ...
မင်းသားဝီလျံနဲ့မင်းသမီးကိတ်တို့အပြင် စန်းစန်းပြောသလို သူကြီးမင်းတို့စုံတွဲကိုလဲ Pre ပေါ့ :P...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လသာည said...

တဂျီးမင်း သူများတွေပြောသလိုပါပဲ ကွန်ကရက်ကျူလေးရှင်း လုပ်ချင်ပါတယ်။ :D

ဘလော့ဒေးမှာ မရောက်တာလည်း ကြာပြီဖြစ်တဲ့ ဘလော့တွေကို လိုက်လည်ဖြစ်တာပါ။ စာရေးကောင်းတဲ့ ဘလော့ဂါတွေကို သတိရနေပါတယ်။

ဘုန်းနှစ်တောက် said...

မနေ့ညက အိပ်ခါနီးဆဲဆဲလေးမှာပဲ ဟိုဝှါကွဲသွားတဲ့အကြောင်းလေး တစ်ခါဖတ်ပြီးပြီ...ဒါနဲ့ တစ်ခုသတိရလို့ ပြောပြမယ်နော်။ မန်းလေးကနေ တောင်ကြီးပြန်တဲ့ ဘတ်စ်ကားကြီးတစ်စီးပေါ့ကွာ။ ခရီးသည်တွေထဲက ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ တိုင်းရင်းသားတစ်ယောက်ပါတယ်။ လမ်းမှာ ကားဘီးပေါက်တော့ သူက ပျော်ပြီး ထ-အော်တယ်။ အဲဒါနဲ့ လူတွေက သူများတွေ စိတ်ညစ်နေတာ ခင်ဗျားက ဘာလို့ပျော်လဲပေါ့။ သူက ဘာပြန်ပြောလိုက်လဲဆိုတော့...ကားဘီးမကွဲရင် ကျုပ်ဟ၀ှါက ကွဲတော့မယ်တဲ့။ သူ ရှူးရှူးပေါက်ချင်နေတာ မပြောရဲဘဲ အောင့်အီးထားတာ ဘယ်လောက်ကြာပြီမှန်းလည်း မသိတာ။ ဟိ...