Friday, 8 March 2013
စန်းကွန့်ဌာနေ အစချီ သံဝေဂ ရတုပိုဒ်ငယ်
စန်းကွန့်ဌာနေ၊ ပန်းနေပြည်ဝယ်
ဝတ်ရည်ရွှန်းလဲ့၊ ယိမ်းနွဲ့နွဲ့ဖြင့်
တသွဲ့သွဲ့သုန်၊ သည်းမွှာခုန်လျှက်
ယမုန်နှင်းကြား၊ စိန်စီထားသို့
သူ့ပါးအပြင်၊ နမ်းရေးထင်သည်
သခင် ဘယ်သို့ မေ့မည်နည်း။
ပန်းညွန့်ညှာချွေ၊ ၀ဠာဗွေဝယ်
လေပွေသရမ်း၊ မြူတိမ်ကြမ်း၍
လှပန်းမြေခ၊ ကြွေအကျ၌
ကြေမွနှလုံး၊ သည်းအူချုန်းသို့
အမုန်းရိပ်ဆင်၊ ပြုံးရိပ်နှင်သည်
မကြင် ဘယ်သို့ တွေ့မည်နည်း။
ကန်းဆွံ့ဗျာပွေ၊ ပရိဒေဖြင့်
သက်သေတစ်မျိုး၊ မျက်ရည်ထိုးပြီး
ကောင်းဆိုးနှစ်တန်၊ လောကဓံဟု
ကြံဖန်လိမ်ရှုပ်၊ လွမ်းဇာတ်ထုတ်ဖြင့်
ဇာတ်ရုပ်စုံလင်၊ ကကြိုးဆင်သည်
အမြင် ဘယ်သို့ ရွေ့ မည်နည်း။
.
21 comments:
  1. လောကဓံတရားလေးကို သံဝေဂ အမှတ်လေးနဲ့မှတ်သွားပါတယ် သူကြီးမင်းရေ :P
    အားကျပါတယ်ဆိုမှ ကဗျာတွေစဉ်ဆက်မပြတ် ဖတ်နေရပါလားနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. စန်းကွန့်  က ဘာကိုဆိုလိုတာလဲပာင်။ ဒုတိယ အကြောင်းက ဖတ်ရတာ နဲနဲထောင့်နေသလားလို့ ။ ဘာမှနားလည်လို့ အပြစ်ပြောတာ မပာုတ်ပါ။ စိတ်ဆိုးနဲ့နော်။ ကျန်အပိုင်းတွေက တကယ်ကောင်းပါတယ်။သိပ်သည်းကျစ်လျစ် လှပနေတာပဲ။ သူကြီး ရဲ့ ကဗျာဥာဏ် ကိုတော့အားကျတယ်။ အဲဒီလိုလေးဥာဏ်ကောင်းချင်လိုက်တာ။
    ReplyDelete
  3. သံဝေဂတရားလေးကို ရတုပိုဒ်နဲ့ ရေးနိုင်အောင်းကောင်းလို့ ချီးကျူးဂုဏ်ယူမိပါရဲ့...
    ချမ်းမြေ့ပျော်ရွှင်ပါစေ..
    ခင်မင်လျက်
    သဒ္ဓါ
    ReplyDelete
  4. မြန်မာကဗျာရေးတာ ကိုမင်းဧရာပဲ ဖတ်ဖူးတယ်.အစ်ကိုရေ..။ အရမ်းသဘောကျပါတယ်.။
    ကျွန်တော်လည်း ရေးပါတယ်.။ ဒါပေမယ့် အနည်းအကျဉ်းပါ. ။ အစ်ကို့ဘလော့လင်ခ့်လေးကို
    ယူသွားပါတယ်အစ်ကို.။ ကျေးဇူးတင်ပါတယ်. နောက်လည်း ဒီလို မြန်မာကဗျာလေးတွေ များများရေးပေးပါဦး.။
    ReplyDelete
  5. ..
    အန်တီတင့်။
    တီတင့်ရေ... ကဗျာဆိုတော့ တိုတိုလေး ရေးရတာလေ။ ခဏလေးနဲ့ ပြီးတယ်။ လက်လဲ သိပ်မညောင်းတော့ဘူး။ ပုံပြင်တွေဆို တိုက်ပင်တွေ အတော်လေးရိုက်ယူရတာမဟုတ်လား။ အချိန်လဲ ပေးရတယ်လေ။ အခုအချိန်မှာ သူကြီးမင်းလဲ မအားမလပ်ဆိုတော့ ကဗျာလေးတွေဘဲ ဆားချက်တဲ့အနေနဲ့ ရိုက်ရိုက် တင်နေတာလေ။း)
    လာအားပေးတဲ့အတွက် ကျေးဇူးနော်။ တီတင့်။
    ...
    ...
    အနောနိမတ်စ်။
    ကျေးဇူးတင်ပါတယ်။ အခုလို အကြံပေးတာကိုလေ။ သူကြီးမင်းက စိတ်မဆိုးတတ်ပါဘူး။ ပြုပြင်ပေးမဲ့လူကို မျှော်နေတာလေ။ ပထမကတော့ "ဆန်းကွန့်ဌာနေ" ဆိုပြီး စာကို စီထားတာလေ။ အထူးအဆန်းတွေချည်း ကွန့်မြူးနေတဲ့ တိုင်းပြည်တစ်ခု (သို့) လူတစ်စုကို ရည်ရွယ်ချင်တာပါ။ နောက်တော့မှ ဆန်းအစား စန်းဆိုပြီး ပြောင်းဖြစ်လိုက်တယ်။ စန်းတွေ အရမ်းကွန့်မြူး (စန်းပွင့်)နေတဲ့ ပန်းဘုရင်မတစ်စုကို ရည်ရွယ်ချင်တာပါ။ အဲဒီစန်းကြောင့်ဘဲ သူတို့ဘ၀ အညွန့်ချိုးခံရပြီး ဘ၀ဆွံ့အ ကန်းသွားတဲ့ သူတွေနဲ့ တင်စားချင်တာပါ။ ဒါကြောင့် စန်းကွန့်ဆိုတာ စန်းတွေအရမ်းကွန့်မြူး(ပွင့်)နေတာကို ဆိုလိုခြင်းရယ်ပါ။
    အမှန်အတိုင်း ၀န်ခံရရင်တော့ ပထမဆုံး ခေါင်းထဲ ပေါ်လာတဲ့ စကားလုံးက "ပန်းညွန့်ညှာချွေ" ဆိုတဲ့ စကားလုံးပါ။ ဒါနဲ့.. ရေးမှာက ရတုဆန်ဆန်ဆိုတော့ သူနဲ့ ပထမပိုဒ်တိုင်းမှာ ကာရန်တူအောင် "စန်းကွန့်ဌာနေ၊ ပန်းညွန့်ညှာချွေ၊ ကန်းဆွံ့ဗျာပွေ" ဆိုပြီး စဉ်းစား ရေးလိုက်တာပါ။
    သခင်ဘယ်သို့ မေ့မည်နည်း။
    မကြင်ဘယ်သို့ တွေ့မည်နည်း။
    အမြင်ဘယ်သို့ ရွေ့မည်နည်း။
    ဆိုတဲ့ အချပိုဒ်တွေလဲ ထိုနည်း၎င်းပါဘဲ။
    ဖတ်ရတာ နဲနဲထောင့်နေတာကို ပြင်လိုက်ပါပြီ။ ဖြုတ်သင့်တာဖြုတ်ပြီး ထည့်သင့်တယ်ထင်တာကို ပြန်ထည့်လိုက်တယ်။
    မူရင်း။
    စန်းကွန့်ဌာနေ၊ ပန်းနေပြည်ဝယ်
    စိမ်းလဲ့လဲ့ဖြင့်၊ တသွဲ့သွဲ့သုန်
    နှင်းယမုံကြား၊ စိန်စီထားသို့
    သူ့ပါးအပြင်၊ နမ်းရေးထင်သည်
    သခင် ဘယ်သို့ မေ့မည်နည်း။
    ပြန်ပြင်။
    စန်းကွန့်ဌာနေ၊ ပန်းနေပြည်ဝယ်
    တသွဲ့သွဲ့သုန်၊ သည်းမွှာခုန်လျှက်
    ယမုန်နှင်းကြား၊ စိန်စီထားသို့
    သူ့ပါးအပြင်၊ နမ်းရေးထင်သည်
    သခင် ဘယ်သို့ မေ့မည်နည်း။
    ကျေးဇူးဘဲနော်။ အခုလို တကူးတက ကွန်မင့်ရေးပြီး အကြံပေးတာ။ နောက်လဲ မကြာမကြာ လာရောက်ပြီး အကြံပြုပေးပါဦး။ ကြိုဆိုလျှက်ပါဘဲ။
    ....
    ....
    သဒ္ဓါလှိုင်း။
    ညီမသဒ္ဓါရေ... လာရောက်ချီးကျူးပေးတဲ့အတွက် ကျေးဇူးနော်။ ဒါပေမဲ့ သူကြီးမင်းက ရမ်းဖမ်းမှန်းတုတ် အဆင့်ဘဲ ရှိပါသေးတယ်။
    .....
    .....
    မိုးသက်။
    ညီရေ... ကြိုဆိုပါတယ်။ အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညီရဲ့ လင့်ခ်ကလေးကိုလဲ ချိတ်ထားလိုက်ပါတယ်။
    .
    ReplyDelete
  6. စလယ်ဆုံး သုံးပါး အားလုံးကောင်းတယ်သာဂျီးရေ
    ယူထားပုံလေးကအလွန်လှပါပေတယ်
    (သခင်ဘယ်သို့ မေ့မည်နည်း။
    မကြင်ဘယ်သို့ တွေ့မည်နည်း။
    အမြင်ဘယ်သို့ ရွေ့မည်နည်း)
    အလယ်ပိုဒ် ကိုပိုပြီးကြိုက်တယ်
    ပန်းညွန့်ညှာချွေ၊ ၀ဠာဗွေဝယ်
    လေပွေသရမ်း၊ မြူတိမ်ကြမ်း၍
    လှပန်းမြေခ၊ ကြွေအကျ၌
    ကြေမွနှလုံး၊ သည်းအူချုန်းသို့
    အမုန်းရိပ်ဆင်၊ ပြုံးရိပ်နှင်သည်
    မကြင် ဘယ်သို့ တွေ့မည်နည်း-------အဲတာကိုပြောတာလေ....
    ReplyDelete
  7. ကဗျာလေးကောင်းလွန်းလို့
    တစိမ့်စိမ့် ကော်ဖီလေးသောက်ရင်းဖတ်သာ
    ကော်ဖီကုန်လို့ကုန်သွားမှန်းတောင် မသိလိုက်ဘူး
    သူဂျီရေ ။
    ReplyDelete
  8. သူဂျီးရေ စကားလုံး သုံးထားပုံတွေ ကောင်းလိုက်တာ
    သူဂျီးတို့ကတော့ မြန်မာ စာလုံးတွေ ပိုင်မှပိုင် အားကျလိုက်တာ။ ကဗျာထဲက လွမ်းဇာတ်ထုပ်ကနေ အမြန်ရုန်းထွက်နိုင်ပါစေလို့။
    ReplyDelete
  9. အပြစ်ပြောစရာမရှိအောင်ကို ကောင်းမွန်လှပါသော
    အထူးတလည် စောဒကတက်စရာ မရှိပါသော
    မိမိုးနတ် အလွန်နှစ်သက်မိပါသော
    ကဗျာလှလှလေးတစ်ပုဒ် :)))
    မြန်မာကဗျာလှလှလေးကို ထုဆစ်ပေးတဲ့
    သူကြီးမင်းကို ကျေးဇူးပါ :P
    ချစ်စရာကဗျာလေး :)
    ReplyDelete
  10. ကောင်းလိုက်တဲ့ရတုပိုဒ်စုံလေး.....၊မြန်မာကဗျာတွေကို
    စိတ်ဝင်တစားရှိပေမယ့် ကဗျာညဏ်မှာတော့ တဂျီးတို့၊
    ကမင်းဧရာတို့ရဲ့ ခြေဖျားကမြူမှုံလေးလောက်တောင်မရှိ
    လှတာမို့ တဂျီးတို့ရေးသမျှကိုပဲ အားပါးတရဖတ်ရတယ်
    ဗျာ....။စကားလုံးလေးတွေက အားလည်းပါ...၊လှလည်း
    လှ...၊နုနုရွရွလေးလည်းဖြစ်တယ်...၊ဘာနဲ့တူသလဲဆိုရင်၊
    ပညာလည်းတတ်၊ရုပ်ရည်လည်းချောမော၊ထက်လည်း
    ထက်မြက်၊စိတ်ဓာတ်လည်းခိုင်မာတဲ့ ပျော့ပျော့ပြောင်း
    ပြောင်းမိန်းမငယ်လေးတစ်ယောက် လိုပဲရယ်.....။
    ReplyDelete
  11. ကူးကူးလှိုင်Sunday, 10 March 2013 at 08:07:00 GMT
    သူဂျီးမင်း ကဗျာတွေဖတ်ပြီး ကဗျာရေးချင်စိတ်တောင်ပေါက်တယ် ဒါပေမဲ့ မရေးတတ်တာက ခက်တယ်...း((
    ReplyDelete
  12. အရမ်းမိုက်တယ် သိလား တဂျင်းမီး...
    အဲ့လိုကဗျာရေးတတ်တဲ့သူတွေကို လေးစားတယ်။
    ပုံ
    ပိစိ
    ReplyDelete
  13. လောဂဓံရဲ.ကောင်းဆိုးနှစ်တန်ကြံဖန်လိမ်ရှုပ်လွမ်းဇာတ်
    ထုတ်သံဝေဂတရားတွေကိုရတုပိုဒ်ကဗျာပုံစံလေးလိုရေးပြထားတာဖတ်သွားပါတယ်။
    ခင်တဲ.အန်တီလေးမေခင်
    ReplyDelete
  14. ကဗျာ ကောင်းချက်ဗျာ... ဂွတ်ရှယ်.. ဂွတ်ရှယ်...
    ReplyDelete
  15. ကဗျာကို အထက်ကနေအောက်၊ အောက်ကနေ အထက် ၂ ခေါက် ထက်မက ဖတ်လိုက်တယ်..ဒေါ်အိမ်မက်တို့ မြန်မာစာကြေ ပုံများအဲ့လို အဲ့လိုလေ...
    အရမ်းကို အဓိပ္ပါယ်ပါတဲ့ ကဗျာလေးပါ..
    ချီးကျူးပါတယ် တကယ်ပါ..
    ReplyDelete
  16. ဖတ်ရတာ ထွေးထွေးအိအိ ရှိလိုက်တာ သူကြီးရာ
    သိပ်ကောင်းတယ်။
    အိမ်ရောက်မှ ထပ်ဖတ်ဦးမယ် စာရွက်ထဲကိုပါ ကူးသွားတယ် သူကြီးရေ....။
    ဒါမျိုးလေးတွေကို များများရေးပါ သူကြီးရာ။
    ReplyDelete
  17. စကားလုံးလေးတွေ တွဲစပ်ထားတာ လှပါ့
    ~ Kk ~
    ReplyDelete
  18. တဂျီးမင်းရေးတဲ့ တကယ့်မြန်မာကဗျာစစ်စစ်ကို ဖတ်သွားပါတယ်...... ပိုဒ်စုံရတုဆိုတာ ကဗျာရေးတဲ့သူတွေအဖို့ တော်တော်သတိထားရတဲ့ကဗျာဗျ... ခုလိုလေး အနှစ်သာရရှိရှိ ဖတ်လိုက်ရတာ တော်တော်သဘောကျတယ်ဗျာ... တစ်တို့လောက်..... အဲ.... နောက်တစ်ပုဒ်လောက်...... :D
    ခင်မင်စွာဖြင့်
    ReplyDelete
  19. အခုနောက်ပိုင်း မြန်မာကဗျာတွေ စာမျက်နှာတွေပေါ်မှာ မရှိတော့ဖူး နေရာလည်းမရတော့ဖူး ရေးသူဖတ်သူလည်း ရှားပါးသွားပြီ အခုနေချိန်မှာ သဂျီးတို့လိုကဗျာဆရာတွေ မြန်မာကဗျာစာအုပ်တစ်အုပ်လောက်ဝင့်ဝင့်ထည်ထည် ထုတ်ဝေစေချင်တယ်ဗျာာာ
    မောင်ဘကြိုင်
    ReplyDelete
  20. လာဘော အလာဘော ယသော အယသော
    ကဗျာလေး လှတယ်
    ReplyDelete
  21. ကာရံနဲ့ကဗျာလေး..
    စကားလုံးတွေကလည်း ညီညွတ်တော့ ဖတ်ရတာ အသံကို သာလို့..။
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။