Tuesday, 19 July 2011

လူမြင်ကွင်း၌ ဟ၀ှာပြုကြခြင်း


အခန်းတွင်း အောင်းနေရခြင်းသည် မီးနေသည် ဘ၀နဲ့ တူလှ၏။ လေကောင်း လေသန့် ရှူမရ၊ ပတ်ဝန်းကျင်နဲ့လည်း ထိတွေ့မှု မရှိ။ ပျင်းရိဖွယ်ပင်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ညနေခင်းဘက် ရောက်တိုင်း ရာသီဥတု သာယာပါက အညောင်းပြေအညာပြေ လမ်းလျှောက် ထွက်လေ့ရှိ၏။ ကျွန်ုပ် လမ်းလျှောက်ထွက်နေကျ လမ်းကြောင်းမှာ A4 လမ်းမကြီးဘေးမှ အထက်သို့ ထောင်တက်ရင်း Oysterley Park သို့ ရောက်သည့်အခါ ထို Park ဘက်က လမ်းကြားလေးသို့ ချိုးဝင်ပြီး ထို လမ်းကြားလေး အတိုင်း စုန်ဆင်းလာပြီး ကျွန်ုပ်နေထိုင်ရာသို့ ပြန်လာနေကျ ဖြစ်၏။ အသွားအပြန် တစ်နာရီကျော်ကျော် ကြာ၏။

ညနေခင်းတစ်ခုတွင် A4 လမ်းအတိုင်း လမ်းလျှောက်သွားရင်း Oysterley Park အနီးသို့ ရောက်သောအခါ လူတစ်စု အရာဝတ္ထုတစ်ခုအား ၀ိုင်းကြည့်နေသည်ကို တွေ့ရလေ၏။ ကျွန်ုပ်သည်လည်း ထိုလူအုပ်ထဲသို့ တိုးဝင်ကာ ထို အရာဝတ္ထုအား စိတ်ဝင်စားစွာ ကြည့်ရှုမိလိုက်လေ၏။ ထူးဆန်းဖွယ်ပင်တကား။ ကျွန်ုပ် မျက်လုံး အပြူးသား ဖြစ်သွားရလေ၏။ ကိုယ့်မျက်စိကိုပင် ကိုယ်မယုံချင်။ မြင်ကွင်းက ကြည့်ရှုလို့မှ မတင့်တယ်။ ယိုသူမရှက် မြင်သူရှက်ရမည့် ကိန်းပင်ဖြစ်၏။ လူမြင်ကွင်းမှာ ထိုကဲ့သို့ ပြုလုပ်ရန် လုံးဝ မသင့်တော်ချေ။ သို့သော် ယိုတဲ့သူကလဲ အားရပါးရ ယိုနေပြီး မြင်တဲ့သူကလဲ အားတက်သရော မြင်နေကြလေ၏။ ထိုအရာဝတ္ထုသည်ကား အခြားမဟုတ်ချေ။ မောင်နှံနှစ်သွယ် ချစ်တင်းနှောနေကြခြင်းပင်ဖြစ်၏။

ချစ်တင်းနှောနေသည့် နေရာမှာ လုံခြုံသည့် နေရာတစ်ခု၌လဲ မဟုတ်။ ပန်းခြံထဲ၌လဲ မဟုတ်၊ လမ်းမပေါ်၌လဲ မဟုတ်၊ ဘတ်စ်ကား မှတ်တိုင်၌လဲ မဟုတ်။ အမှန်မှာ လမ်းဘေးရှိ သစ်ပင် ခပ်ကြီးကြီး တစ်ပင်၏ အကိုင်းကြီး တစ်ခုပေါ်၌ ချစ်တင်းနှောနေကြခြင်းပင် ဖြစ်၏။ အတော်လေး အံ့သြဖွယ် ကောင်းလေစွတကား။ အနောက်တိုင်းသားတို့၏ ကလီကမာ ကြံကြံဖန်ဖန် ထိုကဲ့သို့ ပြုခြင်းသည် သူတို့၏ မွေးရာပါ ရောဂါ ဖြစ်လေအံ့ထင့်။ မမြင်ဝံ့ မမြင်သာကြီးပင် ဖြစ်၏။ မတော်တဆ ခြေချော်လက်ချော် ဖြစ်ပြီး အောက်ပြုတ်ကျခဲ့ရင်လဲ မဟာဒုက္ခ။ သဲထိတ်ရင်ဖိုဖွယ်ကြီးပါတကား။

သစ်ပင်အောက်မှ အပေါ်သို့ ၀ိုင်းဝန်းမော့ကြည့်နေကြသည့် လူအုပ်သည်လည်း တစ်စတစ်စ များပြားလာလေ၏။ ကင်မရာထုတ်ပြီး မှတ်တမ်းယူနေသူတွေလည်း ရှိ၏။ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေသည့်သူတွေလည်းရှိ၏။ ရှက်ဟန်ရွံ့ဟန်ဖြင့် မကြည့်ရဲ ကြည့်ရဲ ကြည့်နေကြသည့် အမျိုးသမီး တစ်စုလည်းရှိ၏။ မြင်ကွင်းကို သဘောကျပြီး ပြုံးယောင် သန်းနေကြသည့် မျက်နှာ ပိုင်ရှင်တွေလည်း ရှိ၏။ ကျွန်ုပ်သည်မူကား စိတ်မ၀င်စားလေဟန်၊ လမ်းကြုံရင်း ၀င်ကြည့်လေဟန်ဖြင့် ဣနြေ္ဒကြည့် ကြည့်နေမိလေ၏။ အမှန်မှာ ကျွန်ုပ်သည်လည်း ထိုမြင်ကွင်းကို စိတ်ဝင်စားနေသည်ပင် ဖြစ်၏။

ကြည့်နေသည့်သူ ဘယ်လောက်ပင် များများ သစ်ပင်ပေါ်က အတွဲကား ချစ်တင်းနှောနေမြဲပင် ဖြစ်၏။ လောကကြီးထဲမှာ သူတို့သာ ရှိသည်ဟု ထင်မှတ် နေလေရော့လား မသိ။ ဒါမှမဟုတ် အားကစားပွဲတွေမှာကဲ့သို့ အားပေးသူ ပရိသတ်များလေလေ ကစားအား ကောင်းလေလေ ဖြစ်လေရော့လား မသိ။ သူတို့သည်လည်း ကစားအား ကောင်းသထက် ကောင်းနေကြလေ၏။ တခါတလေ သူတို့ကိုယ် သူတို့ သစ်ကိုင်းပေါ်မှာ ရှိနေသည်ကိုပင် မေ့လျော့ဟန် ရှိ၏။ သတိလွတ်ကာ သစ်ကိုင်းပေါ်မှ ခြေချော်ကျ၏။ သို့သော် ချက်ခြင်း သစ်ကိုင်းကို လှမ်းတွယ်ပြီး အကိုင်းပေါ် ထပ်တက်ပြန်၏။ မကြာခဏ ထိုကဲ့သို့ သစ်ကိုင်းပေါ်မှ ချော်ကျလိုက် ပြန်တက်လိုက် ဖြစ်နေ၏။ စတန့်များ ထွင်နေရော့သလား မသိတော့ချေ။ အောက်က ၀ိုင်းကြည့်နေသည့် သူများမှာလည်း ထို စတန့်လုံးများကို ကြည့်ကာ ပိုပြီး အားပေးကြလေတော့၏။

အနည်းငယ်မျှ ကြာသည့်အခါ သူတို့၏ ချစ်တင်းနှောခြင်းကို အဆုံးသတ်လိုက်ကြ၏။ ထို့နောက် ၀ိုင်းကြည့်နေသည့် လူတွေကို အလေးမမူ ဂရုမစိုက်ဘဲ သစ်ပင်ပေါ်မှ နှစ်ဦးသား ခပ်ဖြေးဖြေး ဆင်းပြီး လူအုပ်ကို ကျော်ဖြတ်ကာ မနီးမဝေးရှိ မက်ဒေါ်နယ် စားသောက်ဆိုင်သို့ ချီတက်သွားကြလေတော့၏။ ၀ိုင်းကြည့်နေကြသည့် လူအုပ်ကြီးသည်လည်း သူတို့မောင်နှံနှစ်ဦးကို မျက်စိ တစ်ဆုံး နောက်ပြန်လှည့်ကာ ကြည့်နေကြလေ၏။ ထိုမောင်နှံနှစ်ဦးသည် မက်ဒေါနယ် စားသောက်ဆိုင်သို့ ရောက်သွားသည့်အခါ ဆိုင်ထဲသို့ မ၀င်ဘဲ အနီးအနားရှိ လူတွေ စွန့်ပစ်ထားသည့် စားကြွင်းစားကျန်တို့ကို ကောက်ယူကာ နှစ်ဦးအတူတူ မျှမျှတတ ဝေငှစားသောက် နေကြလေတော့၏။ ထိုအဖြစ်အပျက်ကို အစမှ အဆုံးထိ ကြည့်ရှုနေသည့် အင်္ဂလိပ်နဲ့ကုလား စပ်ကျထားသည့် ကပြားအင်္ဂလိပ်တစ်ယောက်၏ ပါးစပ်မှ ကျိန်ဆဲသလိုလို ပြစ်တင်ဝေဖန်သလိုလို စကားတစ်လုံး ခုန်ထွက်လာလေ၏။ "အတော်နောက်တဲ့ ခိုတွေ"။

.

20 comments:

  1. မရောက်ဖြစ်တာကြာလို့ လာအလည်မှာ ဒီ Post နဲ့ တန်းတိုးပါရောလား! ကြံကြံဖန်ဖန် ကြုံလဲကြုံတတ်တယ် ... :)

    ReplyDelete
  2. အတော်နောက်တဲ့ ကိုကိုမောင် ဘဲ လူတောင် သဲထိပ်ရင်ဖို ဖြစ်သွားသေး

    ရွှေစင်ဦး

    ReplyDelete
  3. သစ်ပင်ပေါ်မှာဆိုကတည်းက အကောင်တစ်မျိုးမျိုး လို့တော့ ထင်မိသား...
    ပြုံးမိပါတယ်..း))

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)Tuesday, 19 July 2011 at 04:23:00 BST

    ဖြစ်ရလေခြင်း သူဂျီးရယ်

    ReplyDelete
  5. သွားဂျီးရဲ့ အကွက်တွေ ရိုးနေပြီနော်.. ဒါကိုသိလို့ နောက်ဆုံးစကားလုံးလှမ်းကြည့်လိုက်တာ.. ခိုဆိုတာနဲ့ ဒီကွန်မန့်တန်းရေးတယ်.. ဟိဟိ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  6. ပွဲကြမ်းတယ်။

    သဂျီးကလည်း ကြုံတတ်ပါတယ်နော်။
    ဖန်ဖန်ကြံကြံ။

    ReplyDelete
  7. ဟွင်း ဟွင်း ဟွင်း....ပန်နာဆိုးနစ် ဓါတ်ခဲမှာ ကတည်းက ခံရဖူးတယ်....

    အိမ်ရှေ့က လျှပ်စစ်ဘဲလ်နဲ့လဲ ကြုံဖူးတယ်..

    ဒီတော့ကာ အပင်ပေါ်မှာကတည်းက သူကြီးမင်းတော့ နောက်ပြီလို့... အဟတ်ဟတ်။

    ReplyDelete
  8. ညီမရွှေစင်ပြောသလိုပဲ ကိုကိုမောင်ရေ အန်တီ့သားက ပြောသွားတယ် 'အတော်နောက်တဲ့ အစ်ကိုပဲ' တဲ့း))

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. ထင်တော့ထင်သား ခွေးတော့တွေ့ဘူးတယ် ထိုင်မကြည့်ဖြစ်ါပါဘူး ပျင်းစရာကြီး။

    ReplyDelete
  10. ပုံပြင်များ ဇာတ်သိမ်းပြီလားလို့ 
    ခိုပွဲးသွားနေတာကိုး

    ReplyDelete
  11. အော် ခိုကယ်လိုက်လို့ တော်သေးတယ်။ ဟာ ဟ။ ကျန်းမာပျော်ရွှင်ပါစေနော့...

    ReplyDelete
  12. ဟဟဟ...တဂျီး....ဒီအကွက်တွေက ခံရလွန်းလို့ရိုးသွားပြီ။
    ဒါနဲ့စကားမစပ်...ဘလမှာ ဖဘလို like လို့ရရင် နေဝသန်၊
    အင်္ဂါဟူးနဲ့အစ်မကွန်တို့ ကွန်မန့်တွေကို like လိုက်ချင်သေး.......:P:D

    ReplyDelete
  13. အာ...ကြံကြံဖန်ဖန်...သိသိချည်းနဲ့ ခံလိုက်ရတာ နာလိုက်တာ...ဘယ့်နှာ သူတို့လူမျိုးတွေကလည်း အရှက်နည်းလှချည့်လို့ ဖတ်ရင်းတွေးလိုက်လာတာ...နောက်ဆုံးကျမှပဲ ခံလိုက်ရမှန်းသိတယ်...သူကြီးတော့ ဂျာနယ်လစ်လေ တဖြည်းဖြည်း ၀င်လာပြီ...နောက်တစ်ခါတော့ စာလုံးတိုင်းကို အာရုံစိုက်ပြီး သရုပ်ခွဲရင်း ဖတ်မှ...

    ReplyDelete
  14. ကျန်းမာပါစေမင်္ဂလာပါ သူကြီး
    ဖတ်ပြီးတာကြာပေါ့-အခုမှကွန်မန့် ဝင်ရေးချင်လို့ 
    တွေးကြည့်မိတာပါ အင်္ဂလိပ်နဲ့ ကုလားစပ်ကျထားတဲ့သူက
    သူကြီးဘဲဖြစ်မယ်ထင်မြင်မိ၏-

    ReplyDelete
  15. အစကတော့ မျောက်တွေလို.ထင်တာ..နောက်မှငှက်ဖြစ်နေတာကို....

    ReplyDelete
  16. တဂျီးမင်းနော်
    လူကိုမလှည့်စားနဲ့
    မောင်ဘကြိုင်အခံဘက်ကချည်းပဲ
    နောက်ဆို တဂျီးကိုတတိထားမှ

    မောင်ဘကြိုင်

    ReplyDelete
  17. အရှေ့ တိုင်းသားတွေလည်း ဒီလိုသစ်ပင်ပေါ်မှာ ဘာညာသာဒကာပြီးရင်...မက်ဒေါ်နယ်အစား မုန့် ဟင်းခါးဆိုင်ကို သွားကြမလားမသိဘူးနော်။

    ReplyDelete
  18. သဂျီးတို့ ခိုပွဲလည်း အလွတ်မပေးပါလား
း)

    ReplyDelete
  19. ဟီးးဟီးးးဟီးးဟီးးဟီး ဟိ

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။