"အေးပါကွာ။ ကြိုးစားပြီး ပြောပြပါ့မယ်။ အရမ်းရှည်နေရင်လဲ အကျဉ်းချုံးပြီး အဆင်ပြေသလို ပြောပြပါ့မယ်။ ဒါပေမဲ့ ဇာတ်သိမ်းမလှဘူးလေး ဘာလေးတော့ မလုပ်နဲ့နော်။ မင်းသိထားရမှာက အခုပြောပြနေတာ ပုံပြင်အတုမဟုတ်ဘူး။ ပုံပြင် အစစ်ကို ပြောပြနေတာ။ ဒါကြောင့် ကိုရီးယားဇာတ်လမ်းတွဲတို့လို တရုတ်ဇာတ်လမ်းတွဲတို့လို ဇာတ်သိမ်းကောင်းချင်မှ ကောင်းမယ်"
"နားလည်ပါတယ် သူကြီးမင်း"
"ပြောရရင်တော့ အဲဒီ ကြောင်ဖမ်းဆရာတော်ဟာ အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရ အနာတွေ ဗလပွနဲ့ လ ချီပြီး ဝေဒနာတွေကို ခံစားနေခဲ့ရတယ်။ ခန္ဓာကိုယ်တစ်ခုလုံးလဲ အနာတွေချည်းဘဲ။ ရိုးရာဆေးတွေ စားပေမဲ့လဲ မသက်သာတဲ့အပြင် ပိုလို့တောင် အနာအလုံးရေတွေ ထပ်ပေါက်လာခဲ့တယ်။ မတည့်ဘူးထင်တဲ့ ဟင်းတွေကို ရှောင်ရင်း နောက်ဆုံးကျတော့ ထမင်းဖြူကို ဆားဖြူး ဆီဆမ်းဘဲ စားရတော့တယ်။ ဆေးအနေနဲ့ ပင်တိုင် ဆံတုံးမနွယ်ကို စားရတယ်။ ဆံတုံးမနွယ်ဆို အပင်လိုက် ဆောင်ထားရတယ်။ ရေသောက်ရင်လဲ ဆံတုံးမနွယ်ကို ထုထောင်းပြီး ဆားနဲ့ မတ်ခွက်ထဲမှာ စိမ်ထားတဲ့ ရေကိုဘဲ သောက်ရတယ်။ အဲဒီလို အစားအသောက်ကို ဒုက္ခခံ စားသောက်ပေမဲ့ အနာရောဂါက လုံးဝ မသက်သာသွားပါဘူး။ ပိုပို ဆိုးလာတယ်"
"ကံ အလှည့်အပြောင်းက ကြောက်စရာ ကောင်းတယ်နော်။ သူကြီးမင်း"
"အင်း... ဟုတ်တယ်။ လောကသဘာဝကကိုမှ သူ့သဘော သူဆောင်နေတာလေ။ မကောင်းတာ လုပ်နေတာကို ဘယ်သူမှ မသိရင် မသိဘဲ နေမယ်။ ဒါပေမဲ့ ကိုယ်တိုင်က သိနေတယ်။ ပြီးတော့ လောကသဘာဝကလဲ ဒီအတိုင်းမနေဘူး။ ကံတရားအတိုင်း အတုံ့အလှည့် ဖြစ်လာတတ်တယ်။ မောင်ပေါက်ကျော်ရေ... မင်းလဲ သူတစ်ပါး အကျိုး ပျက်စီးရာ ပျက်စီးကြောင်းကို ဘယ်တော့မှ မကြံစည် မပြောဆို မပြုလုပ်နဲ့နော်။ ကံတရားက ဒီအတိုင်း လက်ပိုက် ကြည့်မနေဘူး"
"ဟုတ်ကဲ့ပါ သူကြီးမင်း။ သံဝေဂ ရစရာပါဘဲ။ နျူတန်က ဒီသဘာဝ နိယာမကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ရမယ်။ အော်...ဒါနဲ့ အဲဒီ ကြောင်ဖမ်းဆရာတော် ဘယ်လို ဖြစ်သွားလဲ မသိဘူး"
"ရိုးရာကုထုံးတွေနဲ့ ကုသလို့ မရတော့တဲ့အတွက် မြို့တက်ပြီး ဆေးရုံတင်ရတော့တာပေါ့။ တစ်ခြားလူနာတွေလဲ သူ့ကို ၀ိုင်းပြီး ကရုဏာသက်ကြတာပေါ့။ တစ်ကိုယ်လုံး အနာတွေချည်းကိုး။ ပြီးတော့ အနာတွေ နာလွန်းလို့ အမြဲတမ်း ငြီးငြူပြီး နေရရှာတယ်လေ။ ဆေးရုံမှာ တစ်လလောက် နေပြီးမှ အနာရောဂါ သက်သာလာတယ်။ ဒါနဲ့ ဆေးရုံက ဆင်းပြီး ဆရာဝန်ညွန်ကြားချက်အတိုင်း စားဆေး လိမ်းဆေးတွေကို သောက်သုံးတော့မှ အနာက ရှင်းရှင်း ပျောက်ကင်းသွားတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အနှံ့ အမာရွတ်တွေကတော့ သေရာပါ အထိ ရှိနေတော့တာပါဘဲ"
"တော်သေးတာပေါ့။ ကျနော်က အဲဒီ အနာရောဂါတွေနဲ့ဘဲ တခါထဲ ပျံလွန်တော် မူသွားတယ် ထင်နေတာ"
"အခုလဲ မပျံလွန်ရုံတမယ်ပါဘဲ။ အတော်လေး ဝေဒနာ ခံစားခဲ့ရတယ်လေ။ သူ လုပ်ခဲ့တဲ့ အကုသိုလ် အကျိုးတွေကို သူ လူးလှိမ့် အော်ဟစ်ပြီး ခံစားခဲ့ရတာ။ သေလု မျောပါးပါဘဲ"
"ကျနော်တောင် ငယ်ငယ်တုန်းက ငှက်ကလေးတွေကို လေးခွနဲ့ ပစ်သတ်ခဲ့တာ တွေးမိပြီး ကြောက်ကြောက်လာမိတယ်"
"မောင်ပေါက်ကျော်ရေ... တစ်ခုတော့ သတိပေးထားလိုက်ဦးမယ်။ ပြုလုပ်ခဲ့ပြီးတဲ့ အကုသိုလ်တွေကို ပြန်တွေးမနေပါနဲ့။ တွေးမိတိုင်း အကုသိုလ် ပိုတိုးလာတတ်တယ်။ မေ့ထားလိုက်ရင် အကောင်းဆုံးပါဘဲ။ တွေးမိရင် စိုးရိမ်ကြောက်ရွံ့မှုတွေ ပေါ်လာလိမ့်မယ်။ အဲဒီ စိုးရိမ်ကြောက်ရွံ့မှု ကိုယ်တိုင်ကိုက အကုသိုလ်ကြီးလေ"
"မစဉ်းစားဘဲ နေပေမဲ့လဲ အကျိုးကတော့ သေချာပေါက် ပေးမှာ မဟုတ်လား သူကြီးမင်း"
"အဲဒီလို သေချာပေါက်တော့ ပြောလို့ မရသေးပါဘူး။ ကျူးလွန်ခဲ့တဲ့ ကံ အကြီးအသေးအလိုက် အကျိုးပေးတာရှိသလို အကျိုးမပေးဘဲ နေတာလဲ ရှိပါတယ်"
"ကောင်းကောင်း မရှင်းသေးဘူး သူကြီးမင်း"
"အတိုချုံးပြီး ပြောရရင်တော့ ကုသိုလ်ဘဲ လုပ်လုပ် အကုသိုလ်ဘဲ လုပ်လုပ် အကျိုးပေးတဲ့ချိန် လေးမျိုးရှိတယ်။
၁။အခု (ပထမ)ဘ၀မှာ အကျိုးပေးတဲ့ ကံ (ဒိဋ္ဌဓမ္မဝေဒနိယကံ)
၂။နောက် ဒုတိယ ဘ၀မှာ အကျိုးပေးတဲ့ ကံ (ဥပဇ္ဇဝေဒနိယကံ)
၃။တတိယဘ၀က စပြီး နိဗ္ဗာန်မရမချင်း အကျိုးပေးတဲ့ ကံ (အပရာပရိယဝေဒနိယကံ)
၎။လုံးဝ အကျိုးမပေးတော့တဲ့ ကံ (အဟောသိကံ)
အဲဒီလို လေးမျိုး ရှိပါတယ်။
ကုသိုလ်ဘဲ ဖြစ်ဖြစ် အကုသိုလ်ဘဲ ဖြစ်ဖြစ် ပထမဘ၀၊ ဒုတိယဘ၀၊ တတိယဘ၀က စပြီး နိဗ္ဗာန်မရမချင်း၊ အဲဒီ သုံးမျိုးထဲက တစ်မျိုးမျိုးနဲ့ များသောအားဖြင့် အကျိုးပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ကုသိုလ်ကံက အရမ်း အင်အားကြီးနေရင်တော့ တစ်ချို့အကုသိုလ်ကံတွေကို အကျိုးပေးခွင့် မပြုတော့ပါဘူး။ ဥပမာ အရဟတ္တမဂ်ဥာဏ်လိုမျိုးပေါ့။ အဲဒီလိုပါဘဲ အကုသိုလ်ကံက အရမ်း အင်အားကြီးနေရင်လဲ တစ်ချို့ကုသိုလ်ကံတွေကို အကျိုးပေးခွင့် မပြုတော့ပါဘူး။ ဥပမာ ပဉ္စာနန္တရိယ ကံမျိုးပေါ့"
"ဒါဖြင့် သူကြီးမင်း။ ပုဂ္ဂိုလ် တစ်ယောက်ထဲနဲ့ အဲဒီ အရဟတ္တမဂ်ဥာဏ်လဲရ၊ ပဉ္စာနန္တရိယကံလဲ ကျူးလွန်ဆိုရင်ကော ကံတရားက ဘယ်လို အကျိုးပေးမလဲ မသိဘူး"
"မောင်ပေါက်ကျော်... မင်းကတော့ လုပ်ရော့မယ်။ မသိရင်လဲ သေချာ မှတ်ထားလိုက်ဦး။ ပဉ္စာနန္တရိယကံ ကျူးတဲ့ခဲ့တဲ့သူဟာ ဒီဘ၀မှာ ဘယ်တော့မှ အရဟတ္တမဂ်ဥာဏ်ကို မရနိုင်တော့ဘူး။ အရဟတ္တမဂ်ဥာဏ်ရပြီးတဲ့ သူကလဲ ပဉ္စာနန္တရိယကံ မဆိုထားနဲ့ ဘယ်အကုသိုလ်ကိုမှ မပြုလုပ် မကျူးလွန်တော့ဘူး။ ကိလေသာတွေ လုံးဝ ကုန်စင်သွားပြီလေ"
"အော်... အဲလိုလား။ မသိပါဘူး။ ကျနော်လဲ ရုတ်တရက် စဉ်းစားမိတာလေး မေးကြည့်တာပါ"
"ဥပမာ အရှင်အင်္ဂုလိမာလကို ကြည့်ပါလား။ လူပေါင်း တစ်ထောင်ကျော် သတ်ဖြတ်ခဲ့တယ်။ သူ့အမေကို သတ်ခါနီးမှာမှ ဘုရားရှင်နဲ့တွေ့ပြီး မသတ်ဖြစ်လိုက်တော့ဘူး။ ပြီးတော့ သံဝေဂရပြီး ရဟန်းပြုတယ်။ နောက်ဆုံးတော့ သူ့ရဲ့ အတိတ်က ပါရမီအရ ရဟန္တာဖြစ်သွားတယ်။ တကယ်လို့သာ သူ့အမေကို သတ်ခဲ့မိရင် ပဉ္စာနန္တရိယကံ ထိုက်ပြီပေါ့။ ရဟန္တာ မဖြစ်နိုင်တော့ဘူး။ ရဟန္တာဖြစ်သွားတော့ အကုသိုလ်ကံတွေ အဟောသိကံ ဖြစ်သွားတော့တာပေါ့။ နောက်ပြီး သဲအင်းဂူဆရာတော် ဘုရားကြီးကို သိတယ် မဟုတ်လား။ အဲဒီ ဆရာတော်ဟာလဲ နုစဉ်တုန်းက ဓါးပြဗိုလ်ကြီးလေ၊ မိန်းမလဲ တစ်ယောက်မက ယူထားတယ်။ ဒါပေမဲ့ ပါရမီ ဥာဏ်ရင့်သန်တော့လဲ တရားရသွားတာပါဘဲ။ ဒါပေမဲ့ သူတို့ ပဉ္စာနန္တရိယကံကို မကျူးလွန်ခဲ့ကြဘူး။ ကျူးလွန်ခဲ့မိရင် သူတို့လဲ တရားထူးရကြမှာ မဟုတ်ဘူး"
"သူကြီးမင်းပြောစကားအရ သူတို့နှစ်ပါးလုံး အကုသိုလ်တွေ အများကြီး ကျူးလွန်ခဲ့ကြပေမဲ့ အကုသိုလ် အကျိုးမပေးဘဲ တရားထူးရသွားကြတယ်ဆိုတော့ အခုခေတ် လူငယ်တွေကို အကုသိုလ်ဘယ်လောက်လုပ်လုပ် တရားထူး ရနိုင်တယ်ဆိုပြီး အကုသိုလ်လုပ်ဖို့ အားပေးရာ မရောက်ပေဘူးလား သူကြီးမင်း။ ကျနော် နဲနဲ စိုးရိမ်မိသလို ဖြစ်မိတယ်"
"မင်းကလဲ အတွေးခေါင်ပြီး ဘာသာပြန်မှားနေပြန်ပါပြီ။ ပေးနေတဲ့ မက်ဆေ့ခ်ျက ဘုရားမှန်း တရားမှန်း သံဃာမှန်း မသိဘဲ ကမ်းကုန်အောင် မိုက်မဲနေကြတဲ့ လူမိုက်ကြီးတွေကို ဘုရားတရား လုပ်ချင်စိတ်ရှိသေးရင် အချိန်မီပါသေးတယ်။ ဆက်မမိုက်ကြပါနဲ့တော့။ မိုက်ဇာတ်သိမ်းလိုက်ကြပါတော့။ ဆက်မိုက်နေရင်တော့ အပါယ်တံခါးက အခုကထဲက ပွင့်နေပြီ ဆိုပြီး မက်ဆေ့ခ်ျပေးနေတာပါ"
"အော်... အဲလိုလဲ ဟုတ်သားဘဲ"
"မောင်ပေါက်ကျော်ရေ... အတွေးတော့ မမှားနဲ့နော်။ အဟောသိကံဆိုတာ အလွန်ရှားပါးတဲ့ ကံပါ။ အများအားဖြင့်တော့ အကျိုးပေးတဲ့ ကံတွေချည်းပါ။ အခု ကြောင်ဖမ်းဆရာတော်ကို ကြည့်လေ။ လက်ရှိဘ၀မှာတင် အတော်လေး ခံစားခဲ့ရရှာတယ်။ ကံကောင်းလို့ မသေမပျောက်ခဲ့ပေမဲ့ ပတ်ဝန်းကျင်ကလဲ သူ့ကို အကုသိုလ်အကျိုးပေးခံရတာလို့ ပြော၊ သူကိုယ်တိုင်ကလဲ ဝေဒနာကို ရေရှည် ခံစား၊ ဘယ်လောက်များ သနားဖို့၊ သံဝေဂယူဖို့ ကောင်းလိုက်သလဲလို့"
"ဟုတ်တယ်နော် သူကြီးမင်း။ သေချာ တွေးကြည့်ရင်တော့ ကံကံ၏အကျိုးက တကယ် ကြောက်စရာကောင်းတယ်"
"အင်းးးး အဲဒီလို ကြောက်စရာကောင်းလို့လဲ ရှေးပညာရှင်တွေက အသက်သတ်ခြင်းရဲ့ အကျိုးအပြစ်ကို ဘုရားဟောနဲ့အညီ ကဗျာလင်္ကာလေး စပ်ပြီး အားလုံး ရှောင်ကြဉ်နိုင်ဖို့ လူအများရှေ့ ချပြခဲ့ကြတာပေါ့။ အဲဒီ ကဗျာလင်္ကာလေးလဲ မင်း မှတ်သွားလိုက်ဦး"
"သူ့အသက်ကို သိလျက်သားနဲ့
ဒေါသစိတ်ထား သေစေလို
လုံ့လပြုကာ သေအောင်သတ်က
ပါဏာတိပါတ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ဘဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်လာပြန်လဲ ရောဂါစွဲ ဆင်းရဲအသက်တို
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို"
ဒေါသစိတ်ထား သေစေလို
လုံ့လပြုကာ သေအောင်သတ်က
ပါဏာတိပါတ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ဘဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်လာပြန်လဲ ရောဂါစွဲ ဆင်းရဲအသက်တို
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို"
"ကောင်းလိုက်တဲ့ ကဗျာလင်္ကာလေးနော် သူကြီးမင်း။ ကျနော်ကတော့ အလွတ်ကျက်သွားလိုက်ပြီ။ ရပ်ရွာထဲက ကလေးတွေကိုလဲ ဒီကဗျာလင်္ကာလေး ရွတ်ပြပေးဦးမယ်"
"အင်းးးး ကောင်းတယ် ကောင်းတယ်။ ပြီးတော့ ငါးပါးသီလ အားလုံး ကျူးလွန်ခြင်းအတွက် အပြစ် အသီးသီးတွေကိုလဲ ဒီနေရာမှာ သွားမှတ်ယူပြီး ကလေးတွေကို ပေးဝေငှလိုက်ဦးပေါ့။ ဟုတ်ပြီလား။ ဒီအလုပ်က လူနတ် သာဓုခေါ်တဲ့အလုပ်ပါ"
"ကောင်းပါပြီ သူကြီးမင်း။ ဒါနဲ့ ကြောင်ဖမ်းဆရာတော် ပုံပြင်က ဒီမှာ ပြီးသွားပြီလား"
"ဆက်ပြောဦးမယ်လေ။ နဲနဲ ကျန်သေးတယ်။ ကြောင်ဖမ်းဆရာတော်လဲ နောင်တတွေ သံဝေဂတွေ တစ်ပုံတစ်ပင်ကြီး ရသွားပြီး တောလိုက်ထွက်ခြင်းကို အပြီးပိုင် စွန့်လွှတ်လိုက်တယ်။ ရဟန်းကျင့်ဝတ်နဲ့ အညီ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေထိုင်တယ်။ ရွာဦးကျောင်းဆရာတော်လဲ ကိုရင်ကျောင်းသားတွေကို တောထဲ သွားခွင့်မပြုတော့ဘူး။ အားလပ်ရက်ဖြစ်တဲ့ အဖိတ်နေ့ရောက်ရင် ကျောင်းဝင်းထဲမှာဘဲ လူကြီးအသင်း လူငယ်အသင်း ဖွဲ့ပေးပြီး ဘောလုံး ကစားခိုင်းတော့တယ်။ ဘယ်မှ မသွားရတော့ဘူး။ ခွေးတွေလဲ တောမလိုက်ရတဲ့အတွက် ပျင်းပျင်းရိရိနဲ့ ဟိုနား ဒီနား ခွေအိပ်နေကြတယ်။ ခွေးတွေဟာ တောမလိုက်ရတဲ့ အငြိုးနဲ့ ကျောင်းဝင်းထဲ နယ်ကျွံလာတဲ့ အပြင်ကခွေး ကြက် ကျွဲ နွားတွေဆို အလွတ်မပေးတော့ဘူး။ အပြင်းအထန် ၀ိုင်းဝန်းပြီး တိုက်ခိုက်ကြတယ်။ သူတို့က တော လိုက်တာကိုဘဲ အထုံပါနေကြတာကိုး"
"ရွာဦးကျောင်းဆရာတော်လဲ မကောင်းမှုတွေကို ကိုရင် ကျောင်းသားတွေ ဆက် မလုပ်ဖို့ အချိန်မီ ထိန်းလိုက်နိုင်တာဘဲနော်"
"အင်း.. ပျက်အစဉ် ပြင်ခဏပေါ့ မောင်ပေါက်ကျော်။ နောက်ပိုင်းတော့ ကြောင်ဖမ်းဆရာတော်လဲ မြောက်ပြင်ဆိုတဲ့ ရွာလေးမှာ ကျောင်းထိုင်ဆရာတော် ဖြစ်သွားတယ်။ လိုရင်း ချုံးပြောရရင်တော့ ကြောင်ဖမ်းဆရာတော်ဆိုတာ တစ်ခြားဆရာတော် မဟုတ်ပါဘူး။ အခု လက်ရှိ သီလသဓာဓိနဲ့ ပတ်သက်ပြီး နာမည်ကြီးနေတဲ့ မြောက်ပြင်ဆရာတော် ဦးသောပါက ပါဘဲ"
"အော်... လက်စသတ်တော့ အဲဒီ ဆရာတော်ကိုး"
"အင်းးးး နောင်တတွေ အများကြီးရပြီး ရဟန်းကျင့်ဝတ်အတိုင်း နေထိုင်တယ်။ မြောက်ပြင်ရွာမှာ ကျောင်းထိုင်ပြီး နေ့စဉ် တရားဘာဝနာ အားထုတ်တယ်။ ကျောင်းဝင်းထဲမှာ ခွေးလုံးဝ မွေးမထားဘူး။ ကိုရင်ကျောင်းသားလေးတွေကို နေ့စဉ် စာသင်ပေးတယ်။ သူ့ဘ၀ သင်ခန်းစာနဲ့ ထိုးပြပြီး မကောင်းတာ မလုပ်ဖို့ သင်ပြပေးတယ်။ ကျောင်းဝင်းထဲ ၀င်ရောက်လာတဲ့ ကျေးငှက် တိရစ္ဆာန်တွေကို လုံးဝ မသတ်ဖြတ် မညှဉ်းဆဲရ အမိန့်ထုတ်ထားတယ်။ နေ့စဉ် ကျောင်းဝင်းအစပ်မှာ ကျေးငှက်တိရစ္ဆာန်တွေကို အစာကျွေးတယ်။ အခုဆိုရင် သူ့ မြောက်ပြင်ကျောင်းဝင်းထဲမှာ မင်းသိတဲ့အတိုင်းဘဲ။ ဘေးမဲ့ပေးထားတဲ့အတွက် ကျေးငှက်သာရကာ တိရစ္ဆာန်လေးတွေနဲ့ ပြည့်နှက်လို့။ အလွန်ကြည်နူးစရာ ကောင်းလိုက်တဲ့ မြင်ကွင်းပါဘဲ"
"ဟုတ်တယ်နော် သူကြီးမင်း ကြည်နူးစရာမြင်ကွင်းလေး"
"မောင်ပေါက်ကျော်ရေ... လူဆိုတာ မကောင်းတာကို မကောင်းမှန်းသိရင် လိမ္မာတယ် ပြောရမှာပါဘဲ။ ဒီထက် မကောင်းတာကို စွန့်လွှတ်နိုင်ရင် ပို လိမ္မာတယ် လို့ ပြောရမှာဘဲလေ။ ဒါပေမဲ့ တစ်ခါတစ်ခါ လူတွေ သံဝေဂ ရခဲကြတယ်။ ကိုယ်တိုင် ဒုက္ခသုက္ခတွေ ခံစားရမှ နောင်တ ရတတ်ကြတာ မဟုတ်လား"
"ကြောင်ဖမ်းဆရာတော်လဲ သူ့အနာရောဂါတွေက တစ်ဆင့် သတိသံဝေဂ ၀င်သွားတာနော် သူကြီးမင်း"
"အင်းးး ဟုတ်တယ်။ သူ့မှာက ဗုဒ္ဓစာပေ အခြေခံရှိတော့ ချက်ချင်း သဘောပေါက်တာပေါ့။ ခေါင်းမာပြီး တင်းခံ မနေတော့ဘူးလေ။ သေချာပေါက် အကုသိုလ်အကျိုးတွေဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် သူ အဲဒီ အကုသိုလ်တွေအားလုံးကို စွန့်လွှတ်လိုက်တာ"
"ဒါကြောင့်လဲ အဆိုးဆုံး အခြေအနေကနေ အကောင်းဆုံး အခြေအနေကို ကူးပြောင်းနိုင်တာပေါ့နော် သူကြီးမင်း"
"အင်း... သေချာတာပေါ့။ တစ်ယောက်ထဲ တစ်စိတ်ထဲ ဆိုပေမဲ့လဲ အခြေအနေနဲ့ အချိန်အခါအရ အဆိုးဆုံးလဲ ဖြစ်နိုင်သလို အကောင်းဆုံးလဲ ဖြစ်နိုင်တာပါဘဲ။ ဟို.... အဲဒါနဲ့ ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်တောင် ရှိသေးတယ်"
သူကြီးမင်းက ပုံပြောဦးမယ်ထင်တယ်။ တော်ကြာ ဇာတ်မသိမ်းနိုင်ဘဲ ဖြစ်နေဦးမယ်။ ဒါပေမဲ့ ကျနော်ကတော့ ပုံပြင်ဆို ကြိုက်ပြီးသားဘဲ
"အင်း... ငါလဲ အဲဒါ စဉ်းစားနေတာ။ အရမ်းလဲ မရှည်ချင်တော့ဘူး။ ဒါကြောင့် အဲဒီ ပုံပြင်လေးကို အကျဉ်းချုပ်ပြီး ပြောပြလိုက်ပါဦးမယ်"
"ကောင်းတယ် သူကြီးမင်း"
"တစ်ခါက လူတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ အနူးညံ့အသိမ်မွေ့ဆုံး လူသားနှင့် ကြမ်းတမ်းအရက်စက်ဆုံး လူသားတို့ကို မှတ်တမ်းတင်ဖို့ ရှာဖွေ ထွက်ခဲ့သတဲ့။ ကမ္ဘာအနှံ့ အနူးညံ့ဆုံးလူသားကို လိုက်ရှာပေမဲ့ မတွေ့နိုင်ဘဲ ဖြစ်နေသတဲ့။ သတင်းအရ အနူးညံ့ဆုံးလို့ နာမည်ကြီးတဲ့ သူတွေဆီ သွားတွေ့တိုင်း ချွတ်ယွင်းချက် တစ်ခုခု တွေ့မြဲ တွေ့နေရသတဲ့။ ဒီလိုနဲ့ ရှာပုံတော် ထွက်ရင်း တောအုပ်နက်နက်တစ်ခုကို ဖြတ်ကျော်တဲ့အခါမှာ သစ်ပင်ကြီး တစ်ပင်အောက် တရားထိုင်နေတဲ့ ရသေ့တစ်ပါးကို တွေ့လိုက်သတဲ့။ အဲဒီ ရသေ့အနီးအနားမှာလဲ သားရဲ တိရစ္ဆာန်တွေ အများကြီး ကျက်စားနေထိုင်ကြသတဲ့။ ရသေ့ဟာ တရားထိုင်ပြီးလို့ စင်္ကြန်လျှောက်တဲ့အခါမှာလဲ ဣနြေ္ဒအရမ်းရှိပြီး ကြည်ညိုဖွယ် အရမ်းကောင်းတယ်တဲ့။ သားရဲတိရစ္ဆာန်တွေလဲ ရသေ့နဲ့ မိတ်ဆွေရင်းခြာတွေ ဖြစ်နေကြသတဲ့။ ချုံးပြောရရင်တော့ အားလုံး(အားလုံး) ဘာမှ ချွတ်ယွင်းချက် မရှိ (ကာယကံ ၀စီကံ မနောကံ) ကံသုံးပါးလုံး နူးညံ့သိမ်မွေ့နေတာကို တွေ့ရသတဲ့။ ဒါကြောင့် အဲဒီလူဟာ ကမ္ဘာပ်ါက အနူးညံ့ဆုံး အသိမ်မွေ့ဆုံး လူသားနဲ့ တွေ့ပြီဆိုပြီး မှတ်တမ်းတင်လိုက်သတဲ့"
"ရသေ့ရဟန်းဆိုတော့လဲ နူးညံ့သိမ်မွေ့မှာပေါ့ သူကြီးမင်းရာ နော်"
"မင်း... ဆုံးဖြတ်ချက် မစောနဲ့ဦး မောင်ပေါက်ကျော်၊ ဆုံးအောင်လဲ နားထောင်ဦး။ အဲဒီလူဟာ အနူးညံ့အသိမ်မွေ့ဆုံး လူသားကတော့ တွေ့ပြီ၊ အကြမ်းတမ်းအရက်စက်ဆုံး လူသား ရှာဖို့ဘဲ ကျန်တော့တယ် ဆိုပြီး အကြမ်းတမ်း အရက်စက်ဆုံးလူသား ရှာပုံတော် ထွက်ပြန်သတဲ့။ ကမ္ဘာအနှံ့ ရှာဖွေပေမဲ့ ကမ်းကုန်အောင် ရက်စက် ကြမ်းကြုတ်တဲ့ သူကို မတွေ့နိုင်ဘဲ ဖြစ်နေသတဲ့။ ရက်စက်ကြမ်းကြုတ်လှပါတယ်ဆိုတဲ့ လူတွေမှာ သိမ်မွေ့မှုတွေ တစ်မျိုးမဟုတ် တစ်မျိုး ရှိနေပြန်သတဲ့။ ဒါနဲ့ ရှာပုံတော် ဖွင့်ရင်း ခုနက ရသေ့သီတင်းသုံး နေထိုင်တဲ့ တောအုပ်ထဲ ဖြတ်သန်းသွားလာမိသတဲ့။ အဲဒီ လူလဲ ရသေ့ကို သတိရပြီး ဖူးမြှော်ချင်စိတ်ရှိတာနဲ့ တောအုပ်ထဲ ၀င်ရောက်ပြီး ရသေ့ကို သွားရောက် ဖူးမြှော်သတဲ့။ အဲဒီမှာ သူ အံ့အားသင့်သွားတော့တာပါဘဲ"
"ဘာဖြစ်လို့လဲ သူကြီးမင်း"
"ဘာဖြစ်ရမှာလဲ။ အဲဒီ ရသေ့ဟာ သူ့လက်မှာလဲ လက်နက်တွေနဲ့ ကိုယ်တွေ လက်တွေမှာလဲ သွေးရဲ တရဲရဲနဲ့ သားကောင်တွေကို ဖမ်းဆီးပြီး အရှင်လတ်လတ် လှီးဖြတ်ကာ အစိမ်းလိုက် စားသောက်နေတာကို တွေ့လိုက်ရတဲ့ အတွက်ကြောင့် အံ့အားသင့်သွားတာပေါ့။ ပြီးတော့ သားကောင်ကို ဖမ်းဆီးပြီး အရှင်လတ်လတ် ဖင်ကနေ ခေါင်းထိ ပေါက်အောင် တံလျင်လျှိုသလို လုပ်ပြီး (အရှင်လတ်လတ်) မီးကင်စားသောက်နေသတဲ့။ ရသေ့မျက်နှာမှာလဲ ကြမ်းတမ်း ခက်ထန်ပြီး ရန်လိုမုန်းထားတဲ့ မျက်နှာပုံစံမျိုး ဖြစ်နေသတဲ့။ အဲဒီ လူဟာလဲ အနီးကပ်ပြီး အခြေအနေအားလုံးကို လေ့လာလိုက်တဲ့အခါ အလွန်တရာမှ ရိုင်းစိုင်း ကြမ်းတမ်း ခက်ထန်မှုတွေကိုဘဲ တွေ့ရှိလိုက်ရသတဲ့။ နူးညံ့သိမ်မွေ့မှု ဘာတစ်ခုမှ ရသေ့ဆီမှာ မရှိတော့ဘူးတဲ့။ အဲဒီလူကိုတောင် သတ်ဖြတ်စားသောက်မဲ့ အရိပ်အရောင် ပြသတဲ့အတွက် အမြန် ထွက်ပြေး တိမ်းရှောင်ခဲ့ရသတဲ့။ အဲဒီ လူလဲ အဲဒီတော့မှ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးလူသားဟာလဲ အဲဒီရသေ့ဘဲ၊ အကြမ်းတမ်း အရက်စက်ဆုံး လူသားဟာလဲ အဲဒီ ရသေ့ဘဲလို့သဘောပေါက်သွားတော့သတဲ့"
"အင်း.... ဟုတ်မယ်နော်။ ပုထုဇဉ်မှန်သမျှ တစ်ယောက်ထဲပေမဲ့ အခြေအနေအရ လူဆိုးလဲ ဖြစ်လိုက်တာဘဲ။ ပြီးတော့ လူကောင်းလဲ ဖြစ်လိုက်တာဘဲ"
"အေးလေ... မင်း ကြောင်ဖမ်းဆရာတော်ကို ကြည့်ပါလား။ အဆိုးကနေ အကောင်းဖြစ်သွားတာ။ ဒါပေမဲ့ ပုံပြင်ထဲက ရသေ့ကတော့ အကောင်းကနေ အဆိုးဖြစ်သွားတာ။ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာ ရှိတတ် ဖြစ်တတ်ပေမဲ့ အဆုံးမှာ အကောင်းနဲ့ အဆုံးသတ်သွားတာကတော့ အကောင်းဆုံးပေါ့ မောင်ပေါက်ကျော်"
"အင်း... ကျနော် သဘောပေါက်တယ် သူကြီးမင်း။ ကျနော်လဲ အကောင်းဘက်ဦးတည်ဖို့ တတ်နိုင်သမျှ ကြိုးစားမယ်။ ဒါနဲ့ သူကြီးမင်း မသိလို့ မေးပါရစေ"
"မေးလေ။ သိရင် ပြောပြမှာပေါ့။ မသိရင်တော့ ရွာဦးကျောင်းဆရာတော်ကို တဆင့် မေးမြန်းရမှာဘဲ"
"ဘုန်းကြီးကျောင်းသားရယ်၊ ကိုရင်ရယ်၊ ဦးဇင်းရယ်၊ သူတို့ တိရစ္ဆာန်တွေရဲ့ အသက်ကို သတ်ရင် ဘယ်လို အပြစ်တွေ ဖြစ်လဲဆိုတာကို သိချင်လို့ပါ"
"အတော်ကောင်းတဲ့ မေးခွန်းဘဲကွ။ ဘုန်းကြီးကျောင်းသားမှာ သီးသန့် သိက္ခာပုဒ်မရှိတဲ့အတွက် ငါးပါးသီလထဲက ပါဏာတိပါတကံကိုဘဲ ကျူးလွန်ရာ ရောက်ပါတယ်။ ကိုရင်တွေကျတော့ ဆယ်ပါး သီလရှိတယ်လေ။ အဲဒီ ဆယ်ပါး သီလထဲက တစ်ပါးပါးကို ကျူးလွန်ရင် လိင်လဲကျတယ်။ ငါးပါးသီလ အပြစ်လဲ ဖြစ်တယ်။ အခုလို အသက်ကို သတ်ရင် လိင်ကျတာပေါ့။ ဦးဇင်းတွေကျတော့ ပါစိတ်အာပတ်လဲ သင့်တယ်။ ပြီးတော့ လောက၀ဇ္ဖအနေနဲ့ ငါးပါးသီလကိုလဲ ကျူးလွန်ရာ ရောက်တယ်။ အဲဒီတော့ ကျောင်းသားတွေမှာ အပြစ်တစ်ခုထဲအတွက် ဆိုးကျိုးကို ခံစားရပေမဲ့ ကိုရင်နှင့် ဦးဇင်းတွေကျတော့ အပြစ်နှစ်ခုအတွက် ပေါင်းခံရမယ်လေ။ ဥပမာအားဖြင့်တော့ ထောင်ဒဏ်နဲ့ငွေဒဏ် ပေါင်းခံစေ ဆိုသလိုပေါ့ကွာ"
"လိင်ကျတယ်ဆိုတာ ဘာကို ပြောတာလဲ သူကြီးမင်း"
"လိင်ဆိုတာ လိင်္ဂဆိုတဲ့ ပါဠိက ဆင်းသက်လာတာပါ။ အသွင်အပြင်လို့ အဓိပ္ပါယ်ရပါတယ်။ ကိုရင်ဝတ်ထားတော့ ကိုရင် အသွင်အပြင်ပေါ့။ ဒါပေမဲ့ သူတို့ ကျင့်ဝတ်ဆယ်ပါးထဲက တစ်ပါးပါးကို ကျူးလွန်မိရင်တော့ ကိုရင်အသွင်နဲ့ မနေရတော့ဘူး။ သင်္ကန်းချွတ်ပြီး လူ့အသွင်နဲ့ဘဲ နေရတော့မယ်။ ဒါကြောင့် လိင်ကျတယ်ဆိုတာ ကိုရင်အသွင်ပျက်စီးခြင်းကို ဆိုလိုတာပါ"
"ဒါဖြင့် ဟို တောလိုက်တဲ့ ကိုရင်တွေ လိင်ကျတာဘဲ မဟုတ်လား။ ဘာဖြစ်လို့ အသွင်မပျက်စီးရတာလဲ"
"ဒါကတော့ ဒီလို ရှိပါတယ်။ ကိုရင်ဘ၀က ရဟန်းတွေလောက် အရမ်း မတင်းကြပ်ဘူး။ လိင်ကျပြီးရင်လဲ ဆယ်ပါး သီလ ပြန်ခံယူရင် ကိုရင် ပြန်ဖြစ်တယ်။ ဒါကြောင့်မို့ များသောအားဖြင့် ဘုန်းကြီးကျောင်းတွေမှာ နေ့စဉ်ညဘက် ဘုရားဝတ်တက်တဲ့အခါ ကိုရင်တွေ ဆယ်ပါးသီလ ခံယူလေ့ ရှိကြတယ်"
"အော်.. အဲဒီလိုလား။ သိပါဘူး။ ဒါကြောင့် ညဘက်တွေမှာ ရွာဦးကျောင်းက ဆယ်ပါးသီလ အသံတွေ ထွက်ပေါ်နေတာကိုး"
"အင်း.... ကိုရင်တွေက သိက္ခာပုဒ်အနေနဲ့ရော၊ တင်းကြပ်မှုအနေနဲ့ရော ဦးဇင်းတွေထက် နိမ့်ကျကြတယ်။ ဒါကြောင့် ဦးဇင်းတွေရဲ့ ရဟန်းဖြစ်မှတ်တမ်းမှာ.... ရှင်ဘယ်သူသည် ဘယ်သူတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ဘယ်သူ့ကို ဥပဇ္ဓျာယ်ပြု၍ ကာရကသံဃာ ဘယ်နှစ်ပါးဖြင့် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်သိမ်၌ ယုတ်နိမ့်သော ရှင်သာမဏေအဖြစ်မှ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည် ဆိုပြီး ရေးမှတ်လေ့ ရှိကြတာလေ"
"ရှင်းသွားပြီ။ သူကြီးမင်း။ ဒါနဲ့ ဦးဇင်းတွေကျတော့ တိရစ္ဆာန်တွေရဲ့ အသက်ကို သတ်ရင် ပါစိတ်အာပတ်ဘဲ သင့်တာလား။ ပါရာဇိက မကျဘူးလား"
"အင်း.. ဆိုပါတော့။ ဦးဇင်းတွေကျတော့ လူသတ်မှ ပါရာဇိက ကျတာပါ။ ကြက်ငှက်တိရစ္ဆာန်တွေကို သတ်ဖြတ်ရင်တော့ ပါစိတ်အာပတ်ဘဲ သင့်တယ်လေ။ ဒေသနာကြားလို့ ရတာပေါ့။ ဒါပေမဲ့ ငါးပါးသီလအနေနဲ့တော့ လောကအပြစ်ကို ခံရမှာပါဘဲ။ နောက်တစ်မျိုး စဉ်းစားလို့လဲ ရပါသေးတယ်။ ပိုင်ရှင်ရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကို ခိုးယူလိုစိတ်နဲ့ သတ်ဖြစ်စားသောက်ရင်တော့ ပါရာဇိက ကျတယ်"
"ဘာဖြစ်လို့လဲ သူကြီးမင်း"
"သူများပိုင်ပစ္စည်းကို ခိုးယူတဲ့အတွက် ပါရာဇိက ကျတာပါ။ သတ်ဖြတ်တဲ့အတွက် ပါရာဇိကကျတာ မဟုတ်ပါဘူး"
"အော်... အခုမှဘဲ လင်းသွားတော့တယ်"
"ဘယ်လိုအခြေအနေမျိုးမှာဘဲ ဖြစ်ဖြစ် ကိုယ်ပြုတဲ့ ကံကတော့ ကိုယ့်ဆီ ပြန်ရောင်ပြန်ဟပ်စမြဲပါဘဲ မောင်ပေါက်ကျော်ရေ။ ဒါကြောင့် မင်းလဲ အခုအချိန်ကစပြီး မကောင်းတာတွေ ရှောင်ရှားပြီး ကောင်းတာတွေကိုသာ ဆောင်ထားပေတော့"
"ကြိုးစားပြီး ကောင်းတာဘဲ လုပ်တော့မယ် သူကြီးမင်း"
"ကဲ..ကဲ မောင်ပေါက်ကျော်။ ကောင်းတာဖြစ်ဖြစ် မကောင်းတာဖြစ်ဖြစ် ကိုယ်ပြုလုပ်ခဲ့တဲ့ ကံက ကိုယ့်ဆီ ပြန်လာတတ်တယ်ဆိုတဲ့ အကြောင်းကို ဆရာတော်တစ်ပါး ရေးသားသီကုံးထားတဲ့ လင်္ကာလေးနဲ့ ဒီ ကြောင်ဖမ်းဆရာတော် ပုံပြင်ကို အဆုံးသတ်လိုက်ကြစို့ရဲ့"
"ဟုတ်ကဲ့ပါ သူကြီးမင်း။ အခုလို နေ့စဉ်ရက်ဆက် ကော်ဖီတိုက် လဘက်သုပ်ကျွေးပြီး စိတ်ရှည် လက်ရှည် ပုံပြင်ပြောပြပေးတဲ့ သူကြီးမင်းကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်"
"ကဲ... လင်္ကာလေးကို သေသေချာချာ နားထောင်ပြီး သာဓုခေါ်ပေတော့ မောင်ပေါက်ကျော်ရေ"
"ကာယကံကို ကိုယ်နဲ့လုပ်သည်
ကိုယ်နဲ့လုပ်တာ ကာယကံ။
ဝစီကံကို နှုတ်နဲ့ပြောသည်
နှုတ်နဲ့ပြောတာ ၀စီကံ။
မနောကံကို စိတ်နဲ့ကြံသည်
စိတ်နဲ့ကြံတာ မနောကံ။
ကိုယ့်ကာယကံ၊ ကိုယ့်ဆီပြန်
ကိုယ့်ဝစီကံ၊ ကိုယ့်ဆီပြန်
ကိုယ့်မနောကံ၊ ကိုယ့်ဆီပြန်"
ကိုယ်နဲ့လုပ်တာ ကာယကံ။
ဝစီကံကို နှုတ်နဲ့ပြောသည်
နှုတ်နဲ့ပြောတာ ၀စီကံ။
မနောကံကို စိတ်နဲ့ကြံသည်
စိတ်နဲ့ကြံတာ မနောကံ။
ကိုယ့်ကာယကံ၊ ကိုယ့်ဆီပြန်
ကိုယ့်ဝစီကံ၊ ကိုယ့်ဆီပြန်
ကိုယ့်မနောကံ၊ ကိုယ့်ဆီပြန်"
"သာဓု သာဓု သာဓု"
ဤတွင် သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် အပြီးသတ်လေသတည်း။ ။
.
19 comments:
ကောင်းအိ ငါ့ရှင်တဂျီးမင်း....:)ခုမှပြီးတော့တယ်...၊
ကြောင်ဖမ်းဆြာတော်ပျံလွန်တော်မူလေမလားလို့တွေးနေ
မိတာ...တော်သေးသပေါ့လေ....၊ဒါနဲ့ သူများအကျိုးပျက်
ဆီးရာပျက်ဆီးကြောင်းကို သုံးပါးသောကံတွေနဲ့ မပျက်
လုပ်နေတဲ့ ဟိုလူကြီးတွေရော...ဘယ်တော့များ သူရို့ရဲ့ကံ
သူတို့ထံ ပြန်လာမလဲမသိ....။
သာဓု သာဓု သာဓု ပါ သဂျီးမင်း
ဖတ်လို့လဲ ကောင်း၊ ဗဟုသုတလဲရ ပါတယ်။
ပုံပြောကောင်းတဲ့ သဂျီး နောက်ထပ်လဲ ပုံပြင်များများ ပြောနိုင်ပါစေ။ နောက်တော့ ပုံပြင်တွေကို စုပြီး တုံးဖလား သဂျီး ကိုကိုမောင်၏ တထောင့်တည မြန်မာ့ရိုးရာ ပုံပြင်များဆိုပြီး စာအုပ် ထုတ်ပေါ့။
ဒါနဲ့ နားမလည်တာ တခု မေးပါရစေအုံး။ အနူးညံ့ဆုံး ရသေ့ကြီးက ဘာလို့ အရက်စက်ဆုံး ဖြစ်သွားတာလဲ။ သူက နဂိုကတည်းက ကြမ်းတမ်းပေမဲ့ နူးညံ့ချင်ယောင် ဆောင်နေတာလား ... ဒါမှမဟုတ် အခြေအနေအရ ကြမ်းတမ်းရက်စက်သွားတာလား ... အဲဒီပုံပြင်က အတိုချုံးလွန်းတော့ မရှင်းဘူး။ ပြန်ရှင်းပြဖို့ တောင်းဆိုပါတယ် သဂျီးမင်းးးးးး
သာဓုပါ သူကြီးရေ...အဆုံးသတ်ကျမှ အနှစ်တိုက်ယူလိုက်သကိုးဗျ...တစ်ချို့အချက်လေးတွေကို ကူးထားလိုက်တယ်...စကားမစပ်...နောက်တစ်ပို့စ်ကျရင် သူကြီးမင်း ဂေါ်မစွံဖြစ်ရခြင်းအကြောင်းဆိုပြီး တင်ပါလား...D
ဘုန်းကြီး ရဟန်းတွေ ကိုရင်တွေက သူတစ်ပါးအသက်ကို သတ်ရင် ဘယ်လိုအပြစ်ကျတယ်ဆိုတာတော့ အခု သိရပါပြီ။
ဘုန်းကြီး ရဟန်းတွေကို သတ်ရင် သတ်တဲ့သူက ဘယ်လို အပြစ်တွေကျမယ်ဆိုတာလေးလဲ လုပ်ပါဦး သူဂျီးမင်း
စိတ်ဝင်စားလို့ပါ
ဇာတ်သိမ်းပိုင်းလေးကနေ ဗဟုသုတတွေတော့ အများကြီးရသွားတာမို့ ကိုရီးယားဇာတ်လမ်းတွဲကို မကြည့်ပဲ ကိုကိုမောင်ရဲ့ ဇာတ်သိမ်းပိုင်းကို ဖတ်လိုက်တာ မှန်သွားပြီးး)
နောက်ထပ်ဇာတ်လမ်းရှည် တစ်ပုဒ်ကို မျှော်နေပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သူကြီးရေ
ကြောင်ဖမ်းဆရာတော်ဆိုတဲ့
ဒီပိုစ့်လေးကတော့ တကယ်ကိုသင်ခန်းစာ
ပေးတဲ့ စာလေးပါဘဲ..
အားပေးနေပါတယ်..
ခင်တဲ့ Blackroze
မောင်လေးရေ... သူတို့လဲ ပထမဘ၀မှာ အကျိုးမပေးရင် ဒုတိယဘ၀၊ ဒါမှ မဟုတ် နိဗ္ဗာန်မရခင်တော့ အကျိုးပေးမယ်ထင်ရတာဘဲ။း)))
အန်တီမေဓာဝီရေ.. အဲဒီရသေ့က သမထဖောက်ပြန်ပြီး အခုလို ဖြစ်သွားတယ်လို့ မှတ်ယူလိုက်ပါ။ ဆရာမရှိဘဲ တရားထိုင်တဲ့ သူတွေ သတိထားရမဲ့ အချက်ပါ။ တရားရူး ရူးသွားတတ်တယ်လေ။
ဆရာဟန်ကြည်ရေ... ဂေါ်မစွံတာ မဟုတ်ရပါဘူးဗျာ။ ဂေါ်ကို အစွံမခံချင်တာ။ အပူမီးတွေလေဗျာ။ ဟာ ဟ။
အမချော။
သီလပိုရှိတဲ့ ရဟန်းကို သတ်ရင် ပိုပြီး အပြစ်ကြီးပါတယ်။ ရဟန္တာကို သတ်မိရင်တော့ ပဉ္စာနန္တရိယကံ ထိုက်တာပေါ့။ အပါယ်ဘေးက ဘယ်တော့မှ ပြေးမလွတ်ရေးချ မလွတ်။
အန်တီတင့်.... ဒီလောက်ရှည်တဲ့ ပို့စ်ကို စိတ်ရှည်ရှည်ဖတ်ပေးပြီး ဖတ်ရတာ မှန်သွားတယ်ဆိုလို့ ၀မ်းသာပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။
ဘလက်ရို့စ်ရေ... အားပေးတဲ့အတွက် ကျေးဇူးပါ။ နောက်လဲ လာအားပေးဦးနော်။ (ဇွတ်ဖိတ်ခေါ်ခြင်း)။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
သယ်ဂျီးရဲ့ ကြောင်ဖမ်းပုံပြင်ဇတ်သိမ်းက တယ်လဲဂွတ်ပါ လားဗျာ
အကျိုးရှိပါပေတယ်သယ်ဂျီးရေ
ကျေးဇူးပါး)
ဘုန်းကြီးနဲ့ ရဟန်းတွေသူ တစ်ပါးအသက်ကို သတ်ရင် ဘယ်လိုအပြစ်ကျတယ်ဆိုတာတော့ အခု သိရပါပြီ။
ဘုန်းကြီးကို တစ်ခြားတစ်ဦးတစ်ယောက်က
သေစေညွန်းရင်ကော ဘာဖြစ်တတ်လဲ။
အကျိုးရှိတဲ့စာတွေအတွက် ကျေးဇူးပါရှင်။
မနေနိုင် မထိုင်နိုင် လျှာရှည်လိုက်ဦးမယ်။ ဒီမှာ အမေးများတဲ့ မေးခွန်းက ဆရာတော် ဦးသုမင်္ဂလ ထိုင်ဝမ်မှာ ဟောတဲ့ နှစ်ရက်တရားပွဲးကို နားထောင်လိုက်ရင် ကောင်းမယ်။
ရသေ့အကြောင်းက ဖတ်ဖူးတယ်။ ထင်းခွေလာတဲ့ မိန်းမတစ်ယောက်နဲ့ ငြိရာက လူဖြစ်လာတော့ လုပ်ကိုင်မစားတတ်ပဲ သူနဲ့ ရင်ပါးနေတဲ့ တိရိစ္ဆာန်တွေကို သတ်ပြီး ရောင်းကျွေးတာ မိန်းမကို။ ဟီးဟီး။
သြော်.. ပြီးသွားပကိုး.. သူကြီးမင်း.. နောက်ဆုံးဇာတ်သိမ်းပိုင်းလေးက လေးလေးနက်နက်နဲ့ ဖတ်ရတာ အရသာသိပ်ရှိတယ်.... တော်အိ..တော်အိ..း)
ခင်မင်လျက်
နေ၀သန်
သကြီး ပြီးသွားပြီပေါ့နော်
သမြောထာ အဆုံးသတ် ရဲ့ အဆုံးသတ်လေး ဆက်ရေးပါအုန်း
ကျေးဇူး
ရွှေစင်ဦး
အလွန်အင်မတန်ကောင်းလေစွ။
ပုံပြင်ပြောကောင်းတဲ့ သူကြီးမင်းရေ မင်္ဂလာပါ။ ဖတ်ရတာ အရမ်းကောင်းပါတယ်။ စာအရေးအသားတွေကလည်း ရှင်းနေသကိုးဗျ။ ဗဟုသုတလည်း စုံနေသမို့။ ဆရာဟန်ကြည်ပြောသလို နောက်တစ်ပုဒ်ကျရင် ဂေါ်မစွံဖြစ်ရခြင်းအကြောင်းဆိုပြီး တင်ပေးပါလား။ ဟာ ဟ။
ကျန်းမာပျော်ရွှင်ပါစေ သူကြီးမင်းရေ...
ပုံပြင်ပြောကောင်းတဲ့ သူကြီးမင်းရေ မင်္ဂလာပါ။ ဖတ်ရတာ အရမ်းကောင်းပါတယ်။ စာအရေးအသားတွေကလည်း ရှင်းနေသကိုးဗျ။ ဗဟုသုတလည်း စုံနေသမို့။ ဆရာဟန်ကြည်ပြောသလို နောက်တစ်ပုဒ်ကျရင် ဂေါ်မစွံဖြစ်ရခြင်းအကြောင်းဆိုပြီး တင်ပေးပါလား။ ဟာ ဟ။
ကျန်းမာပျော်ရွှင်ပါစေ သူကြီးမင်းရေ...
ဗဟုသုတရပါတယ်။ ကံကံ၏အကျိုးကို မယုံလို့ကျူးလွန်ကြတာလား.. ယုံရက်သားနဲ့ကျူးလွန်ကြတာလားဆိုတာလည်း အံ့သြစရာပဲ.။ ဘုန်းကြီးရဟန်းကိုသတ်လို့ ဖြစ်လာမယ့်ကံကိုလည်း သိရပါတယ်။ အဲဒီကံအတိုင်း ခံစားကြရမှာပေါ့နော်။
ခင်မင်လေးစားလျက်
သဒ္ဓါ
ပုံပြင်က စိတ်ဝင်စားစရာအတော်ကောင်းတာပဲ...
ဇာတ်သိမ်းပိုင်းရောက်မှ ဖတ်မိတယ်... ရှေ့ပိုင်းတွေ ပြန်ဖတ်ပါဦးမယ်။
ချမ်းမြေ့ပါစေ..
ချယ်ရီမြေ
ကျေးဇူးတင်ပါတယ် . . . ဇာတ်သိမ်းကိုလာဖတ်သွားပါတယ် အကျိုးကျေးဇူးတွေလည်း အများကြီးရသွားပါတယ်ရှင်..
မဖတ်တာကြာလို့ အရင် အပိုင်းတွေပါ ပြန်တွေးလိုက်ရသေးတယ်။
သာဓု သာဓု သာဓု
Post a Comment