Wednesday 4 August 2010

ဒါဘဲ "ဂွပ်"


တစ်နေ့၌ ကိုကိုမောင်တစ်ယောက် ပျင်းရိရိဖြစ်လာသဖြင့် ဂျီတော့ခ်ကို ဖွင့်ထားကာ ဘလော့တကာ လျောက်လည်ပြီးနောက် သူ့ဘလော့ထဲ၌ သူရေးခဲ့ပြီးသည့် ပို့စ်အဟောင်းများကို ပြန်လည်ဖတ်ရှု စစ်ဆေးနေလေ၏။ ထိုအခိုက် ချစ်သူလေး အွန်လိုင်းပေါ် တက်လာကာ.. တတုံ...တုံ... ခေါ်နေလေ၏။ ကိုကိုမောင်လဲ ပြန်ပြီး အမ်ဆာလုပ်လိုက်၏။

"ဟာ.. ချစ်လေးလား။ တိုက်ဆိုင်လိုက်တာ။ ကိုလဲ ခုနကမှ အွန်လိုင်းပေါ်တက်လာတာ။ ချစ်လေး တက်လာတာနဲ့ ကွက်တိဘဲ"

"သိနေတယ်လေ။ ဒီအချိန်ဆို ကို အွန်လိုင်းမှာ ရှိတတ်တာ။ ဒါကြောင့် တက်လာတာ"

"ဟုတ်လား။ ၀မ်းသာလိုက်တာ အချစ်လေးရေ.."

"ချစ်လဲ ကိုနဲ့တွေ့ရတာ ပျော်တယ်။ ဒါနဲ့ အခု အွန်လိုင်းမှာ ဘာလုပ်နေတာလဲ"

"ကိုလား။ ဟိုလေ... ကိုရေးခဲ့ပြီးသား ပို့စ်အဟောင်းတွေကို ပြန်ဖတ်နေတာ။ ဟိုတုန်းက ရေးခဲ့တာနဲ့ အခုရေးနေတာ ဘာကွာသလဲပေါ့။ ဟိုတုန်းက စရေးကာစဆိုတော့ ဖတ်ရတာ ထစ်ထစ်နေသလိုဘဲ။ အခုမှ ဖတ်ရတာ နဲနဲချောလာတယ်။ အခုဆိုရင် ဘလော့ကို တစ်ရက်တစ်ခါလောက်မှ မဖွင့်ရရင် စားမ၀င်အိပ်မပျော်အောင် ဘလော့ရောဂါဖြစ်နေပြီ။ ကိုကလဲ သူများ ဘလော့ကို သွားလည်လိုက်။ ကွန်မင့်ပေးလိုက်။ သူတို့ကလဲ ပြန်လိုက်လာပြီး ကို့ပို့စ်တွေကို ဖတ်လိုက် ကွန်မင့်ပေးလိုက်နဲ့။ ပျော်စရာကြီးနော် ချစ်လေး။ ဟိုတစ်လောကဆိုရင် ကိုရေးထားတဲ့ ပို့စ်ကို လာဖတ်ကြတဲ့သူတွေ တစ်ရက်ထဲနဲ့ လေးရာကျော်ရှိတယ်။ အဲဒါတွေက ကိုတို့လို ဘလော့ဂါတွေအတွက် အားဆေးတစ်ခွက်ပေါ့ ချစ်လေးရယ် နော်.. နော်လို့.."

"ဘာ.. ဘာပြောတယ်။ ချစ်သူတစ်ယောက်လုံးကို ဥပေက္ခာပြုထားပြီး သူ့ဘလော့အကြောင်းဘဲ ပြောနေလိုက်တာ။ အနားမှာရှိရင်လေ နှုတ်နှုတ်စင်းပစ်လိုက်တယ်။ သက်မဲ့ဖြစ်တဲ့ ဘလော့လေးကိုတောင်မှ ချစ်သူထက်ပိုချစ်နေသေးရင် ရှင့်ကို ဘယ်လိုယုံရမှာလဲ။ ရှင် ဆုံးဖြတ်။ ဘလော့နှင့်ချစ်သူ ဘယ်သူ့ကို ရွေးမှာလဲ။ ချစ်သူကိုကျတော့ တစ်ရက်ကို အီးမေးလ်လေးတစ်ကြောင်းတောင် ရေးပို့ဖော်မရဘူး။ ရှင်နော်။ စိတ်ပျက်လာပြီ။ မပြောချင်တော့ဘူး။ ဒါဘဲ"

"ဂွပ်"

ထိုကဲ့သို့ ကြိမ်းမောင်းကာ ဂျီတော့ခ်မှ အောက်သွားလေ၏။
...


တစ်နေ့၌ လန်ဒန်မှာ မိုးဖွဲဖွဲလေး ရွာသွန်းနေ၏။ ထိုအခိုက်၌ ကိုကိုမောင်သည် ချစ်သူလေးကို သတိရပြီး ဖုန်းလှမ်းခေါ်လိုက်၏။

"ချစ်လေးရေ... အခုဆိုရင် အပြင်မှာ မိုးဖွဲဖွဲလေးရွာနေတယ်။ အလွမ်းဓါတ်ခံရှိတော့ လွမ်းချင်စရာကြီး။ ချစ်လေးကို အရမ်းသတိရတာဘဲကွာ"

"ချစ်လဲ ကို့ကို အရမ်းသတိရတာဘဲ။ ဒီမှာက မိုးသိပ်မရွာသေးဘူး။ အိုက်စပ်စပ်နဲ့။ ကိုရှိတဲ့ဆီကိုသာ အပြေးလေး လာခဲ့ချင်ပါတော့တယ်"

"တစ်နေ့နေ့ပေါ့ ချစ်ရယ်... ကိုတို့ ငယ်ငယ်တုန်းက ဆိုရင်လေ အခုလို မိုးလေးတွေ ဖွဲဖွဲနဲ့ တောင်ပြန်လေ တသဲသဲဖြစ်ပြီဆိုရင် လယ်ကန်ဆင်း တစ်လျောက်သူငယ်ချင်းတွေနှင့်အတူ ပြေးလွှားဆော့ကစားပြီး စပါးပင်ရနံ့ သင်းသင်းလေးကို ရှူရှိုက်ရတာ အရမ်းအရသာရှိတာဘဲ။ ဆော့လို့အားဝမှ ချောင်းထဲဆင်းပြီး ရေချိုးကြတာလေ။ အေးမာတို့ ယုယတို့ ကြည်ဦးတို့ဆိုရင် ကို့ငယ်သူငယ်ချင်းတွေပေါ့။ အော်... ပြောရင်း ဆိုရင်း တောရနံ့လေးတွေ သင်းသင်းပျံ့အနံ့ရလာသလိုဘဲ။ ချစ်လေးကကော မိုးရွာရင် ကို့ကို သတိမရဘူးလား"

"ဟင်းးး ရှင်က ချစ်သူတစ်ယောက်လုံးအနားမှာ ထားပြီး တောခြုံအုံခြားက သူ့ငယ်ချစ်ဟောင်းတွေကို သတိရနေတယ်ပေါ့။ ချစ်သူတစ်ယောက်လုံး ရှေ့ မှာ ထားပြီး တစ်ခြားကောင်မလေးတွေ အကြောင်း စဉ်းစားနေတာဟာ ချစ်သူကို သစ္စာဖောက်တာဘဲ။ ရှင်ဟာ အလကားလူ။ သစ္စာမဲ့တဲ့သူ။ ရှင့်ကို စိတ်ကုန်သွားပြီ။ စကား ဆက်မပြောချင်တော့ဘူး။ ဒါဘဲ"

"ဂွပ်"

ထိုကဲ့သို့ ပေါက်ကွဲပြီး ဖုန်းချသွားလေ၏။
...


တစ်နေ့၌ ကိုကိုမောင်တစ်ယောက် ကျောင်းသွားရင်း ချစ်သူလေးကို သတိရနေသဖြင့် လန်ဒန်တက္ကသိုလ်ထဲမှနေပြီး ဖုန်းလှမ်းဆက်လိုက်၏။

"ချစ်လေးရေ.. အခုဆို ကိုက လန်ဒန်တက္ကသိုလ်ထဲမှာလေ။ တက္ကသိုလ်နားမှာ ဗြိတိသျှပြတိုက်ကြီးလဲ ရှိတယ်လေ။ အချိန်ရရင် ကိုကတော့ ပြတိုက်ထဲ သွားလည်နေကျ။ အလကား ၀င်ကြည့်လို့ရတယ်"

"ဟုတ်လား။ အခု အတန်းမရှိဘူးလား"

"အတန်းက အခုတင်လေး ပြီးလာတာလေ။ ဒါကြောင့် ချစ်လေးကို သတိရလို့ ဖုံးလှမ်းဆက်လိုက်တာ"

"အော်... ဒါနဲ့.. ကိုတို့ အတန်းထဲမှာ မိန်းခလေးတွေ မပါဘူးလား"

"ပါတယ် အများကြီးဘဲ"

"ဘယ်နိုင်ငံကတွေလဲ မသိဘူး"

"ဂျပန် တရုတ် ထိုင်ဝမ် ထိုင်း။ စုံနေတာပါဘဲ။ ဟို ထိုင်းမလေးတစ်ယောက်ဆိုရင် အရမ်းချောတယ် သိလား"

"အော်... ရှင်က သူတို့နှင့်တွေ့ပြီး ချစ်သူလေးကိုတော့ မေ့နေပြီပေါ့လေ"

"မမေ့ပါဘူး ချစ်လေးရယ်။ သူတို့အလှအပတွေက ကို့နှလုံးသားကို မလှုပ်ရှားစေနိုင်တော့ပါဘူး။ ကို့ရင်ထဲမှာ ချစ်လေးတစ်ယောက်ထဲဘဲ ရှိတာပါ"

"အင်း... အဲဒါ ကောင်းတယ်"

"ဒါနဲ့... စကားမစပ်.. ချစ်လေးရဲ့ ဟိုတစ်ယောက်ကကော ဘယ်နေရာ ရောက်နေလဲ မသိဘူး"

"ဘယ်သူ့ကိုပြောတာလဲ"

"ဟိုကောင်လေးလေ။ ချစ်လေးကို အသေရရအရှင်ရရ ဇွတ်လိုက်ကြိုက်နေတဲ့ ချာတိတ်လေးကိုပြောတာ"

"သူ့အကြောင်း လာမမေးနဲ့။ စိတ်မ၀င်စားဘူး။ စိတ်ထဲမှာ နဲနဲလေးမှ သူ့ကို မနှစ်သက်ဘူး"

"ကိုက သိချင်ရုံသက်သက်ပါ။ ချစ်လေးကိုလဲ စိတ်ထဲမှာ ယုံကြည်ပြီးသားပါ"

"အဲဒီလောက်သိချင်ရင် ပြောပြမယ်။ သူလဲ အခု လန်ဒန်မှာဘဲ။ ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတာ။ မြန်မာနိုင်ငံကိုလဲ ပြန်မလာတော့ဘူးတဲ့။ ပြီးတော့ သူကမထင်မရှားနဲ့ နေနေရတာ"

"အော်.. အဲဒီလိုလား။ အဲဒီအကြောင်းတွေကို သိနေတယ်ဆိုတော့ ချစ်လေးက သူနှင့် အီးမေးလ်အဆက်အသွယ် အမြဲရှိနေပုံရတယ်နော်"

"ရှင်.. ဘာစကားပြောတာလဲ။ လူကို လာမစော်ကားနဲ့။ ဘုရားစူးရချေရဲ့။ သူနှင့်အီးမေးလ်အဆက်အသွယ် လုံးဝမရှိဘူး။ သူ့မိဘတွေနှင့်ကျမမိဘတွေက ရင်းနှီးပြီးသားတွေ။ မကြားချင်မှအဆုံး သူတို့မိဘတွေက အိမ်လာပြီး သူ့အကြောင်းဘဲ ပြောပြောနေကြတယ်။ ဒါကြောင့်မို့ သူ့အကြောင်းကို ဒီလောက်သိနေတာ။ သူ့ကို စိတ်ဝင်စားရင် ယူပြီးသာ ကြာရောပေါ့။ နှစ်ဘက်မိဘတွေက ပေးစားချင်နေကြတာ။ ကျမက သူ့ကို ဘယ်လိုမှ ချစ်လို့ရတာမဟုတ်ဘူး။ ရှင်က သက်သက်မဲ့ကျမကို မယုံမကြည်ဖြစ်နေတာ။ အဲဒါ ကျမကို စော်ကားတာဘဲ။ တော်ပီ တော်ပီ။ ရှင်နှင့်စကားဆက်ပြောရင် ကျမ လွန်ရာကြကုန်ရော့မယ်။ ဒါဘဲ"

"ဂွပ်"

ထိုကဲ့သို့ ကရားရေလွတ်ပြောဆိုပြီး ဖုန်းချသွားလေ၏။
...


တစ်ခုသောဆန်းဒေး၌ ကိုကိုမောင်တစ်ယောက် အင်းမရိတ်(အာစင်နယ်)ဘောလုံးကွင်းထဲ ၀င်ရောက်ပြီး တတိယတန်းထိုင်ခုံတစ်ခု၌ ထိုင်ပြီး ဇိမ်ကျစွာ အင်းမရိတ်ဖလားဘောလုံးပြိုင်ပွဲကြီးကို ထိုင်ကြည့်နေလေ၏။ ထိုသို့ထိုင်ကြည့်နေစဉ် မြန်မာနိုင်ငံရှိ ချစ်သူလေးထံသို့ မိုဘိုင်းဘုန်းဖြင့် လှမ်းခေါ်ပြီး စကားပြောနေလေ၏။ သတိလဲရ အာစင်နယ်ကွင်းထဲက ဖုန်းပြောရတာလဲ ကြွားချင်၍ ဖြစ်၏။

"ချစ်ရေ.. အခု ကိုဘယ်မှာလဲ သိလား"

"သိဘူးလေ ပြောပြပါလား"

"အာစင်နယ်ဘောလုံးကွင်းထဲရောက်နေတယ်လေ
"

"ဟင်.. ဟုတ်လား"

"ဟုတ်တယ်ချစ်လေး"

"ဘောလုံးပွဲရှိလို့ သွားကြည့်တာလား"

"ဟုတ်တယ် ချစ်လေး။ အာစင်နယ်အသင်းနှင့်ဆဲလ်တစ်အသင်း အခုကန်နေကြတယ်"

"ပျော်စရာကြီးနေမှာနော်။ အာစင်နယ်ဘောလုံးအသင်းက နာမည်ကြီးဘဲ။ ချစ်လဲ ကိုနှင့်အတူထိုင်ကြည့်ချင်လိုက်တာ"

"ကြည့်ရမှာပေါ့ ချစ်ရယ်.. တစ်နေ့နေ့ပေါ့.. ဟော ပြောရင်း ဆိုရင်း ၀ဲလ်ကော့ ဘောလုံးဆွဲလာပြီ။ ဘေးစည်းနား ဖြတ်ကာ ဖြတ်ကာနဲ့ လိမ်ခေါက်ပြီး ဆွဲလာတယ်။ ဂိုးဧရိယာရှေ့ နားရောက်လာပြီ။ လိမ်တယ်။ လိမ်တယ်။ တစ်ယောက် နှစ်ယောက် သုံးလေး လေးယောက်။ ဆဲလ်တစ်နောက်တန်းလူ လေးယောက်ကို လိမ်ခေါက်ပြီး ဂိုးစည်းရှေ့ ရောက်လာပြီ။ ဟိုဘက်က နာဇရီကလဲ ပြေးလိုက်လာတယ်။ ဟော... ၀ဲလ်ကော့က နာဇရီကို ထိုးပေးလိုက်ပြီ။ နာဇရီက နောက်တန်းလူနှစ်ယောက်ကြားထဲက လှလှပပဘဲ ကန်သွင်းလိုက်တယ်။ ဂိုး... ဂိုး .. ဂိုးး။ ချစ်လေးရေ ဂိုးသွားပြီ။ ဟေး ဟေး ဟေး..."

"ဟင်... ရှင်က ချစ်သူတစ်ယောက်လုံးကို ဘေးဖယ်ထားပြီး ဘောလုံးကိုဘဲ အားပေးနေတယ်ပေါ့။ ဒီမှာ ဖုန်းတန်းလန်းကြီးနဲ့ နားတွေလဲပူနေပြီ။ အမှန်ဆို ရှင်က ကျမကို ချစ်တာမဟုတ်ဘူး။ ဘောလုံးကိုဘဲ ချစ်တာ။ ဘောလုံးလောက်မှ အချစ်မခံရတဲ့ ချစ်သူဖြစ်ရတာ ရှက်ဖို့ကောင်းတယ်။ တော်ပြီ ရှင့်ကို စိတ်ကုန်သွားပြီ။ ဒါဘဲ"

"ဂွပ်"

ထိုသို့ပြောရင်း ချစ်သူလေးက ဖုန်းချသွားလိုက်လေတော့၏။
....


တစ်နေ့၌
ယူကေမြန်မာအသင်းကြီးက ကြီးမှူး၍ မြန်မာနိုင်ငံမှ နာမည်ကြီး သရုပ်ဆောင်အချို့ ကို ဖိတ်ခေါ်ပြီး ရှိုးပွဲတစ်ခုသွင်းပေးလေ၏။ နေတိုး ထွန်းထွန်း ကျော်ကျော်ဗို မိုးယုစံ ဂျင်နီ တို့ ပါဝင်လေ၏။ ထိုရှိုးပွဲသို့ ကိုကိုမောင် သွားရောက် မကြည့်ရှုဖြစ်ခဲ့ပါ။ သို့သော် ထုံးစံအတိုင်း ချစ်သူလေးထံသို့ ဖုန်းခေါ်ပြီး ထိုပွဲအကြောင်းကို ပြောဖြစ်လေ၏။

"ဟလို.. ချစ်လေးလား"

"ဟုတ်ပါတယ်။ ကို အခုဘာလုပ်နေလဲ"

"ဘာမှ လုပ်မနေပါဘူး။ ချစ်လေးသိလား။ မြန်မာနိုင်ငံက သရုပ်ဆောင်တွေ ဒီကို လာကြတယ်လေ"

"သိသားဘဲ။ အဲဒီအထဲမှာ နေတိုးပါတယ်လေ။ နေတိုးက တကယ်ချောတယ်နော် ကို။ မျက်နှာကလဲ ချိုတော့ ချစ်ဖို့ကောင်းတယ်။ ပြီးတော့ ဖော်ရွှေပုံလဲရတယ်။ သူကတော့ နောက်ဆို လျှမ်းလျှမ်းတောက် နာမည်ကြီး ဖြစ်ဦးမှာ သေချာတယ်"

"ဟုတ်တယ်ချစ်လေးရ... သူက ချောတယ် မဆိုးဘူး။ ဒါပေမဲ့ ကို့အတွက်ကတော့ မိုးယုစံလေးကမှ တကယ်ချော တကယ်လှတာ။ အေးအေးလေး နေထိုင်တတ်တယ်။ မျက်နှာကလဲ ကြည့်လိုက်ရင် အေးချမ်းလို့ဘဲ။ ယဉ်ယဉ်ကျေးကျေးလေး။ မာနလဲ ရှိပုံမပေါ်ဘူး။ အသက်ကလဲ ၁၉ နှစ်ဘဲ ရှိသေးတယ်တဲ့။ သူစကားပြောတဲ့စတိုလ်ကလေးကလဲ အရမ်းချစ်စရာကောင်းတာ။ နောက်ဆိုရင် ကိုကတော့ သူ့ကို အားပေးနေမှာ သေချာတယ်"

"ဘာ... ဘာပြောတယ်။ သူ့ကို ချစ်စရာလား။ ကြည့်စမ်း။ ချစ်သူတစ်ယောက်လုံးရှိနေရဲ့သားနဲ့ တစ်ခြားမိန်းခလေးအကြောင်းကို မြိန်ရည်ယှက်ရည်ပြောနေလိုက်တာ။ ရှင်တို့ယောက်ျားတွေက ဒီလိုမျိုးတွေချည်းဘဲလား။ အချောအလှမြင်တိုင်း ငမ်းငမ်းတက်ဖြစ်နေတတ်ကြတာလား။ ရှင့်ကို ချစ်ရတာ ပင်ပန်းလိုက်တာ။ စိတ်ချချင်စရာ ဘာတစ်ခုမှ မရှိဘူး။ တော်ပီ။ မပြောချင်တော့ဘူး။ စိတ်တိုလာပြီ။ ဒါဘဲ"

"ဂွပ်"

ထိုသို့ကဲ့ တောင်စဉ်ရေမရပြောဆိုပြီးဖုန်းချသွားလေ၏။
....


တစ်နေ့၌ ချစ်သူလေးသည် အလုပ်တစ်ခုဖြင့် နယ်ဘက်ခရီးထွက်နေလေ၏။ ကိုကိုမောင်သည် ချစ်သူလေး အားငယ်နေမှာ စိုး၍ ဖုံးဆက်ပြီး အားပေးစကားပြောနေ၏။

"ချစ်လေးရေ... အခု ဘယ်ရောက်နေလဲ"

"မြန်မာနိုင်ငံအထက်ပိုင်းမှာလေ"

"ပျော်စရာကောင်းလား"

"ပျော်စရာကောင်းတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ကိုရယ်။ လုပ်ငန်းသဘောအရဆိုတော့လဲ သွားလာ လှုပ်ရှားနေရတော့တာပေါ့။ ဒါပေမဲ့ ချစ်လေးက ခရီးသွားတာနဲ့ ဓါတ်တည့်လို့လား မသိဘူး။ အသားအရည်ပြည့်လာတယ်။ ပိုလှလာတယ်။ ပိုကြည့်ကောင်းလာတယ် ထင်တာဘဲ။ ဒါကြောင့် ဘယ်နေရာသွားသွား ချစ်လေးကို အားကျပြီး ကျားကျားမမ ခိုးကြည့်နေတဲ့သူတွေ မနည်းဘူး"

"ဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ ကိုလဲ အခုတလော ၀ိတ်နဲနဲတက်လာတယ်။ သိလား"

"ဟုတ်လား ကို"

"ဟုတ်တယ်ချစ်လေး။ အရင်က ၁၂၅ ပေါင်ဘဲ ရှိတာ။ အခုဆိုရင် ၁၄၀ လောက်ရှိလာပြီ။ အရင်လို ပိန်ပိန်ကပ်ကပ်မဟုတ်တော့ဘူး။ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာပြီ။ အသားအရည်ကလဲ နဂိုကထဲက ခပ်ဖြူဖြူဆိုတော့ ၀င်းလက်နေတာဘဲ။ သူငယ်ချင်းမိန်းခလေးတွေကလဲ ပြောတယ်။ ပိုချောပြီး ပိုခန့်လာတယ်တဲ့။ ရင်ခုန်ချင်စရာကြီးဆိုလားဘဲ။ အဟီးဟီး"

"ဟင်.... ဘယ်လို ဘယ်လို။ ပိုဝလာတယ်။ ဟုတ်လား။ ဘာဖြစ်လို့ ပိုဝလာအောင် အစားအသောက်ကို စားရတာလဲ။ ရှင်ဟာလေ အစားအသောက်ကို ကြီးလွန်းအားကြီးပါတယ်။ နောက်ဆို အစားအသောက်ကို လျော့စား။ ချောကလက်တွေ မစားနဲ့တော့။ အသားဓါတ်များများရမဲ့အစားအစာတွေကို မစားနဲ့တော့။ ၀ိတ်ကိုလျော့။ ဘယ့်နှယ် နဂို ပိန်ကပ်ကပ်ကထဲကမှ မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ဟာ။ အခုလို စိုစိုပြေပြေ လှလှပပ ခန့်ခန့်ငြားငြားဆိုရင် ရှင့်ကို ဘယ်လို စိတ်ချရမှာလဲ။ ဒီနေ့ကစပြီး ဗိုက်တာမင် စီဓါတ်ပါတဲ့ အစားအသောက်ကိုဘဲ စား။ ကြားလား။ ရှင်ကလဲ ရှင်ဘဲ။ ချစ်သူရှိရက်သားနဲ့ အလှပြင်ပြီး မိန်းခလေးတွေ စိတ်ဝင်စားအောင် လုပ်နေတာထင်တယ်။ မပြောလိုက်ချင်ဘူး။ ပြောရင်းနဲ့ စိတ်တိုလာပြီ။ တော်ပီ တော်ပီ။ ဒါဘဲ"

"ဂွပ်"

ထိုကဲ့သို့ သူထင်ရာ သူပြောပြီး ဖုန်းချသွားလေတော့၏။
....


အခုဆိုရင် ကိုကိုမောင်တစ်ယောက် ချစ်သူလေးကို စကားတစ်လုံးပြောဖို့ တစ်ညလုံး စကားလုံး ရွေးချယ်နေရလေပြီ။ ဘယ်လို စကားမျိုးပြောရင် ချစ်သူလေးကြိုက်မလဲ၊ ဘယ်လို စကားမျိုးပြောရင် ချစ်သူလေး မကြိုက်ဖူးလဲ စသည့်အတွေးများစွာတို့ ကိုကိုမောင့်ဦးဏှောက်ထဲ ၀င်ရောက်နေလေပြီ။ အော်.. ဘာလိုလိုနဲ့... ကိုကိုမောင်တစ်ယောက် မယားကြောက်ဖြစ်ရမဲ့ကိန်း ဆိုက်နေလေပြီတည်း။ ။

"ပိတ်သတ်ကြီး ကယ်တော်မူကြပါ"


....

25 comments:

khin oo may said...

blog ပိတ်လိုက်ပါ။ အချိန်ပိုထွက်လာသောကြောင့်ရည်းစားကို ပိုအာရုံရောက်မည်.

ကိုယ်ပြောချင်တာမပြောပါနင့်သူကိုပြောခွင့်ပေးပါ. မိန်းကလေးများသည် နားထောင်ချင်တာမဟုတ်.ပြောချင်တာဖြစ်သည်။

ဘောလုံးအကြောင်းမပြောပါနဲ့ သူ့အကြောင်းတွေသာပြောခိုင်းပါ အမြှုပ်ထွက်အောင်ပြောလိမ့်မည်။ အမေကဘာ အဖေကဘာသယ်ချင်းတွေကဘာ..အို.ပြောပြီးရင်းပြေပာချင်နေတော့တာဘဲ။

တစ်ခြားမိန်းကလေးများအကြောင်းကို မပြောရ. မနာလိုဖြစ်သည်။

ကိုယ့်အတွက်မဝတ်ဆင်ပါနင့် သူ့အတွက်သာဝယ်ပေးပါ.

ချစ်လေးသည် သိတ်ချစ်မည်ဖြစ်သည်.။

အဖြူရောင်နတ်သမီး said...

ဟားဟား..
ဟုတ်သားပဲ..ကိုကိုမောင်ကလည်း...
မုသားမပါ လင်္ကာမချောတဲ့...
နတ်သမီးတို့ဆိုရင်...
“ဂွပ်”...
အဲ..တော့..
နတ်သမီးရဲ့ချစ်သူ G Talk ကနေပြီး နားထောင်နေတာ..မသိလိုက်ဘူး..
ဖုန်းချသွားပြီ...

ချစ်ကြည်အေး said...

ဟားဟားဟား...ဖြစ်ရလေ...အပေါ်မှာ မမကွန် ပြောသွားသလိုပါပဲ....:)

ညိမ်းနိုင် said...

ဟုတ်တယ် တဂျီးရေ...သူရို့နဲ့စကားပြောရတာ အင်မတန်
မှကိုဆင်ခြင်ရတာကလား..။

SHWE ZIN U said...

အင်း ကိုကိုမောင် လည်း ဘာလိုလို နဲ့ ရီးစားလေး တယောက် ရှိပါတယ် တဂွတ် ဂွတ် နဲ့ စိတ်ကြီးကောက် ခံနေရတယ်

ဟုတ်ပ သူကြီးကလည်းသူကြီး ဘဲ မိန်းခလေး တွေဆိုတာ သူတို့ကလွဲပြီး ဘယ်သူ့ မှ ဘယ်အရာ မှ စိတ်ဝင်စားတာ မကြိုက်ကြပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

MDW said...

နောက်တခါ သူမဂွပ်ခင် ကိုယ်အရင်ဂွပ်လိုက်ပါ။ :)

blackroze said...

ဟယ်လို..
ကျမတဂျီးနဲ့ပြောချင်လို့ပါ
ဘာ...
ဘိလပ်သွားနေတယ်..ဟုတ်စ
တဂျီးတယောက်လုံးလုပ်နေပြီးရွာကိုပစ်ပြီးတော့...
ဘိလပ်သွားစရာလား..
ခုကျမရဲ့အင်တာနက်ကခဏခဏ
ကွန်နက်ရှင်ကျနေတဲ့ကိစ္စဘယ်လိုဖြေရှင်းရမလဲ
တဂျီးစီ..အီးမေးလ်ပို့ပြီးမြန်မြန်ပြန်လာခိုင်းလိုက်ပါ..
ဒါဘဲ.....ဂွပ်...

Anonymous said...

အပေါ်ကမမခင်ဦးမေပြောသွားသလိုပါပဲ....ချစ်သူကအဲ့လိုလုပ်တာနည်းတောင်နည်းသေးတယ်..နာ့အတိုမှောင်..ဆော်ရီး..ငါ့အကို ချစ်သူဆီနောက်တစ်ခါဖုန်းဆက်ရင် သတိထားနော်...
swe

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်းပြုံးမိတယ်
မိန်းခလေးတွေက ဘယ်အရာကိုမှ သူတို့ထက် ပိုဂရုစိုက်တာကို မလိုချင်ဘူးလေ
နောက်ကို ဘောလုံးကွင်းထဲရောက်နေရင်တောင် ချစ်သူကိုလွမ်းလို့ အိပ်ရာထက်မှာ ခွေနေတာ လို့ပြော...
ကောင်မလေးလှလှ ကိုယ့်ရှေ့က ဖြတ်လျှောက်သွားလို့ ငေးကြည့်နေတုန်းချစ်သူဆီကဖုန်းလာရင်
မင်းက လွဲလို့ ဘယ်မိန်းခလေးမှ မကြည့်တာကြာပြီလို့ ပြော...
နောက်ကို ပေါင်ချိန်တက်လာတာ မပြောနဲ့
မင်းကို လွမ်းလွန်းလို့ ပိန်တောင် ပိန်သွားပြီလို့ပြော..
ကိုကိုမောင် အပြောနပ်ရင် နောက်ကို ဂွပ် ခနဲအသံ မကြားရတော့ပါဘူး..း)

noblemoe said...

တဂွပ် ဂွပ်နဲ့ ဖုန်းချပြီးတိုင်း ပြန်ကိုင်တာတောင် တော်တော်သဘောကောင်းနေပြီပါပြီ
ရီလည်းရီရတယ် ကောင်မလေးနဲ့အဆင်ပြေပျော်ရွှင်အောင် ပြောနိုင်ပါစေရှင်းးးးးးးးးး...
သာယာချမ်းမြေ့ပါစေနော်
မိုး

အင်ကြင်းသန့် said...

ဟဟဟ....ပိတ်သတ်ကြီးလည်း ဘယ်လိုအကြံပေးရမှန်း မသိတော့ဘူး သူကြီးရယ်။
အပေါ်က လူတွေ အကြံပေးသွားတဲ့ အတိုင်းသာ လုပ်ကြည့်လိုက်ပါလို့ အကြံပေးခဲ့ပါတယ်။

နေ၀သန် said...

:D... တို့သူကြီးကတော့ အဝေးမှာသာပဲ.. အနီးကနေသာဆို အဲဒီ ဂွပ်ဆိုတာနဲ့ အာလူးဘူးသီးထွက်လောက်တယ်... ဟဲဟဲ

ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

ပရိတ်သတ်ကြီးလည်း ဘာပြောရမှန်းတောင်
မသိတော့ဘူ။ သူဂျီရေ..အရင်ပြောသွားတဲ့ပရိတ်သတ်ကြီး
ပြောသလိုပဲ လုပ်ကြည့်ပါ။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

flowerpoem said...

ကောင်းတယ် ဂွပ်က နည်းသေးတယ် :P

ဂျူးလိယက် said...

ကိုကိုမောင်ရေ မိန်းခလေး ဆီဖုန်းဆက်တိုင်း မခင်ဦးမေ ပြောသလိုပဲ သူပြောတာပဲ နားထောင်ပြီ သံယောင်လိုက်တာ အကောင်းဆုံးပါပဲ။ စိတ်ကောက်တတ်တဲ့ မိန်းခလေးတွေက အချော့လည်း ကြိုက်တာမို့ ချော့ဖို့ မမေ့နဲ့အုန်းနော်.. :)

သဒ္ဓါလှိုင်း said...

မမခင်ဦးပြောသလိုပဲလုပ်ကြည့်လိုက်ပါ..
အဆင်ပြေသွားပါလိမ့်မယ်...
သူကြီးလည်းမတတ်နိုင်တော့ဘူးပေကိုးးးးးးး

ခင်မင်စွာ
သဒ္ဓါ

လသာည said...

ဟားဟား
ဒါဘဲ ဂွပ်..း))

ချစ်သူကို နားလည်အောင် ကြိုးစားပေါ့

နွေဆူးလင်္ကာ said...

အေးလေ ဘာတွေ သွားပြောနေမှန်းမသိဘူး နောက်တခါဆိုရင် ဖုန်းထဲကနေ ဆွဲထိုးတော့မယ် ..

သုခုမလေဒီ said...

ဟင်းး ကိုကိုမောင်တို့ကတော့ ပြောချင်ဘူး။ ဖုန်းထဲမှာမို့ "ဂွပ်" တာနော်။ အပြင်မှာဆိုရင်တော့ "ခွပ်" လား " ဖြန်း " လားမသိဘူး။ ခုတော့...
အသွားမတော် တလှမ်း၊ အပြောမတော် တဂွပ်ပေါ့း)))

Anonymous said...

တဂျီး. ဒီပို့စ်က တခြားလူရေးရင် အတော်လေးကောင်းတဲ့ပို့စ်ပါပဲ။
ဒါပေမဲ့......တဂျီးရေးတော့ ဖတ်ရတာ တယ်အဆင်မပြေလှဘူး။

ခင်မင်သမူဖြင့် ပြောသည်။

မြတ်နိုး

မဗေဒါ (၈၈) said...

ဟိုင်း.. မစ္စတာ ကိုကိုမောင်..

ဂွပ်က ဂွတ် ပါတယ်... အမှန်တွေ ဆက်သာပြော... သူ စိတ်ကောက်တက်တာလေး အကျင့်ပါသွားပြီး အိမ်ထောင်ပြုရင် မကောက်တော့ဘူး... လူကြီးဖြစ်သွားလိမ့်မယ်..။ ဆိုလိုတာက ရင့်ကျက်သွားပြီ.. အေးဆေးပဲ..။

နောက်တခုက သူနဲ့စကားပြောရင် သူ့ကို ချစ်ကြောင်းလည်း မသိမသာ ရော သိသိသာသာပါထည့်ပြော..။

ချစ်ကြစေသတည်း..

မဗေဒါ (၈၈)

Anonymous said...

မ အနမ်းပြောသလိုပဲ အစ်ကို သတိထား
ရယ်ရတယ် ရေးတတ်ပါ့

မောင်ဘကြိုင်

An Asian Tour Operator said...

အိမ်းး အပေါ်က ကိုကို မမ တွေပြော တာဟုတ်တယ်ဗျ။ ကျနော် ဆို သူ့ ကို လိုက်လျောပြီး နားထောင် ခေါင်းညိမ့်၊ သူ့ အကြိုက် တွေ လိုက်ကြိုက်ပေး ရင်းနဲ့ ကိုယ်ဘာသာ ဘာကြိုက် မှန်းမသိတော့ တဲ့ လူပုတ်သင် ဖြစ်နေပြီ ဗျ။ အီးးးဟီးး

မိုးစက်အိမ် said...

အစ်ကိုဘလော့ချစ်တာက အနော့်ချစ်သူလိုပါ
ဘဲလား ဘာဘဲဖြစ်ဖြစ်အဲမှာ အစ်ကို့ ချစ်သူ
ပြောတာကိုလုံးဝထောက်ခံတယ် ဘလော့နဲ့ 
ချစ်သူ ယှဉ်ရတယ်လို့ ဂျာ ရာဇ၀င်ရိုင်းလိုက်တာ
တောက် . . . ချူးသိုးသိုး နော် ကျွန်တော်ဒီမှာ
ပွဲလာကြမ်းတာသူမသိစေနဲ့ အုံး ဟီးးးးးးးးးးးးးးးး
ချစ်သူ ရဲ့ ချစ်စရာဆိုးကွက်လေးတွေကိုရေး
တတ်ပါပေ့ချစ်ကိုကြီးရာ . . .

ကောင်းမွန်ဝင်း said...

ကိုကိုမောင့် ကောင်မလေးပြန်ရေးတဲ့ “ကိုကိုမောင် နော်ာ်ာ်ာ် -----------ဂွပ်ပ်ပ်” ဆိုတဲ့ ပို့စ်ကို တင်ပေးပါ။