Monday 25 March 2013

ရောပြွမ်းတွန့်လိမ်













အချစ်ရေ...
ချစ်မိုးကြီး ရွာသွန်းပါလှဲ့။

ဘ၀သံသရာထဲက
တေဘုမ္မာ လွမ်းဇာတ်နဲ့
သံသရာခရီးသည် ကိုယ်ရယ်ပါ။

သုဿာန်ကိုအသွား
ဘာဝနာပွါးခဲ့မိပေမဲ့
သုဿာန်ကအပြန်
လှည်းတန်းကို လွန်တော့။

အချစ်ရေ တမ်းတလိုက်
တေဘုမ္မာ မှန်းဆလိုက်
ချစ်မိုးကြီးမျှော်လိုက်
သံသရာခရီးလှော်လိုက်။

နောက်ဆုံးတော့
ငိုမဲ့မဲ့ နှလုံးအိမ်လဲ
ဖုတ်လှိုက် ဖုတ်လှိုက်။ 


အချစ်ရေ...(ဖြူသီ)


ချစ်မိုးကြီး...(ဖြူသီ)


ဘ၀သံသရာ... (ဦးသုခ)

 


တေဘုမ္မာ ရှင်းတမ်း... (ဦးမောင်မောင်ကြီး၊ ဒေါ်ရီရီသန့်၊ ဒေါ်တင်တင်မြ)


သံသရာခရီးသည်... (မာမာအေး)


မှတ်ချက်။
ကိုယ်ရော စိတ်ရော မအားမလပ် ဖြစ်နေပါသဖြင့် အိမ်တိုင်းစေ့ တံခါးမခေါက်နိုင်တာကို ခွင့်လွတ်ပေးကြပါလို့။ ထမင်းဟင်းအသစ်ချက် (ပို့စ်အသစ်တက်)တဲ့ အိမ်တိုင်း တိုးတိုးတိတ်တိတ် အလည်ရောက်ရှိခဲ့ပေမဲ့လဲ လက်ဆောင်(ကွန်မင့်) မပေးခဲ့နိုင်တာကိုလဲ နားလည်ပေးကြပါလို့။ ။

.

Friday 8 March 2013

စန်းကွန့်ဌာနေ အစချီ သံဝေဂ ရတုပိုဒ်ငယ်


စန်းကွန့်ဌာနေ၊ ပန်းနေပြည်ဝယ်
ဝတ်ရည်ရွှန်းလဲ့၊ ယိမ်းနွဲ့နွဲ့ဖြင့်
တသွဲ့သွဲ့သုန်၊ သည်းမွှာခုန်လျှက်
ယမုန်နှင်းကြား၊ စိန်စီထားသို့
သူ့ပါးအပြင်၊ နမ်းရေးထင်သည်
သခင် ဘယ်သို့ မေ့မည်နည်း။

ပန်းညွန့်ညှာချွေ၊ ၀ဠာဗွေဝယ်
လေပွေသရမ်း၊ မြူတိမ်ကြမ်း၍
လှပန်းမြေခ၊ ကြွေအကျ၌
ကြေမွနှလုံး၊ သည်းအူချုန်းသို့
အမုန်းရိပ်ဆင်၊ ပြုံးရိပ်နှင်သည်
မကြင် ဘယ်သို့ တွေ့မည်နည်း။

ကန်းဆွံ့ဗျာပွေ၊ ပရိဒေဖြင့်
သက်သေတစ်မျိုး၊ မျက်ရည်ထိုးပြီး
ကောင်းဆိုးနှစ်တန်၊ လောကဓံဟု
ကြံဖန်လိမ်ရှုပ်၊ လွမ်းဇာတ်ထုတ်ဖြင့်
ဇာတ်ရုပ်စုံလင်၊ ကကြိုးဆင်သည်
အမြင် ဘယ်သို့ ရွေ့ မည်နည်း။

.

Friday 1 March 2013

ထိုငြမ်း ဆင့်တုံ့ မဆင့်တုံ့



 မြရွက်ရည်လူး၊ ပုရစ်ဖူးတို့
နွေဦးခေါ်သံ၊ တောင်လေပြန်စဉ်
ပန်းမာလ်တွတ်တိုး၊ တိတ်တခိုးဖြင့်
ကျိတ်ပိုး ပိုးပန်း၊ ရှက်သွေးဖြန်းသည်
ထိုပန်း ပွင့်တုံ့ မပွင့်တုံ့။

ပဇ္ဇုန်မိုးငယ်၊ လှသွေးကြွယ်ဘိ
သွယ်သွယ်စီးဆင်း၊ ရနံ့သင်း၍
ချစ်ခင်းမွေ့ယာ၊ ရွှင်ကြည်စွာဖြင့်
ကညာသည်းပန်း၊ ပွေ့ပိုက်နမ်းသည်
ထိုလမ်း ဖွင့်တုံ့ မဖွင့်တုံ့။

သဇင်တွေမွှေး၊ နှင်းတွေဖွေးပြီး
ဖြူသွေးကမ္ဗလာ၊ ဆောင်းဟေမာဝယ်
ဒေ၀ါသနား၊ ချမ်းစိမ့်အားကြောင့်
သွေးသား ရွှင်လန်း၊ ပျို လက်ကမ်းသည်
ထိုစမ်း ခွင့်တုံ့ မခွင့်တုံ့။ 
ထိုကမ်း ချင့်တုံ့ မချင့်တုံ့။
ထိုငြမ်း ဆင့်တုံ့ မဆင့်တုံ့။

.