Saturday, 12 January 2013

ကျွန်ုပ်နှင့် အဘိုးအို ( သို့မဟုတ်) ဗျုတ်စဗျင်းတောင်း


"သီဟိုဠ်ပြည်တွင် စောရနာဂမင်းသည် သူ မင်းမဖြစ်မီ သူပုန်ခိုးမှူးအဖြစ်ဖြင့် ၁၄ နှစ်လုံးလုံး တောတွင်း၌နေ၍ ပုန်ကန်လေ၏။ ထိုရောအခါ ရဟန်းသံဃာတို့သို့ ချဉ်းကပ်၍ တည်းခိုအိပ်မည်ကို သံဃာတော်များက နှင်လေသောကြောင့် ရန်ငြိုးဖွဲ့လေ၏။ အခါသင့်သော် သူသည် မင်းအဖြစ်သို့ ရောက်လေ၏။ မင်းအဖြစ်သို့ရောက်လတ်သော်  ရန်ငြိုးရှိခဲ့သည့်အတိုင်း သံဃာတော်များ၏ ကျောင်းပေါင်း ၁၈ ကျောင်းကို ဖျက်ဆီးပစ်လေ၏။ သံဃာတော်များနှင့် တိုင်းသူပြည်သားများလည်း အတိဒုက္ခရောက်ကြရ၏။ ၄င်းမင်းလက်ထက် သီဟိုဠ်ပြည်၌ ၁၂ နှစ်ပတ်လုံး ငတ်မွတ်ခေါင်းပါးသောကြောင့် လင်နှင့်မယားပင်ဖြစ်သော်လည်း ခဏလေးမျှ ချစ်ခြင်းမရှိကြ။ လူမိုက် လူရမ်းကားတို့သည် အရိယာအရှင်မြတ်တို့၏ ၀မ်းဗိုက်ကိုဖောက်၍ ၀မ်းတွင်းရှိ ထမင်းကို ဆေး၍ စားကြကုန်၏။

ထိုစောရနာဂမင်းသည် ရက်စက်စွာ မင်းမူ၍ နန်းစည်းစိမ် ၁၂ နှစ်၊ သာသနာနှစ် ၄၈၄ ခုနှစ်တွင် အနုဠာဒေ၀ီက သေဆေးဖြင့်သတ်သဖြင့် အနိစ္စရောက်လေ၏။ ထိုအနုဠာဒေ၀ီသည် ရာဇတိဿမင်းသားကို နန်းတင်၍ လင်ပြုလေ၏။ ထိုမင်းသည်လည်း နန်းစည်းစိမ် ၂ နှစ်၊ သာသနာနှစ် ၄၈၇ ခုနှစ်တွင် အနုဠာဒေ၀ီကပင် သေဆေးဖြင့်သတ်၍ အနိစ္စရောက်လေ၏။ ၄င်းနှစ်အတွင်း ထိုအနုဠာဒေ၀ီသည် တံခါးမှူးသီဝလုလင်ကို နန်းတင်၍ လင်ပြုပြန်လေ၏။ ထိုမင်းသည်လည်း နန်းစည်းစိမ် ၁ နှစ်၊ သာသနာနှစ် ၄၈၈ ခုနှစ်တွင် အနုဠာဒေ၀ီကပင် သေဆေးဖြင့် သတ်၍ အနိစ္စရောက်လေ၏။ ၄င်းနှစ်အတွင်း ထိုအနုဠာဒေ၀ီသည် တစည်းသမားလုလင်ကို နန်းတင်၍ လင်ပြုပြန်လေ၏။ ထိုမင်းသည်လည်း နန်းစည်းစိမ် ၁ နှစ်၊ သာသနာနှစ် ၄၈၉ ခုနှစ်တွင် အနုဠာဒေ၀ီကပင် သေဆေးဖြင့်သတ်၍ အနိစ္စရောက်လေ၏။ ၄င်းနှစ်အတွင်း အနုဠာဒေ၀ီသည် ထင်းထမ်းသမား ဒါရုဘာတိကကို နန်းတင်၍ လင်ပြုပြန်လေ၏။ ထိုမင်းသည်လည်း နန်းစည်းစိမ် ၁ နှစ်၊ သာသနာ ၄၉၀ ခုနှစ်တွင် ထိုအနုဠာဒေ၀ီကပင် သေဆေးဖြင့်သတ်၍ အနိစ္စရောက်လေ၏။ ၄င်းနှစ်အတွင်း အနုဠာဒေ၀ီသည် နိလိယပုရောဟိတ်ကို နန်းတင်၍ လင်ပြုပြန်လေ၏။ ထိုမင်းသည်လည်း နန်းစည်းစိမ် ၆ လ၊ သာသနာနှစ် ၄၉၀ နှစ်တွင်ပင် ထိုအနုဠာဒေ၀ီ သေဆေးဖြင့်သတ်၍ အနိစ္စရောက်လေ၏။ ၄င်းနှစ်အတွင်း အနုဠာဒေ၀ီသည် ဆင်မှူး ၃၂ ယောက်သားတို့နှင့် အလှည့်အလည် တပြိုင်နက် ရာဂစည်းစိမ်ကို ခံ၍ ၆ လ ရှိသောအခါ သာသနာနှစ် ၅၀၀ ပြည့်နှစ်တွင် ထိုအနုဠာဒေ၀ီ၏ တူတော် ကုဋကဏ္ဏတိဿမင်းသားသည် လင်များသော အနုဠာဒေ၀ီမိန်းမကို သတ်၍ မင်းပြုလေ၏။

ထို ကုဋကဏ္ဏတိဿမင်း လက်ထက်ရောက်မှပင် သာသနာ စည်ပင်ပြန့်ပြောခြင်းသို့ ရောက်လေ၏။  "  
......


ကျွန်ုပ်သည် မဲထီးဆရာတော်၏ ၀ံသဒီပနီစာအုပ် စာမျက်နှာ ၅၅-၅၆ တို့မှ အထက်ပါ အကြောင်းအရာတို့ကို ဖတ်ကြည့်မိကာ အကြီးအကျယ် စိတ် နှောက်ကျုခြင်းကို ခံစားရလေ၏။ စာ ဆက်ဖတ်ချင်စိတ်လဲ ကုန်သွားလေ၏။ မျက်စိထဲမှာလဲ စာအုပ်ထဲက ဇာတ်ကောင်တို့ နေရာယူပြီး ကြီးစိုးနေကြလေ၏။ စိတ်ထဲမှာတော့ တကယ့်ကို မခံချိမခံသာ။ ထို့ကြောင့်...

"တောက်... အတော်ဆိုးတဲ့ မင်း... အတော်လူမဆန်တဲ့ မင်း..
အတော်ဆိုးတဲ့ မိန်းမ...၊ အတော်သရမ်းတဲ့ မိန်းမ...၊ အတော်ရက်စက်တဲ့ မိန်းမ...၊ အတော် သောင်းကျန်းတဲ့ မိန်းမ...၊ အတော်ဖောက်ပြန်တဲ့ မိန်းမ...."

စသဖြင့် ဝေါဟာရပေါင်းစုံကို စိတ်တွင်းမှ ရေရွတ်ပြီး ဖတ်လက်စ စာအုပ်ကို ပစ်ထားချထားခဲ့ကာ အနှောက်အကျူ ပြေလိုပြေညား ကော်ဖီပူပူလေး ဖျော်သောက်ရန် အောက်ထပ်သို့ ဆင်းခဲ့လေ၏။ မီးဖိုချောင်ထဲ ၀င်ကာနီးဆဲဆဲတွင် အောက်ထပ်၌ နေထိုင်သည့် အိမ်ရှင်အဘိုးအိုက.. " မောင်ရင်... ခဏလေး လာပါဦးကွ.." ဟု လှမ်းခေါ်သဖြင့် ကော်ဖီဖျော်မသောက်ခင် အဘိုးအို အခန်းထဲ ၀င်ရောက်ပြီး စိတ်မရွှင်ပြစွာဖြင့် ထိုင်စကားပြောခြင်းကို အလုပ်ကို လုပ်ရလေတော့၏။

အဘိုးအိုအခန်းက ဆယ်ပေပတ်လည် အကျော် ရှိပေမဲ့ ရှေးလူကြီးပီပီ ထိုလီမိုလီ စုဆောင်းထားသည့် ပစ္စည်းပစ္စယများဖြင့် ခြေချစရာ မရှိလောက်အောင် ရှုပ်ပွနေလေရကား အသက်ရှူရ အလွန်ကြပ်လေတော့၏။ အဘိုးအိုထံ ရောက်လာသမျှ ပစ္စည်းတို့မှာ အ၀င်လမ်းသာရှိ၍ အထွက်လမ်း မရှိတတ်ချေ။ ဘိလပ်ထုံးစံအရ ဘိလပ်သူဘိလပ်သားတို့သည် အသုံးမလိုတော့သည့် ပစ္စည်းများကို (ရီဆိုင်ကယ်လ် လုပ်ဖို့နှင့် အသုံးတည့်သူများ ယူဆောင်အသုံးပြုနိုင်ဖို့) အိမ်ခြံဝင်းအပြင်ဘက် လူသွားလမ်းဘေးသို့ စွန့်ပစ်ချထားလေ့ရှိရာ လမ်းလျှောက်သွားရင်း အခြားအိမ်တို့မှ စွန့်ပစ်ပစ္စည်းများကို အလတ်ကြီးဘဲ ရှိသေးတယ်ဟူ၍ ကောက်ကောက်ယူလာတတ်သည့် အကျင့်လည်း အဘိုးအိုထံ ရှိလေ၏။  မှတ်မှတ်ရရ အလျားလေးပေ အနံနှစ်ပေခန့်ရှိသည့် ရှေးဟောင်းသေတ္တာစုပ်ကြီး တစ်လုံး၊ ၂၁ လက်မ ရောင်စုံတီဗီ အကြီးကြီးတစ်လုံး၊ လက်ရမ်းတန်း စုပ်ပြဲနေသည့် လှည့်ကုလားထိုင် တစ်လုံး... စသဖြင့် စသဖြင့် များစွာ များစွာ ရှိလေ၏။

ထို့အတူ ကားဘု(တ်)ဈေးဟု ခေါ်တွင်သည့် စနေ တနင်္ဂနွေနေ့များ၌ ချခင်းရောင်းချလေ့ရှိသော ပစ္စည်းအဟောင်းများကိုလည်း ဈေးအလွန်သက်သာသည်ဟု ဆိုကာ တွေ့သမျှ ၀ယ်ယူလာတတ်လေ၏။ ဥပမာ... စတာလင်ဆယ်ပေါင်ဖြင့် ၀ယ်ယူခဲ့သည့် ဧရာမ သံစုံ ဆိုနီကက်ဆက်ဟောင်းကြီးတစ်လုံး၊ လေးငါးပေါင်ဖြင့် ရခဲ့သည့် ဒီဗီဒီပလေယာ နှစ်လုံး၊ တစ်ပေါင် နှစ်ချောင်းရသည့် လမ်းလျှောက်တောင်ဝှေး နှစ်ချောင်း။ ထိုနည်းတူ ဈေးပေါပေါဖြင့် ရလာသည့် ဖိနပ်၊ လက်သည်းညှပ်၊ စကရူဒရိုင်ဘာအုပ်စုံ၊ ကုတ်အကျီ  င်္စသည်တို့သည်လည်း အဘိုးအို အခန်းတွင်း သက်ဆင်းရရှာလေ၏။

လွန်ခဲ့သည့် နှစ်ပတ်ခန့်ကလည်း အဘိုးအိုတစ်ယောက် ဘာမင်ဂမ်အလည်အပတ်သွားလေ၏။ ဘာမင်ဂမ်က အပြန်တွင် ပစ္စည်းတွေ အများကြီးပါလာသည်ဟုဆိုကာ ကျွန်ုပ်အား ဖုန်းဆက်၍ ကားဂိတ်၌ စောင့်ကြိုခိုင်းလေ၏။ ဘတ်စ်ကားကြီး ဆိုက်လာသောအခါ အဘိုးအိုလက်နှစ်ဖက်နှင့် ဘယ်ညာ ဆွဲယူလာသည့် ပစ္စည်းအပြင် ကျောတွင် ပိုးထားသည့် ကျောင်းပိုးအိတ်တစ်ခုပါ ပါလာလေ၏။  ကျွန်ုပ်လဲ ပစ္စည်းတစ်ချို့ကို လှမ်းယူကာ... "အဘိုး.. အကုန်လုံးပေးခဲ့လိုက်.... ကျွန်တော် သယ်ယူသွားမယ်။ အဘိုးက သက်တောင့်သက်သာ နောက်ကနေ အေးအေးဆေးဆေးလိုက်ခဲ့"ဟု ဆိုသော်လည်း အထုပ်နှစ်ခုကိုသာ ကျွန်ုပ်အား ပေးခဲ့၍   "ဒါကတော့ မင်းကို သယ်ခိုင်းလို့ မဖြစ်ဘူး.. ငါ ဘိုးတော် တစ်ပါး ပင့်လာတာ" ဟု ဆိုကာ ဂျွတ်ဂျွတ်အိတ်ဖြင့် ဆွဲယူလာသည့် ပစ္စည်းတစ်ထုပ်ကိုမူ သူကိုယ်တိုင် သယ်ယူလာ၏။

အိမ်ရောက်၍ အထုပ်တွေ အပ်ပြီး အဘိုးအို သယ်ယူလာသည့် ကျွတ်ကျွတ်အိတ်ကို စပ်စုလို၍ ဖွင့်ကြည့်လိုက်ရာ အ၀တ်စတစ်ခုဖြင့် ထုပ်ပိုးထားသည့် အရာဝတ္ထုတစ်ခုကို တွေ့ရလေ၏။ ထို အ၀တ်ထုပ်ကို ဖြေကြည့်ုလိုက်ရာ ပြုံးဖြီးဖြီးမျက်နှာကြီးဖြင့် တစ်တောင်ခန့်ရှိသည့် တရုတ်ဥတည်ဘွားရုပ်ထုကြီး ဘွားကနဲ ပေါ်လာလေတော့၏။

"ဟာ အဘိုး... ဥတည်ဘွား ရုပ်ကြီးပါလား... ဧကန္တတော့ ဘာမင်ဂမ် အဟောင်းဆိုင် ဈေးတန်းကနေ ဈေးချိုလို့ ဆွဲယူလာတာရှိမယ်.. . "

"မဟုတ်ဘူးကွ... အလကား ရလာတာ"

"ဒါဖြင့် အလစ်သုတ်လာတာ ဖြစ်မယ်.. အဟီးဟီး"

"ထွီးမှဘဲ။ အလစ်သုတ်စရာလား"

"ဒါဖြင့် ဘယ်လို ရလာတာလဲ"

"ဒီလိုကွ။ ငါ အညောင်းပြေ လမ်းလျှောက်ထွက်ရင်း တံတွေးထွေးချင်စိတ်ပေါက်လာတာနဲ့ လမ်းဘေး တစ်နေရာက ခြုံပုတ်နားသွားပြီး တံတွေးထွေးမယ်လဲ လုပ်ရော ခြံဖုတ်ထဲက အသံတစ်ခုခု ကြားသလိုလို ခံစားမိတာနဲ့ တံတွေးကို ခြုံဖုတ်ဘေးထွေးပြီး ခြုံဖုတ်ကို ဖြဲကြည့်လိုက်တော့ ခပ်ပြုံးပြုံးနဲ့ ငါ့ကို လက်ယပ်ခေါ်နေသလိုလိုပုံနဲ့ ဒီဥတည်ဘွားရုပ်ကြီးကို တွေ့လိုက်ရတာဘဲ။ ငါလဲ ငါနဲ့ထိုက်လို့ အခုလို တွေ့ခွင့်ရတာဘဲ ဆိုပြီး တစ်ခါထဲ ငါတည်းခိုနေတဲ့ အိမ်ကို ယူလာတယ်။ ပြီးတော့ ရေနဲ့ ဆပ်ပြာနဲ့ စင်အောင် ဆေးကြောပြီး အခုလို ယူလာတာလေ"

ဤသို့ဤနှယ် ၀ယ်ယူလာ ကောက်ယူလာသည့် ပစ္စည်းများဖြင့် အဘိုးအို၏ အခန်းအတွင်းဝယ် အထုပ်ကြီး အထုပ်ငယ် အသွယ်သွယ်တို့ တို့လို့တွဲလောင်း ပြန့်ပြန့်ကြဲကြဲ ဖရိုဖရဲ နေရာအနှံ့ တည်ရှိနေကြလေ၏။ ထိုမှတစ်ပါး အခန်းထောင့်များတွင် နဂါးခေါင်းရုပ်ထု မြွေခေါင်းရုပ်ထု မြင်းခေါင်းရုပ်ထု မြေခွေးခေါင်းရုပ်ထု စသည့် ရုပ်ထုများကိုလည်း နေရာချထားလေ၏။ အခန်းတွင်းရှိ နံရံများ၌လည်း ဘုရားရုပ်ပုံ ပန်းချီကားချပ်၊ အဘိုးအို မိသားစု ဓါတ်ပုံကြီး၊ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းပုံ စသဖြင့် ပုံများစွာ ကပ်ထားလေ၏။ ပို၍များပြားသောပုံများမှာ လက်ရှိထင်ပေါ်ကျော်ကြားနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတို့ပင်ဖြစ်လေ၏။ ထိုပုံများကို မှန်ဘောင်ဖြင့်တစ်မျိုး၊ ရိုးရိုး ပန်းချီကားမျိုးဖြင့်တစ်ဖုံ နံရံ၌ ချိတ်ဆွဲထားလေ၏။ "ဒါမှ ငါတို့ ဗိုလ်ချုပ်ရဲ့ သမီး" ဟူ၍ မကြာခဏပြောကာ ဂုဏ်ယူတတ်လေ၏။ အမှန်ဆိုရသော် အဘိုးအိုကိုယ်တိုင် လွတ်လပ်ရေးကာလတုန်းက ဗိုလ်ချုပ်တို့နဲ့အတူ တိုက်ပွဲဝင်လာခဲ့ရလေ၏။ ထို့ကြောင့်လည်း ဗိုလ်ချုပ်သမီးကို အလေးအမြတ်ထားဟန် ရှိလေ၏။ ထိုသို့သော ပစ္စည်းပစ္စယတွေကြားထဲ အခုဆို ဥတည်ဘွားရုပ်ထုကြီး ပြုံးဖြီးဖြီးကြီး နေရာယူနေပြန်လေပြီတည်း။

အဘိုးအိုသည် တစ်ခါတစ်ရံ အခန်းတွင်း၌ တရားစီဒီဖွင့်ပြီး နားထောင်၏။ တစ်ခါတစ်ရံ မေဆွိ စိုင်းထီးဆိုင် ခင်မောင်တိုးစတဲ့ မြန်မာသီချင်းကို နားထောင်၏။ တစ်ခါတစ်ရံ တရားထိုင်ခြင်းကို ပြုလုပ်လေ၏။ တစ်ခါတစ်ရံ ဘုရားစာ ရွတ်ဖတ်ခြင်းကို ပြုလုပ်လေ၏။ ပို၍ ထူးဆန်းသည်မှာ အဘိုးအိုသည် မြန်မာအစီအစဉ်ပိုင်းဖြစ်သော ဘီဘီစီ ဗီအိုအေ အာအက်ဖ်အေ တို့ကို နေ့စဉ်နားထောင်ခြင်းပင် ဖြစ်၏။ တစ်ခါတစ်ရံ၌မူ ဘီဘီစီစသည့်သတင်းကိုလည်း အင်တာနက်ကတစ်ဆင့်ဖွင့်ထား၏။ အင်္ဂလိပ်အစီအစဉ်ဖြစ်သည့် ဘီဘီစီကိုလည်း တီဗီကနေ ဖွင့်ထား၏။ ရေဒီယိုမှလာသည့် သီချင်းတို့ကိုလည်း ကက်ဆက်အိုကြီးမှတစ်ဆင့် ဖွင့်ထား၏။ တစ်ချိန်ထဲ၌ သုံးမျိုးလုံး ဖွင့်ထားသည့်အတွက် မြန်မာသတင်းတွေကိုဘဲ နားထောင်ရတော့မလိုလို အင်္ဂလိပ်သတင်းကိုဘဲ ကြည့်ရတော့မလိုလို ရေဒီယိုသီချင်းတို့ကိုဘဲ နားထောင်ရတော့မလိုလိုဖြင့် အာရုံအလွန်နှောက်ဖို့ကောင်းလေ၏။

ဘုရားရုပ်ထုများ ဥတည်ဘွားရုပ်ထုများ အနေဖြင့် မျက်စိနှောက် နားနှောက် ဖြစ်မဖြစ်တော့ မသိ။ ကျွန်ုပ်ကိုယ်တိုင်ကမူ အနုဠာဒေ၀ီအကြောင်း ဖတ်ပြီး ခေါင်းအလွန်နှောက်နေသည်က တစ်ကြောင်း၊ အဘိုးအို အခန်းတွင်းက ရာစုနှစ်မျိုးစုံက ပစ္စည်းပစ္စယများကို မြင်ရကြည့်ရ နားထောင်ရသည်က တစ်ကြောင်းတို့ကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ကာ လွန်စွာမှ ခေါင်းနှောက်ကျုခြင်း ဖြစ်လေတော့၏။ ထို့ကြောင့် အဘိုးအို၏ အခန်းတွင်းမှ ထွက်ဖို့ ဟန်ပြင်လိုက်ရာဝယ် အကင်းပါးသော အဘိုးအိုက ကျွန်ုပ်အကြိုက်ဖြစ်သည့် မန်ယူဘောလုံး အကြောင်းဖြင့် ထိန်းချုပ်ထားပြန်လေ၏။

"မောင်ရင်... လွန်ခဲ့တဲ့ သုံးပတ်လောက်က မန်ယူကစားသွားတာ အရမ်းမိုက်တာကလား။ ဘောလုံး ပိုင်ဆိုင်မှုအနေနဲ့ မန်ယူက ကိုးဆယ်ရာခိုင်နှုန်းနီးနီးမှာ ရှိမယ်။ အဲဒီပွဲမှာ ရွန်နေးက နှစ်လုံးတိတိကို သွင်းသွားတယ်။ ပွဲအပြီးမှာတော့ ငါးဂိုး ဂိုးမရှိနဲ့ မန်ယူ ပွဲသိမ်းသွာပါရောလား။ ကောင်းမှကောင်းဘဲ"

အဘိုးအိုပြောသည့် ငါးဂိုး ဂိုးမရှိနဲ့ မန်ယူနိုင်သည့် ပွဲကို အနုလုံပဋိလုံ စဉ်းစားသော်လည်း မပေါ်လာဘဲ ရှိနေ၏။ ဘယ်တုန်းကများ မန်ယူက ဒီနှစ်အတွင်း ဘယ်ပွဲမှာ ငါးဂိုး ဂိုးမရှိဖြင့် နိုင်ခဲ့ပါလိမ့်။ စေ့စေ့စဉ်းစားမှ တိတိကျကျ ပေါ်လာတော့၏။ အမှန်ဆို မန်ယူပွဲလဲ မဟုတ်။ လွန်ခဲ့တဲ့ သုံးပတ်လောက်က ကစားခဲ့တဲ့ ပွဲလဲမဟုတ်။ လွန်ခဲ့တဲ့ သုံးလလောက်က ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ပွဲတစ်ခုပင် ဖြစ်လေ၏။ အဘိုးအို အမှတ်မှားနေခြင်းသာ။

"ဟာ... အဘိုးကတော့ လုပ်ပြီ။ အဲဒါ မန်ယူပွဲမဟုတ်ဘူးလေ။ အင်္ဂလန်ပွဲကြီး။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်နှင့်ဆန်မာရီနိုအသင်း ခြေစစ်ပွဲ ယှဉ်ပြိုင်ကြတာလေ။ ရွန်နေးက အင်္ဂလန်အသင်းကလေ။ သူက မန်ယူမှာလဲ ကစားသလို သူ့ နိုင်ငံအသင်းဖြစ်တဲ့ အင်္ဂလန်အသင်းမှာလဲ ကစားတယ်လေ။ အဲဒီပွဲမှာ အင်္ဂလန်က ငါးဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာ။ ရွန်နေးက နှစ်လုံး သွင်းလိုက်တယ်။ အဲဒီပွဲကို အဘိုးဆိုလိုတာ မဟုတ်လား"

"သိပါဘူးကွာ။ ငါက ရွန်နေးကို မြင်ရင် မန်ယူ အသင်းဘဲလို့ ထင်လိုက်တော့တာ"

အဘိုးအိုသည် ထိုကဲ့သို့သော အမှားမျိုး မကြာမကြာ မှားတတ်လေ၏။ ဟိုတစ်ခါတုန်းကလဲ "ဒီသတင်းစာထဲမှာ ရေးထားတယ်၊ ကော်ဖီသောက်ရင် စိတ်ဓါတ်ကျတတ်တယ်တဲ့၊ အဲဒါကြောင့် မောင်ရင် ကော်ဖီမသောက်တော့နဲ့" ဆိုပြီး တားမြစ်လို့ သူယူလာတဲ့ သတင်းစာထဲ သေချာဖတ်ကြည့်လိုက်တော့မှ "ကော်ဖီသောက်ရင် စိတ်ဓါတ်ကျ ရောဂါကို လျော့ပါးစေတယ်" ဆိုပြီး အဖြေမှန်ရခဲ့တာကလား။ နောက်တစ်ခု။  ဂရင်းတီး သောက်ရင် ကင်ဆာ ဖြစ်တတ်တယ် ဆိုပြီး အဆိုတင်သွင်းလာပြန်၏။ ဒီတစ်ခါလဲ သေချာ အင်တာနက်ထဲ ရှာကြည့်လိုက်တော့မှ "ဂရင်းတီးသောက်ရင် ကင်ဆာရောဂါကို ပယ်သတ်နိုင်၏" တဲ့။ အဲဒီလို အဲဒီလို အလွဲတွေကို အဘိုးအို ကျူးလွန်နေကျ ဖြစ်၏။ အခုလဲ လာပြန်လေပြီ။ ရွန်နေးပါတဲ့ အသင်းတိုင်း မန်ယူအသင်းတဲ့။ ခက်ခက်ချေပြီ။ ဒီတော့ ကျွန်ုပ်လဲ မဆီမဆိုင် စကားတစ်ခွန်း ပြောဖြစ်လေတော့၏။

"အဘိုးကလဲ ရှဲ ရှဲ အသံမြည်တိုင်း ငရဲလားတယ်လို့ ထင်နေတော့တာဘဲ"

အဘိုးအိုတစ်ယောက် မျက်မှောင်ကြုတ်ပြီး စဉ်းစားဟန်ပြုလေ၏။ ထို့နောက် နားလည်ပုံ မရလေဟန်ဖြင့် ကျွန်ုပ်အား မေးမြန်းလေ၏။

"ဘာတုန်းကွ ရှဲ ရှဲ အသံမြည်တိုင်း ငရဲလားတယ် ဆိုတာ"

"အာ... ဟုတ်ပါရဲ့။ အဘိုးက အသက်ကြီးပြီဆိုတော့  အဲဒီပုံပြင်ကို ဘယ်သိပါ့မလဲ။ အခုခေတ်ကလေးတွေကတော့ အကုန်လုံး သိကြတယ်"

"ဆိုစမ်းပါဦးကွ"

"ဒီလို အဘိုးရ။ တစ်ခါတုန်းက ကလေးတစ်ယောက် လေးခွတစ်လက်နဲ့ ငှက်ပစ်နေတာကို လူကြီးတစ်ယောက်က မြင်တွေ့ပြီး ဟေ့ကောင်လေး သူ့အသက်တွေ မသတ်နဲ့ ငရဲလားတတ်တယ်လို့ ပြောသတဲ့။ အဲဒါနဲ့ ကောင်လေးက ငရဲလားတယ်ဆိုတဲ့ ဝေါဟာရကို မသိတဲ့အတွက်  ဦးလေး ငရဲလားတယ်ဆိုတာ ဘာလဲဟင်လို့ မေးသတဲ့။ ငရဲလားတယ်ဆိုတာ လူ့ဘ၀တုန်းက သူတစ်ပါးအသက်ကိုသတ်ခြင်းစတဲ့ ငါးပါးသီလကျူးလွန်တဲ့ သူတွေကို သေပြီးတဲ့အခါမှာ ငရဲသားတွေက ဒယ်အိုးထဲထည့်ပြီး ရှဲရှဲ ရှဲရှဲနဲ့ ကြော်လှော်ပစ်လိုက်တာကို ပြောတာကွဲ့လို့  ပြောပြသတဲ့။ ကလေးကလဲ အဲဒါဖြင့် ရှဲရှဲ ရှဲရှဲ ဆိုတာ ငရဲလားတဲ့ အသံပေါ့နော်လို့ ပြန်မေးသတဲ့။ အဲဒီလူကြီးကလဲ ကလေး ခေါင်းရှုပ်သွားမှာ စိုးတဲ့အတွက် ထပ်မရှင်းပြတော့ဘဲ အင်း ဟုတ်တယ်လို့ လွယ်လင့်တကူ ဖြေလိုက်သတဲ့။ ဒါနဲ့ ကောင်လေးက ဒါဆိုရင် သားတို့ အဒေါ်တစ်ယောက် မနက်တိုင်း အိမ်နောက်ဖေးသွားပြီး လုံချည်လေးမကာ မကာနဲ့  နေ့တိုင်း ငရဲလား နေတယ်လို့ ပြန်ပြောသတဲ့ အဘိုးရဲ့။ အဘိုးဟာက အဲဒီပုံပြင်လို ဖြစ်နေပြီ။ ရွန်နေးကစားနေတဲ့ အသင်းကို မြင်တိုင်း မန်ယူအသင်းလို့ ထင်နေတော့တာကိုး"

"ဟား ဟား ဟား။ မင်းကတော့ လုပ်ပြီ။ အဲဒါက ငရဲလားတာမှ မဟုတ်တာ။ ရှူးရှူးပေါက်တာကြီးကို။ မင်းဆိုတဲ့ကောင် မဟုတ်က ဟုတ်ကဆို တော်တော်သိ"

"အာ... အဘိုးကလဲ ဒီပုံပြင်က ကလေးအစ ခွေးအဆုံး အကုန်သိနေတဲ့ဟာ။ အဘိုးသာ ခေတ်ကို မျက်ခြေပြတ်နေလို့ ဒီပုံပြင်ကို မသိတာ"

"ကဲပါ.. ဟုတ်ပါပြီ။ ထားပါတော့ ထားပါတော့"

ထိုကဲ့သို့ စကားပြော ကောင်းနေခိုက် နှာခေါင်းတွင်းသို့ တူးခါးလှစွာသော မီးလောင်နံ့တစ်ခု ၀င်ရောက်လာလေ၏။ စမုတ်(က်) အလန်း(မ်)မှလည်း တီ တီ တီ တီ အသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ဒါဆို မီးဖိုချောင်ထဲမှာ တစ်ခုခု မီးတူးနေတာ သေချာပြီ။ (မပြီးသေးဘူးနော်)။း)

.

20 comments:

ဘုန်း ၂ တောက် said...

မြန်မြန်ဆက်ဟေ့ အချိန်မဆွဲနဲ့။ ရှဲရှဲလို့ မသုံးတော့ဘူးနော် အဲဒီအစား ရှီးရှယ်ပဲ သုံးတော့မယ်။ အမှန်တကယ်က ရှီးရှယ်ဗျ သိလား။ မယုံရင် ဘိလပ်က တရုတ်တစ်ယောက်က်ကို မေးကြည့်လိုက်။ ဟဟ။

တဂျင်းမီးဆီ အလည်လာရင် အဘိုးခန်းထဲ ခေါ်နဲ့နော်။ ခေါင်းမူးမှာ စိုးလို့။

ဘုန်းတောက်ဆီမှာ မသုံးဖြစ်တော့တဲ့ ရှေးဟောင်းပစ္စည်းအချို့ရှိတယ်။ တဂျင်းမီး လည်လည်လာရင် ဘိုးဘိုးအတွက် ယူလာဦးမှ။

မြန်မြန်ဆက်နိုင်ပါစေ တဂျင်းရေ...

စံပယ်ချို said...

အဘိုးအိုအခန်းအကြောင်းလေးကိုဖွဲ့ထားပုံလေးက
မလေးရှားက ဂျက်တို့အခန်းအကြောင်းရေးထား
(စောင်းရေး) သလားအောက်မေ့ရပါပေတယ်
ပီပြင်ချက်ကကတော့ ဒီလို

(အခန်းအတွင်းဝယ် အထုပ်ကြီး အထုပ်ငယ် အသွယ်သွယ်တို့ တို့လို့တွဲလောင်း ပြန့်ပြန့်ကြဲကြဲ ဖရိုဖရဲ နေရာအနှံ့ တည်ရှိနေကြလေ၏)
စိုင်းထီးဆိုင် ခင်မောင်တိုး နည်းနည်းတူနေပြန်တယ်
အဆုံးထိအောင်ဖတ်လိုက်တော့လဲ
ပြောစရာစကားလေးတလုံးရလိုက်ပြန်တယ်
ရှဲရှဲ အသံမြည်တိုင်းငရဲလား
ပြုံးပြီး-----ပြန်ပါပြီ

Anonymous said...

u make me smile,,
xie xie..hehe
:D
Anne

အိမ်မက်စေရာ said...

အဲ့ဒီအဖိုးအိုက အိမ်မက်ရဲ့ အဒေါ်နဲ့ အမျိုးတော်ပုံရတယ် တစ်ပုံဆန်ထဲပဲ..ဒုတိယပိုင်း မျှော်နေမယ်..

SHWE ZIN U said...

မြန်မြန် ဆက်ရေးပါဗျို့

တရှဲရှဲ နဲ့ အမြဲ ငရဲရောက်နေသူ

သကြီးမင်း ကို ချစ်တဲ့သူ (စာကိုပြောတာနော်)
ရွှေစင်ဦး

ကူးကူးလှိုင် said...

သဂျီးမင်း အဲဒီအဘိုးအိုက မြန်မာလား သဂျီးမင်းတို့ စာရေးကောင်းပုံကတော့ အဘိုးအိုရဲ့အခန်းကို ရောက်ဖူးသွားသလိုပဲ...

Unknown said...

သကြီးမင်းအလည်လာရင်းပိုစ်.လေးတွေ.လို.ဖတ်မိတယ်
ဖတ်ရင်းပြုံးပျော်ရင်းတီလေးမေခင်နေမကောင်းနေတာ
ပျောက်သွားသလားလို.။ရီမောရင်းသကြီးမင်းရဲ.တရှဲရှဲနဲ.
ငရဲမရောက်အောင်.....(ဒု)တရှဲရှဲမျှော်နေမယ်ကွယ်
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

သဒ္ဓါလှိုင်း said...

သြော်...မပြီးသေးဘူးလား.
တူးနံ့လေးနဲ့ မကြာမီ.လာမည်မျှော်..
ချမ်းမြေ့ပါစေ သူကြီးမင်း
ခင်မင်လျက်
သဒ္ဓါ

ညိမ်းနိုင် said...

တိုးလို့ရယ်နဲ့မှ တန်းလန်းပါလား တဂျီးရယ်....၊
တဂျီးမင်းရဲ့ အိမ်ရှင်အဖိုးအိုအကြောင်းကို တဂျီးရေးသမျှ
တစ်စွန်းတစ်စဖတ်ရသလောက်တော့ အတော်လေးစိတ်
ဝင်စားစရာပဲ...၊မြန်မြန်လေးလုပ်ပါဗျိုး....အားပေးနေမယ်။

လွင်ပြင်လှိုင်းငယ် said...

သူဂျီးမင်းစာရေးကောင်းပုံကတော့ ဖတ်သူကို ဆွဲဆောင်သွားနိုင်တယ် ပြုံးလဲပြုံးရတယ် ရီလဲရီရတယ်
ဆက်မယ့် အပိုင်းလေးမျှော်နေတယ် ။

Aunty Tint said...

အနုဠာဒေ၀ီနဲ့စာရင် အဘိုးအကြောင်း ပြောတာလေးကို ပိုသဘောကျပါသော်လည်း စာရေးသူက အရေးတော်လွန်းအားကြီးတော့ အဘိုးအိုရဲ့ အခန်းထဲမှာနေရင်း အသက်ရှူကြပ်ပြီး ခေါင်းတွေမူးသွားတယ် တဂျီးမင်းရေ :D ဆက်ရန်လေးကို ဆေးဗူးဆောင်ရင်းစောင့်နေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

မိုးနတ်လဲ အစက အိမ်ရှင်အဘိုးကို
ဘိလပ်သားထင်နေတာ.....ဆက်ဖတ်မှ
မြန်မာမှန်းသိတာ.....:)
ရေးထားတာကတော့ အထူးပြောစရာ
မလိုအောင်ကို ပြေပြစ်ပါ့....နာတို့တဂျီးမင်းပဲ
ဒီလောက်တော့ ရှိမပေါ့......:P
ပြောချင်တာက ဒုတိယ ရှဲရှဲကိုမြန်မြန်ဆက်..
ဒီမှာက တို့လို့တစ်လစ်ကြီးရယ်.....:(
ဆက်ပြောချင်တာရှိသေးပေမဲ့ ပြောဘူး..
(အဲဒါက ကပ်ပြီးစိတ်ပုပ်လိုက်တာ)
ပေါက်တယ်ဟုတ်.....Ahakk hakk

ချော (အစိမ်းရောင်လွင်ပြင်) said...

ကြည့်ရတာ ဒီစာရေးနေရင်း တစ်ခုခု မီးတူးသွားလို့အပြေးအလွှား သွားလိုက်ပုံရတယ် ဒါကြောင့် ပြီးအောင်တောင် ဆက်မရေးနိုင်ဘူး ဖြစ်သွားတာ နေမယ် :P:P
ဒုက္ခ ရှူးတောင်မပေါက်ရဲအောင်ပါလား တော်ကြာအဲလိုပြောမဲ့ကလေးတွေ အနားမှာရှိနေရင် ဘယ်လိုလုပ်မတုန်း :P

သူကြီးမင်း (တုံးဖလား) said...

ဘုန်းနှစ်တောက်။
ရှဲရှဲဘဲ လုပ်ပါ ဘုန်းနှစ်တောက်ရယ်။ ဘယ့်နှယ် ရှီးရှယ်လို့။ ရှီးရှယ်ဆို ဘယ်လိုလုပ် ငရဲလားပါတော့မလဲ။း)

ကြောင်စမင်း။
ဟုတ်တယ်လေ။ ကြောင်စမင်းတို့ အခန်းကို မှန်းဆပြီး ပုံဖော်ထားတာ။း)

အနောနိမတ်စ် (ခ)အနဲ့။
စာဖတ်ပြီး ပြုံးသွားတယ်လား။ ၀မ်းသာလိုက်တာ။ လူတွေ ပြုံးနေတာကိုဘဲ မြင်ချင်လို့။

အိမ်မက်စေရာ။
အိမ်မက်ရဲ့ အမျိုးက အညာဘက်ကလား။ ဒါဆို နဲနဲနီးစပ်ပုံဘဲ။း)

အမရွှေစင်။
ငရဲတွေ ခဏခဏ မလားစေနဲ့လေ။ တော်ကြာ အိပ်ရေးတွေ ပျက်နေဦးမယ်။ ဟဲ ဟဲ သူကြီးမင်းစာလေးတွေက ပြူးတူးပြဲတဲဆိုတော့ ချစ်စရာလေးတွေ ဖြစ်နေပြီထင်ပါရဲ့။း))

ကူးကူးလှိုင်။
ဟုတ်တယ်။ အဲဒီအဘိုးအိုက မြန်မာလူမျိုးလေ။ ပျော်ပျော်နေတတ်တယ်။ ဒါကြောင့် အသက်ရှည်နေတာ။

အန်တီလေးမေခင်။
ဆေးသောက်ပြီးမှ သူကြီးမင်းပို့စ်ကို ဖတ်ခဲ့တာမဟုတ်လား။ ဒါကြောင့် နေမကောင်းတာ ပျောက်ချင်သလိုလို ဖြစ်သွားတာထင်ပါရဲ့။း) ပြုံးပျော်ရတယ်ဆိုလို့ ရှဲရှဲနော် တီလေး။

သဒ္ဓါလှိုင်း။
လာမယ် ညီမ။ သိပ်မကြာပါဘူး။ တပတ်အတွင်းပေါ့။
မီးတူးနံ့လေးနဲ့ဘဲ စမယ်။း)

ငြိမ်းနိုင်။
မကြာမီလာမည်မျှော်ပေါ့ ကမောင်လေးရယ်။ အမှန်က အားလုံး ရေးပြီးသားပါ။ ပို့စ်အရမ်းရှည်နေလို့ ခွဲတင်လိုက်တာ။း)

လွင်ပြင်လှိုင်းငယ်။
ကျေးဇူး လွင်ပြင်။ ဒါနဲ့ ဒုတိယပိုင်း တကယ်တင်လိုက်မှ ရှည်လှချည်ရဲ့ဆိုပြီး ထွက်မပြေးနေနဲ့ဦးနော။း)

တီတင့်။
စာဖတ်ရင်း ခေါင်းမူးသွားပြီထင်ပါရဲ့။ ဒါတောင် စာဘဲ ဖတ်ရလို့ အဘိုးအိုအခန်းထဲသာ တီတင့် ကိုယ်ုတိုင် ၀င်မိလို့ကတော့ ချက်ချင်း နှာနှပ်နေရမလားဘဲ။း)

မိုးနတ်ကြယ်စင်။
ဆက်ပြောချင်တာကို မပြောဘူးလဲ ပြောသေး။ ကပ်လို့လဲ နှိပ်သွားသေး။ တော်တော်ဆိုးတဲ့ ကျယ်စွာ။
ဒါနဲ့. တကယ်ကို တိုးလို့တစ်လစ်ကြီးလား။

အမချော။
နောက်ဆို ဘာလုပ်လုပ် ကလေးတွေကို ကြည့်ရှောင်နော်။ ဒီကောင်လေးတွေက လွယ်တဲ့ကောင်တွေမဟုတ်ဘူး။း)

အာလုံးသို့။
အမှန်ဆို ပို့စ်က အစအဆုံး ရေးပြီးပြီ ဖြစ်ပါကြောင်း။ အလွန်ရှည်လျားပါသောကြောင့် စာဖတ်သူများ အချိန်လုဖတ်ရမည်စိုးသောကြောင့် အပိုင်းခွဲတင်ရပါကြောင်း။ လာမဲ့ သောကြာနေ့လောက် တင်ဖြစ်မည်ထင်ပါကြောင်း။ အဲဒီအခါကျရင်လဲ လာရောက်အားပေးကြစေလိုကြောင်း။ လာအားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။း)

Anonymous said...

မြန်မြန်ဆက်နော် အကြာကြီးစောင့်ရအောင်မလုပ်နဲ့ရှဲရှဲလားရလိမ့်မယ်(ဟိဟိ ဘာမှမဆိုင်ဘူးနော်)

ချစ်စံအိမ် 2028 said...

ခွိ ရှဲရှဲတင် မက တီတီပါဖစ်ကုန်ပီ
မပြီးသေးဝူးဆိုပြီး ဆက်မတင်ပေးဘဲ တန်းပလိတ်တွေလျှောက်ပြင်နေတယ် :(

~ Kk ~

နွေတေးရှင် (မင်းဧရာ) said...

အင်း...
သူကြီးမင်းတို့ ပြောလိုက်မှဖြင့်
အဲသည့် ငရဲလားသံကြီးကြောင့်
အပျိုကြီးတွေ တိတ်တိတ်ပြန်ကုန်ပီး))။


အရှုတ်တွေ လုပ်နေသူ
( မင်းဧရာ )

Candy said...

လုပ်ချလိုက်ပြန်ပြီ မပြီးသေးဘူးနော်ဆိုပြီး ထားခဲ့ပြန်ဘီ ကောင်းခန်းရောက်မှ >.<

San San Htun said...

အောင်မလေး ရှဲရှဲအကြောင်းဖတ်ပြီး ရယ်လိုက်ရတာ တဂျီးမင်းရယ်...

ဟန်ကြည် said...

ပထမပိုင်းဖတ်တော့ အဘိုးကြီးနဲ့ ကိုယ်နဲ့ ပိုတူလာပြန်ရော...သည်မှာလည်း ဘာထူးတုန်း...တိုလီမိုလီအကုန် လွှင့်မပစ်ရက်ဘူး...ပြောရရင် အသစ်ဝယ်ထားတဲ့ ပစ္စည်းသာ မနှမြောတာ...အတိုအထွာ အဟောင်းဈေးက ၀ယ်ထားတဲ့ ပစ္စည်းဆို ဘယ်လိုနှမြောမှန်းမသိဘူး...သူများကို ပေးပစ်ဖို့ဆို လွန်ရော...အသစ်က အချိန်မရွေးဝယ်လို့ရပါ့...အနှီိလို အဟောင်းအမြင်းကတော့ ကံစပ်မှ ရတာရယ်...

ခက်ပါ့ သူကြီးမင်းရယ်...