Thursday, 16 January 2014

အဘိုးအိုနှင့်ဖဦးထုပ်ရှာပုံတော်


ဖဦးထုပ် အကြောင်းရေးမှာဆိုတော့ အရင်ဆုံး ပြေးမြင်ယောင်မိတာက မစပ်မဆိုင် ဟို ကျနော်တို့ ငယ်ငယ်တုန်းက မန္တလေးသိန်းဇော်တစ်ယောက် ဖာတောင်းကြီး ထမ်းကာထမ်းကာနဲ့ အို... အသင်လောက.. အို အသင်လောက ဆိုပြီး ခဏခဏ ဇာတ်စင်ပေါ်တက် အော်ဟစ်နေတာကို ပြေးမြင်ယောင်မိပါရဲ့။ လူကြီးတွေကတော့ အနှစ်သာရ တကယ်ရှိတဲ့ ဖာတစ်လုံးခေါင်းကြားပြဇာတ်ဆိုလား ဘာဆိုလားဘဲ။ ကျနော်တို့ကတော့ အဲဒါကြီး ကြည့်ကြည့်ပြီး ပျင်းလွန်းလို့ ဇာတ်ပွဲထဲ အိပ်ရေးကို ၀လို့။

ကျနော်တို့ တုံးဖလားရွာမှာလဲ လူတစ်ယောက်ရှိတယ်။ သူက ရှေးရိုးစွဲဆိုတော့ ရိုးရာတွေပျက်ပြီး ခွေးကို အကျ င်္ီဝတ်ပေးတာတို့ စောင်ခြုံပေးတာတို့ မကြိုက်ဘူး။ မကြိုက်ဘူး ဆိုတာထက် ကြောက်တာ။ မိုးကြိုးပစ်မှာ ကြောက်တာ။ တိရစ္ဆာန်ကို လူလို ဆင်ပေးလို့တဲ့လေ။ တစ်နေ့ကျတော့ သူ့ သားလေး တစ်ယောက် စာသင်ကျောင်းထားတယ်။ ကျောင်းက ပြန်လာတော့ အိမ်စာတွေ ပါလာတာပေါ့။ ဒီတော့ သူ့သားလေးက ကကြီး ခခွေး ဂငယ် စသဖြင့် စာတွေ ကျက်တော့တာပေါ့။ အဲ... ပစောက် ဖဦးထုပ်လဲ ရောက်ရော ကလေးက ဖဦးထုပ်အစား ဖားဦးထုပ်ဆိုပြီး ကျက်မှတ်သံလဲ ကြားရော။ သူ့သားကို ပြောတယ်။ ဟေ့ကောင်.. မင်းကြည့်လဲ လုပ်ပါဦးကွာ ဒို့အိမ်ပေါ် မိုးကြိုးတွေ ခနေပါဦးမယ်တဲ့။ အဲဒီလောက်ထိ မှတ်သားစရာကောင်းတဲ့ ဖဦးထုပ်။ 

မနှစ်တုန်းက သူငယ်ချင်းတစ်ယောက် ဥရောပက ပြန်လာတယ်။ သူက ဥရောပကို ခဏခဏ သွားနေကျ။ သူ့နာမည်က ကိုရွှေတဲ့။ အဲဒါ လွန်ခဲ့တဲ့ အပတ်က သူ့အိမ်မှာ ၀ိုင်းဖွဲ့စားသောက်ကြတော့ သူ့သူငယ်ချင်းဟောင်းတွေ ပါလာတာပေါ့။ သူနဲ့ မတွေ့တာ ကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ဘာပြောတယ် မှတ်လဲ။ ကိုရွှေရာ မင့်ဆီ ငါ မရောက်တာ အတော်လေး ကြာပြီ။ ကြာဆို ငါ မင့်ကို တွေ့ရမှာ ရှက်နေတာနဲ့ မရောက်ဖြစ်တာတဲ့။ ဘာဖြစ်လို့လဲလို့ မေးလိုက်တော့ ရပ်ကွက်ထဲမှာ နာမည်ကြီးနေတာလေ မင်းက ခဏခဏ ဖင်လှန်သွားတယ် ဆိုပြီးတော့လေ။ အဲဒါကြောင့် ငါ ရှက်လွန်းလို့ မင်းနဲ့ တွေ့ဖို့ မလာတာတဲ့။ ကိုရွှေသွားတဲ့ နိုင်ငံက ဥရောပထဲက ဖင်လန်နိုင်ငံကိုး။

အင်း... ဖဦးထုပ် အကြောင်းပြောရင်း ဖာဂူဆန်ကြီးကိုလဲ ပြေးမြင်ယောင်မိသား။  ဖာဂူဆန်ကြီးက နှစ်ပေါင်း ၂၆ နှစ်လုံးလုံး မန်ယူကို ဂုဏ်တွေတင် ပုံတွေတင်ပြီး ဆေးရောင်ပေးခဲ့တာ မန်ယူတောင် အတော်လေး တောက်ပြောင်သွားခဲ့တာကိုး။ သူ့နည်းတူ ၂၆ နှစ်လုံးလုံး ကျနော်တို့အမိမြေကြီးကိုလဲ  ဂုဏ်တင်ပေးခဲ့တဲ့လူ ပေါ်ပေါက်ခဲ့ပါရဲ့။  ဒါပေမဲ့..ဖာဂူဆန်ကြီးက ၂၆ နှစ်တိတိ အမှုထမ်းဆောင်ခဲ့တာ ဖလားပေါင်း ၃၈ လုံး ရခဲ့သတဲ့။ အင်းးးး အမိမြန်မာနိုင်ငံကြီးလဲ အဲဒီ ၂၆ နှစ်အတွင်း ပြုစုပျိုးထောင်လိုက်တာ -ာ ဖိုး ဖဲ မျိုးစေ့တွေ အတော်လေး ဖြစ်ထွန်းခဲ့ပါရောဆိုလားဘဲ။ ဟုတ်မဟုတ်တော့ မသိ။

ကျနော်တို့ လန်ဒန်ရောက်ခါစ အိမ်ရှင်အဘိုးက ဂရင်းနစ်စံတော်ချိန်သတ်မှတ်တဲ့နေရာ (ဂရင်းနစ်ဥယျာဉ်)ကို လိုက်ပို့တယ်။ အပြန်မှာ ပစ်ကယ်ဒလီမြေအောက် ရထားစီးပြီး ပြန်လာကြတယ်။ ရထားပေါ်မှာ ကျနော်တို့နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ အမျိုးသမီးတစ်ယောက် ထိုင်နေတယ်။ ပုံစံက ဖိလစ်ပိုင်စတိုင်လ်မျိုးပါဘဲ။ အဲဒီအမျိုးသမီး မျက်နှာမှာ ၀က်ခြံတွေ ထူလပျစ်ပေါက်နေတယ်။ ဒါပေမဲ့ အဲဒီဝက်ခြံတွေက အမျိုးသမီးရဲ့ အလှအပတွေကိုတော့ ဖျက်ဆီးမပစ်ပါဘူး။ လှနေဆဲပါဘဲ။ အဲဒီမှာ အဘိုးအိုက တစခန်းထလာတော့တာဘဲ။ အဲဒီအမျိုးသမီးရဲ့ မျက်နှာကို ကြည့်ပြီး... မောင်ရင် အဲဒီအမျိုးသမီး မျက်နှာပေါ်က ၀က်ခြံတွေ ပျောက်တဲ့ နည်းရှိတယ်။ လွယ်လွယ်လေးတဲ့။.. ဆိုစမ်းပါဦးအဘိုးဆိုတော့.. ကောင်လေးတစ်ယောက်ကို နမ်းခိုင်းလိုက်ရင် ဒီနေ့နမ်း မနက်ဖန် ပျောက်ပြီ။ မပျောက်ဘူးဆို ကြိုက်တာပြော တဲ့။ ဟိုက ဗမာစကားတွေ နားမလည်လို့ တော်ပါသေးရဲ့။ အဘိုးအို ဆေးနည်းကလဲ ခပ်ကောင်းကောင်းရယ်။ ဒါပေမဲ့ တော်ကြာ ၀က်ခြံပေါက်နေတဲ့ အမျိုးသမီးတွေ အဲဒီနည်းအတိုင်း ကျင့်သုံးကုန်မှဖြင့် မဟာ့မဟာဒုက္ခ။ ပြီးတော့ အဘိုးအိုက ကျနော့်ကို ဆက်မေးသေးတယ်။ အဲဒီအမျိုးသမီးက ဘာလူမျိုးလဲ မသိဘူးနော်တဲ့။ ကျနော်လဲ  အများသုံးနေကျ စကားဝှက်ကလေးနဲ့ ကျနော်ထင်ထားတဲ့အတိုင်း. ဖဦးထုပ်အမျိုးသမီးထင်တာဘဲ အဘိုး..လို့ ပြန်ပြောလိုက်တော့.. အဘိုးက မျက်မှောင်ကြုတ်ပြီး ကျနော့်ကို ကြိမ်းမောင်းတယ်။ မင်း... သူတပါးသားသမီးကို အဲဒီလို မစော်ကားနဲ့။ မစွပ်စွဲနဲ့၊ မပုတ်ခတ်နဲ့တဲ့။ ကိုင်း ခက်ချေဘူးလား။ ကျနော် ဘာများ စော်ကားနေမိပါလိမ့်။ အော်..... လက်စသတ်တော့ အဘိုးအိုက စကားဝှက်ကို မသိဘဲ သူထင်ရာစဉ်းစားပြီး ဖဦးထုပ်ဆိုတာ မကောင်းတာ လုပ်စားတဲ့ အမျိုးသမီးတွေကို ခေါ်ဝေါ်တာလို့ ထင်နေတာကိုး။။

အင်း... ပြောရင်းနဲ့ ဖဦးထုပ် ရှာပုံတော် မရောက်ဘဲ ဖြစ်နေဦးမယ်။ ထုံးစံမပျက်အောင် စာသံပေသံလေးနဲ့ လုပ်ထားပေဦးမှ။
............

တနေ့သောအခါ ကျွန်ုပ်တို့၏အိမ်ရှင် အဘိုးအိုသည် သူ၏ မိတ်ဆွေရှိရာ လန်ဒန်အရှေ့ဘက်ပိုင်းသို့ ညအိပ်ညနေ ခရီးထွက်နေ၏။ ထိုအခိုက် ထိုအိမ်သို့ အဘိုးအို၏ နာမည်ဖြင့် စာတစ်စောင်ရောက်လာလေ၏။ သူ၏သမီးအငယ်ဆုံးမှ မွေးဖွားသော သမီးငယ် (မြေးငယ်)လေးထံမှ စာဖြစ်၏။ ထိုမြေးငယ်လေးကို လွန်ခဲ့သည့် ရှစ်နှစ်ခန့်က လန်ဒန်၌ မွေးဖွားခဲ့ခြင်းဖြစ်၏။ မိဘနှစ်ပါး၏ ကျေးဇူးကြောင့် ထိုမြေးငယ်လေးသည် မြန်မာစာကို ရေးတတ်ဖတ်တတ်လေ၏။ ထိုစာသည် မြေးငယ်လေး၏ နှစ်သစ်ကူးဆုတောင်းစာတစ်စောင်ပင်ဖြစ်၏။

"ဖိုးဖိုး ကျန်းမာချမ်းသာပါစေ။ နှစ်သစ်မှာ ဖေဖေမေမေနဲ့အတူ ဖိုးဖိုးအပါအ၀င် ပျော်ကြရအောင် အိမ်ကို လာခဲ့ပါဦး ဖိုးဖိုး"
""ချစ်တဲ့ေ မြေး ရွှန်းလဲ့""

 ထိုစာကို အဖိုးအိုက ပထမဖတ်၏။ အဘိုးအို၏ မိတ်ဆွေကြီးဦးစိုးက ဒုတိယဖတ်၏။ အဘိုးအို၏ မျက်နှာ၌ သူ့မြေးငယ်လေးအတွက် ကြည်နူးပီတိပြုံးဖြင့် တွန့်လိမ်နေသည့် ပါးရည်နားရည်များ ပိုပြီး တွန့်လိမ်လာသည်ထိ ပြုံးတုံ့ပြုံးလှယ် ပြုံးကျယ်ကျယ်ကြီး ဖြစ်နေလေ၏။ ဖြစ်ပေမပေါ့။ နိုင်ငံရပ်ခြားမှာ မွေးဖွားကြီးပြင်းလာသည့် မြေးငယ်လေးက ဒီလောက်ထိ မြန်မာစာကို ရေးတတ်ဖတ်တတ်သည်ကိုး။ ထိုအခိုက် သူ၏ မိတ်ဆွေကြီးကလဲ အဘိုးအို၏ မြေးငယ်လေးအတွက် ဟိမ၀န္တာချီးမွမ်းခန်းဖွင့်လေ၏။

"ဘဘိုး ခင်ဗျားမြေးငယ်လေးကတော့ သြချရလောက်ပါရဲ့ဗျာ။ အသက်ကလေး ရှစ်နှစ်လောက်နဲ့.....မြန်မာစာကို..အတော်လေး ရေးတတ်တယ်။ နှစ်သစ်ဆုတောင်းတွေတောင်      တောင်းပေးတတ်နေပြီကော"

"အေးကွ ငစိုးရ။ ဆုတောင်းလေးတော့ ကောင်းပါတယ်။ ဒါပေမဲ့.."

"ဒါပေမဲ့ ဘာဖြစ်တုန်း။ ဆိုစမ်းပါဦး"

"မင်းလဲ ဖတ်ပြီးပြီဘဲကွာ။ မင်းမြင်တဲ့အတိုင်းပေါ့။ ဖဦးထုပ် ရေးထုံးရေးနည်းက မှားနေတယ် မဟုတ်လား"

"ဗျာ... ဘယ်လို ဘဘိုး"

"မင်းကလဲ... ရော့... ဒီမှာ ပြန်ဖတ်ကြည့်ဦး"

(အဘိုး ထိုးပေးသည့် စာကို ဖတ်ကြည့်ပြီး)

"ဟာ.. ဘဘိုးကလဲ သူရေးထားတာ မှန်နေတာဘဲလေ"

"မင်းကလဲ ကကြီးခခွေးတောင် မကျေဘဲနဲ့ ပြောနေပြန်ပါပြီ။ ဖဦးထုပ်ကို သေချာကြည့်ပါဦး။ အမှန်က ဖဦးထုပ်ရဲ့ အဆံလေးက ညာဘက်ခြမ်းမှာ ရှိရမှာ မဟုတ်ဘူး။ ဘယ်ဘက်ခြမ်းမှာ ရှိရမှာ။ မသိရင်မှတ်ထားလိုက်ဦး။ ဖဦးထုပ်ရေးနည်းက ဒီလို ဒီလို"



အဘိုးအိုရဲ့ ဖဦးထုပ်ရေးနည်းကို ကြည့်ပြီး သူ့မိတ်ဆွေကြီး ငစိုးတစ်ယောက်လဲ ယောင်ချာချာ ဖြစ်သွားလေ၏။ အဖေအိုဘဲ မှန်သလိုလို သူဘဲ မှားသလိုလိုနဲ့ ဇဝေဇ၀ါ ဖြစ်သွားလေတော့၏။

"ဟာဗျာ.. ဘဘိုး.. ဒါဆို နေဦး.. ကျနော့် အသိတစ်ယောက်ဆီ ဖုန်းဆက်ပြီး မေးလိုက်ဦးမယ်။။။။"

"မေးပါ မေးပါ"

"""ကလင်ကလင်ကလင်"""

"ဟလို အမိန့်ရှိပါ"

"တင်ဇာလား။ ဦးစိုးရယ်ပါ"

"ဟုတ်..ဦးစိုး ပြောလေ"

"ဒီမှာဟေ့.. ဖဦးထုပ် ပြဿနာတက်နေလို့"

"ဘာကြီးတုန်း ဦးစိုး"

"ဘဘိုးတစ်ယောက်လေ.. ဖဦးထုပ် ရေးနည်းကို အူချာချာ ဖြစ်နေတယ်"

"ဘယ်လို ဖြစ်တာတုန်း ဦးစိုး"

"ဖဦးထုပ် ရေးတဲ့အခါမှာ အဆံလေးကို ဘယ်ဘက်ကထားပြီး ရေးတဲ့ ဖဦးထုပ်ကမှ အမှန်တဲ့။ အဲဒါ မေးမလို့ ညည်းကကော ဖဦးထုပ်ကို ဘယ်လို ရေးမှ မှန်တယ် ထင်လဲ"

""ဟာ.. ဦးစိုးကလဲ.. အဆံက ညာဘက်က ရှိရမှာလေ

"ဟုတ်လို့လား သမီးတင်ဇာ.. သေချာလဲ စဉ်းစားကြည့်စမ်းပါဦး"

(ဇဝေဇ၀ါလေသံဖြင့်)

"သိတော့ဘူး ဦးစိုးရေ... သမီးလဲ အခု အလုပ်ထဲ ရောက်နေတယ်။ နောက်မှ အင်တာနက်ကနေ ရှာပေးတော့မယ်။ ဒါဘဲနော်"

ဦးစိုးတစ်ယောက် ဖဦးထုပ် သတ်ပုံအမှန် ရမသွားရှာပေ။ ထို့နောက် မြှားဦးက ကျွန်ုပ်ထံသို့ လှည့်လာသည်။ ဒီတစ်ခါ ဖုန်းဆက်အလှည့်ကျသူက ကျွန်ုပ်တို့ အဘိုးအို။

"""ကလင် ကလင် ကလင်"""

"ဟလို.. အဘိုးလား။ ဘယ်ရောက်နေလဲ"

"ငါ လန်ဒန်အရှေ့ဘက်ပိုင်းရောက်နေတယ်။ အဲဒါ မင်းကို မေးစရာရှိလို့"

"ပြောလေ အဘိုး"

"ဘာရယ်လို့တော့ မဟုတ်ပါဘူးကွာ။ ဖဦးထုပ် သတ်ပုံအမှန်ကို သိချင်လို့ပါ"

"ပြော အဘိုး"

"မင်း ဖဦးထုပ် ရေးတဲ့အခါမှာ အဆံလေးကို ဘယ်ဘက်ခြမ်းမှာ ထားပြီးရေးတာလား။ ညာဘက်ခြမ်းမှာ ထားပြီး ရေးတာလား။ အဲဒါလေး ပြောပြပေးစမ်းပါကွာ။ ဒီမှာ ဟိုကောင် ငစိုးက ဖဦးထုပ်ရေးရင် အဆံကို ညာဘက်ခြမ်းမှာ ထားရမယ်ဆိုပြီး ဇွတ်ငြင်းနေလို့"

အဘိုးအို ပြောကာမှ ကျွန်ုပ်လဲ စိတ်ဖြင့်မှန်းကာ ဖဦးထုပ်ကို ရေးကြည့်သည်။ ဟိုအရင် စာတွေ ရေးနေကျတုန်းကတော့ ခက်ခက်ခဲခဲမရှိ။ အခု အဘိုးအိုပြောကာမှ ဖဦးထုပ်ရဲ့ အဆံက ဘယ်ဘက်မှာလား ညာဘက်မှာလား ဝေခွဲမရ ဖြစ်နေသည်။ စာရွတ်တစ်ရွက်ယူပြီး ဘောလ်ပင်နဲ့ ရေးကြည့်ပြန်တော့လဲ ဖဦးထုပ်တွေက ယောင်လည်လည်။         

" ဘယ်လိုလဲကွ.. အဆံက ဘယ်ဘက်မှာ မဟုတ်လား"

"နေဦးအဘိုး.. ကျနော်လဲ ယောင်နေတယ်။ မြန်မာစာသတ်ပုံကျမ်း ရှာကြည့်လိုက်ဦးမယ်"

ကျွန်ုပ်လဲ လွန်ခဲ့သည့် ငါးနှစ်ခန့်ကထဲက ကျွန်ုပ်၏ ဘလော့ဆိုဒ်ဘား၌ အဆင်သင့်လုပ်ထားသည့် မြန်မာစာသတ်ပုံကျမ်းကို ကလစ်နှိပ်ပြီး ရှာကြည့်လိုက်သောအခါ အဘိုးအိုပြောသည့် ဖဦးထုပ်ကို ပက်ပက်ပင်းပင်းကြီး တွေ့ရလေတော့၏။ သို့သော် သူ၏အဆံကား ဘယ်ဘက်၌မရှိ ညာဘက်မှာ အဆံခတ်ထားသည့် ညာဆံခတ်ဖဦးထုပ်ပင် ဖြစ်လေတော့၏။

"အဘိုး"

"ဘာတုန်းကွ"

"ဖဦးထုပ်ကြီးက ညာဘက်မှာ အဆံခတ်ထားတယ်။ အဲဒါကမှ အမှန်ဗျ"

"ဟေ.. သေချာရဲ့လားကွာ"

"အဘိုးကလဲ သေချာဆို ကျနော်က မြန်မာနိုင်ငံအစိုးရ ပညာရေးဌာနက ထုတ်ဝေတဲ့ မြန်မာစာသတ်ပုံကျမ်းကို သေချာကြည့်ပြီးမှ ပြောတာပါဗျ"

(အဘိုးအိုကား လုံးဝအလျော့မပေး)

"အေးပေါ့ကွာ.. မင်းတို့ လက်ထက်တော့ လုပ်ထားကြပေါ့။ ငါတို့ လက်ထက်တုန်းကတော့ ဖဦးထုပ်ဆိုတာ ဘယ်ဘက်မှာ အဆံခတ်ပြီး ရေးခဲ့ကြတာပါဘဲကွာ" တဲ့။

 အဘိုးအို၏ ဖဦးထုပ်ရှာပုံတော်ကား ဤမှာတွင် ပြီးသွားလေ၏။ သို့သော် အဘိုးအို၏ တယူသန် ဖဦးထုပ်စွဲလန်းမှုကြောင့် ကျွန်ုပ်သည် စပ်မိစပ်ရာ ပုံပြင်တစ်ပုဒ်ကို အမှတ်ရမိသွားလေ၏။

ရှေးရှေးတုန်းက အိမ်ကြီးတစ်ဆောင်၌ လသာဆောင်ရှိ၏။ တစ်နေ့ ထိုလသာဆောင်၌ ညအခါ လူနှစ်ယောက် လေညှင်းခံရင်း လရောင်၏ အရသာကို ခံစားနေကြ၏။ တစ်ယောက်က အဘိုးအို။ နောက်တစ်ယောက်က မြေးယောက်ျားလေး။ အဘိုးအိုက အနှိပ်ခံနေသည်။ မြေးလေးက နှိပ်ပေးနေသည်။ ထိုအခါ မြေးလေးက အဘိုးအိုကို....

"အဘိုး... ဟို.. ကျနော်တို့အထက် တောင်ဘက် ကောင်းကင်ပေါ်မှာ လင်းထိန်နေတဲ့ ကြယ်ကြီးတစ်လုံး ရှိတယ်။ အဲဒါ ဘာကြယ်ကြီးလဲ မသိဘူးနော် အဘိုး"

ဟု. နှိပ်ပေးရင်း လှမ်းမေးလိုက်လေ၏။

"အဲဒါ ဓူဝံကြယ်လို့ ခေါ်တယ်ကွဲ့ ငါ့မြေးရဲ့"

ဟု..  ပြန်ဖြေလေ၏။

"အာ... အဘိုးကလဲ ဓူဝံကြယ်ဆိုတာ ကျနော်တို့ ခေါင်းအပေါ်ရဲ့ မြောက်ဘက်မှာ ရှိရမှာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဓူဝံကြယ်က တောင်ဘက်ကို ရောက်သွားရတာလဲ"

ဟု လှမ်းအထောက်... အဘိုးအိုကလဲ အရှုံးမပေး..

"ရှူးတိုးတိုး... ငါ့မြေး... ဘယ်သူ့ကိုမှ မပြောနဲ့နော်။ အဲဒီ ဓူဝံကြယ်ကြီး တောင်ဘက်ကို ပြောင်းသွားတာ တစ်ပတ်ဘဲ ရှိသေးတယ်။ ငါကလွဲပြီး ဘယ်သူမှ အဲဒီ အကြောင်းကို မသိကြဘူး။ အခုဆိုရင်တော့ ဓူဝံကြယ်ကြီး တောင်ဘက်ပြောင်းသွားတာကို သိတာ မင်းနှင့်ငါဆိုတော့ နှစ်ယောက် ရှိသွားပြီပေါ့ကွာ။ အဲဒီ အကြောင်း ဘယ်သူ့ကိုမှ မင်း သွားမပြောနဲ့နော်"

ဟု မြေးလေးနဲ့ အပြိုင် အငြင်းအခုန်လုပ်ပြီး အနိုင်ယူလေသောဟူ၏။

ဤလောကကြီး၌ ဖဦးထုပ်အဆံကို ညာဘက်မှာ ရေးရသည်ဆိုသော၊ ဓူဝံကြယ်ကြီး တောင်ဘက်အရပ် ပြောင်းသွားသည်ဆိုသော အဘိုးအိုနှစ်ဦးကဲ့သို့  လူပေါင်းများစွာ လူပေါင်းများစွာ ရှိခဲ့ပေမည်၊ ရှိနေဦးမည်၊ ရှိနေလိမ့်ဦးမည်မှာ အမှန်ပင် ဖြစ်ပေတော့သတည်း။  ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.

13 comments:

Anonymous said...

သကြီးရေ ကျေးဇူးဘဲ .. ရှာရှာပေါက်ပေါက် ဖ ဘယ်ဆံ တဲ့ ဒီအဖိုး ကလည်း ... စာတပုဒ် ဖတ်ရတာပေါ့ .. ရေးအုန်းနော် သကြီးမင်း

ရွှေစင်ဦး

seesein said...

တဂျီးမင်း
"အေးပေါ့ကွာ.. မင်းတို့ လက်ထက်တော့ လုပ်ထားကြပေါ့။"
လုပ်ချင်ရာလုပ်နေကြတာပဲ တဂျီးမင်းရဲ့.....ငါတို့လက်ထက်တော့ ဘယ်တော့ရောက်မယ်မှန်း သိဘူးဗျ......
စာထဲတွင် ဖန်းဆင်းချင်တာဖန်ဆင်းနိုင်သောကြောင့် များများရေးပါကုန်....ရေးသူအပေါင်း နဲ့ ဖတ်မိသူပရိတ်သတ်ကြီးများ စိတ်ချမ်းသာကြကုန်၏.....

Auntylay Maykhin said...

သူကြီး ဖ အဆံ ဘယ်ဘက်နှင့် ညာဘက် ဘယ်မှာရှိတယ်ဆိုတာ ဖတ်ရင်းနှင့် ဇဝေဇဝါ ဖြစ်မိတယ် ဟားဟားဟား တီလေးလည်း မြေးတွေရမှ အဖွားကြီးအဖြစ်နဲ့ မြေးတွေနဲ့အပြိုင် အငြင်းအခုံ လုပ်နေမလားတွေးနေမိတယ်။ အားပေးလျှက် ခင်တဲ့အန်တီလေးမေခင်

ဟန်ကြည် said...

အနှီပုံပြင် ကြားဖူးပါ့ဗျာ...အိမ်မှာ လက်သုံးစကားပေါ့...တစ်ခုခုများ ရမ်းကြိတ်မိလိုက်ရင် အနှီပုံပြင်ထဲက စကားလုံးနဲ့ အထုခံရပြီမှတ်...

မိဘတွေနဲ့ အတူနေခဲ့ရတဲ့ ငယ်ဘ၀ကို ပြန်လွမ်းသွားပါရောလား သူကြီးမင်းရေ...

Aung Htut said...

တဂျီးပြောမှ ကျွန်တော်ပါ ယောင်လည်လည်ဖြစ်သွားတော့ဒယ်....

သဒ္ဓါလှိုင်း said...

သူကြီးမင်းရေ.
သတိတရ စာလာဖတ်ပါတယ်.။
နေကောင်းပါရဲ့လား.
စာဖတ်ပြီး ပြုံး. စာဖတ်ပြီး စိတ်ပေါ့ပါး သွားအောင် ရေးနိုင်တာလည်း သူကြီးရဲ့ ပါရမီများလားပဲနော်..
ခင်မင်လျက်
သဒ္ဓါ

Ma Tint said...

အဘိုးအိုလိုလူပေါင်းများစွာထဲမှာ ကိုယ်တောင်ပါနေလား မသိပါဘူး တဂျီးမင်းရယ် ဟာဟ ဖဦးထုပ်ရှာပုံတော်လေး အဆုံးသတ်သွားတာ နှမြောစရာ... အလားတူ ဇာတ်လမ်းလေးတွေဖတ်ဘို့ ရက်ပေါင်းများစွား လက်ချိုးရေရင်းစောင့်လိုက်အုံးမယ် :P

မေတ္တာဖြင့်
တီတင့်

San Htun said...

တဂျီးမင်း ပို့ စ်ကို ဖတ်ရင်း ဖဦးထုပ်ကိုတောင် ချရေးနေမိသေးတယ်...ဒီလိုကြောင့်လည်း တဂျီးမင်း ပို့ စ်တပုဒ် ရတာပေါ့..ဖတ်ပြီးတဲ့အထိ ပြုံးပြုံးကြီး ဖြစ်နေတယ်...း)

နေ၀သန် said...

ဟားဟားဟား.. မရယ်ရတာတောင်ကြာပြီ... အူတောင်တက်တယ်.. :P

ခင်မင်လျက်
နေ၀သန်

ကူးကူးလှိုင် said...

ဖဦးထုပ်ဇာတ်လမ်းလေး ဖတ်သွားတယ် သူဂျီး... စာတွေ အဆက်မပြက်ရေးနိုင်နိုင်ပါစေ...

ဆွေလေးမွန် said...

တဂျီမင်း ပြောမှပဲ ဖဦးထုပ်ရေးတာ ဇဝေဇ၀ါ နဝေတိန်တောင်ကိုဖြစ်ရော.. :) :)

Anonymous said...

ဖဦးထုပ်က အဆံပြောင်းသွားပြီလား။ ဘယ်ဘက်ရောက်သွားလဲ။

June Moe said...

:D :D :D
ဖတ်ပြီး သဘောကျတယ် အကိုရေ..
ဘာတဲ့ ဖဦးထုပ်အဆံက ဘယ်ဘက်မှာ..ဟုတ်လား..
သတ်ပုံကျမ်းပြန်လှန်လိုက်ဦးမယ်နော်.. :D

ချစ်ခင်လေးစားစွာဖြင့်
ဂျွန်မိုး