ဖိုးလုံး။
နာမည်နဲ့ လူနဲ့ အတော်လေးလိုက်ဖက်တဲ့ သဖန်းပင်ရွာသားတစ်ယောက်ဖြစ်၏။ လုံးတုံးတုံးပုတုတုလေးမို့ သူ့ကို ချစ်စနိုးဖြင့် လုံးလုံးဟုလဲ ခေါ်ကြ၏။ ဒါပေမဲ့ ကျနော်ကတော့ ဖိုးလုံးဟုပင် နာမည် အပြည့်အစုံ ခေါ်၏။ လူပုစိတ်တို ခွေးပုရန်လို ဆိုတဲ့အတိုင်း တဆိတ်ကလေးဆို ဖိုးလုံးက စိတ်တိုနေလေပြီ။
"ယောက်ဖ"
သူငယ်ချင်းများက သူ့ကို ယောက်ဖဟုခေါ်တိုင်း စိတ်အတိုကြီး တိုကာ လေးခွဖြင့်သော်လည်းကောင်း ဆွဲမိဆွဲရာ တုတ်တိုတို့ဖြင့်လည်းကောင်း ခဲလုံးတို့ဖြင့်သော်လည်းကောင်း လိုက်လံ ပစ်ခတ်တတ်သူဖြစ်၏။ သူငယ်ချင်းများကလဲ ခံပြင်းလေ စနောက်တတ်လေ ဖြစ်ကာ ယောက်ဖခေါ်သံနဲ့ ဖိုးလုံး၏ ဆဲဆိုသံတို့မှာ ထို သဖန်းပင်ရွာလေး၏ ပြယုဂ်တစ်ခုဟုပင် ခေါ်ရမတတ်ဖြစ်နေလေ၏။
ဖိုးလုံးမှာ ပန်းနု အမည်ရှိ အမတစ်ယောက်ရှိ၏။ နာမည်အတိုင်း ပန်းနုရောင်သန်းနေသည့် ပါးပြင်နှစ်ဘက် မို့မို့လေး ရှိလေ၏။ အပျိုဖျန်းအရွယ်လေးမို့ ရှက်သွေးဖြန်းတတ်ပေမဲ့ စိတ်ကတော့ ခပ်ဆတ်ဆတ်ပင် ဖြစ်လေ၏။ သို့သော် ထိုကဲ့သို့ စိတ်ဆတ်သည်ကပင် တမျိုး ချစ်စရာ ကောင်းနေတတ်ပြန်၏။ တောသူတောင်သား တောအရိုင်းပန်းလေးပေမို့ ခန္ဓာကိုယ် ၀ဖိုင့်မနေဘဲ ယခုခေတ် မိုးယုစံ ကိုယ်လုံးလေးနဲ့ ခပ်ဆင်ဆင်ဖြစ်၏။ ရယ်လိုက်လျှင် သွားတက်ကလေး ပေါ်လာတတ်၏။ ပါးချိုင့်ကလေးကလဲ တမျိုးတဖုံ စွဲလန်းစရာ ဖြစ်နေပြန်၏။
ထိုသဖန်းပင်ရွာနဲ့ ကျနော်တို့ တုံးဖလားရွာနဲ့ ငါးမိုင်ခန့် ဝေးကွာ၏။ ထိုရွာ၌ ကျနော်၏ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ရှိသဖြင့် မကြာမကြာ ထိုရွာလေးသို့ ရောက်ဖြစ်၏။ အလုပ်ပါးချိန်ဆို နေ့အိပ်ညနေ ရောက်ဖြစ်၏။ ထိုသူငယ်ချင်းကလဲ သူ့ရွာအလည်သွားတိုင်း အပျိုလေးတွေရှိရာ အိမ်များသို့ ညဘက် အလည်ထွက်ပေးခြင်းဖြင့် သူ့သူငယ်ချင်းအား သူ့ရွာသို့ မကြာခဏ အလည်လာရန် မက်လုံးပေးလေ့ ရှိ၏။
ထိုရွာသို့ အလည်သွားဖန်များသောအခါ ဖိုးလုံးနဲ့ ခင်မင်ရင်းနှီးလာ၏။ သူတို့ရွာရောက်တိုင်း ကျနော့်နောက် ကပ်လိုက်လေ့ရှိ၏။ ပို၍ ထူးဆန်းသည်မှာ သူ၏ သူငယ်ချင်းများက သူ့အား ယောက်ဖဟု ခေါ်လျှင် စိတ်အဆိုးကြီးဆိုးသလောက် ကျနော့်ကို ဆက်ဆံသည်မှာ တမျိုးဖြစ်နေလေ၏။
"ယောက်ဖကြီး"
ဟုတ်သည်။ ဖိုးလုံးက ကျနော့်အား ကျနော်ဘာမှ အရိပ်အယောင် မပြရပါဘဲ သူ့အလိုလို ရင်ထဲက ခေါ်လာသည့်အသံဖြစ်၏။ သူ့သူငယ်ချင်းများရှေ့၌လည်း ကျနော့်ကို ယောက်ဖကြီးဟု ခေါ်၏။ ကျနော့်သူငယ်ချင်းရှေ့၌လည်း ကျနော့်ကို ယောက်ဖကြီးဟု ခေါ်လေ့ရှိ၏။ ပို၍ ထူးဆန်းသည်မှာ သူ့အမ ပန်းနုရှေ့၌ပင်လျှင် ကျနော့်အား ယောက်ဖကြီးဟု ကျယ်လောင်စွာ ခေါ်လေ့ရှိလေတော့၏။
"ဟေ့ ကောင်လေး .. ဧည့်သည်ကို အားနာစရာ"
ထိုကဲ့သို့ ယောက်ဖကြီးဟု ကျနော့်ကို ခေါ်တိုင်း သူ့အမ ပန်းနုတစ်ယောက် ရှက်ရမ်းရမ်းပြီး ပြန်ပြောလေ့ ရှိသော စကားဖြစ်၏။ ဧည့်သည်ကို အားနာစရာ ဆိုပေမဲ့ သူ့အသံ သူ့ဟန်နဲ့ သူ့အမူအယာတို့သည် ကျနော့်ကို တစ်ခုခု ဖိတ်ခေါ်နေသယောင်ရှိလေ၏။ အဲဒီအချိန်က ကျနော်က အသက် ၁၈ နှစ်အရွယ် သူမက ၁၅ နှစ်အရွယ်လေးတွေမို့ ထိုကဲ့သို့ မထိခလုပ် ထိခလုပ်လေးသည်ပင် ကမ္ဘာကြီး တုန်လှုပ်သွားလောက်အောင် ကြည်နူးမှုကို ဖြစ်စေလေတော့၏။ မှတ်မှတ်ရရ ပန်းနုနဲ့ ပထမဆုံး စတင်ဆုံတွေ့တဲ့နေ့က ပန်းနုတစ်ယောက် အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်ကလေး ၀တ်ထား၏။ လှမှလှ။
ထိုကဲ့သို့ ဖိုးလုံး၏ လှုံ့ဆော်မှုများကြောင့် ကျနော်သည် ထို သဖန်းပင်ရွာလေးသို့ မကြာမကြာ ထပ်ခါ ထပ်ခါ ရောက်ဖြစ်လေတော့၏။ ပွတ်တိုက်ပါ များတော့လဲ ခပ်လှုပ်လှုပ်ဖြစ်လာ၏။ သူငယ်ချင်းရှိသည်ကို အကြောင်းပြ သွားပေမဲ့ တကယ်တမ်းတွေ့ချင်နေသည်က ပန်းနုလေးပင်ဖြစ်၏။ သို့သော် ဘာညာသာရကာ ပြောဖို့တော့ ကျနော် သတ္တိမရှိ။ ထို့ကြောင့် အသံတိတ် လက်နက်ကြီး ထုတ်သုံးရလေတော့၏။ ထိုလက်နက်ကြီးကား ဖိုးလုံးပင်တည်း။
"ညပြာပြာ လ၀ါဝါအောက်က ချစ်ရပါသော ပန်းများရဲ့သခင် ပန်းနုဘုရင်မလေး" ဟူ၍လည်းကောင်း... "ပိတောက်တွေပြာ တမာတွေချို မိုးပြိုမြေအက် ကမ္ဘာကြီး ပျက်မှ ပန်းနုလေးကို မုန်းမေ့နိုင်မယ်" ဟူ၍လည်းကောင်း... "ကိုယ့်နှလုံးသားမှာ နားခိုချင်သူတွေ များပြားနေပေမဲ့ ကိုယ့်နှလုံးသားလေးက ပန်းနုလေးအတွက် သီးသန့်တဘ၀စာ ထာဝရပါ" ဟူ၍လည်းကောင်း... ဘယ်က ဘယ်လို ဖတ်မိ မှတ်မိလာမှန်း မသိတဲ့ ကဗျာအပိုင်းအစလေးတွေနဲ့ ပန်းနုအား ချည်နှောင်ဖို့ သူ့မောင်လေး ဖိုးလုံးမှ တဆင့် ချစ်သ၀ဏ်လွှာများ တစ်စောင်ပြီး တစ်စောင် ဆက်သစေလေတော့၏။
"မောင်လေးနဲ့ စာပေးမခိုင်းနဲ့ မကြိုက်ဖူး။ အိမ်က သိသွားရင် မိုးမီးလောင်ကုန်လိမ့်မယ်"
မောင်လေးနဲ့ စာမပေးခိုင်းနဲ့ ဟု ပြောသည့် ထိုစာလေးသည်ပင် သူ့မောင်လေး ဖိုးလုံးက တဆင့် ကျနော့်ထံ ပေးပို့ခဲ့ခြင်း ဖြစ်လေ၏။ မတတ်နိုင်ဘူး။ လုံခြုံစိတ်ချရတာဆိုလို့ ယောက်ဖလောင်းလေး ဖိုးလုံးဘဲ ရှိတာ မဟုတ်လား။ ဘေးလူတွေကို အကူအညီ သွားတောင်းရင် ဒီထက်ပို အခြေအနေဆိုးသွားနိုင်သည်။ ကာလသားများကို သွားအကူအညီတောင်းရင် ပိုဆိုးပေမည်။ သူတို့ရွာက အပျိုလေးကို အခြားရွာက သူစိမ်းတစ်ယောက် လက်ထဲ သူတို့ ကြည်ဖြူစွာ ထည့်ပေးလိမ့်မည်မဟုတ်။
တစ်နေ့ ထိုသဖန်းပင် ရွာလေး၌ မင်္ဂလာပွဲရှိလေ၏။ မင်္ဂလာပွဲရက်မတိုင်မီ ကျနော် ကြိုသွားလေ၏။ ထို့နောက် ဖိုးလုံးအား တွေ့ဆုံပြီး စာတစ်စောင်ကို သူ့အမ ပန်းနုအား ပေးခိုင်းလိုက်လေ၏။ အချိန်မဆွဲချင်တော့။ အဖြူအမဲ သဲကွဲဖို့က အရေးကြီးသည် မဟုတ်လား။ ဆန့်တငင်ငင်နဲ့ နေရသည့်ဘ၀ ဘာမှ မကောင်း။ ထိုစာထဲ၌ ထုံးစံအတိုင်း ပန်းနုကို ဘယ်လောက်ချစ်ကြောင်း ဘယ်လောက်ကြိုက်ကြောင်း၊ ပြန်ချစ်နိုင် မချစ်နိုင်ဆိုတဲ့ အဖြေကို တိတိကျကျ သိလိုကြောင်း မျိုသိပ်မထားနိုင်တော့ကြောင်း စသဖြင့် စီကာပတ်ကုံး ရေးထားပြီး စာ၏ အဆုံး၌ ကျနော့်ကို ပြန်ချစ်လျှင် မနက်ဖန် မင်္ဂလာပွဲလာတဲ့အခါ ပထမဆုံးဆုံတွေ့စဉ်က ၀တ်ထားတဲ့ အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်ကလေး ၀တ်လာခဲ့ပါ၊ ပြန်မချစ်နိုင်လျှင် တခြားဟာ ၀တ်လာခဲ့ပါ ဟု အဖြူအမဲ သဲကွဲစေမည့် စာလေးဖြင့် အဆုံးသတ်ထားလိုက်လေ၏။
ထိုညက အိပ်၍ပင် မပျော်။ ရှိုက်ကနဲ အိပ်ပျော်သွားခိုက် ပါတိတ်ဝမ်းဆက်ကလေးနဲ့ ပန်းနုလေးက အိပ်မက်ထဲ အတင်းတိုးဝင်လာ၏။ ပျော်၏။ သို့သော် အိပ်မက်မှန်းသိတော့ ငို်င်ကျသွားပြန်၏။ ထပ်အိပ်ဖို့ ကြိုးစား၏။ ရှိုက်ကနဲ ဖြစ်ပြန်၏။ ပန်းနုလေး ၀င်ရောက်လာပြန်၏။ ထပ်နိုး၏။ ဟင်းကနဲ သက်ပြင်းချမိပြန်၏။ အိပ်တစ်ဝက် နိုးတစ်ဝက် သိပ်ရက်စက်ပါလား ပန်းနုလေးရယ်။
မင်္ဂလာပွဲရက်ရောက်တော့ အိပ်ချင်မူးတူးဖြင့် မင်္ဂလာဧည့်ခံပွဲသို့ ရောက်သွားလေ၏။ မင်္ဂလာပွဲ၌ ပန်းနုလေးအား မြင်လိုက်ရသည့်အခိုက် အိပ်ချင်စိတ်များ ပျောက်ချင်းမလှ ပျောက်သွားပြီး ကိုယ့်မျက်လုံးကိုပင်ကိုယ်မယုံနိုင်သလို ဖြစ်သွား၏။ အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်လေးဖြင့် လှချင်တိုင်း လှ၊ လှသွေးကြွနေသည့် အလှဘုရင် ပန်းနုသခင်မလေး။ ကျနော့်အား ခပ်လှမ်းလှမ်းမှ ပြုံးပင် ပြလိုက်သေး၏။ ဒီပါးချိုင့် ဒီသွားတက် ဒီကိုယ်လုံး ဒီအပြုံးများနဲ့ ကျနော့်နှလုံးသား အဘယ်သို့ ခံနိုင်ချေရှိတော့မည်နည်း။
ထိုနေ့၌ စားချင် သောက်ချင်စိတ်တွေလဲ ဘယ်တွေ ပျောက်ကုန်သည်မသိ။ ဗိုက်ထဲ အစာမရှိပေမဲ့ အလိုလို ရင်ပြည့်သလို ဖြစ်နေပြီး ဒိန်းတလိန်းနတ်များဝင်ပူးခံရသလိုလို ရွာသူများ ပြုစားခံရသလိုလို စုန်းကဝေများ ဖမ်းစားခံရသလိုလိုတွေဖြစ်ပြီး နေမထိ ထိုင်မသာ ၀မ်းအသာကြီး သာနေမိလေတော့၏။ သို့သော် မင်္ဂလာပွဲ၌ အလုပ်များနေသည့်အတွက် ထိုနေ့၌ ပန်းနုနဲ့ ထပ်မတွေ့ဖြစ်တော့။ သို့ပေသည့် အဖြေကတော့ လုံလောက်သွားပေပြီတည်း။
ထိုည၌ လုံးဝ အိပ်မပျော်နိုင်တော့ပေ။ ကျေနပ်ခြင်း ကြည်နူးခြင်း ကြောက်ရွံ့ ခြင်း ကြောက်လန့်ခြင်းများစွာဖြင့် အတွေးနယ်ချဲ့နေမိလေတော့၏။ ပန်းနုက ပြန်ချစ်သည့်အတွက် ကျေနပ်ခြင်း ကြည်နူးခြင်းများ ဖြစ်၏။ ပြန်ချစ်သည်နဲ့ တပြိုင်နက် တာဝန်များ ၀တ္တရားများ တွဲပါလာလေတော့၏။ အသက်က ၁၈ နှစ်၊ ပန်းနုကို ပိုင်ဆိုင်ခွင့်ရဖို့၊ ပိုင်ဆိုင်ခွင့်ရပြီး ရာသက်ပန် တာဝန်ယူဖို့ တာဝန်ကျေဖို့ စသည့် ဘ၀တသက်စာ စဉ်းစားပြီး ကြည်နူးလိုက် စိုးရွံ့ လိုက်ဖြင့် ညတာများ အိပ်စက်ခြင်းကင်းစွာဖြင့် ကုန်လွန်သွားလေတော့၏။ သို့သော် ရယူပြီး တာဝန်မကျေမှာ စိုးထိတ်ခြင်းထက် ပိုင်ဆိုင်မှုအတွက် ကြည်နူးခြင်းက ပိုသာသည်တော့ အမှန်ပင်ဖြစ်၏။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရင်ဆိုင်မယ်ဟူ၍ ဆုံးဖြတ်ပြီးသောခဏ၌ အရှေ့ က နေ၀န်း ထွက်ပေါ်လာလေတော့၏။ အိပ်စက်ခြင်းကင်းသော ညပေတကား။
နောက်တစ်နေ့။
ရွာထိပ်က ရေတွင်းသို့ ပန်းနုအလာနဲ့ လမ်းမှာ ဆုံတွေ့လေ၏။ တမင်ဆုံအောင် သူ သောက်ရေ လာခပ်နေကျ ဖြစ်သည့် ထိုရေတွင်း၌ ကျနော် စောင့်နေခြင်း ဖြစ်လေ၏။ ပန်းနုမျက်နှာကား အပြုံးများ ဝေရွှန်းစွာ။
"၀မ်းသာလိုက်တာ ပန်းနုရယ်၊ ကျေးဇူးလဲ အရမ်းတင်တယ်၊ ပျော်လဲ အရမ်းပျော်တယ်"
"ဟင်.. ဘာကြောင့်လဲ"
ပန်းနုတစ်ယောက် အံ့သြစွာ ပြန်မေး၏။ အံ့သြချင်ယောင်ဆောင်တာဖြစ်မှာပါဟု စိတ်ထဲ တွေးနေမိ၏။
"မနေ့က ပါတိတ်ဝမ်းဆက်ကလေး ၀တ်လာခဲ့လို့လေ"
"အဲဒါ ဘာဖြစ်လို့လဲ"
"ပန်းနု နောက်နေတာလား"
"ဘာကို နောက်ရမှာလဲ။ ဘာတွေ လာပြောနေတာလဲ။ လူကို ခေါင်းမူး ခေါင်းရှုပ်အောင် လာမလုပ်ပါနဲ့"
"ဟင်..."
ဒီတခါ အံ့သြသွားရသည်က ကျနော်။ ပန်းနုမျက်နှာ ကြည့်လိုက်တော့လဲ စနောက်နေတာ မဟုတ်မှန်း သိသာသည်။ ဒါဆို တစ်ခုခုတော့ မှားနေပြီ။ ရှင်းအောင် မေးမှ ဖြစ်တော့မည်။
"မနေ့တနေ့က ဖုံးလုံးနဲ့ ပေးခိုင်းလိုက်တဲ့ စာမရဘူးလား"
"ဟင့်အင်း... မရပါဘူး။ သူနဲ့ မပေးခိုင်းပါနဲ့လို့ ခဏခဏ ပြောနေရဲ့သားနဲ့။ သူနဲ့ ပေးခိုင်းလိုက်ပြန်တာလား"
"ဟုတ်တယ်လေ။ အဲစာထဲမှာ... အဲ စာထဲမှာ.."
ကျနော် ဆက်ပြောမထွက်တော့။ ရှက်သလိုလို ရွံ့ သလိုလို ဖြစ်ပြီး ငုတ်တုတ် မှင်သက်မိကာ ချွေးစေးများလဲ ခန္ဓာကိုယ်အနှံ့ ရွှဲရွှဲစို ထွက်နေလေတော့၏။
ညနေပိုင်း၌ ဖိုးလုံးနဲ့ တွေ့သောအခါ ကိစ္စက ရှင်းသွားလေပြီ။
"ဖိုးလုံး မင့်အမကို စာမပေးလိုက်ဖူးလား"
"အဲဒါပြောမလို့ဘဲ ယောက်ဖကြီးရ။ အဲဒီညက အမကို ပေးဖို့ စောင့်ကြည့်နေတာ အိမ်က လူတွေက အစုံရှိနေတာမို့ လူလွတ်တဲ့ အချိန် ပေးမယ်ဆိုပြီး စောင့်ရင်းနဲ့ အိပ်ပျော်သွားတာ။ မနက်မိုးလင်းတော့ အမက မင်္ဂလာပွဲထွက်သွားပြီ။ အမမင်္ဂလာပွဲက ပြန်လာတော့လဲ ကျနော် မေ့နေပြီး မပေးဖြစ်ဘဲ ဖြစ်နေတာ"
ဖြစ်ရလေ ဖိုးလုံးရယ်။ ဖြစ်ရလေ ပန်းနုရယ်။ ဖြစ်ရလေ ကိုမောင်ရယ်။ တိုက်ဆိုင်ချက်တွေက ကောင်းလွန်းနေလိုက်တာ။ နို့ နေစမ်းပါဦး။ အဲဒီစာ ပန်းနုဆီ မရောက်ရင် ပန်းနုက ဘာဖြစ်လို့ အဲဒီနေ့က အဲဒီ ပါတိတ်ဝမ်းဆက် ၀တ်စုံကို ၀တ်ခဲ့ရတာပါလိမ့်။ သိကြားနတ်ဒေ၀ါတွေများ ပန်းနုကို သွားနှိုးဆော်လေရော့သလား။ တိုက်ဆိုင်လွန်းလိုက်တာ လောကကြီးရယ်။
ထိုထက် ပိုတိုက်ဆိုင်သည်မှာ ပန်းနုနဲ့ ပထမဆုံး ဆုံတွေ့စဉ်က ပန်းနုတစ်ယောက် အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်လေး ၀တ်ဆင်ထားခဲ့၏။ ထို့အတူ မင်္ဂလာပွဲ၌ ထိုအင်ဒိုနီးရှားပါတိတ်ဝမ်းဆက် ၀တ်စုံ ၀တ်ဆင်ခဲ့သည့် ပန်းနုလေးအား မင်္ဂလာပွဲနေ့အလွန်နောက်တစ်နေ့၌ တွေ့ဆုံခြင်းသည် နောက်ဆုံးတွေ့ဆုံခြင်း တစ်ခုပင် ဖြစ်ခဲ့လေတော့၏။
ထိုမင်္ဂလာပွဲပြီး၍ ပြန်လာခဲ့သည့် ကျနော်။ ထိုသဖန်းပင်ရွာလေးတော့ ထပ်မရောက်ဖြစ်တော့။ အလုပ်တစ်ခုဖြင့် တောမြို့လေးတစ်မြို့သို့ ပြောင်းရလေ၏။ ထိုမှတဆင့် မန္တလေး။ ထိုမှတဆင့် ရန်ကုန်။ ထိုမှတဆင့်... ထိုမှတဆင့်... ပန်းနုနဲ့ ပို၍ ပို၍ ဝေးရာ ဝေးရာဆီသို့။
နောက်မှတဆင့် ကြားသိရသည်မှာ အဲဒီနေ့က ကျနော့်စာကို ကြိုတင်ရရှိခဲ့လျှင် အောက်ပိုင်းအင်ဒိုနီးရှားလုံချည်နှင့် အပေါ်ပိုင်း အခြားအကျီ င်္တထည်ထည် ၀တ်ဆင်ပြီး မင်္ဂလာပွဲလာခဲ့ဖြစ်မည်ဟု ပန်းနုက ပြောသည်ဆို၏။ ထိုသို့ ၀တ်ဆင်ခြင်းမှာ ချစ်သည်ဟု အဖြေမပေးသော်လည်း နောင်အခါ အချိန်ကြာလာရင် သေချာပေါက် ချစ်သည်ဟု အဖြေပေးမည့် သဘောပင်ဖြစ်၏ ဟု ပြောသည်ဆို၏။
အဘယ်သို့ပင် ရှိစေ။ ပန်းနုတစ်ယောက် ယခုလောက်ဆို ကလေးတွေ တသီကြီး ရနေပေတော့မည်။ သမီးကညာ အခါမလင့်စေနဲ့ ဆိုသကဲ့သို့ပင် တောရပ်ဒေသများ၌ အရွယ်ကောင်းတုန်း အိမ်ထောင်ပြုကြလေ့ ရှိလေ၏။ ယခုအချိန် ကျနော်များ ပန်းနုတို့ သဖန်းပင်ရွာလေးသို့ အလည်တစ်ခေါက် ရောက်သွားခဲ့လျှင် သူ့ကလေးများက ကျနော့်ကို ဦးဦးဟု ခေါ်မည်လား၊ ဦးကြီးဟု ခေါ်မည်လား သို့မဟုတ် မတော်ရသည့်ယောက်ဖ ဖိုးလုံးနည်းတူ ဖေဖေကြီးဟုပင် ခေါ်လေဦးမည်လား မပြောတတ်တော့။
မည်သို့ပင်ဆိုစေကာမူ ထိုမင်္ဂလာပွဲမတိုင်ခင်ညနှင့် ထိုမင်္ဂလာပွဲနေ့ညက (နှစ်ညဆက်တိုက်) နှလုံးသားကို ဗဟိုပြု၍ အင်အားပြင်း အချစ်ငလျင် လှုပ်ခပ်ခဲ့သည့်အတွက် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် ကျနော့်အတွက် အအိပ်ပျက်ခဲ့ရသော ညများပင် ဖြစ်ခဲ့လေတော့၏။
မှတ်ချက်။
ဝက်မလေးတဂ်၍ ဖျစ်ညှစ်ရေးသည်။ ငယ်ကျိုးငယ်နာပေါ်စေမည့် ထိုကဲ့သို့သောပို့စ်အား မည်သူ့ကိုမှ ဆက် မတဂ်လိုတော့ပါ။ သို့သော် လာဖတ်သူများကိုတော့ တဂ်ပြီး ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။း)
.
9 comments:
ဟားဟား မလွမ်းဘဲ ရီချင်တာ သကြီး ရာ
ဟယ်.. သူကြီး..အချစ်ငလျင်က ထီပေါက်ပြီ ထီလက်မှတ်ပျောက်သလိုကြီး..
အို သူကြီးရယ်ဖြစ်မှ ဖြစ်ရလေ..ဒါကြောင့်
သူကြီး လူပျိုကြီး ဖြစ်နေတာကိုးးးးး
အော်.... ဒါ့ကြောင့်ကိုး.. ဆယ်ကျော်သက်မှာ ရိုက်ခတ်ခဲ့ဘူးတဲ့ နှလုံးသားကြောင့် ကဗျာတွေ လက်တန်းစပ် ဖတ်လို့ကောင်းမှကောင်း ဖြစ်နေတား)
တကယ်လို့များ ပန်းနုလေးအခုချိန်ထိ အိမ်ထောင်ရက်သား မကျသေးရင်ရော ?..... :P
သူကြီးမင်းရဲ့ ပို့စ်ကိုအဆုံးထိဖတ်ခဲ့ပေမယ့် မှတ်ချက်ဆိုတဲ့နေရာအရောက် မီးပျက်သွားလို့ ... :D
:) :)
အမရွှေစင်။
သူကြီးကို မသနားဘူး။ တဟားဟားနဲ့။ ပြည့်စုံသူကြီးဆိုတော့ ဘယ်ကိုယ်ချင်းစာတတ်မလဲလေး)
ဆွေလေးမွန်။
ထီက ထုတ်ခါနီးလေးရယ်း)
ဝက်မလေး။
သူလဲ အဲဒီအိပ်မရရောဂါကြောင့် အပျိုကြီး ဖြစ်နေတာကိုးးးးး)
တီတင့်။
ပန်းနုလေးက သားတွေတောင် ရှင်ပြုကုန်တော့မယ်တဲ့။ ဘ၀မှာ လုပ်စရာရှိတာကို စောစောလုပ်ခဲ့တဲ့ သဘော။း)
ဒါနဲ့ အခုလောက်ဆိုတော့ မီးပြန်လာလောက်ပါပြီနေား)
ဇွန်မိုးစက်။
သိုင်းကျူးနော်။
ထိခလုပ် ထိခလုပ်လေးသည်ပင် ကမ္ဘာကြီး တုန်လှုပ်သွားလောက်အောင် ကြည်နူးမှုကို ဖြစ်စေလေတော့၏....
အဲ့သာလေး သဘောကျတယ်.... ခိခိ....
အရင်ဆုံး အရောက်နောက်ကျလို့တောင်းပန်ပါတယ် ဖိုးလုံး အဲလေ သာဂျီးရယ်
ကဗျာတွေ ဖတ်ကောင်းခဲ့တာ ဒါကြောင့်မို့
ပန်းနုလေးရော----ခုဘယ်လိုလဲ????
ဟဟဟဟဟဟ ၊၊၊၊ U_U
Post a Comment