Tuesday 10 July 2012
အူဝဲ သီအိုရီ
ဟိုကလစ် ဒီကလစ်လုပ်ရင်း အောက်က ဗီဒီယို ဖိုင်တွေထဲ ရောက်သွားတယ်။
အရှင်လတ်လတ်ကြီးကနေ ဖြုန်းကနဲ လဲသေကြတဲ့ ဗီဒီယို ဖိုင်လေးတွေပါ။ ကြည့်ရင်းကြည့်ရင်းနဲ့ သေခြင်းတရားကို နှလုံးသွင်းမိလာတယ်။  ဘာလူမျိုးဘဲဖြစ်ဖြစ် ဘာဘာသာဝင်ဘဲဖြစ်ဖြစ် မဲမဲဖြူဖြူ ပုပုကွကွ နုနုရွရွ  နောက်ဆုံးတော့ တစ်ယောက်မကျန် မရဏလမ်း မြန်းကြရမှာပါဘဲ။ ဒီတော့ မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကြားကာလလေးမှာ စိတ်ချမ်းချမ်းသာသာ နေထိုင်သွားကြရင် မကောင်းဘူးလား။ အသိပညာ အတတ်ပညာ ဘာသာရေးပညာတွေ အထွတ်အထိပ် ရောက်နေတဲ့ ခေတ်ကာလပေမို့ ကောင်းခြင်းဆိုးခြင်း မှားခြင်းမှန်ခြင်းတွေကို ကိုယ်ပိုင်ပညာနဲ့ သိမြင်နိုင် နားလည်နိုင်တဲ့ အခြေအနေမှာ ရှိနေကြပါတယ်။ အဲဒီ အသိတရား အတတ်တရားလေးတွေကို နှလုံးသားမှာ ကိန်းစေပြီး လောကကြီးကို ဗြဟ္မစိုရ်တရားတွေနဲ့ အလှဆင်ပေးကြရင် မကောင်းပေဘူးလား။
အဲဒီလိုမျိုးလေး စဉ်းစားမိပြီး "အူဝဲ သီအိုရီ" ဆိုတဲ့ လေးလုံးစပ် ကဗျာလေးကို မွေးထုတ်ပေးလိုက်မိတယ်။ ။
" အူဝဲ သီအိုရီ "
အူဝဲ အူဝဲ၊ မွေးကထဲက
ကိုင်စွဲ ဗီဇာ၊ ခဏသာတည့်
မကြာကာလ၊ သေတွင်းဝသို့
မုချပြန်သွား၊ ရှင် မငြားဘူး။
သွေးသားချစ်ပို၊ သီချင်းဆို၍
နို့ချို ထမင်း၊ မြိန်ရာဟင်းနှင့်
ကြီးပြင်းသန်မာ၊ ရှိသောခါဝယ်
ပညာသင်ယူ၊ ဥစ္စာကူ၍
ကြင်သူ သက်ထား၊ သားမယားနှင့်
ပျော်ပါး သိုက်မြှုံ၊ ချိန်တွေ ကုန်ပြီး
တူစုံ ရွှင်ပြ၊ ကြင် မ၀ခင်
နာရ အိုရ၊ သေကြရမည့်
မရဏလမ်း၊ ဖြောင့်ဖြောင့်တန်းတည်း။
မျက်ကန်းတစ္ဆေ၊ မကြောက်လေသို့
တွေဝေ မောဟ၊ မိုက်လောဘဖြင့်
ဒေါသထူပြော၊ သံသာကြောဝယ်
အတောမသတ်၊ မာနဓါတ်အား
ထပ်ထပ်စွဲကိုင်၊ ခန္ဓာယိုင်ပြီး
လျောင်း ထိုင် ရပ် သွား၊ လေးပါး ဣရိယာ
ချိန်ခါမရွေး၊ သေမင်းဘေးနှင့်
အပြေးတွေ့ရ၊ လူ့ဘ၀ကား
ပျော်ပါးဖွယ်ရာ၊ မရှိရာတည့်။
မာမာ ပျော့ပျော့၊ ကြော့ကြော့ ပိုပို
ပျိုပျို အိုအို၊ တိုတို ပုပု
နုနု ရွရွ၊ လှလှ ဆိုးဆိုး
သိုးသိုး ပုပ်ပုပ်၊  လှုပ်လှုပ် ထီးထီး
ကြီးကြီး ငယ် ငယ်၊ ရွယ်ရွယ် လတ်လတ်
ဖျတ်ဖျတ် နှေးနှေး၊ ဌေးဌေး မွဲမွဲ
သေကြမြဲတည်း၊ အမြဲခန္ဓာ
မရှိရာဘူး။
(ထို့ကြောင့်...)
မေတ္တာ ကရု၊ မုဒိ ဥပေက်
လက်ချင်းယှက်ပြီး၊  ကောင်းကွက်ကိုသာ
စေတနာဖြင့်၊ ဖွေရှာကြည့်ရှု
 စိတ်ကောင်းပြုလော့၊ အန်တု ဖက်ပြိုင်
ကြီးနိုင် ငယ်ညှဉ်း၊ ၀မ်းတွင်း အူပုပ်
အယုတ်တမာ၊ မကြံရာတည့်
မှန်စွာစိတ်ဓါတ်၊ စိတ်ကောင်းမြတ်နှင့်
ထပ်ထပ်မွေ့ထုံ၊ ဤလူ့ဘုံဝယ်
ခိုလှုံကြပါ၊ မနုဿာတို့
လူ့ရွာ ကောင်းကျိုး၊ လွန်ပြည့်ဖြိုးမည်
ပွါးတိုးဟဒယာ၊ တည်စေပါသော်ဝ်။
.
သတိ။
လန့်တတ်ရင် နှလုံးမခိုင်ရင် အောက်က ဗီဒီယိုဖိုင်တွေကို မကြည့်ပါနဲ့။ အမြင်အဆိုးကြီး မဟုတ်ပေမဲ့ လန့်တတ်တဲ့သူတွေ အတွက် စိုးရိမ်လို့ သတိပေးတာပါ။ သွေးထွက်သံယို ဘာမှတော့ မပါပါဘူး။
ကန်ရင်းနဲ့သေ
ပြောရင်းနဲ့ သေ
ဗျူးရင်းနဲ့သေ
ဖျော်ဖြေရင်းနဲ့သေ
သေပေါင်းချုပ်
.
14 comments:
စံပယ်ချို said...
ကဗျာလေး အောက်ဆုံးပိုဒ်ကိုအကြိုက်ဆုံးပါပဲ
သေနည်းမျိုးစုံပါလားတဂျီးရေ
ဂျက်လဲ ကဗျာရေးရင်းသေမလားပဲ
Candy said...
ကဗျာကောင်းလေး ဖတ်တယ်..
အောက်က ဗွီဒီယိုတွေက ကြည့်ရင် ကောင်းမလား စဉ်းစားတုန်း.. တဂျင်းမီးက Warning ပေးထားတော့ လန့်လို့ ဟိဟိ
မြန်မာမုဒိတာလူငယ်များ said...
စိတ်ထဲမှာ နှလုံးသွင်းထားတာ တစ်ခုရှိတယ်။
တစ်နေ့ မုချ သေရလိမ့်မယ်..လို့ပေါ့.. တကယ် ကြုံတွေ့ရင်တော့ တုန်လှုပ်မိနေအုံးမယ် ထင်ပါတယ်
နွေတေးရှင် said...
ကဗျာလေး သိပ်ကောင်းတယ် သကြီးမင်း
တစ်ရက်တော့ထိုလမ်းမြန်းကြရမှာမို့ သိပ်ပြီး ရင်မဆို့တော့ပါဘူး......
သည့်မတိုင်ခင်တော့ ကူးကြသေးတာပေါ့လေ။
မောင်သီဟ said...
အခုလေးတင် ဂျပန်ဆာမှုရိုင်းဇတ်ကားတစ်ကားကြည့်ပြီးတာ ဆာမှုရိုင်းမျိုးနွယ်တွေကိုသတ်ပြီး ဆာမူရိုင်းတွေလက်စားပြန်ချေတော့ လူဆိုးကသေခါနီး သေရမှာကြောက်တယ်တဲ့လေ
ကိုယ့်ခလှည့်ကျဘယ်လိုနေမလဲသိဖူး သဂျီးရာ
ခံနိုင်ရည်ရှိအောင် သေတတ်အောင်ကြိုးစားရအုံးမယ်ဗျာာ
ကြယ် said...
ခုမနက်လေးတင် အလုပ်ကိုလာရင်း လမ်းမှာ လူဖြစ်ရတဲ့ ဒုက္ခအကြောင်းကို စဉ်းစားလာမိတယ်။ အလုပ်လဲရောက်ရော ဒီဘလော့လေးကိုလာပြီး ကဗျာကိုဖတ်လိုက်တော့ ပိုတောင် တရားရလာသလိုပဲ။ ဗွီဒီယိုဖိုင်တွေတော့ မကြည့်ရသေးဘူး။
Anonymous said...
သေနည်းမျိုးစုံ ကြည့်ပြီး သေပေါင်းချုပ်ထုတ်တဲ့ သူကြီးမင်း သက်တော် ရာကျော် ရှည်ပါစေဗျာ
ခင်မင်တဲ့
ရွှေစင်ဦး
သဒ္ဓါလှိုင်း said...
လေးလုံးစပ်ကဗျာလေးဖတ်ရင်း ကဗျာရေးနိုင်စွမ်းရှိတဲ့ သူကြီးမင်းကို ဂုဏ်ယူမိပါတယ်။ သေခြင်းတရားကို မမေ့လျော့အောင် သတိပေးထားတာလေး ကောင်းတယ်။
သဒ္ဓါရဲ့ သေခြင်းတရားကလည်း ဘယ်တော့လဲ။။။
ခင်မင်လျက်
သဒ္ဓါ
ညိမ်းနိုင် said...
တဂျီးရေ......သေရမှာကြောက်သဗျာ....၊သေမှာကိုတွေး
မိတိုင်း လန့်တယ်....၊ဒီတော့ဘာလုပ်သလဲတော့မမေး
နဲ့ဗျိုး....၊ကြောက်သာကြောက် ဘာမှလုပ်ဘူး...ဒီတိုင်း
ထိုင်ကြောက်နေတာပဲ....:)
ဒါနဲ့ ကျွန်တော့်စက်က တဂျီးလင့်တွေကြည့်မရဘူး
သိလား....ဘာဖြစ်တယ်မသိ...။
Angelhlaing(May everybody be happy and healthy! said...
ကဗျာလေးရော ...ဗီဒီယိုလင့်လေးတွေရော ကြည့်ရတာ ဒီနေ့ စိတ်ထဲ တစ်မျိုးပဲ...အကို။ ခုထိလဲ ပြင်ဆင်မိ ဆင်ခြင်မိတာလေးတွေလည်း မရှိသလောက်ပဲ...:(:( ကျေးဇူးပါလို့..
ကူးကူးလှိုင် said...
ခုချိန်ထိသေခြင်းတရားကိုတွေးရင် ကြောက်ပေမဲ့ အသေမကြောက်အောင်တော့ ဘာမှမလုပ်ရသေးပါလားလို့ သူဂျီးမင်း ကဗျာဖတ်ပြီး သတိတရားရမိပါတယ်...
ချော (အစိမ်းရောင်လင်ပြင်) said...
ဒီတိုင်းစဉ်းစားလိုက်ရင် သေခြင်းတရားကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်မယ် ထင်တာ။ ဘယ်ဟုတ်မလဲ နေမကောင်းဖြစ်တဲ့အခါတို့ တစ်ခုခုကြောင့် ရုတ်တရက် နာကျင်တာတို့ ဖြစ်လာတော့မှ သေရမှာ ကြောက်တဲ့စိတ်က ရှိနေတာ သိလိုက်ရတယ်။
သေမင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်အောင် ကြိုးစားဦးမှပါ။
Unknown said...
တဂျီးရေ အနော် တော့ ကွန်မန်းပေးဖို့. ၀င်ဒိုးစောင့်
ရင် တောတေတော့မယ့်ထင့်ပါ့..
အဲ့လောက်ထိ ကောင်းတဲ့ ကွန်ပြုတာကြောင့် ဘယ်မှ
မရောက်တား))
San San Htun said...
ကဗျာလေး ကောင်းတယ်..အချိန်မရွေး သေနိုင်တယ်ဆိုတာ ဆင်ခြင်မိတယ်..ဗီဒီယိုတွေကိုတော့ စိတ်ခိုင်လို့  မကြည့်တော့ဘူး..:P