Saturday, 21 January 2012

တောင်တက်သူ

လူတစ်ယောက်။
ရင်ကို ကော့သည်။ ခေါင်းကို မော့သည်။ လေကို ရှူရှိုက်သည်။ မျက်စိကို ကစားကြည့်သည်။ တွေ့ပါပြီ။ ရှေ့တည့်တည့်မှာ ဧရာမ တောင်ကြီး တစ်လုံး။ တိမ်တွေဖုံးလို့။ တစ်ယူဇနာလား။ နှစ်ယူဇနာလား။ မပြောတတ်တော့။ ခေါင်းမော့ကြည့်လေ ပိုမြင့်လေပင်။ အမိန့်တစ်ခု။ ထိုတောင်ကို တက်ရမည်တဲ့။

အတက်လမ်း။
ကြမ်းသည်။ ရမ်းသည်။ ဆူးရှိသည်။ ခလုပ်ရှိသည်။ ဘေးရှိသည်။ ဘယာပေါသည်။ အတွယ်ရှိသည်။ နွယ်ရှိသည်။ အမြှောင်ရှိသည်။ အကောင်ရှိသည်။ ထောင်ချောက်ရှိသည်။ တောင်စောက် ရှိသည်။ အတို့ရှိသည်။ အထောင်ရှိသည်။ အန္တရာယ်ရှိသည်။ ရန်စွယ်ရှိသည်။ သားကောင်ပေါသည်။ ကျားမြှောင် ပေါသည်။ တောအုပ်ရှိသည်။ သောနုတ်ရှိသည်။ အကြံတူ ရှိသည်။ ရန်သူရှိသည်။ တောချောက်သည်။ တောင်ချောက်သည်။ တစ္ဆေရှိသည်။ မှင်စာရှိသည်။ မှောင်သည်။ မဲသည်။ မိုက်သည်။ နက်သည်။  သို့သော်.. ထိုတောင်ကို တက်ကိုတက်ရမည်။

တောင်ထိပ်မှာ။
အလံရှိသည်။ တံခွန်ရှိသည်။ အသပြာရှိသည်။ ရတနာရှိသည်။ အလှရှိသည်။ ဘ၀ရှိသည်။ ကြည်နူးမှုရှိသည်။ ရည်စူးမှု ရှိသည်။ နန်းမြိုင်ရှိသည်။ ပန်းတိုင်ရှိသည်။ ရောင်နီဦး ရှိသည်။ ရောင်ခြည်ထူးရှိသည်။

ထိုသူ။
ကြိုးစားစွာ တက်သည်။ ရိုးသားစွာ တက်သည်။ ခက်ခဲစွာ တက်သည်။ မက်မဲစွာ တက်သည်။ ချွေးထွက်ပြီး တက်သည်။ သွေးထွက်ပြီး တက်သည်။ ပင်ပန်းစွာ တက်သည်။ အမြင်ဆန်းစွာ တက်သည်။ အားမလျော့ တက်သည်။ အားမပျော့ တက်သည်။ အားခဲ တက်သည်။ မစားဘဲ တက်သည်။ မှန်မှန်ရှူသည်။ မှန်မှန်ရှိုက်သည်။

ရောက်ပါပြီ။
လူလဲ မြော့မြော့ ကျန်တော့သည်။ အသက်ရှူလဲ မြန်လာသည်။ နွမ်းလျလာသည်။ ပင်ပန်းလာသည်။ ချိနှဲ့လာသည်။ နုံးခွေလာသည်။ မျက်လုံးပြာလာသည်။ မျက်စိဝေလာသည်။ ချောက်ကြီးထဲ ပြုတ်ကျ သွားသလို ခံစားမိသည်။ အာကာသထဲ ပျံတက်သွားသလို ခံစားမိသည်။ ခြေပန်းလက်ပန်း ကျလာသည်။ မအီမသာ ဖြစ်လာသည်။ နောက်ကျိကျိဖြစ်လာသည်။ မူးနောက်နောက် ဖြစ်လာသည်။

ထို့နောက်။
လက်ကျန်အင်အားလေးဖြင့် ပန်းတိုင်ကို လှမ်းကိုင်လိုက်သည်။ အောင်ပြီဟု စိတ်တွင်း ကြွေးကြော်မိသည်။
ပန်းတိုင်ကို မလွတ်တမ်း ကိုင်ထားသည်။ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။  ပန်းတိုင်လဲ လက်ထဲ ရောက်ပြီ။ လက်ကျန်အင်အားလေးလဲ ကုန်သွားပြီ။ 

ထို့ကြောင့်။
ပန်းတိုင်ကို ရင်ဝယ်ပိုက်လိုက်သည်။  ဖူးးကနဲ ပင့်သက်ရှူထုတ်လိုက်ပြီး စိတ်အားဖြေလျော့ကာ ထိုနေရာ၌  ပက်လက်လှန်လဲချလိုက်သည်။ ပင်ပန်းနွမ်းနယ်စွာ မျက်လုံး ဖွင့်လိုက်မိသည်။ ရီဝေစွာ အပေါ်သို့ မော့ကြည့်လိုက်မိသည်။ ထိုအခါမှ ပန်းတိုင် မဆုံးသေးမှန်း သဘောပေါက်သည်။ တက်လာခဲ့တဲ့ အမြင့်ထက် နှစ်ဆလောက် ပိုမြင့်တဲ့ တောင်ထိပ်ကြီး။ လက်ထဲက ပန်းတိုင်ထက် ပိုတောက်ပြောင် ၀ံ့ကြွားတဲ့ ဧရာမ ပန်းတိုင်ကြီးတစ်ခုကလဲ တောင်ထိပ်မှာ ငွါးငွါးစွင့်စွင့်။ အဲဒါကမှ တကယ့် ပန်းတိုင်ကြီး။ ဘုရား ဘုရား ငါတက်လာခဲ့တာ တောင်တစ်ဝက်တောင် မရောက်သေးပါလား။ ငါ့လက်ထဲက ပန်းတိုင်ကလဲ အရံပန်းတိုင်လေးသာ ဖြစ်နေပါကောလား။ ဖူးးးးးးးးးးးးးးးးးးးးးးးးးးးး။

တောင်တက်သူ။
ဆက်တက်ရဦးမည်။ ဆက်မက်ရဦးမည်။ ဆက်ကမ်းရဦးမည်။ ဆက်လှမ်းရဦးမည်။ ဓါးသွေးရဦးမည်။ အားမွေးရဦးမည်။ သွေးစီးရဦးမည်။ သွေးနီးရဦးမည်။ မကြောက်တက်ရဦးမည်။ အရောက်တက်ရဦးမည်။ တကြော်ကြော် အော်တက်ရဦးမယ်။ တမျှော်တခေါ် မျှော်တက်ရဦးမည်။ ဖြေးဖြေးတက်ရဦးမည်။ နှေးနှေး တက်ရဦးမည်။ တွေးတွေး တက်ရဦးမည်။ အေးအေး တက်ရဦးမည်။ သဲတထိတ်ထိတ် တက်ရဦးမည်။ ဇွဲစိတ်နဲ့ တက်ရဦးမည်။ တောင်ထိပ်ကို ရောက်ရမည်။ ပန်းတိုင်ကို ရရမည်။ အင်းးးး နောက်ဆုံးတော့လဲ ငါဟာ တောင်တက်သူ တစ်ယောက်ပါဘဲလား။ ။

.

31 comments:

ကိုရင် said...

ကျွန်တော် ဖတ်ခဲ့သမျှသူကြီးပိုစ့်တွေထဲမှာ အကြိုက်ဆုံး တစ်ခုပဲ..

jasmine(တောင်ကြီး) said...

သဂျီးရေ
များလဲတက်နေတာပဲ
တောင်တစ်ဝက်တောင်မရောက်ပါဘူး
တောင်ခြေမှာပဲ တ၀ဲလည်လည်ဖြစ်နေတယ်

mstint said...

ဖတ်လို့ကောင်းမှကောင်းတဂျီးမင်းရေ။ ထူးခြားတဲ့
တောင်တက်ပို့စ်လေးမှာအဓိပ္ပာယ်တွေကျယ်ဝန်းတယ်။
မျက်စိထဲကွင်းကွင်းကွက်ကွက်ပေါ်အောင် သရုပ်ဖော်
နိုင်ပါပေတယ်။ ညီမမြသွေးကလည်းတီတင့်ကို
ဝတ္ထုစမ်းရေးဘို့ပြောနေပြီဆိုတော့
တဂျီးရဲ့ပညာလေး နည်းနည်းယူပါရစေနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

သများတို့ကတော့တောင်မတက်ဘူး စက်သီးနဲ့ဆွဲတဲ့နေရာဘဲသွားမယ် အမြင့်ကြောက်လို့း)

သဂျီးရေ ပိုစ့်လေးကောင်းတယ်ဗျိုးးး

ခင်မင်လျှက်

မဒိုးကန်

Anonymous said...

မောထှာတဂျီးမင်းရား)
တောင်မတက်ရသေးဘူး
ပို့စ်ဖတ်ရင်းနဲ့တောင်မောလာတယ်
တကယ်ခံစားရသလို.အရေးအသားပီပြင်ပါတယ်။
တောင်တက်တဲ့သူတွေက ဇွဲကြီးတယ်တဲ့..
ဘလော့ဂါတွေစုပြီး တစ်နေ့လောက်
ပျော်ပျော်ပါးပါး
တက်လိုက်ကြရအောင်ဗျို့း)

ချစ်ခင်လျှက်
မိစံ

နေ၀သန် said...

ဒဿနကောင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ပို့စ်လေးပါပဲ.. သူကြီးမင်းရေ... ဘ၀တစ်ခုကို မီးမောင်းထိုးပြနေသလိုပါပဲ...

ခင်မင်လျက်
နေ၀သန်

Anonymous said...

အဖော်နဲ့ ဖြေးဖြေးတက်ပေါ့၊
မောနေရင်လည်း ခဏနားလိုက်အုံးလေ။
..........။
:)
ဒေါ်ကြီးမီး(မီးမီးငယ်)

san htun said...

တဂျင်းမီးကမှ တကယ် တောင်တက်တာ...

လွင်ပြင်လှိုင်းငယ် said...

အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲဗျာ

Aung Htut said...

ဖတ်ရင်း ဖတ်ရင်းနဲ့ မောမောလာတို့ နား နားပြီး အားယူပြီး ဖတ်သွားရတယ်ဗျို့.... အင်း တောင်တွေရယ် မြင့်လိုက်သည် ဖြစ်ခြင်း........

ဟန်ကြည် said...

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။

တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ သူကြီးမင်းမှာ
အားတင်းရပြန်။

ရပ်လိုက်ဖို့ သူမကြံ
ရှေ့ဆက်ရန် အားအင်မွေး။

အမ်အေကို အပိုင်ချိပ်ပါလို့
မြာမဒီဒါလီအနိပ်တွေနဲ့
သာတကြည်စိတ်တူမျှဖို့ရယ်
မှန်းဆလို့တွေး။ ။


သပြေညိုတော့ မရဘူး သူကြီးရေ။ ချစ်ဖွယ့်လူသားပဲ အချောင်ပျက်သွားတယ်။ လုံးထပ် မန်ကျည်းရွက်သတ်နဘေတွေသုံးပြီး တောင်တက်သွားတာ ဖတ်ရတာ အရသာရှိပါဘိ။ ဦးပုညရဲ့ ဟောစာကို ဖတ်ရတာနဲ့တောင် တူချေသေးတယ်။

ပြောချင်တာကို အခုလို လှလှပပ ဖွဲ့သွားနိုင်တဲ့ သူကြီးအတွက် high five ပါတဲ့ဗျား...

ညိမ်းနိုင် said...

မောလိုက်တာတဂျီးရယ်.....တက်တာလည်းတက်တာပေါ့
နော်....၊ဖြည်းဖြည်းပဲတက်ပါရစေနော့....။

Anonymous said...

အကောင်းစားပို့စ်တပုဒ်ဆိုတာလက်ခံတယ်သူကြီး
ရက်ကြာကြာပျောက်နေပါတယ်တွေးနေတာ
တောင်တက်နေတာကိုးး
တောင်ကြီးဖဝါးအောက်တဲ့ သယ်ဂျီးရဲ့ ဒီတောင်ကိုမောင်ကျော်နိုင်မှာပါ နောက်မှ ကျွန်တော်မျိုးတော့ဖြစ်မနိုင်ပါပြီဆိုတဲ့သီချင်း အခြေအနေကြည့်ဆိုကြတာပေါ့း)း)


ခင်မင်စွာဖြင့်
မောင်ဘချိုင် အဲ မောင်ဘကြိုင်

Candy said...

တွေးစရာလေးတစ်ခုရတယ် သဘောကျတယ် :D

သဒ္ဓါလှိုင်း said...

တောင်ကတော့ ဇွဲမလျှော့တမ်း တက်နေရအုံးမှာပဲ သူကြီး။ အားမလျှော့စတမ်းပေါ့...။ စာကောင်းလေးတပုဒ်ဖြစ်လို့ ဂုဏ်ယူပါတယ်နော်။
ခင်မင်လျက်
သဒ္ဓါ

blackroze said...

မောပေမဲ့ အကိုရာ
ရောက်အာင်တက်လိုက်စမ်းပါ..
တနေ့ရောက်ကိုရောက်ရမယ်..

Angelhlaing(May everybody be happy and healthy! said...

ဇွဲမလျှော့နဲ့ ရောက်တော့မယ် ကြိုးစားတက်ပါမည်.. :P:P ..တက်နေတာပဲအကို ...မရောက်သေးဘူး တစ်နေ့နေ့တော့ ရောက်မယ် ထင်တာပဲ...:):)

ဘုန်းဘုန်းတောက် said...

ဘုန်းဘုန်းတောက်လည်း ဘလော့ဂါတောင်ပေါ်ကို ဆက်တက်နေဆဲ။ ဖြည်းဖြည်းနဲ့နှေးနှေး တက်နေဆဲ။ တစ်မျှော်တစ်ခေါ် တက်ရဦးမည်။

Anonymous said...

သူကြီးမင်း.......
တစ်ခါတစ်ရံ ဘလော့လိုက်ဖတ်ရင်း
ဒီလိုတွေးစရာ အားပေးရာ ပို့စ်လေးတွေကိုတွေ့ရရင်
တော်တော်လေးကို အကျိုးရှိလှတယ်ဗျာ။

ဖြေးဖြေးနဲ့ တွေးတွေး တက်ရင်း ပန်းတိုင်ရဲ့ အောင်မြေရင်းကို ကညာယမင်း နဲ့အတူ နင်းရစေဗျာ။

( မင်းဧရာ )

မေဓာဝီ said...

မနက်စောစောကတည်းက သဂျီးရဲ့ ပို့စ်ဖတ်ပြီး ငွေတာရီရဲ့ "ထိပ်ဆုံးသို့" ကဗျာလေး သတိရလို့ ကွန်မန့်ထဲ ထည့်မယ် စိတ်ကူးရှိပေမဲ့ အလုပ်သွားရတာမို့ အချိန်မရှိလို့ ပလိုက်ပါတယ်။ တောင်တက်နေတဲ့ သဂျီးမင်း အမောပြေလို ပြေငြား ... အားအင်တွေ ပိုပြီး တိုးလိုတိုးငြားပေါ့။
++++++
"ထိပ်ဆုံးသို့"

တတောင်ပေါ် တတောင်ဆင့်
ို့ ငွေတာရီရဲ့ ကဗျာအစစ်ကလေးကို ဖော်ပြလိုက်ပါတယ်။ တောင်တက်နေတဲ့ သဂျီးမင်း အမောပြေလို ပြေငြား ... အားအင်တွေ ပိုပြီး တိုးလိုတိုးငြားပေါ့။
++++++
"ထိပ်ဆုံးသို့"

တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။

တတောင်ဆုံးပြန်တော့
တလုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူ့
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စ ခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေအုံး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင် သစ်လိုက်ပေါ့
ချစ်ဖွယ့်လူသား။ ။

(ရေးသူ ငွေတာရီ ၁၉၂၅-၁၉၅၈)

မေဓာဝီ said...

မနက်စောစောကတည်းက သဂျီးရဲ့ ပို့စ်ဖတ်ပြီး ငွေတာရီရဲ့ "ထိပ်ဆုံးသို့" ကဗျာလေး သတိရလို့ ကွန်မန့်ထဲ ထည့်မယ် စိတ်ကူးရှိပေမဲ့ အလုပ်သွားရတာမို့ အချိန်မရှိလို့ မရေးခဲ့နိုင်ဘူး ... အလုပ်က ပြန်ရောက်လို့ ရေးမယ်ကြည့်တော့ ဆရာဦးဟန်ကြည်က ဦးသွားတယ်။ သို့ပေသိ ဦးဟန်ကြည်ကဗျာက ငွေတာရီ ကဗျာကို ဖျက်ရေးထားတာမို့ ငွေတာရီရဲ့ ကဗျာအစစ်ကလေးကို ဖော်ပြလိုက်ပါတယ်။ တောင်တက်နေတဲ့ သဂျီးမင်း အမောပြေလို ပြေငြား ... အားအင်တွေ ပိုပြီး တိုးလိုတိုးငြားပေါ့။
++++++
"ထိပ်ဆုံးသို့"

တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။

တတောင်ဆုံးပြန်တော့
တလုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူ့
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စ ခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေအုံး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင် သစ်လိုက်ပေါ့
ချစ်ဖွယ့်လူသား။ ။

(ရေးသူ ငွေတာရီ ၁၉၂၅-၁၉၅၈)

လင်းခေတ်ဒီနို said...

ဘ၀ တစ်ခု ကို မြင်မိတယ် . . . ကျနော်တို့တွေ ဆက်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ပန်းတိုင်တစ်ခုပြီး တစ်ခု ရောက်အောင် တက်ရဦးမည်ပေါ့

ခင်မင်တဲ့
ဗညားရှိန်

မြသွေးနီ said...

ဒီပို့စ်လေး သဘောကျမိတယ် သဂျီးမင်းရေ...
အနှစ်သာရအပြည့်နဲ့ စိတ်ကူးကောင်းလေး ရံပြီး ရေးထားတာ..။
ကျွန်မတို့ မောတော့မောတာပေါ့.. ဒါပေမယ့် မမောကြပါဘူးနော်..။ ဆက်လက် ကြိုးစားပြီး ပန်းတိုင်အစစ်အမှန်ထိ ရောက်အောင် သွားကြပါစို့..။

ကိုဇော် said...

ရောင့်ရဲမှု မရှိရင် လောကမှာ အပြည့်အဝ ပျော်ရွှင်မှု မခံစားရဘူးဗျာ။ ပျော်ရွှင်မှု ဆိုတာ ကိုယ့်ရင်ထဲ ၊ စိတ်ထဲမှာပဲ ရှိတယ် မဟုတ်လား။

SHWE ZIN U said...

တောင်တက်သူ

ဆက်တက်ရဦးမည်။ ဆက်မက်ရဦးမည်။ ဆက်ကမ်းရဦးမည်။ ဆက်လှမ်းရဦးမည်။ ဓါးသွေးရဦးမည်။ အားမွေးရဦးမည်။ သွေးစီးရဦးမည်။ သွေးနီးရဦးမည်။ မကြောက်တက်ရဦးမည်။ အရောက်တက်ရဦးမည်။ တကြော်ကြော် အော်တက်ရဦးမယ်။ တမျှော်တခေါ် မျှော်တက်ရဦးမည်။ ဖြေးဖြေးတက်ရဦးမည်။ နှေးနှေး တက်ရဦးမည်။ တွေးတွေး တက်ရဦးမည်။ အေးအေး တက်ရဦးမည်။ သဲတထိတ်ထိတ် တက်ရဦးမည်။ ဇွဲစိတ်နဲ့ တက်ရဦးမည်။ တောင်ထိပ်ကို ရောက်ရမည်။ ပန်းတိုင်ကို ရရမည်။ အင်းးးး နောက်ဆုံးတော့လဲ ငါဟာ တောင်တက်သူ တစ်ယောက်ပါဘဲလား။ ။

တောင်တက်သူ ရွှေစင်ဦး အတွက် အားဆေးပါဘဲ သဂျီးမင်း


.

Anonymous said...

အကို့ ရေးသားချက်လေးကိုဖတ်သွားပါတယ်။
ခင်မင်လေးစားလျက်-လေလွင့်လူ

အဖြူရောင်နတ်သမီး said...

အားမလျှော့နဲ့ရောက်တော့မည်...း)
တစ်ဝက်တောင်ကျော်နေပြီ..ဆက်သာတက်ဦးလေး..
နတ်သမီးတောင် ဦးလေးလောက် မရောက်သေးဘူး..
တင်းထား....

မြစ်ကျိုးအင်း said...

တွေးစရာတွေ အများကြီးပါပဲ။

သိ င်္ဂါ ရ said...

ဝါကျတိုလေးတွေနဲ့ ထိထိမိမိ ရေးသွားတာကို သဘောကျမိပါတယ် ခင်ဗျာ ...

မိုးခကျော်သွင် said...

ဦးဦးကိုမောင်ရေ...
ကျွန်တော်လည်း
ကြွယ်ဝသော စကားလုံးများနှင့်
ရေးသားထားသော ဒီပို့စ်လေးကို
ဖတ်ရှုသွားပါသည်
အရမ်းမိုက်တယ်ဗျာ
စကားလုံးတွေ သုံးသွားတာ

နွေလ said...

ဦးဦးရေ ...
ပန်းတိုင်ဆိုတာ အများကြီးပဲလား
ဟုတ်တော့ ဟုတ်တယ်နော်
လူတစ်ယောက်က
ကိုယ် မျှော်လင့်ရင် မျှော်လင့်ထားသလောက်
ပန်းတိုင်တွေ များမယ် ထင်တယ်
စကားလုံးတွေ သုံးသွားတာ အရမ်းမိုက်တယ်
ရေးထားတဲ့နည်းကလည်း အတုယူစရာပဲ
လာလည်ရင်း သည်ပို့စ်လေးကို အားပေးသွားတယ်