Saturday, 1 September 2012

ကျနော်နှင့် "သရဲခြောက်ရင် အဖော်ရတာပေါ့"


"သရဲခြောက်ရင် အဖော်ရတာပေါ့"

ဒါက ကျနော်ပြောနေကျ လက်သုံးစကားပါ။ ကျနော်နေတဲ့ အိမ်မှာ စုစုပေါင်းမှ အိမ်သားက သုံးယောက်ထဲရယ်။ အသက် ရှစ်ဆယ်ကျော် အိမ်ရှင်အဘိုးကြီးက တစ်ယောက်။ လွန်ခဲ့တဲ့ လေးငါးလကမှ ရောက်လာတဲ့ အိမ်ငှား မောင်ခွေးကတစ်ယောက်။ ပြီးတော့ ကျနော်ပေါ့။ အိမ်ရှင်အဘိုးကြီးက အသက်ကြီးသလောက် ချစ်သူခင်သူ ပေါမှပေါ။ ဟိုအိမ်က ထမင်းစားဖိတ်ထားလို့၊ ဟိုမြို့က အကူအညီတောင်းလို့၊ ဈေးဝယ်ထွက်မလို့.... ဆိုပြီး အိမ်ကနေ ထွက်သွားရင် တစ်ပတ်လောက် ကြာမှ ပြန်ရောက်လာတတ်တာ။ ပြီးတော့ မောင်ခွေး။ သူက ဇီးကွက်လိုမျိုး။ ည တစ်ချက်တီးကျော်လောက်မှ အလုပ်ကနေ အိမ်ပြန်ရောက်တတ်တာ။ ဒီတော့ အိမ်မှာ များသောအားဖြင့် နေ့နေ့ညည ကျနော်တစ်ယောက်ထဲရယ်။ ကျနော်ကတော့ စာလေးဖတ်လိုက် အင်တာနက်ထဲ လျောက်လည်လိုက်နဲ့ ပြုံးတစ်ခါ မဲ့တစ်မျိုး ရက်တွေကို အကျိုးရှိရှိ အသုံးချပြီး အိမ်မှာ တစ်ကိုယ်တည်း ယောင်လည်လည်နဲ့။ ဒီတော့ အသိမိတ်ဆွေတွေက မေးကြတယ်။ တစ်ယောက်ထဲ နေရတာများတယ်ဆိုတော့ ညဘက် သရဲ ခြောက်မှာ မကြောက်ဖူးလားတဲ့။ ကျနော်လဲ ပြောနေကျအတိုင်း သရဲခြောက်ရင် အဖော်ရတာပေါ့ ဆိုတဲ့ အပေါ်မှာ ရေးခဲ့တဲ့အတိုင်း ပြောနေကျ။ တစ်ခါတစ်ခါတော့လဲ လူဆိုတာ တစ်ယောက်ထဲ နေရတာ ပျင်းစရာကောင်းတယ် မဟုတ်လား။

သူတို့ သရဲမကြောက်ဖူးလား မေးမယ်ဆိုလဲ မေးချင်စရာ။ အိမ်က ခပ်ကြီးကြီး။ နေရတာက တစ်ယောက်ထဲ။ ပြီးတော့ ညကြီးမင်းကြီး။ ဘိလပ်ထုံးစံအတိုင်း အင်နာဂျီဆေ့ဗ် လုပ်ထားတော့ ကျနော့်အခန်းထဲက မီးလုံးလေးကလွဲရင် တစ်အိမ်လုံး မှောင်အတိ။ ဘိလပ်လို့ ထင်ရက်စရာတောင် မရှိဘူး။ မှန်မှန်ပြောရရင် ကျနော်တို့ တုံးဖလားရွာဦးကျောင်းကတောင် အခု ကျနော်နေတဲ့ ဘိလပ်က အိမ်ထက် ပိုပြီး လင်းလင်းထိန်ထိန်ရှိသေးတယ်။ ဒါများ ဘိလပ်တဲ့။

တစ်ည။ လက ခပ်မိုက်မိုက်။ တိမ်တိုက်တွေက ခပ်ထူထူ။ ညဥ့်နက်သန်းခေါင်မှာ တိတ်ဆိတ်မှုအပေါင်းက မင်းမူနေကြတယ်။ နောက် တဖွဲဖွဲရွာနေတဲ့မိုးက ၀ုန်းဒိုင်းကြဲပြီး ဗြုန်းကနဲ သဲသဲမဲမဲ ရွာချပါလေရော။ အိမ်ပြတင်းပေါက် မှန်လည်တံခါးက တကျွိကျွိ။ တိုင်ကပ်နာရီကြီးကလဲ ချောက်ချက်ချောက်ချက်နဲ့။ အိမ်အပြင်ဘက်က အသံရှည်ရှည်ဆွဲအူနေတဲ့ တောခွေး အူသံကလဲ ကြက်သီးထဖို့ ကောင်းမှကောင်း။  လျှပ်စီး ဖျက်ကနဲ လင်းလာခိုက် ပြတင်းပေါက်မှ တဆင့် မြင်နေရတဲ့ မြင်ကွင်းကလဲ သဲထိတ်ချင်စရာ။ အဖော်မပါ တစ်ယောက်ထဲ ရှိနေတဲ့ ကျနော်။ မျက်စိလေး ကလယ်ကလယ်နဲ့။ ထိုအခိုက်.........

သရဲခြောက်ခံရကာနီးမှာ သရုပ်ပေါ်အောင် ဖော်ပြလေ့ရှိတဲ့ သရဲဇာတ်လမ်းဆန်ဆန် အထက်က စာပိုဒ်မျိုးတော့ ဒီနေရာမှာ မရေးတော့ပါဘူး။း)) ကျနော်က အုံးကျူးန်း သက်သက်ကိုသာ ချရေးမှာပါ။ ဒီလိုနဲ့ တစ်ခုသော နွေတစ်ညမှာ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာတယ်။ တစ်ညမှာ ဘိလပ်ရဲ့ ရှားရှားပါးပါး နွေရာသီ ပူပူနွေးနွေးလေးကို အခွင့်အရေးယူပြီး ကျနော် အိပ်ယာဝင်ခဲ့တယ်။ လအတော်များများ အေးချက်နာလှတဲ့ ဘိလပ်မှာ များသောအားဖြင့် အအေးသက်သာဖို့ တစ်ကိုယ်ကောင်လုံး အ၀တ်အစားတွေနဲ့ ထုပ်ပိုးထားခဲ့ရတာ မဟုတ်လား။ အခုတော့ ထုပ်ပိုးထားတာလေးတွေ ဖြေပါရစေဦးပေါ့။ နွေရာသီကိုး။ ဒီလိုနဲ့ အပေါ်ပိုင်းဗလာကျင်းပြီး အိပ်ယာကုတင်ပေါ်တက်ကာ နံရံဘက် မျက်နှာမူပြီး ကျနော် တုံးလုံးလှဲအိပ်လိုက်တယ်။ အခန်းထဲလဲ မှောင်အတိပေါ့။ အဲဒီလို ပုံစံနဲ့ဘဲ အိပ်ပျော်သွားတယ် ဆိုကြပါစို့။ ညဥ့်နက်သန်းခေါင်လောက်ရောက်တော့ ကျနော် လန့်နိုးလာခဲ့တယ်။ လန့်မနိုးဘဲ နေပါ့မလား။ ဒီလောက် အရမ်းအေးစက်တဲ့ လက်ဖ၀ါးအေးအေးကြီးနဲ့ ကျနော့်ကျောပြင်တစ်ခုလုံးကို မိမိရရ လာတို့ထိတာကိုး။  လန့်လိုက်တာ မပြောပါနဲ့တော့။ တစ်ကိုယ်ကောင်လုံးလဲ တရုတ်သိုင်းကားထဲကလို အတွင်းအား ပြင်းထန်လှတဲ့ ရေခဲလက်ဝါးပြင်နဲ့ အရိုက်ခံလိုက်ရသလား အောက်မေ့ရတယ်။ အေးအေးစက်စက်တောင့်တောင့်တင်းတင်းကြီးကို ဖြစ်လို့။

အိပ်ရေးမ၀ခင် လန့်နိုးလာရတာကတစ်ကြောင်း၊ ကျောပြင်ကို အခုလို စော်ကားမော်ကား လာတို့ထိခံရတာကတစ်ကြောင်းကြောင့် ဒေါသတွေ အလိပ်လိပ် ထွက်ပြီး တွေ့ကြသေးတာပေါ့လို့ ကြိမ်းဝါကာ ခေါင်းရင်းက စာကြည့်မီးကို ထောက်ကနဲ ဖွင့်လိုက်တယ်။ အခန်းထဲမှာ ဘာဆို ဘာမှ မတွေ့ရ။ ဒါပေမဲ့ အသံကိုတော့ မသဲမကွဲ ကြားလိုက်ရတယ်။ ဟီး ဟီး ဟီး တဲ့။ အမြင်ကပ်လိုက်တာ။ ပြီးတော့ အငွေ့လိုလို အရိပ်လိုလို သဏ္ဍာန်တစ်ခုက အခန်းပြင်ဘက် တရွေ့ရွေ့ ရွှေ့လျားသွားနေသလို မြင်မိလိုက်တယ်။ အဲဒီအခိုက် တိုက်တိုက်ဆိုင်ဆိုင် အခန်းထဲ လေသန့်စေဖို့ ၃၆ မိနစ်တစ်ခါ အော်တိုပေးထားတဲ့ စံပယ်နံ့ စပရေးဗူးကလဲ ရှူးကနဲ မှုတ်ထုတ်လာတယ်။ စိတ်လှုပ်ရှားနေပါတယ်ဆိုမှ အရေးထဲ သူကတစ်မျိုး။ အိပ်ရေးမ၀တဲ့အတွက် မူးဝေေ၀ ဖြစ်နေတဲ့ စိတ်ကလေးတောင် ဘယ်ရောက်သွားတယ်မသိ။ ကြက်သီးတွေထပြီး ခန္ဓာကိုယ်လဲ လေထဲ ရောက်သွားသလား ခံစားရတယ်။ နာရီကို မော့ကြည့်လိုက်တော့ ည တစ်နာရီ သုံးဆယ့်ငါးမိနစ်။

ကြောက်သေးပန်းတယ်ပြောရမလား၊ ဒါမှမဟုတ် အိပ်ယာမ၀င်ခင် သောက်ထားတဲ့ ရေနွေးကြမ်းအရှိန်ကြောင့်လားတော့ မသိဘူး။ အပေါ့စွန့်ချင်စိတ်ပေါက်လာတယ်။ ဒါနဲ့ အခန်းတံခါး ဖွင့်ပြီး ရေအိမ်သွားလိုက်တယ်။ ကျနော်က ဆီးသွားတဲ့အခါတိုင်း ဘိုထိုင်အိမ်သာဘောင်ပေါ် ဆီးစက် ပေမှာစိုးလို့ ဘောင်လေးကို အပေါ် မ တင်ပြီး ဆီးသွားနေကျ။ အဲလိုနဲ့ ဆီးသွားပြီး ရေဆွဲချကာ ရေအိမ်ထဲက ထွက်လာတော့ နားကွဲလုမတတ် ဒိုင်း ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ရေအိမ်ထဲက ထွက်လာတဲ့ အသံပေါ့။ ကျနော်လဲ ကြောက်လန့်တကြား ထခုန်ပစ်လိုက်တာ ခေါင်းနဲ့ မိုးဘားနဲ့ သွားထိတော့မလား အောက်မေ့ရတယ်။ နောက်မှ အခြေအနေမှန် သိရအောင် ရေအိမ်ထဲ ပြန်ဝင်ကြည့်လိုက်တော့ ခုနက မ တင်ထားတဲ့ အိမ်သာဘောင်ကလေး အောက်ကို ပြန်ကျနေတာ တွေ့လိုက်ရတယ်။ ဒါဆို အိမ်သာဘောင်နဲ့ အိမ်သာကြွေခွက် ရိုက်ခတ်သံပေါ့။ ဒါပေမဲ့ ဒါ သွေးရိုးသားရိုးမှ ဟုတ်ပါရဲ့လား။ အဲဒီညက ကျနော် ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ဘူး။ အဲဒါက ပထမအတွေ့အကြုံ။ နောက်ရှိသေးတယ်။

ကျနော်က ညစဉ် အိမ်ရှင်အဘိုးကြီးရဲ့ ဘုရားခန်းထဲ သွားပြီး ဘုရားရှိခိုးနေကျ။ ဘုရားရုပ်ပွါးတော် ရှေ့မှာ ဘုရားဝတ်ပြုတဲ့အခါ ထိုင်ဖို့ အခင်းလေး ခင်းထားတယ်။ အဲဒီအခင်းလေးပေါ်ထိုင်ပြီး ဘုရားရှိခိုး မေတ္တာပို့ အမျှဝေ ကျနော် နေ့စဉ် လုပ်ဖြစ်တယ်။ လူတွေအတွက် ပိုက်ဆံမကုန်ဘဲ ရတဲ့ ကုသိုလ်ဆိုလို့ ဒါဘဲ ရှိတာမဟုတ်လား။ အိမ်ရှင်အဘိုးကြီးကတော့ များသောအားဖြင့် (အိမ်မှာ ရှိနေရင်) မနက်စောစော ၂ နာရီ ၃ နာရီလောက် ထပြီး တရားထိုင်နေကျ။ သူတစ်လှည့် ကျနော်တစ်လှည့် အဲဒီ အခင်းလေးပေါ် ထိုင်ပြီး ဘုရားဝတ်ပြုနေကျ။ ဒီလိုနဲ့ တစ်ညမှာ ကျနော် ဘုရားရှိခိုးဖို့အသွား အဲဒီအခင်းပေါ် လူတစ်ယောက် ထိုင်နေတာကို မသဲတကွဲ တွေ့ရတယ်။ အိမ်ရှင်အဘိုးကြီး မဟုတ်တာတော့ သေချာတယ်။ အိမ်ရှင်အဘိုးကြီးက ထုံးစံအတိုင်း အပြင်မှာ သွားအိပ်မယ်လို့ ပြောပြီး ညနေပိုင်းကမှ ထွက်သွားတာလေ။ ဘုရားခန်းထဲ မ၀င်ခင်မို့ လျှပ်စစ်မီးကလဲ ဖွင့်မထားဘူး။ မှုန်ပြပြ အပြင်ဘက်က လရောင်အားလေးနဲ့သာ အဲဒီ ငုတ်တုတ်ထိုင်နေတဲ့ သူကို မြင်ရတာ။

ဒါနဲ့ အမြင်ရှင်းသွားအောင် ဘုရားခန်းမီးကို ဖွင့်လိုက်တော့ ဘာဆို ဘာမှ မရှိတော့ဘူး။ ရှင်းလို့ လင်းလို့။ ကျနော့် မျက်စိ အမြင်မှားခဲ့တာတော့ မဟုတ်တန်ရာ။ ကဲ ကဲ ဘယ်သူမှ အခင်းပေါ် ထိုင်မနေဘူးဆိုရင်တော့ ငါ ထိုင်ပြီး ဘုရားရှိခိုးလိုက်ဦးမယ်ဆိုပြီး အခင်းလေးပေါ် တက်ပြီး ဒူးတုပ်ထိုင်လိုက်တော့ ကျနော့်ခန္ဓာကိုယ်တစ်ခုလုံး ခြေဆုံးခေါင်းဆုံး အလွန်းနူးညံ့တဲ့ ရေမြှုပ်လိုလို ဂွမ်းဆိုင်လိုလို အရာဝတ္ထုတစ်ခုထဲ ထိုင်မိလိုက်သလိုလို ရှိန်းကနဲ ပိန်းကနဲ ဖြစ်လို့။ ဘုရား ဘုရား။ မဟုတ်မှ လွှဲရော။ သရဲကိုယ်ပေါ်များ တက်ထိုင်မိလေသလား မသိ။ သူတို့ခန္ဓာကိုယ်က ငွေ့ရည်သဘောမျိုး မဟုတ်လား။ ဒါက ဒုတိယ အတွေ့အကြုံပေါ့။

နောက်တစ်ခုလဲ အဲဒီ ဘုရားခန်း အနီးမှာဘဲ။ ထုံစံအတိုင်း ညဘက် ရေမိုးချိုးပြီးတိုင်း ကျနော် ဘုရားသွား ရှိခိုးနေကျလေ။ ညတစ်ညမှာတော့ မှောင်မှောင် မဲမဲ ဘုရားခန်းထဲ ကျနော် ၀င်ခါနီးမှာ ကျနော့်အပေါ် ခပ်ခွေခွေလို အရာဝတ္ထုနှစ်ခု ရှေ့ဆက်နောက်ဆက် ပြုတ်ကျလာတယ်။ မီးမဖွင့်ရသေးတော့ ဘာမှ မမြင်ရဘူး။ ကျနော်ကတော့ သွားပြီ၊ ဒီတစ်ခါမှ တကယ့်ဒုက္ခ၊ ဒါ မြွေတွေ ဖြစ်ရမယ်ဆိုပြီး ရှေ့မတိုးရဲ နောက်မဆုတ်ရဲဘဲနဲ့ မတ်တပ်ရပ်အနေအထားနဲ့ အတော်လေး ကြာကြာ နေဖြစ်လိုက်တယ်။ ကျနော့် ကိုယ်အပေါ်ပိုင်းပေါ် ပြုတ်ကျပြီး ခြေထောက်နားကို ဖုတ်ကနဲ ကျသွားတာဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ ပြီးတော့ အတွေ့အထိက တကယ့်အေးစက်စက်ကြီး။ အမေ တ မရ၊ အဒေါ် တ မရ အဖြစ်မျိုး။ ငါးမိနစ်လောက်ထိ ဘာမှထူးခြားမလာတဲ့အတွက် အရဲစွန့်ကာ မီးခလုပ်ရှိရာ နံရံဆီ စမ်းတ၀ါးဝါး သွားပြီး မီးခလုပ်ဖွင့်ကြည့်လိုက်တော့ အစားအစာတွေကို ဖုံးအုပ်ဖို့ ၀ယ်ထားတဲ့ အုတ်ဆောင်းနှစ်ခုက ကြမ်းပြင်ပေါ်မှာ။ အော်... ရေခဲသေတ္တာပေါ် တင်ထားတဲ့ အုတ်ဆောင်းနှစ်ခုကိုး။ ရေခဲသေတ္တာက ဘုရားခန်းအ၀င်ဝမှာ ဆိုတော့ ကျနော့် ခြေထောက်နင်းတဲ့ အရှိန်ကြောင့် ပြုတ်ကျလာတာ ဖြစ်မှာပါလေ ဆိုပြီး ကြောက်စိတ်ကို ဖြေဖျောက်ပြီး ဘုရားခန်းဝင်ကာ ဘုရားဝတ်ပြုလိုက်တယ်။ ဒါ တိုက်ဆိုင်မှု တစ်ခုပေဘဲလား။ ဒါက တတိယ အတွေ့အကြုံ။

စတုတ္ထအတွေ့အကြုံကတော့ ကျနော့်အခန်းထဲက တယ်လီဗီးရှင်းကြီး မသိမသာ ဘယ်ညာ ယိမ်းထိုးနေတာပါဘဲ။ ဘယ်လိုက ဘယ်လို ဖြစ်မှန်းမသိဘူး။ ဘယ်ယိမ်းညာယိမ်းနဲ့။ ဘီဘီစီ သတင်းကို ကျနော်ကြည့်နေရင်း တယ်လီဗီးရှင်းကြီးက အဲဒီလို ဖြစ်နေတာ။ ဒီ သရဲက မီးပိတ်ပြီး ကျနော် အိပ်တဲ့အချိန်ထိ စောင့်မနေနိုင်တော့ဘူးထင်ပါ့။ ဘယ့်နှယ်။ တစ်ခန်းလုံးလဲ မီးတွေ ဒီလောက် လင်းနေတာ။ ပြီးတော့ တယ်လီဗီးရှင်းလဲ အသံကျယ်ကျယ်နဲ့  ဖွင့်ထားတဲ့ ဥစ္စာ။ ငလျင်လှုပ်လို့ များလား။ ဒါမှမဟုတ် ကောင်းကင်ကနေ အိမ်ခေါင်မိုးတည့်တည့် ဖြတ်သန်းသွားလာနေတဲ့ လေယာဉ်ပျံ အရှိန်ကြောင့်များလား။ အဲဒီလို စဉ်းစားပြီး အခန်းထဲက စာအုပ်စင်၊ ဗီဒို၊ ကွန်ပျူတာ တင်ခုံ စတဲ့ အရာဝတ္ထုတွေကြည့်ပြန်တော့လဲ လှုပ်လှုပ်မှ မလှုပ်။ ဘယ်ညာ က နေတဲ့ တယ်လီဗီးရှင်းကြီးကို ကြည့်ပြီး ကျနော်တောင် ခေါင်းမူးချင်လာသလိုလို။ ဟုတ်နေပါပြီ။ ဒါ ငါ့ကို တစ်ယောက် ပျင်းနေမှာ စိုးလို့ အဖော်လုပ်ပြီး လာဖျော်ဖြေပေးနေတာများလား ဆိုပြီး အဖော်လာလုပ်ပေးတဲ့ သူ့ကိုတောင် ကျေးဇူးတင်ရမလိုလို။ ဒီတစ်ခါတော့ ကြောက်စိတ် လုံးဝ မဖြစ်မိတာ အမှန်။

နောက် ပဉ္စမ အတွေ့အကြုံ ပြောပြရဦးမယ်။ ဒီတစ်ခါတော့ နဲနဲ ကြမ်းတယ်။ နဲနဲ ကြမ်းဆို ဒီကောင်နဲ့ စကား တော်တော် များလိုက်ရတယ်။ မများလို့ မဖြစ်တဲ့ အခြေအနေမို့ပါ။ ဒီလိုမှ မဟိန်းဟောက်လိုက်ရင် ဒီကောင် ဒီထက် ပိုဆိုးလာဖို့ဘဲ ရှိတော့တယ်။ တစ်ည မီးတွေ အားလုံး ပိတ်ပြီး ကျနော် နံရံဘက် မျက်နှာ မူပြီး တစောင်းအနေအထားနဲ့ အိပ်လိုက်တယ်။ တရေးနိုးလာတော့ ခန္ဓာကိုယ် ညောင်းညာလာတာနဲ့ တစောင်းအနေအထားကနေ ပက်လက်လှန် အနေအထား ပြောင်းဦးမှဘဲ လို့ စဉ်းစားပြီး ပက်လက်လှန်အိပ်မယ်လဲ လုပ်ရော။ ခန္ဓာကိုယ်က ဘာမှ လှုပ်လို့ မရတော့ဘူး။ တစ်ကိုယ်လုံး ချုပ်ထားသလို ခံစားရတယ်။ ပြီးတော့ တစ်ကိုယ်လုံးလဲ လေးလံလိုက်သမှ လွန်ရော။ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူး။ ခေါင်းရင်းက စာကြည့်မီးကို ဖွင့်မယ်လုပ်ပြန်တော့လဲ လက်က လှုပ်မရ။ မှောင်မှောင်မဲမဲထဲ ကုတင်ပေါ်မှာ ခပ်တောင့်တောင့်ကြီးကို ဖြစ်လို့။ 

ဒါနဲ့ မီးဖွင့်လို့ မရတာချင်းအတူတူ အာရုံယူပြီး  ဘယ်သူများ အခုလို ကျနော့်ကို ချုပ်ထားတာပါလိမ့်ဆိုပြီး ကြည့်လိုက်တော့ ကျနော့် မျက်နှာရှေ့တည့်တည့်မှာ မိန်းမမျက်နှာနဲ့ လူတစ်ယောက်။ ကျနော့်ဘက်ကို မျက်နှာလှည့်ပြီး လဲလျောင်းနေတဲ့ အနေအထားနဲ့။ သူ့လက်တွေ အားလုံးက ကျနော့်ကို ချုပ်ထားတယ်။ လက်က ရှည်ရှည်လျားလျားကြီး။ မျက်နှာက ပြုံးစိစိနဲ့။ ပြီးတော့ ဟီး ဟီး ဟီး တဲ့။ ရယ်ပြနေသေးတယ်။ အမြင်ကပ်လိုက်တာ လွန်ရောဘဲ။ ဒါနဲ့ ကျနော် အလွတ်ရနေတဲ့ မေတ္တသုတ်ကို အစအဆုံးရွတ်ပြီး ဒီလူ မြန်မြန် ထွက်သွားပါစေလို့ ဆုတောင်းလိုက်တော့လဲ အချီးနှီး။ အပြုံးမပျက်တဲ့အပြင် ဟီး ဟီး ဟီး ဟီး ဟီး ဆိုပြီးတောင် လုပ်ပြနေသေးတယ်။ မဖြစ်သေးပါဘူး ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စတဲ့ သဝေမပါ ကိုးဂါထာကို ပါးစပ်က ရွတ်ပြီး ကျနော့် မျက်နှာ ရှေ့တည့်တည့် ရောက်နေတဲ့ သူ့မျက်နှာကို လေပြင်းပြင်းနဲ့ ဖူးကနဲ ဖူးကနဲ မှုတ် ပစ်လိုက်တယ်။ ဘုရားစာ အရှိန်ကြောင့်လား မသိဘူး။ ကျနော့် အာရုံထဲမှာလဲ ကျနော့်ပါးစပ်က ထွက်သွားတဲ့ လေဟာ အကြောင်းလိုက်ကြီး ဖြစ်နေပြီး လေဆာရောင်ခြည်တန်းကြီးလို အနေအထားမျိုးနဲ့ သူ့မျက်နှာ တည့်တည့်ကို တိုက်ရိုက်သွားထိတယ်။

အဲဒီတော့မှ... သူက အမလေး အမလေး.. ဘယ်လို လုပ်လိုက်တာလဲ။ အဲဒီလို မလုပ်နဲ့လေ။ အမလေး။ အမလေး။ ကြောက်ပါပြီ ကြောက်ပါပြီ ဆိုပြီး ငယ်သံပါအောင် စူးစူးရှရှ အော်ဟစ်ပါရောလား။ ကျနော်တောင် သူ့ကို ကြည့်ပြီး အတော်လေး သနားသွားမိတယ်။ ဒါနဲ့ ဂါထာရွတ် လေမှုတ်တာကို ခဏနားပြီး မင်းက ဘယ်သူလဲ ဒီမှာ ဘာလာလုပ်တာလဲ ဆိုတော့ သူက ပြန်ပြောတယ်။ ခင်ဗျားကို အဖော်လာလုပ်တာလေတဲ့။ ဟ.. အဖော်လာလုပ်ရအောင် မင်းက လူမှ မဟုတ်ဘဲ ဆိုတော့ သိဘူးလေ ခင်ဗျားက သရဲခြောက်ရင် အဖော်တောင် ရသေးတယ်ဆိုလို့၊ ပြီးတော့ ခင်ဗျားကို ကြည့်ရတာလဲ နေ့စဉ် တစ်ယောက်ထဲဘဲ နေနေရတာဆိုတော့ ပျင်းနေမလားဆိုပြီး လာ အဖော်လုပ်တာလေတဲ့။ ကဲ မှတ်ကရော။ ပြောလိုက်ချင်ဦး။ သရဲခြောက်ရင် အဖော်ရတာပေါ့ လို့။

အဲဒီလို သူနှင့်ကျနော်နဲ့ ပြောတဲ့ ဒိုင်ယာလော့တွေဟာ ကျနော်တို့  အချင်းချင်း အာရုံထဲကနေ ပြောနေကြတာလား ဒါမှမဟုတ် ပါးစပ်က အသံ ထွက်ပြီး ပြောကြသလားဆိုတာကိုတော့ ကျနော်လဲ ပြန်မစဉ်းစားတတ်တော့ဘူး။ ပြောကြတာကတော့ သေချာတယ်။  ငါ့ကို ချုပ်ထားတာ ပြန်ဖြေပေးဦးဆိုတော့ ဗြုန်းဆို ပေါ့ကနဲ ဖြစ်သွားတယ်။ ပြီးတော့ မင်း နောက်ထပ် ငါ့ဆီကို ဘယ်တော့မှ မလာတော့နဲ့။ ငါ မင်းကို အလိုမရှိဘူး။ ငါ့ဖာသာ တစ်ယောက်ထဲ အေးအေးဆေးဆေး နေရတာကိုဘဲ ငါပိုကြိုက်တယ်။ မင်း ထပ်လာရင် ငါ့ကို လာနှောင့်ယှက်တာနဲ့ အတူတူဘဲ။ ဒီတော့ ငါလဲ ငါလုပ်သင့်တာ လုပ်ရမှာဘဲ လို့ ပြောလိုက်တော့ သူ့မျက်နှာ သိပ်မကောင်းဘူး။ အဲဒီအခါ သူက ပြောတယ်။ ငါက ဒီအိမ်မှာ နေနေတာ။ ခင်ဗျားကို အမြဲတမ်း မြင်နေရတယ်။ (ကျနော့်ကိုတော့ ခင်ဗျားတဲ့။ သူ့ကိုသူတော့ ငါ တဲ့။ ဘယ်လို သရဲမှန်း နားမလည်တော့ဘူး။) ပြီးတော့ ခင်ဗျား သွားတာ လာတာ စားတာ အိပ်တာက အစ အကုန်မြင်နေရတယ်တဲ့။ ဗုဒ္ဓေါ။ အဲဒါမှ တကယ့်ဒုက္ခ။ သူပြောမှဘဲ ကျနော့်ဖာသာ တစ်ယောက်ထဲ ရှိတဲ့အခါ လွတ်လွတ်လပ်လပ် ဒူးပေါ် ပေါင်ပေါ် နေခဲ့ဖူးတာကို စဉ်းစားမိပြီး ရှက်သလိုလိုတောင် ခံစားလာမိတယ်။

ပြီးတော့ သူက ဆက်ပြောတယ်။ ခင်ဗျား တကယ် ငါ့ကို မမြင်ချင်တော့ဘူးဆိုရင် ခင်ဗျား နေ့စဉ် ဘုရားရှိခိုးပြီးတဲ့အခါတိုင်း ငါ့ကို သတိတရ အမျှဝေပေးပါ။ ဒါဆို ငါ ခင်ဗျားဆီကို မလာတော့ပါဘူးတဲ့။ အော်... သူပြောမှဘဲ သတိရတော့တယ်။ ကုသိုလ်လုပ်ပြီးတိုင်း အိမ်စောင့်နတ်အပါအ၀င် အိမ်အနီးအနားက မကျွတ်မလွတ်တဲ့သူတွေ အားလုံးကို ရည်မှန်းပြီး အမျှပေးဝေသင့်တယ် မဟုတ်လား။ အဲဒါနဲ့ဘဲ သူ တောင်းဆိုတဲ့ အတိုင်း ကျနော် အမျှဝေ ပေးလိုက်တာ ဒီနေ့ထိ ဘာဆို ဘာမှ မတွေ့ရ မမြင်ရ မကြားရတော့ဘူး။ ဒီလို ဆိုပြန်တော့လဲ  နဲနဲတော့ ခြောက်ကပ်ကပ် ဖြစ်သွားသလိုဘဲ။

ကျနော်လဲ  အသံဗလံ ဘာမှမကြားရတော့မှ လွမ်းချင်သလိုလို၊ သတိရချင်သလိုလိုကြီး။ ညစဉ် ဘုရားဝတ်ပြုသွားတဲ့အခါမှာလဲ ဘုရားခန်းထဲ သူများ ကြိုတင် လာထိုင်နေလေမလား၊ ဘီဘီစီသတင်းကြည့်နေရင်းလဲ တယ်လီဗီးရှင်းကြီးကို သူ လာလှုပ်နေမလား၊ ညအိပ်ယာဝင်တိုင်းလဲ ကျနော့် ကျောပြင်ကို လက်ဝါးအေးအေးကြီးနဲ့ လာတို့ထိလေမလားဆိုပြီး သတိရနေမိသေးတယ်။  အော်.. ပဋိဃသံယောဇဉ်ဆိုတာ ဒါကို ခေါ်တာများလား။ သို့ပေမဲ့ ဒီလို ပုံစံမျိုးကိုတော့ ဘယ်သောအခါမှ မတွေ့ရ မမြင်ရ မကြားရ အိပ်မက်ထဲတောင် မြင်မမက်ရပါလို၏ ဆိုပြီးတော့တော့ ဆုတောင်းထားတယ်။  ကဲ ကဲ ပို့စ်လဲ အတော်ရှည်သွားပြီ။ နောက်ဆို တစ်စုံတစ်ယောက်က ခင်ဗျားတစ်ယောက်ထဲ နေရတာ သရဲမကြောက်ဖူးလားလို့ မေးလာရင် (သရဲကြောက်တတ်ရင်တော့) သရဲခြောက်ရင် အဖော်ရတာပေါ့ ဆိုတဲ့ စကားလုံးမျိုးကို လွယ်လင့်တကူ ပြန်မဖြေမိစေဖို့ ဒီပို့စ်ကို မအားလပ်တဲ့ ကြားထဲက (အိပ်ချင်မူးတူးနဲ့) ရေးလိုက်ရခြင်းဘဲ ဖြစ်ပါတယ်။ အားလုံး ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)



20 comments:

ဘုန်း၂တောက် said...

အော်...သရဲ သရဲ ခြောက်ရဲရင် ခြောက်ကြည့်...ထွက်ပြေးမှာပေါ့ အဲဟုတ်ဖူး အမျှဝေပစ်မှာပေါ့လို့...

မေဓာဝီ said...

ကြောက်စရာကြီး သဂျီးရယ် ...
အုန်းကျွန်းလား ထန်းကျွန်းလား မသိပေမဲ့ ဖတ်ရင်းနဲ့ ကျောချမ်းလိုက်တာ။ သူ့အိမ်ကို လာမလည်ရဲအောင် လုပ်တာလား မသိပါဘူး။

AH said...

အာဂျာ... ကြောက်ပါတယ်ဆိုမှ တဂျီးရာ...

mstint said...

တဂျီးကတော့ အာဂလူပါလား သူရဲကိုတောင် ဟိန်းဟောက်လိုက်သေးတယ်ဆိုတော့ နယ်နယ်ရရ မဟုတ်ဘူး။ အတွေ့အကြုံလေးတွေကနေ ပညာလေးတွေ ယူထားတယ် ကြုံခဲ့ရင်ရွတ်ဖတ်သရစ္ဇျာယ်ဘို့လေး))
ဘုန်းကြီးသစ္ဆေမဟုတ်တာ ကံကောင်းတယ်မှတ် ဂါထာရွတ်လည်း မရဘူးတဲ့နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

သရဲကလည်း ဟီးဟီးဟီးတဲ့ ဟိ
ကန်ဒီလည်း အဲ့လို အချုပ်ခံထားရသလို ဖြစ်ဖူးတယ်။ အဲ့ဒါ ဘီလူးစီးတာဆို.. မသိဘူး ကြောက်စရာကြီး >.<

ကူးကူးလှိုင် said...

ဖတ်ရတာနဲ့တင် တော်တော်ကြောက်မိတယ် ကိုယ်တိုင်သာအဲလို တွေ့လို့ကတော့ ဟူးးးး မတွေးရဲစရာပဲ...

ညိမ်းနိုင် said...

ယုံဘူး....၊အဲ...တဂျီးပြောတာကိုမယုံဘူးပြောတာမဟုတ်
ဘူးနော်....၊သရဲရှိတာကိုမယုံတာ...၊ဒါပေမယ့်ကြောက်တော့ကြောက်တယ်...ဟီးဟီး...။

ဟန်ကြည် said...

ကျန်တာတော့ မကြုံဖူးပေါင်ဗျာ...တီဗီကြီး ယိမ်းထိုးနေတာတော့ ကြုံဖူးပ...အံမယ် အနှီလို ယိမ်းထိုးဖို့ဆိုတာ လွယ်မှတ်လို့...အငယ်ခံတော့ ဘီယာ သုံးလေးဘူး ရင်းရသဗျား...း)

စကားမစပ် သူကြီးရယ် မိန်းမမျက်နှာနဲ့ လူတစ်ယောက်ဆိုတာကြီးက မရှင်းမရှင်း ရှိလိုက်ပါဘိ...စေ့စေ့တွေးတော့လည်း ရေးရေးကို မပေါ်တာကလား...ထူးဆန်းချက်း)

အသက်ခပ်ငယ်ငယ်တုန်းကတော့ ဆုံးသွားတဲ့အဘွားက တစ်ခါခြောက်တာ ခံရဖူးတာပဲ သူကြီးရေ...တစ်ခါတည်းနဲ့တင် တစ်သက်လုံးမှတ်ကရောပဲ...အရွယ်လေးရောက်လာတော့ နေသမျှအိမ်တော်တော်များများမှာ သရဲခြောက်တယ်လို့ နံမည်ကြီးပေမယ့် တပည့်တွေကိုပဲ ခြောက်ပြီး ကိုယ့်ကိုကျမှလာမခြောက်ရဲတာ ကြုံဖူးပါသဗျား...

အွန်လိုင်းပေါ်မတက်ဖြစ်တာ နှစ်လနီးပါး ရှိသွားတော့ ဘာကြည့်ကြည့် ခပ်စိမ်းစိမ်းဖြစ်နေသဗျို့ သူကြီးရေ...ဖြစ်ပုံက ကီးပက်က အခုထိ မရသေးဘူးဗျား...ပြည်တွင်းရော ပြည်ပပါမကျန် ဒေါင်းတောက်အောင် ရှာလိုက်ရတာ ခေါင်းကို ကိုက်ရော...နောက်တစ်ပတ်လောက်ဆိုရင်တော့ ရမယ်ဆိုလားး)

ဖြူတုတ်လေး said...

ရှားရှားပါးပါး လာလည်ပါတယ်။ ဒီ post နဲ့ တိုးနေပြန်ပါပကော။ ဖတ်မိတဲ့အချိန်ကလည်း ညသန်းခေါင် ... ဖြူတုတ်ကြားဖူးတာကတော့ သူတို့နဲ့တွေ့ရင် အိပ်မက်ထဲမှာလိုပဲတဲ့ ... ဖတ်စက အဆုံးရောက်ရင်တော့ trick တစ်ခုပေါ်လာမှာပဲလို့ အောက်မေ့တာ။ ဒီတခါတော့ တကယ်ကိုး ... BTW, ဖြူတုတ်စိတ်အဝင်စားဆုံးအချက် why every 36 mins? It's kind of like an odd choice of setting for an air freshner ... :)

san htun said...

NUS မှာ တခါ ကြုံဖူးတယ်..သရဲခြောက်နေတာ ခြောက်နေမှန်းမသိ..သရဲတော့ တော်တော်စိတ်ပိန်သွားမှာပဲ..နောင်သိရတော့မှ ကြောက်လို့  အဲဒီအခန်းဆို ဝှောင်ဝှောင်ရှေးပဲ..တဂျီးမင်းတို့ များ သရဲကို ဟိန်းဟောက်လိုက်သေးတယ်..အာဂ တဂျီးမင်း...:P

စံပယ်ချို said...

သရဲ တခါမှ အခြောက်မခံဖူးသေးဘူး
သူများတွေပြောတာတော့ကြားဖူးနေတယ်
သရဲတွေ့ရင် တဂျီးမင်းလာကူလှဲ့နော်

စုချစ် said...

အဲသာ တကယ်ဂျီးလားဟင်... သူကြီးမင်းးး
ရုံးမှာ သူများတွေ ရုံးဆင်းပြန်ကုန်ဘီ...တစ်ယောက်ထဲကျန်နေတုန်း ဖတ်နေတာ... ခုမှ ဟိုက သည်က အသံတွေကြားလာရသလိုလို ဘာလိုလို....
ဆရာနေ၀င်းမြင့်ရဲ့ အိမ်ကလေး ဝတ္ထု ထဲကလို အဲ့အိမ်မှာများ အဲ့သရဲက သေသွားတာလား မသိ...

သရဲ မကြောက်ဘူး မယုံဘူး ပြောရဲဘူး... လာခြောက်နေမှာ စိုးလို့.... ;P

SHWE ZIN U said...

သကြီးမင်း ရဲ့ အုန်းကျွန်း ကတော့ တအားကို မိုက်ပါတယ်ဗျာ ကြောက်ထာ အလည် မခေါ်နဲ့ မလာတော့ဘူး

ခင်မင်လျှက်
ရွှေစင်ဦး

blackroze said...

သူကြီးမင်းတို့ တော်ချက် ကျွမ်းချက်
ပါဝါကြီးချက် ..

khun said...

သဂျီးကိုတရဲလာခြောက်တာ... :D

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သယ်ဂျီးပို့စ်ဖတ်ဖြစ်တာကြာပေါ့
မန့်နိုင်တာကတော့ အခုမှပဲသယ်ဂျီးရေ
မြန်မာစံတော်ချိန် ၁၁ ၄၂ pm ဗျားး)

မိုးခါး said...

အမလေးးးး
အရင်ကလည်း မပြောဘူး
ခု ပိုလို့တောင် မပြောတော့ပါဘူး ဗျာ
ကြောက်ပါတယ် .. :D

ချစ်စံအိမ်~2028~ said...

ကြောက်ချာဂျီးးး

~ Kk ~

ကိုကိုးအိမ်(မန္တလေး) said...

ဘိလပ်သရဲတော့တစ်ခါမှခြောက်ခံရဖူးသေးဘူး.... ဟိဟိ....... ဒါပေမယ့် ဘိလပ်ကအိမ်တွေကတော့ နေ့ကြည့်ကြည့်ညကြည့်ကြည့် ခြောက်ခြားဖို့ကောင်းတာတော့ အသေအချာပဲ..... ညဆိုလည်း ချွတ်ချွတ်ချက်ချက်နဲ့ သစ်ရွက်တစ်ရွက်လွင့်တာကအစ ဖလောဖလောနဲ့ ကျောချမ်းတယ်....... ဘိလပ်သားတွေရဲ့မျက်လုံးကလည်း ဂျောင်ဂလယ်တွေများတော့ တွေ့နေကျမဟုတ်ရင် ညညအိပ်မက်ထဲထိရောက်ရောက်လာတယ်... ဖရားဖရား....... ကြောက်လိထှာ.....
တုံးဖလားသူကြီးဆီမရောက်တာကြာလို့ လာလည်ရင်း လက်အေးကြီးနဲ့တွေ့ပြီး ကျောတောင့်သွားလေရဲ့.... ဂစ်ဂစ်

ခင်တတ်မင်တတ်တဲ့
ကိုကိုးအိမ်(မန္တလေး)

မဒမ်ကိုး said...

လာလိုက်မိတာ သရဲနဲ့တန်းတိုးဒယ်
ဂျောက်ဒယ် ပြန်ဘီ

ဂျာရစ်