Wednesday 1 January 2014

နယူးတွေလဲ ခဏခဏ ယီးယားလို့


  

 မိုးလေ၀သကြေငြာသူက ပြောတယ်။ နှစ်တွေကတော့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၄ခုနှစ် (နှစ်သစ်)ကို ပြောင်းသွားပြီ၊ ဒါပေမဲ့ ရာသီဥတုကတော့ မပြောင်းသေးဘူး၊ မနေ့ကနဲ့ အတူတူဘဲတဲ့။ လေတိုက်တုန်း။ မိုးရွာတုန်း။ ရေကြီးတုန်း။ လျပ်စစ်မီးတွေပြတ်တောက်နေတုန်းတဲ့။ အဲဒါ အင်္ဂလန်မှာ လောလောဆယ် ဖြစ်နေတာ။

သူပြောမှဘဲ ကိုယ့်ကိုကိုယ် ပြန်စစ်ကြောမိတယ်။ ဟုတ်ပါရဲ့။ နှစ်သစ်သာ ကူးသွားတယ်။ လူက ငုတ်တုတ်ကြီး။ စိတ်သစ်လူသစ် အင်အားသစ်တွေ အလိုလိုများ မွေးဖွားလာမလားမှတ်တယ်။ ဘယ်ဟုတ်မလဲ လူကလဲ ရာသီဥတုနောက် လိုက်ပုံရတယ်။ အေးစက်စက် အေးခဲခဲကြီး။ တစ်ယောက်ထဲ ဟက်ပီးနယူးယီးယားလို့ ရေရွတ်နေမိပေမဲ့ စိတ်ထဲမှာတော့ လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ။ 

အိမ်အောက်ထပ်မှာရှိတဲ့ အိမ်ရှင်အဘိုးအိုကြီးကတော့ သူ့မိတ်ဆွေကျော်ကြီး ရောက်နေဟန်တူပါရဲ့။ ဖိုက် ဖိုး ဿရီး တူး ၀မ်း  ကောင့်ဒေါင်းတွေ ရေတွက်ပြီး ချွလွင် ချွလွင် ခွက်ချင်းရိုက်ခတ်သံနဲ့အတူ ဟက်ပီးနယူးယီးယား အော်ဟစ်နေကြလေရဲ့။ အလိုလို နားထဲ ကြားယောင်လာတာက ကိုထီးရဲ့ """အပူအပင်ကင်းတဲ့ ကလေးလေး ဘ၀ကို တခါပြန်ပြီး ရချင်သေးတယ်"""""...။..နိုး..နိုး..နိုး။ အဲလို မဟုတ်တော့ဘူး။ """""""အပူအပင်ကင်းတဲ့ အဘိုးကြီးဘ၀ကို မြန်မြန်အပြေး ရောက်ချင်သေးတယ်"""""" လို့ ဆိုရလေမလား။

"မောင်ရင်... အင်္ဂလိပ်တွေ ညစ်ပတ်ပုံတော့ မပြောနဲ့.. တို့ဗမာတွေကို သိပ္ပံပညာတွေ ပေးထားခဲ့တာလေ။.. မိုးဘာကြောင့် ရွာရတယ်... ဖားအော်လို့ ရွာရတယ်တဲ့။ ကဲ.. ကောင်းရော"

နေ့လည်ခင်း ကော်ဖီဆင်းသောက်တုန်း အဘိုးအို ပြောခဲ့တဲ့ စကားတွေကို ပြန်စမြုံ့ပြန်ပြီး တစ်ယောက်ထဲ ပြုံးနေမိတယ်။ အပြုံးတုလား အပြုံးစစ်လားတော့ ကိုယ်တိုင်ပင် မဝေခွဲတတ်။ ဘာဘဲဖြစ်ဖြစ် အပြုံးတုပေမဲ့ အပြုံးမဲ့ထက်တော့ သာလွန်ကောင်းပါရဲ့။ ဟန်ဆောင်ကောင်းရင် သူတော်ကောင်းတဲ့။ လူကြီးသူမတွေဆီက ပညာတွေ တနင့်တပိုးနဲ့။

"ရေဒီယိုဆို ဂျီအီးစီ။ ချုပ်စက်ဆို ဆင်းဂါး။ စက်ဘီးဆို ရီလေးနဲ့ ဟမ်းမား။ ကားဆို ချက်ဗလက်။ သူတို့ ဘိလတ်ထွက်တွေချည်း အားပေးခိုင်းနေတာ။ ပြည်တွင်းဖြစ်ကို အားပေးပါဆိုတဲ့ အထာကြီးနဲ့။ အမြင်ကပ်ဖို့ တကယ်ကောင်းတာ မောင်ရ။ ခုမှ ဒို့ကို တမူးတပဲ ထောက်ပံ့ရတာ နစ်နာတယ်ရှိသေး"

ကိုလိုနီခေတ်တုန်းက တက်ကြွလှုပ်ရှားခဲ့သူပီပီ အင်္ဂလိပ်အစိုးရကို ခုထက်ထိ ကလော်တုတ်နေဆဲ အဘိုးအို။ အသက် ၉၀ နားနီးနေပေမဲ့ တစ်ပိဿာလောက် ရှိတဲ့ ကျောက်တုံးကို ဂိုက်နှစ်ဆယ်လောက် အသာလေး ပစ်နိုင်သေးသူ အဘိုးအို။ အသက် ၇၀ ကျော်လာရင် ကြီးလာလေ ငယ်သွားလေတဲ့။ ဟုတ်လောက်တယ်။

"သူတို့ မားကက်လင့်ဒ် လုပ်ပြီး အဆီအနစ်တွေ စုပ်ယူပြီးမှ ရော့အင့် လွတ်လပ်ရေးတဲ့။ ဟော.. သူတို့ ပြန်သွားတော့ ယပက်လက်နဲ့ ပေါက်ဖော်ကြီးက မားလက်လင့်ဒ် ပြန်လုပ်ပြီး အကျန်အကြွင်းတွေ ထပ်သိမ်းပြန်ပါလေရော။ ဒီတော့ တို့အဖို့တော့ ရှိသည့်ဗမာ နောက်မှာသာ"

"အဘိုးအို အဲဒါတွေ တွေးမနေပါနဲ့တော့။ အဘိုးအိုရဲ့ ဘုရားကိုးဆူ ကွန်ပျူတာ စီချင်တယ်ဆို။ နှစ်သစ်မှာ အဆင်သင့်ကိုးကွယ်နိုင်ဖို့ ရဟန္တာကိုယ်တော်လေးတွေကို နာမည်ပေးဦးမယ်ဆို"

"အေးပါကွာ။ နှစ်ဟောင်းလေးမကုန်ခင်တော့ နဲနဲကဲပါရစေဦး။ နှစ်သစ်ရောက်မှဘဲ ဘုရားကိုးဆူကို ထိခြင်းငါးပါးနဲ့ အပြတ်အသတ် ပူဇော်ပလိုက်ဦးမယ်"

စာရေးရင်း နာရီ မော့ကြည့်လိုက်တော့ ၂၀၁၄ခု ဇန်န၀ါရီ ၁ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁ နာရီ ၄၅ မိနစ်။ လှေခါးနားသွားပြီး အဘိုးအိုအခန်းကို နားစွင့်ကြည့်လိုက်တော့ တခေါခေါ အသံက ညံထွက်နေလေပြီ။ မောပေမပေါ့။ သူ့အခန်းထဲ သော့ကျန်ခဲ့လို့ သုံးပေါင်တူနဲ့ တဒုန်းဒုန်းထုဖွင့်ရတာက ၁၀ မိနစ်။ ဒါတောင် သွားကူပေးလိုက်လို့။ ဒါ့ပြင် သူ့ဘော်ဒါကြီးနဲ့ နယူးယီးယား စယ်လီဘရေးရှင်းလုပ်တာကလဲ အတော်များသွားတဲ့ပုံ။ သို့ပေသည့် သူ့အခန်းထဲက လက်မ ၄၀ တီဗီကြီးကတော့ အော်ဟစ်နေဆဲ။ မောရိန်း။ မောဝင်း။ မောဖလပ်ဒင်း တဲ့။ 

ဝန်းကျင်တ၀ိုက် ပုရစ်အော်သံ ခွေးအအူသံ ကြက်တွန်သံ ဘာသံမှ မကြားရ။ သို့သော် နှစ်သစ်ကူးခဲ့တာ နှစ်နာရီနီးနီး ရှိပေမဲ့ ကုလားရပ်ကွက်ပီပီ နှစ်သစ်ကူးလို့ ကောင်းနေကြတုန်း။ တဒုံးဒုံး တဂွမ်းဂွမ်း ဟေးလား ဟားလား။

တီဗီကျေးဇူးနဲ့ ကင်မရာလေးထောင်ပြီး ရိုက်ယူထားတဲ့ နယူးယီးယားမြင်ကွင်းကို အပ်လုပ်ဒ် လုပ်နေတာကလဲ မိနစ်ပေါင်းများစွာ။ ပြီးနိုးနိုးနဲ့ စောင့်ရင်းရေး ရေးရင်းစောင့်။ သို့သော် ယခုထက်ထိ အပ်လုပ်ဒင်းတဲ့။ ထရိုင်ပေါ့နဲ့ စခရင်ကြီးကို သေချာချိန်ပြီး ရိုက်ထားတာတောင်မှ ခေါင်းပိုင်းက ဘယ်လို ဘယ်လို မြင်ကွင်းရဲ့ အခြားတစ်ဘက် ဖြစ်သွားပါလိမ့်။

အဘိုးအို ဘုရားဆွမ်းတော်ကပ်ဖို့ မချက်ပြုတ်ခင် အိပ်ထားမှ။ သူ အိပ်ရာကနိုးပြီဆိုရင် အသံပေါင်းစုံ အနံ့ပေါင်းစုံ၊ တခါတခါ စမုက်ခ်အလန်းသံက ပါသေး။ အိပ်ဖို့ ခက်ရချေသေးရဲ့။ ဒါပေမဲ့ နှစ်သစ်ကူးကို လဘက်သုပ် ခပ်ခါးခါးလေးနဲ့ ကူးထားခဲ့တဲ့ အရှိန်က ခုထက်ထိ မျက်လုံးပြူးနေဆဲ။ 

အိပ်ယာမ၀င်ခင်လေးတော့ ဆုတောင်းပေးဦးမှဘဲ။ အရှေ့ဘက်ခြမ်းက လူတွေအတွက် နောက်အကျကြီး ကျနေပေမဲ့ အနောက်ဘက်ခြမ်းက လူတွေအတွက်တော့ ကွက်တိဖြစ်လောက်ပါရဲ့။ ဖိုက် ဖိုး ဿရီး တူး ၀မ်း....  

ဟက်ပီးနယူးယီးယား ၂၀၁၄...........

.

7 comments:

နွေတေးရှင် (မင်းဧရာ) said...

ဟက်ပီးနယူးယီးယား သူကြီးရေ..........

ဟုတ်ပါ့ဗျာ
နှစ်သစ်ကိုကူသွားတယ်သာဆိုတယ်
သေခြာပြန်ကြည့်တော့ ဘာမှ မဟုတ်သလိုဘဲဗျနော် ။

ပြောသာပြောရတယ်
သေဖို့ကနီးလာပေပြီ သူကြီးရေ ။

ဘိလပ်က နှစ်သစ်ကို သေခြာကြိုဆိုကြတာလေး သတိထားမိတယ် ။

MTD said...

Nice Post!

ဟန်ကြည် said...

တာဝန် ကျေလိုက်လေခြင်း သူကြီးမင်းရယ်...ပုံမှန်ကြီး ဘလော့ရင်းနေသကိုးဗျ...ကျွန်တော်တော့ ဖွဘုတ်မှာ သိမှတ်စရာလေးတွေ တင်ဖြစ်တာကလွဲလို့ ဘလော့မှာ ကိုယ်တိုင်ရေး မတင်ဖြစ်တာ နည်းနည်းကြာသွားသဗျို့...

နှစ်သစ်မှာ အရင်နှစ်က စိတ်ကောင်းတွေ အစဆွဲထုတ်ပြီး ဘလောပုံမှန် ဂင်းမဗျာ...


မင်္ဂလာနှစ်ကူးပါဗျို့...

Anonymous said...

မင်္ဂလာနှစ်သစ်ကူးပါ သူကြီးမင်းရေ

ချစ်တဲ့
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

Happy New Year ပါ သူကြီးမင်း..
နှစ်သစ်မှာ ဆန္ဒအားလုံး ပြည့်စုံပါစေ...

ခင်မင်စွာ
သဒ္ဓါ

စုချစ် said...

Happy New Year သူကြီးမင်း...

Writing Service said...

Great post!!!