Friday, 19 August 2011

သူကြီးမင်းရဲ့ ပန်းသီး ပုံပြင်

ဘိလပ်တွင် သူ နှစ်ထပ်အိမ်တစ်လုံး၌ နေထိုင်သည်။ အိမ်ရှင် အဖိုးကြီးမှာ အသက် ၇၀ ကျော်ရှိပြီ ဖြစ်သည်။ အိမ်ရှေ့၌ ဘိလပ်ထုံးစံ အတိုင်း ၀င်းခြံရှိသည်။ ဘိလပ်တွင် နေထိုင်သူများ များသောအားဖြင့် ၀င်းခြံအတွင်း၌ အလှစိုက်ပန်းများနှင့် အပင်ငယ် အချို့တို့ကို စိုက်ပျိုးလေ့ရှိကြသည်။ သို့သော် သူ နေထိုင်သည့် အိမ်ခြံဝင်း အတွင်း၌မူ အိမ်ရှင် အဖိုးကြီးက ဘာပင်မှ မစိုက်ဘဲ ကွန်ကရစ် လောင်းထားသည်။ ကားရပ်နားဖို့ကား လွန်စွာအဆင်ပြေလှသည်။ ထို့ကြောင့် ကားများ ထိုနေရာ၌ ရပ်နားထားကြသည်။ ရှားရှားပါးပါး ထိုခြံဝင်းထဲ၌ ထီးထီးမားမား ပန်းသီးပင် တစ်ပင်ရှိသည်။ ဟင်းချက်စားသည့် ပန်းသီးပင်ဟု ဆိုသည်။ အရမ်းချဉ်သည်။ အိမ်ရှင်အဘိုးကြီး စိုက်ပျိုးထားသည်လား နဂိုမူလ အိမ်ရှင်လက်ထက်ကထဲက စိုက်ပျိုးထားသည်လား ကွဲကွဲပြားပြား သူမသိပေ။ မည်သို့ဆိုစေကာမူ ယခုအချိန်တွင် ထိုပန်းသီးပင်ကို အိမ်ရှင် အဖိုးအို ပိုင်ဆိုင်သည်မှာ သေချာလေသည်။

သူ သိသည်မှာ ထိုပန်းပင်သည် တစ်နှစ်ကို တစ်ကြိမ် အသီးလှိုင်လှိုင် ဖြစ်ထွန်းသည်။ အသီး ဖြစ်ထွန်းသည်နှင့်အမျှ အိမ်ခြံဝင်း ညစ်ပတ်သည်။ နေ့စဉ် ပန်းသီးတွေ ကြွေကျလိုက် ကားများဖြင့် တက်ကြိတ်မိလိုက်ဖြင့် ကွန်ကရစ်ပြင်လေးမှာ ညစ်ပတ်ချဉ်တူး ဖြစ်လာသည်။ ထိုတာဝန်ကို သူ တာဝန်ယူ ရှင်းနေရသည်။ တာဝန်ဆိုသည်ထက် သူလည်း အညောင်းပြေ လမ်းလျှောက်ရင်း ကြွေကျနေသည့် ပန်းသီးများ ကားကြိတ်ခံထားရသည့် ပန်းသီးပျက်များကို တစ်နေရာ၌ စုပုံပေးခြင်းပင်ဖြစ်သည်။

သူ သတိပြုမိသည်မှာ ထို ပန်းသီးပင်၌ အသီး ထောင်ချီသီးပေမဲ့ အပင်၏ ထိပ်ဖျား၌မူ ပန်းသီး နှစ်ပြွတ်သာ ရှိနေသည်။ တစ်ပြွတ်က နှစ်လုံး၊ ကျန်တစ်ပြွတ်က ငါးလုံး၊ စုစုပေါင်း ၇ လုံးသာ ဖြစ်သည်။ နှစ်လုံးထဲ ရှိသည့် အပြွတ်က ပန်းသီးများမှာ ချောင်ချောင်ချိချိ နေရ၍ ပိုလှသည်။ ပို တောက်ပသည်။ ပို တက်ကြွသည်။ အလုံးပိုထွားသည်။ မှည့်ချိန်ရောက်သည့်အခါ ၀င်းဝင်းပပ မာန်ကြွနေသည်။ ငါးလုံးပြွတ်က ပန်းသီးများမှာမူ ကြပ်ကြပ်တည်းတည်း နေရ၍ထင့်။ အသီး မလှ။ တောက်ပမှု မရှိ။ အေးအေးသက်သာ အဆင်ပြေသလိုနေသည်။ အလုံး ကြုံလှီသယောင် ထင်ရသည်။ သို့သော် ငါးလုံးပြွတ်လည်း ငါးလုံးပြွတ်မာန်တော့ ရှိနေသည်။

လန်ဒန်မိုးကား အစိုးမရပေ။ မကြာမကြာ မိုးရွာသည်။ မိုးရွာလျှင် လေပါ ပါလာတတ်သည်။ လေတိုက်ဖန် များတော့ ပန်းသီးပင်မှ ပန်းသီးများ တဖုတ်ဖုတ် ကြွေကျသည်။ သို့သော် နှစ်လုံးပြွတ်နှင့် ငါးလုံးပြွတ်တို့မှာမူ မိုးဒဏ်လေဒဏ်ကို ကြံ့ကြံ့ ခံနေဆဲပင်။ ထူးဆန်းသည်မှာ လေအကူအညီကို ယူ၍ နှစ်လုံးပြွတ်က ငါးလုံးပြွတ်ကို ရန်ရှာနေခြင်းကို မြင်တွေ့နေရသည်။ အလုံးထွားကျိုင်းမှုကို အခွင့်ကောင်းယူပြီး လေတိုက်လျှင် သူတို့ ကိုယ်လုံးများဖြင့် ငါးလုံးပြွတ်ကို မကြာခဏ သွားသွားရိုက်ခတ်သည်။ နေ့စဉ် အရိုက်ခံ အတိုက်ခံရဖန် များသည့်အခါ ငါးလုံးပြွတ် ချိနှဲ့စ ပြုလာသည်။ အင်အားခြင်းကလည်းမတူ၊ တက်ကြွခက်ထန်ပုံခြင်းကလည်း မညီမျှသည့်အတွက် တိုက်ခိုက်ဒဏ်ကြောင့် ငါးလုံးပြွတ်မှ အနည်းငယ်ပိုကြီးသည့် အလုံး မြေခရလေသည်။ ရက်အနည်းငယ် ကြာသည့်အခါ ငါးလုံးပြွတ်မှ နောက်တစ်လုံး ကြွေကျပြန်သည်။ ငါးလုံးပြွတ်ဘ၀မှ သုံးလုံးပြွတ်ဘ၀ ရောက်သွားရရှာသည်။

သို့သော် နှစ်လုံးပြွတ်ကတော့ ပန်းပန်နေဆဲပင်ဖြစ်သည်။ လေအကူအညီကို ရယူပြီး သုံးလုံးပြွတ်အား အင်တိုက် အားတိုက် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။ အင်အား ချိနှဲ့နေပြီ ဖြစ်သည့် သုံးလုံးပြွတ်မှ နောက်ထပ် တစ်လုံး ထပ်ကြွေကျပြန်သည်။ နှစ်လုံးပြွတ်၏ အောင်ပွဲပင် ဖြစ်သည်။ အောင်မြင်သည့် နှစ်လုံးပြွတ်၏ မြူးကြွပုံကား အမြင်ကပ်ဖွယ်ပင် ကောင်းတော့သည်။ တိုက်ခိုက်မှုကလည်း ပို၍ ပြင်းထန်လာသည်။ လေလာတိုင်း နေ့နေ့ ညည သဲသဲမဲမဲ တိုက်ခိုက်နေလေသည်။ တိုက်ခိုက်ခံရဖန်များ၍ ငါးလုံးပြွတ်မှ နောက်ထပ် တစ်လုံး မြေသို့ သက်ဆင်းရပြန်လေသည်။ ငါးလုံးပြွတ်ဘ၀မှ တစ်လုံးပြွတ်ဘ၀သို့ နေ့ချင်း ညချင်း ရောက်သွားလေသည်။ သို့သော် နှစ်လုံးပြွတ်မှာမူ နှစ်လုံးတိတိ ရာခိုင်နှုန်းပြည့် ရှိနေလျှက်ပင် ဖြစ်သည်။ မိုက်မဲခက်ထန် ရိုင်းစိုင်းသူတို့တို ဘာကြောင့် လေက မျက်နှာလိုက်မှန်း သူ ကောင်းကောင်း နားမလည်တော့ပေ။

ငါးလုံးပြွတ်မှ တစ်လုံးတည်းသော အသီးသည် အနည်းငယ် ထွားကျိုင်းလာသည်။ ချောင်ချောင် ချိချိ ဖြစ်လာ၍ထင့်။ တစ်လုံးတည်း ထီးထီးဖြင့် အေးအေး ဆေးဆေး ရှိနေသည်။ သို့သော် နှစ်လုံးပြွတ်၏ ရန်ကိုမူ ကြည့်ရှောင်နေရဆဲ ဖြစ်သည်။ ငါးလုံးပြွတ် ဘ၀တုန်းကတောင်မှ အထိနာခဲ့သည်လေ။ နှစ်လုံးပြွတ်၏ ဘယ်ညာတိုက်စစ်ကို ဘယ်ယိမ်းညာယိမ်းဖြင့် ရှောင်ဖယ်နေရလေသည်။ နှစ်လုံးပြွတ် အင်အား ပိုကောင်းလာသည်။ အမှည့်ရောင် သန်းလာပြီး ကြည့်၍ ပိုလှလာသည်။ မာနလည်း ပိုကြီးလာသည်။ လက်ကျန်နောက်ဆုံး တစ်လုံးကို ချွေချနိုင်လျှင် ပွဲသိမ်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် ပို၍ တိုက်စစ်ဆင်လာသည်။

သို့သော် လက်ကျန် တစ်လုံးသည် အတွေ့အကြုံနှင့် သင်ခန်းစာကို ကောင်းကောင်း သိပြီး ဖြစ်နေသည်။ ထို့ကြောင့် တိုက်ခိုက်မှုကို ရှောင်တိမ်းလာနိုင်သည်။ သို့သော် တစ်ခါတစ်လေမူ ရှောင်တိမ်းမရသောကြောင့် ရှပ်ထိခံရလေသည်။ တိုက်စစ် မလိုလားသည့် လက်ကျန်တစ်လုံးအား တစ်ဘက်သတ် တိုက်ခိုက်နေသလို ဖြစ်နေသည်။ ပွဲကား ကြည့်မကောင်းလှပေ။

တစ်နေ့ လေ ခပ်ကြမ်းကြမ်း အတိုက်ကို အခွင့်ကောင်းယူပြီး နှစ်လုံးပြွတ်သည် ငါးလုံးပြွတ်မှ လက်ကျန်တစ်လုံးကို အားမာန်အပြည့်ဖြင့် လွှဲရိုက်တိုက်ခိုက်လေသည်။ လက်ကျန်တစ်လုံးက အသာလေး တိမ်းရှောင်လိုက်၍ နှစ်လုံးပြွတ် အရှိန်လွန်သွားလေသည်။ ထို့ကြောင့် နှစ်လုံးပြွတ်မှ ပိုကြီးသော၊ ပို လှသော၊ ပို တက်ကြွသော၊ ပို မာန်ရှိသော ပန်းသီးကြီး တစ်လုံး အညှာရင်းမှ ပြုတ်ထွက်ပြီး မြေခ ကြွေကျလေရှာတော့သည်။ လေ အကူအညီဖြင့် ငါးလုံးပြွတ်ကို ဖြိုခွင်းခဲ့သည့် နှစ်လုံးပြွတ်မှ အလုံးကြီး တစ်လုံးသည် ထိုလေ၏ ရိုက်ခတ်မှုဖြင့်ပင် မြေသို့ ဆင်းခဲ့ရရှာလေပြီ။ လေတိုက်အားက ခပ်ကောင်းကောင်း၊ လွှဲချော်ရိုက်လိုက်သည့် အရှိန်က ခပ်ပြင်းပြင်း၊ အလုံးက ခပ်ကြီးကြီး၊ နေရာက ခပ်မြင့်မြင့်၊ ခင်းထားသည့် ကွန်ကရစ်က ခပ်မာမာ ဆိုတော့ အောက်အကျ အတော်လေး နာသွားသည်။ အခြေအနေ အတော် ဆိုးသွားသည်။ ပန်းသီးကြီး၏ ၅၀ ရာခိုင်နှုန်း ကျော်ကျော် လုံးဝကြွေမွ ပျက်စီးသွားလေသည်။ ပင်မြင့်မှာ ခပ်စွင့်စွင့်ဖြင့် မာန်ဝင့်ခဲ့သည့် ပန်းသီးကြီး၊ အခုတော့ မြေခကြွေကျပြီး သင်္ခါရနယ်ပယ်ထဲ ရောက်ရရှာလေပြီ။

လေအကူ
မှီယူလို့ မာန်ကိုတင်း
ပင်မြင့် တ၀င်းဝင်း။

လေအမူ
ချွေယူ ချက်ကယ်
အသက် ဘယ်သို့ ပြင်း
ပင်မှည့် မြေခဆင်း။

ယခုဆိုလျှင် နှစ်လုံးပြွတ်၌လည်း တစ်လုံးထဲ၊ ငါးလုံးပြွတ်၌လည်း တစ်လုံးထဲ ကျန်နေလေတော့သည်။ နှစ်လုံးထဲ ရှိတော့သည်မို့ ထိပ်တိုက် တိုက်ခိုက်မှု မရှိပေသည့်တိုင် လေများများတိုက်သည့် အခါ၌မူ မသိမသာ ပွတ်တိုက် ကြဆဲပင် ဖြစ်သည်။ သို့သော် ပြင်းထန်မှုကား မရှိတော့ချေ။ လွန်ခဲ့သည့် ကာလများလောက် လေကလည်း ခပ်ကြမ်းကြမ်းမတိုက်ခတ်တော့ပေ။ သို့သော် တိုက်ပွဲတို့၏ ထုံးစံအတိုင်း ဒဏ်ရာကိုယ်စီတော့ အနည်းငယ် ရှိကြလေသည်။ ပင်မြင့်၌ အရွယ်အစားချင်း တူညီနေပြီ ဖြစ်သည့် ပန်းသီးနှစ်လုံး လေယူရာ ယိမ်းရင်း အချင်းချင်း မျက်စောင်း ထိုးမြဲထိုးနေကြလေသည်။ သို့သော် ပြိုင်ပွဲအဆင့် မဟုတ်တော့ပေ။ သူသည် ထို ပန်းသီးပင် အောက်၌ လမ်းလျှောက်နေကြမို့ ထို အချင်းအရာ အဖြစ်အပျက်တို့အား ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရလေသည်။

အိမ်ရှင်အဘိုးကြီးသည် ထိုပန်းသီးပင်မှ ပန်းသီးများကို ဟင်းချက်၍လည်း စားသည်။ သရက်သီးစိမ်းကဲ့သို့ အတို့လုပ်၍လည်း စားလေသည်။ သရက်သီး သုပ်စားသကဲ့သို့ သုပ်၍လည်း စားလေသည်။ "An apple a day, a doctor keeps away" ဟူ၍ ပြောဆိုပြီး တရွမ်းရွှမ်း သွားရည်ကျလောက်အောင် သူ့ကို စားပြလေသည်။ စားချင့်စဖွယ်ပင်ဖြစ်သည်။ သို့သော် သူ မစားရဲပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် အချဉ်စားပြီးလျှင် မခံရပ်နိုင်အောင် သွားကျိန်းတတ်သောကြောင့် ဖြစ်လေသည်။

အဆိုပါ ပင်မြင့်စံ ငါးလုံးပြွတ်မှ ပန်းသီးတစ်လုံး နှင့် နှစ်လုံးပြွတ်မှ ပန်းသီးတစ်လုံးတို့အား အိမ်ရှင်အဘိုးကြီး ခူးဆွတ် စားသောက်မည်လား၊ သို့မဟုတ် အခြားသူ တစ်ယောက်ယောက်ကများ လာရောက် ခူးဆွတ် စားသောက်မည်လား အတိအကျ မပြောနိုင်ပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်မူ "ပွင့် သီး မှည့် ကြွေ" ဟူသည့် သဘာဝနိယာမ အတိုင်း ထိုလက်ကျန် နှစ်လုံးတို့သည်လည်း မြေခကြွေကျပြီး ဘ၀ ဇာတ်သိမ်းရမည်မှာ သေချာလှပေတော့သည်။


.

17 comments:

mstint said...

စိတ်ကူးကောင်းတဲ့ ပန်းသီး စစ်ဆင်ရေးလေး ဖတ်သွားတယ် ကိုကိုမောင်ရေး)
ပင်မြင့်စံလည်း မာန်ဝင့်နေသည့်တိုင် အချိန်တန်ရင် ကြွေရမှာ ဓမ္မတာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

သြော်.. သူကြီးရယ်... အတော်ကို အရေးကောင်းတာပဲ.... ထိုင်များကြည့်နေသလားလို့ထင်ရတယ်..း))... ပန်းသီးသုပ်တဲ့.. စားချင်တယ်.... နည်းလေးပေးပါဦး... :D...

ခင်မင်လျက်
နေ၀သန်

SHWE ZIN U said...

အမယ်လေး သကြီးမင်း ရေ

ပန်းသီးအကြောင်းရေးတာမှ ဟုတ်ရဲ့လားလို့ ပြန်စဉ်းစား ရသေးတယ် အင်း အားလုံး နောက်ဆုံး ဒီလိုဘဲ ဇာတ်သိမ်း ရမှာပါဘဲ မမြဲတဲ့ တရားကိုး

သတိရနေတယ် သကြီးရေ
ပျော်စရာစာလေး တွေများများရေးပါအုန်း

Myanmar Good Knowledg Co., Ltd said...

နှစ်လုံးပြွှတ်နဲ့ ငါးလုံးပြွတ်အကြောင်း ဖတ်လို့ကောင်းနေတာ။
နောက်ဆုံးမှာ သံဝေဂရစရာပဲ လို့ သိသိချည်းနဲ့ ပန်းသီးချဉ်ချဉ်ကို ငါးပိလိမ္မာနဲ့ ချက်စားချင်စိတ်တွေပေါ်လာမိတယ်။

အော်.....တရားမရနိုင်သေးတဲ့ ဘ၀ပါ။ သဂျီးမင်းရယ်.....

စော(အဝါရောင်မြေ) said...

အင်း ပန်းသီးမဝေတော့ပဲကို။ ထိတ်မှာမို့ လို့  မခူးတော့ပဲ ကြည့်နေလိုက်တာပေါ့နော်။

မြတ်မွန် said...

ငါးလုံးပြွတ်တွေ နှစ်လုံးပြွတ်တွေ ဖတ်ပြီး အတော်လေးတော့ ရယ်ရတယ်..။
အမှန်ကတော့ အပင်နိယာမနဲ့ပြောရရင်တော့
ငါးလုံးဝိတ်ကြောင့် အပင်ကိုင်းက အလွယ်တကူ ကြွေတာလဲ ဖြစ်နိုင်တယ်နော်..။
နှစ်လုံးတည်း ကိုင်းကြတော့ ပိုတောင့်တာပေါ့။
အင်း နောက်ဆုံး နှစ်လုံးတည်း ကျန်တယ် ဆိုရင်တော့ ဘယ်နေ့ ဖိုက်ကြအုံးမလဲ မသိဘူး..။
သူတို့မဖိုက်ခင် ဘယ်သူလာပီး ဖိုက်အုံးမလဲမသိ..။

ညိမ်းနိုင် said...

ပန်းသီးတွေကပေးတဲ့နိယာမကိုဆင်ခြင်ပြီး တောထွက်
တော့မလို့လားတဂျီး...:)၊ပန်းသီတိုက်ပွဲကို ထိုင်ကြည့်နေရ
သည့်အလား ဖတ်သွားပါ၏

တောက်ပကြယ်စင် said...

ဖတ်ရင်းနဲ့တောင် ပါးစပ်က ချဉ်တင်တင် ဖြစ်လာမိသေး။ ပန်းသီးတိုက်ပွဲအကြောင်း ဖတ်လို့ ကောင်းလိုက်တာဗျာ။ ဒါနဲ့ အိမ်ရှင်အဖိုးကြီးက ငါးပိစားလားဟင်...ကျန်းမာပျော်ရွှင်ပါစေ သူကြီးမင်းရေ...နော်။

blackroze said...

ဟာ...သူကြီးရာ
နှစ်လုံးပြွတ်..ငါးံလုံးပြွတ် ..ဘဝတုန်းကတော့
ဖိုက်နေကြပြီးမှ..ခုတော့
one by one..ကစ်ရမှာသူကြီးရ..

ဘာဘဲပြောပြောသူများသာအဲနေရာမှာ
ရှိလို့ကတော့
အဲနှစ်လုံးစလုံးခူးပြီး..
ဂျွမ်းဂျွမ်းဂျွမ်း နဲ့နေအောင် ကစ်ပလိုက်ပြီ..
အပင်ပေါ်မှာဒီလောက်ရန်ဖြစ်နေကြတဲ့အကောင်တွေ
အကုန်ဗိုက်ထဲသွားရော့ဟယ်..
ဆိုပြီး..တခါတည်းလက်စပြတ်လုပ်ပလိုက်တယ်..

blackroze

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီပန်းသီးတွေ
ဗမာပြည်မှာသာ အစအနတောင် မြင်ရမယ်မထင်ဘူး
ခုတော့ အင်္ဂလန်မှာ သွားသီးတာကိုး
ကားကြိတ်ခံရတော့တာပေါ့း)
ပန်းသီးကနေ ဆွဲနှုတ်ပြလိုက်တဲ့ သံဝေဂလေးက လှတယ် သူဂျီးရာ
ပန်းသီးလေးကို ၀ိုင်ဖောက်လိုက်ရ ဘယ်လောက်ကောင်းမတုန်းလို့း)

San San Htun said...

ပန်းသီးတိုက်ပွဲကို ထိုင်ကြည့်ပြီး ရေးလေသလား သူဂျီးရယ်...ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးတတ်ပါပေတယ်...

ဆွေလေးမွန် said...

သဘာဝအတိုင်းပန်းသီးသီးပြီး
သဘာဝအတိုင်းလေတိုက်ရင်း
သဘာဝအတိုင်းတွန်းထိုးနေကြရင်း
သဘာဝအတိုင်း ဖြစ်ပျက်နေတာလေး
ကို မြင်အောင် ရေးနိုင်တယ်..

ဟန်ကြည် said...

တော်တော်ဆိုးတဲ့ သူကြီးမင်းရဲ့ နှစ်လုံးပြွတ်ပေပဲ...အလကားနေရင်း သူများကို ရန်လိုက်ရှာရတယ်လို့...ကြွေတာ နည်းတောင်နည်းသေးတယ်...ကံကောင်းလွန်းလို့ တစ်လုံးကျန်ဖြစ်တာ...တစ်ကယ်ဆို အညှာလေးပဲ ကျန်ရစ်သင့်တာ မဟုတ်လား...ဟား ဟား...

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ သူကြီး
ပန်းသီးဂီကာကိုဖတ်သွားပါတယ်။ အကုန်လုံးခူးပြီးဝိုင်လုပ်
ထားလိုက်တာတော့မဟုတ်ဘူး-နှမြောစရာဗျာ-သကြား
ကလေးနဲ့ ရေနဲ့ ရောကျိုပြီး ပုလင်းထဲကိုထည့်ထားလိုက်
ဒါဆိုဝိုင်ဖြစ်ရောမဟုတ်လားဗျ-အလကားနှလုံးကိုကြွေတဲ့
အထိအပင်ပေါ်ကိုမော့မော့ကြည့်နေတယ်-ဒီ သူကြီး နဲ့
တော့ခက်သေးတယ်-အင်း---သူကြီးပြောချင်တာကနှစ်လုံး
ပြွတ်ပန်းသီးမဟုတ်လားဗျ-အဲဒါသူကြီးပန်းသီးတွေလားမှ
မသိတာဗျာ-ကြိတ်ပြီးလည်းရီမနေနဲ့အုံး-ဟားဟားဟား-

မဒမ်ကိုး said...

သူကြီးရယ်ရက်စက်ပါပေ့ဗျာ ...
သင်္ခါရကိုတန်းမတင်ပြပဲ ..
အပြွတ်တိုက်ပွဲကနေစလိုက်တာ
ကံကောင်းလို့ တပြွတ်ချင်း သူကြီး
ခေါင်းပေါ်မကျတယ်မှတ်ပါ..
ဟင်း ဟင်း ..
............

ဟိုတစ်ခေါက်ပန်းသီးငပိချက်ကတည်းက သားရေကျနေတာနော် .ဘာမှတ်

ငတ်တဲ့ (အဲလေ )ခင်တဲ့

မဒိုးကန်

မြစ်ကျိုးအင်း said...

ပန်းသီးတိုက်ပွဲ ရုပ်ရှင်များ ကြည့်နေရသလား မှတ်တယ်။ ပေါ်လွင်ပါပေ့

custom essay online said...

Today, television is the mainstream medium, which influences substantially the public custom essay online