Wednesday, 29 March 2017

ပန်းသဘာဝ

နေခြည်နွေးနွေး
လာပွေ့ထွေးမှ
ပွင့်ရေးလှသူပါ ခင်။
မမြင်တွယ်ရစ်
မြင်တွယ်ရစ်မို့
နွယ်စစ်လို့တော့ မထင်ပါနဲ့။
တစ်ပင်ထဲ ထီးတည်း
သည်မြေကြီးပေါ်မှာ
ရှင်နည်း မတတ်ခဲ့သူပါ။ 
ပွင့်ဖတ်တွေ ၀ှက်သိမ်း
ပွင့်မြတ်တွေ ယိမ်းချင်ပေမဲ့
ခပ်စိမ်းစိမ်းပဲပေါ့။
ဘ၀တစ်သက်မှာ
ခဏမက်တဲ့ အိပ်မက်လို
တစ်ဝက်ကို ဖယ်ထွက်
တစ်ဝက်ကို ကွယ်ဝှက်
တစ်ရက်ပွင့်ဖို့အတွက်
တစ်သက် ငံ့လင့်ခဲ့ရသူရယ်ပါ။ 
ပွင့်နည်းမတတ်ပေမဲ့
ပွင့်ကြီးကြီးမှ ပွင့်တတ်တဲ့
ပွင့်ငတ်ပန်းမျိုးမို့
အငြိုးတော့ မတေးလိုက်ပါနဲ့။
နေခြည်နွေးနွေး
လာပွေ့ထွေးမှ
ပွင့်ရေးလှခွင့်ရသူပါ ခင်။

(၂၆ မတ်လ ၂၀၁၇)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။