Thursday, 20 February 2014

"တုံးဖလားသူကြီးမင်း အွန်လိုင်းဆုံးမစာ"

 ဘလော့ရပ်ဝန်း၊ လွန်တင့်ထွန်းဖို့၊ တွန်းပို့လင်္ကာ၊ စီရင်ကာဖြင့်၊ ၀နာရပ်မှီး၊ တောမျက်မည်းက၊ သူကြီးကျွန်ုပ်၊ ဖော်ဆောင်ထုတ်၍၊ အဟုတ်အဟတ်၊ ပင့်ဖိတ်အပ်သည်၊ အမတ်ဘုရင်၊ လူရှင်ရဟန်း၊ ကမ္ဘာဝှန်းက၊ ကြွမြန်းလှဲ့ပါ၊ မင်္ဂလာယူ၊ အောင်လံထူပြီး၊ တမူထူးခြား၊ တုံးဖလားရွာ၊ ဌာနေသာမှ၊ မေတ္တာစည်တီး၊ ရင်ဘတ်ကြီးဖြင့်၊ ကောင်းချီးထုတ်ဆောင်၊ ကိုကိုမောင်သည်၊ အောင်ခြင်းယှက်ဖြာ၊ ဘလော့ဂါနှင့်၊ စာလာဖတ်သူ၊ များပြည်သူအား၊ ကြည်ဖြူအထူး၊ မေတ္တာကူးအံ့။  ။
.....

အဆော့ကိုလဲ အာသာမမက်နဲ့။
ဘလော့ကိုလဲ အလာမပျက်နဲ့။

အဆော့ကို အာသာမက်တော့ စိတ်ထွေပြားသမို့ အလှကြွေရတတ်သည်။
ဘလော့ကို အလာပျက်တော့ မိတ်ဆွေရှားသမို့ ဘ၀သေရတတ်သည်။
.....

ခွန်းဆင့်ပေးဖို့လဲ မချဉ်းနဲ့။
ကွန်းမင့်ရေးဖို့လဲ မပျင်းနဲ့။

ခွန်းဆင့်ပေးဖို့ ချဉ်းက များမသိသမို့  အဟော့ပဂေးရှက်ရတတ်သည်။
ကွန်းမင့်ပေးဖို့ ပျင်းက အားမရှိသမို့ ဘလော့အရေးပျက်ရတတ်သည်။
.....

နေ့ဥပုသ်ချည်းလဲ တောင်းမနေနဲ့။
ဖေ့စ်ဘုတ်ချည်းလဲ အောင်းမနေနဲ့။

နေ့ဥပုသ်ချည်းတောင်းတော့ အပျင်းထုံသမို့ ညစ်ညူးသွားရတတ်သည်။
ဖေ့စ်ဘုတ်ချည်းအောင်းတော့ အဆင်းစုံသမို့ ချစ်ရူးသွားရတတ်သည်။
.....

ဟောတိုင်းလဲ မယုံနဲ့။
ပြောတိုင်းလဲ မဖြုံနဲ့။

ဟောတိုင်းယုံတော့  သဒ္ဓါစိတ်မပြည့်သမို့ ရောင်ဆိုးခံရတတ်သည်။
ပြောတိုင်းဖြုံတော့  ဗလာအဆိပ်မရှိသမို့ ချောင်ထိုးခံရတတ်သည်။
....

ပြိုင်စံရှားကိုလဲ အမြင်မနီးနဲ့။
နိုင်ငံခြားကိုလဲ အထင်မကြီးနဲ့။

ပြိုင်စံရှားကို အမြင်နီးက အကောင်းမရှိသမို့ အနှယ်အထောင်းခံရတတ်သည်။
နိုင်ငံခြားကို အထင်ကြီးက အကြောင်းမသိသမို့ အငယ်အနှောင်းကျန်ရတတ်သည်။
.....

အပျိုကြီးကိုလဲ အထင်မသေးနဲ့။
လူပျိုကြီးကိုလဲ အမြင်မဝေးနဲ့။

အပျိုကြီးကို အထင်သေးတော့ ရုပ်အဆင်းလှသမို့ မာန်တက်ခံရတတ်သည်။
လူပျိုကြီးကို အမြင်ဝေးတော့ ကုတ်ကမြင်းဘ၀မို့ ပြန်နှက်ခံရတတ်သည်။
.....

"ရတယ်ရတယ်"ဆိုပြီးလဲ အားနာလို့ မချက်နဲ့။
"လှတယ်လှတယ်"ဆိုပြီးလဲ အားပါလို့ မအက်နဲ့။

"ရတယ်ရတယ်"ဆိုပြီး အားနာချက်တော့  မြင်ကရာအရိုက်များသမို့ မျက်စိမွဲရတတ်သည်။
"လှတယ်လှတယ်"ဆိုပြီး အားပါအက်တော့ ကင်မရာရိုက်စားသမို့ ကွက်တိလွဲရတတ်သည်။
.....

မမြင်ဘဲနဲ့လဲ မဟနဲ့။
မခင်ဘဲနဲ့လဲ မစနဲ့။

 မမြင်ဘဲ ဟတော့  မ၀ံ့မချင့်သမို့ အမဲခံရတတ်သည်။
မခင်ဘဲ စတော့ အခန့်မသင့်သမို့ အဆဲခံရတတ်သည်။
.....

အထာပေးလို့လဲ လက်မသွေးနဲ့။
စာရေးဖို့လဲ လက်မနှေးနဲ့။

အထားပေးလို့ လက်သွေးတော့ မာယာများသမို့ အလျော်ပေးရတတ်သည်။
စာရေးဖို့ လက်နှေးတော့ အလာနားသမို့ အတော်ဆွေးရတတ်သည်။
.....

ဘလော့ကျေးရွာ၊ လွန်သာယာဖို့၊ ကညာပုရိ၊ ပညာရှိနှင့်၊ က၀ိမထေရ်၊ များဝေနေတို့၊ မသွေဖတ်ရန်၊ ထိုသ၀ဏ်အား၊ အားမာန်ခဲကုတ်၊ လွန်အားထုတ်၍၊ ကျွန်ုပ်သူကြီး၊ ရေးသားပြီးသည်၊ ချီးနှီးမဖြစ်၊ လွန်ပြေပြစ်၍၊ ထင်ရစ်ကျန်အောင်၊ အာဂုံဆောင်လော့။ ။း)


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)


.

22 comments:

  1. အရမ်းကောင်းတဲ့ ဆုံးမ စာလေးအတွက်
    ကျေးဇူးပါ တဂျီးမင်းရေ :)

    ReplyDelete
  2. Comment ပေးဖို့ မမေ့ရဲတော့ဘူး သူကြီး အားမရှိမှာစိုးလို့း)))

    ဆိုလိုချက်လေး ကောင်းတယ်ဗျာာာ ဘကုန်းရွာက ကြည်နူးစရာပါ ။

    ReplyDelete
  3. အဟောနဲ့အပြောလေးတွေကို စီးချက်ညီညီ ရေးပြသွား တာလေး သဘောတကျ ... :)

    ReplyDelete
  4. အန်တီလေးမေခင်Thursday, 20 February 2014 at 07:08:00 GMT

    စာဖတ်သူတစ်ယောက်အနေဖြင့် "ဘ" ရွာလေးကိုအလည်လာသွားပါတယ်။ Comment ပေးဖို့ မမေ့ပါဘူး တဂျီးမင်းအားရော့ပြီး ဘလော့ မရေးမှာစိုးလို့ :))) ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  5. တဂျီးမင်းတို့လက်စွမ်းပြနေပါပကောလား...
    တုံးဖလားသူကြီး ကျန်းမာပါစေ
    တုံးဖလားသူကြီး ချမ်းသာပါစေ
    တုံးဖလားသူကြီး လန်းဖြာပါစေ
    တုံးဖလားသူကြီး လူပျိုကြီးဘ၀ကကျွတ်တန်းဝင်ပါစေ :P
    အတော်လေးကောင်းတဲ့ ဆုံးမစာမို့ ကူးယူသွားပြီနော် :)

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  6. တဂျီးမင်း အမှန်တွေ ပြောပြီးဆုံးမစာရေးထားတယ်. :)

    ReplyDelete
  7. ဟိုက်ရှားဘားစ်...ကျည်းကန်ရှင်ကြီးတောင် ထိုင်ငိုသွားလောက်တဲ့ တုံးဖလားလူပျိုကြီး ဆုံးမစာပေပဲ သူကြီးမင်းရဲ့...

    ဒါမျိုးရေးဖို့ စိတ်ကူးနေခဲ့တာ ဆယ်နှစ်တောင်ပြည့်သွားပြီ နှစ်ကြောင်းကနေကို မတက်တော့လို့ ထိုင်နေရသဗျို့...သူကြီးမင်းတို့ကျတော့လည်း ကောက်ခါငင်ခါ ရေးလိုက်တာ ချောနေပါရောလား...လေးစားသဗျာ...

    ဘလော့ရွာကြီး သာယာစည်ပင်ပါစေဗျား...( စည်ပင်သာယာမဟုတ်ဘူးဗျနေား)

    ReplyDelete
  8. ကွန်မန့်ပေးဖို့ ပျင်းတော့ဘူးနော်...
    ဒါမှ နောင်နှစ်တရာမှာ တုံးဖလားတဂျီးမင်းမစ်တာစာတွေ ညာညားဖတ်ရမှာ... :)

    ReplyDelete
  9. ဆုံးမစာလေးတွေ ဖတ်ပြီး အကြီးကြီးပြုံးသွားခဲ့ပါတယ် သူကြီးမင်းရေ..

    ဂူမှထွက်ကာ မပျက်လာရင်း မပျင်းမရိ ကော်မန့်ပေးသွားပါတယ်။ ပြီးတော့ အထာပေးခံရလည်း မသွေးတတ်တဲ့လက်ဆိုပေမယ့် အတော်ဆွေးရမစိုးလို့ စာရေးဖို့တော့ လက်မနှေးဝံ့တော့ပါဘူးလို့.. :D

    ReplyDelete
  10. အမြဲရောက်ပေမဲ့၊
    ကော်မန့်ပေးရတာ
    လက်နှေးခဲ့မိတာပါ..။
    သကြီးမင်းကြီး၊
    ကျမ်းမာလန်းဖြာလို့အမြဲတမ်းဘလော့ရေးနိုင်ပါစေ..

    ReplyDelete

  11. .....


    အဆော့ကိုလဲ အာသာမမက်နဲ့။
    ဘလော့ကိုလဲ အလာမပျက်နဲ့။

    အဆော့ကို အာသာမက်တော့ စိတ်ထွေပြားသမို့ အလှကြွေရတတ်သည်။
    ဘလော့ကို အလာပျက်တော့ မိတ်ဆွေရှားသမို့ ဘ၀သေရတတ်သည်။
    .....

    ခွန်းဆင့်ပေးဖို့လဲ မချဉ်းနဲ့။
    ကွန်းမင့်ရေးဖို့လဲ မပျင်းနဲ့။

    ခွန်းဆင့်ပေးဖို့ ချဉ်းက များမသိသမို့ အဟော့ပဂေးရှက်ရတတ်သည်။
    ကွန်းမင့်ပေးဖို့ ပျင်းက အားမရှိသမို့ ဘလော့အရေးပျက်ရတတ်သည်။
    .....

    နေ့ဥပုသ်ချည်းလဲ တောင်းမနေနဲ့။
    ဖေ့စ်ဘုတ်ချည်းလဲ အောင်းမနေနဲ့။

    နေ့ဥပုသ်ချည်းတောင်းတော့ အပျင်းထုံသမို့ ညစ်ညူးသွားရတတ်သည်။
    ဖေ့စ်ဘုတ်ချည်းအောင်းတော့ အဆင်းစုံသမို့ ချစ်ရူးသွားရတတ်သည်။

    ကောင်းလိုက်တဲ့ကဗျာသာဂျီးရေ ရေးတတ်လိုက်ပုံများ လက်ဖျားခါရတယ်------အားတိုင်းရောက်ပါတယ်ရှင်--------

    ReplyDelete
  12. want to write in Myanmar font but mostly use ipad so no chance .
    i miss when our poem again and again.

    MN

    ReplyDelete
  13. ဆုံးမစာလေး ထိပါ့ သဂျီးမင်း.. :)

    ReplyDelete
  14. ဒုတိယလူ။
    ဦးစွာလာချီးကျူးတဲ့အတွက် ကျေးဇူးအထူးပါ မောင်ဒွတ်တိယ။

    မောင်မျိုး။
    ထမင်းဆယ်လုပ်သည် ကြက်ဥတစ်လုံး အားနဲ့ ညီမျှ၏။ ကြက်ဥဆယ်လုံးသည် မြေပဲတစ်စေ့ အားနဲ့ ညီညွတ်၏။ မြေပဲဆယ်စေ့သည် ကွန်မင့်တစ်ခု အားနဲ့ ညီမျှ၏ တဲ့။ ဗလ(အား)အလှူ လာလှူတဲ့အတွက် ကျေးဇူးပါ မောင်မျိုးရေ။

    ထရီဆာ။
    သဘောတကျရှိတယ်ဆိုရင်ဖြင့် အားတွေတက်လာပြီး ထပ်ဟောပြဖို့ ဖန်လာပြန်ပြီပေါ့။း)

    အန်တီလေးမေခင်။
    တီလေးမေခင်လဲ အားဆေး လာထိုးပေးတာ ကျေးဇူးတင်ပါတယ်လို့။ ထပ်လဲ လာဦးနော်။

    အန်တီတင့်။
    တီတင့်ရေ... ရင်ထဲက နေပြီး မေတ္တာတွေ တစ်လှေကြီး ပို့ပေးတဲ့အတွက် ကျေးဇူးနော် တီတင့်။
    ကူးယူသွားပြီး တီတင့်ရဲ့ အိမ်ဦးနတ်ကို ဖတ်ပြရင်တော့ ဘယ်က ပေါကြောင်ကြောင်ကောင် ရေးထားလဲမသိဆိုပြီး ရယ်ကြဲကြဲလုပ်နေမှာ မြင်ယောင်နေမိသေးတယ်။း)

    ဆွေလေးမွန်။
    အမှန်တွေ အမှန်တွေ ဆွေလေးမွန်ရေ။ မယုံမရှိနဲ့ ငမှုံကိုယ်တွေ့။း)

    ဆရာဟန်ကြည်။
    ဆရာဟန်ချီးကျူးလိုက်မှ ဘယ်လို နေရမှန်းတောင် မသိတော့ဘူး။း)
    ဆရာဟန်တို့ လက်စွမ်းက ဒီထက် အဆတစ်ရာမက ထက်ပါတယ်ဗျာ။ မလုပ်ကြည့်သေးလို့သာ။ စိတ်ပါလာပြီဆိုရင် ဆရာဟန်တို့ ကဗျာ့ရေစီးက ငြိမ့်ငြောင်း သာယာပြီး တေးသီသံတွေ လှိုင်နေတာပါ။ သာယာစည်ပင်ဘဲ ဖြစ်ဖြစ် စည်ပင်သာယာဘဲဖြစ်ဖြစ် နာမည်လေး ကောင်းပါတယ် ဆရာဟန်။း)

    မစုချစ်။
    မိစုချစ်တို့လဲ ခုမှ ဘလော့ပေါ် ပေါက်ချလာတော့တယ်။ အပုန်းတော်တော်ကောင်း။ ကိုရေချမ်းကြီးဆီက ကုန်ကြမ်းတွေ များများ ထုတ်ပြီး ဘလော့ပေါ် မကြာမကြာလာနော်။ လိုအပ်တဲ့အနေရာမှာ ခစ် ခစ် ဆိုပြီး ထည့်ရေးတာ သဘောအရမ်းကျ။

    မြတ်ပန်းနွယ်။
    တကယ့်ရသစာပေ ကောင်းကောင်းရေးသားနေတဲ့ ဆရာမတစ်ယောက် ပေါကြောင်ကြောင် သူကြီးမင်းဆီ လာအားပေးတာ အရမ်း အားရှိသွားပြီ။ ထပ်ပေါဦးမှာ စိတ်ချ။ အဲလေ... ထပ်ရေးဦးမှာ။

    မီးမီးငယ်။
    နောက်တစ်ခါဆို လက်မနှေးနဲ့တော့နော် အခုလိုလေးတော့ အသံပြုထားခဲ့ဦး။ ဒါမှ သူကြီး ဆက်ကရတာ အားရှိမှာ။း)

    စံပယ်ချို။
    ကြောင်စမင်းတို့လဲ ပျောက်သွားတာ အတော်လေး ကြာပါပကော။ ကဗျာမရေး စာမရေးတာ ကြာလာရင် သူကြီးမင်းကတော့ အဆင်ပြေနေကြလို့ ခံစားချက်မထွက်ပေါ် မထွက်ပေါ်တော့ ကဗျာမဖြစ် စာမဖြစ်။ အဲဒီလိုဘဲ ထင်နေကျ။

    မြတ်နိုး။
    ကလေးချည်းဘဲ ကြည့်ပြီး ပီတိတွေ ဝေမနေနဲ့ဦး။ သူကြီးမင်းတို့ဆီလဲ ကလေးအိပ်နေတုန်း ၀င်ကြည့်လှည့်ဦး။း)

    မြသွေးနီ။
    မအားမလပ်လာလည်တဲ့အတွက် အထူးကျေးဇူး အမ။

    ReplyDelete
  15. ကူးကူးလှိုင်Saturday, 22 February 2014 at 03:40:00 GMT

    "သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါပဲ"ဆိုတဲ့ စာလေးကြောင့် စာရေးဖို့ အားတစ်ခုဖြစ်ပါစေ ဆိုတဲ့ စိတ်နဲ့ အမြဲလိုလိုကွန်မန့်ရေးဖြစ်ပါတယ်...

    ReplyDelete

  16. ဟဲဟဲ သူကြီးမင်းး

    ReplyDelete
  17. ကဗျာဉာဏ်​ အာ​ဘော်​ က​လော်​တိုင်း ထွက်​သူကို တဖက်​လူက ပုညမျိုး စ​လေသားရယ်​လို့  ထင်​လိုက်​မိခြင်း မစပ်​မိလည်​ စပ်​ပြီးသာ ပြုံးပါ​တော့ဗျာ :D

    ခင်​မက်​လျက်

    ရန်​ကုန်​သား

    ReplyDelete
  18. သိပ်ကောင်းတဲ့ ဆုံးမစာလေး ဖတ်သွားပါတယ် အကိုရေ.. :)

    ချစ်ခင်လေးစားစွာဖြင့်
    ဂျွန်မိုး

    ReplyDelete
  19. ကဗျာအရေးအသားက သာမာန်အနုပညာရှင်တစ်ယောက်ထက် ပိုသွားပြီ။ ရေးတတ်လိုက်တာ။

    အွန်လိုင်းမှာ အကယ်ဒမီပေးမယ်ဆိုရင်...

    အော် ဒါနဲ့ စကားမစပ် ဒီကနေ့ကပြီး အဆော့ကို ဖြေးဖြေးချင်းလျှော့ပါဦးမယ်...

    ReplyDelete
  20. အမြဲဖတ်ဖြစ်တယ် သဂျီးမင်းရဲ့ မလွတ်တမ်းဖတ်တယ်
    သဂျီးရေးတာ လွှတ်ရီရတာကိုး
    မမန့်ဖြစ်တာ နားလည်ပေးပါ။
    သလာ့မှာလဲ စာအမြဲရေးဖို့ ဆုံးဖြတ်ပီးပါပီ။
    ဘလော့ရွာအသက်ပြန်ဝင်ပါစေလို့ ဆုတောင်းရင်းးး

    ReplyDelete
  21. ရောက်လာခဲ့ပါတယ် သယ်ဂျီးရေ
    စိတ်ရောလူရော ဘကုန်းရွာကြီးကိုပြန်ရောက်ဖို့ကြိုးစားပါ့မယ်ဗျား)

    ဘကုန်းရွာသား
    မောင်ဘကြိုင်

    ReplyDelete
  22. ဘကုန်းရွာကြီးကို ပြန်ရောက်လာပါပြီ..။ သူကြီးမင်းရဲ့ ဆုံးမစာက မှတ်သားစရာပါပဲ :))))

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။