Tuesday, 11 January 2011

မာနခဲတို့ရွာ


ခြေတိုင်ရှည်အိမ်လေးတွေစုနေတဲ့ရွာမို့ ခြေတိုင်ရှည်ရွာလို့ဘဲ ခေါ်ကြတယ်။ ဒါပေမဲ့ အခြားရွာတွေထက် အနည်းငယ်မျှ ခြေတိုင်ပိုရှည်ပြီး ခပ်မော့မော့နေတတ်တဲ့အတွက် ကျနော်တို့က အဲဒီရွာလေးကို ထူးထူးခြားခြားအနေနဲ့ မာနခဲတို့ရွာလို့ အမည်ပေးထားကြတယ်။ ပေးမယ်ဆိုလဲ ပေးရလောက်ပါတယ်။ အိမ်လေးတွေက အခြားရွာနဲ့မတူ တမူထူးခြားပြီး ၀ံ့ဝံ့ကြွားကြွား နေတတ်ကြတာကိုး။ ခြေတိုင်ရှည်ဆိုပေမဲ့ ဖောင်ဒေးရှင်းကောင်းတဲ့ အိမ်မျိုးတော့ မဟုတ်ပါဘူး။ ခပ်ယဲ့ယဲ့ရယ်ပါ။ ဒါပေမဲ့ သိတဲ့အတိုင်းပါဘဲ။ အိမ်တွေကသာ ခပ်ယဲ့ယဲ့ရယ်။ မာနကတော့ စကြာဝတေးမင်းမာနမျိုး။

အစကတော့ ဒီမာနခဲတို့ရွာကို အိမ်တစ်လုံးထဲကစပြီး တည်ဆောက်ခဲ့တယ်လို့ သိရတယ်။ နောက်ပိုင်းမှာတော့ နှစ်အိမ်စ သုံးအိမ်စတော့ တိုးခဲ့ပါရဲ့။ ဒါပေမဲ့ သူ့အိုးနှင့်သူ့ဆန် တန်အောင်မနေတတ်ကြတော့ တစ်အိမ်ပြောင်း တစ်အိမ်ဝင်နဲ့ တစ်အိမ်ထဲ တစ်ရွာဖြစ်ခဲ့ရတဲ့ ရက်ပေါင်း မနည်းခဲ့ပေဘူး။ ကျိန်စာဘဲ မိခဲ့တာလား။ အိမ်လေးတွေကဘဲ မတည်ငြိမ်ကြတာကြောင့်လားတော့ မပြောတတ်ဘူး။ အဲဒီ မာနခဲတို့ရွာမှာ အိမ်လေးတွေ အတည်တကျမရှိခဲ့ကြဘူး။

အဲ... ဒါပေမဲ့ အခုလက်ရှိကတော့ အဲဒီရွာလေးမှာ ထူးထူးခြားခြား ခြေတိုင်ရှည်အိမ်လေး ခြောက်လုံးတိတိရှိနေကြတယ်။ ခါတိုင်း အိမ်ခြေအင်အားက ဒီလောက်ရှိခဲ့တာ မဟုတ်တော့ အံ့တော့ အံ့သြစရာရယ်။ ဒါတောင်မှ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိမ်ခြေ ခုနစ်လုံးတိတိရှိခဲ့တယ်ဆိုဘဲ။ ဂုဏ်ယူဝံ့ကြွားစရာဘဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘေးပတ်ဝန်းကျင်ရွာတွေမှာ အိမ်ခြေက အလွန်ဆုံးရှိလှ လေးအိမ် ငါးအိမ်ဘဲရှိကြတာကိုး။ အခြေအနေအရ အိမ်ခုနစ်လုံးထဲက တစ်လုံးက လေးအိမ်တိုင်ရွာကို ပြောင်းသွားတဲ့အတွက် အိမ်ခြေခြောက်လုံးဘဲ ရှိတော့တာတဲ့။ ဒါတောင်မှ အနီးအနားတစ်ဝိုက်မှာ အဲဒီ မာနခဲရွာလေးက အိမ်ခြေအများဆုံးနဲ့ ပန်းပန်လျက်ပါဘဲ။

အိမ်လေးလုံးရှိတဲ့ရွာကို လေးအိမ်တန်းရွာ၊ အိမ်ငါးလုံးရှိတဲ့ရွာကို ငါးအိမ်တန်းရွာဆိုပြီး နာမည်အသီးသီးရှိကြပေမဲ့ အဲဒီအိမ်ခြေ ခြောက်လုံး ရှိတဲ့ရွာကိုတော့ ခြောက်အိမ်တန်းရွာလို့ နာမည်မတွင်ဘဲ ခြေတိုင်ရှည်ရွာလို့ဘဲ နာမည်တွင်တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ခြေတိုင်ရှည်ရွာဆိုတဲ့ နာမည်ကိုတောင် လူတိုင်းမသိကြတော့ပါဘူး။ မာနခဲတို့ရွာလို့ဘဲ လူအားလုံးက သိထားကြလေရဲ့။

မာနခဲတို့ရွာလို့ ဘာကြောင့်ခေါ်သလိုဆိုတော့ ရှင်းရှင်းလေးပါဘဲ။ အဲဒီရွာသားတွေဟာ တစ်ခြားရွာသားတွေနဲ့ အပေါင်းအသင်းအဆက်အဆံမလုပ်ကြဘူး။ မာနကြီးတစ်ခွဲသားနဲ့နေကြတယ်။ မတူသလိုမတန်သလိုမျိုးပေါ့။ ပြီးတော့ အဲဒီမာနခဲတို့ ရွာသားအချင်းချင်းတောင်မှ မာနတလူလူနဲ့ နေကြလေရဲ့။ တိုင်ပင်ညှိနှိုင်းမှုမရှိကြဘူး၊ စည်းလုံးညီညွတ်မှုမရှိကြဘူး။ အပြောအဆို အဆက်အဆံလဲ မရှိကြဘူး။ အလုပ်အကိုင်လဲ ကောင်းကောင်းရှိကြတာမဟုတ်ဘူး။ ပြောရရင်တော့ ဘာမှ ဟုတ်တိပတ်တိ သူတို့မှာ လုပ်ငန်းကိုင်ငန်းရှိကြတာမဟုတ်ဘူး။ ဒါပေမဲ့ မာနကိုတော့ တစ်ပြားသားမှ မလျော့ကြဘူးဗျ။ စိတ်ဝင်စားစရာ အတော်ကောင်းတဲ့ ရွာလေးပါဘဲ။

ပတ်ဝန်းကျင်ရွာနဲ့လဲ အဆင်မပြေ ရွာသားအချင်းချင်းလဲ အဆင်မပြေဆိုတော့ တစ်ခါတစ်ခါမှာ သူတို့ကို ကြည့်ရတာ ကမ္ဘာ့အပြင်ဘက်ရောက်နေသလိုမျိုးဘဲ။ အင်း... ကမ္ဘာ့အပြင်ဘက်ရောက်နေသလိုဖြစ်နေပေမဲ့လဲ သူတို့ တံခွန်ကိုတော့ နဲနဲလေးမှ အောက်လျော့မချကြတာ ခက်သဗျား။ သေချာတွေးကြည့်ရင်တော့ ရယ်စရာကြီးဖြစ်နေတယ်။ မရှိတဲ့ဗလကို တမင်ထုတ်ပြပြီး ရင်ကော့လျောက်သလိုမျိုး၊ မထွက်တဲ့အမောက်ကို ညှစ်ထုတ်ပြီး အမောက်ထောင်ပြသလိုမျိုး၊ အတော်လေး အကြည့်ရတော့ဆိုးသား။

တစ်ခုတော့ရှိတယ်။ ရွာသားတွေက ဘာမှမယ်မယ်ရရ လုပ်တာမလုပ်တတ်ကြတာ အချင်းချင်းခြေလှမ်းကိုတော့ မြင်တတ်ကြသား။ တစ်ယောက်ယောက်က ခြေတစ်လှမ်းလှမ်းနေတာ မြင်ရင် ဒီကောင် ဟိုအချိုးချိုးနေတာ၊ ဒီကောင် ပဲများနေတာ၊ ဒီကောင် အိုက်တင်ပေးနေတာ၊ ဒီကောင် မာယာ သာဌေယျ သုံးနေတာ၊ ဒီကောင် ကလိန်ကကျစ်ကျနေတာ ဆိုပြီး တန်းသိသဗျ။ ဒါကလဲ မြွေမြွေချင်း ခြေမြင်ကြတဲ့သဘောပါ။ အမှန်မှာဆို အဲဒီ မာနခဲတို့ရွာသားတွေအားလုံး အဆံမရှိတဲ့ သင်္ကြန်သေနတ်တွေချည်းပါဘဲ။

ဖြစ်ချင်တော့ တစ်နေ့မှာ အဲဒီမာနခဲတို့ရွာလေးကို လေမုန်တိုင်းတစ်ချက်ဝင်မွှေသွားတယ်။ အင်အားအတော်ပြင်းပုံရတယ်။ အိမ်လေးတွေ ယိမ်းယိုင်နေတာကို တွေ့ရတယ်။ ယိမ်းယိုင်မှာပေါ့လေ။ နဂိုကထဲကမှ ဖောင်ဒေးရှင်းကောင်းကြတာမှ မဟုတ်တာ။ ပိုဆိုးတာက လေမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုပါ ခံကြရကုန်တယ်။ အခြေက မခိုင်၊ အိမ်က ယိုင်တိုင်တိုင်၊ ဆောက်ထားတာက ချောင်းနားကမ်းနားဆိုတော့ မင်းခယောက်ျား ကမ်းနားသစ်ပင်တွေလို ရွာသားတွေ ဒုက္ခရောက်ကြတာပေါ့။

ဒုက္ခရောက်ကြပေမဲ့ ဒုက္ခက မာနလောက် အားမပြင်းတော့ အချင်းချင်း အကူအညီမယူကြဘူး။ သူတို့ရှိတဲ့ အားလေးနဲ့ဘဲ ရုန်းကန်နေကြတယ်။ လွတ်မြောက်လမ်းကို ရှာဖွေနေကြတယ်။ တကိုယ်လွတ်ရုန်းချင်နေကြတယ်။ ပြေးလမ်းကောင်းကောင်းတွေ့ရင်လဲ အခြားသူတွေကို မပြကြဘူး။ ကိုယ်လွတ်ရင် ပြီးရော သဘောထားကြတယ်။ သင်ခန်းစာယူတတ်ရင်တော့ အဲဒီမာနခဲတို့ရွာလေးကို ကြည့်ပြီး သင်ခန်းစာယူလို့ ဆုံးနိုင်မှာ မဟုတ်တော့ဘူး။

တစ်ဦးကူသော်မရ တစ်သောင်းကူသော်ရ၏။ စည်းလုံးခြင်းသည် အင်အား။ ကြားဖူးခဲ့တဲ့ စကားပုံလေးတွေပါ။ အချင်းချင်းကူညီဖေးမနေကြရင်၊ အချင်းချင်းညီညွတ်နေကြရင် လူတွေလုပ်တဲ့ဘေးရန်၊ သဘာဝကပေးတဲ့ ဘေးဒဏ်တွေကို လွယ်လင့်တကူ ဖြေရှင်းနိုင်ကြမှာပါ။ အချင်းချင်း စိတ်တူကိုယ်တူရှိနေကြရင် တစ်ယောက်အားနဲ့ တစ်သောင်းအား မတူပါဘူး။ အပ်နဲ့ ထွင်းလို့ရတဲ့အရာကို ပေါက်ဆိန်နဲ့ ခွဲစရာမလိုပါဘူး။ ဒါပေမဲ့ မာနခဲတို့ရွာက ရွာသားတွေကတော့ မာနကို တပြားသားမှ မလျော့ကြပါဘူး။ ငါ့လှေငါထိုး ပဂိုး (ပဲခူး)ရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုသူတွေချည်းပါဘဲ။

အခုအချိန်မှာတော့ အဲဒီမာနခဲတို့ရွာအခြေအနေကို ဘေးပတ်ဝန်းကျင်ရွာတွေက အကဲခတ်ကြည့်နေကြလေရဲ့။ ကြည့်နေကြတာကလဲ အကူအညီပေးချင်လို့ ကြည့်နေကြတာမဟုတ်ပါဘူး။ ဒုက္ခရောက်ကြရင် လက်ခုပ်တီးဖို့ စောင့်ကြည့်နေကြတာပါ။ ဒါကလဲ သူတို့အမှားမဟုတ်ပါဘူး။ မာနခဲတို့ ရွာသားတွေကိုယ်တိုင်ကလဲ အခြားရွာသားတွေ ဒုက္ခရောက်နေတာတွေ့ရင် ၀မ်းသာမဆုံးဖြစ်ခဲ့ကြတယ်လေ။ ကဲ.. အခုတော့ အဲဒီမာနခဲတို့ရွာမှာ ကပ်ဘေးဆိုက်ရောက်နေပြီ။ လေဘေး ရေဘေးတွေပေါ့။ အဲဒီတော့... ဒီလေ ဒီရေ ဒီမိုးနဲ့ ဒီမာနခဲတို့ရွာ ဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာ အားလုံးက စောင့်စားအကဲခတ်နေကြလေရဲ့။

အားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းရေး ရနိုင်ကြပါစေ။

.....

16 comments:

ကိုဇော် said...

ဟုတ်ကဲ့. . . .

ခွန် said...

သွေးချင်းညီအစ်ကိုများ
စည်းလုံးချင်းရဲ့အင်အား.......

ကိုယ့်ဘာ့ကို ဆက်ဆိုတော့ မရတော့ဘူး။

စကားမစပ် သူကြီး စာနဲ့အတူတွဲတင်တဲ့ ပုံတွေ
လက်ရည်တက်လာ သလိုဘဲ... :P

မောင်လေး said...

ဒါပေါ့ တဂျီးရာ...ချီးတုံးကြီးသည်အင်အား...အဲလေ..
စည်းလုံးခြင်းသည် အင်အားကိုးဗျ....:)

sosegado said...

တစ်လွဲမာနတွေပါလား၊ ဆုတောင်းပြည့်ပါစေ၊

မြစ်ကျိုးအင်း said...

တခုခုကို တင်စားပြီးရေးထားတာလို့ ထင်မိတယ်။ အိမ်ခြေ ၆ လုံးကို စဉ်းစားလိုက်အုံးမယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မာနခဲတို့က မရှိမာနတွေလေ.
စည်းလုံးညီညွှတ်မှု မရှိရင် ဘယ်အရာမဆို ကြာရှည်ရပ်တည်ဖို့တော့ မလွယ်ပါဘူး
အမြန်ဆုံး အသိတရားရပြီး ၆အိမ်စလုံး စည်းလုံးညီညွှတ်ကြပါစေလို့ ဆုတောင်းပါကြောင်း သူဂျီးရေ...

အင်္ဂါဟူး said...

စဉ်းစားတယ် ဆင်ခြင်မယ်... ကျေးတမာဒယ်

နှင်းဟေမာ said...

သူကြီး ဒီပို့စ်ကိုရေးတဲ့ရည်ရွယ်ချက်နဲ့ ပေးချင်တဲ့ မက်ဆေ့ခ်ျကို ကိုယ့်ဘာသာကိုယ် နားလည်သလို ဘာသာပြန်သွားတယ်နော်း)
မာနခဲတို့ရွာက သိပ်တော့မခံပါဘူး ပြောရမယ်ဆိုရင် သူကြီးရေ ကြောင်ကြာကြာရေမငုတ်ပါဘူး လို့ ....းD
မိနှင်း

Anonymous said...

အင်း မာနခဲတို့ရွာဆိုတာ ဘယ်ရွာပါလိမ့်

ဒီလိုရွာမျိုးလား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

မာနခဲတို့က ဘယ်သူဘာပြောပြော..အရေးမစိုက်ပေါင်

flowerpoem said...

မာနခဲတို့ရွာကို လာဖတ်ပြီး ပြုံးသွားပါတယ် သူကြီးရေ

rose said...

စာလာဖတ်သွားပါတယ်ရှင့်။ မာနခဲတို့ ရွာက ဘယ်နားမှာလဲပာင်။ ၀တ္ထုတိုလား ဇာတ်သိမ်းက ဘယ်လို ဖြစ်မှာလဲ ဆိုပြီး အဆုံးထိ ဖတ်သွားတာ။ အင်း... ရေးရေးတော့ သဘောပေါက်သလိုပဲ။ ဘာမှန်းလည်း မရှိဘူး။ အိမ်နီးနားချင်းတွေနဲ့လည်း မတည့်ဘူး။ အကူအညီတောင် အပေးမခံဘူး ဆိုတော့.... သိပြီ...း) စကားမစပ်လေ... ဦးကိုကိုမောင်ရဲ့ ဘလော့ဂ်လိပ်စာလေး ရို့စ် ဘလော့ဂ်မှာ ချိတ်ခွင့်ပြုနော်။ ခွင့်တောင်းတာပါနော်။

ကောင်းမွန်ဝင်း said...

“ကျေဇူးတင်းဘားဒယ်”
“၁ဘောပေါက်ပါဒယ်”

zue said...

မာနခဲတို့ရွာလေးကို စိတ်မကောင်းခြင်းများစွာနဲ့ စောင့်ကြည့်နေမိတယ်... စည်းလုံးမှု့ရှိရင် သိပ်ကောင်းကြမှာပဲ.. သူတို့ တောင့်ခံနိုင်ပါ့မလား...

နေ၀သန် said...

သူကြီးမင်း... တစ်ခုခုကိုပြောထားမှန်းသိပေမယ့်.. ဘယ်လိုမှ စဉ်းစားမရဘူး... :P.. ဆက်ပြီးစဉ်းစားလိုက်ဦးမယ်....


ခင်မင်တဲ့
နေ၀သန်

မြတ်မွန် said...

ဟီး..အကို ရေ..ရယ်မိတယ်။
အကိုရေးတာ ရယ်ရလို့
အဓိပ္ပါယ်ရှိတယ်...။