Monday, 2 March 2015

မွေးဖွားနိုင်ခဲ့ပြီ

စုပေါင်းလုပ်အားဖြင့် တုံးဖလားရွာလေး၌ စာသင်ကျောင်းတစ်ဆောင် ဖြစ်မြောက်ခဲ့လေပြီ။ မြို့ပြစာသင်ကျောင်းများကဲ့သို့ အဆင့်မြင့်မြင့် မဟုတ်သည့်တိုင် တောချိုတောကြားမှာတော့ အတော်ကလေး ကောင်းလှပြီဟု ဆိုရမည်ဖြစ်သည်။ မိတ်ဆွေများ စေတနာရှင်များ၏ ကူညီမှုဖြင့် မွေးရပ်မြေ၌ စာသင်ကျောင်းသစ်ကလေးကို မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်လေ၏။

အမှန်ဆိုရပါမူ ထိုစာသင်ကျောင်းသစ်ကလေး တည်ဆောက်ခြင်းအစီအစဉ်မှာ ကြားဖြတ်ဝင်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ကျွနု်ပ်၏ စိတ်အတွင်း နှစ်ပေါင်းများစွာ သန္ဓေတည်ခဲ့သည်မှာ ဘုရားစေတီတစ်ဆူမှ မရှိသေးသည့် ကျွနု်ပ်တို့တုံးဖလားရွာလေးတွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ် ပူဇော်ရန်ပင် ဖြစ်သည်။ သူတို့မသေခင် ဘုရားစေတီလေး ယုတ်စွအဆုံး ထုံးဖြူဖြူစေတီလေး တစ်ဆူလောက်တော့ ရွာမှာ ရှိနေတာကို မြင်သွားချင်ပါသည်ဟု ဆိုလာသည့် လူအချို့လည်း သေရွာသို့ တစ်ဝက် ပါသွားခဲ့ကြလေပြီ။ ထို့ကြောင့် စေတီဘုရားတည်ထားရန်သာ ငွေကြေးနည်းနည်းစီ စုလာခဲ့ပြီး ဆယ်စုနှစ်ခန့် ကျော်လာသည့်ခါ မိတ်ဆွေများ၏ ကူညီမှုဖြင့် သိန်းတစ်ရာ ငွေကြေးလေး လက်ထဲရောက်ရှိလာခဲ့ပါသည်။ ထိုငွေကြေးဖြင့် ဘုရားစေတီတစ်ဆူ တည်ထားနိုင်ပြီဟု ထင်မှတ်ပြီး ရပ်သူရွာသားများကို ဖွင့်ပြောလိုက်သော အခါ........ (ထိုအကြောင်းကို လလိတမုနိစေတီအကြောင်း ရေးရာ၌ အလျဉ်းသင့်သည့်အခါ ထည့်ရေးပါမည်)။

ဘုရားတည်ကြစို့ဟု လူကြီးသူမများကို ဖွင့်ပြောလိုက်သည့်အခါ စာသင်ကျောင်းလဲ တည်ထောင်ချင်တယ် ဘုရားလဲ တည်ထားပူဇော်ချင်တယ် ဟု သူတို့လိုချင်သည့် ဆန္ဒများကို ကျွနု်ပ်အား ဖွင့်ပြော လေတော့သည်။ ဒါဖြင့် စာသင်ကျောင်းဆောက်မှာတော့ ဟုတ်ပါပြီ ကျောင်းတစ်ဆောင် ဖြစ်ဖို့ ပျမ်းမျှနှုန်း ဘယ်လောက်ပမာဏ ငွေကြေးကုန်ကျမလဲ ဆိုတော့ ငွေကြေးအရမ်းကုန်ကျဖို့ မလိုပါဘူး တိုင်ထူ ထရံကပ် သက္ကယ်မိုးလိုက်ရင် လယ်တောတဲသာသာ ကျောင်းတစ်ဆောင်တော့ ဖြစ်နိုင်ပါတယ် ဟု ဆိုကြလေသည်။

စာသင်ကျောင်း တည်ထောင်ချင်သည့် သူတို့ကိုလည်း အပြစ်မဆိုသာ။ ကျွနု်ပ်တို့ တုံးဖလားရွာလေးသည် အိမ်ခြေအလွန်နည်းသည့်အတွက် ရွာနှင့်တစ်မိုင်ခန့်ဝေးသည့် ရွာသာယာရွာသို့သာ မှီခိုနေရလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကျော်လောက်က တုံးဖလားရွာ၌ ဘုန်းတော်ကြီးကျောင်းပင် မရှိသေးပေ။  ရွာသာယာဘုန်းကြီးကျောင်းကိုသာ ကိုးကွယ်ရလေ၏။ ထိုအခါကာလ၌ ထိုနယ်တစ်ဝိုက် ဘုန်းတော်ကြီးကျောင်းကို အုတ်တိုက်ကျောင်းအဖြစ် အပြိုင်အဆိုင် ဆောက်နေကြသည့် အချိန် ဖြစ်လေသည်။ ထိုသို့ အုတ်တိုက်ကျောင်းဆောက်နိုင်ရန်အတွက် တစ်အိမ်ဘယ်လောက် စသဖြင့် ပထမအရစ် ဒုတိယအရစ် စသဖြင့် အရစ်ပေါင်းစုံ ကောက်ခံလေ၏။ ရွာသာယာရွာက တစ်အိမ် တစ်ထောင်ဆိုလျှင် တုံးဖလားကလဲ တစ်အိမ်တစ်ထောင် ထည့်ရလေ၏။ သို့သော် ထိုကျောင်း နာမည်ပေါက်သည်မှာ ရွာသာယာကျောင်းဟုသာ ပေါက်လေ၏။

လုပ်အားငွေအားဖြင့် ခြစ်ချုပ်လုပ်နေရသည့် တုံးဖလားရွာသားများ ပင်ပန်းလာပြီး သူတို့စိတ်ထဲ အကြံတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအကြံမှာ ငွေကြေးကုန်ကျတာချင်းအတူတူ ကိုယ့်ရွာကိုယ့်ဘုန်းကြီးကျောင်း တည်ထောင်ကိုးကွယ်ရလျှင် ပိုကောင်းမည် ဟူ၍ ဖြစ်သည်။ ထိုအချိန်က တုံးဖလားရွာ၌ အိမ်ခြေ ၂၇ အိမ်သာ ရှိလေသည်။ ထိုအချိန်မှစတင်ပြီး ဘုန်းတော်ကြီးကျောင်းကို စတင်ဆောက်လုပ်လာခဲ့ရာ နှစ်ပေါင်း ၂၀ လောက်ကြာမှ အပြီးသတ်နိုင်ခဲ့လေသည်။ ဆင်းရဲကြသည်ကိုး။

ယခုလည်း ထိုရွာသာယာရွာတွင် နဂိုမူလစာသင်ကျောင်းကို တိုးချဲ့ဆောက်လုပ်ပြန်လေပြီ။ ထိုအတွက် တုံးဖလားရွာသားတွေလဲ တစ်အိမ်ဘယ်လောက် စသဖြင့် ပထမအရစ် ဒုတိယအရစ် အသီးသီး ထည့်ဝင်ပြီးကြလေပြီ။ တတိယအရစ်ကိုပင်လျှင် အချို့တစ်ဝက် ထည့်ပြီးလေပြီ။ ထိုအခါ၌ အထက်ပါ ဘုန်းတော်ကြီးကျောင်း တည်ထောင်ခဲ့သည့် ပုံစံအတိုင်း တုံးဖလားရွာသားတွေ စိတ်ထဲ အကြံပေါ်လာကြပြန်လေပြီ။ ကိုယ့်ရွာကိုယ့်စာသင်ကျောင်း ဖြစ်မြောက်အောင် ဆောင်ရွက်ကြစို့ ဆိုသည့် အကြံပင် ဖြစ်သည်။

ထိုအစီအစဉ်နှင့် ကျွနု်ပ်၏ ဘုရားတည်ခြင်း လုပ်ငန်း ပက်ပင်းတိုးလေပြီ။
ဆန္ဒပြင်းပြ၍ စာသင်ကျောင်းတည်ထောင်ချင်ကြသော်လည်း သေချာမေးမြန်းကြည့်လိုက်သောအခါ ငွေကြေး အခြေအနေအရ လယ်တောတဲသာသာ နွားတင်းကုတ်သာသာ စာသင်ကျောင်းပုံစံမျိုးလေး တည်ဆောက်မည်ဟု သိရလေသည်။ ဟုတ်ပေမပေါ့။ အိမ်ခြေ ၃၈ အိမ်။ တစ်အိမ် ငါးသောင်းနှုန်းဖြင့် ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်ခန့်မျှဖြင့် စာသင်ကျောင်းတစ်ဆောင် ဖြစ်အောင် လုပ်ကြမည် ဆိုသကိုး။ ထိုပုံစံမျိုး ဆောက်ပြီးလျှင် အုတ်ကာ သွပ်မိုးကျောင်းလေးဖြစ်ဖို့  စောင့်ပေဦးတော့ နောက်ထပ် နှစ်ပေါင်း ၂၀။

ထိုကဲ့သို့ နွားတင်းကုတ်သာသာ စာသင်ကျောင်းမျိုးကို ကျွနု်ပ်မနှစ်မြို့ပေ။ ယုတ်စွအဆုံး စာသင်ကျောင်း တစ်ဆောင်လုံး မပြီးနိုင်သည်ဘဲ ထားဦး။ စာသင်ကျောင်းပုံစံဆွဲပြီး ဖောင်ဒေးရှင်းလိုင်းကို အခိုင်အမာ ချထားနိုင်လျှင် နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်းချင်း အုတ်တက်၍ အဆင်ပြေနိုင်သည် မဟုတ်ပါလား။  အကာကိုထရံကာ အမိုးကို သက္ကယ်မိုး။ တိုးတိုးပြီး ဆောက်လုပ်လျှင် ငါးနှစ်ငါးမိုးအတွင်း အုတ်ကာသွပ်မိုး စာသင်ကျောင်းလေး မွေးဖွားပေးနိုင်တန်သည် မဟုတ်လော။ 

သို့နှင့် ရွာသားတွေကို အစည်းအဝေးခေါ်ပြီး အုတ်မြစ်ချတာနှင့် ကျောင်းပုံစံ အကြမ်းပေါ်တဲ့အထိ ကျနော်တာဝန်ယူမယ် စာသင်ကျောင်းပုံစံကို သေချာဆွဲပြီးသာ ဆောက်ကြပေတော့။ အုတ်တက်တာ သွပ်မိုးတာကိုတော့ ရှေ့နှစ်တွေ ရှေ့နှစ်တွေမှ ဖြည်းဖြည်းလုပ်ကြတာပေါ့.. ဟု အကြံပေးပြီး ဘုရားတည်ခြင်း လုပ်ငန်းကို ခဏမျိုချထားလိုက်ပြီး စာသင်ကျောင်းဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၄ခုနှစ် မတ်ခ်ျလမှာ စတင်ခဲ့ပါသည်။

တုံးဖလားရွာသားတွေ ကံကောင်းပါသည်။ ထိုစာသင်ကျောင်းအကြောင်းကို ဒေသအသီးသီးမှ ကျွနု်ပ်၏ မိတ်ဆွေများအား ဖွင့်ပြောပြလိုက်သည့်အခါ ၀မ်းသာအားရစွာဖြင့် ငွေကြေးအလှူအား ပညာဒါနအဖြစ် တတတ်တအား ပါဝင်ကြလေသည်။ သို့နှင့် တဆင့်တိုးပြီး သွပ်မိုးနိုင်သည့် အဆင့်ပင် ရောက်လာခဲ့ပါသည်။ အုတ်အခံစာသင်ကျောင်း အပေါ်က သွပ်မိုး နံရံအကာကတော့ ၀ါးထရံ။ လအနည်းငယ်အတွင်း တစ်ဝက်လောက် အောင်မြင်သွားခဲ့သည်။ ကျည်းဘောင်ခွေပြီး အုတ်တက်ရုံလောက်သာ လိုတော့သည်။ ရှိစေတော့ ကျည်းဘောင်ခွေ အုတ်တက်တာကိုတော့ ရှေ့နှစ်တွေမှာမှ အဆင်ချောလျှင် လုပ်ကြတာပေါ့။

ငွေကြေးမတတ်နိုင်သည့်ရွာပီပီ လုပ်အားပေးခြင်းဖြင့်သာ သူတို့၏ ဆန္ဒကို ဖော်ထုတ်ကြလေသည်။ နေ့နေ့ညည တစ်အိမ်တစ်ယောက်ဆိုပြီး ဆင့်ခေါ်လိုက်လျှင် မညီးမညူ လုပ်အား လာပေးကြသည်။ သူတို့ တတ်နိုင်သည်က လုပ်အားဘဲ မဟုတ်လား။ သူတို့ကပြောသည်။ ရပ်ရွာကောင်းကျိုးဆို လုပ်အား ကြိုက်သလောက်တောင်းပါ။ အချိန်မရွေးဘဲ.. တဲ့။

သူတို့ကံကောင်းကြပါသည်။
တစ်နေ့ စာရေးအရမ်းကောင်းသည့် မေဓာဝီခေါ် မေနန္ဒာနဲ့ စကားစမြည်ပြောဖြစ်၏။ သူသည် အင်္ဂလန်ကနေပြန်သွားပြီး ရန်ကုန်ရှိ May International School ၌ ဦးစီးဦးဆောင် လုပ်ကိုင်နေလေ၏။ အလ္လာပသလ္လာပပြောရင်း တုံးဖလားစာသင်ကျောင်း ဆောက်လုပ်နေကြောင်း ပြောပြမိသည့်အခါ ဘာတွေလိုအပ်သေးလဲ အလှူပါဝင်ချင်ပါတယ်ဟု ဆိုလေ၏။ သူ၏ ရင်တွင်းကိန်းအောင်းနေသည့် စေတနာမျိုးစေ့လေးအား ရေစဉ်ရေပေါက်ဖျန်းပေးလိုက်ဘိသကဲ့သို့ ဖြစ်လေ၏။ အကျိုးအကြောင်းပြောပြလိုက်သည့်အခါ သူ့အမနဲ့ တိုင်ပင်ပြီး လှူမည်ဟု ၀မ်းသာစွာ ဆိုလာလေ၏။ ကျွနု်ပ်သည်လည်း ၀မ်းသာမဆုံး တပြုံးပြုံးပင်တည်း။

သူ၏ အမနှင့်တိုင်ပင်ပြီးသည့်အခါ  ကျောင်းတစ်ဆောင်လုံးပြီးဖို့ ဘယ်လောက် ထပ်လိုသေးလဲ စာရင်းလုပ်ပြီး ပြောပြပါ။ ကျောင်းတစ်ဆောင်လုံး ပြီးစီးအောင်မြင်အောင် ဖြည့်စည်းပေးမယ်ဟု ၀မ်းသာအယ်လဲ ပြောလေ၏။ ကျွနု်ပ်သည်လည်း ငုတ်တုတ်ထိုင်ရာကနေ အပေါ်ပျံတက်သွားသည့်နှယ် ဟာကနဲဟိုက်ကနဲ ပီတိတွေ ဖြာနေလေတော့၏။ 

တောချိုတောကြားက စာသင်ကျောင်းဆိုတော့ မျက်နှာကျက် လုပ်စရာမလို။ အောက်ခံ သမံတလင်းလဲ ဒီလောက် အရေးမကြီး။ မြေဖို့ပြီး သေချာညှိထားလျှင် သမံတလင်းအလား ကောင်းပါသည်။ အဓိက လိုအပ်နေတာက ကျည်းဘောင်ခွေပြီး အုတ်တက်ဖို့ တံခါးတွေ အသီးသီးလုပ်ဖို့။ ထိုအတွက် ကုန်ကျစရိတ်တွက်ကြည့်လိုက်သည့်အခါ ကျပ် သုံးဆယ့်ငါးသိန်းလောက် လိုအပ်နေကြောင်း အဖြေပေါ်လာ၏။ ချက်ချင်းပင် ထို ၃၅ သိန်းအား ကျွနု်ပ်၏ ညီတော်မောင် ဦးပဇင်းအား သူတို့၏ အိမ်ဂေဟာသို့ ပင့်ဖိတ်ကာ ရေစက်ချ လှူဒါန်းလေတော့၏။ သာဓု သာဓု သာဓုပါ မေဓာဝီ။ 

ထပ်ပြီး ကံကောင်းသည်မှာ ထိုတုံးဖလားရွာ စာသင်ကျောင်းဝင်းအတွင်း သုံးရေ သောက်ရေအတွက် ရေလှောင်ကန် ရေစုပ်မော်တာ ရေပိုက်စသဖြင့် ရေအလှူလှူမည့် စေတနာရှင် ပေါ်လာခြင်းပင် ဖြစ်လေ၏။ စာသင်ကျောင်းသည် တောင်ကမူထိပ်တွင် တည်ရှိသည့်အတွက် ရေရရှိရန် ခက်ခဲမှု ရှိလေသည်။ ထို့ကြောင့် အ၀ီစိတွင်းတူးပြီး ရေစုပ်မော်တာဖြင့် စုပ်တင်ရမည် ဖြစ်လေ၏။ 

ထို့ပြင် ဆရာဆရာမများနှင့် ကျောင်းသူကျောင်းများ အားလုံးအတွက် ကျောင်းဝတ်စုံများနှင့် တစ်နှစ်စာပတ်လုံး စာအုပ်စာတမ်းဖိုး အလှူရှင်များလည်း ပေါ်ပေါက်လာခဲ့ပါသည်။ ကံကောင်းလေစွ။ 

ထိုကဲ့သို့ မိတ်ဆွေကောင်းများ စေတနာရှင်များ၏ အကူအညီများဖြင့် ၂၀၁၄ မတ်ခ်ျလက စတင် ဆောက်လုပ်ခဲ့ရာ ၂၀၁၅ ဖေဖော်ဝါရီလ၌ တုံးဖလားရွာ ကိုယ်ထူကိုယ်ထ စေတနာရှင်များ၏ စာသင်ကျောင်းလေး ရုပ်လုံးပေါ် ပြီးစီးအောင်မြင်ခြင်းသို့ ရောက်ခဲ့လေတော့၏။ စေတနာရှင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးမြကြည်လင်ပြီး ကျန်းမာချမ်းသာကြပါစေ။

တစ်ခုတော့ တောင်းပန်လိုပါသည်။ 
တုံးဖလားရွာလေးသည် တောင်သူယာလုပ် ဓါးမခုတ်များ ဖြစ်ကြသည့်အားလျှော်စွာ မိုးတွင်းကာလ၌ ကောက်စိုက်ပျိုးနှုတ်ခြင်းများဖြင့်လည်းကောင်း ဆောင်းကာလ၌ စပါးရိတ် တလင်းနှယ် အလုပ်များဖြင့် လည်းကောင်း ပြည့်နှက်နေသည့်အတွက် စာသင်ကျောင်းဆောက်လုပ်ခြင်းကိစ္စများ အနည်းငယ် ကြန့်ကြာခဲ့ရပါသည်။ ထို့ပြင် သစ်သားခွဲသားများ စိုနေသေးသည့်အတွက် ခြောက်ပြီး အသားသေသည်ထိ စောင့်နေရသောကြောင့်လည်း စာသင်ကျောင်း ဆောက်လုပ်ခြင်း နှောင့်နှေးခဲ့ရပါသည်။ အချိန်နဲ့တပြေးညီ ဖေ့စ်ဘုတ်ပေါ် တင်ပေးချင်သော်လည်း တုံဖလားရွာနဲ့ အင်တာနက်က မိုးနှင့်မြေပမာ ဝေးကွာလှသောကြောင့်လည်း မှတ်တမ်းဓါတ်ပုံများ ရရှိနိုင်ရန် အလွန်ခဲယဉ်းခဲ့ပါသည်။ ထိုအတွက် တောင်းပန်ပါသည်။ (ယခုတော့ ဓါတ်ပုံတစ်ပုံ အီးမေးလ်က ပို့လျှင် သုံးရာကျပ်နှုန်းဖြင့် တုံးဖလားရွာနဲ့ မိုင်နှစ်ဆယ်ခန့်ဝေးကွာသည့် ကောလင်းမြို့လေး၌ ၀န်ဆောင်မှုပေးနေပြီဟု သိရလေ၏)။

မည်သို့ပင်ဆိုစေကာမူ မိတ်ဆွေများ စေတနာရှင်များ၏ မစဖေးမမှုဖြင့် အိပ်မက်ပင် မမက်ဖူးခဲ့သည့် တုံးဖလားရွာစာသင်ကျောင်းလေး တစ်နှစ်အတွင်း နတ်တို့ဖန်တီးပေးခဲ့သည့်အလား ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် တုံးဖလားရွာတောင်ကုန်းထက်၌ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်လေ၏။ လေအနှော့မှာ အသော့လေးသော့နေသည့် နိုင်ငံတော် အလံလေးသည်လည်း ကုန်းကမူအထက်မှာ တဖျတ်ဖျတ်လူးကာ လှချင်တိုင်းလှ ၀င့်ချင်တိုင်းဝင့်နေပြီး တုံးဖလားရွာလေးအား တိုးတက်ရာလမ်းသို့ ရှေးရှုခေါ်ဆောင်နေသယောင် ဖြစ်နေလေတော့သတည်း။ ။

...

အမှတ်ရတိုင်း မိမိလှူခဲ့သည့် အလှူအား သာဓုထပ်ခေါ်ပြီး ကုသိုလ်ထပ်ပွါးနိုင်ရန်အတွက် တုံးဖလားရွာ စာသင်ကျောင်းဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့ ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ လက်မှတ်တို့ကို ရယူပြီး ဂုဏ်ပြုလွှာလေးများ စီမံထားပါသည်။ အလှူရှင်များ https://www.facebook.com/ilovetonebalar?fref=ufi၌ ဒေါင်းလုပ်ဆွဲယူပြီး ကုသိုလ်ပွါးနိုင်ပါကြောင်း မေတ္တာပြုပြီး အသိပေးအပ်ပါသည်။ လိုဂိုနှင့်ဂုဏ်ပြုလွှာမှတ်တမ်းဒီဇိုဝ်းလေးအား မငြီးမငြူ စေတနာထား ဖန်တီးပေးခဲ့သည့် ဂျစ်တူး (မုံရွာ) အားလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။
....


ထိုတုံးဖလားရွာ စာသင်ကျောင်း၏ စေတနာရှင်များမှာ အောက်ပါအတိုင်းဖြစ်လေသည်။


၁။ အရှင်ဇနက (သန္တိသုခ၀ိဟာရ)၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)

၂ ။ ကိုကိုမောင် (ပန်းရနံ့) နှင့် မိတ်ဆွေများမှ မတည်ငွေ စတာလင်ပေါင်ငွေ မြန်မာကျပ်ငွေ ၂၀၇၀၀၀၀ (သိန်းနှစ်ဆယ်နှင့်ခုနစ်သောင်း)ကျပ်တိတိ + ၁၆၀၀၀၀၀ (ဆယ့်ခြောက်သိန်း= စုစုပေါင်း ၃၆၇၀၀၀၀ (သုံးဆယ့်ခြောက်သိန်း ခုနစ်သောင်း) (လွှဲပြီး)

၃ ။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်။ စတာလင်ပေါင်ငွေ    ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)

၎ ။အနန္တောအနန္တ မိဘနှစ်ပါးဖြစ်သော ဦးတင့်ဆွေ+ဒေါ်ဆွေဆွေလှတို့အား အမှူးထား၍ ....
Daw Wah Wah Tint Swe (Managing Director) 
Savoiemyanmar (Travels & Tours Co.Ltd)
Yangon, Myanmar...
 မှ မြန်မာကျပ်ငွေ ၁၃၀၀၀၀၀ (တစ်ဆယ့်သုံးသိန်းကျပ်)တိတိ (လွှဲပြီး)

၅ ။တုံးဖလားရွာသူရွာသားများအလှူ  မြန်မာကျပ်ငွေ  ၂၀၀၀၀၀၀ (သိန်းနှစ်ဆယ်) တိတိ (ပြီး)

၆။ အမေရိကန်နိုင်ငံရောက် မိဘနှစ်ပါးအား အမှူးထား၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်May International School (MIS)မှ ဦးဥာဏ်ဇော်ထွန်း + ဒေါ်မေယုလှိုင် နှင့် ဒေါ်မေနန္ဒာ (May Nandar) သားလေးကစ်ကစ်တို့မှ မြန်မာကျပ်ငွေ ၃၅၀၀၀၀၀ (သုံးဆယ့်ငါးသိန်း)တိတိ (လွှဲပြီး)

၇။ နှစ်ဘက်သော မိဘများအား အမှူးထား၍.. ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊ လန်ဒန်တို့မှ အ၀ီစိတွင်း ရေမှုတ်စက် ရေကန် ရေပိုက်သည့် အလှူအတွက် ပဏာမ အလှူငွေ... စတာလင်ပေါင် ၅၀၀ (မြန်မာကျပ်ငွေဖြင့် ရှစ်သိန်းကျပ်) တိတိ။ (လွှဲပြီး)

၈ ။ နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း သားလေး Arthur WIN Soe (လန်ဒန်) တို့က စာသင်ကျောင်းဖြစ်မြောက်ရေးအတွက် အလှူငွေ စတာလင်ပေါင် ၅၀ (ငါးဆယ်ပေါင်) တိတိ။ 

၉ ။ လန်ဒန်မြို့၊ မနန်းမိုဟောင် စတာလင်ပေါင် ၃၀ (ပေါင်သုံးဆယ်) တိတိ။ 

၁၀။ အရှင်ဇနက (သန္တိသုခ၀ိဟာ)၊ လန်ဒန် ။ ကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျပ် (ကျောင်းဝတ်စုံနှင့် စာအုပ်စာတမ်းဖို့ အလှူ) (လွှဲပြီး)

၁၁။ ကွယ်လွန်မိဘနှစ်ပါးဖြစ်သော ခမည်းတော်ကြီးဦးကျော်လှိုင်+မယ်တော်ကြီးဒေါ်ပွဲရင်၊ တုံးဖလားရွာ။ ၉၈၈၅၀ (ကိုးသောင်းရှစ်ထောင်ရှစ်ရာ့ငါးဆယ်) ကျပ် (ပြီး)

၁၂။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်တို့က စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် တုံးဖလားရွာ၌ စတင်ဖွင့်လှစ်သည့် စာသင်ကျောင်းမှ ဆရာဆရာမ ကျောင်းသားကျောင်းသူများ အားလုံးအတွက် ကျောင်းဝတ်စုံတစ်စုံစီနှင့် တစ်နှစ်စာ စာအုပ်စာတမ်းအလှူ စတာလင်ပေါင် ၂၀၀ (ပေါင်နှစ်ရာ)တိတိ။

၁၃။ ဆရာမဒေါ်ကြည်ကြည်အေး May International School (ရန်ကုန်)။ ၂၀၁၅/၂၀၁၆ ပညာသင်နှစ်အတွက် စာအုပ်စာတမ်းအလှူ ယူရိုငွေ ၅၀ (ငါးဆယ်) တိတိ (လွှဲပြီး)


မှတ်တမ်း
သူကြီးမင်း (တုံးဖလား)
၀၂/၀၃၊၂၀၁၅ တနင်္လာနေ့

.

4 comments:

Unknown said...

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ် သူကြီးမင်းရေ...။ သာဓုခေါ်ရင်း ကိုယ်တိုင်လည်း အဲ့လိုလှူချင်လိုက်တာ လှူနိုင်ပါရစေ လို့လဲ တောင်းဆု ပြုမိပါရဲ့...။ အလှူရှင်များနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြိုးပန်းဆောင်ရွက်သူများ ဘယ်လောက်ပီတိဖြစ်လိုက်မလဲ။ စာဖတ်သူတောင် ပီတိတွေတစိမ့်စိမ့်ဖြာပြီး သာဓုတွေအကြိမ်ကြိမ်ခေါ်မိတဲ့ အဖြစ်ပါ...။

သူကြီးမင်း (တုံးဖလား) said...

ကြည်နူးမှုတွေ မျှဝေခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နန်းရွှေမှုံရယ်။

တစ်စက်နှစ်စက်၊ ကြိမ်ကြိမ်တက်က၊ အိုင်ဗွက်ချောင်းကန်၊ ရေပြည့်လျှံ၏... ဆိုသလိုပေါ့။ နည်းနည်းချင်းစီ တစ်ဦးစီ စုပေါင်းလုပ်ဆောင်လိုက်တော့လဲ အခုလို အသီးအပွင့်လေး ခံစားရတာပေါ့။ သူကြီးလဲ တစ်ယောက်ထဲဆို မတတ်နိုင်ပါဘူး။ စေတနာရှင်တွေရဲ့ ပူပေါင်းပါဝင်မှုကြောင့်သာ အခုလို ပြီးစီးအောင်မြင်သွားတာပါ။။

မေဓာဝီ said...

သာဓု သာဓု သာဓု ပါ သဂျီးရေ ... ။ ခုလိုလေး ဖတ်ရတော့ ပြန်လည် ပီတိ ဖြစ်ရတာပေါ့ ဒါနဲ့ မေနန္ဒာ နှင့် သားလေး ကစ်ကစ်ဆိုတော့ မေနန္ဒာက သားလေးရှိသလိုလို :D

မောင်မျိုး said...

ပျော်စရာကြီးဗျာ အားကျပါ့ ကျနော်တို့ရွာလေးလည်း အဲ့လိုလေးဖြစ်ဘယ်လောက်ကောင်းမလဲမသိ

ရွာက ဘကကျောင်းခွဲပဲရှိသေးတော့ တော်တော်အဆင်မပြေဘူးရယ်

သူကြီး ခလေးတွေထပ်မွေးနိုင်ပါစေး)