Tuesday 2 October 2012

အလုပ်တစ်ခြား တစ်ခြားအလုပ်



နာရီများစွာ စာတွေကြည့်တော့
ပျင်းဇာတိက ပြလာတယ်။
မျက်စိညောင်းကာ ခေါင်းတွေကိုက်လို့
ရွှေဗိုက်ကလဲ နာလှတယ်။
ဇက်ကြောတက်ကာ ဂုတ်တွေလေးတော့
ကုတ်ကုတ်လေးဘဲ ကွေးချင်တယ်။
 ထုံကျင်ကိုက်ခဲ၊ အဖြစ်သဲ၊ စိတ်ဇွဲ အဲလိုကြွယ်။
အဲဒါကြောင့် ဒုက္ခသုက္ခ တုပ်ကွရောဂါတွယ်။


 ခါးကြောတင်းကာ ဒူးတွေကိုက်တော့
မူးဝေမိုက်လို့ အံချင်တယ်။
ဆီးဝမ်းချုပ်ကာ အထိုင်များလို့
ခြေလက်ဖျားတွေ အေးလာတယ်။
ဦးဏှောက်ရွှင်အောင် ကော်ဖီသောက်တော့
တွင်တွင်ပေါက်လို့ စိတ်ညစ်တယ်။
ကျမ်းစာတွေရေး၊ မပြီးသေး၊ ပူဆွေးဗျာပါကြွယ်။
အဲဒါကြောင့် ဖယ်ကြတွယ်ကြ ကယ်မပါဦးကွယ်။


စာကြည့်တိုက်ကို နေ့စဉ်သွားတော့
မီးရထားခ ဈေးကြီးတယ်။
အိမ်မှာနေကာ စာတွေကျက်ဖို့
အင်တာနက်ကို အားကိုးတယ်။
ကွန်ပျူတာကို ဖွင့်ကာလှစ်တော့
ပို့စ်အသစ်တွေ တွေ့ရတယ်။
ကျမ်းစာကိုထား၊ ဘလော့သွား၊ ဖတ်အား အဲလိုကြွယ်။
အဲဒါကြောင့် မလျော့မပေါ့ ဘလော့ ချစ်ကြိုးတွယ်။
....


 
အပို လက်ဆောင်။

မနေ့(၁.၉.၂၀၁၂)က အသိတစ်ယောက် မွေးနေ့မှာ ကြက်ဖုတ် (ကြက်မီးကင်) ကျွေးချင်တယ်ဆိုလို့ နန်ဒို(စ်) ဆိုတဲ့ ကြက်ဖုတ်ဆိုင်ကို ချီတက်ခဲ့ကြတယ်။ တစ်ခြားကိစ္စတွေမှာ မအားဘူးလို့ ငြင်းပယ်လို့ အဆင်ပြေပေမဲ့ ဒါမျိုးကိစ္စကျတော့ ငြင်းပယ်လို့ မကောင်းဘူးလေ။ အားနာစရာကြီး။း)


အာဖရိကကလား ပေါ်တူဂီကလား မပြောတတ်။ မြေအိုးအလုံးကြီးတွေ။ အလှ တင်ထားကြတာ။

ဒါကလဲ သစ်သားစတွေကို ကော်နဲ့ ကပ်ပြီး ၀ိုင်းဝိုင်းကြီး ဖြစ်နေဟန်တူရဲ့။ ဘာကို ကိုယ်စားပြုမှန်းတော့ မပြောတတ်။ စားပွဲရှေ့တည့်တည့်မို့ ရိုက်ခဲ့တယ်။
 

ဆော့စ်မျိုးစုံ ချဉ် ငန် စပ်

 

ကြက်ဖုတ်ခေါ် ကြက်မီးကင်။ အတော်လေး ခါးသက်သက် နိုင်တယ်။ ဒါပေမဲ့ စားလို့တော့ ကောင်းသား။
 

 


ဓါတ်ပုံလေး ကောင်းကောင်း ရိုက်ပရစေဦး ပြောပေမဲ့ မရဘူး။ အတင်း အဓမ္မဖြစ်နေကြတယ်။ လက်တွေ ရှုပ်ယှက်ခတ်လို့။


စားပြီး သောက်ပြီးတော့ စားပွဲပေါ်မှာ အရိုးတွေကို ပုံလို့။ ကြည့်မကောင်းလို့ ဓါတ်ပုံ မရိုက်ခဲ့တော့ဘူး။
ပြောရဦးမယ်။ အဲဒီ ကြက်ကင်ဆိုင်ကို အိမ်ရှင် အဘိုးအိုကြီးကိုလဲ ဖိတ်ကြားခဲ့တယ်။ စားပြီးလို့ ပြန်မယ်လုပ်တော့ အဘိုးအိုက လက်ကျန်လေးကို ပါဆယ် ထုတ်ချင်တယ်ဆိုပြီး ဆိုင်မှာ ပါဆယ်အိတ် တောင်းတယ်။ ပြီးတော့ စားပွဲပေါ်ရှိသမျှ ကြက်ရိုးတွေ တစ်ခုမကျန် ပါဆယ်အိတ်ထဲ တည့်ယူလာခဲ့တယ်။ ဘေးစားပွဲကလူတွေကတော့ ငဲ့စောင်းငဲ့စောင်းနဲ့ ကြည့်ကျန်ရစ်ခဲ့ကြလေရဲ့။ အဘိုးအိုကို ဘာလုပ်ဖို့ အရိုးတွေ ပါဆယ်ယူရတာလဲ မေးကြည့်တော့ မြေခွေးစာကျွေးဖို့တဲ့။ အံ့ရော။ ဒါပေမဲ့ ဒါလဲ ယူတတ်ရင်ကုသိုလ်ဘဲပေါ့။ မဟုတ်လား။ ။

.

15 comments:

Anonymous said...

ချားကောင်းသောက်ကောင်းပေါ့နော တဂျီးမင်း ခိ
ကကျာကလဲ မိုက်ပါ့ :D

~ Kk ~

ဘုန်း၂တောက် said...

ကဗျာလေးက လွှတ်ကောင်းဗျို့...

အပိုလက်ဆောင်ဖတ်ပြီး ရယ်သွားပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...
ခင်မင်တဲ့

Anonymous said...

ကျောင်းစာဆိုတာ ဖတ်ပါများရင်
အညောင်းမိတော့ ခေါင်းကိုက်တယ်။
ခေါင်းကိုကိုင်ကာ ဟိုဒီချိုးတော့
ခါးကတလှည့် နာပြန်တယ်။
ခါးနာကိုမဲ အံကိုခဲ
ဗိုက်ကတခါ ဆာပြန်တယ်။
ထိုရောအခါ စားမယ်ကြံ
ခါလီပြောင်လို့နေပြန်တယ်။
စားဖို့အတွက် ပျင်းချက် ချက်
ချက်ရမှာလဲ ပျင်းသကွဲ့။
စားပီးသောခါ ဗိုက်အင့်ပြန်
အိပ်ချင်လာလို့ သန်းရပြန်။
စာဖတ်ရင်းပင် အိပ်ပြန်ငိုက်
နောက်နေ့မှပဲ စာတွေဖတ်။

ကျောင်းစာဖတ်ရင်း ဘလော့ဂင်း
ညောင်းညာကင်းစင်လင်း
ရောဂါမထွက် ဥာဏ်တွေတက်
တဂျီး လက်ရည်တက်
ဘလော့ရင်းပင် ချက်တင်ဝင်
တဂျီး သိပ်ပျော်ချင်
ခါးနာကိုမေ့ ဗိုက်ဝ၍
အိပ်ငိုက်ခြင်းပင်မေ့။

ခုရေးတာ ဘယ်သူလဲ..မှန်အောင်ပြော

Anonymous said...

ကြက်ဖုတ်ကိုသွားရည်ကျလို့
နန်ဒိုဆိုင်တွေမြန်မာပြည်မှာလာဖွင့်ပါစေဗျာ


မောင်ဘကြိုင်

စံပယ်ချို said...

သဂျီးမင်းရေ
ကဗျာလေးအရမ်းကိုကောင်းတယ်
မျက်စိထဲမြင်ရသည်ထိအောင်ပါပဲ
Nando'S ကခေါက်ဆွဲလဲကောင်းတယ်
ပြောရင်းနဲ့စားချင်လာပြီနော်
ခင်မင်တဲ့ sis jasmine

Anonymous said...

:D
သူကြီးမင်း ကဗျာရော ၊
၃ ယောက် မြောက်က
Anonymous ရေးသွားတာရော
ကြိုက်တယ် .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မိုးနတ်ကြယ်စင် said...

ကဗျာလေးက မိုက်တယ်နော်..စိတ်ထဲမှာ ကို့ယို့ကားယားဖြစ်နေမဲ့ လူတစ်ယောက်ရဲ့ပုံစံကို မြင်ယောင်နေမိတယ်..ခွိ..
စတာပါ..သရုပ်ဖော်တာ အရမ်းကောင်းလို့ပါ..
ခင်မင်နေတဲ့..မိုးနတ်

mstint said...

အော်.... ဒါကြောင့်ပျောက်နေတာကိုး ကျမ်းစာထက် စိတ်ဝင်စားစရာကောင်းတဲ့ Nando's ကြက်မီးကင်ဆိုင် ရှိနေမှတော့ ဘာလိုသေးလဲ တဂျီးမင်းရယ်း))
ချောချောမွေ့မွေ့ စာတမ်းပြုစုနိုင်ပါစေကွယ်။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မေဓာဝီ said...

ကြက်ဖုတ်ကိုပင် …
နတ်သုဒ်*အသွင်နဲ့
မင်တဲ့သူကြီး။

စာမလုပ်ပေမင့်
ညာတုတ်တယ် လူတကာကျွေးရင်
လွေးပေါ့ မညည်း။ … ။
++++

ခက်ဆစ်
*နတ်သုဒ် = နတ်သုဒ္ဓါ

ကူးကူးလှိုင် said...

ကဗျာတွေအရမ်းကောင်းပါ၏ မန့်ထားတဲ့ကဗျာတွေလဲ ကြိုက်ပါ၏...

Candy said...

ဟဟဟဟ တဂျင်းမီးကဗျာက ရေလည်ရီရတယ်...
အောက်က အပိုဆုကိုတော့ သရေကျသွားတယ် ဟင့် စားချင်လိုက်တာ >.<

blackroze said...

တဂျီးရာ..
ပြောင်းဖူးမီးဖုတ်ကို ကြည့်ရတာ
အားရပါးရကို စားပလိုက်ချင်တယ်
ပစ်ပစ်သွားတွေနဲ့..အဟင့်

San San Htun said...

တဂျီးမင်း ကဗျာလေးက ကာရံနဘေလေးနဲ့  တကယ်ဖတ်လို့ ကောင်းတယ်..ကြက်ဖုတ်လေးကလည်း စားကောင်းမယ့်ပုံ..လက်တွေက သက်သပြေတယ်..အိမ်ရှင်အဘိုးကြီးသယ်ပုံလေးကို သဘောကျသွားတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်ဖီသောက်နေရင်း သူဂျီးမင်းရဲ့ ကဗျာလေး ဖတ်လိုက်တော့ ကော်ဖီတောင် သီးသွားရတယ်..း)
ကြက်ကင်ကိုလည်း ကြက်ဖုတ်တဲ့ ကြံကြံဖန်ဖန်..
သူဂျီးမင်းတို့ ကြက်ဖုတ်အတော်ကြိုက်ပုံရတယ်။ အရိုးတွေချည်း ကျန်အောင်စားပစ်တယ်ဆိုတော့ :PP

နွေတေးရှင် (မင်းဧရာ) said...

သြော်.....
သများကြွေးတာတွေစားပြီး ဗိုက်လေးလို့ ကွေးနေသကိုဗျး)

ကွေးလည်းကွေးကျမ်းလည်းရေး
ကဗျာလေးတွေကိုတော့ ကျုပ်လည်း လွေးသွားတယ် သကြီးမင်း ။