Friday 10 December 2010

သူကြီးကိုကိုမောင်နှင့် မိန်းမများရခြင်းအကြောင်း

ဧကံ သမယံ။
တစ်နေ့သောအခါ၌ သူကြီးကိုကိုမောင်တစ်ယောက် ပြတင်းပေါက်မှတစ်ဆင့် ဘိလပ်မြေ၏ နှင်းဖြူဖြူလွှလွှလေးတွေကို ကြည့်ရှုခံစားရင်း တုံးဖလားရွာလေးအား သတိတရဖြစ်ကာ ထိုတုံးဖလားရွာ၌လည်း ဘိလပ်မှာကဲ့သို့ အခုလို နှင်းဖြူဖြူဥဥလေးတွေ သက်ဆင်းကျရောက်လာရင် ကောင်းမှာဘဲ ဟူသော အတွေးသန့်သန့်လေး တွေးတောနေစဉ် Royal Mail အမည်ရှိစာပို့ကားလေးတစ်စီး အိမ်ဝင်းခြံစည်းရိုးအနီး ထိုးရပ်ကာ စာပို့လုလင်ဟု ယူဆရသော မကြီးမငယ်အမျိုးသားတစ်ယောက် ကားပေါ်မှဆင်းကာ စာတစ်စောင်အား ကိုင်ဆောင်လျက် အိမ်တံခါးဘောင်အပြင်ဘက်၌ တပ်ဆင်ထားသည့် လူခေါ်ဘဲလ်လေးအား တတုံတုံ မြည်အောင် ဖိနှိပ်လိုက်ပြီး အချက်ပေးခေါ်ဆောင်လေတော့၏။ ထိုဘဲလ်တီးသံကြောင့် သူကြီးကိုကိုမောင်၏ အတိတ်အာရုံတို့သည် ဖြုတ်ကနဲပြတ်တောက်သွားပြီး ပစ္စုပ္ပုန်သို့ အာရုံပြုပြီးသကာလ တံခါးကို ဖွင့်ကာ စာပို့လုလင်ကိုင်ဆောင်လာသည့် စာအုပ်အတွင်း၌ လက်မှတ်ထိုးကာ ထိုစာပို့လုလင်ပေးသော စာတစ်စောင်အား လက်ခံလိုက်လေ၏။ တိုက်ဆိုင်စွာပင် ထိုစာသည် တုံးဖလားရွာမှ ရွာသူရွာသားများကိုယ်စား ပေါက်ကျော်နှင့်တိုးမောင်တို့က ရီဂျစ်စတာဖြင့် ပေးပို့ခဲ့သည့် လွန်စွာဖြင့်အရေးကြီးလှသည့် စာတစ်စောင်ပင် ဖြစ်လေတော့၏။

သူကြီးမင်းခင်များ။
ဘိလပ်၌ နေရေးထိုင်ရေး စားရေးသောက်ရေး တွေးရေး ရေးရေး ပေါင်ရေး ကြောင်ရေး
လောင်းရေး ပေါင်းရေး ချတ်ရေး ချက်ရေး အိပ်ရေး နှိပ်ရေး အစရှိသည့် အရေးများစွာတို့ အဆင်ပြေပါရဲ့လားခင်များ။ ကျွန်ုပ်တို့၏ တုံးဖလားရွာ၌ကား အရေးများစွာအဆင်ပြေသော်လည်း လွန်ခဲ့သည့် တော်သလင်းလ၏ ထိုးနှက်ချက်ကြောင့် ရွာအတွင်း၌ ကျင်လည်ကျက်စားနေထိုင်ကြသော မိနက် မိဖြူ မိကျားစသည့် ကျေးဇူးရှင် ၁၀ ကောင်တို့မှ ကလေးများ အသီးသီးပေါက်ဖွားကြရာဝယ် အထီး ၁၅ ကောင် အမ အကောင် ၅၀ တိတိဖြစ်လေရာ ခွေးဦးရေတိုးပွါးလျက်ရှိနေပါသည်ခင်များ။ ယခုစံနှုန်းအတိုင်း ခွေးမ ၁၀ကောင်မှ တစ်နှစ်ကို ကလေး ၆၅ ကောင်မွေးဖွားလျှင် လေးနှစ်အတွင်း တုံးဖလားရွာရှိလူဦးရေထက် ခွေးဦးရေက ပိုပြီး များပြားလာနိုင်ဖွယ်ရှိသည့်အတွက် ခွေးထီးကလေးများကိုသာ ယူထားပြီး ခွေးမကလေးများကို အရွယ်မရောက်ခင် တစ်နယ်တစ်ကြေးသို့ သွားရောက်ပြီး စွန့်ပစ်ကြဖို့ ရွာသူရွာသားများနှင့် တိုင်ပင်ဆုံးဖြတ်ပြီး ဖြစ်ပါသည်ခင်များ။ သက်မဲ့ထက် သက်ရှိကတန်ဖိုးရှိသလို သက်ရှိအချင်းချင်းမှာလည်း တိရစ္ဆာန်နှင့်လူဆိုလျှင် လူသည်သာ ပဓာနကျပါသည်ခင်များ။ ထို့ကြောင့် ခွေးကျွေးမွေးစရိတ်ကြီးမားသည့်အတွက် လူစားစရိတ်ကြပ်တည်းလာမှာကို ကြိုတင်စဉ်းစားပြီး ယခုကဲ့သို့ တိုင်ပင်ဆုံးဖြတ်ခဲ့ကြခြင်းဘဲ ဖြစ်ပါသည်ခင်များ။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ကိုအတည်ပြုပြီး အကောင်အထည်ဖော်ဆောင်နိုင်ရင် သူကြီးမင်းထံမှ လက်မှတ်နှင့်တကွ စာတစ်စောင်ထွက်ပေးပါရန် အနူးအညွတ်တင်ပြအပ်ပါသည် ခင်များ။

ပုံ

တိုးမောင်၊ ပေါက်ကျော်

(တုံးဖလားရွာသူရွာသားများကိုယ်စား)

..

သူကြီးကိုကိုမောင်သည် စာကို အစအဆုံးနှစ်ခေါက်လောက်ထိဖတ်ပြီး စာပါအကြောင်းအရာများကို နှိုင်းချိန်စဉ်းစားနေလေ၏။

အင်း... ဟုတ်ပေသားဘဲ။ တုံးဖလားတစ်ရွာလုံးမှ အိမ်ခြေ ၃၀ ဘဲရှိတယ်။ လူဦးရေက ၂၅၅ ယောက်။ စိုက်ဧကက ၉၅။ တစ်ဧကကို စပါးထွက်နှုန်းက လွန်လွန်ကျွံကျွံရှိလှ အတင်း ၈၀။ ဒီရွာ ဒီလူဦးရေ ဒီစိုက်ဧက ဒီစပါးထွက်နှုန်းနဲ့ စားလောက်သောက်လောက်ကြပေမဲ့ ခွေးဦးရေ တိုးပွါးလာတာနဲ့အမျှ ရွာသူရွာသားများ စားနပ်ရိက္ခာခက်ခဲလာနိုင်တယ်။ စားနပ်ရိက္ခာရှားပါးလာရင် ရွာသူရွာသားတွေ ငတ်မွတ်ခေါင်းပါးမှုဘေးဖြစ်လာနိုင်တယ်။ ပြီးတော့ ကပ်ကြီးသုံးပါး ကြရောက်လာနိုင်တယ်။ ခက်ချေပြီ။ မဖြစ်ချေဖူး။ ဒီကိစ္စဘယ်လိုကိုင်တွယ် ဆုံးဖြတ်ပေးရပါ့မလဲ။ ဟင်းးးး ဒီကိစ္စရဲ့ အဓိက တရားခံက ခွေးမတွေဘဲ။ ခွေးမ အကောင်ရေများစွာ မွေးဖွားလာလို့ အခုလို ပြဿနာဖြစ်လာရတာ။ အခုကြည့်လေ။ ခွေးမ ၁၀ ကောင်က မွေးဖွားလာလိုက်တာ အထီးက ၁၅ ကောင်ထဲ ရှိပေမဲ့ အမက အကောင် ၅၀ တဲ့။ ဘုရားဘုရား ကြောက်ဖွယ်လိလိပါလား။ (သူကြီးကိုကိုမောင်သည် ထိုကိစ္စကို စဉ်းစားရင်း ကြံကြံဖန်ဖန် ကလေးဘ၀တုန်းက ခွေးမကြီး ကလေးမွေးလျှင် အထီးအမခွဲခြားနိုင်စေရင် ခွေးကလေးတွေရဲ့ ဖင်ကို မမပြီး လှန်ကြည့်ရတာကို ပြေးမြင်ယောင်ပြီး ပြုံးမိလိုက်သေး၏။) ခွေးဘုံခွေးဘ၀မှာ ခွေးဦးရေ တိုးပွါးလာတာဟာ ခွေးမတွေကြောင့်ဘဲ။ ခွေးမက ခွေးမလေးများကို မွေးဖွားပေးပြီး ထိုခွေးမလေးများက နောက်တစ်နှစ်၌ ခွေးမလေးများကို ထပ်မွေးဖွားပေးဦးမှာဘဲ။ ခွေးသက်တမ်းက ၁၆ နှစ်ခန့်ရှိတဲ့အတွက် တစ်နှစ်ကို ခွေးမပေါက်နှုန်းက အလွန်များပြားလာမှာသေချာတယ်။ ခွေးမပေါက်နှုန်းများပြားလာတာနဲ့အမျှ ရွာသူရွာသားများအပါအ၀င် ခွေးများအားလုံး အငတ်ဘေး ကြုံတွေ့ကြရဦးမှာပါလား။ အင်း... အင်း... လူ့ဘုံလူ့ဘ၀မှာလဲ ဘာထူးသေးလို့လဲ။ အမျိုးသမီးပေါက်ဖွားနှုန်းများပြားလာတာကြောင့် လူဦးရေ တိုးပွါးလာရတာမဟုတ်လား။

သူကြီးကိုကိုမောင်သည် ဘာမှမစပ်မဆိုင် ခွေးဦးရေများပြားလာရခြင်းအကြောင်း စဉ်းစားရင်း ကမ္ဘာ့လူဦးရေ တိုးပွါးလာရခြင်းအကြောင်းဘက် တွေးတော စဉ်းစားမိလေတော့၏။

သူကြီးကိုကိုမောင်တက်ရောက်ပညာသင်ကြားခဲ့သည့် လန်ဒန်တက္ကသိုလ်အတွင်း၌လည်း ကျောင်းသားအရေအတွက်ထက် ကျောင်းသူအရေအတွက်က အဆမတန်များပြားလေ၏။ သူကြီးကိုကိုမောင်တက်ရောက်ခဲ့သည့် အတန်းတိုင်း၌လည်း အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် သုံးဆခန့်များလေ၏။ ယုတ်စွအဆုံး တက္ကသိုလ်ဝန်ထမ်းတွေမှာတောင် အမျိုးသမီးဦးရေက ပိုမိုများပြားလေ၏။ ထို့ကြောင့် တက္ကသိုလ်အတွင်း အုပ်စုဖွဲ့စကားပြောနေကြသည့်သူများကို ကြည့်လျှင် အမျိုးသားတစ်ယောက်အား အမျိုးသမီးများမှ ၀ိုင်းထားကြပြီး တွတ်ထိုးပြောဆိုနေကြသည်က များ၏။ ထန်းလျက်ခဲကို ပုရွက်ဆိတ်ဝိုင်းအုံနေကြသကဲ့သို့ပင်ဖြစ်၏။

သူကြီးကိုကိုမောင်နှင့်သူငယ်ချင်းတို့သည် ဟောလီးဒေးတစ်ရက်၌ ဗဟုသုတဖြစ် အောက်စ်ဖို့ဒ်တက္ကသိုလ်သို့ သွားရောက်လည်ပတ်ကြ၏။ တက္ကသိုလ်အတွင်းရှိ ကောလိပ်အတော်များများသို့ လည်ပတ်ခဲ့၏။ ကျောင်းတိုင်း၌ ကျောင်းသားဦးရေထက် ကျောင်းသူဦးရေက ပိုများပြားသည်ကို သတိထားမိခဲ့၏။ လွန်ခဲ့သည့် အပတ်ကလည်း နာမည်ကြီး ကင်းဘရစ်ဂ်ျ တက္ကသိုလ်သို့ သွားရောက်လည်ပတ်ခဲ့၏။ တောရွာဆန်ဆန်မြို့လေးအတွင်း၌ ကောလိပ်ပေါင်းစုံတည်ဆောက်ထား၏။ ကောလိပ်သုံးလေးခုသို့ ၀င်ရောက် လည်ပတ်ခဲ့၏။ အစီအရီထွက်လာကြည့် သူများကိုကြည့်ရင်း အမျိုးသမီးဦးရေက ပိုမိုမြားပြားကြောင်း အကဲခတ်မိခဲ့၏။

လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဘာမင်ဂမ်မြို့ရှိ မက်ဿရူးဘော်လ်တန် ကောလိပ်သို့ သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားရောက်ခဲ့၏။ သူငယ်ချင်းက ထိုကောလိပ်ရှိ အတန်းတစ်ခု၌ လက်ချာပေး၏။ ထိုအတန်းအတွင်း၌ ကျောင်းသားကျောင်းသူဦးရေ အယောက် ၂၀ခန့်ရှိရာ ကျောင်းသားအရေအတွက်မှာ တစ်ယောက်ထဲပင်ဖြစ်၏။ အတန်းပိုင်ဆရာမလည်း အမျိုးသမီးပင်ဖြစ်၏။ ထိုကဲ့သို့ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက မြားပြားသည့်အတွက် သူငယ်ချင်းအား "အခုခေတ်မှာ အမျိုးသမီးတွေဘဲ ပညာရေးကို စိတ်ဝင်စားကြတော့တယ်ထင်တယ်။ ဘယ်တက္ကသိုလ်ကြည့်ကြည့် အမျိုးသမီးတွေချည်းဘဲ" ဟု ပြောမိလေ၏။ ထိုအခါ သူငယ်ချင်းက "အမျိုးသမီးတွေက ပညာရေးကို ပိုစိတ်ဝင်စားလို့ တက္ကသိုလ်တွေမှာ အမျိုးသမီးအရေအတွက် များနေတာမဟုတ်ပါဘူး။ ကမ္ဘာ့လူဦးရေထဲမှာ အမျိုးသမီးဦးရေက အဆမတန် တိုးပွါးလာလို့ တက္ကသိုလ်တွေမှာလည်း အမျိုးသမီးတွေ များနေတာပါ။ မယုံရင် ဘယ်နေရာရောက်ရောက် သတိထားကြည့်လေ။ အမျိုးသမီးတွေချည်းဘဲ" ဟု ပြန်ပြောပြ၏။

သူငယ်ချင်းပြောမယ်ဆိုလဲ ပြောချင်စရာပင်။ ဘယ်နေရာကြည့်ကြည့် အမျိုးသမီးထုကသာ ပိုကြီးမားသည်ကို တွေ့ရ၏။ ရထားပေါ် ဘတ်စ်ကားပေါ် သင်္ဘောပေါ် လေယာဉ်ပေါ် ဘယ်ယာဉ်ပေါ်ကြည့်ကြည့် အမျိုးသမီးဦးရေက ပိုမြားပြားသည်ကို တွေ့ရ၏။ လမ်းမ ကမ်းခြေ ဈေး ပန်းခြံ ပြတိုက် ကုမ္ပဏီ ရုံးခန်း ကျောင်း ကန် ဘုရား နေရာတိုင်း၌ အမျိုးသမီးဦးရေက ပန်းပန်လျက် ရှိနေပေ၏။ ဘလော့ဂါအများစုသည်ပင်လျှင် အမျိုးသမီးများ ဖြစ်နေလေ၏။ ကမ္ဘာ့နိုင်ငံအများစု၌လည်း ယောက်ျားများသည် ရှားပါးကုန်ပစ္စည်းအဖြစ်သို့ ရောက်နေကြလေ၏။

အလောင်းတော်သိဒ္ဓတ္ထမင်းသားဘ၀၌ တောမထွက်စေရန် မောင်းမမိဿံ ကချေသည်များဖြင့် အမြဲပျော်ပါးရလေအောင် နေ့ဆိုင်းညဆိုင်းဖြင့် ဖျော်ဖြေထားသည်ကို ဖတ်ခဲ့ဖူး၏။ မြန်မာဘုရင် အဆက်ဆက်ကို ကြည့်ပြန်ပါကလည်း ဘုရင်တစ်ပါးလျှင် မောင်းမမိဿံ ခြွေရံသင်းပင်းက ရာထောင်ချီရှိနေလေ၏။ အနီးဆုံးကြည့်လျှင် မင်းတုန်းမင်းတစ်ပါးထဲ၌ မိဖုရား ငါးဆယ်ကျော်ရှိကြောင်း မှတ်ခဲ့ဖူး၏။ မွတ်စလင်လူမျိုးဘက်ကြည့်လိုက်ပြန်ကလည်း ယောက်ျားတစ်ယောက်ကို မိန်းမ လေးယောက် တရားဝင် ယူခွင့်ပြုထား၏။ သူကြီးမင်း လန်ဒန်ရှိအင်္ဂလိပ်ကျောင်းတစ်ကျောင်း၌ တက်ရောက်စဉ်က ဆိုမာလီလူမျိုး အားလီဆိုသည့် မူစလင်ကျောင်းသားတစ်ယောက်ရှိ၏။ သူ့အပြောအရ မွတ်စလင်တိုင်း မိန်းမလေးယောက်ယူခွင့်ရှိသည်ဟု သိရ၏။ သူက လောလောဆယ် မိန်းမ နှစ်ယောက်ထဲ ရှိသည်မို့ စိတ်ပျက်နေ၏။ နောက်ထပ် နှစ်ယောက်ထပ်ရှာဦးမည်ဟု ပြောပြ၏။

ဤသို့ဤနှယ် ယောက်ျားတစ်ယောက်က တရားဝင်ဖြစ်စေ တရားမ၀င်ဖြစ်စေ ယူထားသည့် အမျိုးသမီးဦးရေ လွန်စွာ မြားပြားပါသော်လည်း ကမ္ဘာအရပ်ရပ်၌ အပျိုကြီးစာရင်း ပိုပိုတိုးလာသည်မှာ အမျိုးသမီးတိုးပွါးနှုန်း မြားပြားခြင်း၏ သရုပ်ပင် ဖြစ်ပေတော့၏။ (အမျိုးသားများ မိန်းမ မရမှာ မပူကြလင့်းဝ)။ အော်.. မိန်းမ.. မိန်းမ.. တယ်လဲ ဖောက်ဖွားနှုန်း မြားပြားပါဘိတောင်း။

လူ့ရပ်လူ့ခွင်မကြည့်ဘဲ နတ်ဘုံနတ်နန်းဘက် လှည့်ကြည့်ပြန်ပါကလည်း သိကြားမင်းကိုယ်တိုင်ပင် မိန်းမလေးယောက် အတည်ယူထား၏။ ထိုသည်ကို ကြည့်ပြီး မွတ်စလင်များအား တရားဝင်မိန်းမလေးယောက် ယူခွင့်ပြုထားသည်လား အောက်မေ့ထင်မှတ်ရ၏။ အရပ်ပြောစကားအရဆိုလျှင်မူ ကုသိုလ်ကောင်းမှု များများလုပ်သည့်အမျိုးသားက သေပြီးလျှင် နတ်ပြည်ရောက်ပြီး နတ်သမီးတစ်ဘက်ငါးရာနှင့် စံစားနေရတတ်၏ တဲ့။

တိရစ္ဆာန်လောက၌လည်း အမပေါက်ဖွားနှုန်းက ကြောက်ခမန်းလိလိ ကြီးမားလျက်ရှိနေပေ၏။ ပြိတ္တာဘုံ ငရဲဘုံတို့၌မူကား မည်သည့်ဦးရေက ပိုမိုမြားပြားနေကြောင်းကိုမူ သူကြီးမင်းကိုယ်တိုင် မရောက်ဖူးခဲ့သည့်အတွက် မသိဖြစ်နေ၍ ထိုသည်မှာ ချွတ်ယွင်းချက်ပင်ဖြစ်၏။ ရောက်ဖူးပြီး သိသည့်သူများ ပြောပြကြပါကုန်းဝ)။

ပတ်ဝန်းကျင်ဘက် တစေ့တစောင်းငှဲ့ကြည့်ပြန်ပါကလည်း သစ်ပင်ပန်းပင်မြောက်မြားစွာ အဖူးအပွင့် အသီးများကို မွေးဖွားပေးနေသည်ကများ၏။ သဘာဝတရားအရမူ သစ်ပင်အမကသာ အဖူးအပွင့်အသီး ဖြစ်ထွန်းစေနိုင်၏။ ရာသီအလိုက် ပန်းများပွင့်ကြရမည်ဖြစ်၏။ ထိုသည်ကိုကြည့်ပြီး သစ်ပင်လောက၌လည်း သစ်ပင်အမများသာ ပိုမြားပြားနေကြောင်း တွေ့ရ၏။

အခေါ်အဝေါ်ဘက် ကြည့်ပြန်ပါကလည်း မိန်းလမ်းမကြီး ပင်မအဆောက်အဦ အိမ်မကြီး တောင်မကြီး အင်းမကြီး မြစ်မကြီး စသည်ဖြင့် အမနာမည်များဖြင့် သုံးနှုန်းထားသည်ကို တွေ့ရ၏။ မြန်မာစာတစ်ပိုဒ်ရေးပြီးတိုင်း ပုဒ်မ (။) ချရ၏။ ထိုပုဒ်မသည် ပုဒ်ထီး (၊) ထက် တစ်ချောင်းသာနေလေ၏။ ယုတ်စွအဆုံး နိုင်ငံတစ်နိုင်ငံကို နာမ်စားအနေနဲ့ သုံးနှုန်းလျှင် She ဟု သုံးနှုန်းလေ၏။ မြစ်တစ်စင်း သင်္ဘောတစ်စီးကို နာမ်စားအနေဖြင့်သုံးနှုန်းလျှင်လည်း She ဟုပင်သုံးနှုန်းလေ၏။ အမများ အားသာသော ခေတ်ပေတည်း။

သူကြီးကိုကိုမောင်ငယ်စဉ်က လူကြီးသူမများ၏ စကားကို မှတ်သားခဲ့ဖူး၏။ ခေတ်ကာလအချိန်အခါ ကြာလာသည်နှင့်အမျှ ယောက်ျားဦးရေနှင့် မိန်းမဦးရေသည် ဥသျှစ်တစ်တင်း နှမ်းတစ်တင်း ဖြစ်လာမည်ဟု ပြောပြကြ၏။ တင်းတောင်းတစ်ခုထဲသို့ ဥသျှစ်သီးများထည့်လိုက်ပါက အများဆုံးဥသျှစ်သီး အလုံးတစ်ရာခန့်သာ ဆန့်လေ၏။ ထိုတင်းတောင်းထဲသို့ နှမ်းစေ့များ ထည့်လိုက်ပါမူ နှမ်းစေ့များ သန်းပေါင်းရာချီဆန့်လေ၏။ ထိုကဲ့သို့ ယောက်ျားဦးရေနှင့် မိန်းမဦးရေ ကွာဟလာမည်ဟု ပြောပြကြ၏။ ထိုခေတ်ထိုအချိန်ရောက်လျှင် နတ်သမီးတမျှ ချောချောလှလှမိန်းမများက ယောက်ျားတစ်ယောက်ကိုမြင်မြင်ချင်း အတင်းခေါ်ဆောင်ပြီး ထိုယောက်ျားနှင့်အဓမ္မပျော်ပါးကြလိမ့်မည်တဲ့။ ယောက်ျားများမှာ မိန်းမတွေကိုမြင်လျှင် လွန်စွာကြောက်လန့်၍ အဝေးကရှောင်ပြီး ထွက်ပြေးကြရမည်တဲ့။ ယောက်ျားတစ်ယောက်အတွက်နဲ့ မိန်းမအချင်းချင်း စစ်ခင်းကြလိမ့်မည်တဲ့။ အင်း... သူကြီးကိုကိုမောင်လဲ ထိုခေတ်ထိုအခါရောက်မှသာ လူပျိုဘ၀ ပျက်ရမည်ထင်၏။းဝ)))။ (ထိုခေတ်ကြီး မြန်မြန်ရောက်ပါစေ။ ) ကမ္ဘာ့နိုင်ငံတိုင်း၌လည်း အမျိုးသမီးဘုရင်မ အမျိုးသမီး ၀န်ကြီးချုပ် အမျိုးသမီး သမတအစရှိသည့် အမျိုးသမီးခေါင်းဆောင်များသာ အုပ်စီးကြလိမ့်မည်တဲ့။

ဧကဧကန် စဉ်းစားကြည့်ပါမူ အမဓါတ်သည် ဆွဲငင်အားဖြစ်၏။ အဖိုဓါတ်သည် အဆွဲခံဓါတ်ဖြစ်၏။ တိရစ္ဆာန်မများနောက် တိရစ္ဆာန်အထီးများက လိုက်လံပေါင်းဖော်ကြရ၏။ အမျိုးသမီးများနောက် အမျိုးသားများက အတင်းလိုက်ကပ်ကြ၏။ ကပ်မိပြန်ပါကလည်း မခွဲချင်မခွါချင် မခွဲနိုင် မခွါနိုင်ဖြစ်ကြရ၏။ ဓါတ်သဘောပင်တည်း။ ထိုဓါတ်သဘောကြောင့်ပင် ကမ္ဘာကြီး ပျက်စီးလိမ့်မည်ဟု ထင်မှတ်မိ၏။

ရေမြေသစ်ပင်တောတောင်တို့ဖြင့် ဖွဲ့စည်းထားသည့် ဤကမ္ဘာမြေကြီးပေါ်၌ သက်ရှိသက်မဲ့အရာအားလုံး အမဓါတ်က ပိုမိုအားသာနေလျှင် ကမ္ဘာ့ဆွဲအား အလွန်ပြင်းထန်လာမည်ဖြစ်၏။ ကမ္ဘာ့ဆွဲအားပြင်းထန်လာသည်နှင့်အမျှ အခြား ဂြိုဟ်သိမ်ဂြိုဟ်မွားများ ဥက္ကာကြယ်ပျံများ အာကာသအတွင်း ရွေ့လျားနေသော အရာဝတ္ထုများ ဤကမ္ဘာအားလာရောက် ပြေးကပ်လာကြမည်ဖြစ်၏။ ထိုပြေးကပ်လာသည့်အရှိန်ကြောင့် ဤကမ္ဘာမြေကြီးလဲ မီးဟုန်းဟုန်းထတောက်ကာ အမှုန်အမွှားဘ၀သို့ ရောက်သွားပြီး လုံးဝပျက်စီးသွားတော့မည်ဟု ထင်မှတ်မိ၏။ ဘုရား ဘုရား... အမများခြင်း မိန်းမများခြင်းကိစ္စကလည်း စဉ်းစားကြည့်လေ ကြောက်စရာကောင်းလေပါဘဲလား ဟူ၍ တစ်သီတစ်တန်းကြီး စဉ်းစားမိကာ သူကြီးကိုကိုမောင်သည် အိပ်မပျော်စားမ၀င်ဘဲ ကမ္ဘာ့မြေကြီးတာရှည်တည်တံ့ဖို့အရေး စိတ်မအေး ဖြစ်နေလေတော့၏။

သူကြီးကိုကိုမောင်သည် သူ၏တုံးဖလားရွာ၌ ခွေးမအကောင်ရေ ၅၀ တိုးပွါးလာရခြင်းကို အကြောင်းပြု၍ ကမ္ဘာကြီး ပျက်သုဉ်းသည်အထိ အိပ်မက်ဆိုးကြီးကို မက်ကာ တိုးမောင်နှင့်ပေါက်ကျော်တို့အား မည်ကဲ့သို့ စာပြန်ရေးပေးရန် စဉ်းစားမရဖြစ်နေလေ၏။ လူတွေကလည်း လူတွေပင်ဖြစ်၏။ လူလိင်ပညာပေးရှိသလိုပင် ခွေးလိင်ပညာပေးလည်းရှိသင့်၏။ ခွေးမျိုးဆက်ခြားပညာ၊ ခွေးသန္ဓေတားဆေးပညာ၊ ခွေးအကာအကွယ်သုံးပညာ စသဖြင့် ပြုလုပ်ပေးသင့်၏။ ယေဘုယျအားဖြင့် လူအမျိုးသမီးများမှာ တစ်ယောက်လျှင် လွန်လွန်ကျွံကျွံ တစ်နှစ်မှတစ်ယောက် မွေးဖွားကြ၏။ ခွေးမများမှာ ထိုကဲ့သို့ မဟုတ် တစ်ရာသီလျှင် ခွေးမတစ်ကောင်က ကလေးငါးကောင်ခန့် မွေးဖွားကြလေ၏။

သူကြီးကိုကိုမောင်လည်း ခေါင်းထူပူနေ၏။ ထိုခွေးမပေါက်ကလေးများကို တစ်နယ်တစ်ကြေး၌ စွန့်ပစ်ဖို့ ကိစ္စကို မည်ကဲ့သို့ ဆုံးဖြတ်ရမည်မသိဖြစ်နေ၏။ လောလောဆယ် အခြေအနေအရမူ တိုက်ဆိုင်စွာပင် သူကြီးကိုကိုမောင်ကိုယ်တိုင်ပင် ဘိလပ်ပြည်မှ နယ်နှင်ဒဏ်မပေးရလေအောင် နေ့စဉ် ရသမျှဘုရားစာတွေအကုန်ရွတ်ဖတ်သရဇ္ဈာယ်၍ ဆုတောင်းနေရသော အချိန်ဖြစ်လေ၏။ သူကြီးကိုကိုမောင်၏ လက်မှတ်တစ်ချက်ဖြင့် ခွေးပေါက်မလေးများ အကောင်ငါးဆယ်တိတိ ဘ၀နစ်နာ ကြရမည်ဖြစ်၏။ ခွေးမိခင်များမှာလည်း မျက်ရည်နှင့်မျက်ခွက် ဖြစ်ကြရမည်ဖြစ်၏။ နောက်ပြီး ထိုကဲ့သို့ သဘောတူကြောင်း လက်မှတ်ထိုးပေးလိုက်လျှင် သူကြီးကိုကိုမောင်ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ၀ဋ်လည်ပြီး ဘိလပ်ပြည်ကြီးမှ နှင်ထုတ်ခံရမှာလည်း တွေးပူနေလေ၏။

သူကြီးကိုကိုမောင်သည် ထိုအမှုတွဲအား ပလပ်ထားရမည်လား၊ ပို့စ်ပုန်းလုပ်ရမည်လား။ ဖျက်သိမ်းပစ်ရမည်လား ဝေခွဲမရဖြစ်နေလေတော့၏။ သို့သော် သူကြီးကိုကိုမောင်ကြံလျှင် ထရံတောင်မှ ချေးတုတ်ခနောင်း ဖြစ်နိုင်ပေသေး၏။ တစ်ခဏမျှ စဉ်းစားပြီး သူကြီးကိုကိုမောင် အကြံပေါ်လေ၏။ ထိုအကြံမှာ ဤအိမ်သို့လာရောက်လည်ပတ်ကြသည့် စာဖတ်သူ ချစ်ပရိသတ်ကြီးအား အကူအညီတောင်းခံရန်အကြံပင်ဖြစ်၏။ ထို့ကြောင့် ပရိသတ်ကြီးများအား အနူးအညွတ် တောင်းဆိုလိုက်ပေ၏။ သူကြီးကိုကိုမောင်၏ (တုံးဖလား)ရပ်ရွာရှိ ထိုခွေးပေါက်မလေးများအား တစ်နယ်တစ်ကြေးသို့ သွားရောက် စွန့်ပစ်သင့် မသင့်ဟူသည့် ပြဿနာကို မဲစနစ် (Vote) ဖြင့် ညီညီညွတ်ညွတ်ဆုံးဖြတ်ပေးကြပါကုန်လော့။ ။း))

စိတ္တံ န ကမ္ပတု
စိတ်တုန်လှုပ်မှုမှ ကင်းဝေးနိုင်ကြပါစေ။

မှတ်ချက်။
အပျိုမလေးများပုံကို ဒီက ယူထား၏။

...

28 comments:

Anonymous said...

မဖတ်ရသေးဘူး အရင်မန့်လိုက်တယ်။
ကိုယ်တိုင်ဆွဲတဲ့ သရုပ်ဖော်ပုံကလဲ မနည်းကို ကြည့်ယူရတယ်။ သနားစရာလေး။
ရေးထားတာ ရှည်လို့ ဖတ်ရမှာပျင်းတယ်။ ပျင်းပျင်းနဲ့ပဲ ဖတ်လိုက်ပါအုံးမယ်။
ပီးမှ ထပ်မန့်မည်။

ပုံ
***

Anonymous said...

အသင်တဂျီးမင်း
အကျနုပ်သည်ကား အင်ဂျင်နီယာတိုင်းပြည်မှ နှမကညာဖြစ်ပေသည်။

အကျနုပ်နေထိုင်ရာ အမိမြန်မာပြည်တက္ကသီလာတိုင်းပြည်တွင်လည်း ဘယ်နေရာကိုကြည့်ကြည့် ပုရိသတို့ပင်ကြီးဆိုးလေကုန်၏
ထို့အတူ ကျနုပ်တာဝန်ကျရာ ဆောက်လုပ်ရေးဌာနများတွင်လည်း ပုရိသတို့ပင်တည်း။
ထိုမှတဖန် ကျနုပ်သည် နိပွန်ပြည်သို့ရောက်ရှိပြန်ရာတွင်လည်း အကျနုပ်သည် ပုရိသတို့အလယ်တွင် နှမကညာတပါးဖြစ်ပြန်ပေတယ်။
အခုတခါ အလုပ်သစ်တွင်လည်း ပုရိသများသာဖြစ်ပေသောကြောင့် အကျနုပ်မှာ တဦးတည်းဖြစ်ပေပြန်တယ်။

သို့ပါသောကြောင့် အသင်တဂျီးသိစေရန်မှာ နေရာဒေသံသည်လည်း အရေးကြီးပါကြောင်း သတိလက်လွတ်မရှိစေချင်ကြောင်း လာရောက်ပြောကြားပါကြောင်း။

နှမတော် ဒကာမလေး မြတ်နိုး

Anonymous said...

အသင် တဂျီးမင်း မဖြေရှင်းနိုင်သော ပြဿနာမှာ အင်မတန်လွယ်ကူလှပါကြောင်း
ခွေးထီးဟူသမျှ ခွေးမဆိုးကဲ့သို့ ပြုပြင်ရန်လိုအပ်ပါကြောင်း...

ဟီးးးး


မျိုးနတ်

Anonymous said...

အိမ်းးးးးးးးးးးးးးးး
ဖတ်ပီးသွားသည့် သကာလ အကျန်ပေးပါတော့မည်။
အကျန်မပေးခင် ဦးစွာပထမ ဝေဖန်ရသည်ရှိသော် ခေါင်းစဉ်နှင့် ပို့စ်၏ အဓိက ဆိုလိုရင်းမှာ လွဲချော်နေသလို ခံစားရပါသည်။ သဂျီး မိန်းမများရခြင်းအကြောင်းက အဓိကလား၊ ခွေးအကောင် ၅၀ ကိစ္စက အဓိကလား အဓိက နှစ်ခု ဒွိဟဖြစ်၍ နေပါသည်။
အဓိက ၂ခုကို ပေါင်းစု၍ လိုရာဆွဲတွေးရသည်ရှိသော် သဂျီးမိန်းမများရခြင်းမှာ တုံးဖလား၌ ခွေးပေါက်နှုန်းတိုးပွါးခြင်းကြောင့်ဟုသာ ယောင်တောင်ပေါင်တောင် ကောက်ချက် ချလိုက်ပါသည်။

ကိုင်းးးး အကျန်ပေးပါတော့မည်။
ခွေးပေါက်မ ကလေးများအား တနယ်တကြေးသွားပစ်စရာမလိုပါ။ တုံးဖလား လူဦးရေ ၂၅၅ ယောက်အား လူငါးယောက်လျှင် ခွေးတကောင်ကို တာဝန်ယူကြေး စနစ်ဖြင့် ခွဲတမ်းချပေးလိုက်ပါ။ ထိုခွေးမကလေးများနှင့်တကွ ရှိရှိသမျှ ခွေးမများအား သားမပွါးအောင် တိရစ္ဆာန် ဆရာဝန် အကူအညီဖြင့် ပြုလုပ်ထားပါ။
(ဒါမှမဟုတ်လဲ သဂျီးကိုယ်တိုင် သားဆက်ခြားသင်တန်း သွားပေးပါ သူတို့လန်းဂွေခ်ျ့ တတ်ရင်ပေါ့ )

ဒါပါဗြဲ

အဲ .. ကျန်သေးတယ်။
မိန်းမဦးရေက တက္ကသိုလ်တို့ တရားရိပ်သာတို့ လို ကောင်းရာကောင်းကြောင်းနေရာတွေမှာ မျာားသော်လည်း အရက်ဆိုင်၊ ဖဲဝိုင်း ဂျင်ဝိုင်း၊ တို့မှာ မဟာပုရိသ ဦးရေက ပိုများပါကြောင်း။ Pumpkin တတင်း နှမ်းတတင်း နှုန်းလောက်ကို ကွာသည် ဆိုသည့်အကြောင်းးးး ပြောရင်း နိဂုံးကမ္ပတ် အဆုံးသတ်လိုက်သည်။

ပုံ
****

Anonymous said...

မျိုးနတ်ပြောတာလဲ ဟုတ်သား။
ခွေးမတွေကို ဘာမှ လုပ်ဖို့လိုဘူး။ ခွေးထီးတွေကို ဟိုသင်းပြုလိုက်ရင်ပီးတာပဲ။
ခွေးထီးအကောင်ရေက နည်းတာပဲဆိုတော့ 3Es* နဲ့ အညီဖြစ်အောင် ခွေးထီးများကိုသာ ဟိုသင်းပြုစေ။ သဂျီးဝဋ်လိုက်ရင်တော့ တတ်နိုင်ဘူးးးးးးးးးးး။
ဟိဟိ

ပုံ
ပဉ်ငြာယှိ

မှတ်ချက်။ ကြုံတုန်း စာပါတခါထဲ နွှေးသွားပါသည်။
*3Es = economy, efficiency, effectiveness

ရွှေရတုမှတ်တမ်း said...

ဪ...သဂျီး..သဂျီး...မိန်းမများတယ်ဆိုလို့...လက်စသတ်တော့ သုနက္ခ တွေကိုး..
ကျနော်ကတော့ လူတွေလိုပဲ ဖြေရှင်းလိုက်ပါတယ်...
ကျောင်းကခွေးမတွေ မြိုင်ပေါ်ခါစ လူမမတွေသောက်တဲ့ တားဆေး တခြမ်းတိုက်လိုက်တာပဲ..သူတို့မိတ်လိုက်မှ တိုက်ရင် ဆေးမှာပါတဲ့ ဟိုမုန်းက အစွမ်းပြတော့..တော်သလင်းမကဘူး တန်ဆောင်မုန်းတောင်ရောက်ကုန်ကြတာ..ခွေးမတွေလဲ ယဲ့ယဲ့ပဲ ကျန်တယ်

အင်္ဂါဟူး said...
This comment has been removed by the author.
အင်္ဂါဟူး said...

ဖလားဖလား ကိုယ့်မှာ ပို့စ်ခေါင်းစဉ်ဖတ်ပြီး တို့ သူဂျီးမင်း ဒွတ်ခရောက်ပြီ.. ငါကိုယ်တော် ကယ်မှ ဆိုပြီး လေးငါးယောက်လောက် ၀ိုက်မလို့ လာကာမှ ခွေးမတွေ သားပေါက်နှုန်း များတာ သိသကိုး...

ဟိုတစ်ယောက်ပြောတာလဲ ဟုတ်သကိုး ဖဲဝိုင်း ဂျင်ဝိုင်း အရက်ဝိုင်းတွေမှာ ပုရိဿများတာကိုး... တက္ကသိုလ် ၊ တရားပွဲ တွေမှာ အမများတော့ နတ်ပြည်မှာ အမ များတာ မဆန်းပင်... ခက်တာက ကိုယ်နတ်ပြည်ရောက် ရင် တစ်ဖက်ငါးရာ မနိုင်ဝန်ထမ်းရမှာ... အော် ခန္ဓာရခြင်း ဒွတ်ခပေတည်... သူဂျီးမင်း ခင်ဗျား ယခု အခါတွင် ပလတ်စတစ် ပြဿနာ လွန်စွာကြီးထွားနေပါသော ကြောင့် လူ့ပတ်ဝန်းကျင် ထိန်းသိမ်းပြီး ဖြစ်သလို.. ခွေးပွားနှုန်း ထိန်းချုပ် ကန့်သတ်နိုင်ရန်..တိုးမောင်နှင့် ပေါက်ကျော်ကို ကမကထ လုပ်ပြီး တုံးဖလားရွာမှ စွန့်ပစ် ပလတ်စတစ်များကို ရွာသားများ မှ ခွေးထီးတစ်ကောင်၏ လိင်တံ ရင်းတွင် ပလတ်စတစ်များ လိုက် ပတ်ပေးကြရန်..ရိုသေစွာ အကြံပြုပါ၏ သူဂျီးမင်း ခင်ဗြား.. အကယ်၍ သူတို့ မလုပ်တတ်ပါက သူဂျီးမင်းကိုယ်တိုင် သွားရောက် လက်တွေ့ သရုပ်ပြပေးပါရန်...ဂွီ.

ညိမ်းနိုင် said...

အေးလေ....တဂျီးများ မိန်းမများတာလားလို့ ဆေးနည်း
တောင်းမလို့လာတာ..။ခုတော့....။ရှေ့ကလူတွေ အကြံ
ပေးသွားတာတွေလည်း ကောင်းသား...။တဂျီး ကြိုးစား
ကြည့်ပါလား...:)။

ကိုဇော် said...

အဖြူက တစ်မျိုး ၊ အနီက တစ်မျိုး ၊ အရောင်စုံများနှင့် ကိုယ့်မှာ ချာချာလည်နေပါတယ် ဆိုသလို မိန်းမတွေ များတော့လည်း အဲဒီလို အတွေးများနဲ့ ကြည်နူးတာနဲ့တင် စည်းစိမ် ဖြစ်ရတာပါပဲ အဟီး။

မပူပင်လင့် အသင်သူကြီးမင်း။
လောကရဲ့ သဘာဝကိုက သူ့ဖာသာသူ ဘက်မျှနေတယ် ၊ ဘက်မျှအောင် လုပ်ပေးထားတယ် ဆိုတဲ့ သဘောရှိတယ်။ ဒီတော့ ခွေးမတွေ မွေးပေမဲ့ သေကြေပျက်ဆီးမှုနှုန်း ဆိုတာလည်း ရှိသေးတယ် မဟုတ်လား။ ဒါကြောင့် သူ့ဖာသာ သဘာဝက စီရင်သွားပါလိမ့်မည်။ သို့သော် အခု အတိုင်း ခွေးတွေ အတိုင်းအဆ မရှိ များပြားလာတယ် ဆိုပါကလည်း ဘာမှ မပူလင့်။ ခွေးကင် လုပ်ရောင်းနည်းကိုသာ သင်ကြားပြီး ထန်းရည်ဆိုင်များမှာ တင်ပေးလိုက်ပါ။ နောက်ဆို ခွေးများ ရှာမရအောင်ကို ဖြစ်သွားပါလိမ့်မည်။

-------------------------------
စကားချပ်။

ဒီပို့စ်နဲ့ ပတ်သတ်ပြီးတော့ ဘာမှ အများကြီး မသက်ဆိုင်ပေမဲ့ ကျနော့် အတွက် အရေးကြီးတဲ့ စာသားလေး နှစ်ကြောင်း ပါလာတဲ့ အတွက် ကျေးဇူး အရမ်းတင်ပါတယ် ကိုကိုမောင်ရေ။
နာမ်စားသုံးသော အကြောင်းအရာပါ။ ကျနော်လည်း ပို့စ်တစ်ခုမှာ ထည့်ပြီး ရေးဖူးပါတယ်။ နောက်ထပ် တင်မဲ့ ပို့စ် တစ်ခုမှာ ဒီနေရာလေးကို ထပ်ဆင့်ပွား ညွှန်းချင်ပါတယ်ဗျာ။

ကျေးဇူးတင်စွာဖြင့်
ကိုဇော်

မမမ said...

မိန်းမတောတွေချည်း သွားသွားလမ်းသလားနေပြီး မိန်းမပေါတယ် လုပ်နေတယ် ဒီသူကြီးတော့ ခက်တာပဲ။
သွားကြည့်ပါလား စစ်တပ်တို့ ဘုန်းကြီးကျောင်းတို့။
ပြိတ္တာဘုံ ငရဲဘုံမှာ ယောက်ျားပေါတယ်တဲ့ ရောက်ဖူးတာတော့မဟုတ်ဖူး ခန့်မှန်းကြည့်တာလေ။ နတ်ပြည် လူ့ပြည်မှာ မိန်းမပေါနေမှတော့ ကျန်တဲ့ယောက်ျားတွေ ပြိတ္တာဘုံ ငရဲဘုံ ရောက်နေရောပေါ့။ ဟုတ်ဘူးလား။

အဖိုရှိပီး အမ-မရှိတာက ဇာတိပ္ဖိုလ် = ဇာတိတ်ဖို သီးလေ။ ဇာတိတ်မ-သီးမှ မရှိပဲ ဟာပဲ ဟာပဲ :P

နောက်ပီးတော့ ဆောင်းတဲ့ထီးဆိုလဲ "ထီး" တဲ့။ "မ" မဟုတ်ဖူး။

ဟောဟိုက တောင်ကုန်းပေါ်မှာ သစ်ပင်ထီးထီးကြီးတဲ့။ သစ်ပင်မမကြီးလို့ ပြောဘူးနော်။

နောက်ပီး ဖိုခနောက် ဆိုတာရှိတယ်။ မ-ခနောက်ဆိုတာရှိဘူး။

မြင်းတောင်မှ ဟီဟီဟီဟီ နဲ့ he တာ။ ရှီရှီရှီရှီ လို့ she ဘူး။

ပုဒ်မက ပုဒ်ထီးထက် တချောင်းသာပေမဲ့ ပုဒ်ထီး ၁၀ ခါချပြီးမှ ပုဒ်မ တခါလောက်ချရတာ။ (အဓိက နေရာမှာသာ ပုဒ်မသုံး၏၊ ပုဒ်ထီးလို ဘုန်းဘောလအော မသုံး)
ဥပမာ ...
သူဂျီးကိုကိုမောင်၏ နဘေးတွင် အောင်နက်၊ ဂုတ်ကျား၊ ၀ဲကျော်၊ နက်ကြုတ်၊ ပေတိုး၊ မဲလုံး၊ မိညို၊ မိနက်၊ မိဖြူ၊ မိကျား၊ မိကြွက် အစရှိသည့် ခွေးမဲ၊ ခွေးဖြူ၊ ခွေးညို၊ ခွေးကြား၊ ခွေးဝဲစားများ ၀ိုင်းပတ် ခြံရံလျက် ရှိလေတော့သတည်း။

ကြည့်ပါလား အထီးနဲ့ အမ ဘယ်လောက်ကွာတုန်း ... ဟွင်းးးးးးးး

Anonymous said...

သကြီး ရေ

သကြီး ရဲ့ မပြသာနာကို ရှင်းချင်သလို သာ ရှင်းတော့ သောင်ပြင်လွှတ်တဲ့ ခွေးမလေး ဘဝ မရောက်အောင်သာ အဖော်လေးဘာလေး ထဲ့လိုက်

ခင်တဲ့
ရွှေစင်ဦး

zue said...

ဟား... ဘီလိုဆုံးဖြတ်ရမလဲ... မသိ..
စာရယ် .. ကွန်မန့်တွေ ဖတ်ပြီး ရယ်သွားပါကြောင်း...း)

ချော(အစိမ်းရောင်လွင်ပြင်) said...

သူကြီး
အထီးကျန်ဆိုတာဘဲ ရှိတယ်.. အမကျန်ဆိုတာ မရှိဘူးလေ..
ကျောင်းတွေမှာ အမျိုးသမီးဦးရေက ပိုများနေတယ်ဆိုတော့
ဒီကမ္ဘာကြီးမှာ မိန်းမပညာတတ်တွေ ပိုများလာတယ် ဆိုတဲ့သဘောပေါ့နော် သူကြီးး)
ကြားရတာ ၀မ်းသာစရာ
သူကြီးရဲ့ ခွေးပေါက်ကလေးတွေကို တစ်အိမ်တစ်ကောင်သာ ဝေပစ်လိုက်ပါ.
အိမ်ခြေနဲ့ ခွေး မကိုက်သေးရင် ပင်လည်ဘူးတစ်ဝိုက်ကိုပါ ဝေလိုက်ပါ .. ခွေးတစ်ကောင်အလကားရမဲ့ကိစ္စ လူတိုင်းက လက်ခံကြပါလိမ့်မယ်..း)

မိုးစက်အိမ် said...

ဟာ အစ်ကိုကတော့လုပ်ဘီ မိန်းမများရခြင်းဆိုတော့
လန်ဒန်မှာလန်ထွက်လန်းနေတာလားလို့ လာဖတ်တော့မှ
လက်လန်သွားတော့တယ် စော်ကြည်နေတယ်မှတ်တာ
တလွဲဖြစ်သွားတယ် တော်ဘီအထင်ကြီးထားသမျှမကြီးတော့
ဘူး ဟီးးးးးးးးး နောက်ဆိုအလိုမနောက်ရဘူး :D :P

ချစ်ကြည်အေး said...

အင်း... သူကြီးကိုကိုမောင်လဲ ထိုခေတ်ထိုအခါရောက်မှသာ လူပျိုဘ၀ ပျက်ရမည်ထင်၏။းဝ)))။ (ထိုခေတ်ကြီး မြန်မြန်ရောက်ပါစေ။ )

ဘုရား ဘုရား....ကြောက်ထှာ
မဲက ကြိုတင်မဲ ပေးထားပြီးသားလေ...:)

ယွန်း said...

သူကြီးတို့ ကတော့ရေးလဲရေးတတ်တယ် ..
ရီလိုက်ရတာ ... ပို့ စ်ကိုရော ..ကွန်မန့် တွေရော
သဘောကျပါ့ ...ဟာဟ

ဂျစ်တူး ( မုံရွာ ) said...

သူကြီး
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
သူကြီးတို့ ကတော့လုပ်ချလိုက်ပြန်ပြီ-

မြတ်မွန် said...

ထိုင်ဝမ်မှာတော့ ယောင်္ကျားများလာလို့တဲ့ သူကြီးရေ..။

တောသားလေး (and) ထွန်းမြတ်တေဇ (မြန်အောင်) said...

လာလည်သွားပါတယ်ခင်ဗျာ။ စာအရေးအသား ကောင်းလှပါတယ်။ ပိုစ်တွေ ကွန်မန့်တွေဖတ်ပြီး ရယ်သွားပါတယ်။ စိတ်ကို အပန်းပြေစေ ပါတယ်ခင်ဗျာ။ ကျေးဇူးပါဘဲ။
တောသားလေး

ပန်းခရမ်းပြာ said...

ပို့စ်ရော ကွန်မန့်တွေပါ
ဖတ်ပြီး ရယ်လိုက်ရတာ ...
ဒါကြောင့်လည်း တုံးဖလား ရွာသူကြီး
နာမည်ကြီးတာကိုး ...

မချို

Anonymous said...

မမမ ရဲ့ ကွန်မန့်လေးကြိုက်တယ် ပို့စ်လေးလဲ ကောင်းပါတယ်...

နှင်းဟေမာ said...

သူကြီး ပေါ်မလာ ပေါ်မလာနဲ့ ဘယ်ပျောက်နေလဲမှတ်ပါတယ် .. လက်စသတ်တော့ ရွာပြန်ပြီးခွေးသုတေသန လုပ်နေတာကိုးး)))

Anonymous said...

သူကြီး အာရှမှာတော့ အမျိုးသားဦးရေများနေတယ်လေ...နောက်ပိုင်းအိမ်ထောင်ပြုဖို့ လူဦးရေ မညီမျှမယ့် ကိစ္စတွေတောင်ဖြစ်လာမယ်ဆိုလား....

မမမရဲ့ ကွန်မန့် လေးကြိုက်တယ်။


မကန့် ကော်

flowerpoem said...

တယ်လုပ်နေပါလား သူကြီး . . . အရမ်းလည်းမလုပ်နဲ့ ဦးနော်. . . မစွန့်ပါနဲ့ သနားပါတယ် နော်

မြစ်ကျိုးအင်း said...

မိန်းမများတယ်သာ ပြောတယ် သူကြီးလည်း ခုထိမစွံပါလား

သူကြီးမင်း (တုံးဖလား) said...

အင်းးး..
အမဓါတ်တွေ အားသာနေတဲ့ လောကကြီးထဲမှာ တို့ယောက်ျားတွေ တယ်လဲ မျက်နှာငယ်ပါပေါ့လား။းဝ))
အခုကြည့်လေ။ သူတို့ဘဲ စားသွားကြတယ်။ အရပ်ကတို့ရေ.. ကယ်ကြပါဦးဗျို့။ မျိုးနတ်နှင့် မမမ။ ထပ်တွေ့မယ်။ ဟာ ဟ။

ကွန်မင့်လာပေးကြတဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပျော်စရာ ရွှင်စရာ ဖြစ်ရပါတယ်။ အားလပ်ရင်လဲ ထပ်ပြီး လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

အားလုံးကို ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မောင်သီဟ said...

သချီး အဲ သူဂျီး ဘာမှအားမငယ်နဲ့ နောက်နှစ်တွေကြာရင် အနော်တို့ ဘယ်ညာတစ်ယောက်စီ အရှေ့အနောက် တစ်ယောက်စီ တွဲလို့ရတော့မယ်ဗျာ့ နော့် စိတ်မပျက်နဲ့ အားမငယ်နဲ့ တောင့်ထား ဘသား ကြားရို့.....