Saturday, 24 December 2011
ဒါဇင်ဘီ ခရတ်စမစ် တို့ပက်စ်
"နိုး--နိုး--နှင်းကို ကြိုက်တယ်။ ဒါပေမဲ့ နှင်းကို ကြောက်တယ်--ဘယ်မှ မသွားဘဲ တစ်ယောက်ထဲ အေးအေးဆေးဆေး နေချင်တယ်။--နတ်သင်း--မရှိပါ--နိုးဘော်ဒီ--မလုပ်ပါမရှိပါ။--နိုး-- နတ်သင်း--နိုး--နိုး--"
တစ်မျိုး မထင်လိုက်ပါနဲ့။ သမီးငယ်လေးတွေ ကျွေးတဲ့ တက်စာ စားမိနေလို့ အစဉ်အတိုင်း ဖြေဆေးရှာနေတာပါ။ ဘဘမှာ အသက်ကလဲကြီး သားထောက်သမီးခံကလဲ မရှိဆိုတော့ ဒီလိုဘဲ တစ်ခါတစ်ခါ ဒါမနူးသမီးငယ်လေးတွေ ချချ ကျွေးလေ့ရှိတဲ့ တက်စာတွေကို စားနေကျပါ။ စားမိတိုင်းလဲ ကွေးနေအောင် တက်တာကလား။ တက်တိုင်းလဲ ဒီလိုဘဲ ဖြေဆေးစားနေကျဆိုတော့ ကျွေးလိုက် စားလိုက် တက်လိုက် ဖြေလိုက်နဲ့ တဂ်သံသရာ လည်နေလေတော့ရဲ့။
ဘဘတို့က တောကြီးမျက်မဲထဲက ပေါက်ဖွားလာတဲ့ တောသားစစ်စစ်တွေဆိုတော့ ဗဟုသုတနည်းချက်ကတော့ မပြောပါနဲ့တော့။ ခရစ်စမတ်ဆိုတာလဲ မကြားဖူး၊ အစ်နေ့ဆိုတာလဲ မသိ၊ ဒီပါဝလီဆို ဝေလားဝေးထဲကဘဲ။ မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်တဲ့အလျောက် အဖိတ်နေ့တို့ ဥပုသ်နေ့တို့လောက်သာ သိတာကလား။ ဗုဒ္ဓနေ့တို့ ဓမ္မစကြာနေ့တို့ အဘိဓမ္မာအခါတော်နေ့တို့ ဆိုတာကိုတောင် ဘာကို ဘာ့ကြောင့် ဘာနေ့လို့ ခေါ်နေကြမှန်း သိကြတာ မဟုတ်ဘူး။
အဖိတ်နေ့ဆိုတာ ကြားလိုက်ရရင် ရေနွေးကြမ်းခွက်ထဲက ရေနွေးကြမ်းတွေ ဖိတ်စင် လွှင့်ကျ နေတာကို မြင်ယောင်နေမိတယ်။ ပြီးတော့ ဥပုသ်နေ့လို့ ပြောသံကြားရတဲ့အခါ တ ဘူ ဘူ အီနေတဲ့ ဘုတ်အီသံကိုဘဲ ကြားယောင်နေမိပြန်ရော။ ထို့အတူပါဘဲ စန်တာကလော့ ဆိုတဲ့ အသံကြားရရင် မန်းမြေကို ဘုရားဖူးသွားရင်း မြင်ခဲ့ရတဲ့ ဈေးချိုက နာရီစင်ကြီးကိုဘဲ ပြေးမြင်ယောင် နေမိလေရဲ့။ စန်တာကလော့ ကို Centre Clock လို့ဘဲ နားလည်လိုက်တာကိုး။ မိန်းနာရီစင်ကြီးလို့ ဘာသာပြန်မိရောပေါ့။ နောက်တစ်ခု ဒီပါဝလီတဲ့။ အဲဒီအသံကြားရင်လဲ ရွာအရှေ့ပိုင်းက ဦးဒီပကြီးကို ပြောင်းဖူးဖက် ဆေးလိပ်ကြီး သောက်နေတဲ့ပုံ မြင်ယောင်မိပြန်ရော။ အစ်နေ့ကို ပိုဆိုးသေး။ လည်ပင်းတောင် ယားကျိကျိ ဖြစ်နေခဲ့တာ။ လည်ပင်းကို လာအစ်နေသလား မှတ်နေလို့လေ။ ဂလို ဂလို အသိပညာ အတတ်ပညာ ကြွယ်ဝတဲ့ တောသားစစ်စစ် ဘဘတို့ဘ၀ကို ဘယ်သူ ဘယ်ဝါ ဘယ်နတ် ဘယ်သိကြားက ကိုယ်ချင်းစာမိပါ့မလဲလေ။
တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူတွေကို ဘဘတို့ တုံးဖလားရွာသားတွေလိုဘဲလို့ ထင်ထားခဲ့ကြတာ။ ထင်ထားဆို အခုထက်ထိ အဲဒီလို ထင်နေကြတုန်းလေ။ ဟိုသင်္ကြန်ကာလတုန်းက တစ်ရွာလုံးမှ တစ်လုံးထဲရှိတဲ့ ရွာဦးကျောင်းက တယ်လီဖုန်းလေးနဲ့ မကြားတကြား စကားပြောဖြစ်ခဲ့တယ်။ ဘဘအသံကို ကြားဖူးချင်တော့ တစ်ရွာလုံးနီးနီး တစ်ယောက်တစ်လှည့်စီ စကားပြောကြပါရောလား။ ပြီးတော့ မေးခွန်းတွေက များလှပါဘိသနဲ့။ ရေပက်ခံ ထွက်မလည်ဘူးလား။ သင်္ကြန်ကပွဲတွေ သွားမကြည့်ဘူးလားနဲ့ စုံနေတာပါဘဲ။
နောက်ပြီး ဘိလပ်ဖြစ် ဂျိန်းစ်ဘွန်း ဇာတ်ကားတွေ အရမ်းများပေမဲ့ ဇာတ်ကားထဲမှာ တရားနာ ရေစက်ချ အမျှဝေတဲ့ အခန်းတွေ ဘာဖြစ်လို့ မပါရတာလဲ ဆိုတာက တစ်မျိုး၊ ဘိလပ်မှာကော မစိုးရိမ်တိုက် မဟာဂန္ဓာရုံတိုက်တို့လို စာသင်တိုက်ကြီးတွေ ပေါများသလားဆိုတာက တစ်ဖုံ၊ ဘိလပ်က ကာလသားခေါင်းဆောင်က တုံးဖလားက ကာလသားခေါင်းဆောင် ကိုစိန်မောင်လောက် ခန့်ခန့်ညားညား ရှိသလားဆိုတာက တစ်မယ်၊ ဘိလပ်က ရေတွင်းက တုံးဖလားတစ်ရွာလုံးအသုံးပြုနေတဲ့ ရေတွင်းလောက် ရေကြည်ကြည်လင်လင်ကော ရှိရဲ့လား ဆိုတာတစ်မှောင့်၊ ဘိလပ်ရွာဦးကျောင်းဆရာတော်က တုံးဖလားရွာဦးကျောင်းဆရာတော် ဦးသောမလောက် သဘောကောင်းရဲ့လား ဆိုတာက တစ်သွယ်။ စသဖြင့် စသဖြင့် အမယ်မယ်သော ထင်ရာ မြင်ရာတွေကို ဇွတ် မေးမြန်းကြလေရဲ့။
ဒီကောင်တွေ ငါငယ်ငယ်တုန်းက အတိုင်းပါဘဲလား၊ ဘာမှ အသိပညာအတတ်ပညာ မပြောင်းလဲ ကြသေးပါလားဆိုပြီး သနားစိတ်ဝင်နေမိတယ်။ သူတို့မေးတဲ့ မေးခွန်းတိုင်းကိုလဲ အင်း.. အဲ... ကောင်းပါတယ် စသဖြင့်သာ ရေလိုက်ငါးလောက် ဖြေပေးလိုက်ရတယ်။ မောင်ရင်တို့ထင်ထားသလို ဘိလပ်ဆိုတာ တုံးဖလားရွာနဲ့ ဘာမှ မတူဘူး၊ တစ်ခြားစီဘဲ လို့ မပြောရက်ဘူး။ ပြောပြရင်လဲ ယုံကြမှာမှ မဟုတ်တာ။ တော်ကြာ အာဂမယုတ္တိ သဘာဝယုတ္တိတွေနဲ့ ဖြေခိုင်းနေမှ စကားကြောရှည်ပြီး ဖုန်းဖိုး များများ ကုန်ရချည်သေးရဲ့။ နိဗ္ဗာန်မရောက်သေးတဲ့သူကို နိဗ္ဗာန်အကြောင်းရှင်းပြရ ခက်သလို ဘိလပ်မရောက်ဖူးသေးတဲ့သူတွေကိုလဲ ဘိလပ်အကြောင်း ရှင်းပြရ အတော်ခက်တာကလား။
ဘဘတို့ တုံးဖလားရွာက လူမှုရေး ပညာရေး ကျန်းမာရေး နိုင်ငံရေး ဘာမှ သိကြတာ မဟုတ်ဘူး။ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဟိန္ဒူ အစ္စလာမ် ကျူး ခရစ်ယာန် ဂျိန်း ဘီအေ အမ်အေ ပီအိပ်ခ်ျဒီ။ ဘာဆို ဘာမှ မသိကြဘူးလေ။ သူတို့သိတာက မိုးတွင်းမှာ လယ်ထွန် ကောက်စိုက် ဆောင်းပိုင်းမှာ စပါးရိတ်၊ ကျွဲကျောင်း နွားကျောင်း အရွယ်ရောက်လာရင် အိမ်ထောင်ပြု ကလေးမွေး။ ဒါလောက်ဘဲ သိကြတာကလား။ ပြီးတော့ တစ်ကမ္ဘာလုံးက လူတွေအားလုံးလဲ သူတို့ တုံးဖလားရွာသားတွေလို ဗုဒ္ဓဘာသာဝင်တွေချည်းလို့ ထင်နေကြလေရဲ့။
ဘဘလဲ အဲဒီ တောကြီးမျက်မဲထဲက ရွာကနေ လာခဲ့တဲ့ သူဆိုတော့ ဒီဇင်ဘာခရစ်စမတ်အကြောင်း ဘာမှ ကောင်းကောင်း မသိပါဘူး။ ပြီးတော့ ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိတော့ပါဘူး။ တစ်အိမ်ထဲ အတူနေတဲ့ အဘိုးအိုကတော့ ခရစ်စမတ်အိဗ်နေ့ကစပြီး အဓိဋ္ဌာန်တရားစခန်းဝင်မယ်တဲ့။ နှစ်သစ်ကို တရားရှုမှတ်ရင်း ကူးတော့မယ်တဲ့။ အဲဒါ မောင်ရင်ကော စိတ်ဝင်စားလား စိတ်ဝင်စားရင် ကြိုတင် စာရင်းပေးထားတဲ့။ နို့မို့ဆို နေရာ အခက်အခဲ ရှိနိုင်တယ်တဲ့။ ဘယ့်နှယ် ပြောရက်လိုက်လေခြင်း။ လူအများစုက ခရစ်စမတ်အိဗ်နေ့မှာ အပြတ်ကဲကြဖို့ ဟိုတယ်တွေမှာ ကြိုတင် ဘုတ်လုပ်ထားနေကြတဲ့ ကာလမှာ တရားစခန်း ဘုတ် လုပ်ရမယ်တဲ့။ ပြော ပြောချင်ဘူး။ ဂျပန် မိတ်ဆွေတစ်ယောက် ပြောတာကြားဖူးတယ်။ ဂျပန်မှာဆို ခရစ်စမတ်အိဗ်နေ့အတွက် ဟိုတယ်တွေ ဘုတ်လုပ်ရင် တစ်လ နှစ်လ ကြိုတင် လုပ်ရတယ်တဲ့။ နို့မဟုတ်ရင် ဟိုတယ်အခန်းတွေ လုံးဝ မအားတော့ဘူးဆိုဘဲ။ ခေတ်ကာလ သားသမီးတွေများ တယ်လဲ မျက်စိပွင့်ကြသကိုး။
တစ်ကိုယ်ထဲ သမားပီပီ ခရစ်စမတ်ကို ဖာသိဖာသာဘဲ ကုန်ဆုံးလေ့ရှိတဲ့ ဘဘကိုမှ တဂ်ရက်လိုက်လေခြင်းနော်။ တဂ်တာမှ တစ်ယောက်ထဲ မဟုတ်ဘူး။ သုံးယောက်ကြီးများတောင်။ ဘယ်သူတွေများပါလိမ့်။ မခို့တရို့နဲ့ ရို့စ်၊ ဟန်ချီနေတဲ့ ကန်ဒီ အထိမခံတဲ့ မိစံ။ သူတို့ သုံးယောက်ဘဲ။ တော်တော်ဆိုးတဲ့ ကလေးတွေ။
ကဲ တဂ်စာကျွေးတဲ့ မီးမီးတို့ရေ..
ဘဘကတော့ ဒီဇင်ဘာ ပိတ်ရက်မှာ ဘာမှ မယ်မယ်ရရ လုပ်စရာ မရှိပါဘူး။ အတူနေအိမ်က အဘိုးအိုလို တရားဘက်လဲ အဓိဋ္ဌာန်နဲ့ မလိုက်နိုင်၊ ကိုရင်တို့လို ကူဖော်လောင်ဖက်ကလဲ မရှိ၊ ဆရာဟန်ကြည်တို့လို ဒါမနူး သားသား မီးမီးတွေနဲ့လဲ စာသင်ရင်း မပျော်နိုင်၊ ကမောင်လေးတို့လို ဘီဘီလဲ မကြိုက်။ ဆိုတော့ကာ ဒီဇင်ဘာ ပိတ်ရက်တွေမှာ အိမ်မှာဘဲ အေးအေးဆေးဆေး နေရင်နေဖြစ်မယ်။ ဒါမှ မဟုတ် စိတ်ပေါက်လာရင် ပုတီးသုံးကုံး လည်ပင်းဆွဲပြီး ၀တ်ဖြူစင်ဝတ်ပြီးသကာလ ဘက်ကင်ဟမ်နန်းတော်ရေ့၊ လန်ဒန်အိုင်းရှေ့၊ တာဝါဘရေ့ဂ်ျတို့နား တစ်လျှောက် အလှည့်ကျ လှည့်ပတ်ပြီး ပုတီးတစ်ကုံးကျစီ စိပ်ရမလား စိတ်ကူးထားတယ်။
တကယ်လို့ မီးမီးတို့လဲ ဘက်ကင်ဟမ်နန်းတော်ရှေ့၊ လန်ဒန်အိုင်းရှေ့၊ တာဝါဘရေ့ဂ်ျတို့ အနီးအနားတစ်လျှောက် လျှောက်လည်ဖြစ်ခဲ့ရင် ပုတီးသုံးကုံး လည်ပင်းမှာ ဆွဲပြီး ၀တ်ဖြူစင်ဝတ်စုံကြီးဝတ်ထားတဲ့ ခန့်ခန့် ချောချော ထောင်ထောင်မောင်းမောင်း လူပျိုကြီးတစ်ယောက်ကို တွေ့မြင်ခဲ့လို့ရှိရင် အဲဒီလူဟာ တစ်ခြားလူ မဟုတ်ဘူး ဘဘကိုယ်တိုင်ပါဘဲလို့ ပုံသေကားချပ်မှတ်ပြီး (တစ်ကျပ် တန်သည်ဖြစ်စေ နှစ်ကျပ်တတ်နိုင်သည် ဖြစ်စေ... အဲလေ..ယောင်လို့...) ထပ်ကြပ်မကွာလိုက်လံ နှုတ်ဆက်နိုင်ပါတယ်လို့။ ။း)
သပြေညိုအလိုက် ဒီဇင်ဘာ ကဗျာလက်ဆောင်
***
ဒီဇင်ဘာ
မယ်ရို့စ်တဂ်တဲ့ ဒီဇင်ဘာ
ကန်ဒီတဂ်တဲ့ ဒီဇင်ဘာ။
တို့မြေက ပျို့မေတွေ တဂ်ပါတဲ့
ဒီဇင်ဘာ ကြည်ရွှင်စရာများရယ်က
ဆားချက်ဖို့ လာ။
ထိမခံ စိတ်နဲ့
အမိစံရယ် နှိပ်လိုက်ပြန်ပေါ့
ဟန်မော့မော့ အတွေး။
ဘဘအမျှော်
လှလှရယ် ပေါ်မလာတာကြောင့်
ဘိုးတော်လို မိုးမျှော် ကြည့်ကာပ
ပုတီးစိပ်ကာ ထီးရိပ်မှာ ခိုရအောင်
ဒီဇင်ဘာ ကြည်လင်ရာ များရယ်နဲ့
နား ကြစို့လေး။
.
မှတ်ချက်။
ရေးစရာ အိုင်ဒီယာ သိပ်မရှိဘဲ ကွန်ပျူတာရှေ့ထိုင်ကာ တဂ်ပို့စ်အတွက် ရောက်တတ်ရာရာ ရေးမယ်ဆိုပြီး ကီးဘုတ်ပေါ် လက်ချောင်းလေးတွေ တင်လိုက်တော့ ဂလို ဂလို ခပ်ပေါပေါတွေ ဖြစ်ထွန်းလာလေရဲ့။ ဂလိုကြောင့် ခပ်ပေါပေါနဲ့ အယ်လာ့ဂျစ်ရှိသူများ ခွင့်လွှတ်တော်မူကြပါကုန်သော်ဝ်။ (ဘဘသူကြီးမင်း)။
.
25 comments:
  1. Christmas မှာ ပျော်ရွှင်ပါစေ
    ReplyDelete
  2. ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေ အကိုရေ....:):)
    ReplyDelete
  3. အာ..သူကြီးးးး
    နှစ်သစ်မှာ..သူကြီးရာထူးအပြင်
    တစ်ခုထပ်တိုးအုံးမလို့လား
    ဘဘသူကြီးဆိုပဲး)
    ခန့်ခန့်ချောချောကြီးလည်းဟုတ်ပါပြီ
    မြင်တာနဲ့လူပျိုကြီးမှန်းသိအောင်.
    စာလေးဖြစ်ဖြစ်..လည်ပင်းမှာ.ဆွဲထားပေးရင်
    ပိုကောင်းမယ်ထင်တယ်နော်းP
    ပြီးတော့..
    ညန်မြန်ပြည်ပြန်ရင်လည်း..
    အစစရာရာ..ဘာမှ..ပူပါနဲ့လေ
    စစ်ကိုင်းချောင်မှာ..တစ်နေရာ
    ဘိုကင်လုပ်ကာ..ဦးထားပေးပါကြောင်း :P
    ဘဘတွက်..လှလှပေါ်မလာမှာလည်း
    ထပ်ပြီးပူပါနဲ့လေ..ဘုန်းဘုန်းတောက်
    တင်ထားတဲ့ပို့စ်ထဲမှာ..ဆေးကောလိပ်က
    ကျောင်းသူလေးတွေ.ပုံပါပါတယ်
    လှလှထက်..“လှ”ပါတယ်း)
    အဆင်ပြေသွားတယ်ဆိုရင်..
    လက်ခုပ်သံကြားချင်ပါတယ်းD
    ပျော်ရွှင်ချမ်းမြေ့ဖွယ်
    ခရစ်စမတ်နဲ့နယူးရီးယားဖြစ်ပါစေရှင်
    ReplyDelete
  4. ပျော်ရွှင်ဖွယ် ခရစ်စမတ်နဲ့  နှစ်သစ် ဖြစ်ပါစေ တဂျင်းမီးး
    ReplyDelete
  5. ဘဘတဂျင်းမီး..
    မှန်တယ်.. ဘုရားတရားလေး ဘာလေးလုပ်ပေါ့ အသက်က ကြီးပြီမလား အဟိ..
    ပေါတောတောနဲ့ လုံးဝအလတ်ဂျစ်မရှိပါ.. ဒါမျိုးနဲ့မှ ကန်ဒီတို့က အံဝင်ဒါ ဟဟ.. ကဗျာလေး အရမ်းကောင်းတယ် (အတည်ပြောခြင်း).. :D
    ReplyDelete
  6. အော်...ဘဘသူကြီးမင်းရယ်...ခပ်ပေါပေါဆိုလို့သာကွယ်...ဖတ်ရတာ...ရယ်လည်းရယ်ရတယ်...အသက်လည်းပိုရှည်တယ်...ကျေးဇူးလည်းတင်တယ်...ရယ်တာကို ပါးစပ်ပိတ်မလို့ လုပ်နေတုန်း...သမာန်စီး အဲ သမီးစံရဲ့ ခမန့်ကို ကြည့်ပြန်တော့လည်း ပိတ်လို့ မရပြန်ဘူး...အားရပါးရသာ ရယ်ချလိုက်မိပါကြောင်း...သတင်းကောင်းပါးအပ်ပါသည်...
    ReplyDelete
  7. အကို
    ပျော်ရွှင်စရာ christmass လေးဖြစ်ပါစေ
    ReplyDelete
  8. ရို့စ်တက်ဂ်ပို့စ်လေးကို ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် ရေးပေးလို့ ကျေးဇူးပါ ဘဘရှင့်...။ အခုနော် ဦးကိုကိုမောင်ကနေ ကိုယ့်ဘာကိုယ် ရာထူးတိုးလို့ ဘဘ အခေါ်ခံရတာ။ ခေါ်တဲ့သူ အပြစ်မဟုတ်ဘူး။ ပေါတောတော မဟုတ်ပါဘူး။ ဖတ်ပြီး ပြုံးနေမိတာ။ အဲ့ဒီလို ကဗျာကိုလည်း လက်တန်းစပ်လို့ ဖြစ်တာပဲလား။ ဘဘတို့တော်ချက်း)))
    ReplyDelete
  9. ပျော်ရွှင်သော ခရစ္စမတ်နှင့် နှစ်သစ်လေးကို ပိုင်ဆိုင်ပါစေ
    ReplyDelete
  10. ဘဘသူကြီးမင်း
    ပျော်စရာခရစ္စမတ်နဲ့ နှစ်သစ်ပါနော်...
    တစ်ချက်တစ်ချက် ပျောက်ချက်သားကောင်းပီး တစ်ချက် တစ်ချက် ထထပေါ်လာတတ်တဲ့ ဘဘကြီး
    နေကောင်းကျန်းမာရှိသေးတယ်ဆိုလို့ ဝမ်းသာရပါကြောင်း..
    နှစ်သစ်မှာ ကံကောင်းခြင်းများစွာ ကို ရရှိပါစေလို့နော်.
    ReplyDelete
  11. ဘိလပ်ကဘိုးသူတော်တဂျီးရေ.....ပျော်ရွင်နှစ်လိုဖွယ်ခရစ်စမတ်နှင့် နှစ်ကူးကာလကိုပိုင်ဆိုင်နိုင်ပါစေဗျား....။ကမောင်
    လေးလည်း ဒီနှစ်မှာ ၁၂ပါးသီလယူထားလို့ ဘီဘီမချနိုင်
    ဘူးဗျ....:)
    ReplyDelete
  12. ရယ်လည်းရယ်ရတယ်...အသက်လည်းပိုရှည်နိုင်တယ်
    ဒါမျိုးလေးတွေဖတ်သင့်တယ်ဗျာ
    နှစ်သစ်မှာ ပျော်ရွှင်မှုတွေပြည့်ဝပါစေဗျာ
    ReplyDelete
  13. တရုတ်အားထားပါလေတော့ ကိုရင်သဂျီးမင်း :D
    ReplyDelete
  14. သူဂျီး...
    မဲရီးခရစ်စမတ်.....
    မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ သူဂျီးရေ.....
    ReplyDelete
  15. စဖတ်ရတာနဲ့အတော်လေး
    ထိတ်ထိတ်ပြာပြာဖြစ်ရတယ် နတ်သင်း ဆိုတော့
    သဂျီးတစ်ယောက်ပိတ်ရက်မှာ ဘယ်ကနတ်ကို
    ဘာတွေများသင်းမလဲလို့ အိုး လန့်လိုက်တာဟယ်
    ဘဘအမျှော်
    လှလှရယ် ပေါ်မလာတာကြောင့်
    ဘိုးတော်လို မိုးမျှော် ကြည့်ကာပ
    ပုတီးစိပ်ကာ ထီးရိပ်မှာ ခိုရအောင်----ဖစ်ရလေ
    အားကျမခံ မြန်မြန်ရှာပါလား
    ReplyDelete
  16. Merry Christmas and Happy New Yearပါဗျာ
    ReplyDelete
  17. တုံးဖလားဆိုရင် ဝေးဝေးကရှောင်တော့မယ်
    အင်တာဗျူးခံရမှာကြောက်လို့း)))
    ခရစ်စမတ်နေ့မှာ အဓိဌာန်ပုတီးသုံးကုံး
    ပြီးအောက်အောင်စိတ်နိုင်ခြင်း ကုသိုလ်ကံကြောင့်
    တုံးဖလားသူ တုံးဖလားသားများ လောကီလောကုတ္တရာ
    နှစ်လီနှစ်ဝပြည့်ဝကြပါစေကွယ်။
    Merry Christmas & Happy New Year !!!
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  18. ဟိဟိ.. တုံးဖလားရွာတားတွေကို တားပဲ ရှင်းပြလိုက်တော့မယ်လေ... သူကြီးက ဖုန်းဖိုးနှမြောလို့ ကျွန်တော်ရှင်းပြရတာပါလို့... :P
    ခင်မင်စွာဖြင့်
    ကိုကိုးအိမ်(မန္တလေး)
    ReplyDelete
  19. သူများမတ်ပေမယ့် ဒို့များတော့ မမတ်နိုင်ပေါင်
    အားလည်းအားဝူး ချမ်းကချမ်းနဲ့
    သူဂျီးတို့ဘိလပ်မှာပိုချမ်းလိမ့်မယ်ထင်ပါရဲ့
    ဘာလိုလိုနဲ့ နှစ်ကူးတော့မယ်နော် တဂျီး
    တကိုယ်တည်းပဲနေတော့မှာလား သယ်ဂျီးရယ်
    မောင်ဘကြိုင်
    ReplyDelete
  20. ပုတီးသုံးကုံး အစဉ်သုံးနိုင်ပါစေ သူကြီးမင်းရေ။ အားပေးစကားအမြဲပြောတဲ့ အတွက် ကျေးဇူးတင်ဝမ်းမြောက်လျက်ပါ သူကြီးမင်း။
    ဒါနဲ့ ဘက်ကင်ဟန်နန်းတော်ရှေ့မှာ ကြည့်နေမယ်။
    ခင်မင်လေးစားလျက်
    သဒ္ဓါ
    ReplyDelete
  21. ရယ်မောရတာ အလွန် ကြိုက်ပါ၏။
    သူကြီးနဲ့ တုံးဖလားရွာသားအားလုံး (ပြောသာပြောရတယ်၊ သူပဲ သူကြီး၊ သူပဲ ရွာသားထင်ပါရဲ့း) နှစ်သစ်မှာ ပျော်ရွှင်သုခအပေါင်းနှင့် ပြည့်စုံပါစေဗျာ...။
    ခင်မင်သော...
    သတိုး
    ReplyDelete
  22. ဘာမှလာရှင်းမပြနဲ့တဂျီး
    အ၀တ်ကဖြူစင်ကြယ်မဟုတ်ဘူး အေးနေလို့ အ၀တ်မလဲလို့ အဖြူကမီးခိုးရောင်ပေါက်နေပြီကိုများဟွန့်
    မသိရင်ခက်မယ်
    ဘာမင်ဂန်ရှေ့မယ် ဒါလင်ဟန်နဲ့ ကဲနေတာ
    မှတ်လရော့ဟယ် ကြေညာလိုက်မယ်ပ
    တို့တုံးဖလားသဂျီး သွားဖုံးများဖြီးလို့
    နှင်းမှုန်တွေကြား အမူတွေပိုနေသလားလို့
    ဒါဘဲ
    ခြေရှည်ရာမှ ပြန်ရောက်လာတဲ့
    မဒိုးကန်
    ReplyDelete
  23. ပျော်စရာ ခရစ်စမတ်မှာ ၀တ်ဖြူကြီးနဲ့ နှင်းတွေဝေ ပါစေဗျား............
    ReplyDelete
  24. ဗျိုး သူကြီး...
    ဆောင်းတောင်တော်တော်ဝင်နေပြီ...စောင်လေးဘာလေးဝယ်ဖို့ စိတ်ကူးဦး...ပုတီးပဲ နင်းကန်စိတ်နေရတာ တရားရပေမယ့် ထားနှမလောက်ကတော့ဖြင့် မနိပ်ပေဘူးနော...
    ခရစ်စမတ်လွန်သွားပြီဆိုတော့ ပျော်ရွှင်ဖွယ်နှစ်ကူးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါသဗျား...
    ReplyDelete
  25. တစ်ခုခုတော့ မှားနေပြီဗျ..
    ဒိလူကြီးကို လူပျိုကြီး လူပျိုကြီးနဲ့ ဘယ်သူက ပြောတာတုန်း..လူပျိုကြီးဆိုတာ..သူကုယ်တိုင် ပြောတာလား..တဆင့်စကား ကြားတာလား..
    ဟိုတလောက မေးတုန်းက သူ့မြေးလေး နေမကောင်းလို့ ချော့နေရတယ်ဆိုတော့ ဘယ်နည်းနဲ့မှ ဒင်း မဖြစ် နိုင်ဘူး.. :D
    bေy the way,,,
    ပျာ်စရာ နှစ်သစ် ဖြစ်စေသော်
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။