Thursday, 4 August 2016

ဆူညံနေမှ ဆိတ်ငြိမ်ကို သတိရ

ဖဘသုံးတာတွေ လျော့ချပြီး ဟို အနှစ်နှစ်အလလက မိတ်ဆွေဟောင်းကြီးဖြစ်တဲ့ "သူကြီးမင်း" ဘလော့ဘက်မှာပဲ အေးအေးသက်သာ စာလေးပေလေး ရေးပြီး နှပ်နေမယ် စိတ်ကူးကာမှ အဲဒီ ဘလော့က စိတ်ကောက်ပြီး ဆန္ဒပြနေတယ်။ သူ့ကို လပေါင်းများစွာ ဥပေက္ခာပြုထားခဲ့လို့ ထင်ပါရဲ့။
စာသင်ကျောင်းဆောက် ဘုရားတည်တဲ့ မှတ်တမ်းတွေကို သိမ်းဆည်းထားဖို့ ဖွင့်ထားတဲ့ "တုံးဖလားရွာ" ဆိုတဲ့ ဘလော့လေးကိုပဲ အမြဲတမ်း Sign In ၀င်ထားခဲ့တဲ့ ရက်ပေါင်းကလဲ မနည်းဘူးကိုး။ ဒါကြောင့် "သူကြီးမင်း" ဘလော့က တွေးပေမပေါ့။ အသစ်တွေ့ အချစ်မေ့သွားပြီး အဟောင်းပစ် အကောင်းချစ်သွားလေသလားလို့ပေါ့။
.
ပြဿနာက အမြဲဝင်ထားခဲ့တဲ့ "တုံးဖလားရွာ"ဆိုတဲ့ ဘလော့ကနေ ဘယ်လိုမှ ထွက်လို့ မရဘူးဖြစ်နေတယ်။ Sign Out ခဏခဏ လုပ်လဲ အချည်းနှီးပါပဲ။ မထွက်ရေးချ မထွက်။ ဒါနဲ့ တစ်ခုခုဆို သူများမေးရမှာ ၀န်လေးတတ်တဲ့ သူကြီးပီပီ ဂူးဂဲလ် အားကိုးနဲ့ အင်တာနက်ပေါ် တဒေါက်တဒေါက် ခေါက်ရှာပေသပေါ့။ အဲဒီတော့မှ အလို ... ငါလိုလူစား အများကြီးပါလားဆိုပြီး သဘောပေါက်သွားတယ်။ အဲဒီ ဒုက္ခမျိုး တွေ့နေကြတဲ့ သူတွေ များမှများပဲ။ သူတို့လဲ အထွက်ခက်နေကြသကိုး။ 
.
ဖြေရှင်းနည်းတွေ စုံနေပေမဲ့ ဘာမှတော့ အလုပ်မဖြစ်ပါဘူး။ Cookies ဆိုလား ဘာဆိုလား အဲဒါတွေကို ဖြုတ်ပြီး လဲပစ်ရမယ်တဲ့။ သူကြီးက ကွက်ကီဆို ဘီစကစ်လို စားလို့ရလို့ အာကပ်လျာကပ်မုန့်ကိုပဲ သိတာဆိုတော့ ဘာမှ လုပ်တတ်ဘူးရယ်။ ဒါနဲ့ ဒီအတိုင်းလေးပဲ ပစ်ထားလိုက်တယ်။ 
.
ဒါပေမဲ့ အတွေးတစ်ခု ပေါ်လာတယ်။ ဘရောက်ဇာ ပြောင်းပြီး လုပ်ရင် ရမလားဆိုပြီးတော့ပေါ့။ ဒါနဲ့ လက်ရှိသုံးနေတဲ့ ဆာဖရီကို ပိတ်ပြီး ဂူးဂဲလ်ခရုမ်းနဲ့ လုပ်ကြည့်တယ်။ အိုကေပါပဲ။ သူနဲ့ သူကြီးမင်း ဘလော့ကို မ၀င်ထားခဲ့တဲ့အတွက် အေးဆေးပါ။ ထွက်ဖို့မလို ၀င်ဖို့သာ လိုသည်ပေါ့။ ဒါနဲ့ သူကြီးမင်းဘလော့ထဲ ၀င်လိုက်တယ်။ ပြီးတော့ အစမ်းသဘောအနေနဲ့ ဖဘမှာ ရေးထားတဲ့ ပို့စ်တစ်ပုဒ် ကော်ပီကူးတင်လိုက်တယ်။ သို့သော်... တင်၍ကား ရပါ၏၊ စာလုံးတွေက ကို့ရို့ကားယား ဖို့ရို့ဖားယား။ ဇော်ဂျီနဲ့ ခရုမ်း တရုန်းရုန်းပေါ့။
.
အဲဒီအစမ်းသဘောတင်လိုက်တဲ့ ပို့စ်လေး တင်တင်ချင်း စာလာဖတ်သူ သုံးယောက်လောက် လာဖတ်ကြတာကို မြင်ပြန်တော့ နောင်တရလို့ မဆုံးပြန်ဘူး။ သူကြီးက လူတွေ ဘလော့ကို စိတ်မ၀င်စားတော့ဘဲ ဖဘကိုပဲ ဖတ်နေကြည့်နေကြတာ ထင်နေခဲ့တာလေ။ သူကြီးအထင်က ဘလော့ပရိသတ်တွေကို စော်ကားသလိုများ ဖြစ်သွားသလားပေါ့။ ဟို အရင်တုန်းကဆို ဘလော့ပေါ် တစ်ရက် တစ်ပုဒ်မဟုတ်ရင်တောင်မှ တစ်ပတ်ကို နှစ်ပုဒ်လောက်တော့ တင်ဖြစ်ခဲ့တာ။ အခုတော့ ငါးလနေလို့မှ ဘလော့ပေါ် တစ်ပုဒ် မရောက်ဘူးဆိုတော့ ဒါ ဘလော့လောကကို သစ္စာဖောက်သလို ဖြစ်နေပြီလားပေါ့။
.
စပ်မိလို့ ပြောရဦးမယ်။ ပြဿနာတစ်ခုခုဆို သူများကို အကူအညီတောင်းရမှာ မေးရမြန်းရမှာ ၀န်လေးတတ်တဲ့ အကြောင်းလေး။ ဟို အတိတ်တနေ့ဆီကပေါ့။ သူကြီးတို့ တောအရပ်ကနေ ရန်ကုန်ကို အုပ်စုလိုက် လာခဲ့ဖူးတယ်။ သူကြီးက ခေါင်းဆောင်ပေါ့။ ဘာဖြစ်လို့ ခေါင်းဆောင် ဖြစ်ရသလဲဆိုတော့ သူတို့နဲ့စာရင် သူကြီးက ရန်ကုန်မှာ ဟိုနားဒီနားရောက်ဖူးတဲ့ အတွက်ကြောင့်ပါ။ တနေ့မှာ ဘုရားဖူးထွက်ကြတယ်။ ရွှေတိဂုံ မဟာဝိဇယ ဆူးလေ ဗိုလ်တထောင် ငါးထပ် ခြောက်ထပ် ကိုးထပ် ကမ္ဘာအေး မယ်လမု။ အိုကေမှ စိုပြေလို့ပါပဲ။ ဒါပေမဲ့ အာလိန်ငါးဆင့်ဘုရားသွားဖူးတဲ့ အခါမှာတော့ ပြဿနာက တက်ပါလေရော။ သူကြီးမှတ်ထားတာက မြို့ထဲကနေ အင်းစိန်ဘက်ပြေးတဲ့ ဘတ်စ်ကား (၄၅ လားမသိ) ကို စီးမယ်၊ ဘီအိုစီမှတ်တိုင်ရောက်ရင် ဆင်းပြီး နောက် ဘတ်စ်ကား (၄၄ လားမသိ) စီးပြီး အာလိန်ငါးဆင့်မှတ်တိုင်မှာ ဆင်းရင် အဆင်ပြေပြီပေါ့။
.
ဒါပေမဲ့ အဲဒီအင်းစိန်ဘက် ပြေးတဲ့ ဘတ်စ်ကားက ဘယ်အချိန် ဘီအိုစီ မှတ်တိုင် ကျော်လာခဲ့မှန်း မသိဘူး။ ကားစပယ်ယာက ဂိတ်ဆုံးပြီ အားလုံး ဆင်းကြတော့ဆိုမှ ငူတူတူနဲ့ ဘတ်စ်ကားပေါ်က အုပ်စုလိုက် ဆင်းလာခဲ့ကြတယ်။ (နောက်မှ သိရတာက အဲဒီဂိတ်ဆုံးဟာ တညင်းကုန်းတဲ့)။ 
ဒါပေမဲ့ သူကြီးက မလျော့သေးဘူး။ အဲဒီ ကားဂိတ်ကနေ အရှေ့ဘက်ရပ်ကွက်ထဲကို ခုံးခုံးလေးတက်သွားတဲ့ လမ်းသွယ်လေးကို တွေ့လိုက်တယ်။ အဲဒီိအခါ စိတ်ထဲ ပေါ်လာတာက အဲဒီလမ်းလေးထဲ ၀င်ပြီး လျှောက်လိုက်ရင် ဧကန္တ အာလိန်ငါးဆင့် ရောက်ပေမပေါ့လို့။ ဒါနဲ့ အဲဒီရပ်ကွက်ထဲ လမ်းလျှောက်လိုက်တာ တနာရီသာ ကျော်သွားတယ် ဘုရားဆိုလို့ အရိပ်အယောင်တောင် မတွေ့ရဘူး။ (အဲဒီရပ်ကွက်က ကြို့ကုန်းဆိုလား မသိဘူး)။ 
.
နောက်က လိုက်ပါလာခဲ့တဲ့ အုပ်စုကလဲ မောလာကြပြီထင်ပါရဲ့။ ပထမက သူကြီးကို မပြောရဲကြပေမဲ့ သူကြီးလုပ်ပုံ မဟုတ်တာ မြင်တော့ အတွန့်တက်လာကြတယ်။ မသိရင်လဲ လူတွေကို မေးပေါ့။ ဘာဖြစ်လို့ အပင်ပန်းခံနေရတာလဲ ဒီအတိုင်းဆို သေတော့မယ် နေကပူသေး လမ်းက လျှောက်ရသေး ရေကဆာသေး နဲ့ စုံလို့ စုံလို့ပါပဲ။ ဒါပေမဲ့ သူကြီးကတော့ တစ်ခွန်းထဲပဲ ပြန်ပြောလိုက်တယ်။ အသာလေးနေ ဘာမှ မပြောနဲ့ဆိုပြီး။ (ဘာမှ မသိတဲ့ အာဏာရှင်ကို ခေါင်းဆောင် တင်ထားလိုက်မိသလိုမျိုး)။ 
.
လမ်းလျှောက်ရတာ ကြာလာတော့ သူကြီးလဲ မောလာတယ်။ ဒါနဲ့ မဖြစ်ချေဘူး ဒီအတိုင်းဆို မိုးချုပ်တော့မယ် တစ်ယောက်ယောက်ကိုတော့ မေးဦးမှဆိုပြီး လမ်းမေးဖို့ လူရွေးရပါတော့တယ်။ လူရွေးရတယ်ဆိုတာကလဲ အကြောင်းရှိပါတယ်။ ဆိုရိုးစကား ရှိတယ် မဟုတ်လား။ လမ်းမှားရင် ကုလားကို ဘယ်တော့မှ မမေးနဲ့တဲ့။ သူကြီးက ကိုယ်တွေ့ ကြုံဖူးလို့ပါ။ လမ်းပြောင်းပြန်ညွှန်လိုက်တာ ခံခဲ့ရဖူးလို့ပါ။ သူတို့ကို နှိမ်ပြောတာ မဟုတ်ပါဘူး။ သူတို့ထဲမှာလဲ အကောင်းတွေ အများကြီးရှိမှာပါ။ ကဲ.. အဲဒါတွေထားပါတော့။ လမ်းမေးမယ်ဆိုပြီး လူရှာကြည့်လိုက်တော့ လူငယ်စုံတွဲလေးတွေ တွေ့တယ်။ မနှောင့်ယှက်ချင်တာနဲ့ မမေးလိုက်ဘူး။ ဆက်လျှောက်တယ်။ မိန်းခလေးတစ်ယောက်ထဲ လျှောက်လာတာ တွေ့တယ်။ ကြောင်တယ် ထင်မှာစိုးလို့ မမေးလိုက်ရဘူး။ ဆက်လျှောက်တယ်။ အသားညိုညိုနဲ့ ကုလားလိုလို လူတွေတွေ့တယ်။ ပိုဆိုးသွားမှာ စိုးတဲ့အတွက် မမေးလိုက်ရဘူး။ ဆက်လျှောက်တယ်။ ဒီလိုနဲ့ အချိန်လဲ အတော်ကြာသွားတယ်။ နောက်က ပါလာတဲ့ အဖွဲ့သားတွေကတော့ ပါးစပ်ပွစိပွစိနဲ့ မကြားတကြား ရေရွတ်နေကြလေရဲ့။ သူကြီးကို မေတ္တာပွါးနေကြတာ ရှိမယ်။
.
အဲဒီလိုနဲ့ တော်တော်လေး ခရီးပေါက်တော့ အဒေါ်ကြီးတစ်ယောက် ဈေးခြင်းတောင်းကြီး ခေါင်းပေါ်ရွက်လို့ လမ်းလျှောက်လာတာတွေ့တယ်။ ဒါနဲ့ ဒီအဒေါ်ကြီးကိုပဲ မေးလိုက်ရတော့တယ်။ အဲဒီအဒေါ်ကြီးကပြောတယ်။ အာလိန်ငါးဆင့်ဘုရား သွားဖို့ဆို အခု လျှောက်လာခဲ့တဲ့ လမ်းအတိုင်း နောက်ပြန်လျှောက်သွားပြီး အဲဒီဆင်းခဲ့တဲ့ မှတ်တိုင်ကနေပြီး ဘတ်စ်ကား ထပ်စီးရမယ်တဲ့။ ဟောဟဲ ဟောဟဲ ဟောဟဲ ပါဘဲ။ နောက်က ပါလာတဲ့ အဖွဲ့သားတွေ သူကြီးကို ဘယ်လောက်များ အတင်းတုတ်လိုက်ကြမလဲ မသိဘူး။
.
အဒေါ်ကြီးက နောက်ဆုတ်ရမယ်လို့ ပြောပေမဲ့ လာခဲ့ပြီးသား လမ်းကို နောက်ပြန်မဆုတ်ချင်သူပီပီ ရှေ့တည့်တည့် သွားရင်ရော မဖြစ်နိုင်ဘူးလားဆိုပြီး စောဒက တက်လိုက်ပါတယ်။ သွားရင်တော့ ဖြစ်တယ်။ ဒါပေမဲ့ လမ်းကြိုလမ်းကြားတွေ ဖြတ်ရမယ်တဲ့ ဒါမှ တခြားမှတ်တိုင်တစ်ခုကို ပိုမြန်မြန်ရောက်မယ်တဲ့။ နောက်ဆုံးတော့လဲ အဲဒီ လမ်းညွှန်ခဲ့တဲ့ အဒေါ်ကြီးရဲ့ ကျေးဇူးနဲ့ပဲ အာလိန်ငါးဆင့်ဘုရားကို နောက်ထပ် ဘတ်စ်ကားနှစ်ဆင့်ပြီး ရောက်သွားခဲ့ပါတော့တယ်။
.
အခုလဲ ဒီတုံးဖလားရွာဆိုတဲ့ ဘလော့ထဲကနေထွက်ပြီး သူကြီးမင်းဆိုတဲ့ ဘလော့ထဲ ပြန်ဝင်ဖို့ ကိုယ့်ဖာသာ အင်တာနက်ခေါက်ပြီး ကြိုးစားနေတာ အတော်လေး ကြာခဲ့ပြီ။ အဖြေက လုံးလုံးလျားလျား ဘာမှ မသိသေးဘူး။ အဲဒါ ဘလော့ထဲက ထွက်တဲ့ အလွယ်ဆုံး အရှင်းဆုံးနည်းလေးများ ရှိကြလေမလားဆိုပြီး ဒီပို့စ်ကို တင်လိုက်တာ။ အာလိန်ငါးဆင့် ဘုရားဖူးသွားခဲ့သလောက် ကိုယ်မပင်ပန်းပေမဲ့ အင်တာနက်ခေါက် စာဖတ်တွေဖတ်ရလို့ စိတ်ကတော့ အတော်လေး ပင်ပန်းသားကလား။ 
.
ရေးနေရင်း ရှင်မဟာရဋ္ဌသာရရဲ့ "သု စိ ပု ဘာ ၀ိ လိ သိ ဓာ" ဆိုတဲ့ ဆုံးမစာ တိုက်တွန်းစာလေးကို ပြေးသတိရမိတယ်။ နံပါတ် ၃ ဖြစ်တဲ့ "ပု" ဆိုတဲ့ စာလုံးက မသိရင်မေး မစင်ရင် ဆေးတဲ့။ ကဲ ကဲ မေးလဲ မေးကြ ဆေးလဲ ဆေးကြ ရှက်မနေကြနဲ့။ ပြီးတော့ အဲဒီ ဘလော့က ထွက်နည်းလေးရှိရင်လဲ အလင်းပြပေးဖို့ မမေ့ကြနဲ့ဦး။

.

1 comment:

Ma Tint said...

ပို့စ်အသစ်များလားလို့ ဟိုတစ်ရက်က ဖေ့ဘုတ်မှာဖတ်ပြီးသွားပြီ
ဒီတစ်ခေါက် ပန်းချီပုံမပါလာဘူး ^_^
ဘလော့ကထွက်နည်းကို တူလေးကိုမေးကြည့်ပေးမယ် :)