Friday, 26 August 2011

သူကြီးမင်းရဲ့ မြွေပုံပြင်

ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ပုံပြင်လေးတစ်ပုဒ် ကြားဖူးတယ်။ တစ်ခါတုန်းက ရွာတစ်ရွာမှာ ကောင်လေး တစ်ယောက် ရှိတယ်တဲ့။ အဲဒီကောင်လေးဟာ ညတိုင်း မြွေတွေကို အိပ်မက်မက်တယ်တဲ့။ မြွေတွေမှ အများကြီးဆိုဘဲ။ ကြီးစဉ်ငယ်လိုက် တန်းစီပြီး တစ်ကောင်ချင်းစီ သူ့ရှေ့က ဖြတ်သွားတယ်တဲ့။ သူလဲ ဘာလုပ်ရမှန်း မသိဘူးတဲ့။ အဲဒီ အိပ်မက်ကို ညစဉ်မက်နေတယ်တဲ့။

ဒါနဲ့ ရွာဦးကျောင်း ဆရာတော်ကို သွားမေးလိုက်တယ်တဲ့။ ဆရာတော်ကလဲ ဒီကောင် ထူးဆန်းတယ် သိုက်နန်းက လာတာဖြစ်ရမယ်ပေါ့။ ဒါနဲ့ ဆရာတော်က မင်း နောက်တစ်ခါ အဲဒီလို မြွေတွေ တန်းစီပြီးလာတာကို ထပ်အိပ်မက်မက်ရင် ဒီကြိမ်လုံးလေးနဲ့ ရှေ့ဆုံးက မြွေကြီးရဲ့ ခေါင်းတည့်တည့်ကို အသာလေးထိလိုက်ပါ၊ ရော့ ဒီကြိမ်လုံးလဲ ယူသွားလို့ ပြောသတဲ့။ ဒါနဲ့ အဲဒီကောင်လေးလဲ ဆရာတော်ပေးတဲ့ ကြိမ်လုံးလေး အိမ်ကို ယူပြီး ပြန်လာခဲ့တယ်တဲ့။ ညဘက်ရောက်တော့ စိတ်ထဲမှာ ဒီတစ်ခါ အိပ်မက်မက်ရင် ဒီကြိမ်လုံးနဲ့ မြွေခေါင်းကို ထိကို ထိမယ်လို့ စဉ်းစားပြီး အိပ်ပျော်သွားသတဲ့။

အိပ်မက်ထပ်မက်ပြန်သတဲ့။ အရင်က အိပ်မက်အတိုင်းဘဲတဲ့။ ဒါနဲ့ သူလဲ အိပ်မက်ထဲမှာ ဆရာတော်ပေးခဲ့တဲ့ ကြိမ်လုံးနဲ့ ရှေ့ဆုံးက မြွေခေါင်းကို ထိမယ်လို့ ကြံလိုက်တယ်။ ဒါပေမဲ့ မြွေက ကြီးလွန်းတော့ ကြောက်စိတ်ဝင်ပြီး မထိလိုက်ရဘူးတဲ့။ မြွေတွေ အတော်များများကိုလဲ ကြောက်လို့ မထိလိုက်ရဘူးတဲ့။ ဒီလိုနဲ့ နောက်ဆုံး ခပ်သေးသေး မြွေလေးကိုဘဲ ထိလိုက်ရတယ်တဲ့။ အဲဒီမြွေလေးရဲ့ ခေါင်းကို ထိထိချင်း အဲဒီ မြွေလေးက မြွေဘ၀ကနေ ရွှေချောင်းဘ၀ကို ရောက်သွားသတဲ့။ မြွေသေးသေးလေးဆိုတော့ ရွှေချောင်းလဲသေးသေးလေး ရတာပေါ့။ မြွေအကြီးကြီးကိုထိခဲ့ရင် ရွှေချောင်း အကြီးကြီးရမှာလေ။ အိပ်မက်ထဲမှာ အဲဒီကောင်လေးလဲ ဒီလိုမှန်းသိရင် ငါ မြွေအကြီးကြီးကို ထိခဲ့ပါတယ်လို့ တွေးနေသတဲ့။

နောက်တစ်နေ့ အိပ်ရာနိုးပြီး ရွာဦးကျောင်းဆရာတော်ကို သွားလျောက်တော့ ဆရာတော်က ထီထိုးခိုင်းသတဲ့။ အဲဒီကောင်လေးလဲ ထီထိုးလိုက်တာ ထီပေါက်တယ်တဲ့။ ဒါပေမဲ့ ဆုအကြီးကြီးတော့ မဟုတ်ဘူးတဲ့။ ဆုမကြီးပေမဲ့လဲ သုံးလောက် စွဲလောက်တော့ ရှိသတဲ့။ ဒါနဲ့ အဲဒီကောင်လေးလဲ ဆရာတော်အကြံပေးတဲ့အတိုင်း အလှူအတန်းလေး ပြုလုပ်ခဲ့ပါသတဲ့။

ပုံပြင်ကတော့ အဲဒါပါဘဲ။
...

နတ်သမီးရဲ့ အိပ်မက်ထဲက မြွေနဂါးများ ဆိုတဲ့ ပို့စ်အောက်မှာ သူကြီးမင်း ပေးခဲ့ဖူးတဲ့ ကွန်မင့် အလယ်သားလေးပါ။ မြွေနဲ့ ပတ်သက်ပြီး ကောက်ယူလေ့ရှိကြတဲ့ အယူအဆတွေက ဒေသအလိုက် အများအပြား ရှိနေတတ်တယ်။ ဥပမာ လမ်းလျှောက်သွားရင်း မြွေတစ်ကောင် လမ်းဖြတ်ကူးနေတာကို တွေ့မြင်ရရင် ခရီးလမ်းရှည်မယ်လို့ အဓိပ္ပါယ်ကောက်တတ်ကြသလို၊ လမ်းဖြတ်ကူးတဲ့ မြွေက လူ လာနေတာကို မြင်လို့ ကြောက်လန့်ပြီး နောက် ပြန်ဆုတ်သွားတဲ့ အခါမျိုးမှာတော့ ရှေ့ ဆက်မသွားနဲ့တော့ အန္တရာယ် ရှိနေတယ်လို့ နိမိတ်ကောက်ကြပြန်ရော။

များသောအားဖြင့်တော့ ကောင်းတဲ့ နိမိတ်ကို ကောက်ကြတာ များပါတယ်။ ဥပမာ အိမ်ပေါ် မြွေတက်တာတို့၊ အိပ်မက်ထဲ မြွေကို မြင်မက်တာတို့ ဆိုရင် လာဘ်ကောင်းတယ်လို့ ယူတတ်ကြတယ်လေ။ ဆိုရိုးလေးတောင် ရှိသေးတယ်။ မြွေမြင်ရင် ငွေရွှင်တယ် တဲ့။ မြွေမြင်ရင် ငွေဝင်မယ် တဲ့။ ဘာဘဲ ဖြစ်ဖြစ်ပေါ့ ကောင်းတဲ့ နိမိတ်ကို ယူလိုက်တာ အကောင်းဆုံးပါဘဲ။

သူကြီးမင်းမှာ အသိဦးဇင်းတစ်ပါး ရှိတယ်။ သူက တောက တက်လာတဲ့ တောသားစစ်စစ် ဦးဇင်းလေးပါ။ ဘယ်လောက် တောကျသလဲဆိုရင် မြို့က ရေလောင်းအိမ်သာကိုတောင် ကောင်းကောင်း မသုံးတတ်သေးတဲ့ တောသားလေးပါ။ တောရွာမှာက ဒုတ်စက္ကူတွေ သုံးလာခဲ့တာကိုး။ မြို့ရောက်ပြီး ရေလောင်း အိမ်သာ သုံးတတ်အောင် အတော်လေး ကြိုးစားလိုက်ရရှာတယ်။ အိမ်သာထဲမှာ ရှိတဲ့ ရေကန်ထဲက ရေတွေကို ခွက်ကလေးနဲ့ ခပ်ခပ်ပြီး ဆေးကြောသုတ်သင်လာလိုက်တာ သူ တစ်ပါးထဲနဲ့ ရေတွေကုန်သွားတဲ့ အထိဘဲ။ ဒါတောင်မှ အိမ်သာက ပြန်လာရင် လက်ကလေးကို နမ်းကာနမ်းကာနဲ့ သိပ် မသတီ ဖြစ်နေပုံရသေးတယ်။

မြို့ရောက်ပြီး နှစ်အတော်လေး ကြာတော့ နောက် ကျောင်းတစ်ကျောင်းကို ပြောင်းရွှေ့ရတယ်။ ဖြစ်ချင်တော့ အဲဒီ ကျောင်းမှာ အသုံးပြုနေတဲ့ အိမ်သာက ဗိုလ်ထိုင်တွေ ဖြစ်နေရော။ တောသားဦးဇင်းလေး ရေလောင်း အိမ်သာ သုံးတတ်တာမှ သိပ်မကြာသေးဘူး။ ဗိုလ်ထိုင်အိမ်သာနဲ့ ပက်ပင်း လာတိုးပါရောလား။ ဘ၀ရေစီးကြောင်းနဲ့ ချိန်ထိုးကြည့်ရင်တော့ တိုးတက်မှု လက္ခဏာပြပေမဲ့ အဲဒီ ဦးဇင်းနဲ့ ဗိုလ်ထိုင် အိမ်သာနဲ့ သိပ် မပြေလည်သေးဘူး ဖြစ်နေတယ်။

အိမ်သာတက်ရင် ထိုင်ခုံပေါ် ထိုင်ရမဲ့အစား ခြေထောက်နဲ့ တက်ပြီး ဆောင့်ကြောင့်ထိုင် ကိစ္စပြီးလေရဲ့။ အိမ်သာ ထိုင်ခုံပေါ်မှာတော့ ခြေတော်ရာကြီး ကွက်ကွက်ကွင်းကွင်းပေါ့။ စပရေးကိုလဲ မသုံးတတ်သုံးတတ်နဲ့ သုံးကြည့်တယ် ထင်ပါ့။ စပရေးထိပ်ဖျားမှာ မစင်အစလေးတွေတောင် ခိုနားနေလေရဲ့။ ဖြစ်ပျက်ပုံ ပြောပါတယ်။ သူ့ခမျာ နေ့စဉ် အိမ်သာတက်ရတဲ့ ဒုက္ခကို တောင်သူယာလုပ် ဓါးမခုတ် ဘ၀ထက် ပို ပင်ပန်းတယ်လို့တောင် ထင်နေချေသေးရဲ့။

အိမ်သာထိုင်ခုံပေါ် ဆောင့်ကြောင့်ထိုင်ပြီး ကိစ္စရှင်းတာက အရေးမဟုတ်ဘူး။ ဒါပေမဲ့ ကြာလာရင်တော့ ပြဿနာ တက်လာနိုင်တယ်။ မတော်လို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၀ိတ်အားကြောင့် အိမ်သာထိုင်ခုံလဲကွဲ အိမ်သာကြွေခွက်လဲ ကွဲထွက်ပြီး မတော်ရာကို ပြတ်ရှမိသွားရင် မဟာ့မဟာ ဒုက္ခကြီးပေဘဲပေါ့။ တော်ကြာ အရင်ဘ၀က တိရစ္ဆာန်တွေကို အရှင်လတ်လတ် ဝှေးသင်းခဲ့ဖူးရင် ပြန်ဝဋ်လည်လာနိုင်တယ် မဟုတ်လား။ ကြားဖူးတာ တစ်ခု ရှိတယ်။ အမေရိကားမှာ ထင်တယ်။ အိမ်တစ်အိမ်မှာ လင်မယားနှစ်ယောက် နေထိုင်ကြသတဲ့။ တစ်နေ့မှာ လင်လုပ်တဲ့ သူက အိမ်သာတက်သတဲ့။ အနောက်တိုင်း ထုံးစံအတိုင်း ဗိုလ်ထိုင်အိမ်သာပေါ့။ အိမ်သာ တက်နေစဉ်မှာဘဲ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို မခံနိုင်လို့ အိမ်သာကြွေခွက် ကွဲသွားတယ်တဲ့။ လူလဲ ဖင်ထိုင်ရက်ကြီး ကျသွားသတဲ့။ ဖြစ်ချင်တော့ ငယ်ပါ (ဥနှစ်လုံး)ကို ဓါးနဲ့ လှီးဖြတ်လိုက်သလို ပြတ်ရှသွားတယ်တဲ့။ ဆေးရုံပို့ပြီး ကုသလိုက်ရတယ်တဲ့။

သူတို့နိုင်ငံရဲ့ ဥပဒေအခွင့်အရေးအရ အိမ်သာ ကြွေခွက် လာတပ်ဆင်တဲ့ သူကို တရားစွဲလို့ ရတယ်တဲ့။ ဒါနဲ့ အဲဒီ အိမ်သာကြွေခွက် တပ်ဆင်တဲ့သူကို တရားစွဲလိုက်တယ်တဲ့။ တရားစွဲတဲ့သူက လင်ယောက်ျား မဟုတ်ဘဲ မယား ဖြစ်နေတယ်တဲ့။ ဘယ့်နှယ် ပြတ်ရှခံရတာက လင်ယောက်ျား။ တရားသွားစွဲတာက ဇနီးမယား။ စဉ်းတော့ စဉ်းစားစရာကြီးရယ်။း)))

အဲဒီ တောကတက်လာတဲ့ ဦးဇင်းလေးလဲ ဗိုလ်ထိုင် အိမ်သာနဲ့ သဟဇာတဖြစ်အောင် သုံးလေးလလောက် ကြိုးစား လိုက်ရတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့လဲ ဗိုလ်ထိုင်မှ ဗိုလ်ထိုင် ဖြစ်သွားရော။ ထိုင်ရတာ သက်သာတာကိုး။ ဆောင့်ကြောင့် ထိုင်တက်ရတာက ညောင်းညာထုံကျင် ဖြစ်ချင် ဖြစ်နိုင်သေးတယ်။ နောက်ပြီး ခြင်တွေ ၀င်ကိုက်ရင် ပိုဆိုးသေး။

တစ်ရက်မှာ မိုးလေးကလဲ နဲနဲ စွေနေတယ်။ အဆောက်အဦ ပတ်ဝန်းကျင် ရေနှုတ်မြောင်းနဘေးက ဖားအော်သံ လေးတွေလဲ ညံနေတယ်။ အဆောက်အဦ အနားမှာရှိတဲ့ သရက်ပင်ကလဲ သရက်သီး မှည့်လေးတွေ တဖုတ်ဖုတ် ကြွေကျနေတယ်။ ရာသီဥတုက မပွင့်မလင်းလေးပေါ့။ အဲဒီ ဦးဇင်း နေထိုင်တာက အောက်ထပ်မှာပါ။ အိမ်သာကို ရေချိုးခန်းနဲ့ တွဲထားတယ်။ ရေချိုးခန်းကြမ်းပြင်ကို ကြွေပြားလေးတွေ ခင်းထားတယ်။ အဲဒီ ဦးဇင်းလဲ ညကထဲက ၀မ်းနှုတ်ဆေး စားထားတဲ့အတွက် မနက် ဝေလီဝေလင်း အချိန်မှာ အိမ်သာတက်ရတယ်။ ဗိုလ်ထိုင်ဆိုတော့ ကျကျနန ထိုင်ပြီး အစာဟောင်းတွေ အစာပုပ်တွေကို သွန်ထုတ်ပစ်တော့တာပေါ့။ ကိစ္စ၀ိစ္စပြီးလို့ ရေဆွဲချလိုက်တဲ့အခါမှာ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားတယ်။ ဗွန်းကလဲ ရေဆွဲချ လိုက်ချင်းဘဲ ရှူးကနဲ ရေတွေ အပေါ် ပြန် ကန်တက်လာတယ်။ တင်ပါးတွေ ပေါင်တွေ ရေစိုသွားကုန်တာပေါ့။ အဲဒီ ဦးဇင်းလဲ အလန့်တကြား အောက်ကို ငုံ့ ကြည့်လိုက်မိတယ်။ ခေါင်း ငေါက်တောက်ကြီး။ လှုပ်စိ လှုပ်စိနဲ့။း))

တစ်လွဲ မထင်ပါနဲ့။ မြွေကြီး။ မြွေကြီး။ တကယ့်မြွေကြီး။ ဘယ်ကနေ ဘယ်လိုလုပ်ပြီး အိမ်သာကြွေခွက် အခေါင်းထဲ အောင်းနေမှန်းမသိဘူး။ မိလ္လာပိုက်ထဲကဘဲ တစ်ဆင့် ရောက်လာတာလား။ ဒါမှ မဟုတ် ရေချိုးတဲ့အခါ ရေထွက်တဲ့ အပေါက်ကဘဲ ၀င်လာပြီး သွားမိသွားရာ သွားပြီး အိမ်သာ ကြွေခွက်ထဲ ၀င်သွားတာလား။ ဒါမှ မဟုတ် နတ်နဂါးမြွေလားဆိုတာ ဘယ်သူမှတော့ အတိအကျ မသိပါဘူး။ ဒါနဲ့ အဲဒီ ဦးဇင်းလဲ... မြွေကြီး.. မြွေကြီးဆိုပြီး အော်ဟစ်ကာ အကူအညီတောင်းတော့တာပေါ့။ သူ ကိုယ်တိုင်မှာတော့ သင်းပိုင်လေး မကာမကာနဲ့။း))

တစ်ခြား ဦးဇင်းတွေ ရောက်လာကြတယ်။ အုန်းမှုတ်ခွက်ထဲ မြွေကြီးခွေ.... တုတ်ရှည်ရှည်နဲ့ ထိုးလိုက်ပါလား... ဆိုတဲ့ သံချပ် သီချင်းလေးကို သတိရပြီး မြွေဆိုတာ အန္တရာယ်ရှိတယ်၊ အနီးကပ် မောင်းထုတ်ရင် ရန်ပြုနိုင်တယ် ဆိုပြီး ၀ါးလုံး ရှည်ရှည်နဲ့ဘဲ မြွေကို အသာလေးထိုးပြီး မောင်းထုတ်ကြတယ်။ မြွေလဲ ကြိုးစားပြီး ထွက်ပြေးရှာပါတယ်။ ဒါပေမဲ့ မြွေမှာလဲ ခြေထောက်မပါ၊ အောက်က ခင်းထားတာကလဲ ကြွေပြားဆိုတော့ မြွေခမျာ ဟိုတွန့်ဒီတွန့်နဲ့ ရှေ့ မရောက်ရှာဘူး ဖြစ်နေလေရဲ့။ ဦးဇင်းတွေက မြွေကိုကြောက်၊ မြွေကလဲ ဦးဇင်းတွေကို ကြောက်နဲ့ အကြောက်ပြိုင်နေကြတဲ့ ပွဲဟာ အတော်လေး ကြာသွားခဲ့တယ်။

ဦးဇင်းတွေကလဲ စဉ်းစားတာပေါ့။ ဒီမြွေဟာ ရိုးရိုးမြွေမှ ဟုတ်ရဲ့လား။ မတော်သကာ အခိုးအငွေ့တွေ ဘာတွေ ညာတွေ ထုတ်လွှတ်ခဲ့ရင် အရှင်လတ်လတ် ဒုကူလနှင့်ပါရိကာလို ဖြစ်ရချည်သေးရဲ့။ ဒါမှ မဟုတ် ရုပ်ရှင် ဇာတ်ကားထဲကလို တစ်ရှိန်ထိုး ပျံသန်းလာပြီး လာကိုက်နေမှဖြင့် ဓမ္မာစရိယလေး ဘာလေးတောင် မအောင်သေးဘဲနဲ့ တမလွန် ရောက်ရချည်သေးရဲ့ ဆိုပြီး ကြောက်လန့်နေကြတာပေါ့။ မြွေခမျာမှာလဲ စဉ်းစားပေရှာမပေါ့။ ဒီလူတွေ ထူးဆန်းတယ်။ ကတုံးတုံးပြီး ပခုံးလက်တစ်ဖက် ဖော်ထားတယ်။ ၀တ်စားပုံလဲ တစ်ခြား လူတွေနဲ့ မတူဘူး။ ကြည့်ရတဲ့ပုံကလဲ လက်ရဲဇက်ရဲ လုပ်မဲ့ပုံ။ မတော်လို့ ငါ့ကို ၀ါးလုံးအချွန်နဲ့ တစ်ဇွတ်ဇွတ် လှမ်းထိုးရင်ဘဲ ဖြစ်ဖြစ်၊ ခဲလုံးတွေ ကြောက်ခဲတွေနဲ့ ပစ်ရင်ဘဲ ဖြစ်ဖြစ်၊ လေးခွနဲ့ ဆော်ရင်ဘဲ ဖြစ်ဖြစ်၊ ငါ့ ခန္ဓာကိုယ်က ရှည်မျောမျာနဲ့ ဆိုတော့ ရှောင်ရင်လဲ လွတ်မယ်မထင်ဘူး။ တစ်နေရာမဟုတ် တစ်နေရာတော့ ထိမှာဘဲ လို့ တွေးတောပြီး ထိတ်လန့် တုန်လှုပ်နေမှာ သေချာတယ်။ ဦးဇင်းတွေကလဲ ရှေ့မတိုးရဲ မြွေကလဲ ပြေးလို့ မရဆိုတော့ မြွေကော ဦးဇင်းတွေကော အခက်တွေ့နေကြတယ်။ ဦးဇင်းတွေက ၀ိုင်းလိုက်ကြမယ်။ မြွေက ထွက်ပြေးလွတ်မြောက်မယ်။ ဒါဆို ပြီးပြီပေါ့။ အခုတော့ မြွေကလဲ တွန့်လိမ်တွန့်လိမ်နဲ့ ပြေးလို့မရ၊ ဦးဇင်းတွေကလဲ ရှေ့မတိုးရဲ ဖြစ်နေကြတယ်။ ဟို ပုံပြင်လိုပေါ့။

တစ်ခါတုန်းက ရွာတစ်ရွာမှာ အိမ်တစ်အိမ်ကို ညဘက် သူခိုးဝင်ကပ်သတဲ့။ အိမ်ရှင်လဲ သူခိုး ၀င်လာတာ သိလို့ နံရံမှာ ချိတ်ဆွဲထားတဲ့ ငှက်ကြီးတောင်ဓါးကို ဓါးအိမ်ထဲက ရွှမ်းကနဲ မြည်အောင် ဆွဲထုတ်လိုက်ပြီး သူခိုးနောက် တန်းလိုက်သတဲ့။ သူခိုးလဲ ပြေးနိုင်မှ လွတ်မယ်ဆိုပြီး အိမ်ရှင့်ရန်က လွတ်ကင်းအောင် ထွက်ပြေးသတဲ့။ အိမ်ရှင်ကလဲ ငှက်ကြီးတောင် ဓါးကြီးကိုသာ ကိုင်ပြီး သူခိုးနောက်ကို လိုက်တာလိုက်နေရတယ်။ သူခိုးက ထွက်မပြေးဘဲ ပြန်ခံလုပ်မှာကို တွေးပြီး ကြောက်နေသတဲ့။ သူခိုးကလဲ အိမ်ရှင်လိုက်မီလာရင်တော့ ငှက်ကြီးတောင်စာ မိတော့မှာဘဲလို့ တွေးပြီး အကြောက်ကြီး ကြောက်နေသတဲ့။

ဖြစ်ချင်တော့ သူခိုးက သူဝင်လာခဲ့တဲ့ ၀င်ပေါက်ကို မမှတ်မိတော့ဘူး။ ပြေးမိပြေးရာ ပြေးလိုက်ရတယ်။ အဲဒီ အိမ်ကြီးကို ခြံခပ်မြင့်မြင့် ကာထားတယ်။ ဒါကြောင့် သူခိုးက ဘယ်လိုမှ ပြေးမလွတ်တော့ဘူး။ ခြံစည်းရိုးကို ခုန်ကျော်ဖို့ ကြိုးစားပေမဲ့လဲ မအောင်မြင်ဘူး။ သူခိုးလဲ စဉ်းစားမရ တွေဝေနေတယ်။ အိမ်ရှင်လဲ လိုက်လာရင်းနဲ့ သူခိုးနဲ့ နီးကပ်လာတယ်။ သူခိုးခမျာမှာလဲ ငါ့ကို လိုက်မီလာရင် ငှက်ကြီးတောင် ဓါးနဲ့ ခုတ်တော့မှာဘဲ ဆိုပြီး ကြောက်ဒူးတုန်နေသတဲ့။ အိမ်ရှင်ကလဲ ဒီသူခိုး ထွက်မပြေးဘဲနဲ့ ငါ့ကို ခံလုပ်မလား မသိဘူးဆိုပြီး လန့်နေသတဲ့။ ဒါနဲ့ အိမ်ရှင်လဲ ကြံရာမရတဲ့ အဆုံး သူခိုးကို ဟေ့ကောင် သူခိုး... မြန်မြန်ပြေးပါတော့လား။ ဒီခြံစည်းရိုးကြီးကို လွှားကနဲ ခုန်ကျော်လိုက်ပါတော့လား ဆိုပြီး လှမ်းပြောလိုက်ရသတဲ့။

အခုလဲ ဦးဇင်းတွေ အုပ်စုနှင့် မြွေနှင့်က အဲဒီ ပုံပြင်လို ဖြစ်နေလေရဲ့။ အချင်းချင်း ကြောက်နေကြတာ ရယ်ဖို့ကောင်းတယ်။ အတော်လေး ကြာတော့မှဘဲ အဝေးကနေပြီး ၀ါးလုံးနဲ့ မြွေရဲ့ ခေါင်းကို ရေချိုးခန်း ရေထွက်ပေါက်ဆီ တေ့ ပေးလိုက်နိုင်တယ်။ အဲဒီတော့မှဘဲ မြွေက အပြင်ဘက်ကို ဖြေးဖြေးလေး ထွက်သွားတော့တယ်။ ဦးဇင်းတွေကလဲ မြွေကို အန္တရာယ်မပြု မြွေကလဲ ဦးဇင်းတွေကို အန္တရာယ်မပြု နဲ့ မြွေနှင့်ဦးဇင်းတွေကြားက အခက်အခဲဟာ အေးအေးလူလူလေး ပြီးစီးအောင်မြင်သွားတယ်။

အဲဒီ အဖြစ်အပျက်ဖြစ်ပြီး တစ်လလောက် အကြာမှာ အဲဒီ ဦးဇင်းက ချဲထီထိုးတယ်။ အမှန်ဆို အဲဒီဦးဇင်းက ချဲထီ ၀ါသနာမပါပါဘူး။ ဒါပေမဲ့ တစ်ရက်မှာတော့ ဘာစိတ်ကူးပေါက်တယ် မသိဘူး။ တစ်ကွက်ထဲကိုဘဲ နှစ်ရာဖိုး သွားထိုးတယ်။ ပတ်တာ လှည့်တာ ဘာမှ မထိုးဘူး။ တစ်ကွက်ဆို တစ်ကွက်ထဲ။ ညနေဘက် ဂဏန်းထွက်လာတော့ ကွက်တိဘဲ။ ဒါနဲ့ဘဲ အဲဒီ ဦးဇင်း ငွေတစ်သိန်း ပိုင်ဆိုင်သွားတယ်။ ဒါတင် မပြီးသေးဘူး။ နောက်တစ်နှစ်လောက် အကြာမှာတော့ အဲဒီ ဦးဇင်းကို နိုင်ငံခြားတိုင်းပြည်ကြီး တစ်ခုမှာ နေထိုင်တဲ့ မိတ်ဆွေ တစ်စုက ပင့်ဖိတ်လာတဲ့ အတွက် အဲဒီ တိုင်းပြည်ကြီးမှာဘဲ သာသနာပြုနေလိုက်တာ အခုထက်ထိ တိုင်အောင်ပါဘဲ။

မြွေမြင်လို့ ငွေဝင်တာလား။ မြွေမြင်လို့ ငွေရွှင်တာလား။ မြွေမြင်လို့ တစ်ပြည်ခင်တာလား။ ဘာလား ညာလား မသိပေမဲ့ သူကြီးမင်း ကြုံတွေ့ခဲ့ရတဲ့ မြွေပုံပြင်လေးကတော့ သူကြီးမင်းတို့ တုံးဖလား ဇနပုဒ်ရွာလေးမှာ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေလေတော့ရဲ့။ ။


.

26 comments:

Myanmar Good Knowledg Co., Ltd said...

ထပ်ဖတ်ဦးမယ်
အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ

နေ၀သန် said...

ဟားဟားဟား... ရယ်လိုက်ရတာ.. အဲဒီ ဦးပဇင်းနဲ့ မြွေကို.. မြင်ယောင်အောင် ရေးတတ်ပါ့..း))

ခင်မင်လျက်
နေ၀သန်

SHWE ZIN U said...

အင်း သကြီးမင်း ရေ ဖြစ်စဉ်လေးက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ် များများေ၇းပါ သကြီးမင်းရဲ့

Myanmar Good Knowledg Co., Ltd said...

တကယ်ဖြစ်တာပေါ့နော်

An Asian Tour Operator said...

ဆန်းပါပေ့ သူကြီးမင်းရယ်.။

စော(အဝါရောင်မြေ) said...

ကိုကိုမောင်ကတော့ အဲဒါ မပါရင် မပြီးဘူး။ ကျန်တာတွေ လိုခြင်တောင် မြွေပေါ်ထိုင်ပြီတော့ မပါရဲဘူး။ ကြောက်စရာကြီ။

အင်္ဂါဟူး said...

အင်းလေ... သူဂျီးမင်းလဲ မိန်းမရပြီး အဲလို ဘိုထိုင်ကွဲတာ နဲ့ကြုံရင် သူဂျီး ကတော်ကပဲ အမှုဖွင့်မှာပါလေ.... ဟုတ်တယ်ဟုတ်....ဟီးဟီး။

စံပယ်ချို said...

ဦးပဇင်း လဲချဲထိုးတတ်တယ်ပေါ့
ပေါက်သွားတော့ ကျောင်းမှာလိုအပ်တဲ့နေရာသုံးရ
တာပေါ့နော်...

တောက်ပကြယ်စင် said...

တကယ်တော့ ဆွမ်းမစားခင် ဖတ်လိုက်ရမှာ။ ခုတော့ဖြင့် မစားခင်လေး ဖတ်လိုက်မိတော့။

မြွေဆိုလို့ မြွေမြင်မက်ရင် လာဘ်ဝင်တတ်တာ တကယ်ပါ။ ကိုယ်တွေ့ဗျို့။ (တိုက်ဆိုင်လို့လားတော့ မသိဘူး)

အရေးအသားရှင်းတယ်။ ဖတ်ရတာ တစ်ချက်ကလေးမှ ခလုတ်မတိုက်ဘူး။

ကျန်းမာပျော်ရွှင်ပါစေ...

ညိမ်းနိုင် said...

အင်း...ဘိုထိုင်အိမ်သာတောင်တတ်ဖို့ရာ နောင်ကိုစဉ်းစား
ရတော့မယ်..ကိုယ်တွေဆို တရားစွဲပေးမယ့်သူတောင်မရှိ
တော့ ဒွတ်ခ....:)))
ငယ်တုန်းကတော့ မြွေများ ကိုယ့်သူငယ်ချင်းတွေလား
အောက့်မေ့ရ...၊ကြက်မွေး၊နွားမွေးလေတော့ ကြက်ဥလာ
စားတဲ့မြွေနဲ့ကောက်ရိုးပုံထဲလာခွေနေတဲ့ ငပွေးနဲ့၊သစ်ပင်
ပေါ်ကပြုတ်ကျလာတဲ့ မြွေစိမ်းနဲ့...အို...ကြောက်ကိုမ
ကြောက်တတ်တော့တာ...၊မြွေတွေခဏခဏမြင်နေရပေ
မယ့် ငွေလည်းအစုအပြုံလိုက်ဝင်ခဲ့ပါဘူးဗျာ....ဆိုးတဲ့ကံ
နှယ်....:(((

mstint said...

တစ်ပုဒ်ဆိုတစ်ပုဒ် မှတ်သားလောက်ပါပေတယ် ကိုကိုမောင်ရေ။ တစ်ခါမှ မြွေကို အိပ်မက် မမက်ဖူးသေးဘူးး)လဒ်ကောင်ဆိုပေမယ့်ကြောက်ပါ့။
'သူခိုးသွားမှထိုးကွင်းထ' ဆိုတဲ့စကားပုံတောင်ရှိနေမှ မျက်နှာချင်းဆိုင် ရင်ဆိုင်ရတဲ့အခါမှာတော့ အကြောက်ကိုယ်စီနဲ့ဖြစ်နိုင်ပါတယ်း)
လူ့သဘောသဘာဝအရ အဖွဲ့နဲ့မှမာန်လေးတက်ပြီး သတ္တိရှိလာတာမဟုတ်လား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်ကြည်အေး said...

ရယ်လိုက်ရတာ...။ ထူးဆန်းပါပေ့ တုံးဖလားသဂျီးရယ်...:)

မြစ်ကျိုးအင်း said...

မြွေနဲ့တော့ အိမ်မက်ထဲမှာပဲ တိုးရင် လုံလောက်ပါပြီ။
အပြင်မှာတော့ မတွေ့ချင်ဘူး။ အသဲယားတယ်။

ဟန်ကြည် said...

အံမယ် ဒီတစ်ခါတော့သူကြီး ကြောင်မဖမ်းတော့ဘူးပဲ...ပုံပြင်ထဲက ဦးဇင်း ဘိုထိုင်အိမ်သာနဲ့ ပြဿနာဖြစ်နေတာကို ဖတ်ရင်းက ဦးဟန်ကြည်လည်း အိမ်မှာ ဘိုထိုင်တပ်ကာစတုန်းက ပြဿနာဖြစ်ခဲ့ရတာ ပြန်သတိရမိသေးတော့တယ်...ဘယ်လောက်ပဲ ပါတော်မူချင်လို့ ပြေးတက်တက် အဲဒီအပေါ်ရောက်ရင် အလုပ်မဖြစ်တော့ဘူးဗျို့...တစ်ပတ်လောက်ကြာမှ အသားကျလာတယ်...ဒါတောင် မကျေနပ် အားမရလို့ တစ်ဝက်ကို ဘိုထိုင်မှာ ရှင်းပြီး ကျန်တဲ့တစ်ဝက်ကို ရိုးရိုးအိမ်သာမှာ ထပ်ရှင်းရသေးတယ်...ဒါပေမယ့် ကမုတ်ပေါ်မှာတော့ ခြေတော်ရာ မကျန်ရစ်တာမို့ ဦးဇင်းထက်တော့ သာပါသေးရဲ့လို့ ဖြေမိပါတယ်...မတော်လို့များ အိမ်သာလဲသွားလို့ကတော့ အင်း...သူကြီးတွေးပြမှပဲ ခေါင်းကြီးသွားတယ်...

blackroze said...

တဂျီးရေ..
ရေးတတ်လိုက်တာနော်..

ဘဲထီးဂွတ် ဘဲမဂွတ် ..ဂွတ် ဂွတ် ဂွတ်

Angelhlaing(May everybody be happy and healthy! said...

ရေးလည်းရေး တွေးလဲတွေးတက်ပအကိုရာ :):)
မြွေတော့ ကြောက်လယ် အကို ...:P:P

ချော(အစိမ်းရောင်လွင်ပြင်) said...

မြွေကို ငွေလို့ ယူဆတာတော့ ကျွန်မတို့အရပ်နဲ့ တူပြန်တယ်
သူဂျီးမင်းရဲ့ မြွှေပုံပြင်တွေကလည်း ထူးဆန်းထွေလာပါလားနော်။
ရယ်ဖို့လည်းကောင်းပါရဲ့
သူဂျီမင်းက မြွေတွေကို အထူးပြုလေ့လာနေလေသလားး)

ကိုဇော် said...

တိုက်တိုက်ဆိုင်ဆိုင်ပါလား။
ဟိုနေ့ကပဲ မြွေအကြောင်း အိပ်မက် မက်တယ်ဗျ။
မြွေက ဘယ်လောက် ကြီးလဲ ဆိုရင် သူ့ရဲ့ လျှာကတင် ဖျာနှစ်ချပ်စာလောက်ကို ကျယ်တယ်။ ကျနော်တို့ မိသားစု နောက်ကို လိုက်လိုက်တာဗျာ။ ပြေးရတာ ဝရုန်းသုန်းကားပဲ။ နောက်ဆုံး ပြေးမလွတ်တော့ဘူး။ ဒါနဲ့ အားလုံး ကိုယ်စား ငါပဲ အနစ်နာခံမယ် ဆိုပြီးတော့ ဘယ်က ရလာတဲ့ ဗုံးနဲ့လည်း မသိပါဘူး။ မြွေပါးစပ် ဟနေတုန်း ပစ်ဝင်လိုက်ပြီးတော့ မြွေရဲ့ ပါးစပ်ထဲမှာ ဗုံးကို ထောင်ခဲ့ပြီးတော့ ကျနော်ကတော့ ဗိုက်ထဲကို လှိမ့်ဆင်းသွားလိုက်တယ်။ မြွေရဲ့ ဗိုက်ထဲက အက်ဆစ်တွေက ခန္ဓာကိုယ်က စားလိုက်တာ ပြောမနေပါနဲ့တော့။ ခဏကြာတော့ ဗုံးပေါက်ပြီးတော့ မြွေလည်း ခေါင်းပြတ်သွားတယ်။ ဒီတော့မှ ကျနော့်လည်း ပြန်ထွက်လာနိုင်တယ်။ အပြင်လည်း ရောက်ရော လူတွေ အားလုံးက ဝိုင်ြး့ပီးတော့ ချီးကျူးထောပနာ ပြုကြတယ် လို့ အိပ်မက် မက်တယ်။

ဘာလဲတော့ မသိဘူး။ အဓိပ္ပါယ်လည်း မကောက်တတ်ပါဘူး။ အစွဲလည်း မရှိဘူး။ ဒီအတိုင်းပါပဲ။ အခု ပို့စ်လေး ဖတ်ပြီး ပြန်သတိရလို့. . . .

ခွန် said...

အိမ်သာခွက်ထဲမှာ မြွေ
တွေးကြည့်တာနဲ့တင် ဗိုက်ထဲမှာ ကလိကလိနဲ့...
မြွေဆို အသေကြောက်တဲ့အပြင် အဲဒီ တွန့်လိမ်
တွန့်လိမ်ကို မြင်ရတာ ဘာနဲ့မတူတဲ့ အသည်း
ယားမှု့ဘဲ...

ps: သူကြီးရဲ့ မြွေပုံ ခေါင်းက ရေနဂါးခေါင်း ဖြစ်နေတယ် :D

San San Htun said...

ရေးလည်း ရေးတတ်ပါပေ့ သူကြီးမင်းရယ်...ရယ်လိုက်ရတာ...ဖတ်ဖတ်မော...းD

မဒမ်ကိုး said...

တော်တော်ဆိုးတဲ့သူကြီး ..
ရီရတာဗိုက်တောင်အောင့်တယ် ..
ရုံးမှာခိုးဖတ်ပါတယ်ဆိုမှ
အသံထွက်အောင်ရီနေရတယ်း)

Anonymous said...

စာတစ်ပုဒ်တည်းနဲ့
ပုံပြင် ၁၀ ပုဒ်လောက် ပြောသွားသလိုပဲ နော် .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အဖြူရောင်နတ်သမီး said...

မြွေအကြောင်းဆိုရင်စိတ်ဝင်စားတယ်..
စိတ်ထဲမှာ တမျိုးပဲ..
ပတ်သက်ဖူးတဲ့သူတွေပဲ နားလည်မယ်..ပြောမပြတတ်ဘူး.။
သူကြီးမင်းပြောတာကိုနားထောင်ရင်းနဲ့ မြွေကို မသတ်ပါစေနဲ့လို့ ဆုတောင်းနေတာ နောက်ဆုံးမြွေကို မသတ်တော့မှ စိတ်အေးသွားတယ်..

Anonymous said...

မောင်ဘကြိုင်မြွေဖမ်းတဲ့ပုံနောက်မှပြမယ်
ရယ်သွားတယ် သဂျီး
း)

မောင်ဘကြိုင်

Anonymous said...

Hi are using Wordpress for your site platform?
I'm new to the blog world but I'm trying to get started and set
up my own. Do you require any coding expertise to make your own blog?

Any help would be greatly appreciated!

My web site video

Anonymous said...

Hiya! My name is Regan and I personally just desired to say your weblog is great!
It really is funny simply because I use to
have a site that virtually had an identical web address: http://www.

blogger.com/comment.g?blogID=7609397484304819032&postID=7975786404424984960 mine was only a few letters different.
Anyways, I'm a big admirer of your blog site and if you at any time want a guest write-up you should email me at: regandejesus@yahoo.de. I absolutely love writing!

Feel free to visit my weblog: youtube