သီတင်းကျွတ်ကာလ၌ ရွာဦးကျောင်းဆရာတော်အား ကန်တော့ရန်ဟူသော အကြောင်းပြချက်ဖြင့် ကိုရင်တက်ပု ရွာသို့ ပြန်ရောက်လာ၏။ ငါးနှစ်ခန့် ရွာနဲ့ ကင်းကွာသွားသည့်အတွက် ရွာသူရွာသားတို့သည် သူ့အား ကောင်းကောင်းပင် မမှတ်မိကြ။ နောက်မှ ကိုရင်တက်ပုအစစ်ကြီးမှန်း သဘောပေါက်ကြလေ၏။ ကိုရင်တက်ပုသည် "မန္တလေးစကား မော်လမြိုင်အစား ရန်ကုန်အကြွား" ဆိုသည့်အတိုင်း ရန်ကုန်မှာ နေခဲ့သူပီပီ စကားပြောတိုင်း ကြွားလုံးလေးတွေ ပါလာတတ်၏။ ရွှေတိဂုံ ဘုရားပရ၀ုဏ်ကြီးက တုံးဖလား တစ်ရွာလုံးဧရိယာထက် ပိုမိုကြီးမားကျယ်ပြန့်ကြောင်း၊ ရန်ကုန်မြို့ရှိ ကွန်ဒိုအိမ်တစ်လုံးတွင် နေထိုင်ကြသည့် လူဦးရေသည် တုံးဖလားတစ်ရွာလုံးရှိ လူဦးရေထက် ပိုမြားပြားကြောင်း၊ ရန်ကုန်သူ ရုပ်အဆိုးဆုံးပင်လျှင် တုံးဖလားရွာသူ ကွမ်းတောင်ကိုင်ထက် ပိုလှပချောမောကြောင်း၊ ရန်ကုန်မြို့ပေါ် ပျံသန်းသည့် လေယာဉ်ပျံကြီးသည် လေးခွနဲ့ ပစ်လို့ရလောက်အောင် ခပ်နိမ့်နိမ့် ပျံသန်းလေ့ရှိကြောင်း၊ ရန်ကုန်မြို့တွင်း ဖြတ်သန်းစီးဆင်းသည့် ငမိုးရိပ်ချောင်းကြီးသည် တုံးဖလား ချောင်းထက် အဆ သုံးဆယ်ခန့် ပိုမိုကြီးမားကြောင်း၊ နံနက်အရုဏ် ဆွမ်းခံကြွလေ့ရှိသည့် သံဃာတန်းရှည်ကြီးမှာ ၂ မိုင်မက ရှည်လျားကြောင်း၊ သူနေထိုင်သည့် စာသင်တိုက်မှ စာချဘုန်းကြီးတစ်ပါးဝတ်သည့် သင်္ကန်းတစ်စုံ တန်ဖိုးသည် ရွာက နွားတစ်ရှဉ်းတန်ဖိုးထက် ဈေးပိုကြီးကြောင်း စသဖြင့် စသဖြင့် အာပေါင်အာရင်းသန်သန် ကြွားတတ်လေ၏။ ထို့အပြင် စကားပြောလျှင် မကြာမကြာ အင်္ဂလိပ်လိုပါ ညှပ်ပြောလေ့ရှိ၏။ ထို့ကြောင့် ကိုရင်တက်ပု တစ်ယောက် ရွာသူရွာသား အများစု၏ အထင်ကြီးလေးစားခြင်းကို ခံရလေသည်။ ကိုရင်တက်ပု၏ ကြွားလုံးများကို ရွာသူရွာသားများသည် ပါးစပ်အဟောင်းသား မျက်စိအပြူးသားဖြင့် စိတ်ဝင်တစား နားထောင်နေကြရရှာလေ၏။
တောရွာဓလေ့အတိုင်း အရေးအကြောင်းဆို ဘုန်းတော်ကြီးကျောင်းဝင်းထဲ စုကြစမြဲဖြစ်၏။ ယနေ့သည်လည်း မနက်ဖန် ဥပုသ်နေ့မှာ ဥပုသ်သည်များအား ဥပုသ်ဆွမ်းကျွေးဖို့အတွက် အပျိုလူပျိုများ ဘုန်းကြီးကျောင်းဝင်းအတွင်း ဥပုသ်ဆွမ်း ချက်ပြုတ်ကြ၏။ ဥပုသ်ဆွမ်း ဆွမ်းဟင်းများ ချက်ပြုတ်ပြီးသည့်အခါ ရွာဦးကျောင်းဆရာတော်က အပျိုလူပျိုများအား ဗီဒီယိုပြသပေး၏။ အပျိုများတောင်းဆိုချက်အရ မြန်မာဇာတ်ကားတစ်ကားနှင့် လူပျိုများ တောင်းဆိုချက်အရ နိုင်ငံခြား စစ်ကားတစ်ကား စသဖြင့် အချိုးကျ ပြသပေး၏။ ရွာထဲရှိ ကလေးလူကြီးများလည်း ရွာဦးကျောင်းမှ မီးစက်အင်ဂျင်သံ ကြားရသဖြင့် ဗီယိုပြဖို့ မီးစက်လည်တယ် ဆိုတာကို ကျိန်းသေပေါက် သိရှိကြလေ၏။ ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းထဲ လာရောက်ပြီး ဗီဒီယို ကြည့်ကြလေ၏။
နိုင်ငံခြားစစ်ကား ပြသသည့် အလှည့်ရောက်တဲ့အခါ ရွာသူရွာသားများက ဘာသာပြန်ပေးရန်အတွက် ကိုရင်တက်ပုအား အကူအညီတောင်းကြလေ၏။ နဂိုကမှ ခပ်ကြွားကြွားနေတတ်သည့် ကိုရင်တက်ပုသည် ဖန်သားပြင်ရှေ့ ငုတ်တုတ်ထိုင်ပြီး သိသမျှ မှတ်သမျှ ဘာသာပြန်ပေးလေတော့၏။ စစ်ကားဖြစ်တဲ့အတွက် စကားလုံးတွေက ခပ်ကြမ်းကြမ်းပင်။ ဇာတ်ကားထဲ၌ Bond, James Bond ဟုပြောသံ ကြားလျှင် ဒါက မင်းသားက သူ့ကိုယ်သူ မိတ်ဆက်ပေးနေတာ ဟူ၍လည်းကောင်း၊ F.... you man ဟုပြောလျှင် ဒါက ဆဲဆိုတာဟူ၍လည်းကောင်း၊ Sh...ဟုပြောလျှင် ဒါလဲ ဆဲရေးတိုင်းထွာနေတာဟူ၍ လည်းကောင်း၊ Move ဆိုလျှင် ဒါက တိုက်ခိုက်ဖို့ ရှေ့တက်ခိုင်းတာ ဟူ၍လည်းကောင်း၊ Fire ဆိုလျှင် ဒါက ပစ်မိန့်ပေးတာ ဟူ၍ လည်းကောင်း၊ Retrieve ဆိုလျှင် ဒါက အခြေအနေမကောင်းလို့ တပ်ပြန်ဆုတ်ခွါခိုင်းတာ ဟူ၍ လည်းကောင်း၊ စတိုင်လ်ကျကျ ဘာသာပြန်ပေးလေတော့၏။ ရွာသူရွာသားများမှာ ကိုရင်တက်ပုအား အထင်ကြီးလိုက်ကြသည့် ဖြစ်ခြင်း။ သို့သော် ရွာသားများ သတိမထားမိသည်မှာ ကိုရင်တက်ပုသည် သူနားလည်သည့် အင်္ဂလိပ်စကားကို ကြားလျှင် အတင်းဘာသာပြန်ပေးတတ်၍ နားမလည်သည့် အင်္ဂလိပ်စကားကိုမူ မကြားလိုက်သလိုလို တစ်ခြားဘက် မျက်နှာမူလိုက်ပြီး သတိမထားမိလိုက်သလိုလို၊ အိပ်ငိုက်နေသလိုလို ဟန်ဆောင်ပန်ဆောင် နေတတ်ခြင်းပင်ဖြစ်၏။ လမ်းပြင်သည့် လမ်းဗိုလ်အား ကားဖြင့် ခေါ်ဆောင်ပြီး လမ်းအခြေအနေကို ပြသသည့်အခါ ချောမွတ်ပြေပြစ်နေသည့် လမ်းအခြေအနေနဲ့ ကြုံခိုက် လမ်းကို သေချာကြည့်ရှုတတ်ပြီး ချိုင့်တွေ ခွက်တွေ ပြည့်နှက်နေသည့် နေရာနဲ့ ကြုံလျှင်မူ အိပ်ရေးမ၀သည့်ပုံစံဖြင့် အိပ်ငိုက်နေတတ်သကဲ့သို့ပင်တည်း။
တုံးဖလားရွာဦးကျောင်း၌နေထိုင်ရင်း တစ်နေ့သောအခါ ကိုရင်တက်ပု တစ်ယောက် အကြီးအကျယ် နေထိုင်မကောင်း ဖြစ်လေ၏။ ရပ်ရွာထဲရှိ ရိုးရာဗမာဆေးဆရာနဲ့ ကုသသော်လည်း လုံးဝ နလန်ထူနိုင်ခြင်း မရှိပေ။ နေ့ရက်ကြာလာသည်နဲ့အမျှ ကိုရင်တက်ပု အားအင်ဆုတ်ယုတ်လာပြီး ဖြူဖတ်ဖြူရော် ယဲ့သဲ့သဲ့ ဖြစ်လာလေ၏။ ဒီအတိုင်း ရွာမှာ ရိုးရာဆေးနဲ့ ကုသနေလျှင် လုံးပါးပါးသွားနိုင်သည်ကို သတိပြုမိ၍ သူကြီးမင်း ဦးဆောင်ကာ နွားလှည်းတစ်စီး ကပြီး နီးစပ်ရာ မြို့လေးတစ်မြို့ရှိ ဆေးရုံတစ်ခုသို့ ချီတက်ကြလေတော့၏။ နေ့လည်ခင်း ၁၁ နာရီခန့်လောက် ဆေးရုံသို့ရောက်၏။ လူနာကုတင်များစွာ ရှိနေသည့် ဟောခန်းတစ်ခုထဲ၌ နေရာရ၏။ လူနာတွေလဲ များလှပါဘိတောင်း။
ရောက်ရောက်ချင်း ကိုရင်တက်ပု အားနည်းနေသည်ကို သိ၍ အားဆေးအဖြစ် ဆလိုင်းတစ်ပုလင်း ချိတ်၏။ ညနေခင်းလောက်၌ ဆလိုင်းတစ်ပုလင်း ကုန်သွား၏။ ကိုရင်တက်ပုလဲ နဲနဲ ထူထူထောင်ထောင် ဖြစ်လာ၏။ သို့သော် အားရလောက်အောင်တော့ အခြေအနေမကောင်းသေးပေ။ ညနေပိုင်း၌ ဆရာဝန် ရောင်း လှည့်လာလေသည်။ ကိုရင်တက်ပုရဲ့ လူနာမှတ်တမ်းကို ကြည့်ပြီး အားအရမ်းနည်းနေတဲ့ လူနာမှန်း သိလေ၏။ ဆရာဝန်ကလဲ ခပ်ငယ်ငယ်မို့ ခပ်ပျော်ပျော်ပင် နေတတ်သည်ထင်၏။ ကိုရင်တက်ပုကို ကြည့်ပြီး "အင်း... ကိုရင်ဆိုပေမဲ့ လူပျိုပေါက် အရွယ် ဖြစ်နေပြီ၊ ဒီအချိန်ဟာ လူပျိုစိတ် ပြင်းထန်တဲ့ အချိန်ဘဲ" ဟု စဉ်းကားကာ ကိုရင်တက်ပုအား စနောက်လိုသည့် စိတ်ဖြင့် ပွင့်ပွင့်လင်းလင်းပင် "ကိုရင်... လက်ဆော့လေ့ရှိသလား" ဟု ပြုံးပြုံးကြီး မေးလေတော့၏။ ကိုရင်တက်ပုကလဲ အသံယဲ့ယဲ့ဖြင့်ပင် "ဒကာကြီး... ရေချိုးကာနီးတိုင်းတော့ ကိုရင် ဆော့တတ်ပါတယ်" ဟု အတည်ပေါက် ပြန်ဖြေလေ၏။ ဆရာဝန်တစ်ယောက်အံ့သွားကာ "ဟောဗျာ" ဟု အာမေဍိတ် ပြုချင်းချင်းပင် ကိုရင်တက်ပုဆီမှ စကားဆက်လက် ထွက်ပေါ်လာလေ၏။ ထိုအခါမှပင် ကိုရင်တက်ပု မြန်မာစကားကို မြန်မာလိုပင် ဘာသာပြန်မှားနေမှန်း ဆရာဝန် သိသွားလေသည်။ ကိုရင်တက်ပု ဆက်ပြောလိုက်သည့် စကားမှာ... "ရေချိုးကာနီးတိုင်း ချွေးထွက်အောင် ဒိုက်ထိုးတယ်၊ ဘားဆွဲတယ်၊ သိုင်းချတယ်" ဟူ၍ ဖြစ်လေ၏။
အမေးတစ်ခြား အဖြေတစ်ခြား ဖြစ်နေသည်မို့ ဆရာဝန်က "ကိုရင်.. အင်္ဂလိပ်စာ သင်ဖူးသလား" ဟု ဆက်လက် မေးမြန်းပြန်လေ၏။ ကိုရင်က "U.M.A သင်တန်းဆင်းပါဗျ။ ပြီးတော့ ရွာမှာလဲ အင်္ဂလိပ် ဗီဒီယိုဇာတ်ကား ဘာသာပြန်လုပ်ပေးနေတဲ့ ကိုရင်ပါဗျ" ဟု နေမကောင်းဖြစ်နေရင်းပင် ကြွားခွင့်ကြုံသောကြောင့် အားရပါးရ ကြွားလိုက်သေး၏။ ဆရာဝန်က "ဒါဖြင့် ကိုရင် Masturbation လုပ်လေ့ရှိသလား"ဟု ခပ်ပြုံးပြုံးပင် မေးပြန်လေ၏။ ကိုရင်တက်ပုကလဲ "ဒီဆရာဝန် လူကို အထင်သေးအမြင်သေးနဲ့ ပညာလာစမ်းနေသေးတယ်၊ ဒီလောက်အင်္ဂလိပ်စာကတော့ ပျင်းတောင်ပျင်းသေးတယ်" ဟု စိတ်ထဲ ရေရွတ်ပြီး လက်သုံးချောင်း ထောင်ပြကာ "ဒကာကြီး တစ်ရက်ကို သုံးခါတိတိ လုပ်လေ့ရှိတယ်ဗျားး" ဟူ၍ ဂုဏ်ယူဝံ့ကြွားစွာ ဖြေကြားလေတော့၏။
ဆရာဝန်မှာ မျက်လုံးပြူးသွားကာ "ဘုရား ဘုရား တစ်ရက် သုံးခါကြီးများတောင်လား ကိုရင်" ဟု ပြန်မေးလေရာ "ဟုတ်တယ် ဒကာကြီး မနက်အိပ်ရာထတစ်ခါ နေ့လည်ပိုင်းတစ်ခါ ည အိပ်ရာဝင်ခါနီးတစ်ခါ၊ စုစုပေါင်း တစ်ရက် သုံးခါတိတိလုပ်လေ့ရှိပါတယ်" ဟု မှင်သေသေပင် ပြန်ဖြေလေ၏။ ဆရာဝန်ကလဲ "အော်... ကိုရင် အားနည်းနေတာ ဒါကြောင့်ကိုး၊ နဲနဲတော့ လျော့ပါဦး ကိုရင်" ဟု မျက်နှာပျက်ပျက်ဖြင့် အကြံပေးလေရာ ကိုရင်တက်ပု တစ်ယောက် ဆရာဝန် မျက်နှာပျက်သွားသည်ကို သတိထားမိကာ မျက်လုံးပြူးသွားပြီး "တစ်ရက်သုံးခါ တရားထိုင်တာက ဒကာကြီးတို့ မျက်နှာပျက်စရာလား၊ အဲဒီလို တရားထိုင်တာက တကယ် အားနည်းစေတာလား" ဟု အသံခပ်ကျယ်ကျယ် စိတ်ပေါက်ပေါက်ဖြင့် မေးမြန်းလေတော့၏။ ထိုအခါကျမှ ဆရာဝန်ခမျာ ကိုရင်တက်ပုတစ်ယောက် Meditation နှင့် Masturbation ကို ဘာသာပြန်မှားနေမှန်း သဘောပေါက်သွားပြီး စိတ်မထိန်းနိုင်ဘဲ "တဟားဟား" ရယ်မောလေတော့၏။ ထိုရယ်မောသံကြောင့် အနီးရှိ လူနာကုတင်များပေါ်၌ ဆေးအရှိန်ဖြင့် မှိန်းနေကြသော လူနာ အတော်များများ လန့်ဖျတ်ပြီး ခေါင်းထောင် ကြည့်ကြလေတော့၏။
ဆရာဝန်လည်း အရယ်ရပ်ကာ "ကဲ.. ပေးထားတဲ့ဆေးကို မှန်မှန်သောက်နော် ဘုရား၊ လိုအပ်ရင် မနက်ဖန် ဆလိုင်းတစ်လုံး ထပ်ချိပ်ပေးမယ်" ဟု ပြောဆိုကာ ပြုံးစိစိဖြင့်ပင် အနားမှ ထွက်ခွါသွားလေ၏။ ကိုရင်တက်ပုလဲ နားမလည်စွာဖြင့် အနီးနားမှာ ရှိနေသည့် သူကြီးမင်းအား လက်ကုတ်ပြီး "ဆရာဝန်က ဘာဖြစ်လို့ ဒီလောက် သဘောကျပြီး တဟားဟား ဖြစ်သွားရတာလဲ သူကြီးမင်း" ဟု မေးမြန်းလေ၏။ "ကိုရင်က ဆရာဝန်ရဲ့ အင်္ဂလိပ်စကားကို ဘာသာပြန်မှားပြီး ပေါက်ကရလျှောက်ပြောနေတာကိုး" ဟု ပြောလိုက်သည့်အခါ "ဟင်.. ဘယ်လို ဘယ်လို သူကြီးမင်း" ဟု မျက်နှာငယ်လေးဖြင့် ပြန်မေးလေ၏။ "ဘယ်လိုမှ မဟုတ်ဘူး။ ဒီလို ကိုရင် ဒီလို... တရားထိုင်တာကိုမှ Meditation လို့ခေါ်တယ်၊ အခု Masturbation ဆိုတာက !@#$%^&*()%$#@*&^%၊ အဲဒါကို ပြောတာ" ဟု ခပ်ဆပ်ဆပ် ပြန်ပြောပြလိုက်သည့်အခါ ကိုရင်တက်ပု တစ်ယောက် မျက်လုံးပြူးသွားကာ ဆတ်ကနဲ ခေါင်းငေါက်တောက်ဖြင့် ထထိုင်လာလေ၏။ ထို့နောက် လွန်စွာရှက်လွန်းလှသဖြင့် မျက်နှာကြီးတစ်ခုလုံး နီးမြန်းလာကာ ခန္ဓာကိုယ် တစ်ခုလုံးမှ ချွေးဒီးဒီးကျလာပြီး "သူကြီးမင်း.. ပြန်မယ်..ပြန်မယ်.. ကိုရင် ဒီမှာ ဆက်မနေချင်တော့ဘူး.. အခု ရွာပြန်ရအောင်.. အခု ရွာပြန်ရအောင်" ဟူ၍ စကားပလုံးပထွေးဖြင့် မနားတမ်း ပြောဆိုနေလေတော့၏။
"ဟာ... ကိုရင်ရယ်.. စဉ်းစားပါအုံး။ ကိုရင့်ရောဂါကလဲ အခုထက်ထိ ကောင်းသေးတာမဟုတ်ဘူး။ ပြီးတော့ အခု ညနေစောင်းနေပြီ။ ပြန်လို့ မဖြစ်ဖူးလေ။ နောက်နေ့မှ ဆရာဝန်နဲ့ ညှိနှိုင်းပြီး ပြန်ကြတာပေါ့" ဟု ပြောဆိုဖျောင်းဖြသော်လည်း ကိုရင်တက်ပုတစ်ယောက် ကုတင်ပေါ်မှ ဆင်းကာ ခပ်သွက်သွက် လမ်းလျှောက်ပြပြီး "ဒီမှာကြည့် သူကြီးမင်း အခု နေကောင်းသွားပြီ။ ဒါကြောင့် မိုးဘယ်လောက်ချုပ်ချုပ် အခု ပြန်မယ်၊ ပြန်ရအောင်ပါ သူကြီးမင်းရာ.. နော်..." ဟု အသနားခံသလိုလို ပြောလာသည့်အခါ သူကြီးမင်းလဲ ကိုရင်တက်ပုကို "သူ့ခမျာ အတော်လေး ရှက်သွားရှာမှာဘဲ" ဟု ကိုယ်ချင်းစာပြီး သနားစိတ်ဝင်သွားလေ၏။ ထို့ကြောင့် ဆရာဝန်ထံ သွားပြီး အကျိုးအကြောင်း ရှင်းပြကာ လိုအပ်သည့် ဆေးဝါးတစ်ချို့ ၀ယ်ယူပြီး အစာကျွေးထားသည့် နွားနှစ်ကောင်ကို ဆွဲယူကာ လှည်းကပြီး ရွာသို့ ညတွင်းချင်း ပြန်လာခဲ့ရလေတော့၏။
ညဆယ်နာရီခန့်လောက်တွင် တုံးဖလားရွာအနီးသို့ လှည်းဝင်ရိုးသံ တကျွီကျွီဖြင့် ချဉ်းကပ်လာမိလေ၏။ ထိုအခါ တုံးဖလားရွာသူရွာသားတို့မှာ ကိုရင်တက်ပုတို့ စီ;နင်းလာသည့် လှည်းသံကို အဝေးမှနေပြီး ကြားရခိုက် ကိုရင်တက်ပုတစ်ယောက် ဆေးရုံမှာ ဆုံးပါးခဲ့လို့ သူ့အလောင်းအား ရွာသို့ ညတွင်းချင်း လှည်းဖြင့် သယ်ဆောင်လာသည် အထင်ဖြင့် စိတ်မကောင်းခြင်း များစွာ ဖြစ်နေကြလေ၏။ သူ့မိဘ ဆွေမျိုး ညီအကို မောင်နှမတို့မှာလည်း ၀မ်းနည်းပက်လက်ဖြစ်ပြီး ရှုံ့မဲ့မဲ့ဖြင့် ငိုယိုဖို့ အသင့်ပြင်ထားကြလေ၏။ သို့သော် ကိုရင်တက်ပုတို့ နွားလှည်း ရွာထဲ ၀င်လာသည့် အခါ၌မူ ကိုရင်တက်ပုအား အရှင်လတ်လတ်ကြီး တွေ့လိုက်ရသောကြောင့် အံသြ၀မ်းသာ ဖြစ်ကြရလေတော့၏။
ရွာသူရွာသားများမှာ ညတွင်းချင်း ကျန်းမာရေးထူထူထောင်ထောင်ဖြစ်လာသည့် ကိုရင်တက်ပုကို ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ဘယ်လိုဆေးမျိုးများ ဒီလောက်အစွမ်းထက်ပါလိမ့်ဟု စဉ်းစားကာ သူကြီးမင်းအား ၀ိုင်းဝန်း စပ်စုကြလေတော့၏။ သူကြီးမင်းက အစမှ အဆုံးထိ အဖြစ်မှန်ကို ပြောပြလိုက်သည့်အခါ ရွာသူရွာသား အားလုံးတို့မှာ တိုင်ပင်မထားဘဲ တစ်ပြိုင်နက် ၀ါး ဟား ဟား ဟား ဟူ၍ ကျယ်လောင်စွာ ရယ်မောကြလေ၏။ ထိုရယ်မောသံကြောင့် ရွာတွင်းရှိ သရက်ကြီးများပေါ်၌ နားခိုနေကြသည့် ညဥ့်ငှက်တစ်ချို့ လန့်နိုးကာ အဝေးပျံသန်း သွားကြလေတော့၏။
ထိုနေ့မှစ၍ အံ့သြစွာ ကိုရင်တက်ပု ထူထူထောင်ထောင် ဖြစ်လာပြီး နေကောင်းကျန်းမာလာ၏။ သူ၏ အင်္ဂလိပ်စာက သူ့အား ပြန်ကယ်လိုက်ခြင်းဟု ဆိုလျှင် မှားအံ့မထင်ပေ။ သို့သော် ကိုရင်တက်ပုတစ်ယောက် စကားလဲ အတော်လေး နည်းသွားလေ၏။ ကြွားလုံးဖိန့်လုံးတွေကိုလဲ လုံးဝ မပြောတော့ပေ။ အင်္ဂလိပ်လို ညှပ်ပြောခြင်းကိုလဲ လုံးဝ မပြုတော့ပေ။ အင်္ဂလိပ်ဇာတ်ကားကို ဘာသာပြန်ဖို့ နေနေသာသာ ဗီဒီယို စကရင်နားသို့ပင် လုံးဝ မကပ်တော့ဘဲ ၀စီပိတ်ကျင့်ကြံနေသကဲ့သို့ အေးတိအေးစက်ဘ၀သို့ ပြောင်းလဲသွားလေ၏။ ထိုအဖြစ်အပျက်များ ဖြစ်ပြီး နောက်တစ်ပတ်ခန့် အကြာ၌ ကိုရင်တက်ပု တစ်ယောက် ရန်ကုန်သို့ ပြန်ဆင်းသွားလေတော့သတည်း။ အော်... ကိုရင် တက်ပု ကိုရင်တက်ပု၊ အခုလောက်ဆို ပဇင်းဖြစ်ပြီး ဓမ္မာစရိယတွေ ဘာတွေ ပြီးစီး အောင်မြင်နေရောပေါ့။ သတိရလိုက်ပါဘိ။ ။
....
ကိုရင်တက်ပု အဖြစ်အပျက်ကဲ့သို့ပင် အဖြစ်အပျက်တစ်ခု ကြားဖူးလေ၏။ မန္တလေးမြို့တွင် ဖြစ်၏။ ဦးဇင်းတစ်ပါး အင်္ဂလိပ်စကားပြောလေ့ကျင့်ရင်း အနောက်တိုင်းသူ အမျိုးသမီးတစ်ဦးနဲ့ ခင်မင်သွား၏။ ထို့နောက် အချင်းချင်း အသက်မေးကြလေ၏။ လမ်းအတူလျှောက်ရင်းဖြင့်ပင် ဦးဇင်းက နိုင်ငံခြားသူအား How old are you? ဟု မေးမြန်းသည့်အခါ I am 31 ဟု ပြန်ဖြေ၏။ ထို့နောက် ထိုနိုင်ငံခြားသူက And you? ဟု ဦးဇင်းအား ပြန်မေးသည့်အခါ ထိုဦးဇင်းမှာ သူကျက်မှတ်ထားသည့် Guess me please ဟု အသက်ကို မှန်းခိုင်းဖို့ ကြိုးစားရင်း အသံထွက် မှားသွား၍ ထိုနိုင်ငံခြားသူက အနားကပ်လာပြီး အားရပါးရဖက်ကာ ဘယ်ပါးညာပါးကို မွ မွ မွ ဟု ဘယ်ပြန်ညာပြန် မွှေးမွှေးပေးလေသောဟူ၏။ အမှတ်မထင် ထိုကဲ့သို့ ပြုလုပ်တာကို ခံလိုက်ရသည့် ဦးဇင်းမှာ ပူထူထူ ရှိန်းတိန်းတိန်းကြီးဖြစ်သွားကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသောဟူ၏။ ထိုဦးဇင်း အသံထွက်လိုက်သည်မှာ Kiss me please ဟူသတတ်။
..
သူများအကြောင်းကိုသာ ပြောရသည်။ ထိုကဲ့သို့ ဘာသာပြန်မှားခြင်းမျိုး ခပ်ဆင်ဆင် သူကြီးမင်း ကိုယ်တွေ့ ကြုံဖူးလေသည်။ သူကြီးမင်း ကြုံဖူးသော အဖြစ်အပျက်မှာ တုံးဖလားမှာလဲ မဟုတ် မန္တလေးမှာလဲ မဟုတ်ပေ။ စင်စစ်အမှန်မှာ ဤ ဘိလပ်ရွှေပြည်ကြီး၌ပင် ကြုံဖူးခြင်း ဖြစ်လေ၏။ သူကြီးမင်း တက်ရောက်နေသည့် တက္ကသိုလ်တစ်ခုတွင် ဖြစ်၏။ တစ်နေ့တွင် ဆရာမတစ်ယောက်က Globalization ကြောင့် ဆုံးရှုံးနိုင်သည့် ဆိုကျိုးများ ဟူသည့် ခေါင်းစဉ်ဖြင့် အက်ဆေးတစ်ပုဒ် အတန်းထဲ လက်တန်း ရေးခိုင်းလေ၏။ သူကြီးမင်းလဲ ပိုင်ပြီအထင်ဖြင့် Globalization ကြောင့် ရေခဲတောင်တွေပြိုခြင်း၊ ကမ္ဘာတစ်ဝှမ်းရေကြီးခြင်း၊ ဆားငန်ရည်လွှမ်းမိုး ခံရခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ခြင်း၊ သစ်ပင်များ သေဆုံးနိုင်ခြင်း၊ သက်ရှိသတ္တ၀ါများ သေဆုံးနိုင်ခြင်း၊ သယံဇာတများ ဆုံးရှုံးနိုင်ခြင်း စသည့် ဆိုးကျိုးများကို တန်းစီပြီး ရေးချလေတော့၏။ နာရီဝက်အတွင်း အက်ဆေးတစ်ပုဒ် ပြီးသွားပြီး ဆရာမအား သွားပြသည့်အခါ ဆရာမသည် ပြုံးစိစိ ဖြစ်သွားပြီး အိုးးး မိုင်ဂေါ့ဒ်.. မစ်စတာ ကိုကိုမောင်၊ ငါမေးတာက Globalization၊ မင်းဖြေတာက Global-warming ဖြစ်နေပါရောလား ဟား ဟား ဟား ဟူ၍ ဆရာမ၏ ရယ်မောခြင်းကို ခံခဲ့ရဖူးလေ၏။
တော်ပါသေးရဲ့ ကိုရင်တက်ပုရဲ့ ဘာသာပြန်အမှားမျိုးလို မဟုတ်ခဲ့လို့။ တော်ပါသေးရဲ့ မန္တလေးက ဦးဇင်းတစ်ပါးရဲ့ အသံထွက် အမှားမျိုးလို မဖြစ်ခဲ့ပေလို့။ သို့ပေသည့် အမှားက အမှားပေဘဲ မဟုတ်ပါလား။ Minus+Minus=Plus ဖြစ်နိုင်ပေမဲ့ အမှား+အမှားက အမှန် မဖြစ်နိုင်ပေဘူးလေ။ နောင်လာနောက်သား အင်္ဂလိပ်စာ သင်ယူနေကြသည့် ညီငယ်နှမငယ်များလဲ ကိုရင်တက်ပုလို မန္တလေးက ဦးဇင်းလို သူကြီးမင်းလို အမှားမျိုး မကြုံရလေအောင် ကြိုးစားအားထုတ် မှတ်သားလေ့လာနိုင်ကြစေကုန်တော့သတည်း။ ။ ပြီးပြီ။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)
.

21 comments:
အင်း ဆရာမကို ကစ်မီပလိစ့်ဆိုလို့ကတော့ဟင်းဟင်းး တဂျီးရယ် မတွေးဝံ့စရာပါပဲနော်း)
နောက်ဆုံးရသတင်းအရ ကိုရင်တက်ပု ဘိလပ်ရောက်နေတယ် ပြောတယ်.. သိပ်မဝေးလောက်ဘူး.. မေးမြန်းကြည့်အုံး... :D
ဟီးဟီးဟီး.. ရီရတယ်... အမှားသိတော့ အမှန်မြင်ပြီး နောက်မမှားတော့ဘူးပေါ့.. :D :D
တဂျီးေ၇ာတနေ့ဘယ်နခါ ဆော့ပြီး မဒ္ဒီတေး၇ှင်း လုပ်လဲငှင်င်င်င်။ :D :D :D
တဂျင်းမီးရော Guess me please မလုပ်ခဲ့ဘူးလား...:D
Kiss me please
အောင်မြလေးတော့ ရင်ကိုတုန်သွားတာပဲ
လူပျိုကြီးသကြီးမင်းရေ
အဲထှာလူပျိုကြီးပြောခဲ့တဲ့ စကားဖြစ်မှာနော်
အိမ်အပြန်ခြေတောက်တွေတောင်ယိုင်နေသလိုပါပဲ
ခင်ခင်မင်မင် jasmine
သူကြီးမင်းရေ ရီသွားပါတယ်ဗျာ
ဖတ်လို့ကောင်းလိုက်တာ.။ ဖတ်ရင်း ကိုယ့်ကိုယ်ကို သတိထားမိတော့ ပြုံးလို့ပါလား။
ခင်မင်လျက်
သဒ္ဓါ
သူကြီးမင်းရေ.. ရွာရောက်လိုက် မြို့ရောက်လိုက် ဘိလပ်ရောက်လိုက်နဲ့ဆိုတော့ ဖတ်ရင်းနဲ့ Globalization ကို ဖြစ်သွားတာပဲ... ဖတ်ရင်းနဲ့ အင်္ဂလိပ်နဲ့ အင်္ဂုလိမာလတောင် မှားတော့မလို့...
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
အော်..လက်စသတ်တော့ တဂျင်းမီးခေါ် တဂျီမင်းရဲ့
ကိုယ်တွေ့ကိုး......:)))တဂျီးလည်း ကိုရင်ဘွ၊ဦးဇင်းဘွ
တွေမှာ အတော်ဆော့ခဲ့ပုံရတယ်.....:)))
အင်း ကိုရင့်ခမျာ မှားမယ့်မှားတော့လဲ တက်တက်စင်အောင် မှားတော့တာကိုး...ခမျာမှာ yes, no, very good သုံးလုံးထဲတတ်လို့ ထောင်ကျသွားရှာတဲ့ အညာသားလူလည်နဲ့တောင် တူနေပါရော့လား...
ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဂလိုဘယ်ဝမ်းမင်းက မှားလည်းမှားချင်စရာကိုး သူကြီးမင်းရဲ့...အမှတ်မထင်ပြောမိရင် ၀မ်းမင်းအကြောင်းပဲ ရောက်ရောက်သွားတတ်တာကိုး...အထူးသဖြင့် အတွင်းပူပူနေတဲ့အခါမျိုးမှာ ပိုမှားတတ်ပေသပေါ့...း))
သူကြီးမင်း အဲဒီလိုမှားတာကိုက ရိုးရာမပျက်သေးတဲ့သဘော၊ လူမျိုးရဲ့ အကျင့်စရိုက်ကလေးတွေ လက်ကျန်ရှိနေသေးတာကို ပြတဲ့သဘောမို့ ဂုဏ်ယူပါသဗျား...
ကိုရင်ခမျာ.. သနားစရာ.. ဆရာဝန်ကလည်း ကိုရင်ကို ဒါမေးစရာလား... ဒါကြောင့်လည်း ဒီလောက်အားမနည်းတန်ကောင်းပါဘူး.. (:P).. အနည်းဆုံ ဒါကြောင့်အားနည်းတယ်ဆိုစေဦး.. မသိမသာပဲ စိတ်ထဲထားပြီး ကုပေးလိုက်ပါလား... ကိုရင်တက်ပုအတွက်တော့ ပြုပြင်ပေးစေတဲ့ အကြောင်းရင်းဖြစ်သွားပေမယ့်... အင်း...
ခင်မင်လျက်
နေ၀သန်
ဟား ဟား မှားလည်းမှားတတ်ပါ့။ သုံးခုထဲမှာ ဒုတိယအမှားလေးမျိုးက မဆိုးဘူးလို့ ဆိုရမလားပဲ။ ဟိ။
ခွိခွိခွိ..
သူကြီးမင်း...
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသလိုပဲဗျာ
ကျွန်တော့်ကို ရွဲ့ ရေးထားသလားအောက်မေ့ရတယ်းးp
စတာပါ သူကြီးမင်းရာ ဒီလိုပဲပေါ့ အမှားလေးနဲ့လည်း တွေ့ပေးအုံးမှ အဲလိုမှမဟုတ်ရင် အလေးမထားမိချင်ဘူး။
သူကြီးမင်းရဲ့ meditation, guess me please
နဲ့ globalization ကိုဖတ်ရင်း အသက်
တစ်ရက်ရှည်သွားပြီး)) ဟိဟိ
ုသူကြီးမင်းဆိုတော့လည်း အတွေ့အကြုံကများပါဘိနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သူဂျီးမင်းကရော ဆရာမကို Guess me please ကို မပီသလို မပြောဖူးဘူးလား..း)
တမင် မပီချင်ယောင်ဆောင်ပြီး မပြောနဲ့နော်..
အလွဲလေးတွေ အမှားလေးတွေဖတ်ပြီး ရွှင်ပြုံးသွားတယ်.. လွဲမှ လွဲတတ်ပလေ
ရယ်ရွှင်ပြုံးတုံ့ရင်း ဗဟုသုတလည်းရတယ် ဗျို့။ မန်းလေးက ဦးဇင်း ( တုံးဖလားသူကြီးက ဦးဇင်းယောင် ဆောင်ထားတာလားမသိး) ) လိုမျိုးတော့ ခဏ.. ခဏ မှားချင်သား...။
အကိုကတော့လေ.....:):)
ရယ်စရာတွေမျှဝေပေးလို့ ကျေးဇူးပါ၊
However, frankly speaking I would readily move westward, far to the Prairies to escape from this cheap essays custom writings
Post a Comment