Monday, 6 February 2012

ဒီအကြည့် ဒီအငွေ့ ဒီအတွေ့

တုန်ကနဲ ဖြစ်သွားသည်။ တုန့်ကနဲ ဖြစ်သွားသည်။ ဒီအကြည့် ဒီအငွေ့ ဒီအတွေ့တွေကြား ငါ့ရဲ့ ဣနြေ္ဒတွေ အရည်ပျော်သွားလေပြီ။ ငါ့ရဲ့ သီလဆည်ကန်သင်းတွေလဲ ဟိုတစ်ပေါက် ဒီတစ်ပေါက် ကျိုးပေါက်ပျက်စီးပြီး ရေတွေ.. ရေတွေ တဟောဟော တမျောမျော စီးဆင်းစ ပြုနေလေပြီ။ စုဆောင်းထားတဲ့ ငါ့ရဲ့ ဟိုတစ်စဒီတစ်စ ၀ိမုတ္တိရသတွေလဲ ပဋိစ္စသမုပ္ပါဒ် ၀င်ရိုးအောက် အထက်ရောက် အောက်ရောက် အခေါက်ရေများစွာ လည်ပတ်ရချေတော့မည်။ ဒီအတွေ့တွေကို ငါ ခံနိုင်ရည်စွမ်း မရှိတော့။

မိနှင်း။ နင် နှိပ်စက်ပြန်ပြီ။ နွေးထွေးသာယာနေတဲ့ ငါ့ဘ၀လေးကို နင် မွှေနှောက်လာပြန်ပြီ။ ငါ့ရိပ်မြုံနဲ့ ငါ အခြေကျနေမယ် ကြံကာမှ နင် လာကြပ်နေပြန်ပြီ။ ငါ့ကို သနားပါဟာ။ နင့်ရဲ့အကြည့် နင့်ရဲ့အတွေ့ နင့်ရဲ့အငွေ့တွေကြားထဲက ငါ့ကို ထွက်မြောက်ခွင့်ပေးပေးပါဟာ။ ဒီပုံစံနဲ့ ငါ မနေတတ်တော့ဘူး။ နင့်ရဲ့ အဲဒီ အငွေ့အသက်တွေက ငါ့ရဲ့ လက်ဖျား ခြေဖျားတွေတင်မကဘူး နားရွက်ဖျား နှာခေါင်းများ နှုတ်ခမ်းဖျားတွေကိုတောင် အေးခဲနိုင်စွမ်းလှတယ်။ ငါ့ရဲ့ ရင်ထဲ နှလုံးသားထဲထိ အအေးလှိုင်းတွေ ရိုက်ခတ်စေတယ်။ နင် ငါ့အပါးက မြန်မြန် ထွက်သွားပါတော့ဟာ။ ငါ မခံစားနိုင်တော့လို့ပါ။ နင့်အခြေ နင့်အနေနဲု့ဆိုရင် နင်တို့အရပ် နင်တို့ဋ္ဌာနေမှာ အနေသာကြီးပါဟာ။ အဲဒီကို အေးအေးဆေးဆေး ပြန်ပါတော့နော်။ ငါတောင်းပန်ပါတယ်။

မနှစ်တုန်းကလဲ ဒီနေရာမှာ နင်နှိပ်စက်ခဲ့လို့ ငါ့ရဲ့ အသဲ ဖြန်းဖြန်း ကွဲခဲ့ရပြီးပြီလေ။ ငါက အသဲကွဲလေလေ နင်က တဟဲဟဲ ဖြစ်လေနဲ့ ငါ အတော်လေး ခံခဲ့ရတယ်။ အဲဒီတုန်းက တစ်ပတ်လောက်အထိ ငါ့ကို နှိပ်စက်ပြီးမှ နင်ထွက်ခွါခဲ့သွားတယ်။ အခုလဲ နင် ထပ်လာပြန်ပြီ။ ဘယ်နှစ်ရက်လောက်ထိများ လာနှိပ်စက်ပြန်ဦးမလဲ မသိဘူး။  အရမ်းလှပချောမောတဲ့အတွက် သဘောကောင်းမယ်ထင်ပြီး ငါ နင့်ကို တကယ် ရင်ထဲက မြတ်နိုးခဲ့မိတာပါ။ အခုတော့ ငါ ကောင်းကောင်း သဘောပေါက်သွားပြီ။ လှလေလေ ရက်စက်လေလေ အန္တရာယ် များလေလေဘဲ။ နင်က လှသလောက် အရမ်း ရက်စက်လွန်းတယ်ဟာ။ အခုဆို နင့်ရဲ့အလှ နင့်ရဲ့ရက်စက်မှုတွေကို သင်ခန်းစာ ယူပြီး အလှအပတွေတွေ့ရင် လှလေလေ အဝေးက ရှောင်လေလေ ဖြစ်နေတတ်ခဲ့ပြီလေ။

မနှစ်တုန်းကလဲ ငါနှင့်ငါ့ပတ်ဝန်းကျင်ကို နင် နှောင့်ယှက် ညစ်ညမ်းစေခဲ့ပြီးပြီ။ ဒီနှစ်လဲ နင် လာ နှောင့်ယှက်ပြန်ပြီ။ နင့်ရဲ့ ရိုက်ချက်တွေကြောင့် ငါတို့ အရပ်ဒေသက ကပွဲတွေ တော်တော်များများ ဖျက်သိမ်းပစ်လိုက်ရတယ်။ ဖိုးဂျွန်တို့ ဖာကြီးတို့ ပွဲတောင် ကံကောင်းလို့ ဆက်ကနိုင်တာ။ ဒါတောင်မှ နင် ဖိုးဂျွန်ကို ဘာလုပ်လိုက်တယ် မသိဘူး။ သူကိုယ်တိုင် လာမကနိုင်ခဲ့ဘူး။ သူ့အဖွဲ့သားတွေဘဲ လာကကြတယ်။ ဖိုးဂျွန်အဖွဲ့နှင့် ဖာကြီးအဖွဲ့ အပြိုင်ကကြတာ ဘယ်သူမှ မနိုင်ဘဲ အယိုင်ယိုင်အလဲလဲနဲ့ ဒိုင်ပွဲရပ် သရေဖြစ်သွားခဲ့တယ်လေ။

လာမဲ့နှစ်တော့ နင်ပြန်မလာနဲ့တော့နော်။ နင့်ရဲ့ အကြည့်အငွေ့အတွေ့တွေက ငါ့ဘ၀ကို မေ့သွားစေပြီး နင်လာရင် ငါ အခန်းတွင်းက အခန်းပြင် မထွက်ရဲလောက်အောင် တဂိုက်ဂိုက် တုန်ခိုက် တတ်လွန်းလို့ပါ။ နင့်ရဲ့ လှပမှုတွေနဲ့ ရက်စက်မှုတွေကို ငါ မှတ်တမ်းတင်ထားတာ ရှိတယ်။ နင့်ကို မြင်ရတဲ့သူတွေ ရင်ထဲ စိတ်ချမ်းသာမှု တဒင်္ဂဖြစ်ကြပေမဲ့ ကြာလာတဲ့အခါ စိတ်ပျက်တတ်လာကြရော။ ငါလဲ အတူတူပါဘဲ။ နင့်ကို ချစ်ပေမဲ့ နင်က လှလွန်းပြီး ရက်စက်လွန်းလှတဲ့အတွက်ကြောင့် ငါ နင့်အနား မချဉ်းကပ်ရဲတော့ဘူး။ ဒါပေမဲ့ ငါ မှတ်တမ်းလေးတွေတော့ တင်ဖြစ်ခဲ့တယ်။



မြင်မြင်သမျှ ဖြူဖြူဖွေးဖွေးချည်း။

 

အခုလို ခွက်ထဲ ထည့်ထားရင် ဘယ်လို ဖြစ်သွားမလဲ သိချင်လို့။ ဟဲ ဟဲ  ရေတွေဘဲ ဖြစ်သွားတယ်။း)

တစ်ယောက်ထဲ အပြင်ထွက်ပြီး နှင်းတွေကို သွားကြည့်တယ်။
 




 

ပါ့ခ်တစ်ခုမှာ ဒီပုံကို တွေ့ခဲ့တယ်။ နှင်းလူသားပေါ့။



ဒီမှာလဲ နှင်းလူသားတစ်ယောက်။ အမျိုးသမီး။







သူကြီးမင်းလဲ အားကျမခံ အခုလို အနုပညာမြောက်စွာ ထုဆစ်ဖြစ်မိတယ်။း)

 မိနှင်း မိနှင်း။ နင် ဒီလို ဒီလို အရမ်းလှပသလို လူတွေကိုလဲ အတော်လေး အနှောင့်အယှက်ပေးတတ်တယ်။ နင်ရောက်လာလို့ လေယာဉ်ပျံကြီးတွေ အတော်များများ လာမဆင်းကြတော့ဘူး။ မော်တော်ဝေးပေါ်မှာ ကားတွေ ပိတ်မိကုန်ကြတယ်။ ပို့ဆောင်ရေးတွေလဲ တစ်ချို့တစ်ဝက် ရပ်ပစ်လိုက်ရတယ်။ အဆိုးဆုံးကတော့ နင်ရောက်လာပြီး တစ်ရက်လောက်ကြာရင် လမ်းတွေ ညစ်ပတ်မဲတေ နေတတ်တာပါဘဲ။ ကဲ..မိနှင်း.. နင် အေးအေးဆေးဆေး ပြန်သာပြန်ပါတော့။ ငါ ခိုက်ခိုက်တုန်နေပြီ။  ။


...

29 comments:

  1. မိနှင်းတဝက်လောက် ဒီရောက်လာရင်ကောင်းမှာ...
    သရဲလာခြောက်တာ @U@
    မရောက်တာအတော်ကြာနေပြီ နေကောင်းတယ်ဟုတ်
    နှင်းရယ်မြင်ဖူးချင်သူများမမြင်ဖူး ဟူးး လောကကြီးကမျှတလိုက်ရင်ကောင်းမှာ..


    ကိုယ်ရောစိတ်ပါအေးချမ်းပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  2. နွေးတေးရှင်(မင်းဧရာ)Monday, 6 February 2012 at 03:16:00 GMT

    သူကြီးမင်း...
    ပျော်စရာကြီးနော် နှင်းတွေ ဖွေးဖွေးလုပ်နေတာ
    ဘယ်လောက်များအေး လိုက်မလဲ အဲလောက်လှတဲ့ မိနှင်း သူကြီးမင်း မထွေးနိုင်ရင်လည်း ကျုပ်တို့ကိုပို့လိုက်ဗျာ မိနှင်းကိုမမြင်ရတာကြာပြီ။

    ReplyDelete
  3. ကျွန်ုပ်တို့၏ သူဂျီးမင်း လူပျိုကြီး မိနှင်းနှင့် များများ အေးချမ်းပါစေ


    ခွီးး ခွီးး ခွီးး

    ReplyDelete
  4. မိနှင်းထက် အောက်ဆုံးပုံမှာ ပုလင်းတွေလားမသိဘူး၊ အဲ့သဟာကို စိတ်အ၀င်စားဆုံးဘဲ.. ဟီး ဟီး ဟီး

    ReplyDelete
  5. တဂျင်းမီးတို့  ဘိလပ်က တယ်အေးသကိုး..တဂျင်းမီးတယောက် မိနှင်းနှင့် ဗျာများနေသည်..:P

    ReplyDelete
  6. သကြီးမင်း ရဲ့ မိနှင်း ကိုကြည့်ပြီးတော့ တော်တော် စိတ်ကုန်တယ် အလည်တောင် လာချင်တော့ ဘူး အညာသူများ အအေးတယ်ကြောက်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  7. နှင်းကို ချစ်ပေမယ့် အဲ့လောက်များတော့ လန့်တယ်း))

    ကိုကိုမောင်တော့ ချမ်းနေတဲ့ပုံကြည့်ချင်စမ်းပါဘိ

    ReplyDelete
  8. တစ်ယောက်ထဲ အပြင်ထွက်ပြီး နှင်းတွေကို သွားကြည့်တယ်။ ------အဲဒီအချိန် နွေးထွေးတဲ့
    လက်လေတစ်စုံရှိခဲ့ရင် ???????
    ကောင်းမယ်နော် ချစ်သူများနေ့ ရောက်တော့မယ်သဂျီးရေ
    ခင်မင်တဲ့ jasmine

    ReplyDelete
  9. ကျွန်မ နှင်းတွေကို ငေးသွားခဲ့ပါတယ်။

    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  10. သယ်ဂျီး နှင်းတွေနဲ့ဆော့မြူးပျော်ရွှင်နေတာလားး)
    ဒီမှာ မင်းနေပြည်မှာလည်းတော်တော်ချမ်းလှတယ်
    အဲလိုနှင်းခဲတဲ့နေရာဆိုနေနိုင်မယ်ထင်ပါဖူးဗျာာာ

    အချမ်းကြောက်သူ
    မောင်ဘကြိုင်

    ReplyDelete
  11. တဂျီးမင်းဘဝကို ရက်ရက်စက်စက် အနှောင့်အယှက်
    ပေးနေတဲ့မိနှင်းရဲ့အလှအပလေးတွေသေသေချာချာ
    ကြည့်ရှုသွားတယ်နော်း))
    အအေးကြောက်တဲ့တီတင့်တော့ အင်္ဂလန်ကို
    သွားလည်ဘို့အစီအစဉ်ဖျက်လိုက်တော့မယ် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. ဟုတ်ပ အဲဒီမိနှင်း တော်တော်ဆိုးတာပဲ...နော် အကို..:):)

    ReplyDelete
  13. အောင်မြလေး ရွှေဥာဏ်တော်က စူးရောက်တယ် အဲ့လိုခွက်နဲ့ထည့်ရင် အရည်ပျော်မှာပေါ့ တဂျင်းမီးရဲ့

    ခက်တယ် ခက်တယ် လူကြီးဖြစ်ပြီး ဒါတောင် မသိဘူး လိုက်လိုက် ရှင်းပြနေရတယ် မောတယ် ဒါပဲ :P :P

    ReplyDelete
  14. နှင်းကိုကြောက်ရင်အိမ်ထဲမှာဘဲနေပါ့
    ဘာလို့အပြင်နင်းကန်ထွက်လဲ
    ဘာလို့ဒါ့ပုံတွေလျှောက်ရိုက်လဲ
    ဘာလို့နှင်းတောထဲမှာ
    အရုပ်လုပ်လဲ
    အိမ်ထဲမှာဘဲကွကိုအေးဆေးနေပါလား
    ဟမ်...

    ReplyDelete
  15. သြော်...မိနှင်းဆိုလို့.. သူကြီးမင်း ဘာများဖြစ်ပါလိမ့်လို့... လက်သစတ်တော့... :)

    ReplyDelete
  16. မေတ္တာလေးပဲ ပို့ပေးပါ့မယ်..
    ဆထက်ပိုပြီး အေးချမ်းပါစေ သူကြီးရေ :D

    ReplyDelete
  17. သူဂျီးမင်းရဲ့ စာတစ်တန် ပေတစ်တန် ဖွဲ့ထားတဲ့ မိနှင်းက နောက်ဆုံးတော့ ဒင်းကို ပြောတာကိုး
    ဘာဘဲဖြစ်ဖြစ် လှတော့ အတော်လှနော် ..
    ကို်င်ကြည့်ချင်တယ်... တစ်ခါမှ မမြင်ဖူးသေးဘူး သူဂျီးရေ..
    ပြန်လာရင် လက်ဆောင် ယူလာပေးပါ.. အရည်တော့ မပျော်စေနဲ့ပေါ့နော်..း)

    ReplyDelete
  18. မိနှင်းကို ရေခဲခြစ်လုပ်ရောင်းပါလား သူကြီးမင်းရယ်...း)

    ReplyDelete
  19. မိနှင်းကို ရေခဲခြစ်လုပ်ရောင်းပါလား သူကြီးမင်းရယ်...း)

    ReplyDelete
  20. အဲဒီနှင်းလူသားက သူကြီးနဲ့တူတယ်ထင်တယ်... :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  21. နှင်းတွေ အများကြီးပဲနော် အရမ်းအေးမှာပဲ

    ReplyDelete
  22. သြော်..မိနှင်း..မိနှင်းး)
    ညည်းနှယ့်အေ..
    လူပျိုကြီးကိုမှ..နှိပ်စက်ရက်တယ်လို့ :P

    ReplyDelete
  23. သနားလိုက်ပါဘိ လူပြိုဂျီးရယ်...

    ခမျာမှာ လူမိနှင်းကို လွမ်းချင်ပေမယ့် လွမ်းစရာ မရှိရှာလို့ သူ့ဖာသာကျနေတဲ့ နှင်းကို ဇွတ်ရောအတင်းပါ စကားတင်းဆိုနေရှာသကိုး...

    အေးပေါ့လေ ခမျာမှာ ဆောင်းတောင်ကျွတ်တော့မယ် ထွေးပွေ့စရာ စောင်မရှိရှာတော့လည်း လွမ်းရှာပေမပေါ့း)

    မခင်နှင်းရယ်
    လူချင်းနှယ် မဆုံသာလို့
    သူကြီးမှာ ချာချာနောက်ရှာကြောင်း
    ညှာတာထောက် နေခြည်ဖြာမှဖြင့်
    ရွှေပြည်မှာ ကျန်သူနှမကို
    ခွန်းစဖို့ကောင်း...

    နှင်းတွေက လှတော့ အလှသားကပဲ သူကြီး...အဝေးကြည့်ပေါ့လေ...ဒါပေမယ့် ဒါတွေကြားထဲမှာ အကြာကြီး နေရရင်တော့ မလွယ်ကြောပဲ...

    သူကြီးမင်းထုထားတဲ့ ပုံတူ နှင်းလူသားကိုတော့ သဘောကျပါ့ဗျားး)

    ReplyDelete
  24. တဂျီး မိနှင်း ခ မိဖွေးကို အရည်ဖျော်နေတယ် ဟုတ်စ တော်တော်ဆိုးတဲ့တဂျီးပါလား အမရွှေစင်လို အညာသူပီပီ အအေးကြောက်တယ်.....
    မိနှင်း မရှိတော့မှ လာလည်တော့မယ်...


    ခင်မင်တဲ့
    အညာသူ seesein

    ReplyDelete
  25. မရောက်တာကြာပြီဗျာ
    ရောက်တော့လဲ အေးအေးချမ်းချမ်း ကြိုဆိုလို့ကျေးဇူးတင်မိပါတယ်
    ပုံတွေအားလုံးကလွမ်းစရာကောင်းတယ်ဗျာ

    ReplyDelete
  26. အားပါးပါးအလည်မရောက်တာကြာလို့အဝလည်မယ်
    ဆိုပြီးလာလိုက်တာ နှင်းတွေကြားထဲမှာခိုက်ခိုက်တုန်သွားတယ် အဟတ်ဟတ်

    အကို ညီ့ကိုတော့မှတ်မိပါသေးတယ်နော်
    ညီ blog မရေးဖြစ်တာ ၂နှစ်လောက်ရှိပါပေါ့
    အခုမှပြမ်ရေးဖြစ်နေတာ လာလည်ပါအုံး

    ReplyDelete
  27. နှင်းတွေကို မကြုံဖူးသေးလို့ ဓါတ်ပုံတွေ ကြည့်ရတာပျော်တယ်။ ခွက်ထဲထည့်ထားတဲ့ နှင်းတွေရယ် သစ်ပင်ပေါ်က နှင်းတွေရယ်ကို သဘောကျတယ်။း)

    ReplyDelete
  28. A cute post! Your snow man rather looks like a ghost ... :)

    ReplyDelete
  29. am going to fight in the American army till the last day of this war. However, sometimes, I essay writing services online

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။