Sunday, 9 June 2013

အဘိုးအို၊ ကျနော်နဲ့ စပ်ပနာပေါင်းစုံ

"ဘကြီးရေ...  အမေ့ကို ညတုန်းက သမီးအိပ်မက် မက်တယ်"

"ဟုတ်လား။ ဆိုစမ်းပါဦး"

"အိပ်မက်ထဲမှာ အမေက မဆုံးသေးဘူးတဲ့။ အဖေနဲ့အတူတူ ရှိနေတာလေ။ အဲဒါ တစ်နေ့မှာ အဖေက ကားတစ်စီး ၀ယ်လိုက်တယ်။ ဆယ်တန်ကား အဟောင်းကြီးကို ၀ယ်တာ။ အဲဒါကို အမေက လုံးဝ သဘောမတူဘူး။ အဖေ့ကို မ၀ယ်နဲ့ပြောပေမဲ့ အဖေက အမေ့စကား နားမထောင်ဘဲ ဇွတ်ဝယ်လိုက်တာလေ။ အဲဒါကြောင့် စိတ်ဆိုးပြီး အမေ့မျက်နှာဆို လုံးဝ ရွှင်ရွှင်ပြပြမရှိတော့ဘူး။ ပြီးတော့ စကားလဲ တစ်လုံးမှ မပြောဘူး။ ငူတူတူကြီး ဖြစ်နေတယ်။ အဲဒီနောက် သမီး အိပ်ရာက လန့်နိုးလာတယ်။ အမေ့မျက်နှာ မရွှင်ပြတာကို မြင်မက်ရတာ စိတ်ထဲမှာ လုံးဝ မချမ်းသာဘူး။ အဲဒါ အမေများ အိပ်မက် လာမက်ပေးသလားလို့ ဘကြီးကို လာမေးတာ"

"အေး... ငါ့ အမြင်အတိုင်း ပြောမယ်နော်။ သေဆုံးပြီးတဲ့ သူက အိပ်မက်ထဲမှာ စကား လုံးဝ မပြောဘူးဆိုရင် အဲဒါ မကျွတ်လွတ်သေးတဲ့ နိမိတ်ပြတာဘဲ။ နင် ဆွမ်းလေးဘာလေး ကျွေးမွေးလှူဒါန်းပြီး နင့်အမေကို အမျှပေးဝေလိုက်ရင် ပိုကောင်းမယ် ထင်တယ်"

အိမ်ကို ခဏအလည်လာတဲ့ အဘိုးအိုရဲ့ (အသက်ငါးဆယ်ကျော်အရွယ်) တူမတစ်ယောက်နဲ့ အဘိုးအိုတို့ အိမ်အောက်ထပ်မှာ စကား အပြန်အလှန် ပြောနေကြသည်ကို အပေါ်ထပ်မှနေပြီး ကျနော် အတိုင်းသား ကြားနေရလေ၏။ "အသက်ကြီး တနည်းသာ" ဆိုတဲ့အတိုင်း အဘိုးအိုများ တစ်ခုခု အကြံပေးလေမလား ဆိုပြီး တူမတော်က အားကိုးတကြီး မေးကြည့်ပုံပေါ်လေ၏။ အင်းလေ... သေဆုံးပြီးတဲ့ အမေအရင်းခေါက်ခေါက်ကြီးကို အိပ်မက် မက်တာဆိုတော့လဲ အမေ့ ဘ၀သံသရာအရေး ရင်လေး ရှာပေမပေါ့။

"အမေက မသေခင် ကုသိုလ်တွေ အများကြီး လုပ်သွားခဲ့တယ်လေ ဘကြီးရဲ့။ မကျွတ်မလွတ်တော့ မဖြစ်နိုင်လောက်ဘူး ထင်ပါတယ်"

"ဒီမယ် ငါ့တူမကြီး.. သေချာမှတ်ထား။ နင့်အမေလဲ ပုထုဇဉ်ဘဲ။ ငါတို့လဲ ပုထုဇဉ်ဘဲ။ အရိယာတွေ မဖြစ်ကြသေးဘူး။ အဲဒီတော့ ပုထုဇဉ်တို့ရဲ့ တမလွန်ဘ၀ဟာ ဘာမှ ရေရေရာရာ မရှိဘူး။ ကုသိုလ် ဘယ်လောက်လုပ်ခဲ့လုပ်ခဲ့ သေခါနီးမှာ ထင်ဟပ်လာတဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ်တွေရဲ့ အလိုအတိုင်း တမလွန်မှာ သွားပြီး ကျင်လည် ကျက်စားကြရတာလေ။ ဒါကြောင့်မို့လဲ "ပုထုဇဉ်အသေ ထန်းသီးကြွေ" ဆိုပြီး ဆိုရိုးစကား ရှိခဲ့တာ မဟုတ်လား"

အဘိုးအိုက စာကြီးပေကြီး ကောင်းကောင်း မတတ်ပေမဲ့ ဒီလိုဘဲ ကြုံရင်ကြုံသလိုတော့ ရွှီးတတ်စမြဲဖြစ်၏။ ဘာတဲ့ "ပုထုဇဉ်အသေ ထန်းသီးကြွေ"ဆိုပါလား။ မှန်တာပြောရရင် ကျနော် တစ်ခါမှ ဒီစကားပုံကို မကြားဖူးခဲ့ပေ။ အဘိုးအိုကို ကြိတ်ပြီး ချီးကျူးနေမိလေ၏။ ရွှီးတယ်ဆိုပေမဲ့ သူ့ရွှီးပုံရွှီးနည်းက လူကြီးပီပီ ယုတ္တိရှိသယောင်ယောင်။ ဆက်ပြီး နားထောင်ကြည့်ဦးမှဘဲ။ အဘိုးအို ဘာတွေ ဆက်ရွှီးဦးမည် မသိ။

"ပုထုဇဉ်သေတာနဲ့ ထန်းသီးကြွေတာနဲ့ ဘာဆိုင်လို့တုန်း ဘကြီးရဲ့"

"နင်ကလဲ မေးရော့မယ်။ ဒါလေးတောင် မသိဘူး။ ငါက ဥပမာနဲ့ ပြောပြတာ။ မသိရင်လဲ မှတ်ထားလိုက်ဦး။  ပြွတ်သိပ်နေအောင် သီးနေတဲ့ ထန်းသီးခိုင်ကြီးကို လူတစ်ယောက်က ထန်းပင်ပေါ်တက်ပြီး ဓါးနဲ့ ခုတ်ဖြတ်ချလိုက်တယ် ဆိုပါစို့။ ဒီထန်းသီးခိုင်ကြီး အောက်ကို ဘုန်းကနဲ ပြုတ်ကျလာမှာ မဟုတ်လား။ ဒီတော့ အရှိန်နဲ့  ပြုတ်ကျလာခဲ့ရတဲ့အတွက် ထန်းသီးတွေ ပြုတ်ထွက်ပြီး ဟိုတစ်လုံး ဒီတစ်လုံး ဟိုလှိမ့်ဒီလှိမ့်နဲ့  နေရာအနှံ့ ရောက်ကြရမယ် မဟုတ်လား။ ပြီးတော့ မြေနိမ့်တဲ့ ဘက်ကို ပိုပြီး လှိမ့်သွားကြရစမြဲဘဲ မဟုတ်လား။ အဲဒီ ဥပမာ အတိုင်းဘဲ။ ပုထုဇဉ်တွေ သေပြီးရင် ဟိုလှိမ့်ဒီလှိမ့်နဲ့ အောက်အရပ်ကို လှိမ့်ဆင်းကြတာ ပိုများတတ်တယ်လေ။ အထက်မှာ ကျန်ခဲ့တာက ခပ်နဲနဲရယ်။ ဒါကြောင့် "ပုထုဇဉ်အသေ ထန်းသီးကြွေ"လို့ ငါပြောတာ"

"အလဲ့....ဘကြီး ဥပမာက ခပ်ဟုတ်ဟုတ်ပါဘဲလား "

"ခပ်ဟုတ်ဟုတ် လုပ်မနေနဲ့။ ကြုံတုန်း ဗဟုသုတဖြစ် ပြောလိုက်ဦးမယ်။ နင်တို့လို ငါတို့လို ပုထုဇဉ်တွေ သေပြီးလို့ရှိရင် သွားရမဲ့ နေရာက မြဲတာ မဟုတ်ဘူး။ ၅ နေရာထဲက ရောက်ချင်တဲ့ နေရာကို ရောက်သွားတတ်ကြတယ် မဟုတ်လား"

"ဘယ် ၅ နေရာလဲ ဘကြီး"

"ပြောပြမယ်လေ။ သေချာလဲ နားထောင်ဦး
၁။ဒေ၀ဂတိ (နတ်ပြည်၊ ဗြဟ္မာ့ပြည်)
၂။မနုဿဂတိ (လူ့ပြည်)
၃။တိရစ္ဆာနဂတိ (တိရစ္ဆာန်)
၎။ပေတဂတိ (ပြိတ္တာပြည်၊ အသူရကာယ်ပြည်)
၅။နိရယဂတိ (ငရဲပြည်) တဲ့။ အဲဒီ ငါးနေရာထဲက တစ်နေရာရာကို သွားရမှာဘဲ။ ဒါပေမဲ့ ဘယ်နေရာကို သွားရမယ်ဆိုတာကိုတော့ သိကြရမှာ မဟုတ်ဘူး"

ဒီနေရာမှာတော့ အဘိုးအို တော်သား ဟု စိတ်ထဲက ချီးမွမ်းနေမိလေ၏။

"ဒါဖြင့် အရိယာပုဂ္ဂိုလ်တွေ သေပြီးရင်ကော ဘယ်ကို သွားကြရမှာလဲ ဘကြီး"

"အရိယာပုဂ္ဂိုလ်တွေကတော့ သေပြီးရင် သွားရမဲ့နေရာက မြဲတယ်။ အထက်ကို တက်ကြတယ်။ ဘယ်တော့မှ အောက် အပါယ်ကို မဆင်းတော့ဘူး။ ဒါကြောင့် "အရိယာသေ ကန်ဒုံးကျည်" ဆိုပြီး ရှေးလူကြီးတွေ ဆိုရိုးစကား ပြုခဲ့ကြတာလေ"

ဒီတစ်ခါတော့ အဘိုးအို ရွှီးကောင်းတိုင်း ဆက်ရွှီးနေမှန်း သိလိုက်၏။ လိုက်လဲ လိုက်ဖက်တဲ့ တူမနဲ့ဘကြီး။ ဘယ့်နှယ် လာပြန်ပြီ။ "အရိယာသေ ကန်ဒုံးကျည်"တဲ့။ ကြုံးဖူးပေါင် ဂုဏ်ထူးဆောင်ပါဘဲ။ အဘိုးအိုတစ်ယောက် ပုထုဇဉ်တွေ အရိယာတွေကို  ကြုံသလို ဟိုပို့ဒီပို့ ပို့နေသည်ကို မြင်နေရကြားနေရသည်မှာ ရယ်ရမလို ပြုံးရမလို။

"ကန်ဒုံးကျည်ဆိုတာ ဘာကို ပြောတာလဲဟင် ဘကြီး"

"နင်က ဘိလပ်ပြည်ရောက်နေရဲ့သားနဲ့ ဒါလေးတောင် မသိဘူးလား။ ကန်ဒုံးကျည်ဆိုတာ အမေရိကန်က တာဝေးပစ်ဒုံးကျည်တွေကို ပြောတာ"

"ဘာဆိုင်လို့တုန်း ဘကြီး။ အရိယာနဲ့ ကန်ဒုံးကျည်က"

"အော်... ခက်လိုက်ပါဘိ တူမကြီးရယ်။ အမေရိကန် တာဝေးပစ်ဒုံးကျည်တွေက ဘယ်လောက် ဝေးကွာတဲ့ ပစ်မှတ် ဖြစ်ပါစေ၊ ပစ်လွှတ်လိုက်ရင် ဒက်ထိကွက်တိချည်းဘဲ။ ပစ်မှတ်ကနေ ဘယ်တော့မှ လွဲချော်ထွက်မသွားဘူး။ အဲဒီဥပမာလိုဘဲ။ အရိယာတွေ သေပြီးရင် သူတို့သွားရမဲ့ နေရာက ဒက်ထိကွက်တိ အထက်လမ်းတွေချည်းဘဲ"

အဘိုးအိုရဲ့ ဥပမာကြောင့် ကျနော် အပေါ်ထပ်မှနေပြီး ပြုံးနေမိလေ၏။ တဆက်ထဲ အဘိုးအိုကို စနောက်ချင်တဲ့ စိတ်လဲ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် အောက်ထပ်သို့ ခပ်သုတ်သုတ် ဆင်းပြီး သူတို့ ပြောနေတဲ့ ခေါင်းစဉ်လေးတွေ မလွဲကြသေးခင် ကျနော် ကြားဖြတ် ၀င်ပြောလိုက်လေ၏။

"ဟာ... အဘိုးအိုကလဲ.. ကန်ဒုံးကျည်တွေ ဒက်မထိ ကွက်မတိတာတွေ ရှိပါသေးတယ်။ ကျနော်နဲ့ သိတဲ့ ဂျပန် မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။ အမေရိကန်တာဝေးပစ် ဒုံးကျည်တွေလဲ ပစ်မှတ်စင်တာကနေ တစ်ပေလောက်ထိတော့ လွှဲနိုင်သေးတယ်တဲ့"

"ဟာ.. မောင်ရင်.. မင်းရောက်လာတာနဲ့ အတော်ဘဲ။ ငါက ဒီ နလပိန်းတုန်း တူမကြီးမို့ ယေဘုယျ ခြုံပြောလိုက်ရတာ။ မင်းပြောသလို ဒက်မထိ ကွက်မတိတဲ့ ကန်ဒုံးကျည်တွေ ရှိသလို အရိယာတွေလဲ ရှိကြောင်း ငါလဲ သိပါတယ်။ ဒါပေမဲ့ ဒီတူမကြီးကို အဲဒါတွေ ပြောလိုက်ရင် လည်ထွက်ကုန်မှာစိုးလို့ လိုရင်းတိုရှင်းဘဲ ပြောလိုက်ရတာလေ။ မင်းက အထွံ့တက်တတ်တဲ့သူဆိုတော့ ငါနဲနဲတော့ ချဲ့ပြောလိုက်ဦးမယ်"

"ဆက်ရွှီးပါ အဘိုး... အဲလေ.. ဆက်ပြောပါ အဘိုး။ ကျနော် နားထောင်နေပါတယ်"

"အရိယာပုဂ္ဂိုလ်တွေကို အတိုချုံးပြီး ဒီလိုလေး မှတ်ထားလိုက်ပေါ့..
၁။သောတာပန်အရိယာ
၂။သကဒါဂါမ်အရိယာ
၃။အနာဂါမ်အရိယာ
၎။ရဟန္တာအရိယာ ဆိုပြီးတော့ပေါ့။ ဒီလေးပါးထဲက နောက်ဆုံးအရိယာကတော့ ဒီဘ၀တင်ဘဲ နိဗ္ဗာန်ဝင်စံမှာပေါ့။ တတိယအရိယာကတော့ ဒီကာမဘုံကို ပြန်မလာတော့ဘဲ အထက်ဗြဟ္မာ့ပြည်မှာ  နိဗ္ဗာန်ဝင်စံမှာပေါ့။ ဒုတိယအရိယာကတော့ ဒီကာမဘုံကို တစ်ကြိမ်သာလာပြီး နိဗ္ဗာန်ဝင်စံမှာပေါ့။ အခု ပြောချင်တာက ပထမအရိယာဖြစ်တဲ့ သောတာပန်အရိယာအကြောင်းပါ။ အရိယာသေ ကန်ဒုံးကျည် ဆိုတာ ဒီအရိယာကို ဆိုလိုတာပါ။ အရိယာဖြစ်ပေမဲ့ ကာမဘုံထဲ ၇ ကြိမ်လောက် လည်တယ်တယ် ဖြစ်နေသေးတဲ့အတွက် ကန်ဒုံးကျည်လို နဲနဲလေးတော့ လွဲနေတတ်တဲ့ သဘောကို ဆိုလိုတာပါ"

"ဆက်ရှင်းပါ အဘိုး"

"အဲဒီ သောတာပန်အရိယာဟာ သုံးမျိုးသုံးစားရှိတယ်
၁။ဧကဗီဇိသောတာပန် (ဒီဘ၀မှာဘဲ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်စံမဲ့အရိယာ)
၂။သတ္တက္ခတ္တုပရမသောတာပန် (၇ ဘ၀မြောက်မှာ  ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်စံမဲ့အရိယာ)
၃။ကော့လန်ကော့လန် သောတာပန်...................."

"အာ... အဘိုးကလဲ... ကောလံကောလ သောတာပန်လို့ လုပ်စမ်းပါ။ ဘယ့်နှယ် ကော့လန်ကော့လန် ဖြစ်သွားရတယ်လို့။ ငရဲတွေ ကြီးနေပါဦးမယ်"

"အေးကွာ.. ငါက မောင်ရင်တို့လို ပါဠိစကားလုံးမှ မနိုင်ဘဲကို။ ဒီတော့ လွယ်လင့်တကူ ကော့လန်ကော့လန်လို့ဘဲ မှတ်ထားလိုက်တယ်လေ။ အဲဒီလို မှတ်မယ်ဆိုလဲ မှတ်ချင်စရာရယ်။ အဲဒီ နံပါတ် ၃ သောတာပန်က ဟိုဘ၀မှာ ရဟန္တာဖြစ်မှာလိုလို ဒီဘ၀မှာ ရဟန္တာဖြစ်မှာလိုလိုနဲ့ ကော့လန်ကော့လန် ဖြစ်မနေဘူးလား"

အဘိုးအို ပြောမယ်ဆိုလဲ ပြောချင်စရာ။ အဲဒီ ကောလံကောလ သောတာပန်အရိယာပုဂ္ဂိုလ်ဟာ နှစ်ဘ၀မြောက်ကနေ ခြောက်ဘ၀မြောက်အထိ တစ်ဘ၀၀မှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ဝင်စံလေ့ရှိတယ်တဲ့။ ဒီတော့ ဒီဘ၀တင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်စံမဲ့အရိယာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကန်ဒုံးကျည် ပစ်မှတ် နဲနဲလွဲနိုင်သလို အရိယာတွေလဲ ဘ၀ပါးပါးလေးတော့ လွဲနိုင်သေးတယ် မဟုတ်လား။

"အဘိုးက ဗဟုသုတတွေ အများကြီး ရှိတယ်နော်။ ဒါနဲ့ စကားမစပ် အဘိုးကကော အရိယာစာရင်းထဲ ၀င်နေပြီလား"

"ကျားသားမိုးကြိုး မောင်ရင်ရာ။ မိုးကြိုးတွေတော့ ပစ်ကုန်တော့မှာဘဲ။ ဘယ်ကလာ အရိယာစာရင်းထဲ ၀င်ရမှာလဲ။ ပုထုဇဉ်မှ ပုထုဇဉ်အစစ်။ ပုထုဇဉ်စစ်လိုက်သမှ အညံ့စား ပုထုဇဉ်စာရင်းထဲ ၀င်နေလောက်တယ်"

အဘိုးဖာသာ အဘိုးသိရင် ပြီးရော....ဟု ကျနော် မပြောလိုက်ပါ။ ပြောလဲ မပြောရက်ပါ။ ပြောလဲ မပြောရဲပါ။ အဘယ့်ကြောင့်ဆိုသော် အဘိုးအိုတစ်ယောက် ညစဉ်ညတိုင်း သန်းခေါင်ကျော်အချိန်မှာ အိပ်ရာက ထထပြီး ဘုရားစင်ရှေ့ တရားထိုင်နေတာ ကျန်တော် မြင်တွေ့နေကျ မဟုတ်လား။

"သိပါဘူး။ အဘိုးက ညတိုင်း တရားတွေ နင်းကန်ထိုင်နေတော့ ဧကန္တ တစ်မဂ်တစ်ဖိုလ်တွေများ ရနေပြီလားလို့"

"မောင်ရင်ရာ... တရားထိုင်တိုင်း တစ်မဂ်တစ်ဖိုလ် ရကြစတမ်းဆိုရင် လူတိုင်းလူတိုင်း အရိယာတွေ ဖြစ်နေကြရောပေါ့"

"ဒါနဲ့ အဘိုး မသိလို့ မေးပါရစေ။ အဘိုး တရားထိုင်နေရင်း ခန္ဓာကိုယ်ကြီး ဘယ်ညာယိမ်းထိုးနေတာဟာ တရားအရသာတွေကို တွေ့နေတဲ့အတွက်ကြောင့်လား မသိဘူး"

"ငါ့လခွမ်းမှဘဲ။ မင်းကတော့ လုပ်တော့မယ်။ အဲဒါ တရားတွေ့နေတာ မဟုတ်ဘူး။ မသေမချင်း ဟိုဒင်း ကြမ်းကြားညှပ် မှတ်ထားလိုက်ဦး။ အဲဒါ အိပ်ငိုက်နေတာ အိပ်ငိုက်နေတာ"

"ဟား ဟား ဟား။ အဘိုးကတော့ လုပ်ရော့မယ်။ ဒါဖြင့် အဘိုးက တချိန်လုံး ခန္ဓာကိုယ် ယိမ်းထိုးနေတာဆိုတော့ တချိန်လုံး အိပ်ငိုက်နေတယ်ဆိုတဲ့ သဘောလား"

"ဟေ... ဟုတ်လား။ သိပါဘူးကွာ။ စိတ်ကလဲ ဘာဖြစ်နေမှန်းမသိဘူး။ တရားထိုင်တော့မယ်လုပ်တိုင်း အိပ်ချင်နေတယ်။ ကျန်တဲ့ အချိန်တွေဆို လန်းဆန်းနေတာဘဲ "

"ဒါကြောင့် ဟို ဆိုရိုးစကား ရှိခဲ့တာ ထင်တယ် အဘိုး"

"ဘယ် ဆိုရိုးစကားလဲ"

"ဟိုလေ.... "ဘုရားရိပ် တရားရိပ်များ တယ် အိပ်ကောင်းဆိုဘဲ" ဆိုတဲ့ ဆိုရိုးစကားလေ"

"ခွီးးး.... "ဘုရားရိပ်တရားရိပ်များ  တယ်  အေးချမ်းဆိုဘဲ"... လို့ လုပ်စမ်းပါ မောင်ရင်ရာ"

"နို့ သိမှ မသိဘဲ။ အဘိုးက တရားထိုင်တိုင်း ယိမ်းထိုးနေတာကိုးးး။ အဲ... ဒါပေမဲ့ ဘာမှ အားမငယ်နဲ့ အဘိုး။ အဲဒီလို တရားထိုင်ရင်း ခန္ဓာကိုယ်ယိမ်းထိုးတတ်တာ အဘိုးတစ်ယောက်ထဲ မဟုတ်ဘူး။ ကျနော်တို့ တုံးဖလားရွာက ခင်မြတို့ခင်လှတို့ ညီအမလဲ ယိမ်းထိုးခဲ့ကြတယ်တဲ့"

"အင်း... ဆိုစမ်းပါဦး"

"တစ်ခါတုန်းက ကျနော်တို့ တုံးဖလားရွာနဲ့ မိုင်နှစ်ဆယ်လောက် အကွာအဝေး ရွာလေးတစ်ရွာမှာ မဟာစည်ဆယ်ရက်စခန်း သွင်းသတဲ့။ ခင်မြနှင့်ခင်လှတို့ ညီအမနှစ်ယောက်လဲ ရည်ရွယ်ချက်နှစ်ခုနဲ့ အဲဒီ တရားစခန်းမှာ တရားသွားထိုင်ကြသတဲ့"

"အင်းးးး အဲဒီ ရည်ရွယ်ချက်နှစ်ခုက ဘာတဲ့လဲ"

""တရားလဲရ ခန္ဓာကိုယ်လဲ လှ" တဲ့ အဘိုး"

"တရားထိုင်တာနဲ့ ဘယ်လိုလုပ် ခန္ဓာကိုယ်က လှပြန်ရမှာတုန်း"

"ဒါက ဒီလိုရှိတယ် အဘိုး။ သူတို့နှစ်ယောက်လုံးက နဲနဲဝတော့ ၀ိတ်လျော့ချင်ကြတာလေ။ ရိပ်သာဆိုတော့ တစ်ရက်မှ ထမင်းနှစ်ထပ်ဘဲ စားရတော့မှာ မဟုတ်လား။ ပြီးတော့ အိပ်ချိန်လဲ သိပ်မရှိကြဘူး မဟုတ်လား။ အအိပ်အစား လျော့လိုက်ရင်တော့ သေချာပေါက် ခန္ဓာကိုယ်က မော်ဒယ်စတိုင်လ်မျိုး ထွက်လာနိုင်တယ်ပေါ့။ အဲဒီလို အကြံနဲ့ သူတို့ ညီအမနှစ်ယောက် ရိပ်သာ ၀င်ခဲ့ကြတာလေ။ တရားဟော တရားပြ ဆရာတော်လေးက တရားပြကောင်းရှာပါတယ်။ ဒါပေမဲ့ သူတို့ ညီအမ နှစ်ယောက်လုံး ညနေစာ မစားရတာကို အကြောင်းပြပြီး မနက်စာ ထမင်းနှစ်ထပ်ကို အ၀အပြဲ စားကြတာပေါ့။ အစာစားတာ များတော့ တရားထိုင်ရင်း ငိုက်တဲ့အခါငိုက်၊ အိပ်ပျော်တဲ့အခါ အိပ်ပျော်နဲ့။ တရားမရတဲ့ အပြင် ခန္ဓာကိုယ် ၀ိတ်တွေပါ တက်လာခဲ့ရော ဆိုဘဲ။ အဲဒါကြောင့် သူတို့ ညီအမနှစ်ယောက်ကို သူငယ်ချင်းတွေက သံပေါက်ကဗျာလေးနဲ့ ၀ိုင်းစလေ့ ရှိကြသတဲ့"

"ဘယ်လို သံပေါက်ကဗျာလေးနဲ့လဲ "

"မဟာစည်ရိပ်သာ၊ ၀င်ခဲ့တာ၊ ထိုင်ကာ အိပ်တတ်သည်"
"ခင်မြခင်လှ၊ ပိုလို့ဝ၊ ၀က်မ ရှုံးလောက်သည်"
"တုံးဖလားရွာ၊ များသူငါ၊ ခါခါ ပြောတော့သည်" ဆိုတဲ့ ကဗျာလေးလေ"

"ဟား ဟား ဟား မင်းကတော့ မဟုတ်က ဟုတ်ကဆို တော်တော် မှတ်ဥာဏ်ကောင်းတဲ့ကောင်။ အေး... ပြောရရင်တော့ ခင်မြတို့ ခင်လှတို့မှ မဟုတ်ဘူး။ ငါကိုယ်တိုင်လဲ တရားနာရင်း အိပ်ပျော်ခဲ့ဖူးတယ်"

"ဟုတ်လား အဘိုး။ ဘယ်မှာ အိပ်ပျော်ခဲ့တာလဲ"

"ရွာဦးကျောင်းမှာ"

"စိတ်ဝင်စားစရာဘဲ"

"အဲဒီအချိန်တုန်းက ငါ့အသက် ၆၀ ကျော် အရွယ်ပေါ့ကွာ။ ဥပုသ်နေ့တွေဆိုရင် ထုံးစံအတိုင်း ရွာဦးကျောင်းမှာ ဥပုသ်သီလ ဆောက်တည်၊ တရားနာ၊ တရားထိုင် လုပ်ရတယ် မဟုတ်လား။ တရက်သားကျတော့ တရားနာရင်း အိပ်ချင်တာနဲ့ တရားအာရုံပြုသလိုလို ဘာလိုလို လုပ်ပြီး ခန္ဓာကိုယ်ကို ၀ပ်ချလိုက်ပြီး မှေးလိုက်တာ တခါထဲ အိပ်ပျော်သွားရောဘဲ။ ဟောက်တောင်ဟောက်လိုက်သေးတယ်တဲ့။ တခြားဥပုသ်သည်တွေ ပြောပြမှ သိရတာ။ အဲဒီအကြောင်း စဉ်းစားမိတိုင်း ငါ့မှာ ရှက်လိုက်တာ လွန်ရောဘဲ"

"အဘိုး တရားနာရင်း အိပ်ပျော်တဲ့အကြောင်း ကြားရတော့ ကျနော် ဟို ရှစ်လုံးဖွဲ့ကဗျာလေးကို ပြေးအမှတ်ရမိလိုက်တယ်"

"ဘယ် ကဗျာလဲ"

""ဥပုသ်စောင့်သွား၊ တရားနာသော်
ဘိတ်ဆုံးဒေါင့်ခြား၊ နောက်ဖျားကမျှော်
မျက်တောင်စင်းလို့၊ ဟောက်ရင်း အိပ်ပျော်
တရားဆုံး၊ တုံးလုံး စက်တော်ခေါ်" ဆိုတဲ့ ကဗျာကို ပြောတာပါ အဘိုး"

" မင်းက ကျန်တဲ့ နေရာမှာသာ သုံးစားမရတာ။ ဒီလိုမျိုး ကပျက်ကချော် မှတ်သားရမယ်ဆိုရင်တော့ ထိတ်တန်းထဲကဘဲ။ မင့်ကို လိုက်မမီဘူး။  အေးလေ..... မင်းပြောမယ်ဆိုလဲ ပြောချင်စရာရယ်။ ငါကလဲ အသက်ကြီးလာလေ ထိနမိဒ္ဓတွေ များလာလေကိုး။ နေ့တိုင်း အိပ်တာတောင် အိပ်ရေးမ၀ ဖြစ်နေတယ်"

ကျနော်နဲ့ အဘိုးအို စကားကောင်းနေခိုက် အဘိုးအိုရဲ့ တူမ တစ်ယောက် စကားဝိုင်းထဲ ၀င်မရတဲ့အတွက် ပြန်လိုက်ပါဦးမယ်ဆိုပြီး နှုတ်ဆက် ပြန်သွားလေ၏။ သူ ပြန်သွားသော်လည်း ကျနော်တို့ကတော့ လေကန်နေဆဲပင်။ 

"အဘိုး ထိနမိဒ္ဓများလာတယ်ဆိုတာ စဉ်းစားပြီး ဘာမဆိုင် ညာမဆိုင် ဟို ကျော်ဟိန်းဇာတ်ကားကို ပြေးမြင်ယောင်မိလိုက်သေးတယ်"

"မဟုတ်က ဟုတ်က ပြောတော့မယ် ထင်ပါ့"

"ဟီး.. ဟီး..ဟီး.. အဘိုးက ကြိုသိနေတယ်။ ဒီလို အဘိုးရဲ့။ အဲဒီ ဇာတ်ကားထဲမှာ ကျော်ဟိန်းက အသက်ငါးဆယ်ကျော်အရွယ်။ အကြောင်းအမျိုးမျိုးကြောင့် ၁၆ နှစ်အရွယ် မိန်းခလေးတစ်ဦးနဲ့ မင်္ဂလာဆောင်ဖြစ်ကြတယ်။ မင်္ဂလာဧည့်ခံပွဲက နေ့ခင်းမှာ အပြီးလုပ်လိုက်တယ်။ အဲဒီနောက် ညနေ ၄ နာရီလောက်ဘဲ ရှိသေးတယ်၊ ကျော်ဟိန်းက သူ့ဇနီးပူပူနွေးနွေးလေး ရှေ့မှာ  ခဏခဏ အာ တသမ်းသမ်း ဖြစ်နေရော...အဲဒါလဲ ထိနမိဒ္ဓရဲ့ သဘောလား မသိဘူးနော် အဘိုး."

"ဟား ဟား ဟား... ဒီကျော်ဟိန်းဆိုတဲ့ကောင် အတော်ဆိုးတဲ့ ကောင်ဘဲ။ ညနေ လေးနာရီလောက်ကထဲက အာသမ်းပြနေရတယ်လို့"

"ဘာလဲ အဘိုးက ဒီကောင် ကြီးတောင့်ကြီးမားနဲ့ ဒီလိုဖြစ်စရာလားဆိုပြီး စိတ်မကြည်မသာ ဖြစ်နေတာလား"

"မဟုတ်ပါဘူးကွာ။  ဟီး ဟီး ဟီး ငါသာဆို နေ့လည် ၁၂ နာရီလောက်ကထဲက  တသမ်းသမ်း တဝေေ၀နဲ့ အသားကုန် အာသမ်းပြပစ်လိုက်မယ် ဆိုပြီး စဉ်းစားမိလို့ပါ"

"ဟား ဟား ဟား။ အဘိုးကတော့ ရယ်စရာတွေ ပြောရော့မယ်။ အဘိုးအကြောင်း ကျနော် အသိဆုံးပါ။ အဘိုးမှာ အဲဒီ စိတ်တွေ သိပ်မရှိလောက်တော့ပါဘူး"

အဘိုးအိုရဲ့ တူမကြီးလဲ မရှိတော့ပြီမို့ စကားတွေ တောင်ရောက်မြောက်ရောက် ဖြစ်ကုန်သည်။ ဘယ်ကနေ ဘယ်လို စကားမျိုးထဲ ရောက်သွားသည်မသိ။

"ဟ.. မောင်ရင်ရ... သေချာ မှတ်ထား။ ပုထုဇဉ်ဆိုတာ သံပုရာသီးလိုဘဲ။ ကြီးလေ ချဉ်လေ ဆိုတဲ့ အထဲကတွေချည်းဘဲ။ စပ်မိလို့ ပြောရဦးမယ်"

"ပြောပါ အဘိုး"

"ဟိုတုန်းက ရွာတစ်ရွာမှာ အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက် ရှိတယ်တဲ့။ သူ့ခမျာ သူနှင့်ရွယ်တူ ရွာကကောင်မလေးတွေကို မြင်တိုင်း ကာမ၀ိတက်တွေ တဖွားဖွား ဖြစ်ပေါ်နေသတဲ့။ အဲဒိစိတ်နဲ့ စာကျက်လဲမရ၊ အလုပ်လုပ်လဲ မဖြောင့် ဖြစ်နေသတဲ့။ အဲဒါနဲ့ တစ်နေ့မှာ သူတို့ရွာထဲက အသက်ရှစ်ဆယ်ကျော် အဘိုးအို တစ်ယောက်ထံ သွားချဉ်းကပ်သတဲ့။ အဘိုးအို နေပုံထိုင်ပုံလေးက အေးအေးချမ်းချမ်းလေးဆိုတော့ အကြံဥာဏ်တွေအတွက် အားကိုးချင်စရာ မဟုတ်လား"

"အင်း"

"ဒါနဲ့ အဲဒီကောင်လေးဟာ အဘိုးအိုကို သွားပြောသတဲ့။ အဘိုးရယ်... ကျနော့်မှာ ကာမ၀ိတက်တွေ အရမ်းသောင်းကျန်းနေတယ်။ ကျနော်နဲ့ ရွယ်တူ အမျိုးသမီးတွေဆိုရင် စိတ်နဲ့ ပစ်မှားမိတဲ့ အကြိမ် မနည်းဘူး။ အဘိုးတို့လို အေးအေးချမ်းချမ်းဘဲ ကောင်းတယ်။ အဘိုးလို အေးအေးချမ်းချမ်း ကာမ၀ိတက်မရှိဘဲ နေနိုင်မဲ့ နည်းလမ်းကို ကျနော့်ကို ညွန်ပြသင်ကြားပေးပါ လို့ ဆိုသတဲ့"

အဲဒီတော့ အဲဒီအဘိုးအိုက ပြန်ပြောသတဲ့။ မောင်ရင်... ဘယ်သူက ငါ့ဆီမှာ ကာမ၀ိတက်တွေ မရှိဘူးလို့ ပြောသလဲ။ အမှန်ဆို မင်းကမှ တော်သေးတယ်"

"ဘယ်လို အဘိုး"

"ဘယ်လိုမှ မဟုတ်ဘူး။ မင်းကမှ မင်းနဲ့ ရွယ်တူ မိန်းခလေးတွေကိုသာ ပစ်မှားမိတာ။ ငါ့မှာတော့ အခုထက်ထိ ၁၆ နှစ်အရွယ် မိန်းခလေးက စပြီး အိုအိုတွတွ အသက် ရှစ်ဆယ် အဘွားအိုအရွယ်ထိ ပစ်မှားနေမိတုန်းဘဲလို့ ဆိုရှာသတဲ့ကွ"

"ဟား ဟား ဟား။ ကျနော့်အထင်တော့ အဲဒီ အဘိုးအိုဟာ တစ်ခြားလူ မဟုတ်လောက်ဘူး။ အဘိုးဘဲ ဖြစ်ရမယ်။ အခု အဘိုးက အသက် ၈၇ ဆိုတော့ ၁၆ နှစ်သမီးကနေ အသက် ၈၇ ရွတ်တွတွအဘွားအိုအထိ စိတ်ကူးယဉ်နေတုန်းဘဲ မဟုတ်လား"

"မင်းကတော့ လုပ်ပြီ လူကြီးကို"

"ဟား ဟား ဟား...  အဘိုးကတော့...
ဖန်တွတွကြီးလဲ... ယူမှာဘဲ...
အိုတွတွကြီးလဲ.....ယူမှာဘဲ...
ရွတ်တွတွကြီးလဲ..ယူမှာဘဲ...
အားလုံး...............ယူမှာဘဲ....
အကုန်လုံး...........ယူမှာဘဲ..
ဟား ဟား ဟား.........း)"

"ဟေ့ကောင်။ တော်တော့လေ။ တော်တော့..  အာ... ဒီကောင်... ပြောလေကဲလေပါလား။ ငါ တောင်ဝှေးနဲ့ လှမ်းရိုက်လိုက်ရ"

အဘိုးသည် ပါးစပ်ကလဲ ပြော၊ မြွေခေါင်းတံဆိပ် တောင်ဝှေးကိုလဲ ဆွဲယူလိုက်ပြီး ကျနော့်ကို ရိုက်ဖို့ဟန်ပြင်နေ၏။ သို့သော် သူမျက်စိထဲ၌ ပြုံးရိပ်သန်းနေဆဲဖြစ်၏။ အခုလို အချင်းချင်း စနောက် နေရတာကို ကြည်နူးနေပုံရလေ၏။ ကျနော်လဲ ဆင်ဝှေ့ရန်ရှောင် သဘောမျိုး ကျင့်သုံးပြီး အဘိုးအို အပါးမှ ဖဲခွါပြီး အပေါ်ထပ်သို့ တက်ပြေးခဲ့လေတော့သတည်း။ သို့သော် ပါးစပ်ကတော့ အအော်မပျက်။

"ဖန်တွတွကြီးလဲ... ယူမှာဘဲ...
အိုတွတွကြီးလဲ.....ယူမှာဘဲ...
ရွတ်တွတွကြီးလဲ..ယူမှာဘဲ...
အားလုံး...............ယူမှာဘဲ....
အကုန်လုံး...........ယူမှာဘဲ.."

................................................................................................................ပြီးပါပြီ။


...............................................................................................သဗ္ဗေသတ္တာ အဝေရာ ဟောန္တု
.....................................................................................................ကိုကိုမောင် (ပန်းရနံ့)

.

20 comments:

နွေတေးရှင် (မင်းဧရာ) said...

သူကြီးမင်း ၏......
ပေါက်ကရလေးဆယ်
သိမ်းကြုံးတွယ် ကိုဖတ်ပြီး ရယ်လိုက်ရတာ ပြောမနေနဲ့ ။

နတ္ထိ said...

အရိယာသေ ကန်ဒုံးကျဉ်...စပ်ပနာကတော့ လန်းပါပေတယ် :)

Aung Htut said...

မှတ်ငညူလေညပ်အါတာ် ငုပြီူမက်ူ/ာ်ယယယ

Aung Htut said...

ဟင်... ဘာတွေ ပေါ်ကုန်တယ် မသိ... မှတ်သားလောက်ပါတယ် သူကြီး မင်းရယ် လို့ ရေးလိုက်တာ

ချစ်စံအိမ်~2028~ said...

ရေးလည်း ရေးတတ်ပါ့ တဂျီးရယ် :D

~ Kk ~

အန်တီလေးမေခင် said...

သူကြီမင်းရေ
မပြုံးပဲဝါးလုံးကွဲအောင်ရယ်လိုက်ရတာ...
ရေးတတ်ပါပေ့ကွယ်။
ခင်တဲ့အန်တီလေးမေခင်

Fridaymay said...

Thanks for your new post.

မိုးနတ်ကြယ်စင် said...

အသစ်တက်လာတဲ့နေ့ကတည်းက
လာဖတ်ချင်နေတာ...ဘယ်လိုမှကို
မအားလို့...သူကြီးပို့စ်ကလဲ
အရှည်သားမဟုတ်လားးးးးး
ဒီညတော့ လာဖတ်ဖြစ်ပြီ...အဲလေ
လာရယ်ဖြစ်ပြီ ပြောပါဒယ်....:)
ပို့စ်တွေတင်တာ နဲနဲကျဲသွားတယ်နော်..
အလုပ်တွေတော်တော်များနေတယ် ဟုတ်စ
အရင်လို ကဗျာတွေ စာတွေ မကြာမကြာ
ပြန်ဖတ်ချင်တယ်....ရန်လဲဖြစ်ချင်တယ်...
ရန်မဖြစ်ရတာ ကြာတော့ ပျင်းတယ်ဗျာ
သိလား လူကြီးးးးးးးးးးးး
ဂွတ်နိုက်ထ်ဗျို့ :)))))

တဂျီးရဲ့ ခစ်လှစွာသောဝ်
မိုးနတ်စွာကျယ် :PPPPPPPPPPPPP

ကူးကူးလှိုင် said...

ကော့လန်ကစပြီးရယ်လိုက်ရတာ...

ဟန်ကြည် said...

ကော့လန်ကော့လန် သောတာပန်ဆိုတာကို ဖတ်ရင်း အညာက မေမေ့ဘက်က အဘွားကို ပြေးသတိရတယ်...အမေရိကန်သမ္မက ရောဘတ်ကနေဒီကို သူမှတ်ထားပုံက ထောပတ်စလေဘီ တဲ့ ... ကောင်းရော...အံမယ် သူက သူ့မှတ်နည်းကောင်းကြီးကို လူကြားထဲက တကြွားကြွားနဲ့ဗျား...

တရားနာရင်း အိပ်ပျော်တဲ့အကြောင်း ဖတ်ရင်းနဲ့ ကြာနီကန်ဆရာတော်ရဲ့ ဆားထမ်းဆင်နင်းသတဲ့ ဆိုတဲ့ ဟာသကို ပြန်ကြားယောင်ပါလေရော...

နောက်ဆုံးပိုဒ်ဖတ်ရင်းနဲ့ အင်း...တို့သူကြီးလည်း ရာသီကို စာညီညှိရင်း ၀ိတက်ကာမာနဲ့ အနေခက်နေရှာပါပကောလားလို့ စဉ်းစားမိပါကြောင်း ...

ဟန်ကြည် said...

ဟ အပေါ်က ကိုအားထောင် အီးစံကွားလို ရေးသွားတယ်ဖြစ်မယ်...ဖတ်လို့တောင် မရပါကလားး)

blackroze said...

သူကြီး
ပစ်ပစ်ကိုလည်း ကန်ဒုံးကျည်
တခုလောက်ပေးစမ်းပါ
ပြစ်မှတ်ကိုတခါတည်းထိအောင်
ပြစ်ချင်လို့

ဟီးးးဟီးးး

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ သူကြီး
ဖတ်သွားပါတယ်
မရောက်တာအတော်ကြာသွားပေါ့
နေကောင်းကျန်းမပါစ ခင်ဗျာ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အရိယာလည်း ဒုံးကျည်လို လွဲတတ်သေးပါလား လို့ခွဲခြားနားလည်သဘောပေါက်သွားတယ် သယ်ဂျီးရေ......း)

Anonymous said...

ဗပာုသုတလည်းရတယ်။ ရယ်လည်းရယ်ရတယ်။စာရေးကောငိး လိုက်တာ။

SMT

မိုးသက် said...

အိုးအို.. တရားစာပေတွေအများကြီး ဖတ်ထားတယ်.။ သူကြီးမင်းရ..။ ဖတ်ရတာ မိုက်တယ်.။

Ma Tint said...

စပ်ပနာပေါင်းစုံကနေ အနှစ်သာရလေးတွေ ကောက်နှုတ်သွားတယ် သူကြီးမင်းရေ.... အဖိုးအိုပြောသလို ကဗျာဖက်မှာ သူမတူအောင် ထူးထူးခြားခြား ပေါက်ကရစပ်တတ်တဲ့ သူကြီးမင်းကို ဘလော့ဂါနံပါတ်ပေးတဲ့အချိန်ကျရင် တီတင့်ကလဲ အထူးဆု ဆုချမယ် စိတ်ကူးတယ် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းဧရာ said...

ပိုစ့်ကိုရော..
ကော်မန့်တွေကိုရော
နောက်တစ်ခေါက် ထပ်ဖတ်ပြီး
ရယ်နေမိတယ် သူကြီးရေ... ။

ဘုန်းနှစ်တောက် said...

ဟိ ဟိ ဟဲ ဟဲ ဟား ဟား
(အသံမျိုးစုံဖြင့် ရယ်ကြည့်သည်)

မှတ်သားစရာတွေ အောတိုက်ကြီးပါလား သူကြီးမင်း
ဘာတဲ့ "ပုထုဇဉ်နဲ့ထန်းသီးကြွေ
အရိယာနဲ့ကန်ဒုံးကျည်" ဟုတ်လား။

ကဗျာစပ်တတ်တဲ့သူတွေက ဘာအကြောင်းစပ်စပ် အကုန်စပ်တတ်ပါ့နော်...

စံပယ်ချို said...

စာဖတ်ပြီးရယ်လိုက်ရတာရယ်နော်
တခါကွန်မက်တွေဖတ်ပြီးထပ်ရယ်ရပြန်ရော
အရယ်နှစ်ထပ်ကွမ်းပေါ့သာဂျီးရေ
ခုမှရောက်ဖြစ်တယ် အရှုပ်တွေလုပ်နေရလို့ပါ