Saturday, 28 April 2012

ကျွန်ုပ်နှင့် "သိမှသိမသိကိုသိသည်မသိကသိမသိကိုမသိ"

 မှတ်မှတ်ရရ မိုးအုံ့သော တစ်နေ့က သူတို့ ရောက်လာကြသည်။ သူတို့ဆိုသည်ထက် မိသားစု တစ်စုဆိုက ပိုမှန်မည် ထင်၏။ အဘိုးတစ်ယောက် အဘွားတစ်ယောက် မြေးမလေးတစ်ယောက်။ စုစုပေါင်း သုံးယောက်။ တစ်နိုင်ငံအတွင်း အတူတူ နေထိုင်ကြပေမဲ့ သူတို့က နယ်မြို့လေးတစ်မြို့မှာ နေသည်။ သူတို့နဲ့ မတွေ့သည်မှာ နှစ်ပရိစ္ဆေဒ ဆွေးခဲ့လေပြီ။ အသိမိတ်ဆွေတွေ တကူးတက အိမ်လာတော့ ပျော်လိုက်သည့် ဖြစ်ခြင်း။ အိမ်လာတယ်ဆိုပေမဲ့ လမ်းကြုံလို့ ၀င်ခဲ့ခြင်းပင် ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ ရွှေဧည့်သည် လာတယ်ဆိုတော့ ပျော်တပြုံးပြုံးပေါ့။

ရှင်းရှင်းနဲ့ ဘွင်းဘွင်းဆိုရသော် မြေးမဖြစ်သူ၏ လင်ယောက်ျားက တစ်ခြားတိုင်းပြည်မှာ နေသည်။ တစ်လခွင့်ဖြင့် မြေးမဖြစ်သူထံ ပြန်လာသည်။ ထိုလင်ယောက်ျား ခွင့်စေ့သဖြင့် သူ့ဋ္ဌာနေ တိုင်းပြည်သို့ အပြန်ခရီးကို သူတို့ မိသားစု အားလုံး လိုက်ပို့ကြသည်။ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသည် ကျွန်ုပ်အိမ်နဲ့ နွားလားဥသဘ နှစ်အော်စာလောက်သာ ဝေးကွာလေသည်။ ထိုလေယာဉ်ကွင်းသို့ သူတို့ လာပို့ကြခြင်းဖြစ်သည်။ ထိုလင်ယောက်ျားစီးသော လေယာဉ်ပျံတက်သွားပြီးနောက် လမ်းကြုံသောကြောင့် ကျွန်ုပ်နေထိုင်သည့် အိမ်သို့ သူတို့ ဖုန်တိုက်လာလေတော့သည်။ ရောက်လာတော့လဲ အခန်းသီးသန့်ဖြင့် သူတို့ကို နေရာချထားလိုက်သည်။

အိမ်ရောက်လို့ တစ်ရက်တောင် မကြာလိုက်ပါ။ ညပိုင်း၌ အဘိုးဖြစ်သူ ကျန်းမာရေးဖောက်လာလေသည်။ နဂိုက အကောင်းကြီး။ အခုမှ ထဖောက်ခြင်း ဖြစ်သည်။ ဒီတော့ အရေးပေါ် ဆေးရုံတင်ရတော့တာပေါ့။ အဘိုးဖြစ်သူ ဆေးရုံတင်တော့ ဆေးရုံမှာ အကျိုးအကြောင်း စကားပြောရန် မြေးမလေးရှိမှ ဖြစ်မည်။ အဘွားလုပ်သူက အီးလို မမှုတ်တတ်။ ဒီတော့ မြေးမလေးကို လိုအပ်သည်။ ဒီလိုနဲ့ ကျွန်ုပ်အိမ်မှာ အဘွားနဲ့ မြေးမလေး။ ဆေးရုံမှာ အဘိုး။ ဒီလိုဘဲ နေလိုက်ကြတော့သည်။ သူတို့ နေထိုင်ရာ နယ်မြို့ကို မပြန်ဖြစ်ကြတော့။

တစ်ရက်နှစ်ရက် ကိစ္စ မရှိပေမဲ့ အခုဟာ တစ်ပတ်နှစ်ပတ်မှ တစ်လနှစ်လထိ ဆေးရုံမှာ ကြာနေနိုင်သည်။ မြေးမလေးက အလုပ်တန်းလန်းကြီးနဲ့။ ခွင့်ယူရခက်သည့် အခြေအနေမှာ ရှိနေလေသည်။ ခွင့်ယူရန် အကျိုးအကြောင်းကိုလဲ သူ စာမစီတတ်။ ဒါပေမဲ့ မဖြစ် ဖြစ်တဲ့နည်းနဲ့တော့ ခွင့်စာရေးပြီး ခွင့်ယူမှ အဆင်ပြေမည်။ ပြဿနာက အဲဒီက အစပျိုးသည်ဟု ဆိုရပေမည်။

 ခွင့်စာရေးပေးဖို့ ခပ်ရွှီးရွှီးခွင့်စာ ရေးတတ်သည့် သူ၏ မိတ်ဆွေ ကုလားလေးတစ်ယောက်ကို ဖုန်းဆက်ပြီး သူခေါ်လိုက်သည်။ ထိုကုလားလေးသည် ကျွန်ုပ်နေထိုင်သည့် အိမ်သို့ အခုမှ ရောက်ဖူးခြင်း ဖြစ်သည်။ ခွင့်စာရေးဖို့ ကွန်ပျူတာနှင့် စာရွက်ထုတ်ဖို့ ပရင်တာ သူတို့ လိုအပ်သည်။ ထို ကွန်ပျူတာ ပရင်တာ နှစ်ခုလုံး ကျွန်ုပ်၏ အခန်းအတွင်း၌ ရှိသည်။ ဒီတော့ ကုလားလေးရယ် အဘွားလုပ်သူရယ် မြေးမလေးရယ် ကျွန်ုပ်အခန်းထဲ ရောက်လာကြသည်။ တစ်ယောက်နဲ့တစ်ယောက် နှစ်ယောက်။ အဘွားပါပေါင်းတော့ သုံးယောက်။ ကျွန်ုပ်ကိုပါ ထပ်ပေါင်းသော် လေးယောက်။ လေးယောက်ပေါင်း လောင်းကျော်ပြီး ခွင့်စာရွှီးနည်းတို့ကို တိုင်ပင်ကာ ကုလားလေးတစ်ယောက် တစ်ဂျောက်ဂျောက်ဖြင့် ကျွန်ုပ်၏ ကွန်ပျူတာကို ရိုက်လေတော့၏။

ကျွန်ုပ်နေထိုင်သည့် အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ ကျွန်ုပ်က အပေါ်ထပ်မှာ နေသည်။ အိမ်ရှင်အဘိုးကြီးက အောက်ထပ်မှာ နေသည်။ အပေါ်ထပ်တွင် အိမ်သာ ရေချိုးခန်းရှိသည်။ အောက်ထပ်၌လည်း ထို့အတူ ရှိသည်။ ကွန်ပျူတာ စာရိုက်နေသော ကုလားလေးက အပေါ့သွားချင်သည်ဆို၍ အပေါ်ထပ်အိမ်သာသို့ ညွန်ပြလိုက်သည်။ ည အချိန်ရောက်ပြီဖို့ အိမ်သာထဲ မှောင်မဲနေလေသည်။ ထို့ကြောင့် ကုလားလေးသည် အိမ်သာ အနီးရှိ ခလုပ်တစ်ခုကို ထောက်ကနဲ ဖွင့်လိုက်သည်။ သို့သော် မီးက လင်းမလာ။ သို့သော် အဆင်ပြေအောင်တော့ သူ အိမ်သာထဲ ၀င်လိုက်နိုင်သည်။ မည်သို့ မည်ပုံ ၀င်သွားသည်ကိုတော့ ကျွန်ုပ်မသိ။ 

ဖြစ်ချင်တော့ သူ ဖွင့်လိုက်သည့် ခလုပ်သည် မီးခလုပ်မဟုတ်။ တစ်အိမ်လုံးကို အပူပေးထားသည့် အပူပေးစက်နှင့် ရေပူရေအေးအတွက် ပြုလုပ်တပ်ဆင်ထားသည့် မိန်းဆွစ်ခ်ျ ဖြစ်လေသည်။ ပိုဆိုးသည်မှာ သူ ထောက်ကနဲ ဖွင့်လိုက်ခြင်းသည် အဖွင့်မဟုတ်ဘဲ ဖွင့်ထားပြီးသား ခလုပ်ကို ပိတ်မိလိုက်ခြင်းပင် ဖြစ်သည်။ ထိုကိစ္စကို အောက်ထပ်က အဘိုးအို တစ်ယောက် မသိရှာပေ။ အဘိုးအိုက အောက်ထပ်ရေချိုးခန်း၌ ရေချိုးဖို့ ပြင်သည်။ ရေပိုက်ကို ဖွင့်လိုက်တော့ ကျလာတဲ့ ရေတွေက ရေခဲရေသမျှ အေးစက်နေလေသည်။ ခဏစောင့်ကြည့်သည်။ ရေအေးသက်သက်သာ ထွက်ကျနေသည်။ ရေပူကား လုံးဝ လုံးဝ မလာတော့ပေ။ ဒါဆို သေချာပြီ။ ရေပူရေအေးစက် ပျက်ပြီ။

ဒီတော့ အိမ်ရှင်အဘိုးက ပလမ်မာကို ဖုန်းဆက်ခေါ်သည်။ ပလမ်မာသည်လည်း အဘိုးအိုတစ်ယောက်ပင် ဖြစ်လေသည်။ ထို ပလမ်မာအဘိုးအိုသည် ကားဖြင့် အိမ်သို့ ချက်ချင်း ရောက်လာသည်။ အပူပေးစက် ဆွစ်ခ်ျကို အပေါ်ထပ်မှာ ထားပေမဲ့ အပူပေးစက် အလုံးကြီးကိုတော့ အောက်ထပ်မှာ ထားသည်။ ထို စက်ကြီးကို ကြည့်ပြီး ပလမ်မာက တန်းသိသည်။ ဒါ မိန်းဆွစ်ခ်ျကို ပိတ်ထားလို့ဘဲ ဖြစ်ရမယ်ဟု။ မိန်းဆွစ်ခ်ျ ဘယ်မှာလဲ ဆိုတော့ အပေါ်ထပ်မှာပေါ့။ ဒီတော့ ပလမ်မာ အဘိုးကို အပေါ်ထပ် တက်လာသည်။ မိန်းဆွစ်ခ်ျကို ဖွင့်လိုက်တော့ အားလုံး အိုကေသွားသည်။

အိုမကေသည်မှာ ပလမ်မာ အဘိုးအို အောက်ထပ်သို့ ပြန်အဆင်း ဒူးခေါက်ပြီး လှေခါးပေါ်က လှိမ့်ကျသွားသည်။ သတိလစ်သလို ဖြစ်သွားသည်။ ထို့ကြောင့် အရေးပေါ် အင်ဗျူးလင့်စ် ခေါ်လိုက်ရသည်။  ခဏအကြာ၌ တ တီတီ မြည်လျှက် အင်ဗျူးလင့်စ်ကား ရောက်လာသည်။ ပလမ်မာ အဘိုးအိုကို တင်ပြီး အမြန်မောင်းထွက်သွားသည်။ ဆေးရုံကို ရောက်လိုဇောနဲ့ အမြန် မောင်းနှင်သောကြောင့် လမ်းကွေ့အချိုးမှာ အရှိန်လွန်ပြီး လမ်းဘေး ထိုးကျသွားသည်။ ကားဘရိတ်အရှိန်ကြောင့် တစ်ခုခုနဲ့ ဆောင့်မိပြီး ကားပေါ်ရှိ အကူ ၀န်ထမ်းတစ်ယောက် ဒဏ်ရာ အနည်းငယ်ရသွားသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအင်ဗျူးလင့်စ်ဖြင့်ပင် ဆေးရုံသို့  ရောက်သည်။ ဒဏ်ရာရ ၀န်ထမ်းလဲ ဆေးရုံရောက်မှ အတွင်းကြေမှန်း သိသဖြင့် ဆေးရုံတင်လိုက်ရသည်။  ဒီတော့ ဆေးရုံမှာ ပလမ်မာအဘိုးအိုရယ်၊ ဒဏ်ရာရ၀န်ထမ်းရယ်၊ ပြီးတော့ ကျွန်ုပ်၏ ရွှေဧည့်သည် အဘိုးအိုတစ်ယောက်။ စုစုပေါင်း သုံးယောက်။ 

အဘွားဖြစ်သူနှင့် မြေးမလုပ်သူက အညံ့တွေ ၀င်နေလို့ ဒီလို ဖြစ်ရတာ ဆိုပြီး ကျွန်ုပ်ကို ဗေဒင်ဆရာ အရှာခိုင်းလေသည်။ ကျွန်ုပ်လဲ အသက် ၇၀ ခန့်ရှိသည့် ရမ်းဖမ်းတွက်တတ်သည့် ဗေဒင်ဆရာတစ်ယောက် ရှာပေးလိုက်သည်။ တွက်ချက်မှု အရ အဘွားလုပ်သူရော မြေးမလုပ်သူပါ တနင်္ဂနွေဂြိုဟ်ထဲ ၀င်နေသည်။ ဒီတော့ ယတြာအနေနဲ့ တနင်္ဂနွေနေ့မှာ တနင်္ဂနွေသား ဘုန်းကြီးတစ်ပါးအား အုန်းနို့ခေါက်ဆွဲဆွမ်း သွားကပ်ရမည်တဲ့။

ဒီတော့ တစ်ခုသော တနင်္ဂနွေနေ့တွင် ကျောင်းတစ်ကျောင်းမှ တနင်္ဂနွေသား ဘုန်းကြီးတစ်ပါးအား မြေးအဘွားနှစ်ယောက် အုန်းနို့ခေါက်ဆွဲဆွမ်း သွားကပ်ကြလေသည်။ ထိုဘုန်းကြီးလဲ အားရပါးရ ဘုဉ်းပေးသည်။ အလှူရှင်တို့၏ သဒ္ဓါတရားကို ငဲ့လို့သာ ဘုဉ်းပေးလိုက်ရသည်။ အမှန်မှာ ထိုဘုန်းကြီး၌ သွေးတိုးရောဂါရှိသည်။ ထို့ကြောင့် မြေးအဘွားနှစ်ယောက် ကျောင်းက ပြန်ပြီး မကြာခင်မှာ ဘုန်းကြီး သွေးတက်လေသည်။ အရမ်းမူးသည်ဆိုသောကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရပြန်သည်။ ထိုသတင်း ဗေဒင်ဆရာ အဘိုးအို နားသို့ ရောက်သွားသောအခါ ဗေဒင်ဆရာလဲ သူ့ကြောင့် အခုလို ဘုန်းကြီး ဒုက္ခ ရောက်ရတာဆိုပြီး ရှော့ခ်ဖြစ်ကာ သတိလစ်သွားသောကြောင့် ဆေးရုံတင်လိုက်ရပြန်သည်။ ဒီတော့ ဆေးရုံမှာ နောက်တိုးနှစ်ယောက်နဲ့ဆိုတော့ စုစုပေါင်း ငါးယောက်။

ကျွန်ုပ်သည်လဲ ထိုသတင်းကြားပြီးနောက် ဆေးရုံသွားပြီး အခြေအနေသွားကြည့်ဦးမှဘဲ ဟု စဉ်းစားကာ နောက် နှစ်ရက်လောက်ကြာတဲ့အခါ ထိုမြေးအဘွားနှစ်ယောက်နဲ့အတူ ဆေးရုံသို့ သွားလိုက်သည်။ ဆေးရုံရောက်တော့ လူနာငါးဦးလုံး အချင်းချင်း မိတ်ဆွေတွေ ဖြစ်ပြီး စကားလက်ဆုံကျနေကြသည်ကို တွေ့ရလေ၏။ အားလုံးလဲ ပကတိကျန်းမာချမ်းသာလို့။ တော်ပါသေးရဲ့ အခုလို မိတ်ဖြစ်ဆွေဖြစ် အာဂန္တုနာလေးတွေပေမို့။  သူတို့ရဲ့ ဖြစ်ကြောင်းရယ်ကုန်စင် တစ်လှည့်စီ ပြောပြပြီး ရယ်ရယ်မောမော ရှိနေကြလေရဲ့။ မြန်မာမျက်စိနဲ့ ကြည့်ရလျှင် ဆရာတော်တစ်ပါးဦးဆောင်သည့် ဘုရားဖူးအဖွဲ့တစ်ဖွဲ့ အဆင့်မြင့် ဟိုတယ်ခန်းကြီးတစ်ခန်းထဲမှာ အနားယူနေကြသည်နဲ့ပင် တူလှပေတော့၏။ 

ကျွန်ုပ်သည် ထိုအဖြစ်အပျက်ကို အခွင့်အရေးယူကာ ဒါ ဂဏန်းပေးတာဘဲဟု မဆီမဆိုင် တွက်ဆပြီး လူနာဘုန်းကြီးမှ စပြီး ငါးယောက်လုံးအား စိတ်ထဲ ပေါ်လာတဲ့ ဂဏန်းတစ်ခုစီ ချီးမြှင့်ဖို့ စကား ကမ်းလှမ်းလိုက်ရာ ဘုန်းကြီးက ၃၂ ဟု ပြောလေသည်။ ထို့နောက် ဗေဒင်ဆရာ အဘိုးအိုက ၁၅ ဟု ဆိုလေ၏။ ထို့နောက် ပလမ်မာ အဘိုးအိုကလဲ ၄၅ ဟု ပြောလေ၏။ ၀န်ထမ်းလူနာက ၂၅ ဟု ရွတ်ဆိုလေ၏။ ထို့နောက် ကျွန်ုပ်၏ ဧည့်သည် အဘိုးအိုလူနာက ၁၅ ဟု ဆိုပြန်၏။ ၁၅ နှစ်ခု ထပ်နေသောကြောင့် ထပ်ပြောပါဦးဆိုတော့ ၁၆ တဲ့။ နောက်တစ်လုံး ကျန်သေးတယ်။ ဒီတော့ မြေးအဘွားဘက် လှည့်ပြီး ခင်ဗျားတို့ မြေးအဘွားလဲ စိတ်ထဲရှိတာ တစ်ခုလောက် ပြောဗျာဆိုတော့ ဒို့မြေးအဘွားက တနင်္ဂနွေဂြိုဟ်ထဲ ရောက်နေတာဆိုတော့ ၁ ဘဲတဲ့။ 

 အိမ်ပြန်ရောက်ပြီး အားလုံးတွက်စစ်ကြည့်လိုက်တော့...
၃၂
၁၅
၄၅
၂၅
၁၆

အဲဒီ ဂဏန်းတွေကို ရလိုက်သည်။ 
.....

ဒီနေ့ ဓါတ်ကျသလိုလိုခံစားမိသည်။

ဒါဆို ဒီနေ့ စနေနေ့ထွက်မဲ့ လိုတိုထီအတွက် အဆင်ပြေလေမလား။ အမြင့်ဆုံးဆုတော့ စတာလင်ပေါင်ငွေ ၄၁၀၀၀၀၀ (လေးသန်းတစ်သိန်း)တဲ့။ လာမဲ့ အင်္ဂါနေ့မှာ ထွက်မဲ့ ယူရိုမီလျံအတွက်တော့ ကျွန်ုပ်ကိုယ်ပိုင် ဂဏန်းတစ်လုံး နံပါတ် ၃ ကို ထပ်ဖြည့်ပြီး မူလပထမ ငါးလုံးကို မိန်းဘော၊ နောက်ဆုံး တစ်လုံးနှင့် ကျွန်ုပ်၏ နံပါတ် ၃ ကို လပ်ကီးစတား နေရာမှာ ထည့်ပြီး ကံစမ်းလိုက်ဦးမည်။ အဲဒီ ယူရိုမီလျံကမှ တကယ့် ဆုကြီး။ အမြင့်ဆုံးဆုက စတာလင်ပေါင် ၁၂၀၀၀၀၀၀ (ဆယ့်နှစ်သန်း)တဲ့။

ဒီတော့...
Lotto Number:  01...15...16...25...32...45...
Euromillion Number: 15...16...25...32...45... (01)-(03)
ဟူ၍ ကျွန်ုပ်ဖာသာ ကျွန်ုပ် ထုတ်နှုတ်ပြီး ရွှေဧည့်သည်တို့ကို အကြောင်းပြုကာ လက်တည့် စမ်းလိုက်ပေဦးတော့မည်။  စိတ်ပါ ၀င်စားသူများ လာခဲ့ကြပါလှည့်။ ကျွန်ုပ်၏ ကံကောင်းခြင်းများကို အသင်တို့အား ဝေမျှပေးပါအံ့။  

 မသိသူကျော်သွားသိသူဖော်စား။ သိမှသိမသိကိုသိသည်မသိကသိမသိကိုမသိ။ သိယာဖြစ်ရာ၏။  ။
.



မှတ်ချက်။
စိတ်ကူးဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ အဖြစ်မှန်ပုံပြင်ဟူ၍ မမှတ်သင့်ချေ။ ။
....

16 comments:

ကိုရင် said...

“သိမှသိမသိကိုသိသည်မသိကသိမသိကိုမသိ"
အင်း..ချပြီဗျာ..

ဒီနေ့ စနေဆိုတော့ အပီကိုကစ်လိုက်တော့မယ်..
ရလို့ကတော့ ဘိလပ်ကို လေယျာဉ်နဲ့လာပြီး သူကြီးနောက်လိုက်ပြီး နှလုံးပြူးလိုက်ထမ်းတော့ မယ်ဟေး..
ကစ်ပြီ..
(နှလုံးပြူး=သေနတ်) :D

လွင်ပြင်လှိုင်းငယ် said...

သူကြီး ထီပေါင်းရင် အနော်တို့ကို မမေ့နဲ့နော်။
သူကြီးဂဏန်းထဲက ကြိုက်တဲ့ ၄လုံးယူသွားပါတယ်
ဒီနေ့ စနေနေ့ဆိုတော့ ကိုရင်ပြောသလို အပီကစ်လိုက်မယ်...

လေးစားလျက်
လွင်ပြင်လှိုင်းငယ်

စံပယ်ချို said...

အပေါ်ကတစ်ယောက်ကတော့ဖြစ်ဟယ်
သူများနံပါတ်ပေးထားပါရဲ့ ကိုယ်တိုင်ထိုးပါရောလား
ခုတော့ဖြစ်
(သူကြီး ထီပေါင်းရင် အနော်တို့ကို မမေ့နဲ့နော်)တဲ့
ပြောချင်တော့ပါဘူး

မောင်သီဟ said...

သိလိုက်တာကတော့ ပို့စ်ဖတ်နေတဲ့ ကိုယ်ပါ ဆေးရုံအချောင်တက်ရတော့မလိုလိုဖြစ်သွားတယ် တိန်
း)

ဒီမှာထိုးစရာရှိဝူးသဂျီးရဲ့

မောင်ဘကြိုင်

SHWE ZIN U said...

ဟုတ်ပ ကိုကိုမောင် ရယ် ကိုဘကြိုင် ပြောသလိုဘဲ စာဖတ်ရင်း ကိုယ်တောင် ဆေးရုံ ဘာအကြောင်းနဲ့ များ ရောက်သွားအုန်းမလဲလို့ ... တွဲလုံး တွေ လည်း မှန်ပါစေ ... ထီဆုကြီး ပေါက်ပြီး ရွှေစင်ဦး တို့ကို မုန့်တွေ အများကြီး ၀ယ်ကျွေးနိုင်ပါစေဗျာ

ခင်မင်တဲ့
ရွှေစင်ဦး

jerry pigpig said...

သူကြီး..ပစ်ပစ်အတွက်တစောင်ထိုးထားပေး..
ပေါက်ရင်ထိုးထားတဲ့ပိုက်ဆံကို
နှုတ်ပြီးကျန်တာထိုင်ဝမ်ကိုပို့ပေး
ပစ်ပစ်ရန်ကုန်ပြန်တော့မယ်..

ကူးကူးလှိုင် said...

မျှော်မှန်းထားတဲ့ထီဆုကြီး ပေါက်ပါစေ...

Anonymous said...

နောက်ဆက်တွဲ ...

သို့ဖြင့် နောက်တနေ့ လိုတိုထီထွက်သောအခါ သူဂျီးမင်း ကိုကိုမောင် ဘလော့တွင် ရေးထားသော ဂဏန်းများအားလုံး တိုက်တိုက်ဆိုင်ဆိုင် ထွက်လာလေတော့သည်။
သို့သော် ...
.... .... .... .... ...
သဂျီးမင်းသည် ထိုနံပါတ်များကို ဘလော့တွင်သာ ရေးထားခြင်း ဖြစ်ပြီး အမှန်တကယ် မထိုးဖြစ်ပေ။
ထိုနံပါတ်များအားလုံး ထွက်လာလေသောအခါ သဂျီးကိုကိုမောင် (ငပိနံ့) သည် ထီမထိုးဖြစ်လေခြင်းဟု နောင်တ တဖန် ပြင်းစွာ ပူလောင် သောက ဖိစီးပြီး သကာလ နှလုံးလေဟပ် မတ်တပ်က လဲလတ်သည် ရှိသော် သူ၏ မိတ်ဆွေများ ရှိရာ ဆေးရုံသို့ ambulance ဖြင့် ပို့လိုက်ရလေတော့ သတည်းးးးး ။ ... ။

ဤတွင်ရွေ့ ပြီး၏။

Unknown said...

အကိုကြီးရေ အဲလိုသာ တွက်တက် ချက်တက်ရင်ဖြင့်
အဲ့မှာ မနေနဲ့တော့ မြန်မာပြည်ပြန်ပြီး ဘိုးတော် လုပ်
အကိုကြီးရာ အဲ့ထီက ထီပေါက်တာ ထက်တောင်
အလျှင်အမြန် ချမ်းသာ စေရမယ်.;P ;P

ဟန်ကြည် said...

သိမှသိမသိကိုသိသည်မသိကသိမသိကိုမသိဆိုတာကို ဖတ်ပြီး သိတာလား မသိဘူးလားဆိုတဲ့အကြောင်း မသိတသိဖြစ်နေလို့ မသိသိအောင်လုပ်ရင်း သိသလိုလိုဖြစ်လာတာကို သိသွားမှပဲ သူကြီးမင်းတစ်ယောက် စာဖတ်တဲ့လူခေါင်းကိုက်အောင် ပညာပြနေပါလားဆိုတာကို မသိချင်ဘဲနဲ့ သိလာပါလေရော...

သူကြီးမင်း မအိုသေးဘူးပဲ...အပျိုလေးနဲ့ မတွေ့တာ တစ်ခုပဲ ပြောစရာရှိတာပ ( ဟုတ်ပေါင်...စကားလမ်းကြောင်းလွဲကုန်ပါပေါ့လား ) မအိုသေးဘူးဆိုတာ အရေးအသားတွေ၊ အတွေးတရားတွေ နုပျိုလတ်ဆတ်တုန်းဆိုတာကို ပြောတာပါလေ...အနှီလောက် ပေါက်ပေါက်ရှာရှာ တွေးတတ်တာ သူကြီးမင်းတစ်ယောက်ပဲ ရှိတာမို့ ကလောင်နံမည်မတပ်ဘဲ ရေးရင်တောင် သူကြီးလက်ရာမှန်း သိပါ့ဗျား...

Anonymous said...

အို ..
ဖတ်ရင်းနဲ့ ဆေးရုံချည်းရောက်နေလို့
ကိုယ့်ဘာသာကိုယ်တောင်
ဖတ်နေရင်း ချာလပတ် ဖြစ်နေလားလို့ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မင်းဧရာ said...

သြော် ဂလိုကိုး......
သူကြီးမင်းတစ်ယောက် ပျောက်လှခြေလားလို့တွေးနေတာ
လက်စသတ်တော့ ကိုယ်တိုင်မထိုးတဲ့ ထီ ကို အချောင်ဝင်ပြီး စိတ်ကူးရင်နေတာကိုး။

နေ၀သန် said...

ဒီလိုမျိုး မရယ်ရတာကြာပြီ.. ရယ်လိုက်ရတာ အူကိုတက်လို့.. ဟားဟားဟား....


ခင်မင်လျက်
နေ၀သန်

သဒ္ဓါလှိုင်း said...

(စာအသစ်တွေမဖတ်ရတာကြာပြီ. နေမှကောင်းရဲ့လားလို့.) ဖတ်ရင်း ရီမိတယ်.။ ထီပေါက်ဖို့ မန်းပေးခဲ့တယ်။ ပေါက်ရင်တော့ သဒ္ဓါလှိုင်းကို မမေ့နဲ့ပေါ့လေ..

ခင်မင်လျက်
သဒ္ဓါ

mstint said...

စိတ်ရှုပ်ထွေးတာလေးတွေ ပြေသွားမလားလို့ သူကြီးမင်းပို့စ်ကို ဖတ်လိုက်ပြီးတဲ့ သကာလ ခေါင်းတွေအုံခဲလာလို့ ဆေးသောက်ပြီး အနားယူလိုက်လေသတည်း။

မေတ္တာဖြင့်
တီတင့် :P

San San Htun said...

မသိသူကျော်သွား သိသူဖော်စားတဲ့ တဂျီးမင်းရေ ထီပေါက်ကို မုန့် ဝယ်ကျွေးနော်..ဒီလိုမျိုးလေး မရယ်ရတာ ကြားပြီ..