Tuesday 28 April 2015

လေးသုံးရှစ်ငါးလေးငါး


(၁)
ငရဲတိရစ္ဆာန် ပြိတ္တာဘ၀နဲ့
သုရကာယ ပါယ်လေးသွယ်။

အသက်အန္တရာယ် အငတ်ဘေးနဲ့
ရောဂါဘေးမို့ ကပ်သုံးစွယ်။

ငရဲတိရစ္ဆာန် ပြိတ္တာစလို့
ဒီဃအာယု ဗြဟ္မာနွယ်။

ပစ္စန္တရာ ဒိဋ္ဌိမှားနဲ့
ဥာဏ်အားနုံချိ နည်းလှတယ်။

ဘုရားမဲ့ချိန် လူဖြစ်ညားမို့
ရှစ်ပါးရပ်ပြစ် ခေါ်ရမယ်။

များလူအပေါင်း၊ ကင်းစေကြောင်း၊ ဆုတောင်းအေးဖို့ရယ်။
အဲဒါကြောင့် ခုဘ၀ ကုသလ ပြုကြပါစို့ကွယ်။


(၂)
ရေမီးမင်းရယ် ခိုးသူများနှင့်
မွေခံသားဆိုး ရန်ငါးသွယ်။

ကာလချိန်ခါ ဂတိလားလို့
ဥပဓိမှားတဲ့ ထိုချိန်ဝယ်။

ပယောဂပါ ထပ်ကာနှောလို့
ဝိပတ်သဘော ထိုလေးသွယ်။

ဥာတိမျိုးနွယ် ဘောဂါပျက်တော့
ရောဂါဖက်လို့ သီလကွယ်။

ဒိဋ္ဌိပျက်ကာ အယူမှားလို့
ဗျသတရား ငါးမျိုးကြွယ်။

များလူအပေါင်း၊ ကင်းစေကြောင်း၊ ဆုတောင်းအေးဖို့ရယ်။
အဲဒါကြောင့် ခုဘ၀ ကုသလ ပြုကြပါစို့ကွယ်။
..............



အပါယ်လေးပါး
၁။ နိရယ= ငရဲ
၂။ တိရစ္ဆာန= တိရစ္ဆာန်
၃။ ပေတ= ပြိတ္တာ
၎။ အသုရကာယ= အသုရကာယ်

ကပ်သုံးပါး
သတ္တန္တရကပ်= အသက်ဘေး
ဒုဗ္ဘိက္ခန္တရကပ်= အငတ်ဘေး
ရောဂန္တရကပ်= အနာရောဂါဘေး

ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၎။ ဒီဃာယုနတ်= အသက်ရှည်သောဗြဟ္မာများ ( အသညသတ်ဗြဟ္မာ အရူပဗြဟ္မာများ)
၅။ ပစ္စန္တရာစ်အရပ်
၆။ မိစ္ဆာဒိဋ္ဌိအယူ
၇။ ဥာဏ်ပညာမရှိခြင်း
၈။ ဘုရားမပွင့်ချိန်၌ လူဖြစ်ရခြင်း

ရန်သူမျိုးငါးပါး
၁။ ရေ
၂။ မီး
၃။ မင်း
၎။ ခိုးသူ
၅။ အမွေခံသားဆိုးသမီးဆိုးစသော မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရားလေးပါး
၁။ ကာလ၀ိပတ္တိ= မင်းဆိုးမင်းညစ် အုပ်ချုပ်သော အချိန်ကာလ
၂။ ဂတိဝိပတ္တိ= အပါယ်လေးပါး၌ လားရောက်ရခြင်း
၃။ ဥပဓိဝိပတ္တိ= ရုပ်အဆင်းအင်္ဂါချို့တဲ့ခြင်း
၎။ ပယောဂ၀ိပတ္တိ= အသိအလိမ္မာဥာဏ်ပညာ သတိဝီရိယမရှိဘဲ ပြုမူပြောဆိုကြံစည်မှု

ဗျသနတရားငါးပါး
၁။ ဥာတိဗျသန= ဆွေမျိုးများ ပျက်စီးရခြင်း
၂။ ဘောဂဗျသန= စည်းစိမ်ဥစ္စာများ ပျက်စီးရခြင်း
၃။ ရောဂဗျသန= အနာရောဂါဖြစ်ခြင်း
၎။ သီလဗျသန= ကိုယ်ကျင့်သီလပျက်စီးခြင်း
၅။ ဒိဋ္ဌိဗျသန= မှားယွင်းသော မိစ္ဆာအယူကို ယူခြင်း
.

3 comments:

စံပယ်ချို said...

ဖတ်ပြီးနားမလည်ဘူးသာဂျီးမင်းရေ
ဟိုးအောက်ကိုဆက်ဖတ်ပြီးကိုယ့်ကိုကိုယ်ဘာသာပြန်တော့မှနဲနဲလေးပဲနားလည်တာ.........
ဒီလိုတော်တဲ့ စံပယ်ချို

သူကြီးမင်း (တုံးဖလား) said...

သုံးလေးခါလောက် ဖတ်ကြည့်ရင်တော့ ကွက်ကွက်ကွင်းကွင်း ပေါ်လာပါလိမ့်မယ် ကြောင်စမင်း။

ဘကုန်းရွာလေးကို လာရောက်အားပေးတဲ့အတွက် ကျေးဇူးနော်။

သူကြီးမင်းလဲ အရေးကြဲကြဲလာတာ ကိုယ့်ဘာသာကိုယ် သတိထားမိတယ်။

Aunty Tint said...

သာဓု သာဓု သာဓု