Saturday 8 February 2014

ဘကုန်းရွာမှ ဖဦးထုပ်ချစ်သူများ



သူ (ဘကုန်း) ငိုချင်း ချပြရပါတော့မည်။ ဟိုတုန်းကတော့ ချစ်ပါသည် ကြိုက်ပါသည် မြတ်နိုးပါသည်တဲ့။ ချစ်လွန်းလို့ မအိပ်မနေ အရိပ်တကြည့်ကြည့်နေချင်ပါသည်တဲ့။ စည်းအတန်တန် ရန်အသွယ်သွယ် ကာရံထားသည့် ဆူးခင်း တောလမ်းကို  ခက်ခက်ခဲခဲ ခုန်ကျော် လျှောက်လှမ်းချင်ပါသည်တဲ့။ ချစ်လိုက်သမှ ခုန်နည်းကျော်နည်း နိသျည်းတွေတေင် မှိုလိုပုံလို့။ ချစ်သူထက် သူ့ကို ပိုချစ်ပါသည်တဲ့။ သူငယ်ချင်းထက် သူ့ကို ပိုချစ်ပါသည်တဲ့။ ယုတ်စွအဆုံး မိဘတွေထက်တောင် သူ့ကို ပိုချစ်ပါသည်တဲ့။ တနေ့တနေ့ အရိပ်တကြည့်ကြည့် နေရတာကိုက ကမ္ဘာ့ဧရာမ ဖီလင်ကြီးတမျိုးဘဲတဲ့။ အင်း  အင်း အင်း ဟိုတုန်းကပါလေ။ 

လူတွေကိုက အခက်သား။ ခက်ခက်ခဲခဲလုပ်ရတဲ့အရာကိုမှ ပိုတန်ဖိုးထားတတ်ကြလေသည်ကော။ ဆူးအတန်တန် သံပန်းအချွန်ချွန်တို့နဲ့ ကာရန်ထားတဲ့အတွက် လာဖို့အလွန့်အလွန် ခက်ခဲစဉ်တုန်းကတော့ ကျန်စစ်သားလို လှံထောက်ပြီးများ ခုန်ကျော်လာခဲ့ကြသလားမှတ်တယ်။  စည်လို့ ဝေလို့။ ပျော်လို့ မြူးလို့။ ခုန်လို့ ကလို့။ ကရောဟိ သဘောရှိပေါ့။ ကိုင်း အခုတော့ ကြည့်။ စည်းဝိုင်းတံတိုင်းတွေကို ဖြိုဖျက်ပြီး အတားအဆီးမရှိ စိတ်ကြိုက် ၀င်နိုင်ထွက်နိုင်ပြီလဲဆိုရော ဘသားချောတွေ ဘသမီးချောတွေ လာဖို့ ခြေတွန့်နေကြလေပြီတကား။ အော်.. အနတ္တ အနတ္တ အနတ္တ။ ဒီလို လွယ်လွယ်ရလို့ အလေးမမူတတ်တဲ့ အထာတွေကြောင့် ရှေးခေတ်မြန်မာအမျိုးသမီးတွေ သုံးနှစ်သုံးမျိုးစဉ်းစားပြီးမှ ချစ်သူကို အဖြေပေးကြတာရှိမယ်။  ဘသားချောတို့ ခမျာမှာလဲ သည်းခံပြီး စောင့်ကြပေသပေါ့။ ရှားပါးခေတ်ကိုးဗျ။ အခုခေတ်ဆိုရင်တော့ " မြန်မြန်အဖြေပေးနော်.. ဒီမှာ အခြေအနေ မကောင်းရင် နောက်တစ်ယောက်ဆီ အဖြေသွားတောင်းရဦး"မှာ ဆိုပြီး ပြောမှာ မြင်ယောင်မိသေးရဲ့။ အဲလို ဖြစ်နေလေပြီ။

ကဲ..အခုတော့ဖြင့် ဟိုဘက် ဖဦးထုပ် ရပ်ကွက်မှာ စည်လို့ကားလို့။ ဆူလို့ညံလို့။ ပျော်လို့ရွှင်လို့။ အေးလေ ဒါလဲ အပြစ်ပြောလို့ မရပါဘူး။ ဖဦးထုပ်ရပ်ကွက်မှာ လွယ်လွင့်တကူ အကုန် ရနေတာကိုး။ ဘုရားတရား၊ ကို့ယို့ ကားယား၊ အပစ်အခတ်၊ အညစ်အပတ်။ ရွှတ်ရှက်၊ ဒွတ်ဒက်။ ဘော်ချဲ့။ တော်ဖွဲ့။ စုံလို့ စုံလို့။ ဒီလိုဒီလိုနဲ့ ဟိုတုန်းက ဘယ်သူမှ မမုန်းခဲ့ကြတဲ့ ဘကုန်းရပ်ကွက်မှာတော့ ဘဘုန်းတို့သာ ရှိလေတော့ယောင်တကား။

"ဘကုန်းကိုဘဲ ချစ်တယ်။ ဘကုန်းက သစ္စာရှိတယ်။ ဘကုန်းက သန့်ပြန့်တယ်။ ဟိုဘက် ဖဦးထုပ်တွေက ညစ်ပတ်တယ်။ အတင်းတုတ်ကြတယ်။ မိုက်ရိုင်းတယ်။ မကြိုက်ဘူး။ မုန်းတယ်" အဲဒီလို အဲဒီလို ဘကုန်းအပေါ် အဖြစ်သည်းခဲ့ကြတဲ့ ဆရာ့ဆရာကြီးများလဲ ဖဦးထုပ် ရပ်ကွက်ထဲ စုံးစုံးမြှုပ်ရှာလေပြီ သကော။ အော်.. အနိစ္စ ဒုက္ခ အနတ္တ။ ဘုရားဟော စကားတွေ ကွက်တိ။ ဒက်ထိ။

"ဟယ် မိုက်ရိုင်းလိုက်တာ...။ နှမချင်းမှ မစာနာ။  ဒါမျိုး အညီအဟောက်တွေ အွန်လိုင်း မတင်သင့်ပါဘူး။ ဒါမြန်မာယဉ်ကျေးမှုနဲ့ ဖီလာကန့်လန့်ဘဲ။ ဟိုဖော်ဒီဖော်တွေ အရုပ်ဆိုးလွန်းတယ်။ ဟိုကောင်မက အရှက်ကို မရှိဘူး" ထိုကဲ့သို့ ပြောကြပါသည်။ ဤကဲ့သို့ ဆိုကြပါသည်။ သို့သော် ထိုနေရာဤနေရာများသို့သာ လူအသွားအလာများကြလေ၏။  ယဉ်ကျေးမှုတွေ ဘာသာတရားတွေ အွန်လိုင်းပေါ်မှာ နေသို့လသို့ ထွန်းကားသည့် ခေတ်ပေကိုး။ ပြောချင်ရာ ပြောကြမည်ပေါ့။ လုပ်ချင်ရာ လုပ်ကြမည်ပေါ့။ သွားချင်ရာ သွားကြမည်ပေါ့။

အော်..မေ့နေလို့။ သူတို့ ပြောပြောနေကြတဲ့ မဟာတက္ကသီလာ-ဖဦးထုပ်ရွာထဲမှာ အတတ်ပညာများ ဝေါဟာရဋီကာများ အလွန်ပေါကြွယ်ဝဆိုဘဲ။

"ကွကို။ ကျန်းကျန်း။ မွင်းဂါး။ တိဝူး။ တေဘီ။ တေဂျင်းဇိုး။ မတာမ။ လူရုပ်မာဂျီး။ သွားမယ်ညှော်။ ဟုတ်ပါ့အေ။ မောထှာ။ အာ့ဆို။ အဆင်လေးဘဲ။ အကိတ်ကြီး။ အပုန်းကြီး ။ မြဘူး မြဘူး။ တွားမယ်။ ကျလိ ကျလိ။ ခ် ခ် ခ်"

ဤသို့သော ခေတ်သစ် ၂၁ရာစု ဝေါဟာရတ္ထဒီပနီတွေကြောင့် ဖဦးထုပ်ရွာထဲက အိမ်ပိုင်ရှင်များအား အဖြူအမဲ အလုံး အပြား မလုံးမပြား ခွဲခြားရ ခက်ချေတော့သည်တမုံ့။

"ဒီအတိုင်းဆို မဖြစ်ချေဘူး ဘကုန်းရွာလေး တိမ်ကောတော့မယ်။ ဘကုန်းရွာလေးအတွက် မဲဆွယ်ခရီး မြန်မြန်သွားမှ ဖြစ်တော့မယ်"ဆိုပြီး ဘကုန်းရွာအတွက် အသက်ပေးချစ်ပါသည်ဆိုတဲ့ ဘကုန်းချစ်သူများကလဲ ဘကုန်းပရိုပဂမ်ဒါ လုပ်ဖို့ ဖဦးထုပ် ရပ်ကွက်ထဲသွားရင်း အားလုံး ကာဠုဒါယီတွေ ဖြစ်ကုန်ကြလေရဲ့။ ဖဦးထုပ်ရပ်ကွက်ထဲ စုပ်စုပ်မြှုပ်။ နဲနဲမှ မလှုပ်။ အနည်းငယ်မျှပင် ပြန်မတက်လာကြတော့ပေ။

အဲ. အချို့ဘကုန်းရွာသွားတွေကျတော့ မြင့်ရာသို့ ချီတက်ပြီး ၀လုံးရွာ ရောက်သူရောက်၊ ပစောက်ရွာ ရောက်သူရောက်နဲ့ အတော်လေးတော့ ခရီးပေါက်နေကြသား။ ဒါပေမဲ့ အဲဒီအဆင့်တွေ ရောက်အောင် ဘကုန်းရွာက အတတ်ပညာတွေနဲ့ တွန်းပေးလိုက်တာကိုတော့ မေ့နေကြဟန် တူပါရဲ့။ စပ်မိလို့ ပြောရဦးမယ်။ ဒီအရပ် ဒီဌာနမှာ နာမည်ကြီး ရွာလေးရွာတိတိရှိတယ်။ ပစောက်ရွာ၊ ၀လုံးရွာ၊ ဘကုန်းရွာ၊ ဖဦးထုပ်ရွာဆိုပြီးတော့ပေါ့။ ပစောက်ရွာကျတော့ တမျိုး။ နန်းတော်တွေလို အိမ်ကြီးတွေနဲ့ ခန့်ခန့်ညားညား တည်ဆောက်ထားကြတာ။ ခြံစောင့်တဲလေးတွေက လွဲရင်ပေါ့။ ၀လုံးရွာကတော့ ၀င်ဒါမီယာစတိုင်လ်။ လုံးချင်းအိမ်လေးတွေနဲ့ ငြိမ့်လို့သိမ့်လို့။ အင်း  ဘကုန်းရွာကျတော့ တိုက်တန်းတိုက်ခန်းလေးတွေနဲ့ နိုင်သလောက် သန့်သန့်လေးတော့ ရှိကြတာပေါ့။ ဖဦးထုပ်ရွာကျတော့ ပျံကျကျူးကျော်ရပ်ကွက်လို့ကို ဆိုရမတတ်။ ပေါင်းစုံ ပေါင်းစုံ။ အစုံအစိ။ အကုန်ရှိ။ အမှိုက်သရိုက်တွေလဲ များမှများပေဘဲ။ သို့ပေမဲ့ "အမှိုက်ထဲက ရွှေရ" ဆိုသလို တခါတခါကျပြန်တော့လဲ ဖဦးထုပ်ရွာက ရတနာတွေ ထွက်တတ်ပြန်ရော။ အဲဒါကြောင့် ဖဦးထုပ်ရပ်ကွက်ထဲ လူမစဲသူမစဲ တသဲသဲ ဖြစ်နေကြတာ ရှိမယ်။

ရှိစေတော့လေ။ ဘယ်တတ်နိုင်မလဲ။ သန်ရာ သန်ရာပေါ့။ တန်ရာ တန်ရာပေါ့။ ဒါပေမဲ့ ခြောက်ကပ်နေတဲ့ ဘကုန်းရွာလေးကိုတော့ ပြန်စည်ကားလာတာကို မြင်ချင်မိပါရဲ့။ ဖြစ်နိုင်ရင်ပေါ့လေ။ အဲဒါကြောင့်မို့ အကြောင်းအမျိုးမျိုးကြောင့် ဘကုန်းရွာက ထွက်ခွါသွားရသူများ၊ ပစောက်ရွာ ၀လုံးရွာ ဖဦးထုပ်ရွာသို့ ခရီးလွန်နေကြသော ဘကုန်းရွာသူရွာသားများနှင့် အခြားဘကုန်းချစ်သူများကို မူလနေရပ်ထံ ပြန်လာကြဖို့ လှိုက်လှိုက်လှဲလှဲ မေတ္တာရပ်ခံ ပြန်ကြားလိုက်ရပါ၏။ အထူးသဖြင့် ဖဦးထုပ်ရွာရောက် ဘကုန်းချစ်သူများ မူလလက်ဟောင်းတာဝန်များကို တက်ညီလက်ညီ အတူတကွ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ထမ်းဆောင်နိုင်ကြဖို့ရန် ဘကုန်းရွာသို့  မြန်မကြာ  ပြန်လာကြစေလိုပါ၏။ ကြားကြားသမျှ...........................။

""ဥုံ.. ဘကုန်းချစ်သူ... တို့ပြည်သူ... လာဆရာလာ.. ချဉ်းဆရာချဉ်း... ကပ်ဆရာကပ်.""


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

 ခက်ဆစ်။  
ပစောက်= ပုံနှိပ်မီဒီယာ
ဝလုံး= ၀က်ဘ်ဆိုက်ဒ်
ဘကုန်း=ဘလော့
ဖဦးထုပ်= ဖေ့စ်ဘုတ်


.

30 comments:

ဂျစ်တူး ( မုံရွာ ) said...

"ကွကို။
ကျန်းကျန်း။
မွင်းဂါး။
တိဝူး။
တေဘီ။
တေဂျင်းဇိုး။
မတာမ။
လူရုပ်မာဂျီး။
သွားမယ်ညှော်။
ဟုတ်ပါ့အေ။
မောထှာ။
အာ့ဆို။
အဆင်လေးဘဲ။
အကိတ်ကြီး။
အပုန်းကြီး ။
မြဘူး မြဘူး။
တွားမယ်။ ကျလိ ကျလိ။
ခ် ခ် ခ်"

သူကြီးမင်း ဘယ်သူ့  ကိုစောင်းမြောင်းပြောနေတာ
လဲဟင်-
သူကြီးမင်းတော့ရာထူးပြုတ်တော့မယ်ဗျ
သွားမလုပ်နဲ့ နော်
( တော်ပါသေး ဂျစ်တူး အသုံးအနှုံးကလေး
သူကြီး မသိလို့ လွတ်သွားတယ် )
ဟားဟားဟား

ကူးကူးလှိုင် said...

ဘကုန်းမဟုတ် ဖဦးထုပ် မဟုတ်တဲ့ စာဖတ်သူအဖြစ်လာရောက်သွားပါကြောင်း....း))

ဟန်ကြည် said...

ဟဲ ဟဲ...

များမကြာမီ မောင်ကာဠုတို့လည်း ဘကုန်းရွာထဲကို ပြန်ရွှေ့ခဲ့ပါတော့မယ် သူကြီးမင်းရယ်...

အနှီလိုမှ မရွှေ့ခဲ့ရင် နောက်တစ်ပုဒ်ထပ်တက်လာဦးမှာ မြင်ယောင်သေး...း)

သူကြီးမင်း said...

မောင်ဂျစ်တူးရေ.. စောင်းမပြောပါဘူး။ တည့်တည့်ပြောကြည့်လိုက်တာလေ။ ရာထူးလေးတော့ မပြုတ်လောက်ဘူးထင်ပါရဲ့။ ဘကုန်းရွာထဲ ဖဦးထုပ်ရွာထဲ ပတ်ပြီး ပါးရိုက်ပစ်လိုက်မယ်လို့ မပြောလိုက်မိဘူးထင်သား။

ကူးကူးလှိုင်။
အင်း.. ဘယ်သူတွေဘာပြောပြော ကူးကူးလှိုင်လေးကတော့ ပန်းပန်လျှက်ပါဘဲ။ ကျေးဇူးတင်ထှာ။ တကယ်။

ဆြာဟန်။
မကြာမီလာမည် မျှော် ဆိုပေမဲ့.. ဘိလပ်က ၀ိတ် အေ မိနစ် ဆိုထာထက် ပိုများ ကြာလေဦးမလား မသိတော့ချေ။ ဟာ ဟ။

မေဓာဝီ said...

သဂျီးရေ …
သူများလဲ ဘကုန်းချစ်သူပါပဲနော် …
မြန်မာပြည်ကြီးရဲ့ ကွန်နက်ရှင်ကြောင့် ဖဦးထုပ်ကို မချစ်သော်လဲ အောင့်ကာနမ်းနေရတဲ့ ဘွပါ … ခ်ခ် :D

San San Htun said...

တဂျီးမင်း..သူများက ဘကုန်းရော၊ ဖဦးထုပ် ချစ်သူ..မအားလို့ မဂင်းနိုင်တဲ့ ဘွလေးပါ..ခ်ခ်...;)

ဆွေလေးမွန် said...

ဘာကြောနေပါလိမ့်ပေါ့.. သိတွားပြီး တဂျီးမင်း..
ဒီက ဘကုန်းရွာလေးကို ချစ်နေစဲပါ တဂျီးမင်းရဲ့

Candy said...

မီးကတော့ ခုထိ ဘကုန်းရွာကို သစ္စာရှိဆဲပါပဲ ခိခိ... ၀လုံးရွာကိုသိတယ် ပစောက်ရွာက ဘာကြီးတုန်း (ပိန်းတိန်းတိန်းသကြားလုံး အမေး >.<) ဟိုတလောက ဖဦးထုပ်ရွာကို မကြာခင်ဖျက်သိမ်းတော့မယ်ဆိုတဲ့သတင်း ဖတ်လိုက်ရတယ်။ ကောလဟာလလား တကယ်လားတော့ မပြောတတ်။ ဒါပေမယ့် တကယ်ဖြစ်ခဲ့ရင်တော့ အားလုံး ဘကုန်းရွာလေးဆီပြန်လည် ချီတက်လာကြမှာတော့ မြင်ယောင်ပါသေးတယ် တဂျင်းမီးရေ ^_^

Candy said...

အဲ... ခက်ဆစ်ရေးပေးထားသား... သေးသေးလေး ရေးထားတော့ ဘယ်မြင်မတုန်းလို့ :P

လသာည said...

အင်းလေ..မှန်ထှာ..။
သူငယ်ချင်းများရာ ဖဦးထုပ် ရပ်ကွက်ထဲသွားရင်း အားလုံး စုပ်စုပ်မြှုပ်။ နဲနဲမှ မလှုပ်။ အနည်းငယ်မျှပင် ပြန်မတက်လာနိုင်တော့ပေ :D
မှန်ပါပေ့ မှန်ပါပေ..

အန်တီလေးမေခင် said...

တီလေးလည်း ဘကုန်းမဟုတ် ဖမဟုတ် စာဖတ်ပရိတ်သတ် တစ်ဦးဖြစ်ပါကြောင်း တဂျီးမင်း အားပေးလျှက်ပါ။

ရန်ကုန်သား said...

အကြာကြီး ပြုံးသွားတယ်ဗျာ ရင်ထဲပေါ့ပေါ့ပါးပါး
ကျနော်တို့ ကတော့ ဘကုန်းသမားကနေ ဖဦးထုပ် သမား ပြောင်းလု ပြောင်းဆဲ ပြောင်းလတ္တံ ထင်ပါရဲ့ 
ခင်မင်လျှက်
ရန်ကုန်သား

Anonymous said...

make me smile this post. yannnnnn kyitesssss!

but i dont know wa and pa. what are they??????



myat noe

Unknown said...

မမေ့ပါဘူး တဂျီးရေ .အချိန်ရရင် နေတိုင်း ကိုယ့်အိမ်ကို
ပြေးပြေးကြည့်မိတယ်.. :)

Angelhlaing(May everybody be happy and healthy! said...

တွေးတွေးပြီး ပြုံး... နောက်ဆုံးရောက်တော့မှ ဝါးလုံးကွဲ ရယ်ရပါလား ...အကိုရေ .. "ဘကုန်း" ရွာသူလေး ပါ လို့.. :)

သက်ဝေ said...

ဟိုတုန်းက ဘယ်သူမှ မမုန်းခဲ့ကြတဲ့ ဘကုန်းရပ်ကွက်မှာတော့ ဘဘုန်းတို့သာ ရှိလေတော့ယောင်တကား... ဒါပေမဲ့ ခြောက်ကပ်နေတဲ့ ဘကုန်းရွာလေးကိုတော့ ပြန်စည်ကားလာတာကို မြင်ချင်မိပါရဲ့...
လုပ်ပါအုံး... Tag post တစ်ခုလောက်... ဘဘုန်းတို့ရွာကို ပြန်လည်စည်ကားလာအောင်... :D :D :D

မြတ်ပန်းနွယ် said...

ဖဦးထုပ်ရဲ့ ဝေါဟာရဋီကာများကို အသံထွက်ဖတ်ရင်း ရယ်မောမိပါတယ်။ ကိုယ့်ဘာသာတော့ လက်မရဲသေးလို့ မသုံးဖူးသေးဘူး သူကြီးမင်းရေ။ မြတ်လည်း အရင်က ဖဦးထုပ် မသုံးဖြစ်ပေမယ့် အခုတော့ ဖဦးထုပ်မှာ ခြေတစ်ဖက်၊ ဘကုန်းမှာ ခြေတစ်ဖက် နဲ့ လှေနံနှစ်ဖက်နင်းနေမိတယ်။ :D

Aunty Tint said...

တကယ်တော့ ဖဦးထုပ်ချစ်သူများရဲ့ ရင်ထဲမှာ အသစ်တွေဘယ်လောက်ကောင်းကောင်း ဘကုန်းရွာလေး ရှင်သန်နေဆဲပါ တဂျီးမင်းရေ.....
တီတင့်လဲ တီတင့်ချစ်တဲ့ ဘကုန်းရွာကိုပဲပြန်တော့မယ် :)
မသက်ပြောသလို တဂ်ပို့စ်တစ်ခုလောက်နဲ့ ဘကုန်းရွာလေးကို ပြန်စည်ကားလာစေချင်တယ်။

မေတ္တာဖြင့်
တီတင့်

မြသွေးနီ said...

မြဘူး မြဘူး။ ဖအုပ်ထုတ်မှ ဖအုပ်ထုတ်ပဲ... :)
သဂျီးမင်းရယ်.. ငယ်ချစ်ဟောင်းကို သေတောင်မမေ့ပါဘူးဆို...
ပြောရတာ မောထှာ... ကျန်း... :P

Tachileik News Agency said...

ကျွန်တော်လည်း ဖဦးထုပ်မှာ Blogger တွေ ရောက်နေတယ်ဆိုလို့ သွားရှာရင်းနဲပ ဖဦးထုပ်ဖြစ်သွားတယ်ဗျာ...

ရေးထားတာသဘောကျ၏ :)

ZaunG

rose of sharon said...

အမှန်တရားတွေ ဖတ်ရှူမှတ်သားသွားပါကြောင်း

Anonymous said...

ကျန်းကျန်း ဒဂျီးမင်းရေးတတ်ပ ကွကိုဆို ဒီလိုမရေးတတ်ဘူး ဘကုန်းရွာသားဘဝမေ့မရပါဘူး ဖဦးထုတ်က ဖလမ်းဖလမ်းလေးတွေ ကြောင့်မခွဲနိုင်ဖစ်နေတာ ဒချိ ဒချိ

မင်းမင်းဇော် said...

လာရောက် အားပေးပါကြောင်း

သဒ္ဓါလှိုင်း said...

သူကြီးမင်းရေ
ဘကုန်းရွာလေးကို ပျော်မွေ့ ဘကုန်းရွာလေးမှာပဲ နေချင်ပါတယ်..
ဘကုန်းရွာက စည်စည်ကားကားလေးကိုလည်း အမြဲသတိရမိပါရဲ့ ...
ဘကုန်းရွာလေးမှာ ဆုံကြရအောင်...

ခင်မင်စွာ
သဒ္ဓါ

Anonymous said...

ပကတိရိုးစင်းတဲ့ ဘကုန်းရွာလေးကိုပဲ ဖက်တွယ်မိတယ်၊ တခါတလေ ရွာလေးကနေ ပျောက်ကွယ်မိတာလေးပဲ ရှိတယ်၊ ဒါပေမယ့်လဲ ဒီ ဘကုန်းရွာလေးကို မပစ်ပယ်နိုင်ဘူး၊ မစွန့်ခွာနိုင်ဘူး..ရစ်သီရစ်သီနဲ့ ပြန်ပြန် ခြေလှည့်လာမိတာပဲ၊

ဘကုန်းရွာသူလေး
(လင့်ခ်လေးလဲ ယူသွားပါတယ် သူကြီး) :)

3rdthameetaw said...

စိတ်ကူး ကောင်းကောင်းလေးနဲ့
စည်းရုံးရေးစာတစ်ပုဒ် ရေးထားတာလေး
လာအားပေးသွားတယ်
ပျော်ရာမှာနေကြတာက သဘာဝ ဖြစ်နေတာကိုးနော်

ကြယ်ပြာ said...

ဟီး ဟီး ...

ဘကုန်းနဲ့ ဖဦးထုပ်ဆိုတော့ ဘင်္ဂလားနဲ့ ဖိလစ်ပိုင်လို့ ယောင်ရမ်းတွေးလိုက်မိသေးတယ်။

ကြယ်ပြာလဲ ဖဦးထုပ်ရွာကိုရောက်နေတာကြာပေါ့။ ဒါပေမယ့် ဘဂုန်းရွာမှာတော့ မကြာ မကြာ ကဗျာလေးတွေ တင်ဖြစ်ပါတယ်။

Mrs. Bagel said...

တစ်နှစ်လောက်ခွဲခဲ့ပြီးမှ ပြန်ရေးနေတာ တစ်လကျော်လောက်ရှိပြီ။ ဘယ်လို အခက်အခဲရှိရှိ၊ သံယောဇဉ်မှ မပြတ်နိုင်တာ။

သူကြီးမင်း (တုံးဖလား) said...

မေဓာဝီ။
ဘကုန်းချစ်သူဆိုပြီး ဖဦးထုပ်ရွာထဲ ပုန်းနေတာများ။ ကွန်ကို လွဲချနေသေးတယ်။

စန်းထွန်း။
လှေနံနှစ်ဘက် နင်းတယ်ပေါ့။း)

ဆွေလေးမွန်။
ချစ်နေဆဲဆိုရင် ခဏခဏ လာနော်။

ကန်ဒီ။
ပိစိ ဘကုန်းချစ်မှန်းသိပါတယ်။ ဆက်ပြီး ချစ်နော်။း)

လသာည။
လသာညဖြစ်ပါတယ် ဆိုတာလေး မတွေ့ရတာ ကြာပြီနော်။

အန်တီလေးမေခင်။
တီလေးမေခင် ဆက်ဆက်အားပေးနော်။ ဟဲ ဟဲ မဲဆွယ်ထားတာ။

ရန်ကုန်သား။
ဖဦးထုပ်ပြောင်းရင်လဲ ဘကုန်းကိုတော့ မမေ့နဲ့ဦးပေါ့ဗျာ နော့။း)

မြတ်နိုး။
ပြုံးရတယ်ဆိုလို့ ပျော်ပါတယ်။ ခက်ဆစ်က အောက်မှာ သေးသေးလေး ရေးထားပြီးသားပါ။

ဒုတိယလူ။
အိမ်ကို ပြေးကြည့်ရုံဘဲလား။ အမောင်ဒွတ်တိယ။ ဂရုတော့ မစိုက်ဘဲနဲ့။း)

အိန်ဂျယ်လှိုင်။
ဘကုန်းရွာသူလေးပါဆိုပြီး ဖဦးထုပ်ထဲ ရောက်နေတာများ မသိရင်ခက်မယ် အိမ်ကျယ်.. အဲ အိန်ကျယ်...

သက်ဝေ။
ဘကုန်းရွာလေး စည်ကားလာအောင်တော့ မသက်ဝေတို့ကိုဘဲ အားကိုးရမှာလေ။ လုပ်ပါဦး။း)

မြတ်ပန်းနွယ်။
လှေနံနှစ်ဖက်နင်းနေရင် သတိထားနော်။ တော်ကြာ ဖဦးထုပ်ဖက် လုံးလုံး ရောက်သွားဦးမယ်။း)

အန်တီတင့်။
တီတင့် လုပ်လိုက်တာ လူအတော် စည်သွားတယ်။ ကျေးဇူးဘဲ တီတင့်ရေ။ တီတင့်က လူချစ်လူခင်များတယ်ဆိုတော့ ဘကုန်းရွာစည်ကားရေးအတွက် တီတင့်ကိုဘဲ အားကိုးရတော့မှာ။ အားထုတ်ဦးနော် တီတင့်။

မြသွေးနီ။
ခွိခွိ။ အမမြသွေးလဲ ရယ်ရတယ်။ ဝေါဟာရတွေ ကြွယ်နေပြီ။

မစ်စတာ အက်ဒ်မစ်နစ်စထရေတာ။
ကာဠုဒါယီလို ဖြစ်သွားတာထင်ပါရဲ့။ ဖဦးထုပ်က ဆွဲအားကောင်းတယ်လေ။

ရို့စ်။
အမှန်တရားအတွက် ပြန်လာပါ။း)

မောင် (စွယ်စုံကျမ်း)။
ဟဲ ဟဲ။ ဒချိ ဒချိတွေ ဖလမ်းဖလမ်းတွေ မေ့ထားခဲ့တယ်။း)

မင်းမင်းဇော်။
ထပ်မံလာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

သဒ္ဓါလှိုင်း။
ဘကုန်းရွာလေးမှာ ဆုံကြရအောင် အပြေးလေးလာခဲ့နော် ညီမ။

ထရီဆာ။
ဘကုန်းရွာလေးက သာသာယာယာ ချစ်စရာလေးပါ ထရီဆာရေ။ လင့်ခ်ယူသွားတယ်ဆိုလို့ ကျေးဇူးနော်။ သူကြီးမင်းလဲ လိုက်လာခဲ့မယ်။

တတိယမြောက်သမီးတော်။
လာအားပေးလို့ ကျေးဇူးနော်။ ထပ်ပြီးလဲ မျက်စိလည်တဲ့အခါ ၀င်ခဲ့ပါဦး။

ကြယ်ပြာ။
ဒီဘကုန်းနဲ့ဖဦးထုပ်က တစ်မျိုးလေ ညီမရဲ့။ အားရင် ကဗျာလေးတွေ စာလေးတွေ ထပ်တင်ဦးနော်။

မြတ်ကြည်။
သံယောဇဉ်တွေလေ အမ။ သူကြီးလဲ ဒီလို သူ့ကို မပြတ်နိုင်ဘူး ဖြစ်နေတာ။

မောင်သီဟ said...

ကျွန်တော့်ချဉ်ပေါင်ခင်းလေး မြက်ရှင်းတော့မယ်ဗျား)