အင်တာနက်ထဲ လျှောက်လည်ရင်း သစ္စာရှိလှတဲ့ ခွေးလေးတွေကို မြင်ရတော့ ခွေးပုံပြင် ရေးချင်စိတ်ပေါက်လာမိတယ်။ သစ္စာရှိတဲ့ နေရာမှာ စံတင်လောက်ပေမဲ့ လူအများစုက ခွေးနဲ့ ခိုင်းနှိုင်းရင် ကျန်တဲ့ တိရစ္ဆာန်တွေနဲ့ ခိုင်းနှိုင်းတာထက် ပိုပြီး နာတတ်ကြတယ်။ ခွေးကို အနိမ့်ဆုံး သတ္တ၀ါလို့ သတ်မှတ်ထားတတ်ကြတယ်။ အမြင့်ဆုံးသစ္စာတရားနှင့် (လူတွေအမြင်)အနိမ့်ဆုံးခွေးသတ္တ၀ါ။ မျက်နှာမလိုက်တဲ့ သဘာဝသစ္စာတရားရဲ့ အလှတစ်ခု။ အတုယူစရာတွေ အများကြီးဘဲ။
ဂျပန်နိုင်ငံက ဟချိကို ဆိုတဲ့ ခွေးလေး အကြောင်း ဖတ်ရတော့ စိတ်ထဲမကောင်းဘူး။ သူ့ရဲ့သခင်အပေါ် သစ္စာရှိလိုက်ပုံက စံတင်လောက်တယ်။ သူ့ရဲ့သခင် ပါမောက္ခ မစ္စတာဥအဲနော့ နေ့စဉ် အလုပ်သွားတိုင်း ဟချိကိုလေးလဲ ရှိဘုယဆိုတဲ့ ရထားဘူတာရုံလေးအထိ အမြဲတမ်းလိုက်ပို့တယ်။ ပြီးတော့ အပြန်လမ်းမှာ ပြန်လာမဲ့အချိန် အဲဒီ ရထားဘူတာမှာ သွားသွားစောင့်နေလေ့ရှိတယ်။ တစ်နေ့မှာတော့ မစ္စတာဥအဲ့နော့ဟာ Cerebral Homorrhage ရောဂါနဲ့ ကွယ်လွန်သွားတယ်။ သူ ဘယ်တော့မှ ပြန်လာနိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဟချိကိုလေးကတော့ ရှိယုယဆိုတဲ့ ရထားဘူတာလေးမှာ နေ့စဉ်ရက်ဆက် သူ့သခင် ပြန်လာနေကျ အချိန်တွေမှာ စောင့်ကြိုနေလျှက်ပါဘဲ။ ဘယ်လောက်အထိ သူ့သခင်အပေါ် သစ္စာရှိစွာ သွားစောင့်ကြိုနေသလဲဆိုတော့ သူသေဆုံးတဲ့ အထိပါဘဲ။ သူသေဆုံးတာကလဲ အဲဒီ ရှိဘုယရထားဘူတာအနီးက လမ်းပေါ်မှာ သေဆုံးသွားတာပါ။ သူ့သခင်ကို စောင့်မျှော်ရင်းနဲ့ သေဆုံးသွားတာပါဘဲ။ ကိုးနှစ် ကိုးလနှင့် ဆယ့်ငါးရက်တိတိ နေ့စဉ်မပျက်သွားစောင့်နေခဲ့တာတဲ့။ ဒီအဖြစ်အပျက်လေးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က ဂျပန်နိုင်ငံမှာ ဖြစ်တည်ခဲ့တာပါ။ အဲဒီရှိဘုယရထားဘူတာလေးမှာ အဲဒီခွေးကလေးကို ဂုဏ်ပြုတဲ့အနေနဲ့ ထုလုပ်ထားတဲ့ ကြေးသွန်းဟချိကို ရုပ်ကလေး အခုထက်ထိ မားမားမတ်မတ်ပါဘဲတဲ့။
နောက် အဖြစ်အပျက်ကလေးတစ်ခုကတော့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အာဂျင်တီးနားမှာ ဖြစ်တည်ခဲ့တာပါ။ ကပ္ဗတိန်လို့အမည်မှည့်ထားတဲ့ ဂျာမန်ခွေးလေးပါ။ သူ့သခင် မစ္စတာဂုဇ်မန်း အပေါ် သစ္စာရှိလိုက်ပုံက သာမန်လူတွေတောင် လုပ်နိုင်မှာ မဟုတ်ဘူး။ သူ့သခင် သေဆုံးပြီးတဲ့ နောက်မှာ အိမ်က တခါထဲ ပျောက်သွားတယ်။ အိမ်သားတွေလဲ ဘယ်ပျောက်သွားမှန်း သတိမထားမိလိုက်ကြဘူး။ မစ္စတာဂုဇ်မန်း သေဆုံးပြီး တစ်ပတ်ပြည့်တဲ့အခါမှာ မိသားစုဝင်တွေ အုတ်ဂူကို သွားပြီး အရိုအသေသွားပြုကြတဲ့အခါမှာမှ ကပ္ဗတိန်လေးကို သူ့သခင် မစ္စတာဂုဇ်မန်းရဲ့ အုတ်ဂူဘေးမှာ ငုတ်တုတ်ကြီး ထိုင်စောင့်နေတာ တွေ့လိုက်ရတယ်။ အိမ်ကို ပြန်ခေါ်လဲ မလိုက်တော့ဘူး။ အဲဒီမှာဘဲ အပြီးနေလိုက်တော့တယ်။ အိပ်ချိန်ရောက်ရင် အုတ်ဂူပေါ်တက်အိပ်တယ်။ အဲဒီအုတ်ဂူနားမှာဘဲ သူသေဆုံးတဲ့အထိ ခြောက်နှစ်ကျော် နေထိုင်သွားပါသတဲ့။ အသိဥာဏ်ရှိလှပါတယ်ဆိုတဲ့ လူသားတွေတောင် သူ့လောက် လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။
နောက် ကြေကွဲဖွယ်လေးတစ်ခုကတော့ ဗြိတိသျှစစ်သားလေး လီယန်နှင့် သူ့အချစ်တော် ခွေးလေး သီယိုတို့ရဲ့ ဇာတ်လမ်းလေးပါဘဲ။ သူတို့ လုပ်ရတဲ့ တာဝန်က အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ ထောင်ထားတဲ့ မိုင်းဗုံးတွေကို ရှင်းလင်းဖို့ပါဘဲ။ သီယိုလေးက ဗုံးအနံ့ခံမယ်။ စစ်သားလီယန်က ဗုံးတွေကို ရှင်းလင်းမယ်။ ဒီလိုနဲ့ သူတို့ ဗုံးအလုံးပေါင်းများစွာကို အန္တရာယ်ကင်းစွာ ရှင်းလင်းနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ကံဆိုးတဲ့ တစ်နေ့မှာတော့ လီယန်နှင့်သီယိုတို့ အတူတူ မြေမြှုပ်ဗုံးရှာနေရင်း တိုက်ပွဲဖြစ်ကာ စစ်သားလီယန် ကျဆုံးသွားတယ်။ သခင်တစ်ယောက် သူ့ရဲ့ဘေးနားမှာ သေဆုံးနေတာကို မြင်လိုက်ရတဲ့ သီယိုလေးဟာ ရုတ်တရက် ရင်ကွဲနာကျပြီး သူ့သခင်အနားမှာဘဲ တခါထဲ သေဆုံးသွားခဲ့တယ်။
နောက်ရှိသေးတယ်။ ရှေ့တန်းမှာ နှစ်ရှည်လများစွာ တိုက်ပွဲဆင်နွှဲပြီး ပြန်တော်ပြန်လာကြတဲ့ ရှေ့တန်းပြန်အမေရိကန်စစ်သားတွေရဲ့ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ ခွေးလေးတွေ။ နှစ်ရှည်လများစွာ ကွဲကွာနေခဲ့ပေမဲ့ သူတို့ရဲ့ သခင်ကို သူတို့ လုံးဝ မမေ့ကြဘူး။ သခင်နှင့်ခွေး ပြန်ပေါင်းထုပ်ကြပုံလေးတွေက ကြည်နူးဖွယ်အပြည့်။ ကြည်နူးသံ ပျော်ရွှင်သံ ရွှင်မြူးသံ တက်ကြွပျော်ရွှင်တဲ့ အမူအယာ ခွေးတွေဆီမှာ အထင်းသား။ သူတို့တတ်တဲ့ ဘာသာစကားနဲ့ သခင်တွေ အပေါ်ကို ချစ်ပြ သစ္စာရှိပြကြတယ်။
ခွေးအကြောင်းတွေဖတ် ခွေးအကြောင်းတွေ ကြည့်ပြီး ခွေးတွေရဲ့ သစ္စာတရားကို ရင်ထဲက ချီးကျူးမိတယ်။ သူတို့ဘ၀ တကယ်ကို ချစ်စရာအတိရယ်ပါ။ သို့သော် ခွေးတွေ အားလုံး သစ္စာရှိကြပုံချင်း တူညီကြပေမဲ့ အခွင့်အရေးရပုံချင်းတော့ မတူကြရှာဘူး။ ရွာခွေး မြို့ခွေး အခွင့်အရေးချင်း မတူကြဘူး။ ဆင်းရဲသားခွေး သူဋ္ဌေးခွေး အခွင့်အရေးချင်း မတူကြဘူး။ တောက ပိုင်ရှင်ရှိ ခွေးတွေနဲ့စာရင် မြို့က ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေဘ၀က ပိုအနိမ်ခံရတယ်။ ပိုပြီး အဗြု(စ်) အလုပ်ခံရတယ်။ တောရွာက ခွေးတွေနဲ့ စာရင် သူဋ္ဌေးခွေးတွေက ပိုပြီး အခွင့်အရေးတွေ ဆုံးရှုံးကြရတယ်။ ပို အချုပ်ခံကြရတယ်။ ၀၀ကျွေး ၀၀မွေးရုံက လွဲပြီး တောက ခွေးတွေလို ဒေးကလပ် နိုက်ကလပ်တွေ ပျော်ပျော်ပါးပါး မတက်ရရှာဘူး။ တော်သလင်းမှာ ပျိုမေတစ်သင်းနဲ့ လှေလှော်ခင်းလဲ ကျင်းပခွင့် မရရှာကြဘူး။
လူတွေက ခက်တယ်။ ကိုယ့်လိုအင်အတွက် တိရစ္ဆာန်တွေရဲ့ ဘ၀ကို စတေးကြတယ်။ ကိုယ် အထီးကျန်မဆန်ဖို့အတွက် တိရစ္ဆာန်တွေရဲ့ဘ၀ကို အထီးကျန်ဆန်စေကြတယ်။ တချို့ဆို ခွေးထီးတွေ မ စိတ်မွှန်ပြီး ဆိုးမှာ စိုးတဲ့အတွက် ဝှေးသင်းလိုက်ကြတဲ့အထိ လုပ်ကြတယ်တဲ့။ လုပ်ရက်လိုက်လေခြင်း။ ကျားစိတ်မွှန်တယ် မစိတ်မွှန်တယ်ဆိုတာ သဘာဝရဲ့ ဖြစ်စဉ်တွေဘဲလေ။ တားဆီးဖို့မှ မဟုတ်တာ။ ကိုယ်ကိုယ်တိုင် အဲဒီစိတ်တွေ မွှန်နေတဲ့အခါ ပိုနားလည်လာလိမ့်မယ်။ ဒါပေမဲ့ လူဆိုတာက အသိခေါက်ခက် အ၀င်နက်ကြတယ်မဟုတ်လား။ အဲဒီလို ခွေးတွေကို အိမ်တွင်းပုန်းထားထားကြလို့ ၀ဋ်လည်ပြီး အပျိုကြီး လူပျိုကြီးတွေ ဖြစ်ကုန်ကြတာ သူတို့ မသိရှာကြဘူး။
တချို့က ဆိုသေးတယ်။ ရဟန်းတော်တွေ သာသနာ့ဘောင်မှာ မပျော်ပိုက်ကြတာဟာလဲ အဲဒီစိတ်ကြောင့်ဘဲတဲ့။ အဲဒီစိတ်တွေ မရှိရင် သာသနာ့ဘောင်မှာ ရဟန်းတွေ ပျော်ပိုက်ပြီး ကမ္ဘာတည်သရွေ့ သာသနာ တည်တံ့ ထွန်းကားနိုင်တယ်တဲ့။ ဒါကြောင့် ရဟန်းဝတ်မဲ့ ရဟန်းလောင်းတွေကို ရဟန်းမ၀တ်ခင်ကထဲက ကုန်းကုန်း လုပ်သင့်တယ်တဲ့။ ဘုရား ဘုရား။ တော်ပါသေးရဲ့ ဘုရားက ဒါတွေကို ကြိုမြင်ထားလို့။ တစ်ချက်လွတ်အမိန့်... ကုန်းကုန်း မှန်သမျှ ရဟန်းဖြစ်ခွင့်မရှိတဲ့။ နို့မို့ဆို ရဟန်းတော်တွေဘ၀ တောင်မကျ မြောက်မကျ ဖြစ်ကုန်မှာ။
အွန်လိုင်း အင်တာနက်ခေတ်ကြီးမှာ ရဟန်းတော်တွေ ဖလန်းဖလန်းထတာကို အပြစ်မြင်တဲ့သူတွေရှိသလို နားလည်မှုများစွာနဲ့ အပြစ်မမြင် အချစ်ဝင်တဲ့ သူတွေလဲ အများအပြားရှိပါတယ်။ ခေတ်အခြေအနေအရကိုး။ အဲဒီလို ဖလန်းဖလန်းထတိုင်း လူ့ဘ၀ရောက်လောက်အောင် မိုက်ရိုင်းကြတာမှ မဟုတ်တာကလား။ ဒါပေမဲ့ အဲဒီလောက်ထိ မိုက်ရိုင်းကြမယ်ဆိုရင်တော့ သာသနာ့ဘောင်ကနေ ဂျောင်းကြရုံဘဲပေါ့။ ဦးစိုးမင်းရဲ့ ဖေ့စ်ဘုတ်ဝေါပေါ်က ကျောင်းတော်လေး ရွှေဝိဟာဆိုတဲ့ ပို့စ်ထဲက ဆရာနှင့်ဒကာ ချတ်တင်ဝင်ပုံလေး ဖတ်ပြီး ပြုံးမိသေးတယ်။ ဆရာဒကာ ဖလန်းဖလန်းထကြပုံလေးက ဒီလို....။ ဆရာရဟန်းက "ဒကာကြီးပွါးသလို ကမ္ဘာကြီးပြားတော့လည်း ဘာကြီးလားလို့ မေးပြိုက်မယ် မေးပြိုက်မယ်..." တဲ့။ ဒါနဲ့ ဒကာကလဲ အားကျမခံ "ရှင်ဖျားတို့.. မအောက်သေးခင် တျားအတိုလေးတစ်ပုဒ်လောက် ဟောကြည့်လေ။ ရင်ထဲပေါ့သွားတာပေါ့နော့.. အာ့ လာလျှောက်တာဖျား.." တဲ့။
ဖလန်းဖလန်းထတဲ့ ခေတ်မို့ ပျော်တတ်တဲ့ ရဟန်းတော်တွေအချို့လဲ ရောယောင်ပြီး ဖလန်ဖလန်းထမိမှာ သဘာဝပါဘဲ။ ဒါပေမဲ့ အခုခေတ် ရဟန်းတော်တွေ ဖလန်းဖလန်းထတယ်ဆိုတာ ဘုရားရှင်လက်ထက်က ရဟန်းတော်တွေ ဖလန်းဖလန်းထတာကို ခြေဖျားတောင် မမီပါဘူး။ ဘုရားရှင်လက်ထက်က ဖလန်းဖလန်းအရမ်းထတဲ့ ရှင်ဥဒါယီဆိုတဲ့ ရဟန်းတစ်ပါးရှိခဲ့တယ်။ သူက ဖလန်းဖလန်းထရုံတင်မကဘူး ညစ်တေတေလဲ လုပ်တတ်သေးတယ်။ သူလုပ်ပုံကိုကြည့်။ တစ်နေ့မှာ အမျိုးသားဆုံးပြီး မုဆိုးမပူပူနွေးနွေးလေးတစ်ယောက် သူ့ ကျောင်းကို ပေါက်ချလာတယ်။ သူ့ကျောင်းကလဲ အဲဒီခေတ်အဲဒီအခြေအနေမှာ တကယ့် လပ်ဇူရီယပ်စ် ဘဲ။ အခြားရဟန်းတော်တွေ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက် သီတင်းသုံးနေရတဲ့ ခေတ်မှာ သူက တကယ့်ကျောင်းကြီးရခိုင်နဲ့ နေရတယ်။ ဆိုဖာမွေ့ယာမှီအုံးစတဲ့ အသုံးအဆောင်တွေက လန်းမှလန်း။ ကျောင်းအခန်းဖွဲ့ထားတာတောင်မှ မလွယ်ပေါက်တွေနဲ့။ အဲဒီလိုအဲဒီလို ခေတ်မီတဲ့ ဥဒါယီ ရှင်ရဟန်း။
မုဆိုးမပူပူနွေးနွေလေး ကျောင်းရောက်လာတော့ ထုံးစံအတိုင်း အများသူငါ ဟောနေကျ သံဝေဂတရား သူမဟောဘူး။ သက်ပြတ်တရား သူမဟောဘူး။ သက်ပြတ်တရား သံဝေဂတရားက မဟောတတ်ရင် အန္တရာယ်အလွန်ကြီးတာ မဟုတ်လား။ လူတစ်ယောက်လဲ ဆုံးရှုံးရသေး ဘုန်းကြီးဟောလိုက်မှ သေဆုံးတဲ့သူက ပြိတ္တာဘ၀ ရောက်ခဲ့သည် ရှိသော်တဲ့။ ဒါ သွယ်ဝိုက်တဲ့နည်းနဲ့ သေဆုံးတဲ့သူ ပြိတ္တာဘုံရောက်နေပြီလို့ ဆိုလိုရာ ရောက်တယ် မဟုတ်လား။ မဟောတတ်ရင် ပြောပါတယ်။
တရားဟောတာထက် စကားပြောတာကို အားသန်လှတဲ့ ရှင်ဥဒါယီကတော့ အနုအလှ အပုအရွလေးတွေနဲ့ ကြည်နူးဖွယ်စကားတွေကို မည်သို့မည်ပုံ အာရိုက်လိုက်သည်မသိ မုဆိုးမလေးတစ်ယောက် သောကပရိဒေ၀တွေ ချက်ခြင်းငြိမ်းသွားပြီး အလုံးကြီးကျ အပြုံးကြီး ရသွားလေတော့တယ်။ ဒီတော့ ဆရာနှင့်ဒကာမ ကျေးဇူးရှင်နှင့်ကျေးဇူးခံ ကျေးဇူးပြန်ပြုတဲ့အနေနဲ့ တစ်ခုခု ပေးလှူရမယ် မဟုတ်လား။ "အရှင်.. မိန့်ပါ.. အရှင့်ရဲ့ တရားစကားကြောင့် တပည့်တော်မ ထောက်တည်ရာ ရသွားတယ်.. ဒါကြောင့် ကျောင်းသင်္ကန်းဆွမ်းဆေး ပစ္စည်းလေးပါး အလိုရှိရာ မိန့်ပါ" လုပ်ရော။ အကွက်ချောင်းနေတဲ့ ရှင်ဥဒါယီ ကွက်တိဘဲ။ "ဒကာမ ငါ့မှာ နင်မြင်တဲ့အတိုင်း ကျောင်းသင်္ကန်းဆွမ်းဆေး ပစ္စည်းလေးပါး ပြည့်စုံလွန်လွန်းလို့.. အဲဒါတွေ မလိုပါဘူး"။ "ဒါဖြင့် ဘာအလိုရှိလဲ မိန့်ပါ အရှင်"။ "ပစ္စည်းငါးပါးမြောက်ဖြစ်တဲ့ အမြတ်ဆုံးအလှူကိုသာ လှူပါ"တဲ့။ ကောင်းရော။ မုဆိုးမလေးကလဲ ပေးလှူချင်စိတ်များနေတယ်မဟုတ်လား။ ဒါနဲ့... "ကဲ အရှင် အဆင်သင့်ဖြစ်ပါပြီ စိတ်ရှိလက်ရှိအလှူခံတော်မူပါ"ဆိုတော့ "ထွီ" တဲ့။ အဲဒီလို ဖလန်းဖလန်းထပြီး အဲဒီလို ညစ်ကျယ်ကျယ် ရဟန်းတစ်ပါး။ ဆက်ဖတ်ကြည့် သူ ဖလန်းဖလန်း ထပုံလေး။ သူ့ဖာသူ ကိုဥတဲ့။ :)
+ကိုဥပြောမယ် နှမငယ်လေးရဲ့
အလှကြွယ်လေးမို့ စိုးရိမ်တယ်။
+သောကပြေရာ ဓမ္မာတရားကို
ကဗျာများဖွဲ့ ဟောကြားမယ်။
+ဓမ္မပူဇာ မပြတ်ထုံးမို့
အမြတ်ဆုံးတော့ ပေးလှူကွယ်။
.....
-သောကပြေပြီ ဓမ္မဆင်နွှဲလို့
နှမရင်ထဲ အေးသွားတယ်။
-ချစ်လင်ဆုံးတာ မေ့ကာထားလို့
တွေ့ရာများနဲ့ ပျော်နိုင်တယ်။
-ဓမ္မပူဇာ မပြတ်ထုံးအတွက်
အမြတ်ဆုံးကို ပေးလှူမယ်။
-မြတ်ဆုံးဆိုတာ ဘယ်ဟာလဲလို့
တခါထဲသာ ပြောပါကွယ်။
.....
+မြတ်ဆုံးဆိုတာ ရွှေဆု မကတဲ့
မေထုနလို့ ခေါ်ကြတယ်။
-ကိုဥတွက်ဆို မေထု မကလို့
ဖေထုနလဲ လှူဦးမယ်။
-မည်သို့မည်ပုံ ထုနလဲလို့
ခုကထဲက ရှင်းပါကွယ်။
+ဤသို့ဤပုံ လူ့ဘ၀ထဲက
ထုနဘဲမို့ ရှင်းပါတယ်။
- +ရှင်းတယ် ရှင်းတယ်။
.........................................................................................................................ဆက်ဦးမယ်။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
သူကြီးမင်း (တုံးဖလား)
(၃၀၊၀၁၊၂၀၁၅ သောကြာ ၀၂း၄၀)
.
3 comments:
သူလဲလောကီသားပေမို့ ပေါ့ကွယ် :D ....
ခွေးလေးတွေ သစ္စာရှိပုံတော့ ကိုယ်တွေ့ပဲ သူကြီးမင်းရေ တီတင့်ပို့စ်လေးတစ်ပုဒ်ရေးခဲ့ဘူးသေးတယ်။ နို့ညှာမောင်လေးအတွက် အသက်စတေးသွားရှာတဲ့ ရန်လုံဆိုတဲ့ သစ္စာရှိခွေးလေးကို ပုသိမ်မှာနေတုန်းက ကြုံခဲ့ဘူးတယ်။
သူကြီးကတော့ပိုင်ပါ့။ ပုံပြင်ဆိုတဲ့အတိုင်းပဲ။ ခွေးအကြောင်းပြောရင်းက အပျိုကြီး၊ လူပျိုကြီးတွေဆီရောက်၊ ပြီးတော့ ကုန်းကုန်းတွေဆီရောက်၊ ပြီးတော့ ဘယ်တွေရောက်ညာတွေရောက်။ တစ်ရွာလုံးအနှံ့ စုံစေ့အောင်လျှောက်ပတ်တော့မယ့်ပုံပါလား။
တီတင့်...
ခွေးအကြောင်းနဲ့စပြီး ခွေးအကြောင်းနဲ့ အဆုံးသတ်မယ်လို့ မှန်းထားတယ် တီတင့်ရေ..
နန်းရွှေမှုံ..
အင်းးး ရေးရင်းနဲ့ပေါ်တာလာ အကုန် ထည့်ရေးလိုက်တော့ ဟိုရောက်ဒီရောက်တွေ ဖြစ်သွားတယ်ထင်ပါရဲ့း)
Post a Comment