Saturday, 26 March 2011

ထို့ကြောင့် ထိုရွာကို တုံးဖလားဟု ခေါ်သည်

(မှာကြားချက်။ ဒီပို့လေးရေးထားတာ အတော်လေး ကြာခဲ့ပါပြီ။ ပို့စ်တင်တော့မဲ့ ဆဲဆဲမှာ ဂျပန်ဆူနာမီသတင်း၊ နောက်ဆက်တွဲ နူကလီးယားအန္တရာယ် သတင်းတွေကို ဆက်တိုက် ကြားသိလိုက်ရတော့ စိတ်မကောင်း ဖြစ်ပြီး အခုလို ခပ်ပေါပေါ ခပ်ပေါ့ပေါ့ ပို့စ်လေးကို ဒီလို အချိန်မျိုးမှာ မတင်သင့်ဘူးလို့ ယူဆပြီး မတင်ဖြစ်ခဲ့တာပါ။ ဒါနဲ့ မနေ့တုန်းက ထပ်တင်မယ်လို့ လုပ်တုန်း မြန်မာငလျင်သတင်း ကြားရပြန်ရော။ "မဖြစ်ချေဖူး၊ ငါ ဒီပို့စ်မတင်ဘဲ ထားပြီး နောက်တစ်ခါ တင်မယ်စိတ်ကူးတဲ့အခါ မတော်တစ်ဆ ကမ္ဘာ့တစ်နေရာမှာ သဘာဝဘေးဒဏ်တစ်ခုခု ပေါ်ပေါက်လာရင် ဒုက္ခ" လို့ စဉ်းစားမိပြီး ဒီနေ့တော့ တင်လိုက်ပါတယ်။ ခပ်ပေါ့ပေါ့လေးတွေ ဖတ်တတ်တဲ့သူတွေအတွက်ပါ။)
....


သစ်ပင် ၀ါးပင်၊ ရေပင် တောတောင်
ရှိုမြောင် အလျှိုလျှို၊ စိမ်းစိုမြသား
ငှက် ကျား သားရဲ၊ ပေါမြဲမြဲတည့်။

မဲမဲ နက်မှောင်၊ နေရောင် မထိုး
ဖုန်းဆိုး ထူထပ်၊ ချေ ဆတ် သမင်
ဝံ ဆင် မြွေ အောင်း၊ သိန်း သောင်း ရာချီ
စုံညီစွာရှိ၊ ထိုသည့် ၀နာ
နိဂမာကား--------

အပြုံးများစွာ
အမုန်းမပွါးပါ
တုံးဖလားရွာ

တားဖလုံးလို့ဘဲ ခေါ်ခေါ်၊ တုံးဖလားလို့ဘဲ အော်အော်၊ လုပ်ဘိုးဟီဘစ် လို့ဘဲ ကျော်ကျော်၊ အရကောက်တဲ့ အခါမှာတော့ သူကြီးမင်း ကိုကိုမောင် နေထိုင်တဲ့ ဘုံဗိမာန်ကိုသာ ရစမြဲပါဘဲ။:D တုံးဖလားရွာက ဘယ်အနားမှာလဲတဲ့၊ အမည်မသိသူတစ်ယောက်က ကွန်မင့်မှာ မေးခွန်းထားလေရဲ့။ အဲဒီ ကွန်မင့်လေးကြောင့် တုံးဖလားရွာ တည်နေရာကို ပြောပြချင်စိတ်တွေ ပေါက်လာမိတယ်။ ရိုးရိုးသားသား ပြောရရင်တော့ အဲဒီ ကွန်မင့်လေးက ဒီပို့စ်ကို မွေးထုတ်ပေးလိုက်တာပါဘဲ။ ကျေးဇူးပါ အမည်မသိသူရေ...။

နေရပ်ကို အပြည့်အစုံပြောရရင်တော့--
ဘဒ္ဒကမ္ဘာ လူ့ဘုံ အာရှတိုက် အရှေ့တောင်အာရှ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ကသာခရိုင် ပင်လည်ဘူးမြို့နယ် ရွာသာယာအုပ်စု တုံးဖလားရွာ။ အဲဒီလိုဘဲ ပြောရပါမယ်။ တကယ့်အမှန်အကန်ပါ။ ရောက်ဖူးချင်သူများ အလည်လိုက်ချင်သူများကို တစ်ခါထဲ ဖိတ်ခေါ်ပါတယ်။ တစ်ခါ ရောက်ဖူးရင် နောက်ကို နောက်ကို ခဏခဏ လာချင်စိတ်တွေ ပျောက်သွားမှာကိုတော့ လုံးဝအာမ ခံကြောင်းပါ။ အဲဒီလောက်အထိ ဆွဲဆောင့်မှု ကောင်းတဲ့ တုံးဖလားရွာလေးပါ။

ကဲ အဲဒီ တုံးဖလားရွာကို ဘယ်လို ရောက်အောင် သွားကြမလဲ။ အဲဒါက ပြဿနာဘဲ။ တုံးဖလားရွာဟာ ချင်းတွင်းမြစ် ဧရာဝတီမြစ် သံလွင်မြစ်၊ ဘယ်မြစ်နဲ့မှ မနီးပါဘူး။ ပြီးတော့ ရန်ကုန်-မြစ်ကြီးနား ပြည်လမ်းမကြီးနဲ့ကော နီးသလားဆိုတော့ မနီးရေးချ မနီးပါဘူး။ ဒါဖြင့် မန္တလေး-မြစ်ကြီးနား မီးရထား သံလမ်းပိုင်းနဲ့ကော နီးသလားဆိုတော့ အဲဒါလဲ မနီးပါဘူး။ ဒါဖြင့်ရင် လမ်းပန်းဆက်သွယ်ရေး သိပ်မကောင်းတဲ့ ခန္တီးတို့ ပူတာအိုတို့လို လေယာဉ်ကွင်းလေးတော့ ရှိမှာပေါ့။ အင်း... ဟုတ်တယ်။ အဲဒါတော့ ရှိခဲ့တယ်။ မဆလ လက်ထက်တုန်းက ပင်လည်ဘူးမြို့မှာ ရှိခဲ့တာပါ။ ဒါပေမဲ့ အခု မရှိတော့ပါဘူး။ တောင်သူ လယ်သမားတွေချည်းနေတဲ့ နေရာဆိုတော့ အဲဒီလေယာဉ်ကွင်းကြီးရဲ့ တစ်ဝက်လောက်က နွားစားကျက်ကြီးတစ်ခု ဖြစ်နေပြီး နောက်တစ်ဝက်လောက်ကတော့ မူးမြစ်တိုက်စားလို့ ကုန်သွားပါပြီ။ ဒါကြောင့် အခုနေ အဲဒီ လေယာဉ်ကွင်းကို သွားကြည့်ရင်တော့ နွားတွေကိုဘဲ တွေ့မြင်ရမှာ သေချာပါတယ်။

ဆိုတော့... ကုန်းကြောင်းခရီး ရေကြောင်းခရီး လေကြောင်းခရီး၊ ဘာခရီးမှ တိုက်ရိုက်မရှိပါဘူး။ သနားစရာ တုံးဖလားရွာလေးပါ။ ရန်ကုန်ကနေ သွားမယ်ဆိုရင် (အခုတော့ မသိပါ) နှစ်ညအိပ် ခရီးသွားရပါတယ်။ နှစ်ညလုံး မီးရထားပေါ်မှာ အိပ်ရတာပါ။ ရန်ကုန်-မန္တလေး မီးရထားကို စီးပြီး မန္တလေးမှာ ဆင်းရပါတယ်။ ရထားပေါ်မှာ တစ်ညအိပ်ရပါတယ်။ နောက် မန္တလေး-မြစ်ကြီးနား ရထားစီးပြီး ကောလင်းမှာ ဆင်းရပါတယ်။ ကောလင်းကို ည၁၀ နာရီလောက်မှ ရောက်တာဆိုတော့ ကောင်းလင်းမှာဘဲ ညအိပ်ရပါတယ်။ နောက်တစ်နေ့မနက်မှ ကောလင်း-ပင်လည်ဘူး လိုင်းကား စီးပြီး တုံးဖလားရွာ မှတ်တိုင်မှာ ဆင်းရပါတယ်။ ရွာလဲရောက် လူလဲ ဖလက်ပြပေါ့။ နှစ်ရက်လုံးလုံး ရထားပေါ်မှာ ပုခက်စီးသလို ယိမ်းထိုးခဲ့ရတာကိုး။ မန္တလေး-မြစ်ကြီးနား သံလမ်းပိုင်းက ရန်ကုန်-မန္တလေး သံလမ်းပိုင်းလောက် မကောင်းတဲ့အခါကျတော့ ရထားက အရမ်းဆောင့်ပါတယ်။ ဆောင့်တာမှ အထက်အောက်ဆောင့်တယ်။ ဘေးတိုက်ဆောင့်တယ်။ ဘယ်အခြမ်းဆောင့်တယ်။ ညာအခြမ်းဆောင့်တယ်။ ဆောင့်လို့ရတဲ့ နည်းပေါင်းစုံနဲ့ ဆောင့်ပါတယ်။ အဲဒီလိုမျိုး မီးရထားကို စီးရဲရင်တော့ တုံးဖလားရွာကို ရောက်ဖူးဖို့ မခဲယဉ်းပါဘူး။

တုံးဖလားကို ကောလင်းက မဟုတ်ဘဲ ၀န်းသိုက သွားလဲ ရပါတယ်။ ဒါပေမဲ့ ၀န်းသို-ပင်လည်ဘူးက ကောလင်း-ပင်လည်ဘူးလို လိုင်းကား မရှိဘူး။ သစ်ထုတ်လုပ်ရေးက သစ်လုံးကားတွေဘဲ ရှိတယ်။ ကျနော် ငယ်ငယ်တုန်းကဆို အဲဒီသစ်လုံးကားနဲ့ ခဏခဏ ခရီးသွားဖူးတယ်။ သစ်လုံးတွေပေါ် တက်စီးရတာပါ။ တကယ်လို့ သံကြိုးပြတ်ပြီး သစ်လုံးတွေ ပြုတ်ကျရင်တော့ ကိစ္စအတုန်းဘဲပေါ့။ ကောလင်းက သွားတဲ့ လမ်းနဲ့ ၀န်းသိုက သွားတဲ့လမ်းက ငါးမိုင်ဆိုတဲ့ စခန်းလေးမှာ သွားဆုံတယ်။ ကောလင်းကလဲ ငါးမိုင် ၀န်းသိုကလဲ ငါးမိုင်တိတိရှိလို့ ငါးမိုင်စခန်းလို့ ခေါ်တာပါ။ အဲဒီငါးမိုင်စခန်းက စပြီး ကောလင်း-ပင်လည်ဘူး၊ ၀န်းသို-ပင်လည်ဘူး လမ်းခရီးအတူတူ ဖြစ်သွားပါပြီ။ သစ်ထုတ်လုပ်ရေးကားတွေက နွေဦးနဲ့ နွေရာသီမှာဘဲ ရှိတာပါ။ ကျနော်တို့ဘက်မှာ သစ်တွေကလဲ ပေါသလားမပေးနဲ့။ ကျနော် မမွေးခင်ကထဲက သစ်လုံးကားတွေ ရှိနေတာ၊ အခုထက်ထိ ရှိနေတုန်းဘဲ။ ကောလင်း-ပင်လည်ဘူး လိုင်းကားက တစ်ရက်မှ သုံး လေးစီးဘဲ ရှိတာပါ။ ဒါကြောင့် လိုင်းကားကို ၀ီရိယထားပြီး စောင့်ရတယ်။ တစ်စီးလွှတ်သွားရင် စောင့်ပေရော့ နောက်ထပ် နာရီများစွာ။ ဟာ ဟ။ ရိုက်စစ်နေတာ ကျနေတာဘဲ။ သေချာ ရှင်းပြနေဖြစ်တယ်။

ကောလင်းမြို့နှင့် ၀န်းသိုမြို့က ရှစ်မိုင်ဘဲ ဝေးပါတယ်။ ကောလင်း-ပင်လည်ဘူး၊ ၀န်းသို-ပင်လည်ဘူးက မိုင် ၄၀ တိတိ ဝေးပါတယ်။ မိုင်လေးဆယ်ထဲ ရှိတယ်ဆိုပေမဲ့ ကျနော် ငယ်ငယ်တုန်းကဆို မနက်ထွက်တဲ့ကားဟာ ညနေ မိုးချုပ်မှ ရောက်တာ များပါတယ်။ လမ်းက ကျောက်လမ်းဆိုတော့ လိပ်သွားသလို သွားနေရတာလေ။ အဲဒီတုန်းက တစ်ရက်မှ လိုင်းကားက အသွားတစ်စီး အပြန်တစ်စီးဘဲ ရှိတယ်။ အတော်လေးကို တောကျတဲ့ ကျနော်တို့ ရွာလေးပါ။ :D

အဲ... ပြောရဦးမယ်။ ကောလင်း ၀န်းသိုနဲ့ ပတ်သက်လို့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။

ကောလင်း ၀န်းသို
တစ်မိုးခို

မုဆိုးဖိုတောင် မိန်းမ ငါးယောက်ရနိုင်တယ်
တဲ့။

အဲဒီတုန်းက အတော်လေး ရိုးသားကြတာကိုး။ အင်း... အခုလဲ ရိုးသားကြပါတယ်။ :D မြို့ကြီးသားတွေ အလည်ရောက်လာရင် အပျိုလေးတွေက ပြူတစ်ပြူတစ် ဖြစ်နေပြီ။ တစ်လွှဲမထင်ပါနဲ့။ ပြူတစ်ပြူတစ်နဲ့ ချောင်းကြည့်ကြတာလေ။ ပြီးတော့ မိတ်ဖွဲ့ချင်ကြတယ်။ မိတ်ဖွဲ့ပြီးရင် မိတ်လိုက် ခံရရော။ မြို့ကြီးသားဆိုတော့ တောသူတောင်သူလေးတွေလောက်တော့ ပျင်းတောင် ပျင်းသေးတယ်ပေါ့။ တစ်ချက်လောက် တော်ကီပစ်လိုက်ရင် မိန်းခလေးက ကြွေချင်နေပြီ။ ဒါကြောင့် ကျနော်ကတော့ ကျနော့် အသိ သမီးပျိုလေးတွေကို ပြောထားရတယ်။ ကုလားနဲ့ မြို့ကြီးသားကို လုံးဝ မယုံနဲ့လို့။ ဟာ ဟ ကြိုပြောထားတာ။ တုံးဖလားကို အလည်လာဖြစ်ရင်တော့ "ကျနော်က တောချိုတောကြား ပစ္စန္တရာဇ် ဇနပုဒ်အရပ်က တောသားလေးပါဗျာ" လို့ ပြောပြီး မိတ်ဆက်ကြပေါ့။ ဒါမှ သူတို့လေးတွေက ရဲရဲဝံ့ဝံ့ ခင်မင်ရဲရှာကြမှာ။ ဘကျောက်ကြီးက အဲဒီနယ်ဘက်ရာက်ဖူးတော့ အဲဒီနယ်အကြောင်း ကောင်းကောင်း သိလောက်တယ်။ တော်ပါသေးရဲ့။ ဘကျောက်ကြီး ကျနော်တို့ တုံးဖလားရွာ မရောက်ခဲ့တာ။ နို့မို့ဆို ရွာထဲက အပျိုကြီး ဒေါ်မှုံ ကျွတ်တမ်းဝင်ပြီးရောပေါ့။ ဒါတောင် တုံးဖလားနဲ့ ကပ်ရက် အင်းဂါး(အင်္ဂါး) ဆိုတဲ့ ရွာလေးကို ရောက်ခဲ့သေးသတဲ့။ အခန့်သင့်လို့ ရွာဖက်ကို သွားဖြစ်ရင် ဘကျောက် ခြေရာတွေ သွားရှာဦးမှ။ :D

အဲ... ကျနော်တို့ တုံးဖလားနဲ့ ပတ်သက်ပြီးတော့လဲ ဆိုရိုးစကားလေးတွေ ရှိခဲ့တယ်။ ကလေးဘ၀တုန်းက အော်ဆိုကောင်းလွန်းလို့ တစ်ယောက်ထဲရော သူငယ်ချင်းတွေနဲ့ အတူတူရော ခုနစ်အိမ်ကြား ရှစ်အိမ်ကြား သံပြိုင် အော်ဆိုခဲ့တဲ့ လင်္ကာလိုလို ကဗျာလိုလို ဘာလိုလို ညာလိုလိုပေးပေါ့။ ဘယ်လို ကဗျာ အမျိုးအစားထဲ ပါလဲတော့ မသိဘူး။ နောက်မှ မေဓာဝီကို မေးကြည့်ရဦးမယ်။ သူက ချောင်ကြိုချောင်ကြားက ကဗျာလေးတွေကစ သိနေတဲ့သူဆိုတော့။ တုံးဖလားနဲ့ မနီးမဝေးအရပ်မှာ မြေလင်းဆိုတဲ့ ရွာရှိတယ်။ ပေကုန်းဆိုတဲ့ ရွာရှိတယ်။ မြေလင်းရွာဘုန်းကြီးကျောင်းမှာ ခွေးတွေ အကောင် ရာချီပြီး မွေးထားတယ်။ မွေးထားတာဆို ရွာထဲက မလိုချင်တဲ့ ခွေးမလေးတွေကို ဘုန်းကြီးကျောင်းဝင်းထဲ ပံသုကူ သွားပစ်ထားကြတာကိုး။ အဲဒီလိုနဲ့ ခွေးမျိုးပွါးပြီး အကောင်ရာချီသွားတာပေါ့။ ပေကုန်းဆိုတဲ့ ရွာကြီးမှာတော့ အသေအပျောက် များတယ်တဲ့။ ကောလာဟလစကားအရကတော့ စုန်းပြုစားလို့ သေကြတာဆိုဘဲ။ ကျနော်တို့ တုံးဖလားရွာလေးကတော့ အိမ်ခြေနဲနဲလေး ရှိတဲ့အတွက် အသေအပျောက် နည်းတာပေါ့။ ဒါကြောင့် အဲဒီ ကဗျာလိုလို ဘာလိုလိုလေး ပေါ်ပေါက်လာခဲ့တာ ထင်ပါရဲ့။ အဲဒီ ဘာလိုလိုလေးကတော့---

ရှေးသရောအခါ၊ ဘေးကြောနာ
ခွေးပေါတာ မြေလင်း

အသေကင်းတာ တုံးဖလား

စုန်းစားတာ ပေကုန်း

ပေ သုံးတာ ကန်ထရိုက်

ပန်းကန် တိုက်တာ အိမ်သား

ချိန်စားတာ ဈေးသည်....
တဲ့။

အင်းးး... ဖတ်ရတာ ပျင်းနေကြလောက်ပြီထင်တယ်။ အင်းလေ။ ပျင်းရင်လဲ ပျင်းချင်စရာကြီးကိုနော့။ ကျနော်တောင် စာရိုက်ရင်း ဆယ်ခါလောက် သန်းဖြစ်တယ်။ မျက်စိမှိတ်ပြီး မျက်စိထဲ တုံးဖလားကို ပုံဖော်နေရတာနဲ့တင် အိပ်ပျော်သလို ဖြစ်ဖြစ်သွားလို့ မနဲပြီးအောင် ရေးနေရတယ်။ ဟာ ဟ။

ကျနော်တို့ဘက် သွားတဲ့ မီးရထားအကြောင်းလေး နဲနဲတော့ ပြောဦးမယ်။ သည်းခံပြီး ဖတ်ကြဦးနော်။ ရန်ကုန်-မန္တလေး မီးရထားကတော့ စီးရတာ စိတ်ချမ်းသာပါတယ်။ မြန်ကလဲ မြန်၊ နေရာကလဲ ချောင်ချောင်ချိချိဆိုတော့။ ဒါပေမဲ့ မန္တလေး-မြစ်ကြီးနား မီးရထားတွေကတော့ ကြပ်မှကြပ်ဘဲ။ မီးရထားတစ်တွဲမှာ ၆၂ ယောက် (၆၂ ခုံ) သာ စီးရမှာ ဖြစ်ပေမဲ့ ၀စ်ေဿာက် တွေကို ရာချီပြီး တင်ကြတယ်လေ။ ဒါကြောင့် ရထားတစ်တွဲမှာ ခရီးသည်ပေါင်း ၁၅၀ လောက်တော့ အမြဲတမ်း ရှိနေတာပါဘဲ။ အနံ့ပေါင်းစုံ ရောပြွမ်းပြီး နာရီပေါင်းများစွာ ချာချာလည် ဖြစ်ကုန်တော့တာပေါ့။

အဲဒီတုန်းက တစ်ရက်ကိုမှ မန္တလေး-မြစ်ကြီးနား မီးရထားက သုံးစီးဘဲ ရှိတယ်။ အထူးအမြန်ရယ် ရိုးရိုးအမြန်ရယ် စာပို့ရထားရယ်ပါ။ တစ်ရက်ခြားစီလောက်တော့ မေခ-မခိလဆိုတဲ့ ရထား အပိုတစ်စီး ရှိပါတယ်။ အဲဒီ လေးစီးထဲပါ။ အခုတော့ ဘယ်နှစ်စီး ရှိနေမှန်း မသိပါဘူး။ မရောက်တာလဲ ကြာပြီကိုး။ ဒါပေမဲ့ လမ်းပိုင်းမှာ ဟိုဟိုဒီဒီ ပြေးတဲ့ ရထားကတော့ရှိပါတယ်။ ဥပမာ။ မန္တလေး-ကောလင်းရထား။ မန္တလေး-နဘားရထား။ နဘား-မြစ်ကြီးနား ရထား စသဖြင့်ပေါ့။ ကျနော်ကတော့ အမြဲတမ်း အထူးအမြန်ရထားကိုဘဲ စီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပိုင်းမှာ အချိန်သိပ်မကြာချင်လို့ပါ။ အနှေးရထား စီးမိရင်တော့ သွားပြီ။ လမ်းခရီးမှာ ရှိတဲ့ ဘူတာတိုင်း ရပ်တယ်။ ပြီးတော့ အမြန်ရထားတွေ နောက်က ပါလာရင် စောင့်ပြီး ကျော်တက်ခံရတယ်။ သံလမ်းက အသွားအပြန်မှ တစ်လမ်းထဲ ရှိတာဆိုတော့ အချိန်က ပိုကြာရောပေါ့။ ရထားဆုံရင်လဲ ဘူတာမှာ အကြာကြီး ရပ်စောင့်ရတယ်။ ရထားကျော်တက်မယ်ဆိုလဲ နောက်ဘူတာက ရထားကို ရပ်စောင့်ပြီး အဲဒီကျော်တက်တဲ့ ရထား ရှေ့ဘူတာကို ရောက်သွားမှ အနှေးရထားက ထွက်ရတယ်။ အဲဒီလိုနဲ့ မိုင်တစ်ရာလောက် ခရီးလေးအတွက် တစ်ရက်တိတိ ကြာသွားရော။

အဲဒီလို နှေးလွန်းတဲ့အတွက် ရထားပေါ်မှာ ခရီးသည်အချင်းချင်း မိတ်ဆွေ ဖြစ်တဲ့သူက ဖြစ်သွားကြ၊ သမီးရည်းစားဖြစ်သွားတဲ့ သူက ဖြစ်သွားကြနဲ့ ပျော်ရမလို စိတ်ညစ်ရမလို ရယ်ရမလို ငိုရမလို ကြီးပါဘဲ။ ညဘက်ဆိုရင် ရထားပေါ်မှာ မီးကလဲ မရှိတော့ ဖယောင်းတိုင်ထွန်းရပြန်ရော။ ရထားထွက်ရင် ဖယောင်းတိုင်မီးက ငြိမ်းသွားပြန်တယ်။ ရထားပြတင်းပေါက်တွေက ပိတ်လို့မှမရတာ။ ပိတ်မရဆို တစ်ချို့ ပြတင်းပေါက်တွေမှာ တံခါးတောင် မပါဘူး။ ဟိုတုန်းက ပြောပါတယ်။ အခုတော့ ဘယ်လို နေမှန်းမသိပါဘူး။ မယုံချင်နေ ကြုံဖူးတာလေး ပြောရဦးမယ်။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ရထားပေါ်မှာ မိန်းမတစ်ယောက် ကလေးမွေးသွားတာ ပြောမလို့ပါ။ ဧကန္တကတော့ မြို့တက်ပြီး ဆေးရုံမှာ မွေးမလို့လား မသိပါဘူး။ ရထားက လမ်းမှာ သောင်တင်နေတော့ မြို့မရောက်နိုင်တော့ဘဲ မယ်တော်မာယာ လမ်းခုလတ်မှာ အလောင်းတော်ကို မွေးဖွားသလို ရထားပေါ်မှာဘဲ ဖြစ်သလို မွေးဖွားလိုက်ရတာထင်ပါရဲ့။

ရထားကျောရိုးက တစ်လမ်းဘဲ ရှိတာဆိုတော့ ရထားလမ်း ရေတိုက်စားတာတို့၊ လမ်းပိုင်း ပြင်ဆင်နေတာတို့၊ ရထားတစ်စီးစီး တွဲချော်နေတာတို့၊ လမ်းတစ်ဝက်မှာ ရထားစက်ခေါင်းပျက်တာတို့နဲ့ ကြုံရင် သွားပြီ၊ ရက်ချီပြီးကို ရထားပေါ်မှာ ဆွေမတော် မျိုးမတော်တဲ့သူတွေနဲ့ အနီးကပ် မျက်လုံးချင်းဆုံပြီး စိတ်တင်းတင်းကြပ်ကြပ် နေရတော့တာပါဘဲ။ ရထားပေါ်မှာ အဆင်ပြေတဲ့သူက အဆင်ပြေ၊ အဆင်မပြေတဲ့သူက အဆင်မပြေ၊ ကလေးမွေးတဲ့သူက ကလေးမွေး၊ ယုတ်စွအဆုံး ၀ါဆိုခါနီး ခရီးက ကပ်ပြီး ပြန်လာတဲ့ ဘုန်းတော်ကြီးတွေတောင် ၀ါကျိုးဝါပျက် ဖြစ်ကြကုန်ရောတဲ့။ အဲဒီလို အဲဒီလို။

အဲဒီလို လမ်းပိုင်းမှာ တစ်ခုခုဖြစ်ပြီး ရထားပိတ်မိနေပြီဆိုရင် မြွေပူရာ ကင်းမှောင့်ဆိုသလို စားရေး သွားရေး သောက်ရေး ပေါက်ရေးတွေလဲ ခက်ကုန်ကြတော့တာပေါ့။ တစ်ချို့ရွာတွေဆို ရထားတစ်စီး သောင်တင်နေတာ သိလို့ကတော့ ပွပေါက်ဘဲ။ ထမင်းဟင်းတွေ ဖြစ်သလို ချက်ပြီး ဈေးကြီးကြီးနဲ့ လာရောင်းကြရော။ မြို့က ဟိုတယ်စာစားရင်တောင် အဲဒီလောက် ဈေးကြီးမယ်မထင်။ ဒါပေမဲ့ တစ်ချို့ဒေသက လူတွေကတော့ ရပ်ရွာထဲ နိုးဆော်ပြီး ရထားပိတ်မိနေတဲ့သူတွေကို အခမဲ့ လာရောက် ဝေငှပေးကြပါတယ်။ ဘုန်းတော်ကြီးတွေ ဦးဆောင်ပြီး လာဝေငှကြတာလဲ ရှိပါတယ်။ ဒေသအလိုက် စိတ်ဓါတ်ကလေးတွေ ကွာဟမှုပေါ့။ တစ်ခါတစ်လေ အဆင်မပြေရင် ရထားက တစ်ရက်လုံး တစ်နေရာထဲမှာဘဲ ရပ်နေရတာပါ။ ထွက်ခွါလို့ မရပါဘူး။ လမ်းပိုင်းရှင်းသွားမှ ထွက်ခွါလို့ ရပါတယ်။

မန္တလေး-ကောလင်း ပြေးဆွဲတဲ့ လော်ကယ်ရထားဆိုရင် လမ်းပိုင်းမှာ ရှိတဲ့ ရွာတွေ (ဘူတာတွေ) အကုန်ရပ်တယ်။ ပြီးတော့ ကျန်တဲ့ ရထားတွေကို ဦးစားပေးရတယ်။ အဲဒီ ရထားကတော့ ကိုရွှေလိပ်ပါဘဲ။ မန္တလေးနှင့်ကောလင်း မိုင် တစ်ရာလောက်ဘဲ ရှိတာကို ၁၅ နာရီလောက် ခုတ်မောင်းရတယ်။ ပြီးတော့ ရထားပေါ်မှာ နေရာမလပ် ပစ္စည်းတွေ တင်ကြတယ်။ လူတွေဆိုလဲ ပြွတ်ခဲနေတာပါဘဲ။ အိမ်သာထဲလဲ မနေရဘူး၊ ပစ္စည်းတွေ တင်ကြတယ်။ ခရီးချဉ်သီးခြင်းတောင်း မုန်လာထုပ် ခြင်းတောင်းတွေကို အိမ်သာထဲ မကြာမကြာတွေ့ရတယ်။ ခရီးသည်တွေတော့ ဆီးချုပ်ဝမ်းချုပ် ဖြစ်ကြကုန်ရော။ အိမ်သာခန်းက ဘ၀ပြောင်းပြီး ပစ္စည်းတင်ခန်း ဖြစ်သွားတာကိုး။ ဟိုတုန်းကပါ။ ပြီးတော့ အဲဒီ အရပ်က ပြောစကားတစ်ခု ရှိတယ်။ ကောလင်းရထား လာနေတာ မြင်ရရင် လက်ဆန့်တန်းပြီး အညောင်းမဆန့်လိုက်ပါနဲ့၊ ရထားကို လာတားတယ်ထင်ပြီး ရပ်ပေးနေဦးမယ်တဲ့။ အဲဒီလောက်ထိ ရွာစဉ်ထိုးရပ်တဲ့ ရထားလေ။ အင်း.. ရေးရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ မဖြစ်ချေဘူး။ အပြီးသတ်မှ။

အချုပ်ပြောရရင်တော့ တုံဖလားရွာလေးကို လာချင်တယ်ဆိုရင် တကယ်ဖိတ်ခေါ်ပါတယ်။ လမ်းကြောင်းလေးကတော့ ဒီလိုလေး သွားရပါတယ်။ ရန်ကုန်--မန္တလေး--ကောလင်း--တုံးဖလား။ ဒါပေမဲ့ နှစ်ညအိပ် သုံးရက်ခရီးနော်။ ရထားနှစ်တန် ကားတစ်တန်။ အဲဒါ အသွားသတ်သတ်။ အပြန်ခရီးလဲ အဲဒီလို နှစ်ညအိပ် သုံးရက်ခရီးပါဘဲ။ တစ်ပတ်ဘဲ ခွင့်ရတဲ့ သူတွေအတွက်ကတော့ အသွားသုံးရက် အပြန်သုံးရက် တုံးဖလားမှာ တစ်ရက်ပေါ့။ ဟာ ဟ။ ဒီလောက် တုံးဖလားရွာကို ကြော်ငြာထိုးနေရအောင် အဲဒီ တုံးဖလားရွာမှာ ဘာတွေ ရှိသလဲဆိုတော့။ ဟုတ်ကဲ့။ တုံးဖလားမှာ.....
၁။ ဈေးဆိုင်တစ်ဆိုင်မှမရှိဘူး။
၂။ စာသင်ကျောင်း မရှိဘူး။
၃။ ဆေးပေးခန်း မရှိဘူး။
၎။ စာကြည့်တိုက် မရှိဘူး။
၅။ မြေစိုက်ဘုရား တစ်ဆူမှမရှိဘူး။
၆။ဘောလုံးကွင်းမရှိဘူး။
၇။ ဗီဒီယိုရုံမရှိဘူး။
၈။ လျပ်စစ်မီး မရှိဘူး
၉။ မိုဘိုင်းဖုန်း မြင်တောင်မြင်ဖူးကြရဲ့လား မသိ။

ဗိသုကာအမြင်နဲ့ ကြည့်ရင် အဆောက်အဦနဲ့ တူတာ ဆိုလို့ကတော့ ရွာဦးကျောင်း တစ်ခုတော့ ရှိပါတယ်။ အဲဒီလို အဲဒီလို မပြည့်စုံမှုတွေ ပြည့်စုံနေတဲ့ တုံးဖလားရွာလေးမှ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ လာချင်ကြသေးလား မသိ။ :D ။ တားဖလုံးရောက်ရင်တော့ ကရားတစ်လုံးနဲ့တော့ ဧည့်ခံကြမှာပါ။ ဒါပေမဲ့ သူတို့ မယားတွေကတော့ ခပ်ပြုံးပြုံးလေး ဖြစ်နေမှာ သေချာပါတယ်။ (လဘက်ခြောက်ဈေးကလဲ သေးမှမသေးဘဲကိုး)။

တောကျသည်။ ခရီးဆိုးသည်။ ဆင်းရဲမှုတွေ ချမ်းသာသည်။ ချမ်းသာမှုတွေ ဆင်းရဲသည်။ ရိုးသားသည်။ ကြိုးစားသည်။ လယ်ယာမြေကိုသာ အားကိုးသည်။ ကျွဲ နွားများကိုသာ အလေးထားသည်။ တုံးကို တံတားလုပ်သည်။ ဖလားဖြင့် ရေချိုးသည်။

ထို့ကြောင့် ထိုရွာကို တုံးဖလားဟု ခေါ်သည်။ :D

..

တောင်းပန်ချက်။
အလုပ်မဟုတ်တဲ့ အလုပ်တွေနဲ့ အလုပ်ရှုပ်နေလို့ အလုပ်ဟုတ်တဲ့ အလုပ်တွေနဲ့ အလုပ်မလုပ်နိုင်သေးတဲ့အတွက် အလုပ်လို့ယူဆရတဲ့ ဘလော့လည်ခြင်းအလုပ် ဘလော့ဂင်းခြင်းအလုပ်တို့အား မပြုလုပ်နိုင်အားသေးတာကို အနူးအညွတ်တောင်းပန်အပ်ပါတယ်။

.

21 comments:

အင်္ဂါဟူး said...

ထင်တာက ဆွေမင်း(ဓနုဖြူ) ထဲက ကြုံတိုင်းရွာလိုပဲ ထင်တာ.. တစ်ကယ်ကြီးရှိနေတာကိုး။

တုံးကို တံတားလုပ်သည်။ဖလားဖြင့်ရေချိုးသည့် တုံးဖလား ရွာအား တစ်ကယ်အမှန်သိရှိသည့်နောက်။ ထိုရွာ၏ အကြီးအကဲ ဗရူးဗရဲ သူဂျီးမင်းနှင့် နှစ်ညအိပ်သုံးရက်ခရီး ရထားကြီးပျော်ပျော်စီးကာ သူဂျီးမင်း ရွတ်သော နဘေ ကာရံများကို နားစည်အထိ ဘ၀င်ငြိအောင် သောတဆင်လိုပါသေးသည်။ ကဲသူ ဂျီးမင်း ဘိုလိုလဲ ကဗျာရွတ်ကာ ခေါ်မည်ဆိုပါက တားဖလုံးရောက်ရင်ဖြင့် ကရာတစ်လုံးဖြင့် မယားပြုံးသော လက်ဖက်ခြောက်ခပ်ကာ တအားကြုံးကာ တိုက်လိုက်ချင်ရဲ့... ရေနွေးကြမ်း

ငြိမ်းချမ်းပါစေ
အင်းဂါး(အင်္ဂါး) ရွာသားမရောက်ဖူးသော
အင်္ဂါဟူး

မောင်လေး said...

တဂျီးအိမ်မှာတည်းလို့ရမလား...:P
တည်းလို့ရရင် သွားမယ်လေ...:)))
ရေးထားလိုက်တာ မပျင်းတဲ့အပြင် ရီလည်းရီရ စိတ်လည်း
ဝင်စားစရာ...။

seesein said...

တဂျီးမင်း
အိပ်ပျော်နေတယ်ထင်တယ် တဂျီးတို့ တုံဖလားနယ် လွန်မိုးတောင်ရောက်သွားပေါ့ ဘာအကြောင်းကြောင့်လို့ သိချင်ရင် နောက်များမှ လင်းရသေးတာပေါ့ အခုတော့ အလုပ်မဟုတ်တဲ့ အလုပ်တွေလုပ်လိုက်အုံးမယ်
ခင်မင်တဲ့
seesein

“ အက္ခရာ ” said...

အပြူံးများစွာ
အမုန်းမပွားပါ
တုံးဖလားရွာ.....
တကယ်ရှိတာကိုး....အခုမှသိတယ်...
စိတ်ဝင်စားစရာလေးပဲနော်ေ၇းထားတာတော်တယ်...
အညွန်းကောင်းတော့လဲ...သွားချင်ပါဘိ..
သိုပေသိ..သွားမယ့်ခရီးမလွယ်လမ်း..

Angelhlaing(May everybody be happy and healthy! said...

ရာဇဝင်နဲ့ကိုရှိတာမို့ အလည်လာခဲ့ရင် ပုန်းနေနော်အကို...:P:P
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ဂဒူးလေးကျောက် said...

သဂျီးရေ...ပေကုန်းဇရပ်မှာ ညအိပ်တော့ တညလုံး ဇရပ်နံရံကို တဒေါက်ဒေါက် လာခေါက်နေတာ မှတ်မိသေးရဲ့..
သရဲလားဘာလားလဲ မသိပါဘူး..
ဘယ်သူမှ မကြောက်ကြတော့ လာခေါက်တဲ့သူလဲ စိတ်ညစ်ပြန်သွားထင်ပါရဲ့..
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ကအတိုင်း..ပင်လည်ဘူးက မပြောင်းလဲသေးဘူးလား..
ဒါနဲ့များဗျာ...ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင် တိုးတက်နေသလေးဘာလေးနဲ့..ကျနော်တို့ ငယ်ငယ်ကလဲ ကောလင်းလော်ကယ်ရော နဘားခေါက်ပြန်ရော ဒီအတိုင်းပဲ သဂျီးရှိတုန်းကလဲ ဒီအတိုင်းပဲ ဆိုရင် ဘာထူးလို့တုန်း

NayWaThan said...

တကယ်ရှိအောင်ကို ရေးတတ်ပါ့... တကယ်မရှိဘူးလို့ပဲ စိတ်ထဲထင်မိတယ်.. ဘယ်လိုပင်ရေးရေးပေါ့လေ.. :P

ခင်မင်လျက်
နေ၀ဿန်

ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီးရေးတာဖတ်ပြီး မေခ မေလိခ ရထားစီးခဲ့တာတွေ မြစ်ကြီးနား မန္တလေး ရထားလမ်းတွေမှာ ကြုံရတဲ့ အခက်အခဲတွေ ပြန်တောင် သတိရသွားပြီ။
ဒါနဲ့ ကောလင်းနဲ့ ပင်လည်ဘူးကို သစ်ထုတ်လုပ်ရေးက ကားကြီးစီးပြီး သွားခဲ့ဖူးပါ့ သူဂျီးရေ.. သစ်လုံးတင်တဲ့ကားတော့ မဟုတ်ဘူး GMC လိုကားကြီးလေ
ဇီးဖြူသီး ဇကောထဲ ထည့်လိမ့်သလားမှတ်ရ တစ်လမ်းလုံး အန်လိုက်တာ .. စကားတောင် မပြောနိုင်ဘူး။ ပင်လည်ဘူးတော့ ၃လလောက်ထင်တယ် နေခဲ့ဖူးတယ်.. ဒီလိုမှန်းသိ သူဂျီးတို့ရွာ အလည်လာပါတယ်.. ဒါနဲ့ မူးမြစ်နဲ့ရော မနီးဘူးလား။ ပင်လည်ဘူးတော့ မူးမြစ်ဘေးမှာ ရှိတာမို့လေ။ ခရုတွေ ပုဇွန်လုံးတွေ နှိုက်ရတာပျော်ဖို့ကောင်းတယ်..း)

ခွန် said...

" မိတ်ဖွဲ့ချင်ကြတယ်။ မိတ်ဖွဲ့ပြီးရင် မိတ်လိုက် ခံရရော။ "

ဟား..ဟား အဲ့စကားလုံးကြီးက မှန်ပေမယ့်  ကြောက်စရာကြီး။

စစ်ကိုင်းတိုင်းဆိုရင် အမျိုးတွေရှိတဲ့ ရွာသစ်ကြီး ငါ့တရော်ရွာ အထိဘဲ ငယ်ငယ်ကရောက်ဖူးတယ်။ သူကြီးတို့ဘက်က ကြားဘဲကြားဖူးတာ။ မရောက်ဖူးဘူးအေ့။
နောက်မှ လာလည်မယ်။ ကိုယ့်ညီမဆိုတော့ ကောင်းကောင်း ဧည့်ခံပါနော်...

ကောင်းမွန်ဝင်း said...

ဖတ်လို့ကောင်းတယ်။
မရောက်ဖူးဘူး။ ဗဟုသုတကလည်းနည်းတော့
စာရေးကောင်းတဲ့ သူကြီး စာတွေကိုဖတ်ရတာ အားလုံးကို တကယ်လို့ပဲထင်မိတယ်။
အဆောက်အဦနဲ့ တူတာဆိုလို့ ရွာဦးကျောင်း တစ်ခုတော့ ရှိတယ် ...တဲ့။
ရွာက အရမ်းကို ရှုခင်းလှမယ်ဆိုတာ သိသွားပြီ။

An Asian Tour Operator said...

ဒီလောက် စိတ်ဝင်စားစရာ အထရက်ရှင် တွေရှိနေမှတော့ တိုးပရိုဂရမ် တခုလောက်တော့ ဆွဲထားသင့်ပြီ ထင်တယ်...။

ကိုကိုမောင်(ပန်းရနံ့) said...

အဆင်တန်ဆာထူးသမို့
မြင်တာနဲ့ ရူးလောက်ပါတဲ့
အင်္ဂါဟူးတစ်ယောက်ရေ...

ကဗျာလေးတွေကို
အထာလေးတွေနဲ့ရွတ်ပြီး
ထံတျာတေးလိုက်မယ်
အပြန်တရာသာ ပြေးလိုက်ခဲ့ပေးအုန်းတော့
တုံးဖလားရွှေမြို့တော်ကြီးကို....
...


ရှောင်ပြေးနေတဲ့ မောင်လေးရေ...
သူကြီးမင်းအိမ်မှာ ကြိုက်သလောက် တည်းခိုလို့ရပါတယ်ဗျာ။ ဒါပေမဲ့ ကိုယ့်အိပ်ယာလိပ်တော့ ကိုယ်ယူလာခဲ့နော်။း)))
...


အန်တီစည်းစိမ်
လင်းစမ်းပါဦးဗျ။ ဘယ့်နှယ် သဲထိတ်ရင်ဖိုချင်စရာကြီး။
...


အက္ခရာ
သွားချင်သပဆိုရင်တော့
အားအင်ပြဖို့လိုတယ်နော။
...


အိမ်ဂျယ်လှိုင်
ပုန်းနေပါဘူး။ လာသာ လာပါ။ ကြောက်ဖူး။း))
...


ဘကျောက်ရေ..
အဲဒီ ပေကုန်းကားဂိတ်က ဇရပ်အိုကြီးကတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဘ၀ပြောင်းသွားရှာပါပြီ။ သစ်ထုတ်ရေးမိသားစုတွေ မော်ဒီဖိုင်းလုပ်ပြီး အိမ်ကြီးတစ်ဆောင် ဖြစ်နေလေရဲ့။ ဘကျောက်က အဲဒီ အပေါ်မှာ အိပ်သွားခဲ့သေးတာကိုး။ ဟိုတုန်းကတော့ အောက်ပြည်အောက်ရွာက လာကြတဲ့ အလှကုန်သည်တွေ အဲဒီအပေါ်မှာ စတည်းချကြတာ များတယ်။ ကျနော်တို့တောင် ကားစောင့်ရင်း အဲဒီအပေါ် အနားယူဖူးသေးတယ်။

ဘကျောက်တို့က ကောလင်း ပင်လည်ဘူးကားစီးပြီး အဲဒီ ပေကုန်းကားဂိတ်မှာ ဆင်း၊ ပြီးတော့အင်းဂါးရွာဘက် ခြေကျင်(ကုန်းကြောင်း)
လျောက်ကြတာထင်တယ်။ သတိပြန်ရလာအောင် ရွာစဉ်လေးတွေ ရေးပြလိုက်ဦးမယ်။

ပေကုန်းကားဂိတ်
အဂ္ဂရွာ
သင်နှီးတောရွာ
ပေါက်ကိုင်းရွာ
ကျပွေ့သလင်ရွာ
သိမ်ဇင်ရွာ
ပြီးတော့ အင်းဂါးရွာပေါ့။

ကျနော်တို့တုံးဖလားကတော့ ပေကုန်းကားဂိတ်နားမှာပါ။ ဟိုတုန်းကတော့ တောတောင်ထူထပ်တဲ့အတွက် ကားလမ်းနဲ့ ကပ်ရက်ပေမဲ့ ရွာကို ကားလမ်းဘက်က မမြင်ရပါဘူး။ အခုဆို အဲဒီ ပေကုန်းကားဂိတ်ကနေပြီး ပင်လည်ဘူးဘက်သွားတဲ့ လမ်းကြောင်းကို မျှော်ကြည့်လိုက်ရင် မနီးမဝေးမှာ တုံးဖလားရွာ ထီးထီးကို တွေ့မြင်ရမှာ သေချာပါတယ်။

အမေရိကမှာ နေတဲ့သူကို တောကြိုတောင်ကြားက ရွာလေးတွေ ရေးပြပေးနေရတာ အားတော့ နာပါရဲ့။း))

ကျန်းမာပျော်ရွှင်ပါစေ ဘကျောက်ရေ...
..


မောင်နေ၀သန်
တုံးဖလားရွာက တကယ်ရှိတာပါ။ သူကြီးမင်းကသာ တကယ်ရှိမရှိ မသေချာတား))))။
..


မချောရေ...
ကျနော်တို့ တုံးဖလားရွာက ပင်လည်ဘူးမရောက်ခင် မိုင်နှစ်ဆယ်လောက်မှာလေ။ အမတို့ ကားစီးရင် ရွာနားက ကပ်ဖြတ်သွားရတာ။ တုံးဖလားရွာကို မမြင်သွားဘူးနဲ့တူတယ်။ မျက်နှာငယ်လိုက်တာနော်။း)))
မူးမြစ်နဲ့လဲ မနီးပါဘူး။ မူးမြစ်က ပင်လည်ဘူးမြို့ကို ပတ်စီးနေတာလေ။

အမချောမှ မဟုတ်ဘူး။ ကျနော်လဲ ကားစီးပြီး မူးလို့ အန်ဖူးတယ်။ အန်ဖူးတယ် အန်ဖူးတယ်။ အို.. မလွယ်ဘူး.. ထူးနိုင်တယ်။း)))
..


မိခွန်...
လာခဲ့ လာခဲ့ ဖိတ်ခေါ်တယ်။ ညီမဆိုတော့လဲ ကောင်းကောင်းဧည့်ခံပါ့မယ်။ ဒါပေမဲ့ ဧည့်ဘဲခံရမလား၊ ရွာခံတွေဘဲ ခံရမလားမသိဘူး။း))))
မြေလင်းဘက်က လာတဲ့ ဟောင်ကောင်သားနဲ့ အထူးဧည့်ခံပေးမယ်။ ဟာ ဟ။
...


အမကောင်းမွန်ဝင်းရေ...
ရှုခင်းကတော့ ကောင်းသလားမမေးနဲ့။ ပြင်ဦးလွင်ကတောင် အရှုံးပေးရဦးမယ်။ ပြီးတော့ ဂျပန် စပရင်းရာသီမှာ ပွင့်တဲ့ ချယ်ရီပန်းတွေလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ် ပျင်းတောင်ပျင်းသေးတယ် ပေါ့။ ဒါပေမဲ့ တုံးဖလားမှာက ပန်းဆို ဘာပန်းမှ မရှိဘူး။ ဘုန်းကြီးကျောင်းသားတွေဘဲ ပန်းကြတာ။း)))
...


အေအေတီအိုရေ..
အမှန်ဘဲဗျို့။ လက်မနှေးနေနဲ့တော့။ အိုက်တင်နာနရီထဲသာ ထည့်လိုက်တော့။ တိုးရစ်တွေ အတော်စိတ်ဝင်စားလောက်တယ်။ နိုင်ငံခြားမှာရှိတဲ့ ဖလက်တစ်ခုမှာ နေကြတဲ့လူဦးရေက တုံးဖလားလူဦးရေထက် ပိုများလောက်တယ်။ အဲဒီလောက်အထိ စည်ကားတဲ့ တုံးဖလားရွာလေးပါ။


အားလုံးပျော်ရွှင်ကျန်းမာချမ်းသာကြပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြတ်မွန် said...

တကယ့်အဲလို ရှိလား..။
ဒါဆိုရင် သနားပါတယ်..
ရွာထဲက လူတွေ ဘယ်မှ ရောက်မှာ မဟုတ်ဘူးပေါ့နော်..။
စိတ်မကောင်းလိုက်တာ..။
ဒီလိုနေရာမျိုးတွေ ဖွင့်ဖြိုးရင် သိပ်ကောင်းမှာပဲနော်..။

Anonymous said...

တုံးဖလားရွာ က သကြီးမင်း စီကို လာလည်ပရစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နှင်းဟေမာ said...

သူကြီးရေ ...
အဲဒီရွာလေးကို တစ်ကယ်ရှိကြောင်း သက်သေနဲ့တစ်ကွ အတည်ပြုပေးတဲ့ ပို့စ်တစ်ခုတင်ပါလားး)
သူကြီး နောက်မယ်တော့ မကြံနဲ့နော်

တစ်ကယ်ရှိလို့ကတော့ တစ်ကယ်ရောက်အောင် သွားမယ် ....းD

မိနှင်း

ကိုဇော် said...

ကြုံရင်တော့ တစ်ခေါက်လောက် လာလည်ချင်မိပါရဲ့။ အပျိုလေးတွေနဲ့ မတွေ့ပေးချင်လည်း နေပါ။ ရိုးရိုးတန်းတန်း တောတောင် သဘာဝတွေ ကြည့်ရ တော်ပါပြီ။

မြစ်ကျိုးအင်း said...

ဟုတ်..ဟုတ်ကဲ့... မ..မလာ တော့ပါဘူး :)
သူဂျီးခေတ်ရောက်ရင် အင်တာနက်ပါ ရချင်ရနေမှာဗျ။
ဘာမှမရှိရင်နေ စားစရာနဲ့ အင်တာနက် ရှိရင် လိုက်မယ့်သူ အများကြီးဗျ။

တောက်ပကြယ်စင် said...

ဘုန်းဘုန်းက စာကြည့်တိုက် သွားဖွင့်ပေးချင်တယ် ရမလား။ ဟာ ဟ။ ကျန်မာရွှင်လန်း အေးချမ်းပါစေ...

flowerpoem said...

ရထားစီးရတာ ကို စိတ်ညစ်စရာကြီး မြန်မာပြည်မှာ ခရီးလမ်းပန်းဆက်သွယ်ရေးတွေခုတော့ ကောင်းနေပါပြီ ကိုကိုမောင် တုံးဖလားရွာ ဆက်သွယ်ရေး မကောင်းသေးဘူးလားဗျို့ :P

blackroze said...

တဂျီးမင်း...
ခုမှဘဲရောက်လို့စိတ်မဆိုးပါနဲ့
မအားလို့ပါ...

စော(အဝါရောင်မြေ said...

ကျမ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကန့် ဗလူ၊ ကျွန်းလှ ဘက်ကို ရောက်ခဲ့တယ်။ ဒါတောင်မြို့ လေးပါ။ အိမ်ပြင်ထွက်လိုက်ရင် ဖုန်ကြီးပဲ။
မန္တလေးမှာ ကျောင်းတက်တုံးက ပင်လယ်ဘူးကလာတဲ့ သူတွေကြောင့် မြို့ နံမယ်တော့ ကြားဘူးနေတယ်။
ကျမလဲ ကိုကိုမောင် ရေးပြသလိုပဲ သွားခဲ့ရတယ်။
ဒါတောင် ရွှေမန်းအမြန်နဲ့  ။ ကျွန်လှ မြို့ ဟောင်းက သဖန်ဆိပ်ဆည် အောက်ရောက်သွားပြီ။ ကင်းတပ်နှင့် သဖန်းဆိပ်ကို ကားနဲ့ လိုက်ပို့ တာ လူကို မလုပ်နိုင်ဘူး။ အဲဒီဘက်က တော်တော်ခေါင်တယ်နော်။ ဒါပေမယ့် လူတွေကလည်း ရအောင်တော့ သွားလာနေကြတာပါပဲ။ အပြန်ကြတော့ နောက်ဆုံးတွဲးက မို့  ရမ်းလိုက်တာ။ အိတ်လေးတင်ထားတာ ကျောကပ်ရပ်က ဘုန်းကြီးခေါင်းပေါ် ပြုတ်ကျလို့  အားနာလိုက်တာ။ သူကတော့ ပြီးမှတောင် လက်ကိုင် ဂိုင်းလေး ပြုတ်ကျန်ခဲ့တာကို ပြန်ပေးနေသေးတယ်။ :((