Tuesday, 10 April 2012

သူကြီးမင်းရဲ့ "တရားစခန်း" ပုံပြင်

ဒီည စောစော အိပ်မယ် ကြံစည်ထားကာမှ ဟိုဘက် တစ်အိမ်ကျော်က မြမေတစ်ယောက် ငိုကြီးချက်မနဲ့ ရောက်လာသည်။ လင်ယောက်ျားနဲ့ စကားများ နောင်ဂျိန်ချလာခဲ့တာတဲ့။ ပြောလိုက်တဲ့ လင်ယောက်ျား မကောင်းကြောင်းလဲ မိုးလျှံနေလေသည်။ သူဘဲ ကြိုက်လှချည်ရဲ့ဆိုပြီး မိဘသဘောမတူဘဲ ခိုးရာ လိုက်ခဲ့ပြီးမှ။ ခုတော့ ယောက်ျားမကောင်းဘူး ယောက်ျားတွေ မကောင်းဘူး ဖြစ်ပြန်ရော။ ခဏအကြာမှာ  ဟိုဘက် ရပ်ကွက်က ဖိုးကျော်တစ်ယောက် ပေါက်ချလာပြန်ရော။ သူ့မိန်းမက ညညဆို အရမ်းဟောက်လို့ အိပ်ရေးမ၀ဘူးတဲ့။ ဒါကြောင့် မိန်းမနဲ့ အတူတူ အိပ်ရမှာတောင် ကြောက်ကြောက်နေမိသတဲ့။ အင်းးး ကြောက်ကြောက်နဲ့ အိပ်ရတာမို့ တော်သေး။ ဒါတောင် ကလေးက သုံးယောက်လောက် အပြင်ထွက်ပြီးပြီ။ နောက်တစ်ယောက်က မိုးဝေဆိုတဲ့ ကလေးမိခင်တစ်ယောက်။ သူကတော့ ညညဆို ကလေး ထထငိုတဲ့ အတွက် အိပ်ရေးပျက်ပြီး ပိန်ချုံးချုံးဖြစ်ကာ ကလေးကိုလဲ စိတ်ပျက် ကလေးကို ရအောင် တူတူ ကြိုးပမ်းခဲ့တဲ့ လင်ယောက်ျားကိုလဲ စိတ်ကုန်၊ စိတ်ပုတီးနဲ့ ရိပ်ကြီးသာ ခိုလှုံချင်တော့တယ် ဆိုလေရဲ့။ အော် ဒုက္ခ ဒုက္ခ။ သူတို့ ဒုက္ခက ဆန္ဒတွေကို ချုပ်တည်း အောင့်အီးပြီး နေထိုင်နေကြတဲ့ လူပျိုလူလွှတ်တွေရဲ့ ဒုက္ခထက် ပိုကြီးမားနေကြပါလား။ ကဲ ကဲ... မင်းတို့ ဒုက္ခတွေ ငါ့အိမ်မှာ လာဖောက်သည် မချကြနဲ့။ မင်းတို့ အပူကို မင်းတို့ဘဲ တူတူကြိုက်လို့ တူတူ မိုက်ခဲ့ကြပြီးမှ ခုမှ အရိုးများသလေး ချေးခါးသလေးနဲ့။ ပြန်ကြတော့ ပြန်ကြတော့။ ငါစောစော အိပ်မှ ဖြစ်မယ်။ မနက်ဖန် စောစောထပြီး သိန်းမြစ်ဘေးမှာ အပြေးလေ့ကျင့်ရဦးမယ်လို့ ပြောပြီး ဧည့်သည်တွေကို နှင်ချကာ ကြိုးစားပြီး အိပ်ပျော်ဖို့ ကြိုးစားနေမိလေတော့သည်။ (ဒီမှာ စအိပ်တားD)

 အိမ်ထောင်သည်ဘ၀မှာ ဒုက္ခ သုက္ခ ပြဿနာတွေက များသားနော်။ ပြီးတော့ ကာမဂုဏ်ချမ်းသာဆိုတာကလဲ ဘာမှ ရေရှည်တည်မြဲတာမျိုးမဟုတ်ဘူး။ ခဏလေး သုခအတွက် ထာဝရဒုက္ခကို အရင်းတည်ကြရတာပါကလား။

အသက်အရွယ်လေး နဲနဲရလာတော့ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးကို အပြစ်မြင်လာမိသည်။ မြင်းတပြေး သံဝေဂဟု ဆိုလေမလားမသိ။ ဒီခန္ဓာကိုယ်ကြီးဟာ ကျင်ကြီး ကျင်ငယ် သလိပ် သွေး ပြည် အရိ အရွဲ စတဲ့ အညစ်အကြေးပေါင်းစုံ စုပုံပြီး ထုပ်ပိုးထားတဲ့ အညစ်အကြေး ပါဆယ်ထုပ်ကြီးပါလား။ ဒီပါဆယ်ထုပ်ကြီးဟာ ဘယ်အမှိုက်ပုံးထဲ ထည့်ပစ်တာ ခံရလိမ့်မလဲ။ ဘယ်လို ယန္တရားတွေနဲ့ ရီဆိုင်ကယ် လုပ်တာ ခံရပါ့မလဲ ဆိုတဲ့ မျက်စိတမှိတ် လျှပ်တပြက် လက်ဖျစ်တသွက် သံဝေဂဥာဏ်များ မကြာခဏ ခေါင်းထဲ ရောက်လာနေသည်။ ဒီလို ခပ်ကောင်းကောင်း သံဂေလေး ရခိုက် ဒီသံဝေဂကို ဘယ်လို အသုံးချရပါ့မလဲ စဉ်းစားရင်း အဖြေထုတ်နေမိသည်။ ဟုတ်ပြီ ဟုတ်ပြီ။ မနက်ဖန်က စပြီး တောင်ဦးကျောင်းမှာ တရားစခန်းရှိသည်တဲ့။ မနက်ဖန် ဂွတ်ဖရိုက်ဒေး၊ သန်ဘက်ခါနဲ့ ဖင်နွှဲကာက စနေနဲ့ တနင်္ဂနွေ၊ ပြီးတော့ နောက်တစ်ရက်က  ဂွတ်တနင်္လာဆိုလား ဘဏ်ဟောဒီးဒေးဆိုလားဘဲ။ လေးရက်တိတိ ဟောလီးဒေး ရနေသည်ဘဲ။ မနက်ဖန် ညနေခင်း တောင်ဦးကျောင်းသွားပြီး လေးရက်စခန်း သွားဝင်ဦးမှ။

"ယောဂီတို့... ထွက်လေကလဲ နှာသီးဖျားကို ဖြတ်သန်းပြီးမှ အပြင်ကို ရောက်တာပါဘဲ။ ထို့အတူ ၀င်လေကလဲ နှာသီးဖျားကို ဖြတ်သန်းပြီးမှ ဗိုက်ထဲကို ရောက်လာတာပါဘဲ။ ဒီတော့ ၀င်သက် ထွက်သက်တွေ ၀င်တိုက် ထွက်တိုက် ဖြစ်နေတဲ့ နှာသီးဖျားကို သတိနဲ့ ကြည့်နေရမယ်။ အဲဒီ နှာသီးဖျားမှာ သမာဓိကို စုစည်းထားပါ။ စိတ်ကို အပြင် မရောက်စေပါနဲ့။ တကယ်လို့ စိတ်က အပြင်ထွက်သွားရင် ထွက်သွားတဲ့ စိတ်နောက် မျောပါ မသွားပါစေနဲ့။ အပြင်ထွက်သွားတယ်လို့ သိသိချင်း အမှတ်ကို နှာသီးဝကို ပြန်ပို့ပါ။ နှာသီးဝဟာ မူရင်းအရှုခံအာရုံဖြစ်တယ်။ ဒီတော့ နှာသီးဖျားကို ထိခိုက်တဲ့ ထွက်လေ၀င်လေတို့ရဲ့ သဘောသဘာဝလေးကို ဥာဏ်နဲ့ မြင်အောင် စူးစိုက် ရှုမှတ်ရမယ် ယောဂီတို့.."

ကမ္မဋ္ဌာနာစရိယဆရာတော် ညွန်ကြားပြတဲ့အတိုင်း မျက်စိစုံမှိတ်ကာ ကြိုးစားပြီး ၀င်သက်ထွက်သက်တို့ရဲ့ ထိခိုက်ရာ နှာသီးဝကို စိတ်စူးစိုက်ပြီး မှတ်ရှုနေမိသည်။ စူးစိုက်ပြီးမှတ်လေ စိတ်က ပိုပြန့်လွှင့်လေ  ဖြစ်နေသည်။ တစ်မိနစ်အတွင်း အမေရိကား ဂျပန် စင်္ကာပူ မလေးရှား မြန်မာ နိုင်ငံပေါင်းစုံ ရောက်သွားသည်။ မြန်လိုက်တဲ့ စိတ်။ ဖမ်းလို့ကို မမိနိုင်ဘူး။ မှတ်လို့ ကောင်းလာသလို ဖြစ်လိုက်၊ စိတ်တွေ ပြန့်လွှင့်လိုက်နဲ့ နာရီဝက်လောက် ကြာတော့ မှတ်ရတာ ကောင်းသလိုလို ဖြစ်လာလေရဲ့။ သို့သော် ရှုမှတ်နေရင်း နှာခေါင်းက ပွစိ ပွစိ ဖြစ်လာသည်။ ဒါ မီးဖိုချောင်က လာတဲ့ ငါးပိချက် အနံ့ဘဲ။ မနက်အရုဏ်တုန်းက ယာဂုဆိုလား ဆန်ပြုတ်ဆိုလားဘဲ။ အဲဒါဘဲ သောက်ခဲ့ရတယ်။ ဗိုက်က အာသာ မပြေခဲ့ဘူး။ ဒီငါးပိချက်နဲ့ ထမင်းဖြူ ပူပူလေးနဲ့ လက်နဲ့နှယ်ပြီး အားရပါးရ လွှေးလိုက်ရရင်တော့ လောကနိဗ္ဗာန်ဘဲ။ ဟုတ်ပြီ နေ့လည်စာ အချိန်ရောက်ရင်တော့ ဒီငါးပိချက်နဲ့ကို အားရပါးရ တီးပစ်လိုက်မယ်။ ဂလု ဂလု ဂလု။ စဉ်းစားရင်း တံတွေးတွေ မျိုချနေမိသည်။ တိတ်ဆိတ်နေသည့် အခန်းမို့ တံတွေးမျိုသံက ကျယ်လောင်နေသည်။ အခြားယောဂီတွေနဲ့ အတူတူ ထိုင်နေရသည်မို့ ဂလု ဂလု အသံပြုမိသည်ကို နဲနဲတော့ ရှက်သယောင်ယောင် ခံစားမိသား။ 

အာ.... ငါ့နှယ်နော်...တရားမှတ်ရင်း ဘာတွေ စဉ်းစားနေမိပါလိမ့်။ မဖြစ်ချေဖူး။ အချိန်ရှိတုန်းလေး ကြိုးစားမှတ်ထားမှ။ စိတ်ကို နှာသီးဖျားဆီ ပြန်ပို့လိုက်သည်။ ထို့နောက် ၀င်လေထွက်လေတို့ရဲ့ ထိခိုက်ရာ နှာသီးဖျားကို အမှတ်ကောင်းကောင်းဖြင့် မှတ်နေမိပြန်သည်။ သို့သော် သိပ်မကြာလိုက်ပါ။ နှာခေါင်းက ပွစိ ပွစိ ဖြစ်လာပြန်သည်။ ဒါ ငါးခေါင်း ဟင်းချိုရည် အနံ့ဘဲ။ ဒန့်သလွန်သီးတွေနဲ့ ရောချက်ထားတာ ထင်တယ်။ မွှေးလိုက်တာလဲ လွန်ရောဘဲ။ အင်း ဒီဟင်းကို စားရင်တော့ ဇွန်းခက်ရင်းနဲ့ စားလို့ မဖြစ်ဖူး။ လက်နဲ့ စားမှ ဖြစ်မယ်။ ဒါမှ အားရပါးရ တီးလို့ရမှာ။ ဒီလို ငါးခေါင်းဟင်းရည်မျိုးကို မစားရတာ နှစ်ပေါက်ခဲ့ပြီ။ ဒီတစ်ခါတော့ လွေးရချည်သေးရဲ့။ ရှလွတ် ရှလွတ်။ အင်းးး ဒီငါးရည်ဟင်းရည် အနံ့မျိုးရဖူးပါတယ်။ ဘယ်က ရခဲ့မိပါလိမ့်။ အော်.... အမှတ်ရပြီ၊ အမှတ်ရပြီ။ ဒို့ တုံးဖလားရွာ တောင်ပိုင်းက မိအေး။ ဟုတ်တယ်။ မိအေးက ငါးခေါင်း ဟင်းချိုရည် ချက်ရင် အရမ်းစားလို့ ကောင်းတာကလား။  လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူ့အမေ မွေးနေ့တုန်းက သူကိုယ်တိုင် ငါးရံ့ခေါင်း ဟင်းချိုရည်ချက်ပြီး ဧည့်ပရိသတ်တွေကို ကျွေးမွေးဧည့်ခံခဲ့တာကိုး။ အဲဒီတုန်းက စားကောင်းလိုက်တဲ့ ဖြစ်ခြင်း။ ရွာဦးကျောင်း ဆရာတော်ကလဲ မိအေးချက်တဲ့ ငါးခေါင်းဟင်းချိုရည်ဆို ကြိုက်မှကြိုက်ဆိုဘဲ။ တစ်ရက်သား မိအေးလာပို့တဲ့ ငါးခေါင်းဟင်းချိုရည် ဘုဉ်းပေးရင်း အနားမှာ ရှိနေတဲ့ ကပ္ပိယကြီးကို ဟဲ့ ကပ္ပိယ ဒီလို ငါးခေါင်းဟင်းချိုရည် ချက်နည်းကို မိအေးဆီက သင်ယူထားစမ်း လို့ ဆိုခဲ့ဖူးလေရဲ့။

အင်း... မိအေးဆိုလို့ အခု လာမဲ့သင်္ကြန်မှာ ဘယ်ရွာတွေ သွားကဲမှာပါလိမ့်။ သူက သင်္ကြန်ရူး။ သင်္ကြန်မှာဆို စတုဒိသာအနေနဲ့ ကျွေးလား ကျွေးရဲ့။ ပြီးတော့ ရွာစဉ်ထိုးပြီး ရေကစားလားကစားရဲ့။ တော်တော် ပျော်တတ်တဲ့ ကောင်မလေး။ မနှစ်တုန်းက ရွာစဉ်လျှောက်  ရေကစားရင်း ဟိုဘက် ထိန်တောရွာက ထွန်းမောင်နဲ့ ဘာလိုလို ညာလိုလို သတင်းကြားမိရဲ့။ ထွန်းမောင်က သူ့ကို ချစ်ရေးဆိုထားတာဆိုလား။ မိအေးကလဲ ဒီနှစ်သင်္ကြန်ရောက်မှ အဖြေပေးမယ်လို့ ပြောထားတာ ဆိုလားဘဲ။  မိအေးကလဲ မိအေးကဘဲ။ ဦးဏှောက်နဲ့ မစဉ်းစားဘူး။ ထွန်းမောင်ဆိုတဲ့ ကောင်က ကောင်းတဲ့ ကောင် မဟုတ်ဘူး။ မိအေးမတိုင်ခင် ရည်းစား ငါးယောက်လောက် ထားခဲ့ပြီးပြီ။ အခုထက်ထိလဲ အဆက်အဆံ ရှိနေတုန်းတဲ့။ အေးလေ။ မိအေးကလဲ မိန်းမသားဘဲကို။ ဘာတဲ့ ပြောတာ ကြားဖူးပါတယ်။ မိန်းခလေးတွေက ယောက်ျားတစ်ယောက်ကို ရွေးတဲ့ နေရာမှာ ပါတိတ်လုံချည် တစ်ထည်ဝယ်ရတာလောက်တောင် မကျွမ်းကျင်ကြရှာဘူးတဲ့။ မိန်းခလေးမှန်သမျှ အချစ်မျက်ကန်းလေးတွေချည်း ဆိုဘဲ။ ကန်တော့ပါရဲ့။ ယောက်ျားလေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို "ခင်ရယ် ဒါ အလွန်အရသာ ရှိတဲ့ ကိတ်မုန့်ကြီးလေ။ ခင့်အတွက် သီးသန့် မောင် ၀ယ်လာတာ။ ရော့စားလိုက်" ဆိုပြီး အီးတုံးကြီးကို ထိုးကျွေးရင်တောင် အားရပါးရ စားလေ့ရှိတယ်ဆိုဘဲ။ အင်း.... မိန်းမတိုင်းတော့ မဟုတ်တန်ရာပါဘူးလေ။ အလွန်အမင်း ဖွဲ့ဆိုထားကြတာထင်ပါရဲ့။ 

ဒါဖြင့်... မိအေးက ဘာဖြစ်လို့ ထွန်းမောင်ကို စဉ်းစားရတာလဲ။ ထွန်းမောင်မှာ ပန်းဦးရွာက ရွှေမိ၊ သိမ်တမံရွာက ထွေးငယ်၊ ကန့်ကူရွာက ညိုမ၊ သာယာကုန်းရွာက အေမီ၊ ပြီးတော့ လက်ပံခုန်ရွာက မိစံ။ စုစုပေါင်း ရည်းစား ငါးယောက် ရှိနေတာ မဟုတ်လား။ သူ့မို့လို့ သိသိကြီးနဲ့ ထွန်းမောင်ကို စဉ်းစားနေသေးတယ်။ ယောက်ျားတွေ ဒီလောက် ရှားပါးနေပြီလား။ သွားနားချပြန်ရင်လဲ ပြန်ပက်ပြန်ဦးမယ်။ သူကြီးမင်းက လူပျိုကြီးဘ၀နဲ့ အရိုးထုတ်တော့မယ်ဆိုလို့ ထွန်းမောင်ကို စဉ်းစားတာပါလို့။ ဒီကောင်မလေးက အဲဒီလိုဘဲ မထိတထိ စနှောက်တတ်သေးတယ်။ အော်.. မိအေး မိအေး။ ငါ စိတ်မအေးရပါလားနော်။

ဟိုလက်ပံခုန်ရွာက မိစံဆိုရင် လှမှလှ။ နုထွတ်နေတာဘဲ။ သူ့မိသားစုက လယ်ယာလုပ်ငန်း မလုပ်ဘဲ ဈေးဘဲ ရောင်းကြတာဆိုတော့ မိစံလဲ ကျော့ကျော့မော့မော့လေး။ မိအေးတို့လို အလုပ်ကြမ်း လုပ်ရတာမဟုတ်တော့ မိအေးထက် အများကြီး ပိုလှတယ်။ ပို ဆွဲတောင်မှုရှိတယ်။ ပြီးတော့ စကားပြောရင်လဲ ယဉ်ယဉ်ကျေးကျေးလေး။ မိအေး သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ထွန်းမောင်က မိအေးထက် မိစံကို ဘ၀အတွက် ရွေးချယ်လောက်တယ်။ လှလှပပ နုနုထွတ်ထွတ်နဲ့ အတော်အတန် ပိုက်ဆံလဲ မိစံတို့ မိသားစုမှာ ရှိနေကြတယ် မဟုတ်လား။ ဒီတော့ မိအေး ကျန်ရစ်ဖြစ်ရင်း ရင်ကွဲနေမှာ မြင်ယောင်နေမိသေးတယ်။ မိအေးးး ထွန်းမောင်ကို ချစ်တယ်လို့ အဖြေမပေးမိရင် ပို ကောင်းလိမ့်မယ်။ အဖြေပေးမိရင် ကျန်တဲ့ ရည်းစား လေးယောက်ကို ယှဉ်နိုင်တယ် ထားဦး။ လက်ပံခုန်ရွာက မိစံကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

အင်း... လက်ပံခုန်ရွာဆိုလို့ အဲဒီရွာက လူပျိုသိုးကြီး ကိုသာနိုးကို သတိရမိသေးတယ်။ ကင်းပင်ရွာက သူ့ချစ်သူ အေးတုတ်တစ်ယောက် သရက်တောရွာ ပွဲကြည့်သွားရင်း ကောင်လေးတစ်ယောက်နဲ့ ခုတွေ့ ခုကြိုက် ခုလိုက်ပြေးဆိုတော့ မိန်းခလေးတွေကို စိတ်ကုန်သွားပြီး လူပျိုကြီးဘ၀နဲ့ဘဲ အရိုးထုတ်နေရှာတယ်။ ရဟန်းဘောင်တက်ပါတော့လား ဆိုပြန်တော့လဲ ညစာမစားရမှာ ကြောက်တယ်တဲ့။ တော်တော် ရယ်စရာကောင်းတဲ့ လူပျိုကြီး။ ရယ်စရာလဲ ပြောတတ်တာ လွန်ရောဘဲ။ အသဲကွဲသမားမို့ တော်တော့တယ်။ နို့မို့ဆို မလွယ်ဘူး။ သူနဲ့တွေ့တဲ့သူတိုင်း တ၀ါးဝါး တဟားဟား ဖြစ်အောင် ပြက်လုံး ထုတ်တတ်တယ်။ ရယ်စရာ ပြောတတ်လွန်းလို့ အဲဒီ လက်ပံခုန်ရွာမှာဆို သာနိုး သာနိုးဆိုပြီး လူပျိုကြီး နာမည်ကြီးနေလေရဲ့။ အင်း... သာနိုးဆိုလို့ ဟိုတစ်နေ့က အွန်လိုင်းအင်တာနက်မှာ တွေ့လိုက်ပါတယ်။ အမေရိကားကဆိုလား။ လူကတော့ အနောက်တိုင်းသား လူဖြူ။ ပြောတတ်လိုက်တဲ့ မြန်မာစကား။ တစ်ချို့မြန်မာတွေထက်တောင် သာလိမ့်မယ်။ သူ့နာမည်လဲ သာနိုးဘဲ။ သူစိတ်ဝင်စားတာကလဲ ဘုရားတရား အကြောင်းတဲ့။ သူ့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ပါတဲ့။  သူနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နောက်ဆုံးစကားအနေနဲ့ သူ ရယ်စရာ စကားတစ်ခု ပြောသွားတယ်။ သက်သတ်လွတ် စားတဲ့ လူတစ်ယောက် တရားစခန်းဝင်တယ်တဲ့။ တရားစခန်းကလဲ သက်သတ်လွတ်ဘဲ ကျွေးတယ်တဲ့။ အသားမကျွေးဘူးတဲ့။ အသားတုဘဲ ကျွေးတယ်တဲ့။ ဒါနဲ့... တရားပွဲအပြီးမှာ "သာဓု သာဓု သာဓု" ဆိုပြီး သာဓုခေါ်တာကို အဲဒီ သက်သတ်လွတ်စားတဲ့ သူက "အသားတု အသားတု အသားတု" ဆိုပြီး လိုက်ဆိုနေမိရောဆိုဘဲ။ ကောင်းရော။ ဒီကောင် တော်တော် ဟာသ ပြောတတ်တဲ့ကောင်။ ဟား ဟား ဟား ဟား ဟား ဟား ဟား။

"သူကြီးမင်း အမှတ်တွေ လွတ်နေတယ် ထင်ပါ့။ လာ.. ဘုန်းကြီးနောက် လိုက်ခဲ့။ ဒီနေရာမှာ အမှတ် မှတ်ရခက်နေရင် ဘုရားစင်ရှေ့သွားပြီး ဘုန်းကြီးနဲ့ အတူတူ တရားထိုင်မှတ်ကြတာပေါ့"

အသံကြားလို့ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကမ္မဋ္ဌာနာစရိယ ဆရာတော်က ရှေ့တည့်တည့် ရောက်နေသည်။ ကိုယ့်အတွေးနဲ့ ကိုယ် ဘယ်လိုဘယ်လိုတွေ ဖြစ်သွားမှန်း မသိ။ ရယ်သံတွေ ဘာတွေ ထွက်သွားမိတာ ထင်ပါရဲ့။ ရှက်ကိုး ရှက်ကန်းနဲ့ ဆရာတော်နှင့်အတူ ဘုရားစင်ရှေ့ တရားထိုင်ဖို့ တရားထိုင်မှတ်နေရာမှ ဖြုန်းကနဲ မတ်တပ် ထလိုက်သည်။ ခြေထောက်တွေ ကျင်ထုံနေတာက တစ်မျိုး၊ ဖြုန်းကနဲ အထမှာ ခေါင်း နှောက်ကနဲ ဖြစ်သွားက တစ်မျိုးကြောင့် ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ ဘုန်းကနဲ အရုပ်ကြိုးပြတ် လဲကျသွားလေသည်။ ဒူးခေါင်းတွေ နာလိုက်တဲ့ ဖြစ်ခြင်း။ ထိုနာကျင်မှုကြောင့် ဖျတ်ကနဲ လန့်နိုးလာပြီး မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကုတင်အောက် ရောက်နေလေသည်။ (ဒီမှာ လန့်နိုးတာ:D )။ ကယောင်ချောက်ခြား အိပ်မက်မက်ပြီး ကုတင်ပေါ်က ပြုတ်ကျနေမှန်း သဘောပေါက်သွားသည်။  မိုးမလင်းသေးတဲ့အတွက် ကုတင်ပေါ် ပြန်တက်ပြီး ထပ်အိပ်ဖို့ ကြိုးစားရင်း မဆီမဆိုင် ည အိပ်ရာမ၀င်ခင် လာလည်သွားကြတဲ့ အိမ်ထောင်ဒုက္ခသည်တွေဖြစ်ကြတဲ့ မြမေ ဖိုးကျော် မိုးဝေတို့ကို ကျိန်ဆဲနေမိလေသည်။ ဒင်းတို့ကြောင့် အခုလို ငါ ဖြစ်ရတာ။  ။

...

23 comments:

Anonymous said...

D လိုကယောင်ခြောက်ခြားအိပ်မက်တွေကြောင့် သဂျီးမင်း လူပြိုသိုးကြီးဖြစ်နေရှာတာကိုး
သိပြီ သိပြီ

မောင်ဘကြိုင်

သဒ္ဓါလှိုင်း said...

သင်္ကြန်တွင်း တရားစခန်းဝင်ဖို့ စီစဉ်နေတယ် ထင်ပါရဲ့.။ တရားထူး တရားမြတ် ရပါစေ သူကြီးမင်း..။
နှစ်သစ်ကူးမှာ ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေ.။

ခင်မင်လျက်
သဒ္ဓါ

ဟန်ကြည် said...

ဟဲ ဟဲ ... တစ်ပတ်မပြည့်ခင် အမြန်တင်လိုက်တာပါလား...တစ်ရက်ကို တစ်နှစ်ဆိုတော့လည်း သူကြီးမင်း ဖျားသွားတယ်ထင်ပါ့...ဆေးပေးမီးယူလေးကလည်း လိုလာပြန်တာကိုး...ဟုတ်စ...

သူကြီး လက်က မကျဘူးပဲဗျ...မဖတ်ရတာကြာတော့လည်း ဖတ်လို့ကောင်းပါဘိသနဲ့...

သူကြီးက တရားထိုင်တာအိပ်မက်မက်ရုံတင်မကဘဲ အိပ်မက်ထဲမှာပါ စိတ်ကူးယဉ်သေးတာကိုး...ယဉ်လိုက်တဲ့ စိတ်ကူးကလည်း စားစရာတွေချည်းပဲ...အင်း ဟုတ်နေပါပြီ...း)

နေ၀သန် said...

း)... ဒီလိုလက်ရာတွေမဖတ်ရတာကြာပေါ့..း)... ဖတ်ရင်းနဲ့ပြုံးရတာပဲ သိတော့တယ်.. ကိုရင်ကိုကိုမောင်..း))

ခင်မင်လျက်
နေ၀သန်

ကူးကူးလှိုင် said...

ဖတ်သွားပါတယ်...

Candy said...

ဟဟဟ တဂျင်းမီးရယ် ရီလိုက်ရတာ အူတောင်နာတယ် ဟီးဟီးဟီး

နွေတေးရှင် (မင်းဧရာ) said...

ယောက်ျားလေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို "ခင်ရယ် ဒါ အလွန်အရသာ ရှိတဲ့ ကိတ်မုန့်ကြီးလေ။ ခင့်အတွက် သီးသန့် မောင် ၀ယ်လာတာ။ ရော့စားလိုက်" ဆိုပြီး အီးတုံးကြီးကို ထိုးကျွေးရင်တောင် အားရပါးရ စားလေ့ရှိတယ်ဆိုဘဲ။ အင်း.... မိန်းမတိုင်းတော့ မဟုတ်တန်ရာပါဘူးလေ။

ဟားးးးးးးးးး
သူကြီးမင်း ရယ်လိုက်ရတာဗျာ အူတောင်နာတယ် ဘလောဒ်ဂီတွေကတော့ ၀ိုင်းထုတော့မယ် ကြည့်လုပ်နော်။

တရားလေးဘာလေးမှတ်ရင်လည်း သက်တောင့်သက်သာမှတ်ပါ ကုတင်ပေါ်က ပြုတ်ကျတဲ့ထိအောင်တော့ ဆန္ဒမစေပါနဲ့)))၀။

ပစ်ပစ် said...

ဘာမှလည်းမဆိုင်ဘူး..
သူများတွေအိမ်လာလည်တာနဲ့
သူကြီးကုတင်ပေါ်ကပြုတ်ကျတာ
ရန်ကုန်နဲ့မန်းလေးလိုဘဲ
အဝေးကြီး..
ကိုယ့်ဘာကို အအိပ်ဆော့ ဆော့တယ်ပေါ့

စံပယ်ချို said...

ဖတ်ပြီရယ်လိုက်ရလို့နဲနဲပေါ့သွားတယ်
အဟုတ်မှတ်နေတာလေ
နောက်တော့ အိပ်မက်တဲ့

အလွမ်းမြို့ said...

ကိုကိုမောင်ရေ ဖတ်ပြီးပြုံးသွားတယ်။
ရေးလည်းရေးမင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်ပါစေ


ခင်မင်တဲ့
အလွမ်း

မောင်ဘုန်း said...

အရမ်းကောင်းတယ် ဗျာ .... ။ မရောက်ဖြစ်တာ ကြာလို့ 
ရောက်လာခဲ့တာ ... တော်တော် ကို ရီ ဖြစ်သွားတယ် ..

မင်္ဂလာ နှစ်သစ်ပါ နောင်တော် .... ။

ခင်မင်စွာ ဖြင့်

မောင်ဘုန်း

မောင်ဘုန်း said...

အရမ်းကောင်းတယ် ဗျာ .... ။ မရောက်ဖြစ်တာ ကြာလို့ 
ရောက်လာခဲ့တာ ... တော်တော် ကို ရီ ဖြစ်သွားတယ် ..

မင်္ဂလာ နှစ်သစ်ပါ နောင်တော် .... ။

ခင်မင်စွာ ဖြင့်

မောင်ဘုန်း

ငြိမ်းစိုးဦး said...

ပြောင်းလဲခြင်းကို တရားနဲ့ ဘယ်လိုထိန်းမှာလဲဆိုတာ သူကြီးမင်း လက်တွေ့ကြုံရသလို ... ကျွန်တော်တို့လည်း ဒီပုတ်ထဲမှာ ...

mstint said...

ဖတ်ရကံကြုံလို့ ဖတ်သွားပြီ တဂျီးမင်းရေ။
ပျောက်နေတယ်မှတ်တယ် တရားကျင့်နေတာကိုးး))
နှစ်သစ်နဲ့အတူကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သတိုး said...

အိပ်မက်ဆိုတာ စွဲလန်းစိတ်ကြောင့် မက်တာ ဆိုရင်တော့ တုံးဖလားသူကြီးတစ်ယောက် တရားရိပ် စိတ်ကူးရင်း ရွာက အနိပ်ကလေးတွေအတွက်လည်း ရတက် မအေးနိုင်သေးဘူး ဖြစ်ရမယ်။း)

မရောက်တာ ကြာပြီမို့ အရောက်လာခဲ့တာ ရယ်ရယ်မောမော တရားကျခဲ့ပါတယ် သူကြီးမင်း ခင်ဗျား။

ခင်မင်သော သတိုး

san htun said...

တဂျင်းမီး အိမ်မက် ဂယောက်ဂယက်...တရားမှတ်မှပဲ အကြောင်းစုံ ပိုတွေးဖြစ်တော့တယ်..ဟုတ်စ..ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ တဂျင်းမီး..ဗွမ်း..ဗွမ်း..ဗွမ်း

မဒမ်ကိုး said...

သူများတွေကို စိတ်တိုနေတဲ့တဂျီး အိုးမဲသုတ်ခံရပါစေ ဟဲဟဲ

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော်


ဂျာရစ်

AH said...

တဂျီး တရားမှတ်ပြီးရင် နံရံကပ်ကွတ်ကီးတွေကို ကျွန်တော့် ဘလော့ဂ်မှာ သွားစားလိုက်ပါဦးနော်... အဲ့သဟာ လာဖိတ်တာ... :P

အွတ်ထောင်

SHWE ZIN U said...

အဲလို ဟင်းနံကြွေးနံ ခံရာမှာ အာရုံထက်သန်တာ ရွှေစင်ဦး ရဲ့ သကြီးမင်း မလို့ နေမှာနော်

ဖတ်ပြီး ရီလိုက်ရတာ မျက်လုံးတောင်ကျယ်သွားတယ်

တကယ်များတရားစခန်းဝင်ရင် တရားထူးတရားမြတ်များ ရပါစေဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဘာနေ ... said...

ရေးလည်းရေးတတ်ပါပေ့ဗျာ ..
တရားစခန်းဝင်ရင်း လျှောက်တွေးတာ တကယ်မှတ်နေတာ နောက်မှ ကုတင်ပေါ်က ပြုတ်ကျတယ်ဆိုမှ အိမ်မက်တဲ့ ဟီး .. နှစ်နှစ်ချိုက်ချိုက် ရယ်မိတယ်ဗျာ . ကျေးဇူးပါ ..

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဖတ်သွားခဲ့ပါတယ်။း)

ခင်တဲ့
မြတ်

Thameesan said...

သြော်...
(သူကြီး) ၃ :D

Anonymous said...

Hey there! This post couldn't be written any better! Reading through this post reminds me of my old room mate! He always kept talking about this. I will forward this article to him. Pretty sure he will have a good read. Thank you for sharing!

Also visit my page nutcracker