Sunday, 27 May 2012

ကျွန်ုပ်နှင့် ထူးဆန်းသည့် အမျိုးသမီးတစ်ယောက်အကြောင်း

တစ်နေ့သောအခါ
ကျွန်ုပ်သည် သုတေသနကျမ်းစာအတွက် သဲလွန်စ စာတိုပေစလေးများ ရှာဖွေဖတ်ရှုရန်အတွက်  လန်ဒန်မြို့လယ်ရှိ နာမည်ကြီး ဗြိတိသျှစာကြည့်တိုက်သို့သွားဖို့ ကျွန်ုပ်နေအိမ်နဲ့ အနီးဆုံး မြေအောက်ရထားဘူတာရုံဖြစ်သည့် ဟောင်းစလိုးဝက်စ်စတေရှင်သို့ ချီတက်လေ၏။ ကွန်ပျူတာနှင့်အခြားစာရွက်စာတမ်းများ ထည့်ထားသည့် ဘေးသိုင်းလွယ်အိပ်ကြီးလွယ်ကာ ခေါင်းငိုက်စိုက် ငိုက်စိုက်ဖြင့် စတိုင်လ်ကျကျ လမ်းလျှောက်သွားရာ ထို ဟောင်းစလိုးဝက်စ်စတေရှင် မြေအောက်ဘူတာရုံ အ၀င်ဝသို့ ရောက်သောအခါ မနီးမဝေးအရပ်မှ ထွက်ပေါ်သည့် "ဟိတ် ဟိတ် ဟိတ်" ဟူသော အသံကို ကြား၍ ဘေးနားတစ်လျှောက် မျက်လုံးကစားကြည့်လိုက်ရာ အ၀တ်အစားကို မဟာဆန်ဆန်ဝတ်ဆင်ထားပြီး မျက်မှန်ထူထူ တပ်ဆင်ထားသည့် အသားညိုညို လူလတ်ပိုင်း မျက်နှာစိမ်း အမျိုးသမီး တစ်ယောက် ကျွန်ုပ်ဆီသို့ ဦးတည်လာနေသည်ကို အရှင်လတ်လတ်ကြီး တွေ့ရလေတော့၏။

မိတ်ဆွေသင်္ဂဟ အလွန်ရှားပါးလှသော ကျွန်ုပ်အဖို့ ထိုကဲ့သို့ လာနှုတ်ဆက်ခံရသည်မှာ မကြုံဖူးသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ထိုအမျိုးသမီးသည် ကျွန်ုပ်ကို လူမှား၍သော်လည်းကောင်း သို့မဟုတ် ကျွန်ုပ်နောက်၌ ကပ်လိုက်လာသော လူတစ်ယောက်ယောက်ကိုသော်လည်းကောင်း နှုတ်ဆက်သည် ဖြစ်တန်ရာ၏ ဆိုပြီး ဟိုဟို ဒီဒီ ရှေ့နောက် ၀ဲယာ မျက်စိကစားကြည့်နေစဉ် "ဘာ ကြောင်ကြောင်တောင် ဖြစ်နေတာလဲ ယူ့ကို နှုတ်ဆက်တာ ယူ့ကို နှုတ်ဆက်နေတာ" ဟု ကျွန်ုပ်၏ မျက်နှာကို တည့်တည့်ကြည့်ပြီး လက်ညှိုးထိုးကာ ပြောနေသည်ကို တွေ့ရလေ၏။ 

"ခင်ဗျာ..ခင်ဗျာ"

"ခင်ဗျာမနေနဲ့။ ဒီက တုံးဖလားသူကြီးမင်း မဟုတ်လား။ လူမမှားလောက်ပါဘူးနော်"

"ဗျာ "

"ဗျာမနေပါနဲ့။ အခု ဗြိတိသျှစာကြည့်တိုက်ကို သွားမှာမဟုတ်လား"

"ခင်...ခင်..ခင်ဗျာ..."

"သူကြီးမင်း... ဘာတွေ ကြောင်တောင်တောင် ဖြစ်နေတာလဲ။ အချိန်သိပ်မရှိဘူး။ အလုပ်သွားရဦးမယ်။ ဖုန်းနံပါတ်ပေးခဲ့။ နောက်မှ ဖုန်းဆက်မယ်"

"အမ်... ဘယ်လို ဘယ်လို..."

"ဖုန်းနံပါတ်ကို ပေးမှာသာ ပေးစမ်းပါ။ အိုက်တင်တွေ ခံနေရသေးတယ် "

လူတကာစုံတဲ့ ဘူတာရုံအတွင်း လူရှေ့သူရှေ့၌ ထိုကဲ့သို့ ကျွန်ုပ်နာမည်ကိုလည်းကောင်း၊ ကျွန်ုပ်၏ ဂုဏ်ထူးဝိသေသပုဒ်တို့ကိုလည်းကောင်း၊ ကျွန်ုပ်သွားမည့် နေရာကိုလည်းကောင်း၊ ကျွန်ုပ်လုပ်နေသည့် အလုပ်ကိုလည်းကောင်း ဒဲ့ဒိုးကြီး ဆော်ထဲ့လိုက်ပြီး ကျွန်ုပ်၏ ဖုန်းနံပါတ်ကို တွေ့ကာစ တစ်မိနစ်အတွင်းမှာပင် အတောင်းခံလိုက်ရရာ ၀မ်းသာရမလို အံ့သြရမလို ရှက်ရမလို ကြောက်ရမလို ဂုဏ်ယူရမလို ကြည်နူးရမလို...အဲဒီလို မလို...မလိုတွေ ဖြစ်ပြီး အယောင်ယောင်အမှားမှားဖြစ်ကာ ၀၇၇၄၀.... စသည်ဖြင့် ကျွန်ုပ်၏ မိုဘိုင်းနံပါတ်ကို တန်းပေးမိလေတော့၏။ ခန္ဓာကိုယ်အနှံ့လည်း ဟိုနားက ယားယံလာသလို ဒီနားက ယားယံလာသလို ဖြစ်ကာ ခေါင်းကုတ်လိုက် ခန္ဓာကိုယ် တစ်နေရာရာ ကုတ်လိုက်ဖြင့် မယ်မင်းကြီးမရှေ့မှောက်၌ ဟိုယောင် ဒီယောင် ယောင်တိယောင်န ဖြစ်နေလေတော့၏။  သို့သော် သူ့နံပါတ်ကိုကား ကျွန်ုပ်အား မပေးခဲ့ချေ။ ကျွန်ုပ်လဲ မတောင်းထားလိုက်မိပေ။ 

"ဒါနဲ့.. သူကြီးမင်းတက်နေတဲ့ တက္ကသိုလ်က ဟို....... တက္ကသိုလ် မဟုတ်လား။ သူကြီးမင်းရဲ့ ညီတော်မောင်တစ်ယောက်လဲ နိုင်ငံခြား ရောက်နေတယ် မဟုတ်လား"

ကျွန်ုပ် တကယ်ပင် ခေါင်းကြီးသွားလေ၏။ ဘာဖြစ်လို့ ဘယ်လိုလုပ်ပြီး ကျွန်ုပ်အကြောင်းကို သူ အကုန်သိနေရပါလိမ့်။ ကျွန်ုပ် ထိတ်ကနဲ ဖြစ်သွားကာ သူ့ကို မျက်နှာချင်းဆိုင် အနေအထားမှ ဘေးတိုက် အနေအထားသို့ ပြောင်းလိုက်ရလေ၏။ မတော်သကာ ကျွန်ုပ်ရင်ဘတ်၌ ရှိသော မှဲ့စလွယ်ကို အ၀တ်အစားထိုးဖောက် မြင်သွားမှဖြင့် မှဲ့စလွယ်ပိုင်ရှင်က ဘာဖြစ်တတ်တယ် ညာဖြစ်တတ်တယ် ဟောပြောနေမှာ စိုးရိမ်နေရသေးသည်။ ဒီအမျိုးသမီးကတော့ မလွယ်ရေးချ မလွယ်။ မြန်မြန်နှုတ်ဆက်ပြီး လှစ်တာဘဲ ကောင်းမယ်ဟု စဉ်းစားမိပြီး...

"ကဲ..ကဲ.. ကျနော် သွားလိုက်ပါဦးမယ်။ စာကြည့်တိုက်ကို စောစောရောက်မှ အဆင်ပြေမှာမို့"

ဟု ပြောကာ ဘူတာရုံအတွင်းရှိ ဘယ်ရီယာကို အွိုင်စတာ ကဒ်ဖြင့် ပွတ်သပ် ဖြတ်ကျော်ပြီး ခြေလှမ်းကြဲကြဲဖြင့် ဘူတာပလက်ဖောင်းရှိရာသို့ ခပ်သုတ်သုတ် လှမ်းခဲ့လေ၏။ ထိုအခိုက် နောက်က ခြေသံ တရှပ်ရှပ်ကြား၍ လှည့်ကြည့်လိုက်ရာ ထိုအမျိုးသမီးပါ ကျွန်ုပ်နောက်က လိုက်ပါလာသည်ကို တွေ့ရလေ၏။ အော်... ခက်ချေပြီကော။ အလုပ်သွားမယ်လဲ ပြောသေး။ နောက်တော်ပါးကလဲ ပါလာသေး။

"မယ်မင်းကြီးမ.. အလုပ်သွားမယ်ဆို"

"အေးလေ... အလုပ်က ရထားနဲ့ သွားရမှာလေ..."

"အော်...."

ထိုအခိုက် မြို့ထဲသွားမည့် မြေအောက်ရထားကြီး ဆိုက်ကပ်လာလေရာ... ကဲ ကဲ ဒါဖြင့်လဲ ရထားလာနေပြီ.. လာ.. တက်ကြစို့ ဟု ကျွန်ုပ်က ပြောလေရာ ဟင့်အင်းးးး ဒို့က ယူနဲ့ ဆန့်ကျင်ဘက် အရပ်ကို သွားမှာ... ဟု ဆိုကာ မြို့တွင်းမှ လာမည့် ရထားကို စောင့်ဆိုင်းရင်း မယ်မင်းကြီးမတစ်ယောက် ဘူတာရုံ ပလက်ဖောင်း၌ ကျန်ရစ်နေခဲ့လေတော့၏။ ကျွန်ုပ်သည်လည်း ဒီအမျိုးသမီး ဘာလဲ ဘယ်လဲ ဘာကြောင့်လဲ ဘယ်သူ့အတွက်လဲ စသည်ဖြင့် စဉ်းစားခန်းဖွင့်ကာ  ရထားပေါ်၌ အတွေးနယ်ချဲ့နေမိလေတော့၏။ ဧကန္တ ဒီအမျိုးသမီးတစ်ယောက် နဂါးနီနဲ့ ပတ်သက်ကောင်း ပတ်သက်နေရမယ်။

ထိုကဲ့သို့ ခဏတာ တွေ့ကြုံပြီး မေ့မေ့ပျောက်ပျောက်ပင် ဖြစ်သွားလေ၏။ သို့သော် တစ်လခန့်အကြာ၌ တစ်ပတ်မှ တစ်ခါမြည်လေ့ရှိသော ကျွန်ုပ်မိုဘိုင်းလေး တဂွမ်ဂွမ် မြည်လေတော့၏။ ကျွန်ုပ်သည်လည်း ဖုန်းကို ဗြုန်းတိုင်း ကောက်ကိုင်မိလေ၏။ 

"သူကြီးမင်း... ဒို့ကို မှတ်မိလား.. ဟင်း ဟင်း ဟင်း"

အသံကြားလိုက်ကတည်းက အသားညိုညို မျက်မှန်ထူထူ မဟာဆန်ဆန် အမျိုးသမီးတစ်ယောက်ကို တန်းမြင်ယောင်မိလေ၏။ 

"မမှတ်မိစရာလား။ ဒီအသံကို ခွေးချီသွားတောင် မှတ်မိတယ်"

"ဒါဖြင့် ဘူလဲ"

"ဘူမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်လလောက်က တွေ့ခဲ့တဲ့ မယ်မင်းကြီးမ တစ်ယောက် မဟုတ်လား"

"ဟောတော့.... သူကြီးမင်းက မှတ်မိနေတယ်။ ဥာဏ်ကောင်းလိုက်တာ"

"ချီးကျူးမနေနဲ့ဦး။ သူကြီးမင်း ဖုန်းကွန်တက်လစ်တ်ထဲမှာ စုစုပေါင်း လက်ငါးချောင်း မပြည့်ဘူး။ ဒါကြောင့် အသံကြားတာနဲ့ တန်းပြီး မှန်းသိလိုက်တာ"

"အော်... အဲလိုလား။ ဒါနဲ့... ဒို့နာမည်ကို ယူ သိသလား။ မှန်းပြောကြည့်စမ်းပါဦး"

ဒီအမျိုးသမီးကတော့ လုပ်ပြီ။ ဘယ့်နှယ် ဟိုဟာ မှန်းခိုင်း ဒီဟာ မှန်းခိုင်းနဲ့။ ပြီးတော့ လူကိုလဲ သူကြီးမင်းခေါ်လိုက် ယူ ခေါ်လိုက်။ အခုလဲ ကြည့် သူ့နာမည်ကို မှန်းခိုင်းနေပြန်ပြီ။ ဒါနဲ့ဘဲ. အဲဒီနေ့က အကြောင်းအရာလေးကို ပြန်စဉ်းစားကြည့်မိလိုက်သည်။ အဲဒီနေ့က ကျွန်ုပ် ခေါင်းဆောင်းမပါပါ။ ဘလက်ချောကလက်ကလေး ပါးစပ်ထဲ ငုံသွားသည်။ ချောကလက် ခပ်ခါးခါးလေးကို ၀ါးရင်း စဉ်းစားနေမိသည်မှာ.. ဒီနေ့ မိုးရွာရင်တော့ ဒုက္ခဘဲ။ ငါ့မှာ ခေါင်းဆောင်း မပါလာဘူး ဟူ၍ပင်ဖြစ်သည်။ ထိုအခိုက် ထိုအမျိုးသမီးနဲ့ စတွေ့သည်။ ဒါဆို... ငါစဉ်းစားနေတာက မိုးအကြောင်း၊ ပြီးတော့ ပါးစပ်ထဲက ချောကလက် အရသာက ခပ်ခါးခါး။ ဆိုတော့ကာ... သူ့နာမည် မိုးခါး ဖြစ်ရမယ် ဟု တွက်ဆကြည့်ပြီး...

"မိုးခါး မဟုတ်လား" ဟု လှမ်းမေးလိုက်မိသည်။

"ဟယ်... နီးစပ်တယ်တော့"

"ဘယ်လို နီးစပ်တာလဲ"

"အဲဒီ မိုးခါးဆိုတဲ့ နာမည်က ဒို့ ညီမအရင်းရဲ့ နာမည်လေ။ ဒို့နာမည် မဟုတ်ဘူး။ ဒို့နာမည်က. xxxxxxxxxxxx"

"အော်.."

" ဒါနဲ့.... သူကြီးမင်း... ရှေ့ နှစ်ပတ်လောက်ဆိုရင် အပြင်မှာ နေ့လည်စာသွားစားရအောင်။ နဂါးနီနဲ့ အတူ လာခဲ့ပါလား။ စတိန်း ဟိုက်စထရိက အင်ဒိယ ဘူဖေး အရမ်း ကောင်းတယ်။ မိတ်ဖြစ်ဆွေဖြစ်ပေါ့"

ကျွန်ုပ်ထင်ထားတာ ကွက်တိ ဖြစ်နေလေသည်။ ဒီမယ်မင်းကြီးမ နဂါးနီနဲ့ ပတ်သက်ရမယ်လို့။ နဂါးနီဆိုသော သူငယ်ချင်းက သူနဲ့ ခင်သူတိုင်းကို သူနဲ့ ခင်သူတိုင်းရဲ့ အကြောင်းတွေကို ပြောပြတတ်လေသည်။ ယခုလဲ ထိုကဲ့သို့ သူပြောထား၍ ကျွန်ုပ်အကြောင်းကို ထိုအမျိုးသမီး တော်တော်များ သိထားလေသည် မဟုတ်ပါလား။

မိတ်ဖြစ်ဆွေဖြစ် အပြင်ထွက်စားကြမယ်ဆိုပြန်တော့လဲ ခပ်လန့်လန့်။ ကျွန်ုပ်သည် စာရေးသည့်အခါ၌ ခပ်သွက်သွက် ရေးလေ့ရှိသလောက် စကားပြောရာ၌မူ သ န ကွဲအောင် မပြောတတ်ချေ။ စကားအလွန်နည်း၍ သူစိမ်းတရံရှေ့၌ စကားပြောရမှာ အလွန်ဝန်လေးတတ်သူ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ထိုနေ့လည်စာစားမည့် နေ့၌ ဘာစကားတွေ ပြောရမည်နည်း။ ဘယ်လို စကားမျိုးဖြင့် တန်ဆာ ဆင်ရပါလိမ့်မည်နည်း။ အရေးသွက်သွက် အပြောခက်ခက်ပေတကား။

ချုံး၍ ဆိုရပါမူ ချိန်းထားသည့် နေ့၌ နဂါးနီက ကျွန်ုပ်အား ကားဖြင့် လာခေါ်လေ၏။ ထိုအင်ဒိယ ဘူဖေးဆိုင်သို့ နာရီဝက်ခန့် ကားမောင်းရလေ၏။ ဆိုင်သို့ရောက်သောအခါ အစားအသောက်များ မှာပြီး အတူတူ စားကြလေ၏။ အစားအသောက် စားခါစပင် ရှိသေး။ ထို မယ်မင်းကြီးမထံသို့ ဖုန်းတစ်ချက် ၀င်လာ၏။ အမေရိကားက ဖုန်းမို့ ခဏနော် ဟု ဆိုကာ စားရင်းပြော ပြောရင်းစားဖြင့် အချိန်ကြာလာသည်နဲ့အမျှ ဗိုက်ပြည့်လာသည့်တိုင် မယ်မင်းကြီးမ ဖုန်းပြောခြင်းအလုပ်မှာ စီးဆင်းကောင်းနေလျှက်ပင်။ ခဏအကြာတွင်... ဒီမှာ ဧည့်သည်တွေနဲ့ အတူ နေ့လည်စာ စားနေလို့ နောက်မှ ပြောမယ်နော်... ဟု ဆိုကာ အမေရိကားက ဖုန်းကို ချလိုက်လေ၏။ ထို့နောက် ပန်းကန်အတွင်းရှိ လက်ကျန် အင်ဒိယ အစားအစာတို့ကို ခပ်မြန်မြန် စားလေ၏။ ထိုစဉ် မယ်မင်းကြီးမ ဖုန်း ထမြည်လာပြန်လေ၏။ ဟာ.... သူငယ်ချင်းဆီက ဖုန်းဘဲ။ သူနဲ့ စကားပြောစရာ နဲနဲ ရှိသေးလို့ ခဏပြောလိုက်ဦးမယ်နော်... ဆိုပြီး တော်ကီပွါးပြန်လေ၏။

နေ့လည်စာစား ပိုက်ဆံတွေရှင်းပြီးသည်အထိ မယ်မင်းကြီးမနဲ့ ကျွန်ုပ် စကားကောင်းကောင်းမပြောရသေးပေ။ သူလဲ သူ့အလုပ်နဲ့ သူပေကိုး။ ထို့နောက် သူငယ်ချင်းဖြစ်သူ နဂါးနီက... ကဲ ကဲ ပြန်ကြမယ်။ ငါလဲ တက္ကသိုလ်သွားပြီး စူပါဗိုက်ဆာနဲ့ တွေ့စရာရှိသေးတယ်။ သွားကြစို့ ဟု ဆိုကာ ကားရပ်ထားရာ နေရာသို့ အတူတူ လာခဲ့ကြလေ၏။ ထိုအချိန်ထိ မယ်မင်းကြီးက ဖုန်းပြောကောင်းနေတုန်း။ ကားပေါ်တက်ပြီးမှ ဖုန်းပြောခြင်းကို ရပ်နားလေ၏။ အင်း..... သူ ဖုန်းပြော နားနေတုန်း အလ္လာပသလ္လာပ စကားလေး ပြောဦးမှဘဲ ဆိုပြီး....

"ကျနော်က အင်ဒိယစားသောက်ဆိုင်ကို ရောက်ဖူးတာ ဒါ ပထမဆုံးအကြိမ်ဘဲ။ အစားအသောက်ကလဲ မဆိုးပါဘူး။ အင်ဒိယအစားအစာကို မကြိုက်ပေမဲ့ ဒီဆိုင်ကတော့ စားလို့ကောင်းသားဘဲ။ အခုလို ဖိတ်ခေါ်ကျွေးတဲ့ အတွက် ကျေး........"

"ကလင် ကလင် ကလင်..."

ကျွန်ုပ်၏ ကျေးဇူးတင်စကားပင် မဆုံးလိုက်သေး။ မယ်မင်းကြီးမရဲ့ ဖုန်း ထမြည်လာပြန်၏။

"ဟယ်... မာမီ....( သူကြီးမင်း ခဏလေးနော်။ မြန်မာနိုင်ငံက မာမီဆီက ဖုန်းဝင်လာလို့)။ မာမီ နေကောင်းလား။ ဘာ ခေါင်းနဲနဲ မူးနေတယ်။ ဆေးခန်းမသွားဘူးလား။ သားတော်မောင်ကကော ဂရုမစိုက်ဘူးလား။ အပြင်မှာ အရမ်းပူနေတယ်။ အပြင်မထွက်နဲ့လို့ ပြောတာလဲ နားမထောင်ဘူး။ အရမ်းနေမကောင်းရင် ဟို ဒေါက်တာနဲ့ သွားပြလေ။ သမီး ဒီကနေ ဖုန်းဆက်ပေးလိုက်မယ်။ ဘာ.... မိုးအရမ်းချုပ်နေလို့ မသွားတော့ဘူး ဟုတ်လား။ ဘာမှ အားနာမနေပါနဲ့။ အဲဒီ ဆရာဝန်က အရမ်းသဘောကောင်းတယ်။ ကျန်းမာရေးက ပိုအရေးကြီးတယ်။ ဆရာဝန်ဆီ သွားပြပါ။ သမီးလား။ သမီးလဲ ရှေ့ နှစ်လလောက်ဆို မြန်မာပြည် ပြန်လာမှာ။ သမီးက နေကောင်းပါတယ်။ သမီးအတွက် ဘာမှ မပူနဲ့။ မာမီသာ နေကောင်းအောင်နေ။ ဘယ့်နှယ် နေပူပူကြီး အပြင်ထွက် ဈေးဝယ်ရတယ်လို့"

သူငယ်ချင်းဖြစ်သူ နဂါးနီကလဲ ကားကို တ၀ှူးဝှူးမောင်း.. မယ်မင်းကြီးမကလဲ ဖုန်းကို တတွတ်တွတ်ပြော.. ကျွန်ုပ်သည်လည်း အင်ဒိယအစားအစာစားထားသည့်အတွက် အိပ်ငိုက်ချင်ချင်။

"မာမီ... ဒါနဲ့... အိမ်ရှေ့က ပန်းပင်လေးတွေကိုရော ရေလောင်းပေးရဲ့လား။ အိမ်မှာ မွေးထားတဲ့ ဂျက်ကီလေးကော နေကောင်းရဲ့လား။ လျှပ်စစ်မီးတွေကော ပုံမှန်လာရဲ့လား။ တူတော်မောင်လေးကော အဆင်ပြေရဲ့လား......" စသဖြင့် အိမ်မှာ မွေးထားသည့် အိမ်မွေးတိရစ္ဆာန်ပါမကျန် လူတိုင်းစေ့အကြောင်း သတင်းမေးမြန်း၍မဆုံး ဖြစ်နေလေတော့၏။ ထိုအခိုက် ကျွန်ုပ်တို့၏ ကားကလေးသည် ကျွန်ုပ်နေအိမ် လမ်းထိပ်သို့ ရောက်လာလေ၏။

"ကဲ... နဂါးနီရေ.... ငါကတော့ ဒီမှာဘဲ ဆင်းတော့မယ်။ မင်းတို့က တက္ကသိုလ်ဘက် ဆက်သွားဦးမှာဆိုတော့ ငါ့ကို အိမ်အထိ လိုက်ပို့မနေနဲ့တော့ နောက်ကျနေလိမ့်မယ်။ ငါ ဒီမှာဘဲ ဆင်းပြီး လမ်းလျှောက်သွားလိုက်တော့မယ်" ဟုဆိုကာ လမ်းထိပ်၌ ကားရပ်ခိုင်းကာ ကားပေါ်မှဆင်းပြီး သူတို့ကို နှုတ်ဆက်ဖို့ ဟန်ပြင်လိုက်လေ၏။ မယ်မင်းကြီးမလဲ ဖုန်းတစ်ဘက်နဲ့.....

"သူကြီးမင်း... ကျေးဇူးနော်။ အခုလို တကူးတက လာပြီး နေ့လည်စာ လာအားပေးလို့။ နောက်မှ အေးအေးဆေးဆေး တွေ့မယ်နော်။ တာ့တာနော်။။ မာမီ... ပြောတော့.. ရပြီ။ အသိတစ်ယောက်ကို နှုတ်ဆက်နေတာ။ အင်း.. သမီးပြန်လာရင် မာမီ့အတွက် ဆေးဗူးတွေ ၀ယ်လာမယ်.........."

ထိုအခိုက် သူငယ်ချင်းဖြစ်သူ နဂါးနီတစ်ယောက် ကားတံခါးကို ဂျုန်းကလဲ ပိတ်ကာ မောင်းထွက်သွားလေတော့၏။ ကားပေါ်၌မူ မယ်မင်းကြီးမတစ်ယောက် ဖုန်းပြော မပြတ်သေးပေ။ ကျွန်ုပ်သည်လည်း အင်ဒိယအစားအစာများဖြင့် ပြည့်ဖောင်းလာသည့် ဗိုက်မို့မို့ကလေးကို လက်ကလေးဖြင့် အထက်အောက် ပွတ်သပ်ပြီး.... အင်း.. မဆိုးပေဘူးဘဲ။ စကားတစ်လုံးမှ ကောင်းကောင်း မပြောခဲ့ရဘဲ နေ့လည်စာလဲ အ၀တီးခဲ့ရတယ်။ ကျေးဇူးလဲ အတင်ခံလိုက်ရသေးတယ်။  တော်ပါသေးရဲ့.. သူ့ဖုန်းတွေ တဂွမ်ဂွမ်လာနေလို့။ နို့မို့ဆို သူ့ကို ဘာခေါင်းစဉ်နဲ့ ဘာစကားတွေ ပြောရမှန်း မသိဘူး။ ပြီးတော့ နေ့လည်စာကိုလဲ ကောင်းကောင်း စားလို့ရခဲ့မှာ မဟုတ်ဘူး။ အခုတော့ အိုကေမှာ စိုပြေလို့... ဟု စဉ်းစားကာ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးတုံးတုံးဖြင့် ကျွန်ုပ်နေအိမ်သို့ လမ်းလျှောက် ပြန်ခဲ့လေတော့၏။ မယ်မင်းကြီးမတစ်ယောက်မူကား မည်သို့မည်ပုံတွေးပြီး မည်သို့မည်ပုံ ဖြစ်နေမည်ကိုကား မယ်မင်းကြီးမ ကိုယ်တိုင်သာ အသိဆုံးဖြစ်ပေတော့မည်တည်း။  ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

23 comments:

san htun said...

ဟ..ဟ..တဂျီးမင်းတို့ ကတော့ ဖြစ်ရမယ်..

blackroze said...

ဘာဘဲပြောပြော
အင်ဒိယ စာ စားခဲ့ရတာက
အမြတ်ပေါ့နော်..


ပစ်ပစ်

Anonymous said...

ဟိုက် တဂျီးမင်းကိုနေ့လည်စာ ကျွေးသွားတာ ဘူကြီး တုန်းး)
တဂျီးမင်းလည်း အလှူအိမ်ဆိုရင်မောင်ဘကြိုင်လိုဖိနပ်တောင်မချွတ်ဖူးထင်တယ်း)း)


မောင်ဘကြိုင်

mstint said...

'တစ်လုတ်စားဘူး သူ့ကျေးဇူး' တဲ့ သူကြီးမင်းရေ။ အနှောင့်အယှက်ကင်းစွာနဲ့ အိန္ဒိယအစားကို အဝစားထားတဲ့ သူကြီးမင်းအတွက် ကျေးဇူးဆပ်ဘို့ တစ်နေ့ ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

ဟဲလို.. အဲဒါ ဘူလေးလဲ.. သူကြီး.. အဲဒါ ဘူလေးလဲ.. :P

ခင်မင်လျက်
နေ၀သန်

AH said...

တဂျီး.. မှည့်စလွယ် ပါရင် ဘာဖြစ်လဲဟင်... တစ်ကယ်မသိလို့ပါဗျာ။

Anonymous said...

သကြီးမင်း ရေ

ဒါမျိုးလေးတွေ မဖတ်ရတာ ကြာပ... နောက်ထပ် ဂလုံမင်း သူငယ်ချင်း တယောက်မရှိတော့ဘူးလား မယ်မင်းကြီးမ ၂ နဲ့ ထပ်တွေ့ရအောင်

အဲလိုမျိုး လူတွေ အများကြီး တွေဖူးတယ် အင်း လေကုန်သက်သာတာတယ်... မှတ်ပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Candy said...

မကြုံဖူးပေါင် ဂုဏ်ထူးဆောင် မယ်မင်းကြီးမနဲ့ တွေ့ခဲ့တယ်ပေါ့.. ဟိဟိဟိ

အပြတ်ဝါးခဲ့ရတာပဲ တန်ပါတယ်

ပုံ
ဗိုက်ဆာသွားသော ပိစိ

မြတ်နိုးသူ said...

သူကြီးမင်းတဲ့ကွ။ ဖြစ်လိုက်ရင် ဟိ

လွင်ပြင်လှိုင်းငယ် said...

ကျွန်တော်တို့ ဇာတ်လိုက်ကျော် သူကြီးက ဖြစ်လိုက်မှတော့......

မြသွေးနီ said...

မဆလာနံ့သင်းသင်းလေးနဲ့
သူကြီးမင်း ဘယ်လောက်များ တွယ်လာပါလိမ့်...။

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ သူကြီးမင်း
ဟားဟားဟား
သူကြီးရယ်ဖြစ်မှဖြစ်တတ်ပါပေ့ဗျာ-
သူကြီးမင်းကသူ့တယ်လီဖုန်းကိုထိုင်ကတော့ရမှာဗျ-
ဒါမို့ ဆို သူကြီးမင်း အင်တာဗျူး ခံရတော့မဲ့ကိန်းဘဲ-
ပျော်ရွှင်ပါစေဗျာ-

Anonymous said...

လွယ်ဘူးဘဲ...တဂျီးရဲ့း))

Anonymous said...

သူကြီးမင်းမဆိုးဘူးနော် ..
နေ့တိုင်း မိတ်ဖြစ်ဆွေဖြစ် လုပ်ခိုင်းလိုက်လေ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

နွေတေးရှင်(မင်းဧရာ) said...

တော်သေးတာပေါ့ သူကြီးရယ်..
မိုး နဲ့ ချောကလက်စားတာပေါင်းပြီး မိုးခါး ဖြစ်ရလို့
နို့မဟုတ်လို့တော့ လွယ်ဘူး)။

စံပယ်ချို said...

နောက်တခါဖုန်းဆက်ဖို့ အစီအစဉ်သူ့မှာရှိမှာပဲ
ဗိုက်လေးလေးနဲ့ သူ့အကြောင်းလေးတွေစဉ်းစားပြီးနေပေါ့

မိုကန်းကန်း said...

"သူကြီးမင်း... ဒို့ကို မှတ်မိလား.. ဟင်း ဟင်း ဟင်း"

ဤသို့ပြုရ ကုသလကြောင့် ၊ ထိုထိုသော သူကြီးမင်း၏ မမကြီးမျိုးနဲ့ လွဲရဖယ်ရ ပါစေသောဝ် ။

:) :) :)

ဒုတိယလူ said...

အကျွန်ုပ်မောင်မောင်ဒုသည် ယနေ့ညအိပ်
မပျော်ရုျရှီတော့သည်ကား
((ကျွန်ုပ်နှင့် ထူးဆန်းသည့်
အမျိုးသမီးတစ်ယောက်အကြောင်း ))
တဂျီးမင်း တုံးဖလား၏ အမှုတွဲအားစစ်စုနေမိရာ
တဂျီးမင်းတွေ့ခဲ့သည်မှာ
မဟာစံသောအပျိုတော်ကြီးမဟုတ်ပဲ
အကြံအဖန်လုပ်ထားသော ဂျော်တကီးကြီူးသာ
ဖြစ်လေတော့၏ ဟုရုျ မှက်ချက်ချမီလေတော့
သတည်းးးး)).. ဟီးး တဂျီးမင်း စတာနော်
အတည်ယူနဲ့း)))

ခနွဲ said...

ဆဌမ အာရုံရနေသော မယ်မင်းကြီးမ ဖြစ်မည်ဟုယူဆရပါကြောင်း...ဟိ..ဟိ..

လူပျိုကြီး === said...

အားကျတယ်ဗျာ ....

မင်းတုန်းမင်းဆီမှာ မှဲ့စလွယ် ပါတယ်တဲ့ ... :)

ဟန်ကြည် said...

ပရိသတ်ကြီးက ကျော်ဟိန်းကို သိပေမယ့်...ကျော်ဟိန်းကတော့ ပရိသတ်ကြီးကို တစ်ယောက်ချင်း မသိနိုင်ဘူးဆိုတဲ့ သဘောပေါ့...ဟုတ်စ...သူကြီးမင်း

ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားဦးနော...တစ်ခုသော တစ်ချိန်တစ်ခါက တစ်နေရာရာမှာ သူကြီးမင်းနဲ့ တစ်စုံတစ်ရာမှားယွင်းခဲ့ဖူးတဲ့ တစ်ယောက်သောသူများ ဖြစ်နေမလားလို့...အသက်ကလေးရလာတော့ မှတ်ဥာဏ်ဆိုတာလည်း ချို့ယွင်းတတ်လွန်းလို့း)

သူများခေါ်ကြွေးတိုင်း စွတ်မစားနဲ့ဦးနော...ခေတ်က ဥသျှစ်တစ်တင်း နှမ်းတစ်တင်းခေတ်...တော်ကြာ စားစရာထဲမှာ ဆေးတွေဘာတွေခတ်ပြီး အင်း...သူကြီးမင်း ရေတိမ်နစ်ခြင်းဆိုတဲ့ ပို့စ်ဖြစ်လာရင်တော့ ရင်နာနာနဲ့ ဖတ်နေရလိမ့်ဦးမဗျား...

ကူးကူးလှိုင် said...

အားတစ်ခုရအောင် စကားတစ်ခု ထားခဲ့ပါတယ်နော် စာတွေလာဖတ်သွားပါတယ်လို့...

cheap custom writing essays said...

American soldiers as I am. Unfortunately, I cannot escape from the war because I am a cheap custom writing essays